အခန်း ၂၁
Vol. 3 Ch. 21
21 01
အပိုင်း (၂၁)
ယန်မင်ခမ်းသည် နောက်တစ်ရက်တွင် ယွင်ယွီအိမ်သို့ သွားတွေ့ရာ သူ(မ)သည် အိမ်တွင် မရှိချေ။ ယွင်ရှန်းသာ ရှိလေသည်။ ခြံအပေါက်ဝတွင် ယွင်ရှန်းသည် မတ်တပ်ရပ်နေပြီး ထိုသားအဖအား တွေ့သွားသောအခါ “မစ္စတာယန်၊ ကျွန်တော်ဘာကူညီပေးရမလဲဗျ”
“ကျောင်းသားယွင်၊ ဦးတို့က တောင်းပန်ဖို့ လာတာပါ” ယန်မင်ခမ်းသည် စိတ်သဘောထားရိုးဖြောင့်သူ ဖြစ်သည်။ “ကျောင်းမှာ ဖြစ်ပျက်ခဲ့တာတွေအတွက် ဦးက မင်းကို သေချာလေး တောင်းပန်ချင်လို့ပါ။ နောက်ပြီး မင်းရဲ့အစ်မလတ်နဲ့လဲ တွေ့ချင်လို့ပါ။ ထျန်းလျန်က ကျောင်းမှာတုန်းက သူ(မ)နဲ့ ရန်မဖြစ်လိုက်သင့်ဘူး၊ အဲ့ဒါကြောင့် ဦးက မင်းအစ်မကို လူချင်းတွေ့ပြီး တောင်းပန်ချင်လို့ပါ” သူသည် မာနမထောင်လွှားသောသူဖြစ်ပြီး ယွင်ရှန်းအားလည်း ကျောင်းသားတစ်ယောက်ဖြစ်သည့်အတွက် ရိုင်းစိုင်းကြမ်းတမ်းစွာ မဆက်ဆံဝံ့ပေ။
ယွင်ရှန်းသည် “မစ္စတာယန်၊ အားနာပေမဲ့ မမလတ်က ဒီနေ့ အိမ်မှာ မရှိပါဘူးခင်ဗျ” ဟု အမှန်အတိုင်းသာ ပြောလိုက်သည်။
ယန်မင်ခမ်းသည် နဖူးမှ ချွေးများကို သုတ်လိုက်ပြီး “ ကျောင်းသားယန်၊ ဦးတို့ကို အထဲဝင်ခိုင်းပြီး မင်းအစ်မလတ် ပြန်လာတဲ့အထိ စောင့်ခိုင်းလို့ရမလား”
ကိစ္စမရှိပါ။ ယွင်ရှန်းသည် သူတို့အား ဧည့်ခန်းထဲသို့ ခေါ်လိုက်ပြီး ထိုင်ခိုင်းကာ လက်ဖက်ရည်များဖြင့် ဧည့်ခံလျက် “ မစ္စတာယန်၊ ရေသောက်ပါအုံးခင်ဗျ” သူတို့သည် ဧည့်သည်များ ဖြစ်ကြသည့်အတွက် ယွင်ရှန်းသည် သူတို့အား ဧည့်ခန်းထဲတွင် ဒီတိုင်းထားခဲ့၍ မဖြစ်ချေ။ သူလည်းပဲ ဝင်ထိုင်လိုက်ပြီး ယန်မင်ခမ်းနှင့် စိမ်ပြေနပြေ စကားပြောနေလိုက်လေသည်။
သူတို့ အချိန်အတော်ကြာ စောင့်ခဲ့ကြရလေသည်။ နေဝင်ခါနီးမှသာ ယွင်ယွီနှင့် ဖွားဖွားယွင် ပြန်ရောက်လာလေသည်။ သူ(မ)တို့သည် ဆိုင်ခန်းငှားခဲ့ကြပြီဖြစ်ပြီး ဘန်းမုန့်ပေါင်းရာတွင် လိုအပ်သော ဒယ်အိုးများ၊ ပေါင်းအိုးများနှင့် မီးဖိုများကို ဝယ်လာခဲ့ကြလေသည်။ ယွင်ယွီမှ ငွေရှင်းခဲ့ခြင်း ဖြစ်သည်။ သူ(မ)၏ ဘဏ်ကဒ်ထဲတွင် ယွမ်၅သောင်းကျော် ရှိလေသည်။ ထိုငွေများသည် မြို့တော်မှာတုန်းက သူ(မ) မိဘများနဲ့ လူကွဲနေသော ကလေးအား သူ့မိဘများကို ကူရှာပေးလိုက်သဖြင့် ကျေးဇးဆပ်သောငွေနှင့် လွန်ခဲ့သည့်ရက်အနည်းငယ်တုန်းက လျိုမိသားစုဆီမှ ရရှိသော ယွမ်၁သောင်းတို့ ဖြစ်လေသည်။ လျိုမိသားစုဆီမှ ရသောငွေ၏တစ်ဝက်အား လှူလိုက်ပြီဖြစ်သော်လည်း သူ(မ)လက်ထဲတွင် ဆိုင်ခန်းခပေးရန်နှင့် အခြားပစ္စည်းများဝယ်ရန် ငွေလုံလုံလောက်လောက် ကျန်သေးသည်။
ယွင်ယွီသည် အိမ်ပြန်ရောက်ချိန်တွင် ယန်သားအဖအား တွေ့လိုက်ရသော်လည်း သိပ်အံ့ဩမနေပေ။ သူ(မ)သည် ထိုသားအဖနှင့် စကားမပြောခင် မျက်နှာနှင့်လက်အား အရင်ဆေးကြောလိုက်ကာ “ မစ္စတာယန်၊ ဦးလေးက ဒီကို ဘာအတွက်လာတာ….”
