အခန်း ၃၂
Vol. 4 Ch. 32
အပိုင်း (၃၂)
အဖွားစွန်းက ကျောက်ကျင်းဟွာကို မြင်လိုက်တော့ သူမရဲ့ မျက်နှာက ဖူးရောင် ပြာနှမ်းနေပြီး တစ်ကိုယ်လုံးလည်း သွေးသံတရဲရဲဖြစ်နေတယ်။ သူမ မှတ်မိသလောက်ဆို လွန်ခဲ့တဲ့နှစ်ရက်လောက်က ကောက်ရိတ်ချိန်မှာ ဂျုံပင်တွေ ခွဲဝေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ယွင်ယွီနဲ့ ပြဿနာ တက်ကြတယ်လေ။ ပြီးလည်းပြီးရော ကျောက်ကျင်းဟွာက ဒေါသတကြီးနဲ့ ယွင်ယွီကို အော်ပါလေရော။ အဖွားစွန်း မှတ်မိသလောက်ဆို ယွင်ယွီက ထူးဆန်းတာ တစ်ခုခုရွတ်လိုက်တာကို မနီးမဝေးမှာရပ်နေတဲ့ သူမက ကြားတယ်လေ။
ပြီးတော့ ကျောက်ကျင်းဟွာက မြို့တက်ပြီး အသီးအနှံတွေ ရောင်းတာဆိုတော့ အရေအသွေးမမှီလို့ ပြဿနာတက်ပြီး အရိုက်ခံရတာလား။ ကျိန်စာတိုက်ခံရတာလား။ အဖွားစွန်းက သူ့မြေးကို ကိုင်ထားရင်း တုန်လာတော့တယ်။ ယွင်ယွီက မြို့တော်ကို စာသွားသင်တာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဒီလို သဘာဝလွန်ပညာတွေ တတ်လာတာလဲ။ အရင်က အဖိုးကြီးဟူထက်တောင် စွမ်းလာသေးတယ်ာ အဖိုးကြီးဟူက မျက်နှာဖတ်တာလောက်တတ်တာ။ အခုယွင်ယွီက တကယ်စွမ်းနေတာ။
ကံကောင်းလို့ သူမတို့မိသားစုက ယွင်ယွီတို့နဲ့ ဘာပြဿနာမှ မရှိတာ။ သူမက အလောတကြီးနဲ့ပဲ ကလေးကို အရေးပေါ်ခန်းထဲ ဆွဲသွင်းသွားတော့တယ်။ ဆရာဝန် စစ်ဆေးနေတဲ့အချိန် ရွှီရှောင်ဖင်းက ဆက်ငိုနေသေးတယ်။ အဖွားစွန်းရဲ့ သမက်ဆေးရုံကို ရောက်လာတော့ အမေရွှီက သူမသားက ရေညှိတွေ ပေပွနေတာကိုမြင်တော့ ငိုရင်း သူမအမေကို မေးခွန်းထုတ်တော့တယ်။ “ရှောင်ဖင်းက ဘယ်လိုဖြစ်ရတာလဲ အမေ အမေ သူ့ကို မထိန်းချင်ရင်လည်း မူကြို ပို့ထားလို့ရတယ်လေ။ မူကြိုပိူ့ဖို့ ပိုက်ဆံလည်း သမီးတို့ပဲ ပေးမှာပါ။ အခုတော့ အမေ ဘာတွေလုပ်နေလို့ ရှောင်ဖင်းလေးက ရေကန်ထဲ ကျသွားရတာလဲ”
အဖေရွှီက ဘာမှမပြောပေမဲ့ သူ့စိတ်ထဲမှာတော့ အပြစ်တင်နေမိတယ်။ အဖွားစွန်းကလည်း ဘာမှမပြောရဲနေဘူး။ တကယ်ဆို လယ်ထဲသွားသွား ဘယ်သွားသွား ကလေးကို ခေါ်သွားရမဲ့ဟာကို ဂရုမစိုက်ပဲ လျောက်ပြေးခွင့် ပြုထားတာကိုး။ ဆရာဝန်က စမ်းသပ်ပြီးသွားတော့
