← Chapters

အခန်း ၄၁

Vol. 5 Ch. 41

အခန်း ၄၁

Vol. 5 Ch. 41

41 01

အပိုင်း (၄၁)

ယွင်ယွီက “ရှင်ဒီလို အနိုင်ကျင့်ခံရတာက ရှင့်မှာ ရက်စက်တဲ့စိတ် မရှိလို့ပဲလေ။ တစ်ဘဝလုံး ကောင်းအောင်နေလာပြီးမှ ဒီလိုလုပ်တော့မလို့လား”

ဒီအဖွားအိုက သနားဖို့ ကောင်းလွန်းတယ်။

“ဆရာသခင်” ယောင်ကျင်းလန်က ဘာဖြစ်လို့ဖြစ်နေမှန်းမသိတော့ လောနေပြီလေ။ ယွင်ယွီက နှာမှုတ်လိုက်ရင်း ယောင်ကျင်းလန်နှဖူးကို တို့ရင်း ပြောလိုက်တယ်။ “ဒါဆို မျက်စိ ဖွင့်ပေးရတာပေါ့”

ယွင်ယွီ လက်ဖယ်လိုက်တာနဲ့ ယောင်ကျင်းလန်က ဧည့်ခန်းစားပွဲနားမှာ သူမယောက္ခမက ထူးထူးဆန်းဆန်းပုံစံနဲ့ ရပ်နေတာကို မြင်လိုက်ရတယ်။ နှဖူးပေါ်က အပေါက်ဆီက‌ သွေးတွေက မျက်လုံးထဲကတစ်ဆင့် မျက်နှာပေါ် စီးနေတဲ့ ပုံကိုမြင်လိုက်ရတော့ ယောင်ကျင်းလန်က တအားကြောက်သွားပြီး အော်လိုက်တယ်။ ဒါပေမဲ့ ကြောင်လွန်းလို့ ဘာအသံမှ ထွက်မလာတော့ဘူး။

ယောင်ကျင်းလန်ရဲ့ ယောက္ခမ ဖန်းကွေ့ယင်းက သူမဆီကို ထူးထူးဆန်းဆန်းပုံနဲ့ လွှင့်မြောလာတော့တယ်။ ဖန်းကွေ့ယင်းက သူမကို လည်ပင်းညစ်မလို လုပ်ပြတော့တယ်။ အဲ့အချိန်မှာ လူကောင်ခပ်သေးသေး ယောက်ျားတစ်ယောက်က အခန်းထဲက ထွက်လာပြီး မယုံနိုင်တဲ့မျက်နှာနဲ့ “ဆရာသခင် ကျွန်တော့်အမေ အဲ့မှာတကယ်ရှိတာလား”

သူကတော့ ယောင်ကျင်းလန်ရဲ့ယောက်ျား ဝေ့မင်ပဲလေ။ ယွင်ယွီက သူ့ကို သိပ်ဂရုမစိုက်ဘူး။ ဒါပေမဲ့ သူက ဆက်ပြောလာတယ်။ “ဆရာသခင် ကျွန် ကျွန်တော်ရော ကျွန်တော့်အမေကို တွေ့လို့ရမလား”

ယွင်ယွီက သူ့ဆန္ဒကို ဖြည့်ပေးတဲ့အနေနဲ့ ခဏမြင်ခွင့် ပေးလိုက်တယ်။

ဝေ့မင်က သူ့အမေက သူ့မိန်းမကို လည်ပင်းညစ်နေတာ မြင်လိုက်ရတယ်။ သူက ချက်ချင်းဒူးထောက်ချပြီး “အမေ အမေ ကျွန်တော် တောင်းပန်ပါတယ်”

