အခန်း ၂၄
Vol. 3 Ch. 24
24 01
အပိုင်း (၂၄)
ယွင်ယွီလည်းပဲ ထိုသေတ္တာသည် ကျိုင်းသစ်ဖြင့် ပြုလုပ်ထားသည်ဆိုတာ သိလေသည်။ ကျိုင်းသစ်တွင် ယင်ဓာတ်များ ကိန်းအောင်းနေပြီး ယင်ဓာတ်အမျိုးမျိုး၊ မိစ္ဆာစွမ်းအင်ရှိ အရာဝတ္ထုများနှင့် အလောင်းကောင်များ သိမ်းဆည်းရန် အသုံးပြုကြသည်။
သူ(မ)သည် အဆောင်စက္ကူဖြင့် ပတ်ထားသော သေတ္တာအား ကိုင်ကြည့်လိုက်သောအခါ စုန့်ချန်းမင်းသည် ထိတ်လန့်နေသော အသံဖြင့် “ မိန်းကလေး၊ ကျုပ်တို့ အပြင်ပြန်ထွက်ကြရအောင်။ ဒီနေရာက ဖြစ်ပေါ်မှုက ကျုပ်တို့ ဖြေရှင်းနိုင်မဲ့ဟာမျိုး မဟုတ်ဘူး.....” သူ့စကားပင် မဆုံးလိုက်ဘဲ ယွင်ယွီသည် တပလ္လင်ခွေ ထိုင်ချလိုက်လေသည်။ တစ်ချက် ဝှေ့ယမ်းလိုက်ပြီး သူ(မ)သည် အဆောင်စက္ကူတချို့အား ထုတ်ကာ ကျိုင်းသစ်သေတ္တာပေါ်သို့ တင်လိုက်ပြီး ဝိညာဥ်စွမ်းအားများကို ထုတ်ကာ ကျိုင်းသစ်သေတ္တာဆီသို့ ပစ်သွင်းလိုက်လေသည်။
စုန့်ချန်းမင်သည် ဝိညာဥ်စွမ်းအင်များအား မမြင်ရသော်လည်း အနည်းငယ်တော့ ခံစားမိလေသည်။ သူသည် ယွင်ယွီအား အလန့်တကြား ကြည့်လိုက်သည်။ “ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလို့ သူ(မ)ရဲ့ ပညာအဆင့်က ဒီလောက် မြင့်နေရတာလဲ” ဟုတွေးနေလေသည်။
သူ(မ)က ဘယ်သူလဲ။
ယွင်ယွီသည် ထိုအရာတွေကို စိတ်မဝင်စားအားပေ။ သူ(မ)ထံသို့ မိစ္ဆာစွမ်းအင်များသည် သွေးရူးသွေးတန်းနှင့် တဟုန်ထိုး ပြေးဝင်လာနေသည်ကို ခံစားမိသဖြင့် ဝိညာဥ်စွမ်းအင်များဖြင့် ခုခံထားရလေသည်။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးလာလေသည်။
စုန့်ချန်းမင်းသည် သူ(မ)အား သွားမနှောင့်ယှက်ရဲပေ။ သူသည်လည်း သူ(မ)အား ကူညီကာကွယ်ပေးရန် ယွင်ယွီဘေးနား၌ တပလ္လင်ခွေ ဝင်ထိုင်လိုက်လေသည်။ ယင်ဓာတ်နှင့် မိစ္ဆာစွမ်းအင်များ အလွန်အားပြင်းနေသဖြင့် မသက်မသာ ခံစားရသော်လည်း သူသည် ဒီမိန်းကလေးငယ်အား ဒီနေရာ၌ တစ်ယောက်ထဲ ထားခဲ့မည် မဟုတ်ပေ။ သူ(မ)အား သူဘာမှ ကူညီမပေးနိုင်သဖြင့် တတ်နိုင်သလောက် သူ(မ)အား မနှောင့်ယှက်မိအောင်သာ နေလေသည်။
ယွင်ယွီ၏ နဖူးမှ ချွေးများသည် သူ(မ)မျက်တောင်ရှည်ရှည်များကို ဖြတ်ကာ ပါးပေါ်သို့ ကျနေလေသည်။
စုန့်ချန်းမင်းသည်လည်း တဖြည်းဖြည်း ပိုပို၍ စိတ်ပူလာလေသည်။ ဒီဖြစ်ပေါ်မှုအား ဖျက်ဆီးရာတွင် ဝိညာဥ်စွမ်းအင်များ ကုန်ခမ်းသွားမည်ကို အကြောက်ဆုံး ဖြစ်သည်။ နတ်ဆိုး၇ကောင်ဖြစ်ပေါ်မှု ဗဟိုချက်အား မဖျက်ဆီးနိုင်လျှင် သူ(မ) ကြုံတွေ့ရမည့်အကျိုးဆက်သည် သူ(မ)အား သေစေနိုင်သည်အထိ ပြင်းထန်ပေမည်။
