အခန်း ၃၅
Vol. 4 Ch. 35
အပိုင်း (၃၅)
"ရှောင်ယွီအာ"
ယွင်လန်ရဲ့အသံက တအားနူးညံ့တယ်။ ပြောရရင် ကျန်းနန်ရဲ့ ဝူစကားသံနဲ့ပေါင်းတော့ ပိုတောင် နူးညံ့သွားသေးတယ်။
"အလုပ်များနေပြီး ဖုန်းမဆက်မိတာ ကြာသွားလို့လေ။ ဒီနောက်ပိုင်း အလုပ်အဆင်ပြေလား"
ယွင်ယွီက သူမရဲ့ ဂုဏ်ယူရတဲ့ ညီမငယ်လေးပဲလေ။
"မမ" ယွီယွီ့လေသံက ရှုပ်ထွေးနေတယ်။ "ညီမ ချင်းဟယ်ရွာ ပြန်ရောက်နေတယ်"
"ရောက်ရောက်ပေါ့ဟယ်။ ဘာများလဲလို့ နည်းနည်းနေပြီးရင် မြို့တော် ပြန်သွားမှာပဲမလား။ ဘယ်နေ့သွားမှာလဲ ပိုက်ဆံရောရှိသေးလား။ မရှိရင် ကိုယ့်အစ်မပဲ အားနာမနေနဲ့။ အစ်မ မနေ့ကမှ လစာထုတ်ထားတာ"
သူမညီမက နေစရိတ်စားစရိတ်ကြီးတဲ့ မြို့တော်မှာနေရတော့ သူမညီမ အစားသေချာမစားရမှာ စိတ်ပူတယ်လေ။
"မမ ညီမပိုက်ဆံ မလိုပါဘူး။ ပြီးတော့" သူမအသံက ပိုပြီး သောကရောက်လာတဲ့ပုံ ပေါ်နေတယ်။ "ဟိုလေ မမ ညီမဘွဲ့လည်းရပြီဆိုတော့ ညီမကို ဆက်ထောက်ပံ့နေစရာ မလိုဘူးလေနော်။ မမပိုက်ဆံကို မမပဲ သုံးလို့ရသွားပြီ။ ပြီးတော့ မမအဲ့မှာ အိမ်ဝယ်မလား ညီမမှာ ပိုက်ဆံရှိတယ်။ စရံအတွက်ရော အကုန် ညီမ တာဝန်ယူတယ်"
ယွင်လန် ရယ်မိတော့တယ်။ "အရူးမလေး အစ်မဒီမှာ အိမ်မဝယ်ပါဘူးကွယ်။ ဈေးက ဒီလောက်ကြီးတာ"
သူမက စီရင်စုမြို့တော်မှာ နေတာဆိုတော့ ပထမတန်းစားမြို့မဟုတ်ပဲ ဒုတိယတန်းစားမြို့ဆိုပေမဲ့ မြို့လယ်နေရာတွေဆို ယွမ်သိန်းချီလောက် ပေးရသေးတယ်လေ။ မြို့စွန်တွေမှာတောင် နှစ်သောင်းက အနည်းဆုံးလေ။ အဲဒီလိုနေရာ အိမ်သွားဝယ်တာက မိသားစုကို ဂုပ်သွေးစုပ်နေသလိုပဲလေ။ ပြီးတော့ သူမရဲ့ အကြီးဆုံးဆန္ဒက သူမမောင်နှမတွေ ကောလိပ်ပြီးဖို့ပဲမလား"
"မမ ညီမပြောပြစရာ ရှိတယ်"
