← Chapters

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈

Vol. 4 Ch. 38

38 01

အပိုင်း (၃၈)

သူတို့သုံးယောက်က ဧည့်ခန်းထဲပြန်လာပြီးတော့ အဖွားက စပြောတယ်။ “ဒီပိုက်ဆံက ရှောင်ချင် အခုအိမ်ဆောက်ဖို့အတွက်‌ဆိုပေမဲ့ ပိုက်ဆံက လက်တလောမရှိဘူး။ အဲတော့ ငါတို့ချေးရအောင်။ ပြီးရင် ဘန်းမုန့်ဆိုင် တစ်လအမြတ်နှစ်သောင်းကို သူ့ကို လစဉ်ပေးသွားလို့ရတယ်လေ”

“အဖွား ကျွန်မမှာ ပိုက်ဆံ သိန်းနည်းနည်းရှိတယ်။ အရင်သုံးလိုက်ပါလား”

ပြီးတော့ ချင်ယွိစွေလား အိမ်ကို သာမန်ပစ္စည်းတွေနဲ့ဆောက်မှာ။ သန်းတစ်ဝက်ဆိုတာ သူလျော့ ပြောထားတာလေ ဘယ်သူသိမှာလဲ။ အဲ့ထက် နှစ်ဆ မဟုတ်ရင် သုံးဆတောင် ဖြစ်နိုင်သေးတယ်။ သူမမိသားစု သိသွားရင် ဖိအားများရုံကလွဲရင် ဘာမှထူးမှာမဟုတ်တော့ သူမလည်း ပြောမနေတော့ဘူး။ သူမဘာသာ သူ့ကိုပြန်ပေးဖို့ မဟုတ်ရင် သူ့ကိုယ်ပေါ်က မိစ္ဆာတွေကို ကိုင်တွယ်ပေးလိုက်မယ်လေ။

“ဘယ်ရမလဲ” အဖွားက ငြင်းတယ်လေ။ “အပင်မျိုးစေ့တွေ ဝယ်ရဦးမယ်မလား။ ပြီးတော့ လက်ထပ်မဲ့လူက သူ့ခန်းဝင်ပစ္စည်းသူ ပြင်တာမျိုး ခွင့်ပြုစရာလား။ မပူနဲ့ နှစ်သိန်း ချေးလိုက်ပေမဲ့ တစ်လဝင်ငွေက ငါးသောင်းလောက်ရှိတာပဲ ပြန်ဆပ်ရတာမြန်မှာပါ”

ဖုန်းရှုကျန်းကလည်း “သမီးအဖွားပြောသလိုပဲ အပင်မျိုးစေ့တွေ ဝယ်ရဦးမယ်မလား။ အဲဒါအရင်လုပ်လေကွယ်”

ယွင်ယွီက ပိုက်ဆံပေးချင်ပေမဲ့ သူမအမေနဲ့ အဖွားက အတင်းငြင်းနေတော့ နောက်ဆုံး သူမပဲ ဒေါသထွက်ရတော့တယ်။ နောက်ဆုံးတော့ သူမမိသာစု ငွေချေးတဲ့လူဆီ ပြန်သွားပြီး သူမမိသားစုအစား ငွေပြန်ဆပ်လိုက်တော့မယ်လေ။

ချင်ယွိစွေက ဆောက်လုပ်ရေးဆိုက်ထဲ ဝင်သွားတော့ ထသွားထလာအဝတ်အစားနဲ့ ရွှေကိုင်းမျက်မှန် တပ်ထားတဲ့ လူတစ်ယောက်နဲ့ ကြုံတော့တယ်။ သူကရယ်ရင်း “အစ်ကိုချင် ခင်ဗျားဒီလို တောကြိုတောင်ကြားထဲ တကယ်နေမလို့လား”

ချင်ယွိစွေက ခေါင်းညိတ်ရင်း “‌အိမ်ဆောက်တာက ဘယ်လောက်ကြာမယ်တဲ့လဲ”