ကံကောင်းထောက်မစွာဖြင့် နောက်ထပ်၁၀မိနစ်အကြာတွင် ကျိုင်းသစ်သေတ္တာပေါ်တွင် ပတ်ထားသော အဆောင်စက္ကူသည် ဘန်းခနဲပေါက်ကွဲသွားပြီး အမှုန်များ ဖြစ်သွားလေသည်။ ပတ်ပတ်လည်ရှိ မိစ္ဆာစွမ်းအင်များသည် ချက်ချင်း လွင့်ပျောက်သွားလေသည်။ ယွင်ယွီသည် မျက်လုံး ဖွင့်ကြည့်လိုက်ပြီး သူ(မ)၏ ဝိညာဥ်စွမ်းအင်များကို ပြန်ရုတ်သိမ်း လိုက်လေသည်။ သူ(မ)သည် တွင်းထဲမှ သေတ္တာအား တစ်ချက် ကြည့်လိုက်ပြီး စုန့်ချန်းမင်အား မော့ကြည့်လိုက်လေသည်။
စုန့်ချန်းမင်သည် စစချင်းတွင် နားမလည်သော်လည်း ၂စက္ကန့် ၃စက္ကန့်အကြာတွင် ယွင်ယွီ ဘာဆိုလိုချင်သည်ကို သဘောပေါက်သွားလေသည်။ သူသည် မယုံနိုင်သည့်ပုံ ဖြစ်နေလေသည်။ သူ(မ)၏ နှုတ်ခမ်းတွင် သွေးရောင်တစ်စက်မှ မရှိတော့သော ဖြူဖျော့နေသည့် မျက်နှာကို ကြည့်၍ ထိုသေတ္တာအား မထုတ်ဝံ့ပေ။ သူသည် မဝံ့မရဲဖြင့် ထိုကျိုင်းသစ်သေတ္တာအား မ,လိုက်လေသည်။ ထိုသေတ္တာမှ ထွက်လာသော အပုပ်နံ့သည် သူ့အား မူးမေ့မတတ် ဖြစ်သွားစေသည်။
သူတို့၂ဦးလုံးသည် ပညာရပ် လမ်းကြောင်းတူသူများ ဖြစ်သည့်အတွက် ထိုအနံသည် အလောင်းကောင်မှ အနံ့ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိလေသည်။
လွယ်လွယ်ကူကူဖြင့် ထိုသေတ္တာသည် ပွင့်မည် မဟုတ်ပေ။
သို့သော် သေတ္တာအရွယ်အစားအား ကြည့်ခြင်းအားဖြင့် အထဲတွင် ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်လေသည်။
စုန့်ချန်းမင်သည် ပျို့တက်ချင်နေသည်ကို မနည်းထိန်းထားရကာ ယွင်ယွီသည် သူ(မ)ကျောပိုးအိတ်ထဲမှ စမ်းရေပုလင်းအား ထုတ်လိုက်လေသည်။ သူ(မ)သည် အဖုံးဖွင့်၍ နှစ်ငုံလောက် သောက်လိုက်ပြီး အိတ်ထဲသို့ ပြန်ထည့်ထားလိုက်လေသည်။ စုန့်ချန်းမင်သည် အောက်နှုတ်ခမ်းအား သပ်လိုက်လေသည်။ သူသည် ရေဆာနေသော်လည်း တောင်ပေါ်သို့ ရေယူလာရန် မေ့သွားခဲ့လေသည်။
ယွင်ယွီသည် ညင်ညင်သာသာဖြင့် “ဒီရေက ရှင့်ကို ပေးလို့မရဘူး။ ဖျက်ဆီးပစ်ဖို့ ဖြစ်ပေါ်မှုက နောက်ထပ် ၆ခုတောင် ကျန်သေးတာဆိုတော့ ကျွန်မ ရေများများ သောက်ရမှာ” အမှန်တကယ်တော့ ထိုရေပုလင်းသည် ဝိညာဥ်စိမ့်စမ်းရေများ ထည့်ထားခြင်း ဖြစ်သည်။ ထိုရေထဲတွင် ပါဝင်သော ဝိညာဥ်စွမ်းအင်များသည် အလွန်အားပြင်းပြီး သူ ထိုအရာကို သတိထားမိသွားမည်ဆိုးသဖြင့် သူ(မ)သည် သူ့အား ထိုရေ မသောက်ခိုင်းရဲပေ။
စုန့်ချန်းမင်သည် “ကျုပ် သိပါတယ်။ ကျုပ် သိပါတယ်”
သူ(မ)ခန္ဓာကိုယ်ထဲမှ ဝိညာဥ်စွမ်းအင်များ ပြန်လည်ဖြည့်တင်းရန် ယွင်ယွီသည် ကျောက်စိမ်းပြားတစ်ပြားကို ထုတ်ကာ သူ(မ)လက်ချောင်းအား ဖောက်လိုက်လေသည်။ ထွက်လာသော သွေးများဖြင့် ဝိညာဥ်စွမ်းအင်အနည်းငယ်ကို အသက်သွင်းကာ အဆောင်စက္ကူတစ်ချပ် ရေးလိုက်လေသည်။
တစ်ကြိမ်တည်းသာ ဆွဲရသော်လည်း အားအတော်သုံးရလေသည်။
24 02
အဆာင်စက္ကူချပ်သည် ပြီးမြောက်သွားသည်နှင့် ရွှေရောင်လင်းလေသည်။
အိုးမိုင်ဂေါ့.....