“ကံကောင်းတယ်။ ကလေးက ရေနှစ်တာကြောင့် ဘာနောက်ဆက်တွဲ ထိခိုက်မှုမှ ရှိမနေဘူး။ တကယ်လို့ တစ်ခုခု ဖြစ်လာရင်တော့ ပြန်လာပြပေးပါ”
အမေရွှီက ဝမ်းပန်းတနည်းနဲ့ “ဒါဆို ဆရာ ဘာလို့ကလေးက ငိုနေသေးတာလဲဟင်”
ဆရာဝန်က “ကလေးက ငယ်လည်းငယ်သေးပြီး ရေနှစ်ထားတာဆိုတော့ အလန့်မပြေသေးလို့ နေမှာပါ။ အကောင်းဆုံးကတော့ ကလေမိဘတွေဖြစ်တဲ့ ခင်ဗျားတို့က ကလေးနဲ့ နှစ်ရက်လောက် အတူနေပေးရင် အကောင်းဆုံးပါပဲ”
သူတို့က ဆရာဝန်ကို ကျေးဇူးတင်လိုက်ကြပြီး အလုပ်ကို ခွင့်နှစ်ရက် တောင်းလို့ ရွာကို အပြေးပြန်သွားကြတော့တယ်။ အဖြစ်ကိုသိတော့ ကယ်ပေးတဲ့ယွင်ယွီကိုလည်း ကိုယ်တိုင် ကျေးဇူးသွားတင်ရဦးမယ်လေ။ ပြီးရင်တော့ လူအိုနဲ့ ကလေးကို ရွာမှာ ဒီတိုင်းလွှတ်မထားသင့်တော့တဲ့ကိစ္စကို ဆက်ကြရမှာပေါ့။
စုန့်ချန်းမင်းက အလုပ်သေချာလုပ်ထားပြီး ဝါးတွေကို ပေါလစ် တိုက်ထားတယ်။ ယွီယွီ့အမေနဲ့အဖွား ပြန်ရောက်လာရင် နောက်နေ့ကျ အဖီကို သေချာအလှဆင်လို့ ရပြီလေ။ အဖွားက မြစ်ခရုတွေ ဝယ်လာပြီး ခြံထဲက ဇလုံထဲမှာ ရေစိမ်လိုက်တယ်။ ပြီးတော့ ယွင်ယွီကိုခေါ်ပြီး ဆားဘူး ယူလာခိုင်းတယ်။ ယွင်ယွီက ဆားဘူး ယူလာရင်း “အဖွား မြစ်ခရုဟင်းလား။ တော်တော်အကောင်ကြီးတာပဲ”
အဖွားက ရယ်ရင်း “ရှောင်စုန့်နဲ့ ရှောင်လီတို့ ရှိတယ်လေကွယ် ကျွေးစရာ ကောင်းကောင်းကန်းကန်းလည်း မရှိတော့ မြစ်ခရု ရောင်းနေတာတွေ့တာနဲ့ ဝယ်လာလိုက်တာ။ သူပြောသလိုဆို ခရုထဲက သဲတွေစင်သွားအောင် နှစ်နာရီလောက် ရေစိမ်ထားရဦးမယ်တဲ့ သဲတွေတော့ မစားချင်ကြဘူးမလား”
ယွင်ယွီက ခေါင်းညိတ်ပြီး ဆားနှစ်ဇွန်း ခပ်ထည့်လိုက်တယ်။ စုန့်ချန်းမင်းက ဝါးတွေကို ပေါလစ်တိုက်နေရင်းကနေ ပြေးလာပြီး ခရုတွေထဲက သဲတွေ ထွက်လာတာကို လာကြည့်တယ်။ အဖွားက ကြက်ဖငယ်လေးတစ်ကောင်ပါ ဖမ်းပြီး သတ်လိုက်သေးတယ်လေ။ သူမက အရင်က ဥတွေကို သားဖောက်ထားပြီး အစာကောင်းကောင်း ကျွေးထားခဲ့တော့ အခုတော့ သူတို့ကို ပြန်စားရမဲ့အချိန်ပဲလေ။ ပြီးတော့ ဖမ်းလာတဲ့ ငါးတွေကိုပါ သတ်ပြီး ပဲငံပြာရည်နဲ့ စတူး ချက်လိုက်ကြတယ်။