သူက နောင်တအပြည့်နဲ့ ငိုနေပေမဲ့ သူ့အမေကို သွားမတားဘူးလေ။ ယွင်ယွီက ယောင်ကျင်းလန် မျက်ဖြူ ဆိုက်ချင်လာတာကိုတွေ့တော့ သူမက ဖန်ကွေ့ယင်းကို ဆွဲလိုက်ရင်း “အဖွား လုံလောက်ပါပြီ” ပြီးတာနဲ့ သူမက အငြိုးကြီးဝိဉာဉ်ကို အခန်းတစ်ခုထဲ ဆွဲသွင်းပြီး တံခါးကို ဘန်းကနဲ ပိတ်လိုက်တယ်။ မပိတ်ခင်မှာ သူမက “ရှင်တို့ အပြင်မှာစောင့်နေကြ ကျွန်မ ဖြေရှင်းလိုက်မယ်”

ဝေ့မင်ကတော့ ငိုရင်း “ဆရာသခင် ကျွန်တော့်အမေကို နာကျင်အောင် မလုပ်ပါနဲ့” ယွင်ယွီကတော့ မျက်လုံးသာ လှိမ့်မိတော့တယ်။ ရှင်နေတုန်း ဂရုမစိုက်ဘဲ သေမှ တအားချစ်နေတယ်။

ယွင်ယွီက တံခါးပိတ်ပြီးမှ သတိထားမိတာက သူမ ဘာမန္တန် သုံးမိမှန်းမသိပေမဲ့ အငြိုးကြီးဝိဉာဉ်က သူမ မထိရဘဲနဲ့ကို လုံးဝမလှုပ်တော့ဘူးလေ။

ယွင်ယွီက နားချတယ်။ “အဖွားရယ် ရှင်သူ့ကို သတ်ပစ်စရာ မလိုပါဘူး။ ပြီးတော့ တမလွန်မှာက စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်လေ။ သေပြီးတဲ့လူက အသက်ရှင်နေတဲ့လူကို အန္တရာယ်ပေးရင် သူက ယွီတုကို သွားရမယ်လေ။ အဲ့မှာက ယန်ကျန်းလို ခပ်ပေါ့ပေါ့ မဟုတ်ဘူး။ သူက အပြစ်ပေးတဲ့နေရာဆိုတော့ ခက်ခဲမှာ အဖွားက စိတ်ကောင်းရှိတာပဲ အကြီးကိုပြုစုလို့ အငယ်ကို ထောက်ပံ့ခဲ့တော့ ကောင်းရာမွန်ရာ ရောက်ရမှာပေါ့။ ဒီဘဝဒီလိုတွေကြုံရမှတော့ နောက်ဘဝမှာ အဖွားက ကောင်းရာမွန်ရာမှာ ဝင်စားမှာပါ။ လူဝင်စားဖို့ သွားသင့်တယ်နော်။ အဲ့မကောင်းတဲ့မိန်းမကို သတ်တာက အဖွားကို နှစ်အများကြီး ပိုဒုက္ခရောက်စေမှာ။ မတန်ဘူး။ အဲဒါက သူဘာသာသူ မကောင်းတာလုပ်တာ မကောင်းတာဖြစ်မှာ။ အဖွားဝင်လုပ်ဖို့တောင် မတန်ဘူးလေနော်”

ဖန်ကွေ့ယင်းက ငိုတော့တယ်။ မျက်ရည်နဲ့ သွေးတွေက သူမမျက်နှာပေါ်ကနေ စီးကျလာတယ်လေ။

“အဖွား ကျွန်မပြောတာ လက်ခံတယ်မလား။ ပြီးတော့ ယောင်ကျင်းလန်ရဲ့ဘဝကို ပိုကောင်းလာအောင် ကူညီဖို့ ကျွန်မလာခဲ့တာ မဟုတ်ဘူးလေ။ အဖွားကလည်း အနားယူသင့်ပြီလေ။ သူမကို ကြည့်လိုက် နောက်ဘဝမှာ ကောင်းတာ ဘာမှမရှိတဲ့အပြင် သေပြီးရင်တောင် ငြိမ်းချမ်းမှုကို ရမှာမဟုတ်ဘူး”

