← Chapters

အခန်း ၂၂

Vol. 3 Ch. 22

အခန်း ၂၂

Vol. 3 Ch. 22

22 01

အပိုင်း (၂၂)

ရုပ်လွန်ပညာသည် လျှို့ဝှက်ဆန်းကြယ်သော ဘာသာရပ်တစ်ခု ဖြစ်သည်။ ဖုန်းရွှေပိုင်းဆိုင်ရာကိုပဲကြည့်ကြည့် တခြားနယ်ပယ်ကိုပဲကြည့်ကြည့် ထိုအရာသည် အမှန်စင်စစ် အခြေအနေများ ပါဝင်ပတ်သက်နေသည်ကို တွေ့ရပေလိမ့်မည်။ သူ(မ)သည် ယန်မင်ခမ်း၏လုပ်ငန်းခွင်ကို ဒုတိယအကြိမ် မသွားဖြစ်ခဲ့သော်လည်း ထိုဆိုက်ထဲတွင် ကျိန်းသေပေါက် ပြဿနာတစ်ခု ရှိနေမည်ဖြစ်ကြောင်း သိလေသည်၊ သို့မဟုတ်လျှင် ဆောက်လုပ်ရေးဆိုက်ထဲသို့ သွားသောသူများသည် ထိခိုက်ဒဏ်ရာရစရာ အကြောင်းမရှိပေ။ နောက်ကွယ်မှ အကြောင်းအရင်းအားသိနိုင်ရန် သူ(မ)ကိုယ်တိုင် ထိုဆောက်လုပ်ရေးဆိုက်ထဲသို့ သွားကြည့်ရန် လိုအပ်ပေသည်။

ရုပ်လွန်ပညာတွင် လူများအား ကယ်ဆယ်ခြင်းနှင့် ဒုက္ခပေးခြင်းတို့သည် အကြောင်းအမျိုးမျိုးတို့ပေါ်တွင် မူတည်ပြီး ထိုအကြောင်းအရင်းအား ချေဖျက်ရန် သူ(မ)အတွက် လွယ်ကူလှပေသည်။ သူ(မ)တွင် ဝိညာဥ်စွမ်းအားများ အလုံအလောက်ရှိပြီး ထိုစွမ်းအင်များအား မြင်နိင်သော မျက်ဝန်းတစ်စုံရှိသောကြောင့် ဖြစ်သည်။

ယန်မင်ခမ်းအား ဆောက်လုပ်ရေးဆိုက်ထဲသို့ သွားမည်ဟု ကတိပေးပြီးချိန်မှစ၍ သူ(မ)သည် ကြိုတင်ပြင်ဆင်မှုများ ပိုလုပ်ခဲ့ရလေသည်။

ဒီရက်များတွင် သူ(မ) အဆောင်လက်ဖွဲ့များ များစွာ ရေးဖွဲ့ထားသည် ဖြစ်သည်။ အဆောင်လက်ဖွဲ့များ ရေးဖွဲ့ခြင်းသည် ရုပ်လွန်ပညာရှင်တိုင်းအတွက် ပညာရှင်တစ်ဦးဖြစ်လာရန် လိုအပ်သော အတတ်ပညာတစ်ခုဖြစ်သည်။ အဆောင်လက်ဖွဲ့ အမျိုးအစားများစွာရှိပြီး အများစုမှာ အကာအကွယ်၊ မိစ္ဆာနတ်ဆိုးရန်မှ တားဆီးကာကွယ်ခြင်း၊ တိုက်ခိုက်ခြင်း၊ ကုသခြင်းနှင့် တခြားအမျိုးအစားများ ဖြစ်ကြလေသည်။ အခြားအမျိုးအစားအဆောင်လက်ဖွဲ့များမှာ မကောင်းဆိုးဝါးများအား ဖိနှိပ်နှိမ်နင်းခြင်း၊ မိစ္ဆာဓာတ်များအား ရှောင်ရှားပြီး ကံကောင်းမှုများအား ရယူခြင်း၊ ရောဂါဘယကုသခြင်း၊ ဘေးဆိုးကပ်ဆိုးများကို ကျော်လွှားခြင်းနှင့် အခြားအမျိုးမျိုးသော အကျိုးသက်ရောက်မှုများ ဖြစ်လေသည်။ အဆောင်လက်ဖွဲ့၏ အစွမ်းထက်မှုသည် ရေးဖွဲ့သောလူ၏ စွမ်းရည်နှင့် ဆိုင်လေသည်။