သူမက သူမအစ်မဆီကနေ ဖုံးထားဖို့ မရည်ရွယ်ထားတော့ အဖိုးဟူဆီကနေ ရုပ်လွန်ပညာသင်တာတွေ သူမဆောက်လုပ်ရေးဆိုက်က တိုက်ပွဲမှာ ဝင်ကူပြီး ယွမ်သန်းချီရခဲ့တာတွေ ပြောပြတယ်။ "ပြီးတော့ ညီမတို့ ဘန်းမုန့်ဆိုင်က နှစ်သောင်းကနေ သုံးသောင်းကြားလောက် ဝင်ငွေရတယ်လေ။ ထောင်ယွမ်က မက်မွန်သီးတွေကလည်း တစ်ရက်ကို ယွမ်နှစ်ထောင်ဖိုးလောက် ရောင်းရတာ။ ပြီးတော့ တောင်ထိပ်ကို စာချုပ်ချုပ်ပြီး အပင်စိုက်မယ်လေ။ တစ်နှစ် နှစ်နှစ်လောက် ကြိုးစားပြီးရင် ပိုက်ဆံက ဟောတိုက်ဝင်နေမှာ။ အဲဒါကြောင့် ညီမအိမ်မှာပဲ နေချင်လို့ပါ နော် မမ"
ဖုန်းတစ်ဖက်က ယွင်လန်က အတော်ကြာအောင် တိတ်ဆိတ်သွားပြီးတော့
"ယွီအာ သေချာစဉ်းစားပြီးပြီလား။ ဒီအလုပ်က ခက်တယ်နော်။ ထောင်ယွမ်က အသီးတွေက ဒီနှစ်ချိုတယ်ဆိုပေမဲ့ နောက်နှစ်ကျရင် ချိုချင်မှချိုမှာလေကွယ်။ ပြီးတော့ တောင်ထိပ်က တအားမကြီးလွန်းဘူးလား။ တကယ်လို့ ရိတ်သိမ်းလို့ရရင်တောင် အဲလောက်အများကြီး ဘယ်မှာသွားရောင်းမလို့လဲ။ ဒါတောင် သဘာဝဘေးတွေကို ထည့်မတွက်ရသေးဘူးနော်။ သဘာဝဘေးတွေသာလာရင် တစ်နှစ်လုံးလုပ်ခဲ့သမျှက သဲထဲရေသွန်ပဲလေ"
ယွင်ယွီက သူ့အစ်မလေသံထဲက ဝမ်းနည်းမှုကို ခံစားရတော့ ပြောလိုက်တယ်။
"မဟုတ်ဘူး မမ ညီမက ဒီလိုဘဝကို နေပျော်တာဆိုပေမဲ့ ဒီအပေါ်မှာပဲ အသက်မွေးမှာ မဟုတ်ဘူးလေ။ တခြားလူတွေကို ကံကြမ္မာဖတ်ပေးတာတို့ကနေ ပိုက်ဆံရတာပဲကို" သူမပိုက်ဆံရဖို့ အလုပ်ကြိုးစားမှာလေ။ ပြီးတော့ ချင်းဟန်မြို့မှာ သူမအစ်မကို အိမ်ဝယ်ပေးချင်သေးတာကိုး။
ယွင်လန်က ခဏစဉ်းစားပြီးတော့ ရယ်လိုက်ရင်း "ဟုတ်ပြီလေ။ ငါ့ညီမလည်း ဘွဲ့ရပြီဆိုတော့ ကိုယ့်အနာဂတ်ကိုကိုယ် ပုံဖော်ပိုင်ခွင့်ရှိတာပဲ။ ညီမရဲ့ ရှေ့လျောက်လမ်းက စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေမယ်လို့ အစ်မ ဆုတောင်းပေးတယ်နော်"
"မမ" ယွင်ယွီက ငိုချင်လာတော့တယ်။ "ကျေးဇူးတင်ပါတယ်"
သူမမိသားစုက သူမကို တကယ်ထောက်ပံ့ပေးတယ်လေ။ ပြောရရင် လေးနှစ်ကောလိပ်တက် ပြန်လာပြီး အိမ်မှာပဲနေမယ်ဆို တခြားမိသားစုသာဆို ဝိုင်းဆူကြမှာ။ အခုက သူမကို လုပ်ချင်ရာ လုပ်ခွင့်ပေးထားကြတယ်လေ။ ညီအစ်မနှစ်ယောက်က ခဏလောက် စကားပြောကြပြီးတော့ ယွင်လန် အလုပ်ပြန်လုပ်ရမဲ့အချိန်မှာ ဖုန်းချလိုက်ကြတယ်။
