← Chapters

အခန်း ၃၃

Vol. 4 Ch. 33

အခန်း ၃၃

Vol. 4 Ch. 33

အပိုင်း (၃၃)

နောက်ကျတော့ စုန့်ချန်းမင်းက ယွင်ယွီကို နာမည်ကြီးဘရန်း ပန်းရောင်ဖုန်းတစ်လုံး ပို့လာတော့တယ်။ ဒီဖုန်းကင်မရာက ကောင်းတော့ ပုံထွက်ကောင်းတယ်လေ။ ပြောရရင် ဒီရက်ပိုင်း ယွင်ယွီက သူတို့ကို အဖော်လုပ်နေတော့ ဓာတ်ပုံရိုက်တိုင်း ယွင်ယွီရဲ့ဖုန်းအဟောင်းကို မြင်နေရတာကိုး။ အဲဒီတော့ နောက်ဆုံးပေါ် ဖုန်းတစ်လုံး ပို့လိုက်တော့တယ်။

သူက ယွင်ယွီကို ဂိမ်းဆော့ဖို့တောင် သင်ပေးလိုက်သေးတယ်။ လီကျိုးလည်းသိရော ယွင်ယွီကို ဖုန်းဂိမ်းတွေရဲ့ဆိုးကျိုးတွေ စပြီးပွားပါလေရော။ ရုပ်လွန်ပညာလေ့ကျင့်မှုက ဖုန်းဂိမ်းကစားနေလို့ နောက်ကျတယ်ဆိုရင် ဘယ်လောက်များ ဆိုးဝါးလိုက်မလဲ။ အဲဒါအပြင် စုန့်ချန်းမင်းက ကွေ့ယွမ်တံခါးဂိုဏ်သားတွေ သုံးဆယ်လောက်ရှိတဲ့ WeChat စကားပြောခန်းထဲတောင် သူမကို ခေါ်ထည့်ထားသေးတယ်။

လီကျိုးရော စုန့်ချန်းမင်းရော ဘယ်သူဖြစ်ဖြစ် ယွီယွီ့နောက်ကြောင်းကို မပြောကြဘူးလေ။ ဆောက်လုပ်ရေးဆိုက်က တကယ့်ပြဿနာကြီးဖြစ်တဲ့အပြင် လုံမိသားစုဘိုးဘေးတွေပါ ပါနေတော့ ထုတ်မပြောတာ အကောင်းဆုံးပေါ့။

ထန်လောင်ကပဲ ယွင်ယွီက ချီရှားဝိဉာဉ်ဖြိုခွဲအစီအရင်ကို ဖျက်ဆီးခဲ့တာကို သိတာမျိုးပေါ့။ နောက်ထပ် စကားပြောခန်းတစ်ခန်းထဲ ခေါ်သွင်းသေးတယ်။ အဲဒီမှာကျတော့ ဘုန်းကြီးတွေ ပညာရှင်တွေနဲ့ အကူအညီ လာတောင်းတဲ့ လူတချို့ ရှိတယ်လေ။ အဲ့စကားပြောခန်းက ရုပ်လွန်ပညာလောကရဲ့ အထင်ကရ‌ဆိုတော့ အကူအညီ တောင်းတဲ့လူတွေကို ကူညီရင်း အပိုဝင်ငွေလေးရနိုင်တာပေါ့။

စုန့်နဲ့လီနှစ်ယောက် ထွက်သွားပြီးတော့ ယွင်ယွီက စွန့်ပစ်မြေကို စာချုပ်ချုပ်မဲ့အကြောင်း သူမအမေနဲ့ အဖွားကို တိုင်ပင်တော့တယ်။ သူမတို့ကတော့ သဘောမတူချင်ဘူးလေ။ မြေနေရာစာချုပ်ချုပ်တာက တစ်နှစ်ထဲ ချုပ်လို့ရတာမှ မဟုတ်တာ။ ဆယ်နှစ် အနည်းဆုံး ပြီးတော့ စိုက်မရ ပျိုးမရတဲ့မြေက ဆယ်နှစ်ကြာလဲ ဘာပိုက်ဆံမှရမှာ မဟုတ်ဘူးလေ။ ပြီးတော့ တောင်ထိပ်တစ်ခု ငှားတာဆို ပိုဆိုး။ တစ်နှစ်ကိုတောင် ယွမ်သိန်းချီကုန်မှာလေ။ သူတို့ရဲ့ ဘန်းမုန့်ဆိုင်တီက တစ်လမှ နှစ်သောင်းသုံးသောင်းအမြတ်ငွေလေးနဲ့ ဘယ်လိုငှားမှာလဲ။