အဲ့လူက “ဘယ်လိုလုပ် အဲ့လောက်မြန်မှာလဲဗျ။ မြေတိုင်းရမယ် မြေအမျိုးအစားအလိုက် အိမ်ဒီဇိုင်း ပြောင်းရတာတောင် ရှိနိုင်သေးတယ်။ ဘာလို့ အဲ့လောက်လောနေတာလဲ။ ပြီးတော့ ဘယ်လိုလုပ်ပြီး ဘေးအိမ်ကနေ ထွက်လာတာလဲ”

သူ့နာမည်က ရွီလန်ထင်း။ သူနဲ့ ချင်ယွိစွေက မူလတန်းကနေ အခုအရွယ်အထိ တပူးပူတတွဲတွဲနဲ့ ကြီးလာတာလေ။ သူငယ်ငယ်က အနိုင်ကျင့်ခံရတော့ ချင်ယွိစွေက ကူညီပေးတယ်လေ။ ကြီးလာတော့ ချင်ယွိစွေက စစ်တက္ကသိုလ်သွားတက်ပြီး သူကတော့ ဗိသုကာပညာယူလိုက်တယ်။ ရွီမိသားစုက ပိုက်ဆံလိုမနေရင်တောင် သူ့ဆီကနေ အိမ်ဒီဇိုင်းရဖို့ အသည်းအသန် ကြိုးစားကြမဲ့လူတွေရှိနေတယ်လေ။ ဒါတောင်မှသူက တောကြိုတောင်ကြားမှာ ဗီလာဒီဇိုင်း လာဆွဲနေသေးတယ်။

“ဒါဆို မြန်မြန်လုပ်လေကွာ”

ရွီလန်ထင်းက “ဒီမှာနေမှာဆိုတော့ တာဝန်တွေ လုပ်စရာမရှိဘူးလား” သူက ချင်ယွိစွေက အလုပ်သရဲဖြစ်ပြီး လုံးဝမနားတမ်း အလုပ်လုပ်တတ်တော့ သူ အခုလိုလာနေတာကို တော်တော်အံ့ဩနေတယ်လေ။

မနေ့က ဒီလူက သူ့ကိုဖုန်းခေါ်ပြီး အိမ်ဒီဇိုင်းလာအပ်တော့ နေရာကိုလည်းသိရော သူ ဘယ်လောက်လန့်သွားတယ်ဆိုတာ ပြောစရာတောင်မလိုဘူး။

“ခွင့်ယူလာတာ” ချင်ယွိစွေက အေးအေးဆေးဆေးပဲ ပြန်ပြောလိုက်တယ်။ သူ အဲ့လိုပြောတော့ ရွီလန်ထင်းက “မင်း နည်းနည်း ပိုရှင်းပြပါလား။ မင်းဟာက အရင်းမရှိအဖျားမရှိနဲ့” သူက ချင်ကျားယီရဲ့ အကြီးဆုံးသားက ဒီလိုနေရာမှာနေဖို့ ခွင့်တောင် ယူလာတယ်ဆိုတာကို မယုံနိုင်နေဘူး။

ချင်ယွိစွေက ထပ်ပြောပြန်တယ်။ “ဇနီးလောင်းက ဒီမှာမလို့”

ရွီလန်ထင်းက လဲပါသေချင်သွားတယ်။ သူသာ ရေသောက်နေရင် လဲမသေဘဲ လန့်လွန်းလို့ ရေသီးပြီး သေလိမ့်မယ်ထင်တယ်။ “ဘာ… ဇနီးလောင်း အစ်ကိုချင် မင်းမှာ ဇနီးလောင်းရှိတယ်ပေါ့။ ဘယ်မှာလဲ ဘယ်သူလဲ” သူသိတဲ့ချင်ယွိစွေက ယင်မတောင် မသမ်းဖူးတဲ့ လူလေ။ ချက်ချင်းကြီး ဇနီးလောင်းက ပေါ်လာတော့ သူမအံ့ဩဘဲ နေပါ့မလား။

38 02

ဒီကိစ္စသာ ချင်ဘိုးတော်နှစ်ယောက် သိသွားရင် ဘယ်လိုဖြစ်လာမလဲ တွေးကြည့်လို့ရတယ်လေ။

ချင်ယွိစွေက အနားက လယ်သမားအိမ်လေးကို လှမ်းကြည့်လိုက်တော့ ရွီလန်ထင်းက ချက်ချင်းသဘောပေါက်သွားတော့တယ်။ “အစ်ကိုချင် မင်းဒီမှာနေဖို့လုပ်တာက မင်းဇနီးလောင်းက ဘေးအိမ်က မလိုလား ချင်ကျားလုံတို့ သိသွားရင် ဘယ်လိုလုပ်မလဲ”