ယွင်ယွီသည် အဆောင်လက်ဖွဲ့များအား ၁၀နှစ်ကျော်ကြာ ရေးဖွဲ့လာခဲ့သည် ဖြစ်သည့်အတွက် ထိုအလုပ်သည် သူ(မ)အတွက် အလွန်လွယ်ကူလှပေသည်။ ဟိုဘက်ဘဝတုန်းက သူ(မ)သည် စိတ်ကူးပေါက်တိုင်း အဆောင်လက်ဖွဲ့ ထရေးနိုင်သော်လည်း ယခုမူ သူ(မ)၏ အခြေခံဖွံ့ဖြိုးတိုးတက်မှုသည် မလုံလောက်သည့်အတွက် အနည်းငယ် ခက်ခဲနေလေသည်။

ဒီရက်များတွင် သူ(မ)သည် တစ်စုံတစ်ခုအား နေ့တိုင်းရေးဖွဲ့နေခဲ့ပြီး အများအပြား သိမ်းမိထားပြီဖြစ်သည်။ နောက်ရက်တွင် ဖြစ်မည့်အရာများကို သူ(မ)သိသည့်အတွက် ထိုအဆောင်များအား အကုန်ယူသွားရန် စီစဥ်ထားလေသည်။

သူ(မ)သည် ကျန်းကျိုင်းအဆောင်( အိမ်နှင့် မိသားစုဝင်များအား စောင်‌ရှောက်ရန် ဆိုးယုတ်မှုများမှ ကာကွယ်သည့်အဆောင်အမျိုးအစား) အား အိမ်၌ ချန်ထားခဲ့လေသည်။ ထိုအဆောင်သည် အိမ်အား အမှန်တကယ် လုံခြုံစေပြီး စိတ်အေးချမ်းစေလေသည်။

နောက်ရက်သည် တနင်္ဂနွေနေ့ဖြစ်လေသည်။ ယွင်ရှန်းသည် ထိုနေ့တွင် အိမ်ပြန်လာသဖြင့် ယွင်ယွီသည် သူ့အတွက် မနက်စာ ပြင်ပေးထားခဲ့လေသည်။

သူ(မ) အလုပ်ကိစ္စတစ်ခု ရှိသည့်အတွက် အပြင်သွားရမည်ဖြစ်ပြီး အိမ်ပြန်နောက်ကျမည်ဖြစ်ကြောင်း သူ့အား မှာခဲ့လေသည်။ သူ(မ)သည် သူ့အား မီးဖိုချောင်ထဲမှ သစ်သီးသစ်ရွက်များ၊ အသားများနှင့် ဂျုံများကို ဘန်းမုန့်ဆိုင်သို့ မနက်စာစားပြီးလျှင် ပို့ပေးရန် မှာခဲ့လေသည်။

မနက်စာအတွက် ဖွားဖွားယွင်သည် စောစောထပြီး ပဲစေ့စိမ်းခေါက်ဆွဲ ချက်ပေးလေသည်။ ဥယျာဥ်ထဲမှ ပဲစေ့စိမ်း တော်တော်များများသည် ရင့်မှည့်၍ စားလို့ရနေပြီဖြစ်သဖြင့် ဖွားဖွားယွင်သည် ဘန်းမုန့်အစာသွပ်ချိန်အထိ တာရှည်မခံတော့မည်ကို စိတ်ပူနေခဲ့လေသည်။ ထိုအချိန်မှာပင် ဖွားဖွားယွင်သည် ခေါက်ဆွဲချက်နည်းကို သိခဲ့ရလေသည်။ ပဲစေ့စိမ်းများကို ရေဆေးပြီး‌နောက် ခပ်ကြီးကြီးလှီးရလေသည်။ ထို့နောက် ဝက်ပေါင်သားများကို ခပ်ပါးပါး လှီးလိုက်ပြီး ဂျင်း၊ ကြက်သွန်ဖြူတိုနှင့်ရောကာ မွှေးလာသည်အထိ ကြော်ရလေသည်။ ထို့နောက် မွှေကြော်ထားသော ပဲစေ့စိမ်းများကို မကျက်တကျက် အနေအထားတွင် ရေအနည်းငယ်ထည့်၍ ဆူလာအောင်ထိ ကျိုရလေသည်။ ရရှိလာသော ဟင်းပြုတ်ရည်များကို တချို့တဝက်ခပ်ထားလိုက်ပြီး ကျန်ဟင်းရည်ထဲသို့ ခေါက်ဆွဲထည့်ရမည်ဖြစ်သည်။ အဖုံး ဖုံးထားလိုက်ပြီး နာရီဝက်လောက်‌ စောင့်ရမည်ဖြစ်သည်။ နောက်ဆုံးတွင်တော့ အစောက ခပ်ထားသော ဟင်းပြုတ်ရည်ကို ထည့်မွှေရမည် ဖြစ်သည်။ ၃မိနစ်မှ ၅မိနစ်ကြာလျှင် စား၍ရပြီဖြစ်သည်။