ယန်မင်ခမ်းသည် ထရပ်လိုက်ပြီး “မစ္စစ်ယွင်၊ ဦးနဲ့ထျန်းလန်က သမီးတို့မောင်နှမနှစ်ယောက်ကို တောင်းပန်ဖို့ လာတာပါ။ ဦးသားကြောင့် ကျောက်းသားယွင် ထိခိုက်ခဲ့ရတယ်။ ပြီးတော့ သမီးကို ကျောင်းဂိတ်ပေါက်မှာ ထျန်းလန် ရန်မရှာသင့်ဘူး။ အဲ့အတွက်လည်း အိမ်ရောက်တော့ ဦး သူ့ကို သေချာဆုံးမထားပါပြီ”
ယွင်ယွီသည် ထိုအရာအား သဘောမကျပေ။ “မစ္စတာယန်၊ဒါဆို တောင်းပန်ပြီးပြီဆိုတော့ ပြန်လို့ရပါပြီ”
ယန်ထျန်းလန်သည် တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ယန်မင်ခမ်းသည် သူ့အား ပြန်ကြရန် အချက်ပြသည့်အနေဖြင့် လက်လှမ်းဆွဲလိုက်ပြီး “ မစ္စစ်ယွင်၊ ဒါဆို ဦးတို့ မနှောင့်ယှက်တော့ပါဘူး။ ခွင့်ပြုပါအုံး”
သားအဖနှစ်ယောက်သည် တံခါးပေါက်သို့ ထွက်လာလိုက်ပြီး ယန်ထျန်းလန်သည် သူ့အဖေအား “ ဒယ်ဒီ၊ ဘာလို့ သားကို သူ(မ)ဆီ သရဲအကြောင်း မမေးခိုင်းရတာလဲ”
ယန်မင်ခမ်းသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး “ လျိုပေ့ရဲ့တစ်ထပ်တိုက်ကလေးဆီသို့ သုံးခေါက်သွားခဲ့ရခြင်းဆိုတဲ့ ပုံပြင်ကို ကြားဖူလား။ ဘယ်လိုလုပ် လွယ်လွယ်လေးနဲ့ အောင်မြင်မှု ရပါ့မလဲ သားရယ်။ တကယ်လို့ ယွင်မိသားစုက ဒီမိန်းကလေးကသာ လုပ်နိုင်စွမ်းရှိတဲ့သူဆိုရင် သား သူ့ကို ထပ်ပြီး နှောင့်ယှက်တဲ့အပြုအမူမျိုး ဖြစ်သွားချင်လို့လား။ ဖြည်းဖြည်းချင်းပဲ သွားကြတာပေါ့။ ဘာပဲဖြစ်ဖြစ် နောက်နှစ်ရက်တောင် ရှိသေးတာမို့ လောမနေနဲ့”
ဖွားဖွားယွင် မီးဖိုချောင်ထဲမှ ဧည့်ခန်းထဲသို့ ပြန်ထွက်လာသောအခါ ဧည့်သည်များသည် မရှိကြတော့ချေ။ သူ(မ)သည် အထူးအဆန်း ဖြစ်သွားပြီး “ သူတို့ ခုပြန်သွားကြတာလား” ဟု မေးလိုက်သည်။
ယွင်ယွီသည် ပြုံးလျက် “ ဖွားဖွား၊ ဘာမှမဟုတ်ပါဘူး။ သူတို့က တောင်းပန်ဖို့လာတာလေ၊ ခုတောင်းပန်ပြီးလို့ ပြန်သွားကြပြီ”
ဖွားဖွားယွင်သည် အောက်ချထားသော ပစ္စည်းများကို ကြည့်လိုက်လေသည်။ အလွန်စျေးကြီးသော လက်ဖက်ခြောက်များနှင့် ပင်လယ်ဘက်မှ လာသော သခွားသီးတစ်ဖာ ဖြစ်သည်။ သူ(မ)သည် ဘာမှမပြောနိုင်လောက်အောင် ဖြစ်သွားကာ “တောင်းပန်ရုံလေးတင်ပဲကို။ ဘာလို့ ဒီလိုဟာတွေ အများကြီး ယူလာရတာပါလိမ့်ကွယ်။ ပြန်ပေးကြရအောင်မြေးတို့။ ဖွားတို့အိမ်မှာ ဒါတွေ မလိုမှမလိုဘဲကွယ်”
21 02
“ ဖွားဖွားပြောတာ ဟုတ်တယ်။ ခုပဲ သွားလွှင့်ပစ်ကြရအောင်” ယွင်ယွီသည် ဂရုမစိုက်သည့်ပုံဖြင့် “ဒီရက်ပိုင်း သူတို့ ထပ်လာကြအုံးမှာပဲ”
ဘာကြောင့်ဆိုတာကို ဖွားဖွားယွင်သည်လည်း မမေးသလို ယွင်ယွီသည်လည်း မပြောပြခဲ့ပါ။ ညစာစားပြီးနောက် ယွင်ယွီသည် ဆေးကြောရန် ကူလုပ်ပေးလိုက်ပြီး အိပ်ရာဝင်ခဲ့လေသည်။
နောက်ရက်တွင် သူ(မ)တို့နှစ်ဦးသည် ဆိုင်ခန်းသန့်ရှင်းရေးလုပ်ရန် သွားကြလေသည်။ ဆိုင်ခန်းသည် အတော်လေး ကျယ်လေသည်။ ယခင်က သရေစာဆိုင်ဖြစ်ခဲ့သဖြင့် စားပွဲများ၊ ကုလားထိုင်များ၊ ခုံတန်းများသည် အသစ်နီးပါးဖြစ်နေပြီး သစ်သားဖြင့် လုပ်ထားလေသည်။ ကြွေပြားများခင်းထားပြီး နံရံပေါ်တွင်လည်း ပန်းချီများ ဆွဲထားလေသည်။ တစ်ဆိုင်လုံးမှာ အသစ်နီးပါး ဖြစ်လေတော့သည်။ မီးဖိုချောင်နှင့် စတိုခန်းသည်တော့ နောက်ဖေးဘက်တွင် ရှိလေသည်။ စတိုခန်းတွင် လူတစ်ယောက် အိပ်လို့ရသော ထပ်ခိုးအသေးစားတစ်ထပ် ပါရှိလေသည်။ မီးဖိုချောင် အပြင်ဘက်တွင်လည်း သိပ်မကျယ်သော မြေကွက်လပ်တစ်ခုရှိပြီး အနောက်ဘက်တွင်တော့ လူနေရပ်ကွက်တစ်ခု ရှိလေသည်။ တော်တော်လေးကို သန့်ရှင်းသပ်ရပ် လှပေသည်။
ယွင်ယွီသည် ဆိုင်းဘုတ်အပ်ရန် ကြော်ငြာဆိုင်းဘုတ်ဆိုင် တစ်ခုကိုလည်း တွေ့ထားပြီးဖြစ်သည်။ သူ(မ)တို့ ဆိုင်နာမည်မှာ “ ယွင်ကျီ ဘန်းမုန့်ပေါင်းဆိုင်” ဟူ၍ ဖြစ်သည်။
အကုန်အဆင့်သင့် ဖြစ်သွားပြီမို့ ဖွားဖွားယွင်သည် အိမ်တွင် ဂျုံများကို ဂျုံမှုန့်ကြိတ်လိုက်ပြီး ယွင်ရှန်း သုံးဘီးဆိုက်တွဲ အသေးလေးဖြင့် ဂျုံမှုန့်များနှင် အသီးအနှံများကို ဆိုင်သို့ သယ်လေသည်။
ကြော်ငြာဆိုင်းဘုတ်ဆိုင်သည် ခပ်မြန်မြန် လုပ်ပေးသဖြင့် နေ့လည်ခင်းတွင် ဆိုင်းဘုတ် ရလေသည်။