အဲ့အခါ ယွင်ယွီက အမြန်ပြောလိုက်တယ်။ “မဟုတ်ဘူး။ အဖွား အမေ သမီးသူဌေးယန်ကို ကူညီတုန်းက သန်းချီပြီး ရထားတယ်လေ။ တချို့ကို လှူပြီးတာတောင် သမီးမှာ သန်း နည်းနည်း ကျန်နေသေးတယ်”

အဖွားယွင်က ပြန်တွေးကြည့်တော့ ယွင်ယွီကို အန္တရာယ်များတဲ့ ဖုန်းရွှေအလုပ်တွေ ပေးလုပ်နေမဲ့အစား စွန့်ပစ်မြေနဲ့ တောင်ထိပ်နဲ့ အလုပ်ပေးရှုပ်နေတာက တော်သေးတယ်လို့ ထင်လိုက်တယ်လေ။ အဖွားက သဘောတူပေမဲ့ သူမက ယွီအာက ဆောက်လုပ်ရေးဆိုက်ကနေ ဘယ်လိုလုပ် သန်းချီတဲ့ငွေတွေ ရလာလဲ သူမ မသိခဲ့ဘူး။

သူမ မေးပေမဲ့ ယွင်ယွီက မဖြေဘူးလေ။ ယွင်ယွီအတွက်ဆိုရင်လည်း ပြီးခဲ့တာတွေပြန်ပြောပြီး သူမအမေနဲ့ အဖွားကို စိတ်ဒုက္ခမှ ပေးမနေချင်တာကိုး။ ပြီးတော့ သူတို့က ကျေးရွာကော်မတီဆီကနေ မြေကို စာချုပ်သွားချုပ်ကြတယ်။ ကျေးရွာကော်မတီကလည်း ဘယ်သူမှ စာချုပ်မချုပ်ချင်တဲ့ မြေဆိုးတောင်နေရာကို စာချုပ်လာချုပ်တော့ ဝမ်းသာအားရ လုပ်ပေးကြတယ်လေ။ တောင်တစ်ကြောလုံးပေါင်းရင် ဧက၃၅၀၀ လောက်ရှိတာကိုး။ တစ်ဧကငှားခက တစ်လကို ၂၀ယွမ် ကြာလာရင် ဈေးတက်ရင် ၃၀ ကနေ ၇၀ အတွင်း ရနိုင်တယ်လေ။ အဖွားက ဘယ်သူမှမငှားတဲ့ နေရာမလို့ဆိုပြီး ဈေးဆစ်တော့ တစ်ဧက ၁၇ယွမ်နဲ့ ရလာတယ်လေ။ အကြာဆုံးအချိန်ဖြစ်တဲ့ ၁၇နှစ်စာ စာချုပ် ချုပ်လိုက်ကြတယ်။ ဆယ်နှစ်တစ်ကြိမ် ပေးရမှာပေါ့လေ။ ဒါပေမဲ့ အဲ့လောက်နဲ့ ဘယ်ပြီးပါ့မလဲ။ အဲဒီတောင်ကြောနဲ့ ဆက်နွယ်နေတာက သူတို့တစ်ရွာထဲ မဟုတ်ဘူးလေ။ ပြောရရင် တခြားရွာတွေရှိသေးတော့ သစ်တောနဲ့ မြေယာဗျူရိုတွေ ဆီသွားပြီး ဒီမြေကို စာချုပ်ချုပ်သွားကြောင်း စာတင်ရဦးမယ်လေ။

ပြောရရင် စာချုပ်လက်မှတ်က တန်းထိုးမရဘူးလေ။ ကျေးရွာဗျူရို‌ကနေ မြို့‌ကိုရောက် အဆင့်ဆင့် လုပ်ငန်းစဉ်တွေပြီးဖို့ သူမ တစ်ပတ်လောက် စောင့်ရဦးမှာပေါ့လေ။