ပြောရရင် ယွင်ယွီက သူမအစ်မရဲ့ လေသံထဲက ပူပန်မှုကို နားလည်တယ်လေ။ ဘယ်လိုပြောပြော မြို့တော်မှာ အလုပ်လုပ်တာထက် အိမ်ပြန်ပြီး လယ်လုပ်တာက ပိုခက်ခဲတာ ဘယ်သူမဆို သိနေတာပဲကို။ လူတိုင်းက မြို့ကြီးတွေကို မသွားနိုင်သလို သွားနိုင်တဲ့လူတွေကလည်း ပြန်မလာချင်ကြဘူးလေ။
ယွင်ယွီက သစ်သီးခြံဆီကို စိတ်လွှင့်နေရင်း သွားလိုက်တယ်။ သူမ နောက်ကျ အလုပ်ဆက်လုပ်ရမယ်။ ပိုက်ဆံရှာရမယ်။ ပြီးတော့ ဒီညလည်း အလုပ်ကိစ္စ ချိန်းထားတာရှိသေးတယ်။
သူမ သစ်သီးခြံပေါက်ဝရောက်တော့ ရွှေဆွဲကြိုးကြီးကြီးနဲ့ မီးခိုရောင်တီရှပ်ဝတ်ထာတဲ့ အသက် 30အရွယ်လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ သူက မက်မွန်သီးတောင် စားနေသေးတယ်။ သူက ကျေးရွာထဲကနေ သစ်သီးတွေ လာဝယ်နေကျ သစ်သီးကုန်သည်လေ။
အဲ့လူက ခြေသံကြားတော့ လှည့်ကြည့်လာပြီး ယွီယွီ့ကို မှတ်မိသွားတယ်။ "အာ ဒီက အဖိုးရဲ့မြေးမလေးမလား ဦးလေးက ရှစ်ဖုန်းပါ။ ဒီရွာကို မက်မွန်သီးဝယ်ချင်လို့ လာခဲ့တာ။ မင်းအဖိုးက အပင်စိုက်တာ တအားတော်တာပဲ။ အရသာလည်း တော်တော်ကောင်းတယ်။ ဒီမက်မွန်ပင်နှစ်ဧကစာကို အရင်နှစ်ဈေးအတိုင်းပဲ ထားပြီး ယူပေးမယ်"
သူက စီးပွားရေးသမားလေ လျှာကဝေမှ မဟုတ်တာ။ စီးပွားရေးကို အရင်ကြည့်ရမှာပေါ့ မဟုတ်ဘူးလား။ ဒီအရသာက သူစားခဲ့သမျှထဲ အကောင်းဆုံးပဲ။ ဒါပေမဲ့ ကောင်းရုံလောက်လို့ပဲပြောရမယ်လေ။ ယွင်ယွီက
"အရင်နှစ်က ဘယ်လောက်ဈေးလဲ"
ရှစ်ဖုန်းက မျက်လုံးတစ်ချက် လည်ပြီး "အရင်နှစ်က နှစ်ယွမ်နဲ့ယူခဲ့တာ။ အခုက မက်မွန်သီးတွေက ကောင်းကောင်းရင့်မှည့်နေတော့ နည်းနည်းထပ်တိုးပေးမယ်။ တစ်ပေါင်ကို ငါးယွမ်အထိ တိုးပေးမယ်"
ယွင်ယွီ ရယ်လိုက်မိတယ်။ "ငါးယွမ်လား"