ဖွားဖွားယွင်နှင့် ယွင်ယွီသည် ညနေဘက်တွင် အိမ်မပြန်တော့ချေ။ သူ(မ)တို့နှစ်ဦးသည် ဘန်းမုန့် အစာသွပ်ရန် အလုပ်ရှုပ်နေခဲ့ကြသည်။ မနက်စာဆိုင်ဖွင့်သည့် လုပ်ငန်းသည် ပင်ပန်းသည့်အလု ပ်ဖြစ်သည့်အတွက် ယွင်ယွီသည် ဖွားဖွားယွင်အား တစ်နေ့လုံး မလုပ်ခိုင်းပေ။ နေ့တစ်ပိုင်းသာ ရောင်းမည်ဖြစ်သည်။ မနက်ဖြန်သည် ဆိုင်စဖွင့်မည့် ပထမဆုံးနေ့ဖြစ်သည့်အတွက် အတော်လေး အလုပ်များလေသည်။ ဘန်းမုန့်ဆိုင်ဟု ပြောသော်လည်း ရောင်းအားသာ ကောင်းမည်ဆိုပါက ယွင်ယွီသည် တခြားအစားအစာများကို ရောင်းရန်ပါ စီစဥ်ထားလေသည်။
သူ(မ)တို့နှစ်ဦးသည် ဟိုပြင်ရ သည်ဆင်ရနှင့် ညမိုးချုပ်ထိ မနားကြရသေးချေ။
အတော်လေး ပင်ပန်းနေကြပြီ ဖြစ်သည်။ ယွင်ယွီပေါင်းထားသော ဘန်းမုန့်များသည် အတော်လေး ကြည့်ရဆိုးသဖြင့် ဖွားဖွားယွင်တစ်ယောက်တည်းသာ လုပ်လေတော့သည်။
လုပ်ငန်း အဆင်ပြေလာပါက ဆိုင်အကူငှားရန် ယွင်ယွီ၌ အစီအစဥ်ရှိပေသည်။
ယွင်ရှန်းသည် ယနေ့ အိမ်၌ နေလေသည်။ အမေယွင်ကို အဖော်စောင့်ပေးရန် အိမ်၌ သူရှိသဖြင့် သူ(မ)တို့နှစ်ဦး ရွာသို့ မပြန်ဖြစ်တော့ချေ။ သူ(မ)တို့သည် စတိုခန်းထဲရှိ ထပ်ခိုးတွင်သာ နေလိုက်ကြသည်။ ဖွားဖွားယွင်သည် အလွန်ပျော်ရွှင်နေပြီး ယွင်ယွီနှင့် စကားစမြည် ပြောနေလေသည်။
“ရှောင်းယွင်အာ၊ ဖွားဖွား ငွေဝင်တာနဲ့ မြေးတို့သုံးယောက်ကို အိမ်တစ်လုံးစီ ဝယ်ပေးမယ်။ ခုခေတ်က မိန်းကလေးရှင်တွေမှာ ကိုယ်ပိုင်အိမ်မရှိရင် သူတို့ကို ဘယ်သားရှင်ကမှ လက်မထပ်ချင်ကြဘူး”
“ဟုတ်ကဲ့၊ ဖွားဖွား”
“ရှောင်းယွင်အာ၊ ဖွားဖွားမှာ ပိုက်ဆံတွေ အများကြီးရှိသွားရင် မြေးကို ခန်းဝင်ပစ္စည်းအနေနဲ့ ရွှေဆွဲကြိုးနဲ့ လက်ကောက်ဝယ်ပေးမယ်။ ဖွားမြေးလေးကို အကြီးအကျယ်ကို မင်္ဂလာဆောင်စေရမယ်”
ယွင်ယွီသည် ဖွားဖွားယွင် အနားသို့တိုးကာ ခပ်နန့်နန့်ပုံစံလုပ်လျက် “ ဖွားဖွား၊ သမီးက ခုမှ ၂၂နှစ်ပဲ ရှိပါသေးတယ်။ သမီး လက်မထပ်ချင်သေးပါဘူး။ နောက်ပြီးတော့ သမီးမှာ ခုထိ ကောင်လေးတောင် မရှိသေးဘူး”
ဖွားဖွားယွင်သည် ရယ်မောလျက် “ လက်ထပ်တယ်ဆိုတာ ကောင်းကင်က စီရင်တာ ပြီးတော့ လက်ထပ်တဲ့ကိစ္စဆိုတာမျိုးက အတပ်မပြောနိုင်ဘူးမြေးရဲ့။ ငါတို့ရှောင်းယွင်အာလေးက ကောင်းတဲ့ယောကျ်ားတစ်ယောက်နဲ့ တွေ့ပြီး ဒီနှစ်ထဲမှာတင်တောင် ချက်ချင်း လက်ထပ်ချင် လက်ထပ်နေရမှာ”
“ဒါဆိုလည်း အဲ့အချိန်ကျရင် ဖွားဖွားသာ သမီးကို တခြားသူစီ ပေးလိုက်ဖို့ နှမြောမနေပါနဲ့” ယွင်ယွီသည် ဖွားဖွားယွင်က သူ(မ)အား စနောက်နေမှန်း သိသည်။ မြေးဖွားနှစ်ယောက်သည် စနောက်ပြောဆိုကြပြီးနောက် အိပ်ပျော်သွားကြလေသည်။
နောက်ရက်တွင် သူ(မ)တို့ မနက်၄နာရီ၌ ထကြရလေသည်။ ယွင်ယွီသည် သူ(မ)ဘာသာသူမ နိုးသွားခဲ့ပြီး ဖွားဖွားယွင်သည်လည်း သူ(မ)ကြောင့် နိုးသွားကာ ဘန်းမုန့်လုပ်ရန် ပြင်ဆင်တော့သည်။
21 03
၆နာရီ၌ ဖြူဖြူဖောင်းဖောင်း ဘန်းမုန့်များသည် အိုးနှုတ်ခမ်းသို့ ဖောင်းတက်လာလေသည်။ အဖုံးအား ဖွင့်လိုက်သောအခါ မွှေးပျံ့ပျံ့ရနံ့သည် တစ်လမ်းလုံး ပျံ့သွားလေသည်။
တချို့လူများသည်လည်း အလုပ်သွားရန် မနက်၆နာရီ၌ အိမ်မှထွက်လာကြလေသည်။ ဘန်းမုန့်ဆိုင်နှင့် မနီးမဝေးတွင် လမ်းဆုံတစ်ခုရှိပြီး လူသွားလူလာများလေသည်။ လူအများစုသည် မနက်စာအတွက် ဘန်းမုန့်စားရသည်ကို မကြိုက်သူများ ဖြစ်ကြသော်လည်း ဘန်းမုန့်ဆိုင်ရှေ့မှ ဖြတ်သွားရသောအခါ အနံ့သည် စားချင်လာအောင် အလွန်ဆွဲဆောင်နေလေသည်။ ဂျုံမှုန့်နံ့သင်းသင်းနှင့် သစ်သီးနံ့ လတ်လတ်ဆတ်ဆတ်တို့သည် အလွန်မွှေးကြိုင်နေလေသည်။ တချို့လူများသည် မနေနိုင်ကြတော့ဘဲ “ သူဌေး၊ ဘန်းမုန့်က ဘယ်စျေးလဲ။ ဘာဂျုံမှုန့်အမျိုးအစားကို သုံးပြီးလုပ်တာလဲ။ ဘာတွေနဲ့အစာသွပ်ပြီး လုပ်လည်းဆိုတာ ဘာလို့မပြောပြရတာလဲ”
ဖွားဖွားယွင်သည် ပြုံးကာ “ကျွန်မတို့မိသားစုက ရောင်းပေးတဲ့ ဘန်းမုန့်က သုံးမျိုးရှိပါတယ်။ ကြက်သွန်မြိတ်နဲ့ကြက်ဥနဲ့လုပ်တာရယ်၊ ခရမ်းသီးနဲ့လုပ်တာရယ်၊ ဂေါ်ဖီအစာသွပ်ပြီးလုပ်တာရယ်ပါ။ တစ်ခုကို ၁ယွမ်ပဲကျပါတယ်ကွယ်”
“သူများဆိုင်က မုန့်တွေထက် စျေးကြီးတယ်နော်။ သက်သက်လွတ် အစာသွပ်ထားတာတွေချည်းပဲမလား။ ထားပါတော့၊ ၂ခုထည့်ပေးပါ”