စုန့်ချန်းမင်းသည် ရုတ်တရက် သူ့လည်ချောင်းမှ ထွက်လာသော အာမေဍိတ်သံအား အမြန်ထိန်းလိုက်ရလေသည်။ ထိုကဲ့သို့ အဆောင်မျိုးအား သူ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ ပုံစံနှစ်မျိုးရှိအဆောင် (ပင်ကိုအမျိုးအစားနှင့် ကျင့်ယူထားသောအမျိုးအစား)
သူ၏ဆရာ သူတို့အား အဆောင်ရေးဖွဲ့နည်း သင်ပေးတုန်းက အမွှေ့နံ့သာတိုင်များ ထွန်းခြင်း၊ ဂါထာမန္တန်များ ရွတ်ဖတ်ခြင်းနှင့် တည်ငြိမ်အေးချမ်းသော ကိုယ်နှင့်စိတ်ရှိခြင်းဟူသော နည်းအဆင့်ဆင့်များကို ကျင့်သုံးခဲ့ရလေသည်။ ထို့အပြင် အရေးကြီးဆုံးအချက်မှာ ဖြူစင်သောစိတ်နှလုံးထားရှိရန် ဖြစ်သည်။
ထိုအချက်များအားလုံး ပြည့်စုံနေလျှင်တောင်မှ ရေးဖွဲ့သော အဆောင်တိုင်း အောင်မြင်မည် မဟုတ်ပေ။ သူတို့၏ စည်းကမ်းချက်များအား လိုက်နာနိုင်သော ပညာသင်သား တစ်ယောက်ဆိုလျှင်တော့ ၁၀ကြိမ်ကြိုးစားလျှင် ၁ကြိမ် ၂ကြိမ်အောင်မြင်ရန် မခက်ခဲချေ။
ယွင်ယွီသည် အခုလေးတင် ဒီနေရာ၌ ရေးဖွဲ့ထားသည့် ကျုလင်အဆောင်( ဝိညာဥ်စွမ်းအင်များ စုစည်းထားသောအဆောင်)ကို မြေမြှုပ် လိုက်လေသည်။
———————————————————————————————————————
မိုင်ထောင်ချီအဝေးရှိ စည်ကားလှသော အင်ပါယာမြို့တော်ကြီးတွင် မြို့လယ်ခေါင်၌ ခမ်းနားထည်ဝါလှသော အဆောက်အအုံကြီးတစ်ခု ရှိလေသည်။ ထိုအဆောက်အအုံ၏ အပေါ်ဆုံးထပ်၌ ကြမ်းပြင်မှ မျက်နှာကျက်အထိ မြင့်သော တောက်ပြောင်လှသည့် ပြတင်းပေါက်ကြီးများနှင့် အခန်းကျယ်ကြီးတစ်ခန်း ရှိလေသည်။ ထိုအခန်းထဲတွင် အလုပ်လုပ်ရန်နှင့် အနားယူရန် နေရာတစ်ခု ရှိလေသည်။
အခန်းထဲ၌ တပလ္လင်ခွေထိုင်နေသော အသက်ခပ်ကြီးကြီး လူတစ်ယောက်သည် ခပ်ဖြေးဖြေး မျက်လုံးဖွင့်လာပြီး အထင်သေးဟန်ဖြင့် “ တစ်ယောက်ယောက်က ငါ ဖန်တီးထားတဲ့ ဖြစ်ပေါ်မှုကို ဖျက်ဆီးရဲတယ်ပေါ့”
သူ၏ ဘေးဘက်ရှိ စားပွဲ၌ ထိုင်နေသော လူရွယ်သည် ထလာပြီး သူ့ဆီသို့ လျှောက်လာလေသည်။ ထိုလူရွယ်သည် မျက်ဝန်းသွယ်သွယ် မျက်ခုံးထူထူနှင့် အရပ်ရှည်ရှည် ခပ်ချောချော လူတစ်ဦးဖြစ်သည်။ နဖူးပေါ်၌ ဆံပင်များ ဝဲကျနေပြီး အနည်းငယ် မိန်းမဆန်သည့်ပုံစံမျိုး ဖြစ်သည်။ ကိုယ်တိုင်းနှင့် တိုင်း၍ ချုပ်ထားသော အနက်ရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူသည် ထိုလူကြီးဆီသို့ လျှောက်လာပြီး အနည်းငယ် စောင်းငဲ့ကာ “ သခင်ကြီး၊ သွားကြည့်ဖို့ တစ်ယောက်ယောက်ကို လွှတ်ချင်လား”