သူက အဲဒီကောင်မလေး ဘယ်လိုမျိုးလဲဆိုတာ ပိုတောင်စိတ်ဝင်စားသေးတယ်။

ချင်ယွိစွေက “ငါ ဘယ်သူနဲ့ လက်ထပ်ထပ် သူတို့ကိစ္စ မဟုတ်ဘူး”

သူ့အဖိုးသာ ရှိသေးရင် သူ့ကို တားမှာမဟုတ်ဘူး။ ပြီးတော့ သူကလည်း သွားပြောရမှာ။ အခုတော့ သူ့အဖိုး မရှိတော့ဘူးဆိုတော့ ဘယ်သူ့ကိုမှ သူ့လက်ထပ်ပွဲကိစ္စ ပြောစရာမလိုဘူးလေ။

ရွီလန်ထင်းက သူ့သူငယ်ချင်းက မိသားစုနဲ့ အဆင်မပြေကြောင်းသိတော့ ဘာမှမပြောဘူးလေ။ သူက ဂုဏ်ပြုဖို့ပဲ တတ်နိုင်တယ်လေ။

“ဒါဆို ငါမရီးကို လိုက်တွေ့မယ်လေ”

“မင်းက အားတာလည်း မဟုတ်ဘူး” ချင်ယွိစွေကပြောပြီး ပြန်ဝင်သွားတော့တယ်။ ရွီလန်ထင်း ငိုချင်သွားတော့တယ်။ သူက အလုပ်ပြီးမှ သွားလည်ဖို့ကြံပြီး သူ့လက်ထောက်ကို လက်ဆောင်ပြင်ဖို့ ပြောလိုက်တော့တယ်။

ချင်ယွိစွေ ပြန်ရောက်တော့ အဖွားက ယွင်မောက်ကျုံးကို ဖုန်းခေါ်ပြီး ဆွေနွေးစရာရှိလို့ နောက်ရက် အိမ်ကို လာဖို့ ပြောထားပြီးပြီ။ အဖွားယွင်က သူ့သားလတ်က ထပ်တစ်ခါလက်ထပ်ပြီး ကလေးတောင် ရနေပြီမလို့ သူ့ဆီကနေ ဘာမှမျှော်လင့်လို့မရမှန်း သိတယ်လေ။ အဲ့နောက်တော့ တခြားအကြီးဆုံးတွေဖြစ်တဲ့ မောက်ကျုံး၊ မေကျင်းနဲ့ ရှန်းဟွေ့ကို ခေါ်လိုက်တော့တယ်။

ယွင်ရှန်းဟွေ့က ယွင်ယွီရဲ့ အဒေါ်ငယ်လေ။

နေ့ခင်းဖက် အလုပ်ရှုပ်အပြီးမှာ ချစရာပစ္စည်းတွေ ချပြီးပြီမလို့ ရွီလန်ထင်းရဲ့ ဒီဇိုင်းပြီးတာနဲ့ သူတို့အိမ် စဆောက်လို့ရပြီလေ။ ရွီလန်ထင်းက မြေပြင်အနေအထားကို စစ်ဆေးပြီး သူ့ဒီဇိုင်းကို တအားသီးသန့်ဆန်တာမျိုး မဟုတ်တဲ့ နွေးနွေးထွေးထွေး ဒီဇိုငိးမျိုးဖြစ်အောင် ပြင်ဆင်တယ်။ပြီးတာနဲ့ သူ့လက်ထောက် ယူလာပေးတဲ့ လက်ဆောင်ကိုယူလို့ ယွင်မိသားစုအိမ်ကို သွားတော့တယ်။ သူကားထဲကထွက်တော့ မိုးက ရွာမနေတော့ပေမဲ့ မြေသင်းနံ့ခပ်မွှေးမွှေးက သူ့ကို သက်တောင့်သက်သာ ခံစားချက်ကို ရစေတယ်လေ။