ထိုခေါက်ဆွဲများသည် နူးညံ့နေကာ ဝါးရန်အနေတော်ြဖစ်ပြီး မွှေးကြိုင်လှပေသည်။ ထိုခေါက်ဆွဲများကို အိမ်တွင်ရှိသောဂျုံများဖြင့် ခေါက်ဆွဲလုပ်စက်နှင့် လုပ်ထားခြင်းသာဖြစ်၍ စျေးတွ င်ရောင်းသော ခေါက်ဆွဲခြောက်များကဲ့သို့ ပိန်မနေပေ။

ခေါက်ဆွဲလုပ်စက်ကိုလည်း ဝယ်ထားခြင်း ဖြစ်သည်။ ဖွားဖွားယွင်သည် နောက်နောင်တွင် စျေးဆိုင်၌ ခေါက်ဆွဲလည်း‌ ရောင်းမည်ဟု ပြောလေသည်။ တစ်ပွဲကို ၁၀ယွမ်ကျင့်မည်ဖြစ်ပြီး ဆိုင် ထိုင်စားလို့ရမည် ဖြစ်သည်။

22 02

၁၀ယွမ်အား စျေးကြီးသည်ဟု မထင်သင့်ပေ။ ယနေ့ခေတ်တွင် ခေါက်ဆွဲလွတ်တစ်ပွဲကိုတောင် ၅ယွမ်ပေးနေရပြီ ဖြစ်သည်။ အမဲသား နည်းနည်းသာပါသော အမဲခေါက်ဆွဲတစ်ပွဲသည်လည်း ၁၀ယွမ်ပေးရလေသည်။ မည်သို့ပင်ဖြစ်စေကာမူ သူ(မ)၏ အိမ်ချက်လက်လုပ်ခေါက်ဆွဲသည် ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်များပါပြီး အပေါ်၌လည်း ဟင်းခတ်မှုန့်များ ဖြူးပေးထားလေသည်။ ခေါက်ဆွဲသည်လည်း အလွန်အရသာ ရှိလှပေသည်။ ဝယ်စားရန် နှမြောမနေသင့်ပေ။

ယွင်ယွီသည် မနက်ပိုင်းတွင် အလုပ်ရှုပ်နေလေသည်။ အိမ်၌ ဂျုံအိတ်၄၀ကျော်သာ ရှိလေသည်။ ဆိုင်အတွက် အချိန်ကြာကြာ လောက်မည် မဟုတ်ချေ။ ဒီရက်ပိုင်းတွင် ရွာရှိ အိမ်တိုင်းအိမ်တိုင်းသည် ဂျုံများကို အခြောက်လှန်းပြီးဖြစ်ကာ သူတို့အိမ်အတွက် လုံလောက်အောင် ချန်ပြီး ကျန်တာများကို ရောင်းချကြလေသည်။ ယွင်ယွီသည် သူတို့ဆီမှ ဂျုံများကို ဝယ်ရန် စီစဥ်ထားလေသည်။ သူ(မ)သည် ထိုကိစ္စအား မေးရန် ဝူလီအိမ်သို့ အရင်သွားလိုက်လေသည်။ စျေးကွက်တွင် ဂျုံစျေးသည် ၁.၂ယွမ်ဖြစ်သည်။ ဝူလီသည် ယွင်ယွီ၏ တောင်းဆိုချက်ကို ကြားလိုက်ရပြီးနော်က အန်တီထျန်းအား ပြောလိုက်လေသည်။ အန်တီထျန်းသည် ယွင်မိသားစုသည် ဘန်းမုန့်ဆိုင် ဖွင့်ထားကြောင်း သိသည့်အတွက် လွယ်လွယ်ကူကူပဲ သဘောတူလိုက်လေသည်။

သူ(မ)သည် ရွာသူရွာသားအချင်းချင်းမို့ စျေးကွက်ပေါက်စျေးနှင့်သာ ရောင်းပေးခဲ့လေသည်။

ယွင်ယွီသည် သ‌ဘောမတူပေ။ သွေးသားအချင်းချင်းပင် ဖြစ်စေကာမူ အလုပ်နှင့် ကိုယ်ရေးကိုယ်တာ ခွဲခြားထားသင့်ပေသည်။ သူတို့အားလုံးသည် တစ်ရွာတည်းသားချင်းများ ဖြစ်ကြလေသည်။ နောက်ပိုင်းတွင် သူ(မ)တို့မိသားစု၏ ဘန်းမုန့်ပေါင်းဆိုင်သာ အဆင်ပြေလာခဲ့ပြီး ရွာမှဂျုံများကို အရင်းနှင့်သာ ဝယ်နေလျှင် သူတို့သည် မနာလိုလာနိုင်ပေသည်။ သဘောထားကြီးနိုင်ကြမည် မဟုတ်ပေ။ သူ(မ)သည် အပိုအနေဖြင့် တစ်ကျင်းလျှင် ၃၀ဆင့် ပိုပေးလိုက်လေသည်။