လူကြီးသည် လက်ထောင် ပြလိုက်ပြီး “ မလိုဘူး။ ဒီကမ္ဘာပေါ်မှာ ငါ့ကိုယှဥ်ပြီး နတ်ဆိုး၇ကောင်ဖျက်ဆီးခြင်း ဖြစ်ပေါ်မှုကို ဖျက်ဆီးပစ်နိုင်တဲ့ ပညာရှင်၇ယောက်ရှိတယ်ဆိုတာ ငါ မယုံဘူး။ ဖြစ်ပေါ်မှုရဲ့ ဗဟိုချက်တစ်ခုတည်းကို ဖျက်ဆီးရင် ဖြစ်ပေါ်မှုက အတင်းအဓမ္မ ပျက်စီးလာတော့မှာ။ သူတို့သာ ကျန်တဲ့ ဗဟိုချက်တွေကို မဖျက်ဆီးနိုင်ရင် သူတို့ သေမှာပဲ။ နောက်ပြီးတော့ အရင်ရက်က ကွေ့ယွမ်ဂိုဏ်းက လူအိုကြီးတွေနဲ့ ငါ တိုက်ခိုက်လိုက်တာက င့ါရဲ့ အင်အားတွေကို ထိခိုက်ကုန်တယ်။ ဒါ့ကြောင့် ငါလှုပ်ရှားဖို့ သိပ်မလွယ်ဘူး”
လူရွယ်သည် လေပြေအေးအေးဖြင့် “သခင်ကြီး၊ လုံဖုန်းကျွင်းရဲ့ဝိညာဥ်ကို ဖြန့်ထားပြီးပြီလား”
လူကြီးသည် သီချင်းညည်းရင်း “ လတစ်ဝက်လောက်တောင် ကြာပေါ့။ အဲဒီအဖိုးကြီးရဲ့ ဝိညာဥ်ကို ဘာမှမကျန်တော့တဲ့အထိ သန့်စင်ပစ်လိုက်တာလေ”
လူရွယ်သည် “ ကောင်းလိုက်တာ။ လုံမိသားစုသာ သက်သေတစ်ခုခု တွေ့သွားရင် ကမ္ဘာကြီးကို ဇောက်ထိုးပစ်လောက်တယ်”
———————————————————————————————————————
ပထမဆုံးဗဟိုချက်နှင့် ရင်ဆိုင်ပြီးနောက် သူ(မ)သည် ထျန်းရွှမ်းတည်ဆောက်မှုဆီသို့ ဆက်သွားလေသည်။ ထိုတစ်ခုကိုလည်း အရင်နည်းအတိုင်း ဝိညာဥ်စွမ်းအင်ကို သုံး၍ ဖြစ်ပေါ်မှုဗဟိုချက်အား ဖျက်ဆီးပစ်လိုက်ပြီး ကျိုင်းသစ်သေတ္တာကို ထုတ်ယူလေသည်။ ထို့နောက် ကျောက်စိမ်းပြားဖြင် သွေးဖောက်ထုတ်ပြီး အဆောင်ချပ်ဆွဲကာ နှစ်မြှုပ်ပစ်လိုက်ပြန်သည်။ ရေအနည်းငယ် ထုတ်သောက်လိုက်ပြီး နောက်ထပ်တစ်ခုဆီသို့ ထပ်သွားလေသည်။
ဖြစ်ပေါ်မှုဗဟိုချက်၁ခုအား ရင်ဆိုင်ရန် သူ(မ)အတွက် အနည်းဆုံး အချိန်၂နာရီသာ ကြာလေသည်။
ကောင်းကင်ကြီးသည် တဖြေးဖြေး နက်မှောင်လာလေသည်။ ဆိုက်အပြင်ဘက်တွင် စောင့်နေသော ယန်မင်ခမ်းနှင့် ရန်ဖုကွေ့သည် ပိုဖြူဖျော့လာလေလေ ဖြစ်သည်။ သူတို့သည် သူ(မ)တို့၂ဦးရှိနေသော တောင်ပေါ်သို့ လိုက်မတက်ရဲကြပေ။ လိုက်ဝင်သွားခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးခြင်းဖြစ်ပြီး ဒုက္ခရောက်သွားနိုင်သဖြင့် စောင့်ရုံသာ စောင့်နေကြရလေသည်။