သူက လက်ဆောင်ကိုကိုင်လို့ မင်ပန်းချီလေးနဲ့တူနေတဲ့ အိမ်လေးဆီကို လျောက်သွားတဲ့အချိန်မှာ အထဲကနေ ခွေးဟောင်သံကြားလို့ သူ တွန့်သွားတော့တယ်။ ဒါပေမဲ့ ချင်ယွိစွေက လုံ့ဝ အံ့ဩမနေတဲ့မျက်နှာနဲ့ တံခါးလာဖွင့်ပေးတော့တယ်။

အထဲကိုဝင်ပြီးတော့ ဝင်လာတာ ဧည့်သည်မှန်း သေချာအောက်ကြည့်ပြီးမှ သူ့ကို ကျောပေးအိပ်သွားတဲ့ ခွေးနက်တစ်ကောင်ကို မြင်လိုက်ရပါလေရော။ အဖွားနဲ့ အမေက သူ့ကို အတော်လေး စိတ်ဝင်စားနေတာလေ။ ‌”ဒါက ရှောင်ရွီပဲဖြစ်ရမယ်၏။ ရှောင်ချင်က နေ့လယ်ခင်းက ပြောထားပြီးသား”

ယွင်ယွီက ထွက်လာပြီး နှုတ်ဆက်လိုက်တယ်။ “အစ်ကိုရွီ မင်္ဂလာပါ”

ရွီလန်ထင်းက ယွင်ယွီကို ကြည့်လိုက်တော့ သူ့ဘော်ဒါရဲ့ ပါးစပ်ထဲက ဇနီးလောင်းလေးဆိုတာပဲ ဖြစ်မယ်ဆိုတာ တန်းသိလိုက်တယ်။ နူးညံ့ပြီး အပြစ်ကင်းတဲ့ရုပ်လေး မျက်နှာက ပြည့်စုံအောင် မဖွံ့ဖြိုးသေးပေမဲ့ အသက်က ပြည့်လောက်ပြီဆိုတော့ ကောလိပ်ကျောင်းသူအရွယ်လောက် ဖြစ်လိမ့်မယ်လေ။ အကုန်လုံး ခြုံကြည့်လိုက်တော့ တကယ့်အလှလေးပဲ။

“လခွမ်း လှချက်ပဲဟ”

ယွင်ယွီက “အစ်ကိုရွီ ကြိုဆိုပါတယ် ညစာအရင်စားရအောင်”

ညနေစာက အိမ်ချက်လက်ရာတွေချည်းပဲ။ ချင်ယွိစွေက သူတို့မင်္ဂလာအိမ်ကို ဒီဇိုင်းဆွဲကူပေးတဲ့ သူငယ်ချင်းလာမယ်ပြောတော့ မိသားစုကလည်း သူ့ကို သေချာပေါက် ကောင်းကောင်း ဆက်ဆံမှာပဲလေ။

အဖွားယွင်က ရွာထဲကနေ တစ်ပေါင်ကို ယွမ်၄၀လောက်ပေးရတဲ့ ဈေးကြီးတဲ့ ငါးခူအသေးမျိုးကို သွားဝယ်လာတယ်။ အရိုးနွင်ပြီး စပ်စပ်လေး ချက်လိုက်တယ်။ အသားဟင်းလည်း တစ်ခွက်ပါတယ်လေ။ အဲဒါအပြင် ငါးကြင်းကင်၊ မျှစ်ကြော်၊ အမဲချိုချဉ်၊ ကြက်ဥဟင်းချိုနဲ့ အသီးအရွက်ဟင်းတချို့က ဟင်းပွဲ ကိုးပွဲလောက် ရသွားစေတယ်လေ။

သာမန်အကျဆုံး အိမ်ချက်လက်ရာဆိုပေမဲ့ ရွီလန်ထင်းက ဝင်ကတည်းက အနံ့ရလို့ သွားရည် ယိုနေပြီးပြီလေ။ အဲ့လိုသာဆို သူ ပန်းကန်ပါ ကိုက်စားရမာ်ဆိုရင်တောင် စားမှာပဲလို့ တွေးမိတဲ့အထိ ဗိုက်ဆာသလို ခံစားလာရစေတယ်လေ။ ဒီလိုမျိုးအရသာ ရှိနေမှတော့ အရှက်ငဲ့ပြီး စားနေမဲ့အစား ဝအောင်ပဲ စားတော့မှာပေါ့။

