အခန်း ၃၄
Vol. 4 Ch. 34
အပိုင်း (၃၄)
ယွင်ယွီက အိမ်ရောက်ရင်ခွဲစားဖို့ ဖရဲသီးကို ပိုက်ရင်း ကျင်းရွှေမြို့ကနေ အိမ်ပြန်လာတော့တယ်။ ကျေးရွာကော်မတီက ဘာမှမထူး၊ ကံကြမ္မာဖတ်တာနဲ့ ဖုန်းရွှေအလုပ်တွေကလည်းမရှိ ဘန်းမုန့်ဆိုင်ဆို သူမကို လိုတောင်လိုမနေဘူး။ မနက်က ခြံထဲ ပြေးနေတော့လည်း အဖွားဆီကနေ “ရှောင်ယွီအာ နင် ဘာတွေ လုပ်နေတာတုန်း။ ကိုယ်ဝန် ရှိနေတဲ့အချိန် လျောက်ပြေးနေတာမျိုး မလုပ်ရဘူးလေ” လို့ အဆူခံခဲ့ရသေးတယ်။
သူမကလည်း သူမပဲ ကလေးကို မွေးဖို့စိတ်ကူးပြီးမှတော့ မထူးဘူးဆိုပြီး သူမအမေနဲ့အဖွားကို ပြောပြလိုက်တာ။ သူတို့ခမျာ မူးလဲမတတ်ပဲ။ ပြောရရင် သူမက ဆန့်ကျင်ဖက် လိင်ရှိတဲ့ အခန်းထဲ မှားဝင်ပြီး သူ့နဲ့အိပ်မိပြီး တစ်ဖက်လူက ငိုပြီး မဖျက်ချပါနဲ့။ သူ တာဝန်ယူပါရစေလို့တောင် ပြောလာသေးတယ်လေ။ ပြောရရင် သူမလည်း ကလေးကို မွေးလိုက်ချင်တာပဲလေ။ သူမက အတင်းအကြပ် အလုပ်ခံရတာမဟုတ်ဘဲ နှစ်ဦးနှစ်ဖက်ဆန္ဒရှိတာဆိုတော့ ယင်ယန်ညီမျှသွားတာပဲလေ။ ပြီးတော့ ကလေးအဖေက မျိုးရိုးကောင်းတာမလို့လည်း ပါတာပေါ့။
ဝိဉာဉ်စမ်းရေကြောင့်သာ သူမကလေးကို မွေးဖို့ဆုံးဖြတ်ခဲ့တာ။ ပြောရရင် ကောင်းကင်ရဲ့ အစီအစဉ်တွေကို အမြဲကြည့်နေတဲ့ သူမတို့အတွက် အထီးကျန်ရမဲ့ကံတရားက ပါလာပြီးသားပဲလေ။ သူမလည်း ပုထုဇဉ်ဆိုတော့ အဖော်ရမဲ့ ကလေးတစ်ယောက်လောက်တော့ လိုချင်တာပေါ့။ ယွင်ယွီက ဒီကိစ္စနောက်မှာ ယွင်ဝေးဝေးရှိတာကို သူမအဖွားနဲ့ အမေကို မပြောခဲ့ဘူး။ မဟုတ်ရင် ယွင်မောက်လျန်နဲ့ ယွင်ဝေးဝေးက အေးအေးချမ်းချမ်း နေလို့ရတော့မှာ မဟုတ်ဘူးလေ။
သူမက ဒီပြဿနာကို သူမဘာသာ ဖြေရှင်းဖို့ကြံထားတာ တောင်ထိပ်စာချုပ်ပြီးရင် သူမ ကောလိပ်ပြန်ပြီး သူမဘွဲ့ကို ပြန်ယူရဦးမယ်လေ။ ပြီးရင်တော့ ထန်ဟုန်းလျန်နဲ့ ယွင်ဝေးဝေး အဲ့ဒီနှစ်ယောက်လုံး သူတို့ထိုက်တန်တာ သူတို့ပေးဆပ်ရလိမ့်မယ်။
အခုကတော့ သူမက သူမအဖွားရဲ့ဆွဲထားပြီး ကိုယ်ဝန်ဆောင်ချိန် ပြုမူရမဲ့နည်းတွေကို နားထောင်နေရတော့တယ်။ ဟိုဟာမစားရ ဒီဟာမစားရ ခြေလှမ်းကို သတိထားလှမ်း ဘုရားရေ ခက်လိုက်တာ။