ယွင်ယွီ၏ ခေါင်းမာမှုကြောင့် အန်တီထျန်းသည် ထိုဈေးဖြင့် ရောင်းလေသည်။ ယွင်ယွီသည် “အန်တီထျန်း ကျွန်မတို့အိမ်က ဂိုထောင်က ခုလောလောဆယ် သိမ်းထားလို့ မရသေးပါဘူး။ အန်တီ့ဆီမှာရှိတဲ့ ဂျုံတွေအကုန်လုံးကို ဝယ်မှာပါ၊ မနက်ဖြန်ကျမှ ကျွန်မထပ်လာပြီး ငွေချေပါ့မယ်။ ခုနေ့လည်မှာ ကျွန်မလုပ်စရာလေး ရှိနေသေးလို့ပါ”

အန်တီထျန်းသည် ခေါင်းညိတ်ပြလိုက်ပြီး “ရတာပေါ့၊ အန်တီ သမီးအတွက် ချန်ထားလိုက်ပါ့မယ်ကွယ်”

ဝူလီသည် ခပ်လျော့လျော့ မှီရပ်နေရာမှ “ရှောင်းယွင်အာ၊ မင်းရဲ့ ဘန်းမုန့်ဆိုင်က ဂျုံမှုန့်တွေ လိုသေးတယ်မလား။ ရွာက လူတော်တော်များများလည်း သူတို့ဂျုံတွေ မရောင်းရသေးဘူး။ ငါ လိုက်မေးပေးရမလား။ ဒီနှစ် အိမ်တိုင်းက ထွက်တဲ့ ဂျုံတွေ တော်တော်ကောင်းတယ်လို့ ငါ့အမေက ပြောတယ်။ ဂျုံခင်းကို သေချာလေး ဂရုစိုက်ပြီး ထိန်းသိမ်းရင် ဂျုံပင်လည်း ကောင်းကောင်းထွားပြီး ရလာတဲ့ဂျုံတွေက စားရတာ အရသာရှိတယ်တဲ့”

“ကောင်းပြီလေ။ ဒါဆို ငါ့ကို လိုက်မေးပေးထားအုံး။ မနက်ဖြန်ကျ ခေါက်ဆွဲကျွေးမယ်။ အဲ့ဒါ ဘန်းမုန့်ဆိုင်မှာ အသစ်တင်မဲ့ မီနူးလေ” ယွင်ယွီသည် ပြုံးနေခဲ့လေသည်။

သူ(မ) ဝယ်ယူမည်ဖြစ်သော ပဲစေ့များကို ထားခဲ့ကာ ယွင်ယွီသည် အိမ်ပြန်လာခဲ့ပြီး သူ(မ)ကျောပိုးအိတ်ထဲသို့ အဆောင်လက်ဖွဲ့များကို ထည့်ကာ သွားရန် အဆင့်သင့် ပြင်လေသည်။

ယွင်ရှန်းသည် သူ(မ)ပစ္စည်းများ ထည့်နေသည်ကို ကြည့်၍ မနေနိုင်တော့ဘဲ “မမလတ်၊ ဘာလုပ်ဖို့သွားမှာလဲ” ဟုမေးလေသည်။

ယွင်ယွီသည် ဖုံးကွယ်မနေတော့ဘဲ “ယန်မိသားစုရဲ့ ဆောက်လုပ်ရေးဆိုက်ထဲကို တစ်ချက်လောက် သွားကြည့်ပေးမလို့လေ”

“မမလတ်” ယွင်ရှန်းသည် အခန်းထဲထိ ဝင်လာပြီး အနည်းငယ် စိတ်ပူနေသည့်အသံဖြင့် “မသွားပါနဲ့လား။ အဲ့နေရာက အရမ်းအန္တရာယ်များတယ်။ လုံးဝမကောင်းဘူး။ ကျွန်တော်တို့‌ကျောင်းက တချို့ကျောင်းသားတွေက ညလယ်လောက်ဆို အင်တာနက်ဆိုင်သွားဖို့ ကျောင်းတံတိုင်းကို‌ ကျော်ပြီး ခိုးထွက်နေကျလေ။ ဘယ်လိုစိတ်ကူးပေါက်လာကြလဲတော့ မသိဘူး၊ ဆောက်လုပ်ရေးဆိုက်ထဲကို စပ်စုဖို့ သွားကြတယ်တဲ့။ အထဲကို ဝင်တောင်မဝင်ရသေးဘဲ တစ်ယောက်က ချော်လဲပြီး ခြေထောက် ကျိုးသွားပြီးတော့ နောက်တစ်ယောက်က မျက်စိထိသွားတယ်တဲ့။ နှစ်ယောက်လုံး အခု ဆေးရုံတင်ထားရတယ်။ မျက်လုံးက ပြန်ကောင်းပါ့မလားတောင် မသိဘူးတဲ့။ ခု အဲ့ဆိုက်ထဲကို ဘယ်သူမှ မသွားရဲကြတော့ဘူး”