ယွင်ယွီသည် စျေးဝယ်သူအတွက် အိတ်ထဲသို့ နှစ်ခုထည့်ပေးလိုက်သည်။ စျေးဝယ်သူသည် ဘန်းမုန့်ပူပူအား ယူလိုက်ပြီး တစ်ကိုက်ကိုက် ကြည့်ကာ ချက်ချင်းပြန်လှည့်လာပြီး “ သူဌေး၊ နောက်ထပ်၅ခု ထပ်ပေးပါ” ဘယ်လိုလုပ်ပြီး ဘန်းမုန့်က ဒီလောက် အရသာရှိနေရတာလဲ။ ၁ယွမ်ပေးရတာ ဘာမှအံ့ဩစရာမရှိဘူးဘဲ။ ယခုတော့ သူသည် ၁ယွမ်ပေးရသည်မှာ စျေးမကြီးဟု ခံစားလိုက်ရတော့သည်။ ခေါက်ဆွဲလွတ် တစ်ပွဲစားလျှင်တောင် ၅ယွမ်ပေးရသည် ဖြစ်သည်။ ဒီဘန်းမုန့်သည် အလွှာပါးပါး အစာများများဖြစ်ပြီး ဂျုံမှုန့်သည် အဓိကလျှို့ဝှက်ချက် ဖြစ်သည်။
နောက်ထပ် ၅ခု ထပ်ဝယ်လိုက်ပြီး ဈေးဝယ်သူသည် “ ဒီသူဌေးလုပ်တဲ့ဘန်းမုန့်က တကယ်ကို အရသာရှိတာပါဗျာ။ သူဌေးတို့ စီးပွားရေးကတော့ ကျိန်းသေပေါက်ကို တိုးတက်လာအုံးမှာဗျို့” ဟု ချီးမွမ်းသွားလေသည်။
ယွင်ယွီသည် ပြုံးကာ “ ဧည့်သည်မှာ ဒီနေ့ အသားအရည်ကောင်းကောင်းနဲ့ နီမြန်းတဲ့မျက်နှာ ရှိတယ်။ ဧည့်သည်ရဲ့စာရင်းကိစ္စတွေ သေချာပေါက် အောင်မြင်မှာပါ” ဟုပြောလိုက်သည်။
ဧည့်သည်သည် ရယ်လျက် “ဒါဆို သူဌေးရဲ့ ဆုတောင်းစကားတွေ ယူသွားပြီဗျာ” သူသည် သူ့ဖောက်သည်တစ်ယောက်နှင့် လုပ်ငန်းကိစ္စ ပြောနေရသည်မှာ လဝက်နီးနီးရှိနေပြီဖြစ်သည်။ ထိုဖောက်သည်သည် ဇီဇာကြောင်ပြီး သူသည်လည်း ကန့်သတ်ချက်များ ရှိလေသည်။ သို့သော် ဒီသူဌေးငယ်ငယ်လေးသည် ဒီနေ့ သူ ထိုဖောက်သည်နှင့် တွေ့ဆုံစကားပြောရမည်ကို မည်သို့ သိနေလေသနည်း။
ပထမဈေးဝယ် ပြန်သွားပြီးနောက် လူများသည် တစ်ယောက်ပြီး တစ်ယောက် ဆိုင်ရှေ့မှ ဖြတ်သွားကြလေသည်။ လူတိုင်းသည် မွှေးရနံ့ကြောင့် မဝယ်ရမနေနိုင်ဖြစ်ကာ ၂ခုစီ ဝယ်သွားကြလေသည်။ အရသာမြည်းကြည့်ပြီးနောက် ပြန်လာပြီး ထပ်ဝယ်ကြလေသည်။
မနက် ၈နာရီ ၉နာရီလောက်တွင် ဘန်းမုန့်အားလုံး ရောင်းကုန်သွားလေသည်။ ဘန်းမုန့်များများ မလုပ်ထားဘဲ တစ်ရာကျော်ကျော်လောက်သာ သူ(မ)တို့သည် လုပ်ထားသောကြောင့် မြန်မြန်ကုန်သွားရခြင်း ဖြစ်သည်။ ဖွားဖွားယွင်သည် အလုပ်က အဆင်ပြေသည့်အတွက် သူ(မ)သည် ဆိုင်အကူငှားရန် စီစဥ်လိုက်သည်။ သူ(မ)ချွေးမ၏ ခြေထောက်သည် အဆင်မပြေသေးချေ။ လှုပ်လှုပ်ရှားရှားများ ပြန်မလုပ်သေးခင် အနည်းဆုံးတစ်လလောက် လေ့ကျင့်ခန်းများလုပ်ပြီး ကုသရအုံးမည် ဖြစ်သည်။ သို့သော် ထိုသို့လုပ်ခြင်းသည်လည်း ရောဂါအား အမြစ်ပြတ်ကုနိုင်မည် မဟုတ်ပေ။
ယွင်ယွီသည် အလုပ်သမားခေါ်စာ ရေးလိုက်ပြီး ဖုန်းနံပါတ်ပါ ထည့်ရေးကာ တံခါးပေါက်၌ ချိတ်ဆွဲထားလိုက်လေသည်။ ထို့နောက် သူ(မ)တို့မြေးဖွားသည် ရွာပြန်လာလိုက်ကြလေသည်။
အိမ်၌ လုပ်စရာများ ရှိနေလေသည်။ သုံးဘီးဆိုက်တွဲသည် သူများဆီမှ ငှားထာသည့်အတွက် သိပ်အဆင်မပြေပေ။ ယွင်ယွီသည် နောက်နောက်ကျ အစားအစာများနှင့် ခေါက်ဆွဲများ ဆိုင်ခန်းသို့ ပို့ရအဆင်ပြေစေရန် ပိုကြီးသော သုံးဘီးဆိုက်တွဲတစ်စီး ဝယ်ရန် စီစဥ်လိုက်သည်။
သူ(မ)သည် နေ့လည်ပိုင်း၌ ထိုသုံးဘီးအား ဝယ်လိုက်လေသည်။ ထို့နောက် သူ(မ)အား တစ်စုံတစ်ယောက်မှ ဖုန်းခေါ်လာလေသည်။ ထိုသူသည် အလုပ်လာလျှောက်သောသူ ဖြစ်သည်။ ထိုသူသည် သာယာချိုအေးသော မိန်းကလေးသံဖြင့် ပြောလေသည်။
ယွင်ယွီသည် သူ(မ)အား ခဏစောင့်ခိုင်းထားလိုက်ပြီး ဆိုင်သို့ မြန်မြန်သွားလိုက်လေသည်။ သူ(မ)ရောက်သွားသောအခါ သပ်သပ်ရပ်ရပ် ဝတ်စားထားသော အသက်၃၀ကျော်အရွယ်ရှိ မိန်းမတစ်ယောက်သည် ဆိုင်ရှေ့၌ ရပ်စောင့်နေလေသည်။ ထိုအမျိုးသမီး ဖြစ်လိမ့်မည်ဟု သူ(မ)ထင်လိုက်သည်။ ထိုအမျိုးသမီးသည် ချင်ဟဲရွာမှ ကျောက်စစ်ထင် ဖြစ်လေသည်။
ကျောက်စစ်ထင်သည် ယွင်ယွီအား မြင်သွားပြီး အနည်းငယ်ရှက်နေသည့်ပုံဖြင့် “ယွင်ယွီ၊ အလုပ်ခေါ်စာ တွေ့လို့လေ”
21 04