ညစာက အိမ်ချက်လက်ရာ ပဲပေါင်း၊ မှိုနဲ့ ကြက်သားစတူး၊ မြစ်ခရုမွေကြော်၊ ခရမ်းသီးပေါင်း၊ ဝါးရွက်ကြက်သွန်ဖြူဟင်း၊ သပွတ်သီး ကြက်ဥမွှေကြော်၊ ပြီးတော့ ခရမ်းချဉ်သီး သကြားပေါက်။ နောက်ဆုံးတော့ ဒီမိသားစုထဲက အစားအသောက်တွေက အကောင်းဆုံးဆိုတာ မရှိဘူး ပိုကောင်းတာတွေပဲ ရှိတာလေ။ ငါးအသားက ပါးစပ်ထဲ ပျော်ဝင်သွားတယ်။ ကြက်သားနဲ့မှိုမှာ ကြက်သားကနူးညံ့ပြီး မှိုက အရသာအားလုံးကို စုပိယူထားတယ်။ ခရုတွေမှာ ဘာသဲတွေမှ မရှိတော့ဘဲ လတ်လတ်ဆတ်ဆတ်နဲ့ ဝါးလို့ ကောင်းတယ်။ အသီးအရွက်တွေ သက်သက်ကတောင် အရသာရှိနေတယ်လေ။
သူတို့ ထမင်းစားကြတဲ့အချိန်က နည်းနည်းတောင် နောက်ကျနေပြီ။ ည၇နာရီမှာစားကြတော့ စားပြီးတဲ့အချိန်မှာ အလင်းရောင်ပျောက်မတတ် ည၇ခွဲလောက် ရှိသွားပြီလေ။ အဲဒီနောက်မှာ မက်မွန်သီးတချို့ကို ရေဆေးပြီး ကျောက်ထိုင်ခုံတွေပေါ်ကနေ ပျောက်ကွယ်ခါနီး အလင်းတန်းကို ကြည့်ရင်း စားနေကြတယ်။
အဖွားယွင်က ထွက်လာပြီး “ရှောင်စုန့်၊ ရှောင်လီ မြေးတို့အတွက် ဧည့်သည်ခန်းကို ရှင်းထားပြီးပြီနော်။ အိပ်ချင်ရင် ဝင်အိပ်လို့ရတယ်။ အဖွားကတော့ မနက် ထရလွယ်အောင် မြို့ထဲက ဘန်းမုန့်ဆိုင်မှာ သွားအိပ်မှာမလို့ လွတ်လွတ်လပ်လပ် နေကြပါကွယ်”
စုန့်ချန်းမင်းနဲ့ လီကျိုးတို့က ခေါင်းညိတ်လိုက်ကြတယ်။ လီကျိုးက “အဖွားနဲ့အတူ ကျွန်တော် မြို့ထဲ ခဏပြန်လိုက်ခဲ့မယ်။ ကျွန်တော့် ခရီးဆောင်အိတ်က ဟော်တယ်မှာကျန်ခဲ့လို့” ဒီနေရာက ဟော်တယ်ထက် ပိုပြီးနေရတာ သက်တောင့်သက်သာ ရှိမှတော့ ဒီမှာပဲ သူ နေတော့မယ်လေ။ လီကျိုးက အဖွားနဲ့အတူ မြို့ကို ဘတ်စ်ကားနဲ့ ပြန်သွားတယ်။ သူက အပြန်မှာတော့ သူ့ခရီးဆောင်အိတ်တင် မကဘူး။ စုန့်ချန်းမင်းခရီးဆောင်အိတ်ကိုပါ ယူလာတယ်လေ။
အမေယွင်ကတော့ အိမ်မှာပဲ အိပ်ဖို့ လုပ်လိုက်တယ်။ ယောက်ျားသားနှစ်ယောက်နဲ့ သူမသမီးပျိုလးကို အိမ်မှာထားခဲ့လို့ လူမြင်မသင့်တော်ဘူးမလား။ လီကျိုးက အရှေ့တံခါးက ဝင်လာရင်း နေ့လယ်က အဖွားအိုနဲ့ ပြီးတော့ သူ့မြေးကို ပွေ့ထားတဲ့ စုံတွဲတစ်တွဲ ဝင်လာတာတွေ့လိုက်ရတယ်။ အဖွားစွန်းက လီကျိုးကို တွေ့ပေမဲ့ ဘာမှမပြောရဲခဲ့ဘူး။