တကယ်တော့ သူမကိုယ်ဝန်ကို ရှိတယ်တောင် မထင်သေးဘူး။ တီဗွီတွေထဲ လာသလောက်ဆို သူမ အလုပ်တအားလုပ်ပြီး အစာဝအောင် မစားရတာမျိုးမရှိ သ၍သင့်တော်တဲ့ လေ့ကျင့်ခန်းလုပ်ပေးတာ ကောင်းတယ်လေ။ ပြောရရင် ရိုးရိုးလေ့ကျင့်ခန်းတို့ ယောဂကျင့်တာတို့တွေက ကိုယ်ဝန်ဆောင်ချိန်မှာ လုပ်သင့်တာပဲလေ။
ပြီးတော့ သူမခန္ဓာကိုယ်က ကလေးအတွက်ကောင်းတဲ့ ဝိဉာဉ်ချီနဲ့ အားဖြည့်ထားသေးတယ်။ နည်းနည်းပြေးတာက ဘာထိခိုက်မှာကျလို့။ ဒါပေမဲ့ သူမမိသားစုက ပြေးခွင့်မပြုဘူးလေ။ အဲဒီတော့ တစ်နာရီလောက် လမ်းသွားလျောက်ရတာပေါ့။
အဖွားက ပစ္စည်းတွေ ထုပ်ပိုးပြီး ဘန်းမုန့်ဆိုင် ပြန်မသွားခင် မဟုတ်ကဟုတ်ကတွေ လျောက်မလုပ်ဖို့တောင် မှာသွားလိုက်သေးတယ်။ အဖွားလင်း ပြောတာကတော့ ကလေးကို မွေးချင်ရင် ရွာမှာ ဆက်မနေသင့်ဘူး။ ဗိုက်ကပိုကြီးလာလေ အတင်းစကားက ပျံ့နှံ့လေပဲကိုး။ အဲ့အစား မြို့ပေါ်ကို ပြောင်းသွားလိုက်။ ကလေးအသက် တစ်နှစ်နီးနီးမှ ပြန်လာ အဲ့ကျရင် လက်မထပ်ဘဲ ကိုယ်ဝန်ရလာတယ်မထင်ဘဲ ကွာရှင်းလာတယ်ထင်ရင် ကိစ္စမရှိတော့ဘူးလေ။ အိမ်ထောင်ကွဲက ကလေးနဲ့ လက်မထပ်ဘဲ မွေးလာတဲ့ကလေးနဲ့ဆိုရင် ဆက်ဆံပုံကွာတာကိုး။
အဲဒီစိတ်ရှုပ်စရာတွေ တွေးနေတုန်းမှာ သူမဖုန်းက မက်ဆေ့ရလိုက်လို့ ထုတ်ကြည့်လိုက်မိတယ်။ နံပါတ်အစိမ်းကြီးပဲ ဒါပေမဲ့ စာကတော့။
“ဆရာယွင် ကျွန်တော် ယန်ထျန်းလန်ပါ ဖီထျန်းလေ့က အကူအညီ တောင်းလာပြီမလို့”
ယွင်ယွီက ခဏလောက် တွေးပြီးတော့ စာလုံးနည်းနည်း ပြန်ပို့လိုက်တယ်။ “ကောင်းပြီလေ သူတို့လာပါစေ။ ယွမ်တစ်သောင်း ပြင်ထားခိုင်းလိုက်” ပြောရရင် သူမကလည်း သင်ခန်းစာပေးချင်ရုံလေ။ သတ်ပစ်ချင်တာမှ မဟုတ်တာ။
ယန်ထျန်းလန်က မက်ဆေ့ကိုဖတ်ပြီးတော့ တစ်ချက် တွေသွားပေမဲ့ ဖုန်းကို ဘေးပို့လိုက်ပြီး “ထျန်းလေ့ ငါတို့ ဘယ်အချိန်ကစပြီး သရဲတွေ စမြင်လာလဲသိလား”
ဖီထျန်းလေ့က သေချာတွေးရင်းနဲ့ “အစ် အစ်ကိုယန် အစ်ကိုပြောတာ ယွင်ရှန်း သူ.....”