38 03

ညစာစားပြီးတော့ ယွင်ယွီက သူတို့ကို မက်မွန်သီးခွဲပေးပြီး အေးဆေး စကားပြောစေတယ်။ သူတို့က ထိုင်နေရင်း ရောက်တက်ရာရာ ပြောနေကြရင်းနဲ့ ရွီလန်ထင်းက မက်မွန်သီးတစ်ပန်းကန် ကုန်အောင် စားပြီးတော့ ပြောလာတာက “မင်း ဒီမှာဘာလို့နေချင်လဲ ငါ သိသွားပြီ”

တိတ်ဆိတ်ငြိမ်သက်နေတဲ့ သုခဘုံလေးလိုပဲလေ။

စားစရာ၊ မြင်ကွင်း၊ ရေရောမြေပါကောင်းတာမျိုးကိုမှ တကယ့်သုခဘုံပဲလေ။ ဒါပေမဲ့ အပျော်အပါး ကြိုက်တဲ့သူ့အတွက်တော့ ဘားတွေနဲ့ နိုက်ကလပ်တွေမရှိတာက မပြည့်စုံနေသလိုပဲလေ။ ဒါပေမဲ့ ဒီလိုနေရာက ခဏတဖြုတ် သူ့စိတ်ကို အနားပေးလို့ ရတယ်လေ။

“စားပြီးရင် ပြန်တော့”

“ဟေ့ ဟေ့ ငါပြန်မှာ မပြန်ခင်တော့ မင်းကို ဒီဇိုင်းပုံကြမ်း ဆွဲလာတာ ပြဦးမယ်”

“ကောင်းပြီ”

“မင်း ကျေနပ်ရင် မနက်ဖြန်ကျ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုခုကိုခေါ်ပြီး ဆောက်ခိုင်းလိုက်တော့မယ်” ဒီဇိုင်းအရဆို အိမ်က သေးရင်တောင် လိုအပ်တာအကုန်ပါပြီး ကျယ်ကျယ်ဝန်းဝန်း ရှိတယ်လေ။

မှောင်လာတော့ ရွီလန်ထင်းက မိုးပေါ်မော့ကြည့်ရင်း “မင်း ဒီဇိုင်းကြည့်ပြီးရင် ငါပြန်တော့မယ်။ အတွင်းပိုင်းအလှဆင်တာက ငါလက်ဖွဲ့မယ်ကွာ။ ငါ့အင်ဂျင်နီယာက ဒီဇိုင်းတောင် တွေ့ထားပြီ မင်း ဒီဇိုင်းကျေနပ်ရင် မနက်ဖြန်ကျ ဖောင်ဒေးရှင်းချဖို့ မြေတူးထားလို့ရပြီ” သူပြန်တော့ အဖွားက ဖရဲသီးနှစ်လုံး လက်ဆောင် ထည့်ပေးလိုက်တယ်။ သူကလည်း ဟန်ဆောင်ပြီး ငြင်းမနေတော့ဘဲ ကျေးဇူးတင်စကားပြောပြီး ယူသွားတော့တယ်လေ။

သူ ထွက်သွားပြီးတော့ ယွင်ယွီက သူမအမေခြေထောက်ကို နှိပ်ပေးလိုက်တယ်။ သူမအမေက ငြင်းသေးပေမဲ့ သူမက မလွှတ်ဘဲ “နှိပ်တာက ကောင်းပါတယ် အမေရဲ့”

နောက်ဆုံးတော့ အမေယွင်က သူမသမီးကို သူမနိုင်အောင် မပြောနိုင်တော့ သူမခြေထောက်ကို နှိပ်ခွင့်ပြုလိုက်ရပြီး သားအမိနှစ်ယောက် ခဏစကား ပြောနေကြတယ်လေ။ အမေယွင်က ခံစားချက်အပြည့်နဲ့ “ယွီအာတောင် ကြီးလာပြီပဲ ဘာလိုလိုနဲ့ လက်ထပ်တော့မယ်။ နေရာက အမေတို့နဲ့နီးတော့ ဘယ်သူမှလည်း အနိုင်ကျင့်မှာ မဟုတ်ဘူး”