ခြံထဲမှာတော့ ယွင်ယွီက စုန့်ချန်းမင်းရဲ့ ခြံဝန်းအိုက်ဒီယာကို နားထောင်ရင်း ခြံဝန်းအလှဆင်ဖို့နဲ့ ကိုအီငါးမွေးဖို့အကြောင်း အတွေးလွန်နေတယ်။ အမေရွှီက ခြံထဲကို ဝင်လာပြီးတော့ ယွင်ယွီကိုလည်းတွေ့ရော ရှောင်ဖင်းကို ဖက်လို့ သူမကို ကျေးဇူးတင်ကြောင်း လာပြောတော့တယ်။ ယွင်ယွီက
“ရှောင်ဖင်းအမေ ဘာမှမဖြစ်ပါဘူး။ တစ်ရွာတည်းသားချင်း ကူညီရတာပဲဟာ နောက်တစ်ခါကျ အဲ့လိုမဖြစ်အောင်ပဲ ဂရုစိုက်ပေါ့ ကလေးကငယ်သေးတယ်လေ”
အမေရွှီက ခေါင်းညိတ်ရင်း “အမေ့ဆီကနေ အစ်မကြားပြီးပါပြီ ကလေးက နေ့လယ်ကတည်းက အငိုမရပ်ဘူး ဆရာဝန်တွေ စိတ်ငြိမ်ဆေး ပေးလိုက်သေးပေမဲ့ အခုအထိ မအိပ်ဘဲ ငိုနေသေးလို့ ယွင်ယွီ ညီမဘာလုပ်နိုင်လဲဆိုတာ အစ်မသိပါတယ်။ တစ်ချက်လောက် ကလေးကို ကြည့်ပေးပါလားကွယ်”
သူမအမေဆီက ကြားတုန်းကတော့ သူမ မယုံချင်ခဲ့ဘူးလေ။ ဒါပေမဲ့ ရှောင်ဖင်းက အိမ်ပြန်ရောက်လို့ ဆေးသောက်ပြီးတာတောင် တစ်နေ့လယ်လုံး ငိုနေပြီး အိပ်ကို မအိပ်သေးဘူး။ နောက်ဆုံးတော့ သူ မယွင်ယွီဆီ ပြန်လာရတာပဲ။ ယွင်ယွီက တစ်ချက်ကြည့်လိုက်ပြီး
“ဝိဉာဉ်သုံးပါးက ရေကြောင့် ခွဲဖြာသွားတာကို ပြန်ခေါ်ထားရတာ မတည်ငြိမ်သေးလို့ပါ”
အမေရွှီက မေးလိုက်မိတယ်။
“ကုလို့ ရနိုင်မလားဟင်”
ယွင်ယွီက ကလေးအပေါ် မန္တာန်တစ်ခု ရွတ်လိုက်တော့ ကလေး အငိုတိတ်သွားတော့တယ်။ ရွှီလင်မယား အံ့အားသင့်သွားတဲ့အချိန်မှာ ယွင်ယွီက အဆောင်တစ်ခု ဆွဲထုတ်ပြီး ကလေးအိတ်ကပ်ထဲ ထည့်လိုက်တယ်။
“ဒီအဆောင်ကို ကလေးအိတ်ကပ်ထဲ ထည့်ထားပေး။ တစ်ပတ်လောက်နေရင် သက်သာသွားလိမ့်မယ်”
အမေရွှီက သူမကို အထပ်ထပ် ကျေးဇူးတင်နေတော့တယ်။ အဲ့အချိန်မှာ အဖေရွှီက ငွေတစ်ထပ်ကို ထုတ်လို့ သူမကို ကမ်းပေးလာရင်း “ကျေးဇူးတင်ပါတယ် ယွင်ယွီ ပိုက်ဆံကို ယူထားလိုက်ပါ”
ယွင်ယွီက ယဉ်ကျေးဟန် ဆောင်မနေဘဲ ယူထားလိုက်တော့တယ်။ ဖုရှဲ့ကလည်း ပိုက်ဆံ စုချင်နေတာပဲလေ။ သူမ ပိုက်ဆံယူလိုက်တော့ သူတို့လည်း ကလေးကို ဂရုမစိုက်မိတဲ့တန်ဖိုးကို သိသွားပြီး ပိုဂရုစိုက်လာနိုင်တာပေါ့။