ယွင်ယွီသည် ခေါင်းညိတ်ပြလိုက်သည်။ သူ(မ)သည် ကျောက်စစ်ထင်၏ ပုံစံအား အကဲခတ်နေလေသည်။ သူ(မ)သည် သနားစရာကောင်းသော အမျိုးသမီးတစ်ဦးဖြစ်သည်။ သူ(မ)သည် အသက်၃၀ရှိပြီဖြစ်ပြီး သူ(မ)ခင်ပွန်းနှင့် ကွာရှင်းပြီးနောက် သူ(မ)သမီးလေးအား ခေါ်ထားလေသည်။ ကွာရှင်းရသည့်အကြောင်းအရင်းသည် အလွန်ရိုးရှင်းပေသည်။ သူ(မ)သည် ကလေးမီးဖွားချိန်တွင် သွေးထွက်လွန်ခဲ့လေသည်။ သူ(မ)၏ယောက္ခမသည် သူ(မ)သည် ကိုယ်တွင်းမှ သွေးထွက်လွန်နေသည့်အတွက် သားအိမ် ထုတ်သင့်သည်ဟူသော ဆရာဝန်၏ အကြံပေးချက်အား ကြားသွားသောအခါ လက်မခံနိုင်ဖြစ်ကာ သားအိမ် ထုတ်ပစ်မည်ဆိုလျှင် သူ(မ)သည် ဘယ်လိုလုပ် ယောကျ်ာလေးတစ်ယောက် ထပ်မွေးနိုင်တော့မှာလဲ ဟုပြောခဲ့သည်။ အခြေအနေများသည် တဖြည်းဖြည်းတင်းမာလာပြီး သားအိမ်ထုတ်ခြင်းကသာ သူ(မ)အသက်အား ကယ်နိုင်မည် ဖြစ်သဖြင့် သူ(မ)မိဘများသည် လက်မှတ်ထိုးပေးပြီး သားအိမ်ထုတ်ခိုင်းကာ သူ(မ)အသက်အား ကယ်ဆယ်ခဲ့ကြလေသည်။
နောက်ထပ် ကလေးမမွေးနိုင်တော့မည့်ချွေးမတစ်ယောက်ကို မည်သည့်ယောက္ခမက လိုချင်ပါမည်နည်း။ မီးဖွားပြီးနောက်ပိုင်းမှစ၍ သူ(မ)ယောက္ခမသည် ကွာရှင်းရန် ဖိအားပေးလာလေသည်။ ကျောက်စစ်ထင်သည် မီးတွင်း၌ သူ(မ)မိဘများအိမ်တွင်သာ နေခဲ့လေသည်။
ရွာသူရွာသားများသည် အခုခေတ်တွင် လူငယ်များ၏ လွယ်လင့်တကူ ကွာရှင်းကြခြင်းအား ခွင့်မပြုကြသော်လည်း ကျောက်စစ်ထင်၏ အခြေအနေသည် သူများနှင့်မတူပေ။ အမေကျောက်သည် သူ(မ)သမီးသာ မကွာရှင်းလျှင် သူ(မ)သမီး၏ဘဝ ကောင်းစားလာတော့မည် မဟုတ်သည်ကို သိနေသဖြင့် ကွာရှင်းခိုင်းလိုက်လေတော့သည်။
ကွာရှင်းသည့်ကိစ္စရပ်သည် အလွန်ရှုပ်ထွေးလေသည်။ သူ(မ)ယောကျ်ား၏ မိသားစုသည် ကလေးအား ခေါ်သွားချင်ကြသည်။ မာမားကျောက်သည် ကလေးအား ခေါ်သွားလျှင် ကွာရှင်းပေးမည် မဟုတ်ဟု ပြောလိုက်လေသည်။ သူ(မ)သည် သမီးနှင့်မြေးဖြစ်သူအား သူ(မ)ယောကျ်ားအိမ်ပေါ်သို့သာ ခေါ်တင်ထားလေသည်။ အဆုံးတွင် ယောကျ်ားမိသားစုသည် ကိစ္စများသည် တစ်စတစ်စ ဆိုးဝါးလာသည့်အတွက် ကျောက်စစ်ထင်အား ကလေးပေးရန် သဘောတူလိုက်လေသည်။
ထိုကိစ္စများသည် လွန်ခဲ့သော ၂နှစ်က ဖြစ်ခဲ့လေသည်။ ကျောက်စစ်ထင်သည် ချင်ဟဲရွာတွင် နေလေသည်။ သူ(မ)တွင် အစ်ကိုတစ်ယောက်နှင့် ယောင်းမတစ်ယောက် ရှိသော်လည်း သူတို့သည် မြို့တွင်သာနေကြသည်။ သူတို့သည်လည်း သူ(မ)အား ကွာရှင်းရန်သာ တိုက်တွန်းခဲ့ကြသူများဖြစ်သည်။
ကျောက်စစ်ထင်၏ သမီးသည် အလွန်ချစ်စရာကောင်းသော ၂နှစ်အရွယ်သာရှိသေးသည့် ကျောက်မုန့်မုန့် ဖြစ်လေသည်။ သူ(မ) အလုပ်လာမရှာခင်ကာလများတွင် သူ(မ)သည် ကလေးထိန်းရင်းနှင့်သာ အချိန်ကုန်နေခဲ့လေသည်။ ယခုမူ ကလေးသည် တဖြည်းဖြည်း ကြီးလာပြီဖြစ်သဖြင့် သူ(မ)သည် အလုပ်ထွက်လုပ်ရခြင်း ဖြစ်သည်။ သူ(မ)သည် အရည်အချင်းမြင့်သော သူတစ်ယောက် မဟုတ်သည့်အပြင် အိမ်အလုပ်များလုပ်ရင်းနှင့်သာ အချိန်ကုန်ခဲ့ရသဖြင့် အပြင်သို့ အလုပ်ထွက်မလုပ်နိုင်ခဲ့ပေ။ ထိုကြောင့် ဘာလုပ်ရမည်ဆိုတာကို သူ(မ) မသိချေ။ ဘန်းမုန့်ပေါင်းဆိုင်မှ အလုပ်သမား ခေါ်နေကြောင်းတွေ့သဖြင့် စမ်းလုပ်ကြည့်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ယွင်ယွီသည် သူ(မ)မျက်နှာအား ကြည့်လိုက်လေသည်။ သူ(မ)သည် အနေအေးသူ တစ်ယောက်ဖြစ်ပြီး ပင်ပင်ပန်းပန်းလုပ်နိုင်ပြီး အလုပ်ကြိုးစားမည့်ပုံလည်း ပေါ်လေသည်။ သူ(မ)တွင် အသွင်အပြင်ကောင်းများ ရှိသည်ကို သိပြီးနောက် ယွင်ယွီသည် “အစ်မစစ်ထင်၊ ဒီမှာလုပ်ရမှာ အရမ်းပင်ပန်းမှာနော်။ မနက်၄နာရီကို ဆိုင်ကို ရောက်ဖို့လိုပြီးတော့ စျေးဝယ်တွေ အရမ်းများလာရင်လည်း အချိန်ပိုဆင်းရပြီး နေ့ခင်းပိုင်းကျမှ အိမ်ပြန်လို့ ရမှာနော်။ လစာကတော့ တစ်လကို ယွမ်၂ထောင် ပေးပါ့မယ်။ အစ်မစစ်ထင် လုပ်မှာလား” ဟုပြောလိုက်သည်။
မြို့ပေါ်တွင် ယွမ်၂ထောင်ရခြင်းသည် တော်တော်လေး အဆင်ပြေလေသည်။ ဘာပဲဖြစ်ဖြစ် သူ(မ) မနက်ပိုင်းပဲ အလုပ်လုပ်ရမှာဖြစ်ပြီးတော့ နေ့ခင်းပိုင်းနဲ့ညဘက်တွေမှာ နားလို့ရတာပဲဟာ။ သူ(မ)သမီးလေးကိုလည်း အချိန်များများ ပေးနိုင်ပြီလေ။
ကျောက်စစ်ထင်သည် ခေါင်းညိတ်လိုက်ပြီး “မုန့်မုန့်က ကြီးလာပြီဆိုတော့ ညဘက်မှာ ကောင်းကောင်းအိပ်နေပါပြီ။ အစ်မရဲ့အမေကလည်း ကလေးကို သေချာကြည့်ပေးပါတယ်။ ယွင်ယွီ အစ်မ ဒီမှာ လုပ်လို့ရမလား”
ယွင်ယွီသည် ပြုံးလိုက်ပြီး “ရတာပေါ့”