ယွင်ယွီသည် မျက်မှောက် ကြုတ်လျက် “အဲ့လောက်တောင် ဆိုးဝါးနေတာလား” ထိုအရာသည် သူ(မ)ထင်ထားတာထက် ပိုဆိုးနေလေသည်။

တစ်စုံတစ်ယောက်က ထိုနေရာအား တစ်ခုခုလုပ်ထားသည့်အတွက် အတိတ်နိမိတ် မကောင်းသည့် ပုံစံဖြစ်နေခြင်းဟု သူ(မ) သံသယဝင်မိလေသည်။ ဘာဖြစ်နေပြီး ဘာလုပ်ထားတာပါလိမ့်။ သိရရန် သူ(မ)သွားရပေလိမ့်မည်။ ခုလက်ရှိအခြေအနေများအရ ဒီအတိုင်း ပစ်ထားလျှင် ပိုဆိုးလာပေမည်။

“မမလတ်၊ အဲဒီကို မသွားပါနဲ့။ သူ့ဟာသူ အစိုးရက သတိထားမိသွားပြီး စုံစမ်းစစ်ဆေးဖို့ လူလွှတ်ပါလိမ့်မယ်။ မမသွားရင် အရမ်းအန္တရာယ်များတယ်” ယွင်ရှန်းသည် သူ(မ)အတွက် စိုးရိမ်နေလေသည်။

22 03

ယွင်ယွီသည် ကျောပိုးအိတ်အား လွယ်လိုက်ပြီး ယွင်ရှန်းအား ပခုံးတစ်ချက်ပုတ်ကာ “ မမ ယန်မိသားစုကို ကတိပေးပြီးသွားပြီ။ သွားကိုသွားမှ ဖြစ်မယ်။ နောက်ပြီး အခြေအနေတွေက ငါထင်ထားတာထက် ပိုဆိုးနေတယ်။ ဒီကိစ္စကို ဖြစ်နိုင်ရင် မြန်မြန်ဖြေရှင်းရမှာ။ ရှောင်ရှန်း စိတ်မပူပါနဲ့။ အိမ်မှာ နေခဲ့ပြီးတော့ အမေ့ကိုသာ ဂရုစိုက်လိုက်။ အန္တရာယ်ရှိလည်း ငါရင်ဆိုင်နိုင်ပါတယ်”

ယွင်ရှန်းသည် ယွင်ယွီထွက်သွားသည်ကို ကြည့်ပြီး စိတ်ပူနေလေသည်။ သူသည် ဘာမှလည်း ကူညီမပေးနိုင်ပေ။ ခေါက်ဆွဲစားပြီးနောက် မြို့ထဲမှ ဘန်းမုန့်ဆိုင်သို့ ပို့ရမည်များကို ပို့လိုက်ပြီး ပြန်လာကာ မားမာယွင်ကို ဂရုစိုက်ရင်း အိမ်စာ လုပ်နေခဲ့လေသည်။

ယွင်ယွီသည် လမ်း၌ ယန်မင်ခမ်းအား ဖုန်းဆက်လိုက်ပြီး သူ(မ)မကြာခင် ရောက်မည်ဖြစ်ကြောင်း လှမ်းပြောလိုက်လေသည်။

“ဆရာမယွင်၊ ကျွန်တော့မှာ ပြောစရာလေးတစ်ခု ရှိလို့ပါ” ယန်မင်ခမ်းသည် ဖုန်းထဲတွင် ခပ်မြန်မြန်ဖြင့် “ အမှတ် (၁) အထက်တန်းကျောင်းက ကလေး၂ယောက် ဆောက်လုပ်ရေးဆိုက်ထဲမှာ တမြန်မနေ့က မတော်တဆမှုဖြစ်သွားတယ်လို့ ကျွန်တော် ဒီမနက်ပဲ ကြားခဲ့ရတယ်။ မြို့တော်က ဒီကိစ္စကို ဖြေရှင်းဖို့ လူလွှတ်ပေးမယ်တဲ့၊ သူတို့ ဒီနေ့ပဲ ရောက်ကြလိမ့်မယ်” ဟု ပြောလေသည်။

ယန်ထျန်းလန်သည် လွန်ခဲ့သော ၂ရက်ကတည်းက သရဲခြောက်ခံနေခဲ့ရလေသည်။ သူ့ခန္ဓာကိုယ်သည် တောင့်မခံနိုင်တော့သဖြင့် ခွင့်ယူထားခဲ့ရလေသည်။ ယန်မင်ခမ်းသည်လည်း သူ့သားကိစ္စ၊ ယွင်ယွီအား ချဥ်းကပ်နေရသည့်ကိစ္စများဖြင့် အလုပ်ရှုပ်နေသဖြင့် သူ့ဆောက်လုပ်ရေးဆိုက်ထဲ၌ ဖြစ်သွားသည့်ကိစ္စများကို မသိခဲ့ပေ။