အိမ်ပြန်လာတဲ့အထိ အမေရွှီက ပိုက်ဆံ နှမြောနေသေးတယ်။ သူတို့လင်မယားက မြို့ပေါ်မှာ မနည်း ကုန်းရုံးအလုပ်လုပ်ပြီးမှ တစ်လ ယွမ်တစ်သောင်း မပြည့်တပြည့်လေး စုနိုင်တာလေ။ ဒါပေမဲ့ အဲလိုရုပ်လွန်ပညာရှင်တွေ တကယ်သွားငှားရင် အခုယွင်ယွီလုပ်ပေးသလောက် သက်သာမသက်သာတော့ မသိဘူး ယွမ်သိန်းချီ ပုံပေးရမှာကတော့ သေချာတယ်လေ။ အခုလိုလို သူတို့ ကျေနပ်သင့်နေပြီမလား။
ရွှီမိသားစု ထွက်သွားပြီးတဲ့နောက်မှာ စုန့်ချန်းမင်းက “ရှောင်ယွီလေး မင်းရဲ့ပညာက မြို့တော်ကိုလာပြီး ဖုန်းရွှေပညာရှင်အဖြစ် အသက်မွေးလို့ရနေပြီပဲ မြို့တော်ကိုလာပါလား”
“ကျွန်မ မြို့တော်ကို မသွားချင်ဘူး” ယွင်ယွီက ဖြေတယ်။ “ကျွန်မ ချင်းဟယ်ရွာကို သဘောကျတယ်လေ”
ပြောရရင် အထပ်မြင့်တိုက်တွေက သူမကို သက်ဆိုင်ရာနေရာ ရောက်နေတယ်လို့ မခံစားရစေဘူးလေ။ စုန့်ချန်းမင်းကလည်း ဒီနေရာက တကယ်ကောင်းတယ်လို့ တွေးမိတော့ ဘာမှဆက်မပြောတော့ဘူး။
ညမှာတော့ တစ်စုံတစ်စုန့်နဲ့တစ်လီတို့ဟာ ဧည့်သည်ခန်းအိပ်ယာထဲကို ကပ်သပ် ဝင်အိပ်လိုက်ကြတယ်။ တဖြူးဖြူးတိုက်နေတဲ့ လေပြေလေးနဲ့အတူ ခေါင်းချတာနဲ့ တန်းအိပ်ပျော်သွားကြပါလေရော။ ဒါပေမဲ့ သူတို့က မနက်ငါးနာရီထပြီး တရား ထိုင်လိုက်ကြတယ်။ သူတို့လိုမျိုးပဲ မနက်စောစောထ တရားထိုင်တဲ့ နောက်တစ်ယောက်ကတော့ ယွင်ယွီပါပဲ။ သူမက ခြောက်နာရီမှာ ပြေးပြီး အားနည်းတဲ့ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်း လုပ်ခဲ့သေးတာ။ ၇နာရီကျတော့ သူမက သန့်ရှင်းရေးလုပ် အဝတ်အစားလဲပြီး မနေ့က ကယ်ထားတဲ့ ခွေးနက်လေးကို သွားကြည့်တယ်။ မနေ့ကထက်တော့ တက်ကြွလာတဲ့ပုံပဲ။ ယွင်ယွီကိုတွေ့တော့ အမြီးလှုပ်ပြလာတယ်လေ။ သူမက ဝိဉာဉ်စမ်းရေ နည်းနည်းတိုက်လိုက်ပြီး ဗိုက်ကဒဏ်ရာကို သန့်ရှင်းပေးလိုက်တယ်။ ဒဏ်ရာအခြေအနေက ဆိုးတော့ ဒီကောင်လေး နောက်ငါးရက်လောက်အထိ အရည်ပဲသောက်ရမှာ သေချာတယ်။