ရန်ဖုကွေ့သည် ယန်မင်ခမ်းအား တစ်ချက်လှမ်းကြည့်လိုက်ပြီး နဖူးမှ ချွေးများကို သုတ်ကာ ကရုဏာသက်သော အသံဖြင့် “ခင်ဗျား ဒုက္ခတော်တော် ရောက်နေတာပဲ”
24 03
သူတို့သည် ဒီအခြေအနေအား အရင်ကတည်းက စုံစမ်းနေကြခြင်း ဖြစ်သည်။ ယန်မင်ခမ်းသည် ရိုးသားသော စီးပွားရေးသမားတစ်ဦးဖြစ်ပြီး မကောင်းသော လုပ်ရပ်များသာမက ပြစ်မှုများလည်း ကျူးလွန်ခြင်းမရှိသူ ဖြစ်သည်။ ယခုကိစ္စသည် သူကံညံ့နေသောကြောင့်ဖြစ်ခြင်း သို့မဟုတ် တစ်စုံတစ်ယောက်မှ သူ့အား သဘောမကျသောကြောင့် လုပ်ခြင်းဖြစ်နိုင်သည်။ သို့သော် ယန်မင်ခမ်းအား သဘောမကျရုံဖြင့် ယခုကဲ့သို့ ကြီးမားသောကိစ္စအား လုပ်ရန် အရည်အချင်းမရှိနိုင်ဟု သူ ထင်လေသည်။
ယန်မင်ခမ်းသည် တခြမ်စောင်းအပြုံးဖြင့် “သေချာပေါက်ပေါ့ဗျာ” ဆရာမယွင် ဆောက်လုပ်ရေးဆိုက်ရဲ့ ဒီပြဿနာက ဖြေရှင်းပေးနိုင်လို့ ဗီလာဆောက်ခဲ့ရင်တောင် ဘယ်သူကများ ဒါကို ဝယ်ချင်ပါ့မလဲ။ ဒါပေမဲ့ ဗီလာသာ မဆောက်နိုင်ဘူးဆိုရင်တော့ သူ ရင်းနှီးထားတဲ့ ငွေတွေကို ဆုံးရှုံးလိုက်ရမှာပဲ။ ဒီမြေသာ ဖျက်သိမ်းခံလိုက်ရရင် သူ ဆုံးရှုံးနစ်နာမှု များစွား ကြုံရပေမည်။
သူသည် ဆံပင်များ ကျွတ်ကုန်တဲ့အထိ အလွန်စိတ်သောက ရောက်နေလေသည်။
ရန်ဖုကွေ့သည်လည်း ချွေးပျံနေဆဲဖြစ်ပြီး “ဆရာတို့၂ယောက် ဘာြဖစ်နေပြီလဲ။ တော်တော်လေး မှောင်နေပြီ။ သူတို့ အဆင်ပြေလောက်တယ်မလား” မစ္စတာစုန့်ကဲ့သို့ ဆရာတစ်ယောက်ပင် ယခုကိစ္စအား မဖြေရှင်းနိုင်လျှင် ထိုကိစ္စသည် အတော်လေး ပြင်းထန်သွားမည်ကို သူ စိုးရိမ်နေလေသည်။
ယန်မင်ခမ်းသည် ဆောက်လုပ်ရေးဆိုက်အား လှမ်းကြည့်လိုက်ပြီး သွားစေ့ပြကာ “ကျွန်တော်တို့ လုပ်နိုင်တာ စောင့်တာပဲရှိတယ်” ယခုကဲ့သို့ ကိစ္စမျိုးသည် ဘေးဒုက္ခဖြစ်စေနိုင်သည့်အတွက် ရဲခေါ်ပြီး အကူအညီ တောင်းရန် မဖြစ်နိုင်ပေ။