41 02

ယွင်ယွီက အငြိူကြီးဝိဉာဉ်အဖွားအိုကို မလိမ်ဘူး။ ယောင်ကျင်းလန်က ရက်စက်လွန်းတယ် သူမမှာ အဆုံးသတ်ကောင်း မရှိဘူး။ ဖန်ကွေ့ယင်းက ငိုရင်း “ငါက သူ့ကို သေစေချင်တာ”

ယွင်ယွီက “အဖွား သူ့ကို ဒီလိုလုပ်နေရင်တောင် ဘာမှထူးမလာဘူး”

အဲ့နောက်မှာတော့ ဖန်ကွေ့ယင်းက စိတ်လျော့လာပြီး ယွင်ယွီပြောစကားကို နားထောင်လိုက်။ တခါတလေ ဒေါသထွက်ပြီး ယောင်ကျင်းလန်ကို လည်ပင်းသွားညစ်ဖို့ လုပ်လိုက်။ ယွင်ယွီက တားလိုက်နဲ့ ရုန်းရင်းဆန်ခတ် ဖြစ်နေတယ်။

အပြင်မှာတော့ အဲ့လင်မယားက ယွင်ယွီအခန်းထဲ ဝင်သွားကတည်းက ဘာဖြစ်လို့ဖြစ်နေမှန်း မသိပေမဲ့ တစ်စက်ကလေးမှ မလှုပ်ရဲနေဘူးလေ။

ယောင်ကျင်းလန်က တကယ်သောက ရောက်နေတယ်။ ပြောရရင် အဲ့အိုမင်းနေတာကြီးက ထပြီးရမ်းတော့ ဆရာသခင်ကပဲ သူ့ကို ကယ်သွားတယ်‌လေ။ သူမက အခန်းထဲကနေ ဆရာသခင်ရဲ့ “မလုပ်နဲ့” ဆိုတဲ့အသံကို ကြားလိုက်ပြီးတဲ့နောက် ဘာမှထပ်မကြားရတော့ဘူးလေ။ ဝေ့မင်က သူမကို ရွံရှာစွာနဲ့ ကြည့်လိုက်တယ်။

အခန်းထဲမှာတော့ ယွင်ယွီက ဆက်နားချနေတယ်။ အဖွား မလုပ်လိုက်နဲ့။ အဖွားက ဘဝကူးဖို့ပဲလိုတာ။ ဘဝကူးတာနဲ့ ကျွန်မ သူ့ကို ရဲတိုင်တော့မှာ”

ဖန်ကွေ့ယင်းက အတော်ကြာအောင်ငိုပြီးမှ “ဒါဆိုရင်လည်း ဆရာသခင် ပြောတာကို လက်ခံပါ့မယ်။ သူမထိုက်တန်တာ သူမ ရမယ်ဆိုရင် ကျွန်မ လူပြန်ဝင်စားချင်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးအနေနဲ့ အန်ဖူမှာ စာလေ့လာနေတဲ့ ကျွန်မရဲ့ မြေးနှစ်ယောက်ကို တွေ့ချင်သေးတယ်။ အခုက နွေရာသီပိတ်ရက်ဆိုပေမဲ့ အဲ့မိန်းမက ကျွန်မဆုံးတဲ့သတင်းက သူတို့ကို အနှောက်အယှက် ဖြစ်စေမယ်ဆိုပြီး မပြောဘူးလေ”

ယွင်ယွီက “ဒါဆိုလည်း အိပ်မက် ပေးလိုက်တာပေါ့”

ဖန်ကွေ့ယင်းက ခေါင်းညိတ်ပြီး “အခုချိန်ဆို နေ့လယိထမင်းစားပြီးလို့ တရေးတမော အနားယူပြီး အိပ်တဲ့အချိန်လောက်ပဲ”

“ဒါဆို သူတို့မွေးနေ့တွေ ကျွန်မကိုပေး”