ယွင်ရှန်းနဲ့ ရန်ဖြစ်ပြီးကတည်းက သူ စမြင်လာရတာပဲလေ။ ယွင်ရှန်းမှာ အဲလိုပညာတတ်နေတာလား။ ယန်ထျန်းလန်က သက်ပြင်းချရင်း
“သူ့အစ်မ ယွင်ယွီကို မှတ်မိတယ်မလား။ ငါ့အဖေက ယွမ်တစ်သိန်းပေးပြီး ကူညီဖို့ပြောတုန်းက ငါ ဖုန်းနံပါတ် တောင်းထားတာ။ ငါအခုမေးလိုက်တာ တစ်ယောက်ကို ယွမ်တစ်သောင်းယူလာခဲ့တဲ့”
လက်စသတ်တော့ ယွင်ရှန်းအစ်မ ယွင်ယွီကိုး။ အဲဒီနေ့က ရန်ဖြစ်ပြီးကတည်းက သူ သရဲတွေ စမြင်လာတာပဲ။
“သူက တော်လား”
“တအားတော်တယ်။ ထျန်းလေ့ နောက်ဆို သူများတွေကို လိုက်အနိုင်ကျင့်မနေဘဲ စာပဲ အေးဆေးကြိုးစားရအောင်လေကွာ”
ထျန်းလေ့က ငိုရင်း “ကျွန်တော် ထပ်မလုပ်ရဲပါဘူးဗျာ”
ပြောရရင် အဲ့နေ့က သူတို့ ပြန်အရိုက်ခံရတဲ့အပြင် အခုအထိ သရဲတွေ မြင်နေရပြီး ကြောက်စရာတွေ ဖြစ်နေတာက သေရာပါမှတ်သွားဖို့ လုံလောက်နေပြီမလား။ သူက အဲဒီနေ့က သူ့နဲ့အတူအရိုက်ခံပြီး သူ့လိုမြင်နေရတဲ့ သူ့ညီအစ်ကိုတွေကို ပြောလိုက်တယ်။ သူတို့က ကျောင်းသားတွေပဲ ရှိသေးတော့ အဲ့လောက် ပိုက်ဆံဘယ်ရှိပါ့မလဲ။ အိမ်ကိုတောင်းတော့ အိမ်က သူတိူ့ အရှုပ်ထုတ်တွေ လုပ်နေတယ်ဆိုပြီးတောင် ဆူလိုက်သေး။ ဖီထျန်းလေ့အမေ ဝမ်ဖန်းကပဲ သူမသားကို ယုံတယ်လေ။
ဖီထျန်းလေ့က ဝမ်ဖန်းကိုခေါ်ပြီး ချင်းဟယ်ရွာကို သူ့သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ကျန်းဝေ့ယွမ်နဲ့ အပြေးနှင်တော့တယ်။ သူ့မိသားစုကလည်း သူပေါင်20လောက် ချက်ချင်းလိုလို ကျသွားတာတွေ့ရတော့ ယုံတယ်လေ။
အချိန်က နေ့လယ်ပိုင်းဆိုတော့ ယွင်ယွီက မက်မွန်ခြံကနေ မက်မွန်သီးတွေ သွားခူးပြီး ဆိုင်ကိုပို့ဖို့ လုပ်တော့တယ်။ ဆိုင်က မနက်ပိုင်း ဘန်းမုန့်ရောင်း ဘန်းမုန့်ကုန်ရင် မက်မွန်သီးတွေ တင်ရောင်းပေါ့။ မက်မွန်သီးတွေရဲ့ဈေးက ပုံမှန်ထက်မြင့်နေပေမဲ့ သူမ မက်မွန်သီးတွေကိုမှ ဝယ်စားတဲ့လူက ရှိပြီးသားလေ။ တုန်းကျန်းဟိုင်တို့လိုပေါ့။ သူမမိသားစုက မက်မွန်သီးရောင်းရုံနဲ့ တစ်ရက် သုံးလေးထောင်လောက် ရတယ်လေ။