“ဘော့စ်ယန်၊ စိတ်မပူပါနဲ့။ ကျွန်မနားလည်ပါပြီ။ ကျွန်မတို့ ဆိုက်ထဲကို ရောက်တာနဲ့ ကျွန်မ ဖြေရှင်းပေးပါ့မယ်။ ကျွန်မကို မြို့ထဲက တံတားမှာ လာခေါ်ပေးပါ။ ဆိုက်ထဲကို တစ်ယောက်ထဲ မသွားပါနဲ့”

ယွင်ယွီသည် သူတစ်ယောက်တည်း သွားလိုက်လျှင် တစ်ခုခုဖြစ်သွားမည်ကို စိတ်ပူနေလေသည်။

ယန်မင်ခမ်းသည် သူ(မ)စကားအား နားထောင်လိုက်ပြီး မြို့အစွန်မှ တံတားသို့သွားပြီး ယွင်ယွီအား သွားခေါ်လိုက်လေသည်။

ယွင်ယွီသည် တံတား၌ ခဏစောင့်လိုက်ပြီးနောက် ယန်မင်ခမ်း၏ ကားအား လှမ်းတွေ့လိုက်ရလေသည်။ သူ(မ)သည် နောက်ခန်း၌ ဝင်ထိုင်လိုက်ပြီး စကားတခွန်းမှ မပြောဘဲ သူ(မ)ကျောပိုးအိတ်ထဲမှ အဆောင်အား ထုတ်လိုက်လေသည်။ ထိုအဆောင်အား ခေါက်လိုက်ပြီး ယန်မင်ခမ်းအား ပေးကာ “ ဒါကို သေသေချာချာ ဆောင်ထားပါ။ ခနနေကျရင် နည်းနည်း အန္တရာယ်ရှိနိုင်တယ်”

ယန်မင်ခမ်းသည် တုန်တုန်ယင်ယင်နှင့် လှမ်းယူလိုက်ပြီး သူ့အိတ်ကပ်ထဲသို့ သေသေချာချာ ထည့်ကာ “ ဆရာမ၊ အဆင်ပြေပါ့မလား” ဟုမေးလိုက်လေသည်။

ယွင်ယွီသည် ခေါင်းညိတ်ပြလေသည်။ သူ(မ)‌ကျောပိုးအိတ်အား မွှေနှောက်ရှာပြီးနောက် တစ်စုံတစ်ခုအား တွေ့လိုက်လေသည်။

သူ(မ)ကိုယ်သူ(မ) ကာကွယ်ရန် မည်သည့်ပစ္စည်းမှ မပါချေ၊ တော်တော်လေး သနားစရာ ကောင်းပါဘိ။

သူ(မ)၏ ဟိုဘက်ဘဝ သူ(မ)မင်းသမီးတစ်ပါး ဖြစ်ခဲ့တုန်းက မှော်ပစ္စည်းများ တောင်ပုံရာပုံ ရှိလေသည်။ သူ(မ)တွင် သူ(မ)အား အလွန်ချစ်သော ဆရာတစ်ယောက်ရှိပြီး သူ(မ)အား ပစ္စည်းကောင်းများကို လက်ဆောင်ပေးလေ့ရှိသည်။

သူ(မ) ၁၆နှစ်အရွယ်တွင် ဆရာသည် ဆုံးပါးသွားခဲ့လေသည်။

ယွင်ယွီသည် အရင်ဘဝက ကိစ္စများသည် သူ(မ)အား ဝမ်းနည်းစေသည့်အတွက် တွေးမနေချင်တော့ပေ။

သူ(မ)သည် သူ(မ)ခံစားချက်များအား ထိန်းချုပ်လိုက်လေသည်။ ကားသည် ခပ်မြန်မြန်ပဲ ဆောက်လုပ်ရေးဆိုက်‌ရှေ့သို့ ရောက်သွားလေသည်။

ယွင်ယွီသည် သူ(မ)မျက်လုံးများအား ပိတ်လိုက်ကာ ပြီးမှ ပြန်ဖွင့်လေသည်။ သူ(မ)ရှေ့မှ ဆောက်လုပ်ရေးဆိုက်အား ကြည့်လိုက်သောအခါ ဆိုက်တစ်ခုလုံး မကောင်းသည့်စွမ်းအင်များ ပျံ့နှံ့နေသည်ကို တွေ့လိုက်ရသဖြင့် သူ(မ)အမူအရာ ပြောင်းသွားလေသည်။