အဲ့အချိန်မှာ အန်ဖူမြို့မှာ စာလေ့လာနေတဲ့ ဝေ့ကျန်းနဲ့ ဝေ့ယီက နေ့ခင်းတရေး အိပ်နေကြတယ်။ သူတို့က သူတို့အဖွားကို အိပိမက်မက်တော့တယ်။ သူတို့ကို သူတို့အဖွားက ကြင်ကြင်နာနာနဲ့ နှုတ်ဆက်ပြီး သွားရတော့မယ်လို့ ပြောလိုက်တယ်။ သူတို့က ပြန်မေးတယ်။

“အဖွား ဘယ်သွားမလို့လဲ”

ဖန်ကွေ့ယင်းက ရယ်ရင်း “အဖွားက သွားသင့်ပြီလေ။ ဟိုးအဝေးကြီးမှာ ကောင်းချီးတွေ ခံစားဖို့သွားရမယ်။ အဖွားကို မမေ့နဲ့နော်။ အဖွားမြေးတွေကို အဖွားတအားချစ်တယ်”

နှစ်ယောက်သား ချက်ချင်းနိုးလာပြီး ဝေ့ကျန်းက သူ့ညီမကို “ယီယီ အိပ်မက်မက်လား”

ယီယီက တုန်နေရင်းနဲ့ “အစ်ကိုရော အဖွားကို အိပ်မက်မက်လား”

“အင်း အိမ်မှာ တစ်ခုခု ဖြစ်နေလားမသိဘူး။ အဖေ့ကို လှမ်းမေးရအောင်”

ဝေ့ယီက “အစ်ကို မေးနေမဲ့အစား အိမ်ကိုပဲပြန်ရအောင်။ နွေရာသီပိတ်ရက်ပဲဟာ ဆရာ့ကို ပြောပြီး ပြန်ကြရအောင်”

သူမရဲ့ မြေးတွေကို အိပ်မက်ပေး နှုတ်ဆက်အပြီးမှာ အဖွားအိုက နောင်တကင်းစွာနဲ့ “ကျေးဇူးပါ ဆရာသခင်”

ယွင်ယွီက “အဖွား မြေးတွေကို နောက်ဆုံးအနေနဲ့ ကြည့်သွားဦးလေ။ ပြီးမှ ပြန်ဝင်စားလဲရပါတယ်”

“ရပါပြီကွယ်” သံယောဇဉ်တွေလည်း ထပ်မဆွဲဆန့်ချင်တော့ပါဘူး။ ဘဝကူးချင်ပါပြီ”

ယွင်ယွီက “ကျွန်မလုပ်ရမဲ့အလုပ်ကို ကျွန်မ ပြီးအောင် လုပ်မှာပါ”

“ကျေးဇူး တင်ပါတယ်ကွယ်”

အခန်းပြင်မှာတော့ ယောင်ကျင်းလန်က ပိုရဲလာပြီး အခန်းတံခါးနား ကပ်နားထောင်ဖို့ လုပ်လိုက်တယ်။ အသံကတိုးနေပြီး ဘာမှမကြားရဘူး။ ဆရာသခင်ကို အဲ့အဖွားကြီး မနိုင်မှာတော့ သူမ သေချာသိတယ်။ ကိစ္စဖြေရှင်းဖို့က အဓိကပဲလေ။ သူမရဲ့နှစ်သိန်းကတော့ သူမ မလောဘူးလေ။ နောက်မှ ရဲကို ဒီကလေးမလေး သူမငွေ လိမ်သွားပါတယ်လို့ တိူင်လိုက်ရင် သူမ ပြန်ရလိမ့်မယ်လေ။ တွက်ချက်နေတုန်းမှာ တံခါးပွင့်လာပြီး ယွင်ယွီထွက်လာတော့တယ်။ ယောင်ကျင်းလန်က ငိုရင်း “ဆရာသခင် အဆင်ပြေသွားပြီလား”

ယွင်ယွီက “ရှင့်ကို မျက်လုံးဖွင့်ထားပေးတာ ကိုယ်တိုင်ကြည့်ပါလား။ ရှင်းပြီးလို့ ထွက်လာတာပေါ့”