ယွင်ယွီ အလုပ်ရှုပ်နေတဲ့အချိန်မှာ အလယ်တန်းကျောငိးက ဖီထျန်းလေ့ကတော့ အိပ်ယာထဲ လဲမတတ်ဘဲ။ သရဲလိုဟာက တစ်လလောက်ကြာတာတောင် ပျောက်မသွားဘူး။ အဲဒီအကြောင်းသိတော့ သူ့အမေဝမ်ဖန်းက ဘုရားကျောင်းခေါ် ဝတ်ပြုခိုင်းပြီး အဆောင်တွေ တောင်းခဲ့ပေမဲ့ အလုပ်မဖြစ်ဘူး။ အဲဒီအခန်းထဲ အိပ်ရတဲ့ ညီအစ်ကိုတွေက ပေါင်နှစ်ဆယ်လောက်တောင် ကျသွားတယ်။

သူက တနင်္ဂနွေနေ့တွေ အိမ်ပြန်ရင်တော့ လွှတ်မယ် ထင်ခဲ့တာ။ အဲတော့ တနင်္ဂနွေ မရောက်ခင် နှစ်ရက်အလိုမှာတင် အထုတ်ပြင်ပြီး အိမ်ကို ပြေးတော့တယ်။ ဒါပေမဲ့ သူက ဓာတ်လှေကား မရှိတဲ့အိမ်မှာနေတော့ သူနေတဲ့ ငါးထပ်မြောက်မရောက်ခင်မှာ သူ့အဖွားကို မြင်လိုက်ရတယ်။ သူ လှမ်းခေါ်လိုက်တော့ ပြန်မဖြေခဲ့ဘူး။ အဲ့အချိန်မှာပဲ ချက်ချင်း အေးစိမ့်လာပြီး ကြက်သီးတွေပါ ထလာတော့တယ်။ ရာသီဥတုကလည်း ပူနေတာ ကြက်သီးထစရာအကြောင်းကို မရှိဘူးမလား။ ဒါပေမဲ့ သူအနားကိုလည်း လျောက်သွားရော အဖွားဝမ်ဝတ်ထားတဲ့ အင်္ကျီလက်တို အနီရောင်က အနီရောင်အစစ်မဟုတ်ပဲ မီးခိုးရောင်ပေါ်မှာ သွေးစွန်းကွက် အနီတွေဖြစ်နေတာ တွေ့လိုက်ရတယ်။ ခြေထောက်တစ်ဖက်ကလည်း မဖြစ်နိုင်တဲ့နည်းနဲ့ ကွေးနေတာက ဒူးကနေ ကျိုးနေသလိုမျိုးပဲ။

သူ အနားရောက်တော့ အဖွားက သူ့ကို လှည့်ကြည့်လာတယ်။ လှုပ်ရှားနေပေမဲ့ သူ့အဖွားနဖူးမှာ အပေါက်ကြီး ရှိနေပြီး အဲ့ကနေ သွေးတွေက မျက်လုံးတွေထဲကို စီးကျနေတာများ မျက်လုံးက နီရဲနေပြီ။ အခုအခြေအနေမှာ အရူးတောင်မှ သူ့ရှေ့မှာ ရှိနေတာ လူမဟုတ်မှန်း သိတယ်။

“ချီးတဲ့မှ အား.......”

ဖီထျန်းလေ့က ငါးထပ်မြောက်ကို အသားကုန် ပြေးသွားပြီး တံခါးကို အားနဲ့ ဆောင့်ပိတ်လိုက်တယ်။ သူ့တစ်ကိုယ်လုံးက တုန်ယင်နေပြီး မျက်နှာက မျက်ရည်နဲ့ နှပ်တွေ ပေပွနေတော့တယ်။

ဝမ်ဖန်းက ဟင်းချက်နေရင်း အသံကြားလို့ ထွက်လာကြည့်တော့ မျက်နှာအပျက်ပျက်နဲ့ ပုံလျက်လဲနေတဲ့ သူမသားကို တွေ့တော့ ပြေးသွားထူရင်း “ထျန်းလေ့ သား ဘာဖြစ်လို့လဲ”

ဖီထျန်းလေ့က ထွားပြီး သူ့ခန္ဓာကိုယ်ကို လူံဝထိန်းချုပ်နိုင်စွမ်းမရှိတော့ သူမ မဆွဲထူနိုင်နေဘူးလေ။