ဆိုင်အကူ ရပြီးနောက် လုပ်ရတာ ပိုအဆင်ပြေလာလေသည်။ ဖွားဖွားယွင်သည် ရွာထဲမှ သားသတ်သမားဆီမှ ဝက်သားများ ဝယ်လာလေသည်။ သူ(မ)သည် ရွာထဲတွင် မွေးထားသော ဝက်ဆီမှ အသားများသာ ဝယ်ခဲ့ပြီး အခြားပြင်ပ စီးပွားဖြစ် မွေးမြူရေးဆီမှ မဝယ်ပေ။ သို့မှသာ အသားများသည် မွှေးကြိုင်နေမည်ဖြစ်သည်။
နောက်ရက်တွင် ဘန်းမုန့်များကို ပေါင်းပြီးနောက် စျေးဝယ်နည်းနည်းသာလာသေးသည်။ အရင်နေ့မှ မိတ်ဟောင်းဝယ်သူများသာ ဖြစ်လေသည်။ အမျိုးများဆီမှ ကြားရ၍ လာဝယ်သူများလည်း ရှိလေသည်။
ယွင်ယွီသည်လည်း အလုပ်လက်မဲ့ဖြစ်မနေတော့ချေ။ သူ(မ)သည် သစ်သီးသစ်ရွက်များကို ခူးပေးရပြီး ဆေးကြော ပေးရလေသည်။
———————————————————————————————————————-
၂ရက် ၃ရက်ကြာပြီးနောက် ယန်ထျန်းလန်နှင့် ဖီထျန်းလေ့တို့သည် ရူးမတတ် ဖြစ်နေကြလေပြီ။ သရဲမသည် သူတို့သာ သူ(မ)ကို မြင်ရသည်ကို သိသည့်အတွက် သူတို့ရှေ့မှ ညဘက်များတွင် ဖြတ်လျှောက်လေသည်။ သူတို့သည် သေလုမတတ် ကြောက်လန့်နေကြရလေသည်။
21 05
ယန်ထျန်းလန်သည် မနေရဲတော့ပြီဖြစ်၍ သူ့အဖေအား ယွင်အိမ်သို့ ထပ်သွားရန် ၂ရက် နားခိုင်းလိုက်လေသည်။
ယွင်ယွီသည် ထို့နေ့တွင် အိမ်၌ ရှိနေလေသည်။
ဘန်းမုန့်ဆိုင်သည် အသားကျလာပြီ ဖြစ်လာပြီဖြစ်သဖြင့် များများစားစား လုပ်စရာ မရှိတော့ချေ။ နေ့စဥ်နေ့တိုင်း ဘန်းမုန့်များသည် မနက်၁၀နာရီအထိရောင်းရပြီး ပြီးမှသာ ဆိုင်ပိတ်ရလေသည်။ ထို့နောက် သူ(မ)တို့သည် ဆိုင်သန့်ရှင်းရေးလုပ်ကြပြီး နောက်ရက်အတွက် လိုအပ်သည့် သစ်သီးသစ်ရွက်များကို ဆေးကြောကြရသည်။ ဝက်သားများကို နုပ်နုပ်စဥ်းပြီးလျှင် အလုပ်အကုန်ပြီးပြီဖြစ်သည်။ နောက်ရက်တွင် ဖွားဖွားယွင်သည် မနက်၃နာရီ၌ ထပြီး ဂျုံမှုန့်နယ်လေသည်။ ၄နာရီ၌ ကျောက်စစ်ထင်ရောက်လာပြီး ကူနယ်ပေးကာ သစ်သီးသစ်ရွက်များကို လှီးဖြတ်ပေးပြီး ဘန်းမုန့် လုပ်ကြလေသည်။
ယွင်ယွီသည်တော့ လုပ်စရာသိပ်မရှိချေ။ သူ(မ)သည် နေ့တိုင်း သစ်သီးသစ်ရွက်များနှင့် အသားများကို ဆိုင်သို့ ပို့ပေးလေသည်။ သူ(မ) ကူညီရမည့် ကိစ္စရှိလျှင်တော့ ကူလုပ်ပေးလေသည်။
အသားဘန်းမုန့်သည် တစ်ခုကို ၂ယွမ်ကျသင့်ပြီး အလွန်ရောင်းကောင်းလှသည်။ တစ်ခါတရံ မနက်၉နာရီနှင့်ပင် အကုန်ရောင်းကုန် သွားတတ်သည်။
ယန်မင်ခမ်းနှင့် ယန်ထျန်းလန်တို့ ရောက်လာသောအခါ ယွင်ယွီသည် ဘာမျှမပြောချေ။ သူ(မ)သည် လိမ္မာပါးနပ်သော စကားလုံးများဖြင့်သာ နှင်ထုတ်လေသည်။
ယန်မင်ခမ်းသည် စီးပွားရေးသမားတစ်ဦးပီပီ ဟန်မပျက် နေတတ်လေသည်။ တနင်္ဂနွေနေ့တွင် သူသည် သူ့သားအား ခေါ်ကာ လက်ဆောင်အများအပြားနှင့် ထပ်သွားခဲ့ပြန်သည်။ သူသည် ဧည့်ခန်းတွင် မထိုင်ရဲချေ၊ အလွန်ရိုကျိုးစွာဖြင့် “မစ္စယွင်၊ ဖြစ်ခဲ့သမျှကိစ္စတွေမှာ အကုန် ထျန်းလန်ရဲ့ အမှားတွေချည်းပါပဲ။ သူက ဘယ်လိုအပြစ်ဒဏ်နဲ့မဆို အပြစ်ပေးခံရသင့်ပါတယ်”
ယွင်ယွီသည် ဆိုဖာအား ညွှန်ပြလိုက်ပြီး “ မစ္စတာယန်၊ ထိုင်လို့ရပါတယ်။ ဦးလေးတို့ ခဏခဏလာနေတာ တောင်းပန်ဖို့အတွက်ပဲ မဟုတ်ဘူးမလား။ တခြားအကြောင်းအရင်းများ ရှိနေလို့လား”
၂ခေါက် ၃ခေါက်လာနေရခြင်းမှာ ကိစ္စတစ်ခုခု ရှိပေမည်။ ထိုသားအဖနှစ်ယောက်သည် ဟန်မဆောင်တတ်ကြကြောင်း ယွင်ယွီသိလေသည်။
ယန်မင်ခမ်းသည် ထိုင်လိုက်ပြီး “မစ္စယွင်၊ ဒါကဒီလိုရှိပါတယ်။ ဦးရဲ့သားက မကြာသေးခင်တုန်းကစပြီး သရဲတွေမြင်နေရတယ်....” ဟုပြောလိုက်သည်။
ယွင်ယွီသည် ပြုံးကာ “မစ္စတာယန် ဘာကိုပြောချင်တာပါလဲရှင့်။ သရဲမြင်ရတယ် ဟုတ်လား။ မစ္စတာယန်လည်း ပညာတတ်တစ်ယောက်ပါ။ ဒါမျိုးတွေကို ယုံနေတုန်းပဲလား။ ဒါမှမဟုတ် ဦးလေးရဲ့သား သရဲမြင်နေရတယ်ဆိုတာ ကျွန်မ တစ်ခုခု လုပ်ထားတာကြောင့်လို့ ထင်နေတာလား။ ထားပါ၊ ကျွန်မအိမ်ကို ဘာလို့လာနေရတာလဲဆိုတာပဲ ပြောပါ”
“မဟုတ်ပါဘူး။ မဟုတ်ပါဘူးကွယ်” ယန်မင်ခမ်းသည် ထပ်တလဲလဲ အငြင်းစကားဆိုကာ “တကယ်တော့ မစ္စစ်ယွင်က ဘာမှမလုပ်ထားပါဘူး။ မစ္စယွင်က ဖုန်းရွှေပညာကို နားလည်တယ်လို့ ဦးကြားထားလို့ ဦးကိုကူညီပေးဖို့ မစ္စစ်ယွင်ကို ဖိတ်ခေါ်ချင်လို့ လာတာပါ။ ထိုက်သင့်တဲ့ အဖိုးအခကိုလည်း ဦးပေးမှာပါကွယ်” သူ၏သား သရဲများမြင်နေရခြင်းသည် သူ(မ)ကြောင့်ပါဟု သူ မပြောရဲပါ။