ယွင်ယွီက ရယ်ရင်း “အမေ့သမီးကို ဘယ်သူက အနိုင်ကျင့်ရဲမှာတဲ့လဲ”

သူမက သူမသမီးဆီက စကားကိုကြားတော့ ရယ်မိတယ်။ ပြောရရင် သူမကတော့ ယွီယွီ့ကို ပျော်စရာဘဝလေးပဲ ရစေချင်တယ်လေ။ နည်းနည်းကြာပြီးတော့ သူမတို့က အိပ်လိုက်ကြတော့တယ်။ မိုးကပြန်ရွာလာတော့ ယွင်ယွီက အိပ်ယာထဲခွေနေရင်း မိုးသံကိုနားထောင်လို့ အတိတ်ဆီ အတွေးတွေလွှတ်ထားပြီး အိပ်ပျော်သွားတော့တယ်။

ယွင်မိသားစုဟောင်းက အိပ်ပျော်သွားကြပေမဲ့ ချန်းရွှေမြို့ပေါ်က ယွင်မောက်ကျုံးတို့မိသားစုကတော့ မအိပ်သေးဘူးလေ။ ယွင်မောက်ကျုံးက ညရေချိုးပြီးတော့ ထွက်လာရင်း မျက်နှာကို အသားရေလှ မျက်နှာဖုံး ကပ်နေတဲ့ သူ့မိန်းမနဲ့ ဂိမ်းကို သည်းကြီးမည်းကြီး ဆော့နေတဲ့ သူ့သမီးကို ပြောလိုက်တယ်။ “အမေက ဆွေးနွေးစရာရှိလို့ ပြန်လာဖို့ ခေါ်ထားတယ် မန်နီမနက်ဖြန် ပြန်လိုက်ခဲ့။ ပြီးတော့ မေကျင်း သမီးရောပဲလိုက်ခဲ့ရမယ်”

“အမေက ဘာလို့ပြန်လာခိုင်းတာလဲ မပြောဘူးလား” ထန်မန်နီက သူမမျက်နှာဖုံးကိုခွာလို့ မျက်နှာဖုံးကနေကျန်ခဲ့တဲ့ အရည်တွေကို မျက်နှာပေါ်က သုတ်ရင်း မေးလိုက်တယ်။

ယွင်မောက်ကျုံးက ခေါင်းယမ်းပြီး “မပြောဘူး။ ဒါပေမဲ့ အမေတို့က မြို့ထဲမှာ ဘန်းမုန့်ဆို င်ဖွင့်ထားတယ်တဲ့။ အဲဒါပြန်သွားကြည့်ရင်း အိမ်စိုက်အသီးအရွက်လေးဘာလေး မလာရအောင်လေ အမေ့ကို မတွေ့တာကြာတော့လည်း တွေ့ချင်တယ်ဟ လိုက်ခဲ့မယ်မလား”

ထန်မန်နီက ရွာကနေ အရင်တစ်ခါပြန်သယ်လာတဲ့ အသီးအရွက်တွေက ချိုမှန်းသတိရသွားပြီး ခေါင်းညိတ်ပြလိုက်တယ်။ “ဟုတ်ပြီလေ မနက်ဖြန်ကျွန်မ အလုပ်နားပြီး လိုက်ခဲ့မယ် မေ့ကျင်းလည်း....”

“သမီးမသွားဘူး” ယွင်မေကျင်းက မော့ကြည့်မလာဘဲ ဆက်ပြောတယ်။ “ဒီရက်ပိုင်း မိုးတအားရွာနေတော့ သမီး အိမ်ထဲက မထွက်ချင်ဘူး။ အဖေတို့ပဲသွား”

ထန်မန်နီက “မနက်ဖြန် နေပွင့်မှာပါ။ ပြီးတော့ သမီး ကျောင်းထဲနဲ့ အိမ်ထဲချည်းနေနေတာ ကြာရင်ချိနဲ့ ကုန်လိမ့်မယ်။ လေကောင်းလေသန့်ရှုရင်း ခြေဆန့်လက်ဆန့် လုပ်ရအောင်။ ရွာလိုက်ခဲ့”