“အ...အမေ ကျွန်...ကျွန်တော် အဖွားကို တွေ့လိုက်တယ်” ဖီထျန်းလေ့ပုံက တအား သွေးပျက်နေသလိုပဲ။ ဝမ်ဖန်းက မျက်နှာ ပျက်သွားပြီး “ပေါက်ကရတွေ”

ဖီထျန်းလေ့က ပြန်လဲကျသွားရင်း ဆက်ပြောပြန်တယ်။ တ....တကယ်တွေ့ခဲ့တာ ခေါင်းမှာ အပေါက်ကြီးနဲ့ ခြေထောက်တွေ ခြေထောက်တွေကလည်း ကျိူးနေတယ်။ ဆိုးရွားလိုက်တာ။ ဘာဖြစ်သွားတာလဲအမေ ဘာတွေဖြစ်ကုန်တာလဲ”

ဝမ်ဖန်းမျက်နှာက တအားသွေးပျက်သွားတဲ့ပုံ ပေါ်လာပြီး “အိုး ထျန်းလေ့ သား တကယ်အဖွားကို တွေ့ခဲ့တာလား” ဖီထျန်းလေ့နဲ့အတူ အားလုံး လဲကျသွားကြတယ်။ ဖီထျန်းလေ့ကတော့ အကြောက်လွန်နေပြီး ဘာလုပ်သင့်လဲဆိုတာပဲ မေးနေတော့တယ်။

ဝမ်ဖန်းက သူမသားကို ဖက်ထားရင်း ငိုလိုက်မိတယ်။ သူ့ဘေးအိမ်က အဖွားက မနေ့နေ့လယ်က လှေကားပေါ်က ချော်ကျပြီး သံချောင်းက ခေါင်းကိုစိုက်ပြီး ခြေလည်း ကျိူးသွားတာကို သူမသားကို မပြောရက်နိုင်နေဘူး။ ဆေးရုံက ပြန်သယ်လာတော့ သူမ တစ်ချက်သွားကြည့်ပြီး အိပ်မက်ဆိုးတောင် မက်တယ်လေ။ သူမသားက မနေ့က ကျောင်းမှာပဲရှိသေးပြီး ဒီကိစ္စကို လုံးဝမသိဘူး။ သဘောက သူမသားက တကယ့်သရဲကို မြင်ခဲ့တာလာ။ အဲ့လိုဆို သူမလည်း မြင်ရမှာလား တွေးရင်း သူမ ကြောက်လာတယ်။ အဲဒီသရဲက လှေကားနားမှာများ ရှိနေဦးမလား မသိဘူး။ ကြောက်စရာပဲ။

ဖီထျန်းလေ့က နည်းနည်းသက်သာလာတော့ သူ့အိပ်ခန်းထဲကို တရွတ်တိုက် ဝင်သွားပြီး အိပ်ယာပေါ်လဲလို့ မျက်နှာကျက်ကို မျက်နှာသေနဲ့ စိုက်ကြည့်နေတော့တယ်။

ဝမ်ဖန်းက တံခါးကို ဂရုတစိုက် တွန်းဖွင့်ပြီး ဘယ်သူရှိလဲ သေချာကြည့်လိုက်တယ်။ ဘယ်သူမှမရှိမှ သူမက ဘေးအိမ်ကို အပြေးသွားပြီး တံခါးသွားခေါက်တော့တယ်။ ဘေးအိမ်က အိမ်ရှင်မက တံခါးဖွင့်လာတော့တယ်။ သူမမျက်လုံးအောက်မှာ လုံးဝကို အမည်းကွင်းကြီး ဖြစ်နေပြီ။ ဟုတ်တော့ဟုတ်ပါတယ်လေ။ သူမသားနဲ့သမီးက ကျောင်းကနေ ပြန်မ‌လာသေးတဲ့အချိန် အိမ်သားတစ်ယောက် ဆုံးသွားတော့ အမျိုတွေက ရောက်လာကြပြီး သူမ ညမအိပ်ရသေးဘူးလေ။ ဝမ်ဖန်းက သူမကို “ယောင်ကျင်းလန် နင့်ယောက္ခမ သွေးတိုးနဲ့ နှလုံးရောဂါရှိမှန်း သိသိကြီးနဲ့ နေ့ခင်းတိုင်း နင့်အတွက် တို့ဟူး‌ သွားဝယ်ခိုင်းတယ်ပေါ့။ နင့်ယောက္ခမ ဘယ်နေ့ နင့်အသက်ကို ပြန်လာတောငိးမလဲ ကြည့်နေ”