သူတို့သည် ဒီအခြေအနေအား ဆက်ကြည့်မနေနိုင်တော့ဘဲ အထက်အား လှမ်းတင်ပြကြလေသည်။ ရန်ဖုကွေ့သည် မြို့ထဲအား ဖုန်းဆက် လှမ်းပြောလိုက်သော်လည်း ခေါင်းဆောင်များသည် သူတို့လည်း မစွမ်းသာသဖြင့် သူတို့၏ အထက်လူကြီးများကို ပြန်တင်ပြရလေသည်။ အင်ပါယာမြို့တော်မှလူများ ထိုအစီရင်ခံစာကို သိရှိသွားပြီးနောက် သူတို့သည် ထိုကိစ္စအား ပိုမိုအာရုံစိုက်လာကြပြီး စစ်ဆေးရန် လူတချို့ပို့ပေးဖို့ စီစဥ်ကြလေသည်။ တာဝန်ပေးခံရသော လူများသည် စုန့်ချန်းမင်မှာ ကွေ့ယွမ်ဂိုဏ်းမှ ထန်လောင်၏ ပညာသင်တပည့်ဖြစ်သည်ကို သတိရသွားကြပြီး ထန်လောင်အား အသိပေးကြရလေသည်။
ဒီကိစ္စအား ကြားလိုက်ရပြီးနောက် ဂိုဏ်းခေါင်းဆောင်ထန်သည် သူ၏တပည့်အငယ်ဆုံးအား ဖုန်းလှမ်းခေါ်ကြည့်ရာ လိုင်းမမိချေ။ ထန်လောင်သည် သူ့အငယ်ဆုံးတပည့်လေး မတော်တဆမှု ဖြစ်နေမည်ကို စိတ်ပူသွားပြီး ချက်ချင်းပင် လိုက်သွားရန် လေယာဥ်လက်မှတ် ဖြတ်လေသည်။
သူ၏ အကြီးဆုံးတပည့် လီကျိုးသည် သူ့အား တားလိုက်ပြီး “ သခင်ကြီး၊ သခင်ကြီးက ဟိုမိစ္ဆာအိုကြီးနဲ့ တိုက်ခိုက်ထားရတာပါ။ သခင်ကြီးရဲ့ အင်အားတွေ ထိခိုက်ထားပါတယ်။ သခင်ကြီးရဲ့ ဒဏ်ရာကို ကုစားဖို့ အင်ပါယာမြို့တော်မှာပဲ နေတာ အကောင်းဆုံးပါ။ ချန်းမင်အခြေအနေကို သိရဖို့ ကျွန်တော်ပဲ သွားလိုက်ပါ့မယ်”
ထန်လောင်သည် အသက်၆၀ကျော် ၇၀ရှိပြီဖြစ်သည်။ သူ၏ဆံပင်များသည် အတော်လေးဖြူနေပြီး သူနှင့်ရွယ်တူများလောက်တော့ အရေးအကြောင်းများ တွန့်မနေသေးချေ။ သူ၏ အသားအရေသည် နီမြန်းနေသေးသော်လည်း နှုတ်ခမ်းများသည်တော့ အနည်းငယ် ပြာနှမ်းနေလေပြီ။
သူ့တွင် သားသမီးမရှိဘဲ သူ့နာမည်အောက်ရှိ တပည့်၃ယောက်သည် သူ ကောက်ယူမွေးစားထားသော မိဘမဲ့ကလေးများသာဖြစ်သည်။
တပည့်အကြီးဆုံး လီကျိုး၏ စကားကိုကြားလျှင် ထန်လောင်သည် မငြင်းသာတော့ဘဲ “ မှော်လက်နက် ၂ခုထက်ပိုပြီး ယူသွား။ ချန်းမင်က စိတ်ထားဖြူစင်ပြီး နည်းနည်းတော့ စိတ်လုပ်မာန်ပါ လုပ်တတ်တယ်၊ ပြီးတော့ အဲ့နေရာက အခြေအနေတွေကလည်း မရိုးရှင်းဘူး။ သူ နောက်မဆုတ်ဘဲ အတင်းဝင်လုံးနေမှာကို ငါ ကြောက်တာ”
လီကျိုးသည် ခေါင်းညိတ်ပြလိုက်ရာ ထန်လောင်သည် “ လိုက်မဲ့လူ၂ယောက် ရှိတယ်လို့ အထူးဌာနကပြောတယ်။ ပြီးရင် မင်းတို့နဲ့ လေဆိပ်ကျမှ ဆုံမယ်တဲ့”
ထိုလိုက်မည့်လူများသည် အထူးဌာန သို့မဟုတ် အထူးတပ်ဖွဲ့မှ ဖြစ်မည်ဖြစ်ကြောင်း လီကျိုးသည် နားလည်လိုက်လေသည်။