အဲဒီငွေကို အဖွားနဲ့ အမေ့ကို သူမက ပေးချင်ပေမဲ့ သူတို့က မယူဘဲ သူမကို ကဒ်တစ်ကဒ်လုပ် ငွေပြန်ထည့်ထား ပေးတယ်လေ။ သူတို့ကတော့ ဘန်းမုန့်ရောင်းရတဲ့ အမြတ်ကိုပဲ ယူတော့တယ်။
ဖီထျန်းလေ့ကို မြင်တော့ သူမက ပြောလိုက်တယ်။
“ဝင်ခဲ့”
ဝမ်ဖန်းက ဘယ်လောက် သည်းမခံတတ် သည်းမခံတတ်။ အခုလိုအရေးမှာ ဖီထျန်းလေ့က ယုံနေသ၍ သူမ ဘာမှပြောစရာမရှိဘူးလေ။ ဖီထျန်းလေ့က ယွင်ယွီနောက်ကနေ ခြံထဲ လိုက်ဝင်သွားတယ်။ ရိုးရိုးခြံဝန်းပဲဆိုပေမဲ့ သေချာလဲကျင်းထားပြီးထောင့်မှာ နှင်းဆီပန်းစင်လေးတစ်ခု ရှိနေတယ်။
ယွင်ယွီက “နင်လာမှာ ငါသိတယ်။ တစ်ယောက်ကို ယွမ်တစ်သောင်း ချက်ချင်း ဖြေရှင်းပေးမယ်”
ဝမ်ဖန်းက တစ်ခုခုပြောချင်ပေမဲ့ ဖီထျန်းလေ့က သူမအဝတ်ကို ဆွဲထားတော့ မတတ်သာဘဲ ပိုက်ဆံ ထုတ်ပေးလိုက်တယ်။ သူမနောက်က ကျန်းဝေ့ယွမ်မိဘတွေလည်း ယွမ်တစ်သောင်း ထုတ်ပေးလာတယ်။ ပိုက်ဆံရပြီးတာနဲ့ ယွင်ယွီက အိမ်ထဲဝင် အဆောင်စာရွက်နှစ်ရွက်ကို ယူလာပြီး ရေခွက်နှစ်ခွက်ထဲ မီးရှီု့ထည့်လိုက်တယ်။ ပြီးတော့ သူတိူ့နှစ်ယောက်ဆီ ကမ်းပေးတယ်။ သူတို့ယူဖို့ တွန့်ဆုတ်နေတော ယွင်ယွီက လက်ဆန့်လိုက်ပြီး သူတို့ကို ယူအောင် လုပ်လိုက်တယ်။ အဲဒီနည်းနဲ့ သူမလုပ်ထားတဲ့စည်းကို ပြန်ဖြေလိုက်တာပေါ့။ ဒီနည်းစနစ်ကို ရှရှ၊ရှယင် လို့ ခေါ်တယ်လေ။ ဒီဟာလောက်ကတော့ သူမအတွက် အလွယ်လေး လုပ်လို့ရတာမျိုးပဲကိုး။
သူတို့က တကယ်တမ်း အသုံးမဝင်တဲ့ အဆောင်ပြာရေဖျော်ကို သောက်လိုက်တယ်။ “ကောင်းသွားပြီ။ နောက်ကျ အားဖြည့်စာ ဝယ်စားလိုက်ကြဦး”
သူတို့က မကောင်းတဲ့ဖက်ခြမ်းနဲ့ အချိန်ကြာကြာ ထိတွေ့ထားတာဆိုတော့ အားဖြည့်စာ စားသင့်တယ်လေ။ ကျန်တဲ့လူတွေက အကြောင်သား ငေးနေမိကြတယ်။ သူတို့စိတ်ထဲမှာတော့
‘ဒါပဲလား ဟိုအစီအရင် ဒီအစီအရင်လေးတွေတောင်လုပ်မနေဘူးလား’
“ဟမ် နင်တို့ ဘာလုပ်နေကြသေးတာလဲ။ ကိစ္စကဖြေရှင်းပြီးပြီ လှိမ့်လိုက်တော့”