ရှစ်ဖုန်းက ခေါင်းညိတ်လိုက်တယ်။ ဒီသစ်သီးခြံက ထိုက်မိသားစုအဖိုးကြီးပိုင်တာ သူသေတော့ ဒီယွင်မိသားစုကို ပေးခဲ့တာလေ။ ပြီးတော့ ဒီကောင်မလေးက မြို့တော်မှာ ကောလိပ်သွားတက်နေတဲ့ ကလေးမမလား။ ဒီကလေးမက ဘယ်လိုလုပ် စီးပွားရေးအကြောင်းသိမှာလဲ။ ပြောတာနဲ့ ရောင်းလာရင် သူ ဒီလောက်စားကောင်းတဲ့ မက်မွန်သီးတွေကနေ အမြတ်တော်တော်ရမှာ သေချာတယ်လေ။
ယွင်ယွီက လေသံခပ်အေးအေးနဲ့ "စိတ်မကောင်းပါဘူး။ ဦးလေးရှစ် ထောင်လင်းက အသီးတွေကို ဒီနှစ်မရောင်းပါဘူး။ တခြားကနေ ယူလိုက်ပါ" ရွာထဲမှာ တခြားသစ်သီးခြံတွေ ရှိသေးတယ်လေ။
ရှစ်ဖုန်းက ယွင်ယွီကို ကလေးလိုသဘောထားတော့ သူကရယ်ရင်း "မင်းအဖွားရော ဦးလေး မင်းအဖွားနဲ့ စကားသွားပြောလိုက်မယ်"
ယွင်ယွီက လေသံမပြောင်းဘူး။ "ဦးလေး ကျွန်မအဖွားကို တွေ့မှာမဟုတ်ဘူး။ ပြီးတော့ ကျွန်မတို့ဘာသာ မက်မွန်သီးတွေကို ရောင်းလို့ရနေတာပဲကို။ ပြီးတော့ ကျွန်မတို့အသီးတွေက တစ်ရွာလုံးမှာ အကောင်းဆုံးပဲကို။ ငါးယွမ်ပဲပေးမှတော့ ရောင်းစရာ ဘာအကြောင်းမှ မရှိဘူး"
တကယ်ဆို တစ်ကမ္ဘာလုံးမှာ အကောင်းဆုံးလို့တောင် ပြောလို့ရသေးတယ်။ ပြီးတော့ သူမတို့မိသားစုစိုက်ထားတဲ့ ဖရဲသီးတွေကလည်း မှည့်တော့မှာလေ။ ဖရဲသီးတွေက ပုံမှန်ဆို နှစ်ယွမ်နဲ့ ငါးယွမ်ကြား ကျတယ်လေ။ အခုသူမတို့ဟာဆိုရင် သေချာပေါက် ငါးယွမ်ရတယ်။
"ကလေးမ ဒါက ဘယ်လောက် ထူးခြားနေပါစေ။ ဖရဲသီးကို ငါးယွမ်တောင်းတာက လောဘကြီးတာ သက်သက်ပဲလေ။ မင်းအဖွားနဲ့တော့ စကားသွားပြောရတော့မှာပဲ"
"ဦးလေးသဘောပါပဲ" ယွင်ယွီက မက်မွန်သီးတွေ စခူးတော့တယ်။
ရှစ်ဖုန်းက သစ်သီးခြံကို သူ့အိမ်နောက်ဖေးလို လှည့်လည်နေတယ်။ ပြီးတော့မှ ယွင်ယွီတို့ မက်မွန်သီးတွေ အနံ့အရသာနဲ့ ပြည့်စုံကြောင်း တွေးရင်း ယွီယွီ့အဖွားနဲ့ စကားပြောဖို့ ထွက်သွားတော့တယ်။ အဖွားကြီးနဲ့တွေ့ရင်တော့ ဈေးနည်းနည်း ထပ်တင်ပေးလိုက်ပါ့မယ်လေ။