သာမန်လူများသာ ယခုကဲ့သို့ ကိစ္စများတွင် ပါဝင်ပတ်သက်ကြလေသည်။
———————————————————————————————————————-
အင်ပါယာမြို့တော်ရှိ ကျုံဟိုက်ထင်အဖွဲ့အစည်း၏ ဗီလာ ဒုတိယထပ်၌၊
ချင်ယွီစွေသည် ရေချိုးခန်းထဲမှ အဝတ်ဗလာဖြင့် ထွက်လာလေသည်။ သူသည် ဆံပင်ဘိုကေ အရပ်ရှည်ရှည် လက်မောင်းသွယ်သွယ် ခါးသေးသေးနှင့်ဖြစ်သည်။ သူ့ရင်ဘတ်နှင့် နောက်ကျောတွင် ဒဏ်ရာဒဏ်ချက်ဟောင်းများ ရှိပြီး ရင်ဘတ်ပေါ်တွင် အနာမကျက်သေးသော သေနတ်ဒဏ်ရာ တစ်ချက်လည်း ရှိနေပြန်သည်။ ရေစက်များသည် ကြမ်းပြင်ပေါ်သို့ တစက်စက် စီးကျနေကာ သူသည် ဆိုဖာပေါ်မှ ဘောင်းဘီအား ကောက်ယူပြီး ဝတ်လိုက်လေသည်။ စားပွဲဝိုင်းနားသို့ လျှောက်သွားလိုက်ပြီး ချိပ်ပိတ်ထားသော စာအိတ်ကို ကောက်ကိုင်လိုက်လေသည်။ အထဲမှ စာအား ဖွင့်ဖတ်ရန် စာအိတ်အား ဖြဲပစ်လိုက်သည်။ အပေါ်ဆုံး၌ ရိုးရိုးတီရှပ်တစ်ထည်နှင့် ဂျင်းဘောင်းဘီကို ဝတ်၍ ပီပီပြင်ပြင်ပြုံးနေသော မိန်းကလေးပုံတစ်ပုံ ဖြစ်လေသည်။
24 04
သူသည် ထိုမိန်းကလေးအား ၂စက္ကန့်လောက် စိုက်ကြည့်လိုက်ပြီးနောက် အောက်ခြေရှိ နာမည်အား လှမ်းကြည့်လိုက်ရာ “ယွင်ယွီ” ဖြစ်လေသည်။
အင်ပါယာသတင်းအချက်အလက်တက္ကသိုလ်မှ စီနီယာကျောင်းသူတစ်ဦး ဖြစ်သည်။ သူ(မ)သည် ချန်းရွှေမြို့တော်၊ ဟယ်ရှန်းမြို့၊ ချင်ဟဲရွာသူတစ်ဦးဖြစ်သည်။
ချင်ယွီစွေသည် လွန်ခဲ့သောတစ်လကျော်က အသင်းတိုက်တွင် ဖြစ်ခဲ့သော ကိစ္စတစ်ခုကို သတိရသွားလေသည်။
ထိုအချိန်တုန်းက သူသည် မစ်ရှင်တစ်ခုမှ ပြန်လာချိန်တွင် သူငယ်ချင်းတစ်ယောက်သည် ကလပ်တစ်ခုသို့ သွားသောက်ရန် သူ့အား အဖော်ခေါ်လေသည်။ ထိုနေ့က သူသည် သွေးများ တရိပ်ရိပ် ထိုးတက်လာပြီး ထိန်း၍ မရဖြစ်သွားလေသည်။ ထိုအခြေအနေမျိုးသည် လွန်ခဲ့သည့် နှစ်အနည်းငယ်ကလည်း ဖြစ်သွားခဲ့လေသည်။ ထိုကဲ့သို့ ရောဂါထဖောက်ခြင်းသည် တစ်နှစ်မှ နှစ်ဝက်အတွင်း ထထဖြစ်လေ့ရှိသည်။ ရောဂါ ထဖောက်ပြီးနောက် စိတ်ငြိမ်သွားချိန်တွင် သူ့ဘေးပတ်လည်သည် မုန်တိုင်းပြင်းပြင်း တိုက်ခတ်ပြီးသွားသကဲ့သို့ ဂယက်ထကာ ချာချာလည်နေလေ့ရှိသည်။ မစ်ရှစ်တစ်ခုအတွင်းတွင်လည်း သူ ထိုကဲ့သို့ ရောဂါ ထဖောက်ဖူးလေသည်။ ရန်သူ့ဘက်မှ လူများသည် သူ့လက်ချက်ဖြင့် ပြင်းပြင်းထန်ထန်ဒဏ်ရာရပြီး သေဆုံးသွားကြလေသည်။ သူ့အသင်းဖော်များသည် သူ့အား ဝိုင်းတားကြသော်လည်း ဒဏ်ရာရသူများစွာ ရှိသွားလေသည်။