ယောင်ကျင်းလန်ကလည်း အားကျမခံ ပြန်အော်တော့တယ်။ “ဝမ်ဖန်း သူဟာသူ ပြုတ်ကျသွားတာ ငါ့ကို လာအပြစ်တင်မနေနဲ့။ နင့်ကို ဘာမှထိခိုက်တာမှမဟုတ်ဘဲ ဘာလို့ငါ့ကို လူအထင်အမြင်လွဲအောင် လာလုပ်နေတာလဲ။

ဝမ်ဖန်းက ဒေါသတကြီးနဲ့ “ငါ့ကို ဘာလို့မထိခိုက်ရမှာလဲဟဲ့။ နင့်ယောက္ခမ နင် နှိပ်စက်လို့ အမုန်းတရားအပြည့်နဲ့ လှေကားထိပ် စောင့်နေပြီး ကျောင်းကပြန်လာတဲ့ ငါ့သားကို ခြောက်လွှတ်လိုက်တာလေ”

ယောင်ကျင်းလန်က သူမကိုရိုက် ဖို့ကြိုးစားပေမဲ့ အသုဘရှုလာတဲ့ ဆွေမျိုးတစ်ယောက် ထွက်လာလို့ ရပ်သွားတယ်။ အဲ့လူကမျက်နှာ သိပ်တော့ ကောင်းမနေဘူး။ ပြောရရင် သူတို့လည်း ယောင်ကျင်းလန် သူမယောက္ခမကို ဘယ်လိုဆက်ဆံနေလဲဆိုတာ သူတို့အသိပဲလေ။ အဖွားကြီးက ထမင်းဟင်းချက် အိမ်သိမ်း အိမ်မှုကိစ္စ အကုန်လုပ်ရတယ်။ ပြီးတော့ အဖွားကြီးရဲ့အခန်းထဲမှာ ဘာလေအေးပေးစက်မှ မရှိဘူး။ ဒီလိုပူတဲ့ရာသီဥတုမှာ ယပ်တောင်သာ မရှိရင် အပူလွန်ပြီး အရင်ကတည်းက သေနေလောက်ပြီ။ ပြီးတော့အဖွားကြီးက ထမင်းကျန်ဟင်းကျန်တွေပဲ စားရတာ။ သားလုပ်တဲ့လူက မယားကြောက်ဆိုတော့ သူ့မိန်းမကို ပြန်မလှန်ရဲဘူးလေ။

“ဝဋ်လည်တတ်တယ် သတိထား” ဝမ်ဖန်းက ပြောပြီး သူမအိမ်ဖက် သူမ ပြန်လှည့်သွားတယ်။ အိမ်ထဲဝင်ခါနီး လှေကားဖက်ကို ကြည့်မိတော့ သူမသားပြောတာကို သတိရပြီး ကြက်သီး တဖြန်းဖြန်းထလို့ အိမ်ထဲ အမြန်ဝင်သွားတော့တယ်။

ယောင်ကျင်းလန်က တံထွေးထွေးပြီး ဆဲရင်း အထဲ ပြန်ဝင်သွားတော့တယ်။ ညနေပိုင်းအထိ လူတွေက ရောက်လာနေတုန်းပဲ။ အဖွားကြီးမှာက သားတစ်ယောက်ပဲရှိပေမဲ့ သူမဆီမှာ ညီမနှစ်ယောက်နဲ့ အစ်ကိုနှစ်‌ေယာက် ရှိသေးတယ်လေ။ အဲတော့ လူတွေက ပိုပိုများလာတာပေါ့။ လူတွေကို ဟောခန်းထဲမှာ သိပ်ပြီးတော့ ယောင်ကျင်းလန်က စိတ်ပေါ့ပါး သွားတော့တယ်။ သူမနားလို့ရပြီလေ အချိန်ကြည့်တော့ ည12နာရီ ထိုးတော့မယ်။ သူမ အိပ်ခန်းထဲဝင်ခါနီးမှာ အိမ်တံခါးကို ဘန်းကနဲထုတဲ့အသံ ကြားတော့ သူမပြေးသွားပြီး ဖွင့်လိုက်တယ်။ ဘယ်သူမှရှိမနေဘူး အမှောင်ထုကြီးပဲ ရှိတယ်။ ချက်ချင်းပဲ သူမ ဝမ်ဖန်း ပြောစကားကို သတိရသွားပြီး တံခါးကို အမြန်ပိတ်လိုက်တယ်။