သူတို့က အားမရစွာနဲ့ ပြန်သွားကြပြီး အားဖြည့်စွပ်ပြုတ် သောက်လိုက်ကြတယ်။ ဒါပေမဲ့ ဖီထျန်းလေ့နဲ့ ကျန်းဝေ့ယွမ်တို့က ကျောင်းလည်းရောက်ရော သူတို့ ဘာသရဲတစ္ဆေမှ မမြင်ရသေးတာ သတိရသွာကြပါလေရော။ ကျန်တဲ့လူတွေကိုမေးကြည့်တော့ သရဲမက အိမ်သာထဲမှာ ရှိနေသေးတယ်လို့ပြောပြီး သူတို့ကတော့ မမြင်ရတော့ဘူးလေ။ သူတိူ့ခမျာ ပျော်လွန်းလို့ မျက်ရည်တောင် ကျတယ်။
ကျန်တဲ့လူတွေလည်း သူတို့နှစ်ယောက်အခြေအနေကို သိသွားကြတော့ အိမ်ပြန်ပြီး မိဘတွေကို ပူဆာကြတော့တယ်။ မိဘတွေအတွက်လည်း ယွမ်တစ်သောင်းနဲ့ ချင်းဟယ်ရွာကို သွားရတာ သိပ်အဆင်ပြေမနေကြဘူးလေ။ ဒါပေမဲ့ သူတို့ကလေးတွေအတွက် သွားပေးခဲ့ကြတယ်။ သူတို့ကလေးတွေကိုတော့ နောက်ကျရင် နင်သူများကို အနိုင်ကျင့်ရဲကျင့်ကြည့်လို့တော့ ဆူကြတာပေါ့။
အဲဒီက်စ္စ ပြေလည်သွားပြီး နှစ်ရက်လောက်ကြာတော့ ကျေးရွာကော်မတီကနေ တောင်ထိပ်နဲ့ဆက်စပ်နေတဲ့ ရွာအားလုံးက သူမလက်မှတ်ထိုးတာ စောင့်နေကြတာကို အသိပေးလာတယ်။ တောင်ဧရိယာကိုလည်း သေချာပြန်တိုင်းကြပြီး 3558ဧကဆိုတာ သိလိုက်ကြရတယ်။ တစ်နှစ်ကို သူမ 60,000 လောက်ပေးရမယ်။ ဆယ်နှစ်ဆိုတော့ 600,000 ပေါ့။ အဖွားယွင်ကျေးဇူးနဲ့ သူမ 4000 လောက်တော့ သက်သာသွားတယ်။ သူမလက်ထဲမှာ လေးသိန်းလောက် ကျန်သေးတယ်ဆိုတော့ ဘာအပင်စိုက်မလဲတွေးဖို့ပဲ လိုတော့တယ်။
ဇွန်လနှောင်းပိုင်းဆိုတော့ သူမ ဘွဲ့ပြန်ယူရင်း ထန်ဟုန်းလျန်နဲ့ ယွင်ဝေးဝေးကိုလည်း ပြန်ကိုင်ရဦးမယ်လေ။
ညစာစားပြီးတော့ အဖွားနဲ့အမေက ဘန်းမုန့်ဆိုင် ပြန်အိပ်ကြတယ်။ အိမ်မှာ ယွင်ယွီနဲ့ ခြံနောက်က သူမကိုမြင်တိုင်း အမြီးရမ်းပြတဲ့ ဒဏ်ရာသက်သာခါစ ခွေးနက်တစ်ကောင်ပဲ ရှိတယ်။ သူမက စုန့်ချန်းမင်းလုပ်ပေးခဲ့တဲ့ ဝါးကွပ်ပြစ်ပေါ်ထိုင်ရင်း ကြယ်တွေနဲ့ကောင်းကင်ကို ငေးနေပြီးတော်တော်ကြာမှ အိမ်ထဲပြန်ဝင်သွားတော့တယ်။ အထဲရောက်လို့ WeChat ထဲဝင်တော့ စုန့်ချန်းမင်းဆီကနေ မက်ဆေ့တစ်သီကြီး ရလိုက်ပါလေရော။