ယွင်မေကျင်း ဘာမှမပြောရဲတော့ဘူး။ သူမက သူမအဖေကို ဂျီတိုက်ရဲပေမဲ့ သူမအမေကိုတော့ ဘာမှမပြောရဲဘူးလေ။ နောက်နေ့မနက်အစောကြီးမှာ သူမက အိပ်ယာကနေ အတင်းဆွဲထုတ်လို့ အဝတ်အစား အတင်းလဲခိုင်းပြီး မနက်စာတောင် မစားရပဲ ချင်းဟယ်ရွာသွားတဲ့ လမ်းပေါ် ရောက်သွားပါတော့တယ်။ လမ်းမှာတော့ ယွင်မောက်ကျုံးက

“မြို့ထဲက ဘန်းမုန့်ဆိုင်မှာ သွားစားရအောင်။ အမေက နေရာပြောထားတယ်”

38 04

ယွင်မေကျင်းကတော့ မကျေမနပ်နဲ့ ရေရွတ်ရုံပဲ တတ်နိုင်တော့တယ်။ “ဘန်းမုန့်က ဘာကောင်းမှာကျလို့....”

“နင်နော် မေ့ကျင်း” ထန်မန်နီက ပြောလိုက်တယ်။ “နင့်အဖွား အိမ်ပြန်ရောက်လို့ ဒီလိုမျက်နှာပေးမျိုးဆို နင့်ကို ငါ ဖြတ်လေးဖြတ် ဖြတ်မှာ”

ယွင်မေကျင်းခမျာ ချက်ချင်းမတ်မတ်ထိုင်လို့ ခပ်ကျယ်ကျယ် ပြောရတော့တယ်။ “သမီးက အဖွားလက်ရာ ဘန်းမုန့်မစားရတာ ကြာနေပြီ။ သမီးများများစားမှာပါ”

ချန်းရွှေမြို့ကနေ မြို့ငယ်ဆီကို မိနစ်လေးဆယ် မောင်းရတယ်လေ။ မြို့အဝင်က သေခါနီးအပင်အိုကြီး အညွန့်သစ်တွေ ထွက်နေတာမြင်တော့ ယွင်မောက်ကျုံးက အံ့အားတကြီးနဲ့ ရွတ်လိုက်မိတယ်။ “ဟေ ဒီသစ်ပင်အိုက ခြောက်သွားတာကြာလှပြီကို အခုမှ အညွန့်သစ် ထွက်နေသဟ”

အနောက်ခုံက နှစ်ယောက်ကလည်း လှည့်ကြည့်မိတော့တယ်။ ထန်မန်နီက “သစ်ပင်‌က ပြန်ရှင်လာတာပဲ”

သူမယွင်မောက်ကျုံးနဲ့ တွဲနေတုန်းကဆို သူမတို့က ဒီသစ်ပင်အောက်လာပြီး အနာဂတ်အကြောင်းတွေ ဖြစ်ချင်တာတွေကို ပြောလေ့ရှိကြတယ်လေ။ အပင်အိုကို ကျော်သွားတာနဲ့ ထန်မန်နီနဲ့ ယွင်မောက်ကျုံးက နည်းနည်းဝမ်းနည်းနေတယ်။ ယွင်မေကျင်းကတော့ သူမမိဘတွေ ဘာဖြစ်နေလဲမသိဘဲ အပင်အို အရွက်သစ် ထွက်တာလို့ပဲ တွေးမိလိုက်တယ်။ မြို့ထဲရောက်လာတော့ ယွင်မောက်ကျုံးက လမ်းတွေရင်းနှီးနေတော့ ဘန်းမုန့်ဆိုင်ကို ခပ်မြန်မြန်ပဲ တွေ့သွားတယ်။ အဖွားယွင်က အလုပ်ကို ဇယ်ဆက်သလို လုပ်နေပြီး သူမရှေ့မှာတော့ ဘန်းမုန့်တွေကို တန်းစီပြီးလာဝယ်တဲ့ လူအုပ်ကြီး ရှိနေတယ်။ ယွင်မောက်ကျုံးတို့မိသားစုက တော်တော်လေး အံ့ဩသွားတော့တယ်။ ဘန်းမုန့်ကို တန်းစီပြီးတောင် ဝယ်ရတယ်လား။

အဖွားယွင်က သူမအကြီးဆုံးသားမိသားစုကို မြင်တော့ “မန်နီတို့လာပြီပဲ။ လာထိုင် ဘန်းမုန့်တွေ စားလိုက်ကြ”.