သူ(မ)ခန္ဓာကိုယ်ထဲမှ ဝိညာဥ်စွမ်းအင်များ လွယ်လွယ်ကူကူ ကုန်ခမ်းစေသည့်အတွက် သူ(မ)ဘေးပတ်ဝန်းကျင်ရှိ စွမ်းအင်များအား ကြည့်ရန် သူ(မ)၏ အာရုံခံစွမ်းအား အမြဲလိုလို သုံးလေ့မရှိပေ။

ဆောက်လုပ်ရေးဆိုက်အား သူ(မ)လာကြည့်ထားတာ လတစ်ဝက်ရှိပြီဖြစ်ကာ ယခုကဲ့သို့ မကောင်းစွမ်းအင်များ မရှိသေးချေ။ သို့သော် လတစ်ဝက်တည်းနှင့်ပင် ဆောက်လုပ်ရေး ဆိုက်တစ်ခုလုံးသည် မကောင်းစွမ်းအင်များ အပြည့်ဖြစ်သွားလေသည်။ ထိုအရာကို ကြည့်ခြင်းအားဖြင့် ဆိုက်၏နောက်ကွယ်မှအရာ သို့မဟုတ် ဆိုက်ထဲမှ အခြေအနေများ မည်မျှ ဆိုးဝါးနေပြီဖြစ်ကြောင်း သိနိုင်လေသည်။

22 04

ယန်မင်ခမ်းသည်တော့ ထိုအရာအား မမြင်နိုင်သော်လည်း သူ ကားအပြင် ထွက်လိုက်လိုက်ချင်း အနည်းငယ် မည်းမှောင်နေပြီး အေးစိမ့်စိမ့်ဖြစ်နေသည်ကို ခံစားလိုက်ရလေသည်။ သူ လှည့်ကြည့်လိုက်ရာ ယွင်ယွီ၏ ပျက်ယွင်းနေသော မျက်နှာအား မြင်လိုက်ရပေသည်။ သူသည် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် “ ဆရာမ၊ ဘယ်လိုအခြေအနေရှိလဲဗျ” ဟုမေးလိုက်လေသည်။

ယွင်ယွီသည် “ တော်တော်လေး ဆိုးဝါးနေတယ်။ ဒီမှာပဲ နေခဲ့ပါ၊ ဘယ်မှမသွားပါနဲ့။ ကျွန်မ အထဲကို တစ်ချက် သွားကြည့်လိုက်မယ်”

“ကောင်းပါပြီ” ယန်မင်ခမ်းသည် ဘယ်မှ မသွားရဲတော့ပေ။

ယွင်ယွီသည် သူ(မ)ကျောပိုးအိတ်အား ကိုင်လျက် အထဲသို့ ဖြေးဖြေးချင်း လျှောက်သွားလိုက်လေသည်။ သူ(မ)အနောက်ဘက်မှ ကားဘရိတ်အုပ်သံ တစ်သံ ထွက်လာလေသည်။ ထို့နောက် ယောကျ်ားတစ်ယောက်အသံ ကြားလိုက်ရပြန်သည်။ “ ဘာတွေလုပ်နေတာလဲ၊ ကောင်မလေး။ အထဲကို မသွားနဲ့”

ယွင်ယွီ လှည့်ကြည့်လိုက်ရာ ယန်မင်ခမ်းကားနှင့် ကပ်လျက် ကားအနက်တစ်စီး ရပ်ထားသည်ကို တွေ့လိုက်ရသည်။ ကားတံခါး၌ ယောကျ်ား၂ဦးရပ်နေပြီး လူလတ်ပိုင်းအရွယ်ယောကျ်ားသည် ချွေးများကို သုတ်နေပြီး အရပ်ရှည်ရှည်နှင့်လူသည် ပေါ့ပေါ့ပါးပါးဝတ်စားထားလေသည်။ ထိုယောကျ်ားသည် အသက်၂၇နှစ်လောက်ရှိပြီး အသားဖြူကာ မျက်ရစ်တစ်ထပ်သာရှိလေသည်။ သူ့ကျောပေါ်၌ သိုင်းလွယ်အိတ်တစ်လုံး လွယ်ထားပြီး သူ့လက်ထဲ၌ သံလိုက်အိမ်မြှောင်တစ်ခု ကိုင်ထားလေသည်။ သူသည် ယွင်ယွီအား စူးစူးဝါးဝါးကြည့်နေပြီး “ ဘယ်အိမ်က ကောင်မလေးလဲ။ မြန်မြန်လာခဲ့။ အထဲမဝင်နဲ့”

သူ(မ)အား ခေါ်နေသောလူသည် အစောကအော်လိုက်သောလူ ဖြစ်သည်။ သူသည် ပေကျင်း လေယူလေသိမ်း ဖြစ်နေလေသည်။