အမေယွင်က ဘန်းမုန့်ဆိုင်မှာကူဖို့ ထွက်သွားပြီဆိုတော့ အိမ်မှာ သူမနဲ့ စုန့်ချန်းမင်းပဲ ကျန်တာလေ။ သူမက မီးဖိုချောင်ထဲဝင်ပြီး ဘာထွေထွေထူးထူးမှ ချက်မနေဘဲ ဆန်ပြုတ်ဖြူနဲ့ ဟင်းရွက်ချဉ်တချို့ လုပ်စားလိုက်တယ်။ စုန့်ချန်းမင်းက မီးဖိုထဲ အပြေးဝင်လာပြီး ဟင်းရွက်ချဉ်နဲ့ ဆန်ပြုတ်ဖြူကိုလည်းမြင်ရော မျက်နှာက ခါးသက်သွားတယ်။ သူက နှစ်ပန်းကန်လောက်ကို အတင်းမျိုပြီး မြို့ကိုပြေးလို့ ခေါက်ဆွဲ ပြေးစားတော့တယ်။ သူက မနေ့က အအေးခံထားတဲ့ မက်မွန်သီးတွေကို ယူသွားဖို့လည်း မမေ့ဘူးလေ။ ပြောရရင် သူက နောက်နှစ်ရက်လောက်နေဖို့ ကြံနေသေးတာ။
ခေါက်ဆွဲ စားပြီးတော့ သူက ခြံထဲမှာ ပန်းစင်လေးလုပ်ဖို့ ပြင်တော့တယ်။ ယွင်ယွီကတော့ ကြက်စာ စဥ်းနေတယ်လေ။ ကြက်စာ စဉ်းပြီးတော့ သူမက အဲ့စဉ်းပြီးသား ကြက်စာတွေကို ကြက်ခြံထဲ ယူသွားကျွေးလိုက်တယ်။ အဖွားက အသန့်ကြိုက်တော့ ကြက်ခြံကို နေ့တိုင်း သန့်ရှင်းရေး လုပ်ကြတယ်။
အမေယွင်က နေ့လယ်မှာ နံရိုးတွေဝယ် ပြန်လာပြီး နံရိုးချိုချဉ်ချက် စားကြတယ်။ ပြီးတော့ ယွင်ရှန်းကို ထမင်းသွားဖို့,ဖို့ ထွက်သွားပါလေရော။ ပြီးတော့ စုန့်ချန်းမင်းက စင်ကို ဆက်ဆောက်တယ်။ ပြီးတာနဲ့ နှင်းဆီပန်းတွေကို စင်ပေါ်တင်ပြီး ယွင်ယွီကိုပြောတယ်။ “ဒီနှင်းဆီအမျိုးအစားက ရေ တအားကြိုက်တာ။ ရေ များများလောင်းပေးလေ နှင်းဆီပန်းတွေက ပိုခံလေပဲ”
ယွင်ယွီက သူမ နေ့တိုင်းလောင်းနေတာက ဝိဉာဉ်စွမ်းအင်နဲ့ အာဟာရအပြည့်အဝပါတဲ့ ဝိဉာဉ်စမ်းရေဆိုတာ ပြောမရနေဘူး။ စုန့်ချန်းမင်းရဲ့ အားသွန်ခွန်စိုက် နှင်းဆီပင် တူးထုတ်နေတာတွေ့တော့ သူမ မျက်နှာပူလာပြီး ကူညီဖို့ ပြောလိုက်မိတယ်။ အဲဒီတော့ စုန့်ချန်းမင်းက သူမဗိုက်ကို စိုက်ကြည့်ရင်း
“တော်ပါဟာ နင်ကမိန်းကလေးပဲ။ မိန်းကလေးလို နေစမ်းပါ။ ငါပဲ လုပ်ပါ့မယ်”
သူက ခပ်မြန်မြန်ပဲတူးပြီး စင်ကို ဖြည့်လိုက်တယ်။ ပန်းအိုးတချို့ကိုပါ တင်ပြီးသွားတဲ့နောက်မှာ စင်က လှသွားတော့တယ်။ နောက်ဆို ပန်းတွေက စင်တစ်ခုလုံးကို ဖုံးသွားပြီး ပိုကြည့်ကောင်းသွားတော့မှာပဲလေ။
စုန့်ချန်းမင်းနဲ့ လီကျိုးတို့က နောက် ၃-၄ရက်လောက်နေပြီးမှ ရှန်းချန်ကျောင်းသွားတဲ့အချိန်မှ ပြန်သွားကြတော့တယ်။
******