အမှန်တကယ်တော့ တိုက်ဆိုင်မှုတစ်ခုလည်း ရှိခဲ့ပေသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်ကအထိ သူသည် ယွင်မိသားစုမှ ဒီမိန်းကလေးသည် ဖုန်းရွှေပညာအား နားလည်တတ်ကျွမ်းသည်ဟု မယုံချင်သေးပေ။ သို့သော် လွန်ခဲ့သည့်တစ်ရက်နှစ်ရက်က သူ့ဇနီးဆီမှ တစ်စုံတစ်ရာအား ကြားသိခဲ့ရလေသည်။
သူ(မ)သည် လွန်ခဲ့သည့်တစ်ရက်နှစ်ရက်က သူ(မ)အဒေါ်တစ်ယောက်သည် အမျိုးများဆီသို့ အလည်သွားခဲ့ကြောင်း ပြောပြလေသည်။ ထိုအမျိုးများသည် လျှိုမျိုးရိုးဖြစ်ပြီး ထိုမိသားစု၌ ကလေးတစ်ယောက်ရှိလေသည်။ သူတို့အစားအစာများ စားသောက်နေချိန်၌ ထိုကလေးငယ်အား အိပ်ရာပေါ်၌ သိပ်ထားခဲ့ကြသည်ဟု ပြောလေသည်။ ထိုကလေးသည် ကုတင်အောက်သို့ ပြုတ်ကျပြီး ခေါင်းကွဲသွားခဲ့သည်ကို ဘယ်သူမှ မသိလိုက်ကြပေ။ ထိုကလေးငယ်သည် သွေး အများအပြား ထွက်လွန်းသွားပြီး အဖွားဖြစ်သူသည်လည်း မူးလဲသွားခဲ့ကြောင်း ပြောပြလေသည်။ ကလေးအား ဆေးရုံပို့၍ ဆေးထည့်ပတ်တီးစီးပြီးနောက် အဖွားဖြစ်သူဆီမှ ကလေးငယ် ပြုတ်ကျရခြင်းသည် ဖုန်းရွှေဆရာတစ်ပါးကြောင့်ဟု ကြားသိခဲ့ရကြောင်း ပြောပြလေသည်။ ကလေးသည် အရင်ရက်များက အစားကောင်းကောင်း မစားနိုင်ဖြစ်နေပြီး ငိုပဲငိုနေသဖြင့် သူ(မ)တို့သည် ဖုန်းရွှေဆရာတစ်ပါးအား ပင့်ဖိတ်ကာ စစ်ဆေးကုသခဲ့ရကြောင်း ပြောပြလေသည်။ ထိုဆရာ၏ အမိန့်အရ ကလေးအား နာမည်ပြောင်းပေးလိုက်ပြီးမှသာ ညဘက်များ၌ မငိုတော့ကြောင်း ပြောလေသည်။
သို့သော် လျိုမိသားစုသည် လောဘတက်ပြီး ထိုက်သင့်သော ပညာကြေးအား မပေးဘဲ ကတိဖျက်ခဲ့မိကြောင်း ပြောပြလသည်။ အကျိုးဆက်အနေဖြင့် ကလေးသည် မတော်တဆမှုနှင့် ကြုံလိုက်ရပြီဖြစ်ကြောင်း ပြောပြခဲ့သည်။
21 06
သို့မှသာ သူတို့သည် ထိုက်သင့်သော အဖိုးအခအား နေ့ချင်း လွှဲပေးခဲ့ကြရလေသည်။
ထိုအကြောင်းအား သိလိုက်ရပြီးနောက် ယန်မင်ခမ်းသည် သူ့ဇနီးအား လျိုမိသားစု၏ ဖုန်းနံပါတ်ကို သူ(မ)အဒေါ်ဆီမှ တောင်းခိုင်းလိုက်လေသည်။ ဖုန်းရွှေဆရာ၏ ပုံပန်းသွင်ပြင်အား သေချာစွာမေးမြန်းကြည့်လိုက်ရာ ယွင်ယွီနှင့် အတော်ဆင်ကြောင်း သိလိုက်ရလေသည်။
ထို့ကြောင့် သူသည် ယွင်မိသားစုမှ မိန်းကလေးငယ်သည် ပညာရှင်ဖြစ်နိုင်ကြောင်း ယူဆခဲ့ခြင်း ဖြစ်သည်။
ယွင်ယွီသည် ယန်မိသားစုဝင်များသည် စိတ်သဘောထား ပြည့်ဝသည်ဟု ခံစားလိုက်ရလေသည်။ မည်သို့ပင်ဖြစ်စေကာမူ ယန်ထျန်းလန်အား ပညာပေးချင်ရုံသက်သက်သာ ဖြစ်သည်မို့ သူ့အား ၁၀ရက်လောက် ခြောက်လှန့်လိုက်ပြီးပြီဖြစ်ကာ လုံလောက်နေလေပြီ ဖြစ်သည်။ သူ့ပြဿနာအား ဖြေရှင်းပေးမည်ဆိုပါက သူ(မ)သည်လည်း ထိုက်သင့်သည့် အဖိုးအခရမည် ဖြစ်သည်။ အဘယ်ကြောင့် မလုပ်ဘဲ နေရပါမည်နည်း။
“ကောင်းပါပြီ။ ခဏလောက် ထိုင်စောင့်ပေးပါ။ အဆင်သင့်ပြင်ပြီးရင် ကျွန်မ ဆင်းလာခဲ့ပါ့မယ်” ယွင်ယွီသည် ထရပ်လိုက်ပြီး သူ(မ)အခန်းထဲသို့ ဝင်သွားလေသည်။
ယန်သားအဖနှစ်ယောက်သည် အိပ်မက် မက်နေသည်ဟုသာ ထင်နေကြလေသည်။ ယွင်ယွီ သဘောတူလိမ့်မည်ဟု မထင်ထားကြသေးပေ။
ယန်ထျန်းလန်သည် သူ့ပြဿနာအား ဖြေရှင်းရန် သူ(မ)မည်သို့ ကူညီမည်ကို မသိသည့်အတွက် စိုးရိမ်နေမိလေသည်။
ယွင်ယွီသည် တြိဂံပုံခေါက်ထားသော အဝါရောင်အဆောင်လက်ဖွဲ့ကို လက်ထဲ၌ ကိုင်လျက် အချိန်မကြာလိုက်ဘဲ ပြန်ထွက်လာလေသည်။ ထိုအရာသည် အဆောင်စက္ကူပြောင်တစ်ရွက်သာဖြစ်ပြီး မည်သည့်အရာမှ မရေးဆွဲထားရသေးပေ။
ရေနွေးတစ်ခွက် ငှဲ့လိုက်ပြီး အဆောင်စက္ကူအား သူ(မ)လက်ထဲတွင်သာ လောင်ကျွမ်းစေလိုက်ကာ ရရှိလာသောပြာမှုန့်များကို ထိုရေနွေးခွက်ထဲသို ထည့်လိုက်လေသည်။ ယန်ထျန်းလန်အား ပေးလိုက်ပြီး “သောက်လိုက်” ဟုပြောလိုက်လေသည်။
တကယ်တော့ ထိုရေမန်းအား သောက်ခိုင်းခြင်းသည် ဘာမှမဟုတ်ပေ။ ခုဏ သူ(မ)ထသွားကတည်းက သူ(မ)ထည့်သွင်းထာခဲ့သော ယင်ဓတ်များအား ပြန်လည်နှုတ်ယူကာ လွင့်ပြယ်စေခဲ့ပြီး ဖြစ်သည်။ ထိုသရဲနှင့်ပတ်သက်သော ကိစ္စများသည် သူ(မ)နှင့် မဆိုင်ကြောင်း ပြချင်၍သာ သူတို့အား လှည့်စားရန် အဆောင်စက္ကူအား မီးရှို့လိုက်ခြင်း ဖြစ်သည်။ ယန်ထျန်းလန်အား ယခုကိစ္စအား ဦးနှောက်ထဲစွဲနေစေရန် သူ(မ) တမင်ရည်ရွယ်၍ လုပ်ခဲ့ခြင်းဖြစ်ပေသည်။