“ကျွန်မ လုပ်ပေးလိုက်မယ် အမေ”

ဖုန်းရှုကျန်းက ပန်းကန်အသန့်ထဲကို ခေါက်ဆွဲထည့်ပြီး ဘန်းမုန့်တစ်ပန်းကန်နဲ့ သွားချပေးလိုက်တယ်။

ယွင်မောက်ကျုံးက ဆိုင်ကိုကြည့်တော့ ဆိုငိက တခြားမနက်စာဆိုင်တွေဆို ဆီချေးတွေ ကြပ်ခိုးတွေနဲ့ညစ်ပတ်မနေတဲ့အပြင် စားပွဲနဲ့ ထိုင်ခုံ တွေက သန့်ရှင်းပြီး စားပွဲပေါ်မှာ နှင်းဆီ အနီတစ်ပွင့် အပန်းတစ်ပွင့်ထိုးထားတဲ့ ပန်းအိုးလေးတောင် ရှိသေးတယ်။

ဖုန်းရှုကျန်းက “အစ်ကို အစ်မ စားကြပါ” ယွင်မောက်ကျုံးက “ငါ့ညီမ ဒီဆိုငိက သန့်နေတာပဲ”

“ယွီအာလက်ချက်တွေလေ” ဖုန်းရှုကျန်းက ရယ်ရင်း “သူက ဒီဆိုင်ဖွင့်ဖို့ အကြံပေး သူပဲ ဒီအတွင်းပိုင်း အပြင်အဆင်ကို လုပ်သွားတာ အစ်ကိုတို့ ပူတုန်းစားလိုက်ကြ။ ကျွန်မ ရေနွေးသွားခပ်ခဲ့မယ်”

ရေနွေးသုံးခွက် ခပ်ပေးပြီးတဲ့နောက် သူမက သူတို့မနက်စာ စားတာကိူ ဆက်မနှောက်ယှက်တော့ဘူးလေ။

ထန်မန်နီက အသန့်ကြိုက်လွန်းပေမဲ့ ပန်းကန်က သန့်နေတာမြင်တော့ သူမက တူကို ယူလိုက်ရင်း “ဒီဘန်းမုန့်က အရသာရှိတယ်”

ယွင်မောက်ကျုံးက နည်းနည်းမြည်းကြည့်ပြီးတော့ ဘန်းမုန့်တစ်လုံးကို သုံးလုတ်နဲ့ အပြတ်ရှင်းတော့တယ်။ယွင်မေကျင်းကတော့ ဘာမှမပြောတော့ဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အမြန်စားနေတယ်။

စားပြီးတော့ သူမမိဘတွေ ပန်းကန် သွားသိမ်းနေတဲ့အချိန် ယွင်မေကျင်းက သူမဖုန်းကို ထုတ်လို့ ထပ်နှိပ်ပြန်တယ်။ ခဏလောက်နေတော့ သူမအမေရဲ့အသံကို ကြားလိုက်ရတယ်။ “ယွီအာ ရောက်လာပြီပဲ”

ယွင်မေကျင်းက မော့ကြည့်လိုက်တော့ သူမဝမ်းကွဲက ခပ်ချောချောလူနဲ့ အတူတွဲလာနေတာကို မြင်လိုက်ရတယ်။ သူမဖုန်းကို ချလိုက်တဲ့အချိန်မှာ သူမဝမ်းကွဲ မိတ်ဆက်ပေးတာ ကြားလိုက်ရတယ်လေ။ “ဦးလေး ဒါကျွန်မကောင်လေးပါ။ ချင်ယွိစွေတဲ့”

“မင်္ဂလာပါ ဦးလေး ဒေါ်လေး”

ထန်မန်နီက အံ့ဩသွားတဲ့ပုံနဲ့ “ယွီအာမင်းအကြောင်း တစ်ခါမှ မပြောဖူးဘူးဘဲ”

******

All Chapters