ဝေ့မင်က ဖြေရှင်းပြီးပြီဆိုတာလည်းကြားရော ကျူကျူပါအောင် ငိူတော့တယ်။ ယောင်ကျင်းလန်က အခန်းထဲ ချောင်းကြည့်ပြီး ယောက္ခမတစ္ဆေကို မတွေ့တော့ ပျော်နေတဲ့လေသံနဲ့ “ကျေးဇူးတင်ပါတယ် ဆရာသခင်”

41 03

ယွင်ယွီက သူမကို ရွံရှာစွာကြည့်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်တယ်။ “ဒီကိစ္စတော့ပြီးပြီ နောက်ဆက်တွဲ ရှိ‌သေးတယ်” သူမက ဖုန်းကိုထုတ်ပြီး 110 ကိုခေါ်လိုက်တယ်။ “ရဲအရာရှိရှင့် ဒီမှာ လူသတ်မှုရှိလို့ပါ။ ယုံကျင်းအိမ်ရာ တတိယတိုက်ခန်း အခန်းနံပါတ် ၅၀၃ ပါ။ မြန်မြန်လာပေးပါ”

သူမ ဖုန်းချ‌တာနဲ့ ယောင်ကျင်းလန်က အလောတကြီးနဲ့ “နင် ဘာလုပ်တာလဲ။ နင် ဘာလို့ရဲခေါ်ရတာလဲ။ ဘာလူသတ်မှုလဲ။ ဘာပေါက်ကရတွေလဲ”

ယွင်ယွီက သူမကိုစိုက်ကြည့်ရင်း “ကျွန်မရဲခေါ်ရတာ သေချာပေါက် ရှင့်ကြောင့်ပေါ့။ ရှင့်ယောက္ခမ ဆုံးရတဲ့ အကြောင်းရင်းလေ”

“ငါ့‌ယောက္ခမက ပြုတ်ကျပြီး ဆုံးတာဟဲ့” အော်ပြောနေရင်း သူမက ယွီယွီ့ အဝတ်ကိုတောင် ဆုပ်ကိုင်ဖို့ ကြိုးစားလာတယ်။ ယွင်ယွီက ရှောင်လိုက်ရင်း “ဒီစကားကို အချိန်ကျမှ ရဲတွေကို ပြောပေါ့”

ဝေ့မင်က မေးတော့တယ်။ “ဆရာသခင် ဆိုလိုတာက”

“ကျွန်မ ဘာဆိုလိုလဲဆိုတာက ရှင့်အမေရဲ့ သွေးတိုးကျဆေးတွေကို ဓာတ်ခွဲခန်း ပို့စစ်ဆေးရင် အဖြေထွက်လာလိမ့်မယ်”

“အား....” ယောင်ကျင်းလန်က ပြေးချင်ပေမဲ့ ဝေ့မင်က သူမဆံပင်ကို ဆောင့်ဆွဲလိုက်တယ်။ သူမက အော်တော့တယ်။ “ငါ့ကိုလွှတ် ငါ့ကိုလွှတ်”

ဝေ့မင်က ဆံပငိကို ဆွဲထားရင်း မေးလိူက်တယ်။ “ငါ့အမေရဲ့ဆေးတွေကို နင် လဲထားတယ်ပေါ့လေ”

သွေးတိုးဆိုတာက နေ့တိူင်းဆေးသောက်နေမှ အဆင်ပြေတာမျိုးလေး ဆေးမှာသာ တစ်ခုခုမှားရင် ပြင်ပ အပူချိန်နဲ့တင် မူးဝေတာ လဲကျတာတွေ ဖြစ်နိူင်တာကိုး။ အဲ့လိုကိုမှ နေအပူကြီးမှ လှေကား အတက်အဆင်းလုပ်ရတာ တစ်ခုခုမဖြစ်ဘဲ ဘယ်နေပါ့မလဲ။

******

All Chapters