[စုန့်ချန်းမင်း: ရှောင်ယွီအာ ငါ ယူသွားတဲ့ မက်မွန်သီးတွေကို ငါလျှာနဲ့တောင် တို့ခွင့် မရလိုက်ဘူး။ နည်းနည်းပို့ပေးမလား ငါလာယူရမလား] သူက ကွေ့ယွမ်တံခါးရဲ့ အဖော်ရွေဆုံး တပည့်ပဲလေ။ အသက်က ၂၅ ဆိုတော့လည်း ငယ်သေးတာကိုး။ ယွင်ယွီက စာပြန်လိုက်တယ်။
[မြေခွေးငယ်လေး: မလာနဲ့ ငါ မြို့တော် လာတော့မှာ]
[စုန့်ချန်းမင်း: ဒါဆို မက်မွန်သီးနည်းနည်းသယ်ခဲ့ နင့်ဟာလေးတွေမရှိပဲ ငါမနေနိုင်ဘူး]
[မြေခွေးငယ်လေး: ပို့လိုက်မယ် သေချာသွားယူဖို့သတိရ]
[စုန့်ချန်းမင်း: ရေး ဒါဆို မြို့တော်ရောက်ရင် ငါ့ကိုလာရှာနော် လျောက်လည်ဖို့ ခေါ်သွားပေးမယ်]
ယွင်ယွီက သူ့ကို ပစ်ထားလိုက်ပြီး ရွှမ်ရွှယ်ချွမ်ဂရုချက်ထဲ ဝင်သွားတော့တယ်။ ဂရုထဲမှာ ပြောထားတာ သိပ်မရှိဘူး။ အများဆုံးမှ 50 ကနေ 60 အထိပေါ့။ ကြည့်ရတာ သီးသန့်ပြောနေကြတယ် ထင်တယ်။ ကျန်တာတွေက အကူအညီ တောင်းတာတွေချည်းဆိုပေမဲ့ တအားဝေးလွန်းတော့ သူမ မသွားနိုင်ဘူးလေ။ ဒါပေမဲ့ တစ်နေရာမှာတော့
“ကယ်ပါ ချန်းရွှေမြို့ ရှန်းကျန်း နံပါတ်တစ် အလယ်တန်းကျောင်း ဆရာသခင်ကို ဖိတ်ခေါ်ပါတယ်။ ယွမ်တစ်သိန်းပေးပါ့မယ်”
ကွက်တိပဲ။ ရှောင်ရှန်း တက်နေတဲ့ကျောင်းဆိုတော့ ယန်ထျန်းလန် မြင်တဲ့တစ်ခုပဲနေမှာ။ ကျောင်းက ခပ်ဆိုးဆိုးကောင်လေးတွေ လျောက်နောက်နေတယ်လို့ မထင်ကြဘူးလား။ သူမ ဆက်သွယ်လိုက်တော့ ဟိုဖက်က ချီတုံချတုံနဲ့ ပြောလာတယ်။
“ဆရာသခင်လား”
ဟုတ်ကြောင်းပြောပြီး ဘာဖြစ်လဲမေးလိုက်တော့ သူက ပြောပြလာတယ်။ သူက ရုပ်လွန်ပညာအကြောင်း သေချာမသိဘူး။ အဲတော့ အစပိုင်းမှာ ကောင်ဆိုးလေးတွေ လျောက်စနေတာလို့ ထင်ခဲ့တာ။ ဒါပေမဲ့ တွေ့တဲ့လူက များသည်ထက် များလာတော့တယ်လေ။ ပြီးတော့ တွေ့တဲ့သရဲက တစ်ပုံစံထဲတူတဲ့ မိန်းကလေးသရဲပဲ။ အဲတော့ သူတို့လည်း ကျွမ်းကျင်သူတွေခေါ်ရတော့တယ်လေ။ ယွင်ယွီကတော့ ဘာပြောရမလဲတောင်မသိဘူး ဒီကျောင်းကကျောင်းသားတွေ ကံဆိုးလွန်းမနေဘူးလား။ ယင်လေထုနဲ့ ခဏခဏထိနေကြတယ်။