“ဘယ်သူလဲ”

ဆွေမျိုးက လာမေးတယ်။

“ဘယ်သူမှ မရှိဘူး” ယောင်ကျင်းလန်က ငိုသံတောင် ပါနေပြီ။ ဆွေမျိုးတွေရဲ့ မျက်နှာအမူအယာက ပြောင်းသွားတော့တယ်။ သူတို့တံခါးခေါက်သံ သေချာပေါက် ကြားလိုက်တာကို။

တနင်္လာနေ့ ဖီထျန်းလေ့က ကျောင်းမသွားလို့ မရတော့ဘူး။ သူအိမ်မှာ နှစ်ရက်လောက် လာခိုနေတာတောင် လွန်နေပြီလေ။ ဒါပေမဲ့ သူ ကျောင်း မသွားရဲနေဘူး။ ဝမ်ဖန်းကတော့ အာမခံရှာတယ်။ “ထျန်းလေ့ ကျောင်းကို သွားလိုက်နော်သား။ မြို့ထဲမှာ အရမ်းစွမ်းတဲ့ ဖုန်းရွှေသခင်တစ်ယောက်ရှိတယ်တဲ့။ အမေ သူ့ကို သွားရှာလာပေးမယ်လေနော် သားလေး”

ဖီထျန်းလေ့က ငြင်းဖို့ကြံလိုက်ပေမဲ့ ရုတ်တရက် ယန်ထျန်းလန် အစ်ကိုရန်က ဘာသရဲမှ မမြင်တာ တော်တော်ကြာနေတာ သတိထားမိသွားတယ်လေ။ ဖုန်းရွှေသခင်ကို သူများ သိမလားပဲ။ ဖီထျန်းလေ့လည်း သူ့ကို သွားမေးဖို့ ကြံလိုက်တော့တယ်။

သူ တံခါးကနေ စိတ်မသက်မသာနဲ့ ထွက်လာတော့ သရဲအဖွားကို မမြင်ရတာက သူ့ကို စိတ်သက်သာရာ ရစေတယ်။ ဒါပေမဲ့ ဘေးအိမ်ကနေ အော်သံအကျယ်ကြီး ထွက်လာတော့တယ်။

ကျောင်းရောက်တော့ သူက ယန်ထျန်းလန်ကို တန်းတွေ့သွားတော့တယ်။ သူက

“အစ်ကိုရန် အစ်ကို အဲဒီဟာတွေကို မတွေ့ရတော့ဘူးမလား။ အစ်ကို့အဖေက ဆရာကောင်း တွေ့သွားတာလား။ ကျွန်တော်နဲ့ မိတ်ဆက်ပေးလို့ရမလား။ ဘေးအိမ်ကအဖွား ဆုံးသွားပြီးတော့ ကျွန်တော် အိမ်ပြန်တော့ အဲဒီဟာကြီးနဲ့ ဝင်အောင်းမိတာပဲ။ ကျွန်တော် တအားကြောက်နေလို့ ကူညီပါဗျာ”

ယန်ထျန်းလန်က ပိန်ပြီး အားပြတ်နေတဲ့ရုပ်နဲ့ ဖီထျန်းလေ့ကို ကြည့်ပြီး ဖုန်းထုတ်ပြီး ယွင်ယွီကို မက်ဆေ့ပို့လိုက်တော့တယ်။

ပြောရရင် သူအဲဒီဟွမ်းဖုရွှေကို သောက်ပြီးကတည်းက ဘာမဟုတ်တာကိုမှ မမြင်ရတော့တာ။ ဖီထျန်းလေ့ကိုတော့ ယွင်ယွီက ပညာပေးချင်တာသိလို့ ဘာမှမပြောခဲ့ဘူး။ ဒါပေမဲ့ ယွင်ယွီကလည်း ပညာပေးချင်ရုံဖြစ်ပြီး ဘာမှထိခိုက်အောင် မလုပ်ချင်တာသိတော့ အခုလောက်ဆိုရင်တော့ ဆက်သွယ်ပေးလိုက်ဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်။

******

All Chapters