သူ(မ) ယန်မိသားစုအား ကူညီရန်ဆုံးဖြတ်လိုက်ရခြင်းမှာ ထိုသားအဖ၏မျက်နှာအား သူ(မ) အကဲခတ်ကြည့်လိုက်ရာ သူတို့တွင် ကြင်နာတတ်မည့်ပုံစံရှိသော မျက်နှာများရှိကြပြီး လူယုတ်မာများနှင့် အတူသည့်အတွက်ကြောင့် ဖြစ်ပေသည်။ ယန်ထျန်းလန်သည် ငယ်ရွယ်သေးသဖြင့် အမှားလုပ်မိခြင်းသာဖြစ်ပြီး ယန်မင်ခမ်းသည်လည်း သူ၏အောင်မြင်မှုအား အလေးထားတတ်သူ ဖြစ်လေသည်။ ဒီနှစ်များတွင် သူသည် အလှူအတန်းများလည်း မကြာခဏ လုပ်လေ့ရှိသူဖြစ်သည်။ သူ့ဘဝတွင် ဒုက္ခရောက်နေချိန်၌ ကူညီပေးသော မိတ်ဆွေကောင်းများ ရှိသည်ကိုလည်း သူ(မ) သိရှိလေသည်။
ယန်ထျန်းလန်သည် ထိုရေမန်းတစ်ခွက်က သူ့ပြဿနာအား ဖြေရှင်းပေးနိုင်ပါ့မလားဟု တွေးနေလေသည်။ သို့သော် ယွင်ယွီအား သူမမေးရဲချေ။ အထွန့်တက်မနေတော့ဘဲ ထိုရေမန်းအား သောက်ပစ်လိုက်လေတော့သည်။
သူ စိတ်ဇဝေဇဝါ ဖြစ်နေသည်ကို မြင်သဖြင့် ယွင်ယွီသည် “ပြီးသွာပြီ။ နောက်နောင်ကျရင် စိတ်လိုက်မာန်ပါ မလုပ်မိစေနဲ့”
ယန်ထျန်းလန်သည် ခေါင်းညိတ်ပြလိုက်လေသည်။
“မစ္စစ်ယွင် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ” ယန်မင်ခမ်းသည် သူ(မ)အား ထပ်ခါထပ်ခါ ကျေးဇူးတင်နေခဲ့လေသည်။ သူ့မျက်စိနှင့် ဘာလုပ်သည်ဆိုတာကို တပ်အပ် မမြင်ရသော်လည်း ပြဿနာသည် သေချာပေါက် ဖြေရှင်းပြီးဖြစ်သွားပြီဟု သူ ယုံကြည်လေသည်။ သူသည် သူ(မ)အား ဆရာတစ်ပါးအဖြစ်သာ မှတ်ယူလိုက်လေတော့သည်။
ယွင်ယွီ၏ ဘဏ်အကောင့်အားမေးလိုက်ပြီး ယွမ်၁သိန်း လွှဲပေးလိုက်လေသည်။
သူ့လုပ်ငန်းများတွင် ပြဿနာရှိနေသော်လည်း ငွေသိန်းဂဏန်းပမာဏသည် သူ့အတွက် ဘာမှမပြောပလောက်ပေ။ သူ ဒီလောက်တော့ သုံးစွဲနိုင်ပါသေးသည်။
ယွင်ယွီသည် ငွေမခက်သူ ဖြစ်သဖြင့် သူ့အား အတော်သဘောကျသွားလေသည်။။ လျိုမိသားစုကဲ့သို လူများသည် စိတ်ရှုပ်ရလေသည်။
“ဆရာမယွင် နောက်ထပ်တစ်ခု ရှိပါသေးတယ်ဗျ” ယန်မင်ခမ်းသည် အစပိုင်းတွင် ချိတုံချတုံ ဖြစ်နေသော်လည်း နောက်ဆုံးတွင် “ မြို့ထဲမှာ ကျွန်တော့်လုပ်ငန်းတစ်ခု ရှိတယ်ဆိုတာ ဆရာမလည်း ကြားမိမှာပါ၊ တကယ်တာ့ ကျွန်တော်က ဗီလာဆောက်ဖို့ စီစဥ်ထားတာပါ။ ဒါပေမဲ့ ဆောက်လုပ်ရေးစလုပ်လိုက်ကတည်းက လူတွေ တစ်ယောက်ပြီးတစ်ယောက် သေကုန်ကြတယ်။ ဆရာတွေရော ခရစ်ယာန်ဘုန်းတော်ကြီးတွေပါ ကျွန်တော် တစ်ယောက်ပြီးတစ်ယောက် ပင့်ဖိတ်ခဲ့ပေမဲ့ ဘယ်သူမှ ဒီကိစ္စကို မဖြေရှင်းနိုင်ကြသေးပါဘူး။ သူတို့တောင်မှ ထိခိုက်ဒဏ်ရာတွေ ဖြစ်ကုန်ကြပါတယ်။ အဲဒါ ကျွန်တော့်ကို ကူညီပေးဖို့ ဆရာမကို ပင့်ဖိတ်ချင်ပါတယ်။ ဆရာမသာ ကူညီပေးမယ်ဆိုရင် ကျွန်တော် ထိုက်သင့်တဲ့အဖိုးအခကို များများလေး ပြန်ပေးပါ့မယ်”
21 07
ယွင်ယွီသည် မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး “ အဲ့ကိစ္စကို ကျွန်မသိပါတယ်။ ဒီမတိုင်ခင်ကတည်းက ရှင့်ကို ကူညီဖို့ တွေးပြီးတော့ ရှင့်ရဲ့ ဆောက်လုပ်ရေးဆိုက်ထဲမှာ ကျွန်မဖုန်းနံပါတ်ကို ချန်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူမှ ကျွန်မဆီ ရောက်မလာခဲ့ဘူးလေ”
ယန်မင်ခမ်း၏မျက်နှာသည် ထိုကိစ္စအား စိတ်ညစ်သွားလေသည်။ သူ ကံကောင်းလုနီးပါးဖြစ်ခဲ့ကာ သေလောက်အောင်လည်း စိတ်ပူစရာလိုမည် မဟုတ်ချေ။ သို့သော် သူသည် ဆရာမယွင်နှင့် လွဲခဲ့ရလေသည်။
“ဟုတ်ကဲ့။ အဲဒီလိုပဲ ဖြစ်သွားပါတယ်။ ဆောက်လုပ်ရေးဆိုက်ထဲမှာ မတော်တဆမှုဖြစ်ပြီးကတည်းက အဲဒီနေရာကို စောင့်ရှောက်ဖို့ လီအဖိုးကြီးတစ်ယောက်ပဲ ရှိပါတယ်။ သူလည်းပဲ သူများတွေ ပစ္စည်းတွေကို လာခိုးမှာ စိတ်ပူနေပါတယ်။ အဲ့နေရာက တကယ်ကို ခြောက်ခြားစရာ ဖြစ်နေပါတယ်။ ဒီ၂ရက်အတွင်းမှာပဲ လီအဖိုးကြီးလည်း ခြေထောက်ကျိုးသွားလို့ အနားယူဖို့ အိမ်ပြန်သွားပါတယ်။ ဆိုက်ထဲကို ဘယ်သူမှ မသွားရဲကြဘူးဖြစ်နေတာပါ။ ကျွန်တော်လည်း မသွားရဲပါဘူး။ ဒါကြောင့်လည်း အဖိုးကြီးလီက ဆရာမ လာသွားတဲ့အကြောင်း မပြောပြဖြစ်တာ နေမှာပါ” ယန်မင်ခမ်းသည် ရိုးသားစွာ ရှင်းပြလိုက်လေသည်။
“ကောင်းပြီလေ။ မနက်ဖြန်က တနင်္ဂနွေနေ့ပဲ။ ဘာတွေဖြစ်နေလဲသိရအောင် ကျွန်မတို့ သွားကြည့်ကြတာပေါ့” ဟုပြောလိုက်လေသည်။
******