ပြီးတော့ အခုလူက ဆရာရှာဖို့ ပွဲစားလိုဆိုတော့ သူက နှစိသောင်းယူရင် သူမက ရှစိသောင်းရမယ်။ သုံးသောင်းလှူပြီး ငါးသောင်းကို သူမအတွက် သူမ သိမ်းထားလို့ရပြီလေ။ သူတို့က နောက်တစ်နေ့ ညရှစ်နာရီ ကလေးတွေ ကိုယ်ပိုင်စာလုပ်ချိန် ပြီးတဲ့အချိန်ကို ချိန်းလိုက်ကြတယ်။ ညဖက်ဆို ယန်စွမ်းအင် သိပ်မရှိတော့ သရဲကလည်း ပိုထွက်နိုင်တယ်လေ။ သူမအတွက် သရဲပျောက် ရှာနေစရာ မလိုတော့ဘူးပေါ့။
ချိန်းဆိုပြီးတော့ သူမက စုန့်ကျင်းကျင်းနဲ့ ဖန်ရှန်းရှန်းတို့နဲ့အတူ ဖုန်းပြောပြီး သူမဘွဲ့ယူဖို့ မြို့တော်ကို ခဏပြန်လာမဲ့အကြောင်း ပြောလိုက်တယ်။ တခြားအကြောင်းတော့ အများကြီး မပြောကြဘူး။ သူမတို့ အိပ်ချင်လာတော့ ဖုန်းချလိုက်ကြတယ်။
နောက်တစ်နေ့မနက်မှာ ယွင်ယွီက ဆန်ပြုတ် ပဲပြုတ်ပြန်တယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ခြံစိုက် ဂေါ်ဖီကို ဆားနည်းနည်း ဆီနည်းနည်းနဲ့ ကြော်လိုက်တယ်။ အရသာက လတ်ဆတ်နေရောပဲ။ နေ့တိုင်းဆန်ပြုတ်ကနေ ဂေါ်ဖီကြော်ပါလာတော့ ယွင်ယွီက သူမကိုယ်သူမ နည်းနည်းဟင်းချက်ကောင်းလာပြီလို့ ထင်လိုက်မိတယ်လေ။ သွားရမှာက ည၈နာရီမှဆိုတော့ အခုတော့ မက်မွန်ခြံကို အသီးသွားခူးဖို့ ကြံလိုက်တယ်။
ဇွန်လနှောင်းဆိုတော့ အသီးတွေက မှည့်နေကြပြီး အကိုင်းကတောင် စောင်းချင်နေပြီ။ ဒါပေမဲ့ မမှည့်သေးတဲ့အသီးတွေတောင် ရှိသေးတာပဲ။ သူမ ခြံထဲ ဝင်ဝင်ချင်းမှာတင် ဖုန်းမြည်လာတော့တယ်။ ထုတ်ကြည့်လိုက်တော့ ခေါ်နေတဲ့လူနာမည်က ယွင်လန်။ သူမအစ်မ ယွီယွီ့မျက်မှောင် ကြုတ်သွားတော့တယ်။ ပြောရရင် ကောလိပ်ကနေ ဒီကိုပြေးလာမိတာမှာ သူမအားအနာဆုံးက သူမအစ်မကိုပဲလေ။
ပြောရရင် သူမအစ်မက တော်ပါလျက်နဲ့ အထက်တန်းမှာတင် ကျောင်းထွက်လို့ သူမကို ကျောင်းထားပေးခဲ့တယ်။ သူမကတော့ ဘာလုပ်ခဲ့မိလဲ သင်ခဲ့သမျှပညာတွေ မြို့ပြလူနေမှုဘဝတွေကို ပစ်လို့ မွေးရပ်မြေပြန်ပြီး ဇိမ်ကျကျ နေနေတယ်လေ။ ဖုန်းကျခါနီးမှ သူမက ကိုင်လိုက်ရင်း ခြောက်သွေ့နေတဲ့ အသံနဲ့
“မမ”
******