တရုတ်ပြည်သို့ ပြန်ရောက်လာပြီးနောက် ကျန်းမာရေးစစ်ဆေးရန် ဆေးရုံသို့ သွားခဲ့ပြီး သူ့ခန္ဓာကိုယ်တွင် ဘာအမှားမှ ရှိမနေသည်ကို တွေ့ရလေသည်။
ကလပ်၌ သူသည် ထိန်းမရဖြစ်ပြီး တခြားသူများ ထိခိုက်အောင် လုပ်မိမည်ဆိုးသဖြင့် အခန်းတစ်ခန်း ယူလိုက်ပြီး အပေါ်ထပ်သို့ တက်သွားလိုက်ရလေသည်။ သူအခန်းထဲသို့ ဝင်လိုက်လိုက်ချင်း သင်းပျံ့ပျံ့ နူးညံ့ညံ့ ခန္ဓာကိုယ်တစ်ခုသည် အထဲသို့ တွန်းဝင်လာပြီး သူ့ပေါ်သို့ လဲကျလာလေသည်။
ထိုခန္ဓာကိုယ်သည် ချော်ရည်ပူကဲ့သို့ ပူပြင်းနေလေသည်။ သူ(မ)သည် ခြေဖျားထောက်ရပ်နေပြီး သူ့လည်ပင်း၌ လက်များ ချိတ်ထားလေသည်။
သူ့အလုပ်အကိုင်ကြောင့် သူ့တွင် ယခုကဲ့သို့ အခြေအနေမျိုးများစွာနှင့် ပတ်သက်ပြီး လေ့ကျင့်မှုများစွာ ကြုံဖူးလေသည်။ သူ ဆေးမိနေလျှင်တောင် ဘာစိတ်ခံစားချက်မှ မဖြစ်ပေါ်ဘဲ ထိန်းချုပ်ထားနိုင်လေသည်။
ဒီလူအား တွန်းထုတ်ပစ်လိုက်မည်ဟု တွေးလိုက်သော်လည်း သူ(မ)ခန္ဓာကိုယ်သည် နုဖတ်လွန်းနေကာ မွှေးကြိုင်လှလေသည်။ ရေမွှေးနံ့မဟုတ်ဘဲ အလွန်သိမ်မွေ့နူးညံ့သည်ထက်ပိုကာ သဘာဝအနံ့ခပ်သင်းသင်း ဖြစ်လေသည်။
သူ(မ)၏ နူးညံ့မှုသည် သူ့အပေါ်တွင် ဖိကပ်နေရုံသာမက သူ(မ)နှုတ်ခမ်းများသည်လည်း သူ့နှုတ်ခမ်းအပေါ်၌ ဖိကပ်ထားလေသည်။
သူ့နှလုံးသားမှ ကသိကအောက်ဖြစ်ပြီး မသက်မသာဖြစ်သော ခံစားချက်များသည် ထွက်ပေါ်လာပြီး ထိန်းမရသိမ်းမရ ဖြစ်လာလေသည်။ သူသည် ထိုလူအား သူ့အောက်၌ ဖိထားလိုက်လေသည်။
အကြင်နာများ ပြည့်သော ညတစ်ည ဖြစ်ခဲ့လေသည်။
နောက်ရက်တွင် သူ့၌ မစ်ရှင်တစ်ခုရှိ၍ ထွက်သွားရလေသည်။ သူ့ရည်ရွယ်ချက်အား ဖော်ထုတ်ပြရန် သူ့နာမည်နှင့် ဖုန်းနံပါတ်အား ချန်ထားပေးခဲ့လေသည်။
သူငယ်ချင်းတစ်ယောက်အားလည်း အကူအညီ တောင်းလိုက်ပြီး သူ(မ)အကြောင်းအား စုံစမ်းခိုင်းထားလေသည်။ တစ်လကျော်ကျော် ကြာပြီးနောက် မစ်ရှင်ပြီး၍ ပြန်ရောက်လောသောအခါ သူ(မ)နာမည်အား သိခဲ့ရလေသည်။
“ယွင်ယွီ”
******