သူ့လက်ထဲတွင် သံလိုက်အိမ်မြှောင်တစ်ခု ကိုင်ထားသည်ကို ကြည့်ခြင်းအားဖြင့် ယွင်ယွီသည် ထိုလူသည် မြို့တော်မှ ဖုန်းရွှေဆရာတစ်ပါးဖြစ်ကြောင်း ခန့်မှန်းမိလေသည်။

သူ့ဘေးမှ သက်လတ်ပိုင်းအရွယ်ရှိလူသည် နဖူး၌ ဂွမ်လုနန်းတော်အမှတ်တံဆိပ်ရှိပြီး သူ့မေးစေ့သည် ခပ်ဝိုင်းဝိုင်းနှင့် ခပ်ထူထူ ဖြစ်လေသည်။ သူသည် အရာရှိတစ်ဦး ဖြစ်နိုင်ပေသည်။

ယန်မင်ခမ်းသည် သူတို့နှစ်‌ယောက်၏ ပုံစံအား ခန့်မှန်းမိသဖြင့် “ ဟယ်လို၊ မြို့တော်က လွှတ်လိုက်တာလားဗျ။ ကျွန်တော်က ဒီလုပ်ငန်းရဲ့ ဘော့စ်ပါ။ အရှေ့မှာ ရပ်နေတဲ့ တစ်ယောက်ကတော့ ကျွန်တော် ပင့်ဖိတ်လာတဲ့ ဆရာမပါ”

လူငယ်သည် မျက်မှောင်ကြုတ်ကာ “သူ(မ)ဘယ်နှနှစ်လဲ။ ဘယ်ဂိုဏ်းက ဆရာလဲ။ ကျုပ်ကိုယ်ကျုပ်တောင် ဆရာလို့ မခေါ်ဝံ့သေးဘူး။ ကျုပ်ဆရာလို အသက်ကြီးတဲ့လူကိုမှ လေးစားသမှုနဲ့ ဆရာလို့ခေါ်ရတာ”

အရပ်ပုပု ခပ်ဝဝ သက်လတ်ပိုင်းအရွယ်အမျိုးသားသည် နဖူးမှ ချွေးများ သုတ်ရင်း “မစ္စတာစုန့်၊ ကျွန်တော် တစ်ချက်လောက် ကြည့်လိုက်ပါအုံးမယ်”

ပုပုဝဝလူ၏ နာမည်မှာ ရန်ဖုကွေ့ဖြစ်ပြီး ချန်းရွှေမြို့တော်၏ ပြည်ထဲ‌ရေးရုံးမှ လက်ထောက်ဒါရိုက်တာ ဖြစ်သည်။ မြို့တော်သည် ဟယ်ရှန်းမြို့၏ ဗီလာလုပ်ငန်း ပြဿနာကြောင့် အခက်အခဲကြုံနေရလေသည်။ ဒီလိုကိစ္စများကို သိပ္ပံပညာဖြင့် ရှင်းပြ၍မရပေ။ တရုတ်ပြည်၌ မြေရှင်ပဒေသရာဇ်အယူသီးခြင်း၌ ယုံကြည်သက်ဝင်မှုသည် မျက်နှာပြင်ပေါ်တွင် ပုံဖော်ထားသည့် မယုံကြည်မှုများနှင့် မတူချေ။ ယခုကဲ့သို့ ကိစ္စများအား ကိုင်တွယ်ဖြေရှင်းရသည့် အထူးဌာနလျှို့ဝှက်ချက်အား သိပ္ပံပညာဖြင့် ရှင်းပြ၍ မရပေ။ ဟယ်ရှန်းမြို့မှ သတင်းအား မြို့တော်သို့ အစီရင်ခံပြီးနောက် အထူးဌာနမှ အရာရှိများသည် မစ္စတာစုန့်အား ချန်းရွှေမြို့မှ ဖြစ်သည်ဟု တင်ပြကြပြီး သူ့အထက်လူကြီးသည် သူ့အား မစ္စတာစုန့်အား ခေါ်၍ သွားကြည့်ရန် အမိန့်ပေးလေသည်။

မစ္စတာစုန့်သည် ကားထဲ၌ အလွန်တိတ်ဆိတ်ကာ သူ့သံလိုက်အိမ်မြှောင်ဖြင့်သာ ကစားနေခဲ့လေသည်။

သူတို့ရောက်လျှင် တခြားသူများနှင့် တွေ့ရမည်ဟု မထင်ထားပေး။ ရန်ဖုကွေ့သည် မိန်းကလေးငယ်လေးအား ကြည့်လိုက်ရာ သူ(မ)သည် “ လူတစ်ယောက် အရည်အချင်း ရှိမရှိကို အသက်အရွယ်နဲ့ မဆုံးဖြတ်ရဘူး” ခပ်ပြတ်ပြတ် ပြောလာလေသည်။

******

All Chapters