ယွင်ယွီက မက်မွန်သီးခူးနေရင်း သူမကိုယ်ဝန်ကို သတိရသွားတော့ ခြင်းတဝက်ပဲ ခူးတော့တယ်။ သူမ ပိုဂရုစိုက်ရမယ်လေ။ သူမ အနောက်လှည့်လိုက်တော့ သူမနောက်မှာ ရပ်နေတဲ့ တစ်ကိုယ်လုံး အနက်ရောင်တွေချည်း ဝတ်ထားတဲ့ ယောက်ျားတစ်ယောက်ကို မြင်လိုက်ရတယ်။ သူမက အဲ့လို ရုတ်တရက် မြင်ရမယ် မထင်ထားတဲ့အတွက် အလန့်တကြား အနောက်ဆုတ်သွားတော့ မက်မွန်ကိုင်းနဲ့တောင် ဆောင့်မိတော့မလို ဖြစ်သွားတယ်။ တစ်ဖက်လူကလည်း သူမ အဲဒီလောက် လန့်သွားမယ်မထင်ထားတဲ့ပုံနဲ့ မက်မွန်ကိုင်းနဲ့ ဆောင့်ခါနီးဖြစ်နေတဲ့ သူမကို လှမ်းဆွဲလာတယ်။ အဲလူက ချင်ယွိစွေပဲ။
ယွင်ယွီက သူ့ဆီကနေ နည်းနည်း ပြန်အနောက်ဆုတ်လိုက်တယ်။ သူက အရပ်တအားမြင့်တော့ သူမကို လာပြီး ဖိအားဝင်စေတယ်လေ။ အဲဒီတော့ သူ့နားနေရတာ သူမ မကြိုက်ဘူး။ သူ ဝိတ်အတော်ကျသွားပေမဲ့ အရပ်က မြင့်နေတုန်းပဲ။ အဲ့နေ့ကတည်းကဆို နှစ်ပတ်လောက်ရှိပြီ။ သူ ပျောက်သွားပြီး အခုတော့ ပြန်ပေါ်လာပြန်ပြီ။
"ဆောရီး ငါခြောက်မိသွားလား" သူ့အသံက အက်နေတုန်းပဲ။ သူဒီနှစ်ပိုင်းထဲမှာ လမ်းလျောက်ရင် အသံက ဘယ်လောက်မှ မထွက်ဘူးလေ။ သူက အသီးခြင်းကို ယူပြီး
"ငါကူပေးမယ်"
ပြီးတာနဲ့ သူက မှည့်တဲ့ အလုံးတွေကို ရွေးခူးတော့တယ်။ ပြီးတာနဲ့ သူက ခြင်းတွေကို အပြင်ထုတ်ပြီး
"မြို့ထဲ သွားပို့မှာလား"
ဒီမက်မွန်သီးတွေက သူမ စုန့်ကျစ်ကျန်းဆီ ပို့မဲ့ဟာတွေ။ သုံးဘီးဆိုင်ကယ်က သူမအမေ ယူသွားတဲ့အတွက် အစက ဘတ်စ်ကားနဲ့ သွားမလို့လေ။ အခုတော့ သူမ ခေါင်းသာ ညိတ်ပြလိုက်တော့တယ်။
ချင်ယွိစွေက ခြင်းကိုသယ်ရင်း "ငါ ပို့ကူပေးမယ်" ပြောရရင် ခြင်းနဲ့ ယွင်ယွီက လုံးဝကြည့်ရ အဆင်ပြေမနေဘူးလေ။ ခြင်းကကြီးပြီး လူကသေးနေတာကိုး။ သူမက သူ့ကို ကျေးဇူးသာ တင်လိုက်တော့တယ်။ သူမ အိမ်ပြန်ရောက်တော့ အိမ်ရှေ့မှာ ကားတစ်စီး ရပ်ထားပြီး ကားက ဂျစ်ကား။ ဘယ်သူ့ကားလဲ တွေးနေတုန်းပဲရှိသေးတယ် ချင်ယွိစွေက ကားတံခါးဖွင့်လို့ အသီးခြင်းကို ထည့်ပြီး ပြန်ပိတ်။ ပြီးမှ ကားဘေးတံခါးကို သူမအတွက် ဖွင့်ပေးလာတယ်။
သူမလည်း ဝင်ထိုင်ရင်း ကျေးဇူးတင်စကားပဲ ပြောလိုက်တော့တယ်။
******