← Chapters

အခန်း ၅၄

Vol. 6 Ch. 54

အခန်း ၅၄

Vol. 6 Ch. 54

54 01

အပိုင်း (၅၄)

ဟန်ဟွေ့က သူမကို ဖြစ်ကြောင်းကုန်စင် ပြောပြတော့တယ်။

ဖြစ်ပုံကတော့။

ပထမဆုံး သူမရဲ့ရှောင်ပေါင်ကို ကလေးထိန်းက လူကုန်ကူးသမားနဲ့ ပေါင်းခိုးသွားတုန်းက သူမ ယူကြုံးမရ ဖြစ်ခဲ့ရတယ်လေ။ ကံကောင်းလို့ ယွင်ယွီက ကယ်ပေးခဲ့တာ။ ဒါပေမဲ့ သူမတို့လင်မယားရဲ့ နှစ်ဖက်မိဘတွေက ကျန်းမာရေး သိပ်မကောင်းတော့ သူမတို့လင်မယားရဲ့ရွေးချယ်စရာက တစ်ယောက်ယောက် အလုပ်နားဖို့ပဲလေ။ သေချာပေါက် သူမယောက်ျားရဲ့လစာက သူမထက်များတော့ သူမကပဲ အလုပ်ထွက်ပြီး ရှောင်ပေါင်ကို မူကြိုမပို့နိုင်ခင်အထိ ထိန်းဖို့ လုပ်ရတော့တာပေါ့။ မူကြိုပို့နိုင်တဲ့အချိန်ကျရင်တော့ သူမ အလုပ်ပြန်လုပ်လို့ရပြီလေ။

အဲ့အချိန်တုန်းက ရှောင်ပေါင်က လန့်သွားတယ်လေ။ ယွင်ယွီက ရေနဲ့ဆွဲပေးလိုက်တဲ့ အဆောင်ရှိပေမဲ့ သူမက မယုံတော့ မသုံးဘူးလေ။ ဒါပေမဲ့ ညညဆို ကလေးက တအားငိုတော့ နောက်ဆုံးကောက်ရိုးတစ်မျှင်အနေနဲ့ အဲ့အဆောင်ကို ကလေးဘေးမှာ ထားလိုက်တာနဲ့ ကလေးက တန်းအိပ်သွားတယ်လေ။ ဒါပေမဲ့ သူမ မယုံသေးဘူး။ နောက်တစ်ညမှာ အဆောင်ကို ဖယ်လိုက်တာနဲ့ ကလေးကငိုပြန်တယ်။ အဲ့အခါမှ သူမက ယွီယွီ့ကို ဖုန်းရွှေဆရာသခင်အဖြစ် ယုံတော့တာလေ။ အဆောင်က တကယ့်အစစ်ပဲ။

ပြောရရင် ဟန်ဟွေ့တို့လင်မယားကတော့ ဘာမှမဖြစ်ဘူးလေ။

လွန်ခဲ့တဲ့နှစ်ရက်က ဟန်ဟွေ့က သူမရဲ့ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက်ဟောင်းနဲ့အတွေ့မှာ စကားပြောဖြစ်ကြတယ်လေ။

အဲ့လုပ်ဖော်ကိုင်ဖက်ရဲ့အိမ်မှာ ပြဿနာတစ်ခု ရှိနေတယ်လေ။ ညအိပ်ရင် သူမရဲ့ဆံပင်ကို ဆောင့်ဆွဲတာတို့ လိုမျိုးပေါ့။ နောက်နေ့မနက်ထတော့ သူမမိသားစုဝင်ကလည်း သူ့ကျောကို ညက လက်နဲ့လာထိသလို ခံစားရပြီး ညအိပ်တော့လည်း ဘီလူးစီးနေသလို ခံစားရတယ် ပြောတယ်လေ။ ကြည့်လိုက်တော့ ကျောမှာ လက်ငါးချောင်းအရာကြီးက ခရမ်းရောင်တောင် ပေါက်နေပြီ။

ပြောရရင် ဆရာသခင်တွေဆီ အပူကပ်ကြပေမဲ့ ပေးလိုက်သမျှ ငွေသာယူကြပြီး ဘာမှထူးမလာဘူးလေ။

အဲ့လိုကြားတော့ ဟန်ဟွေ့က သူမဆရာသခင်ကောင်းကိုသိကြောင်း ပြောလိုက်မိတယ်လေ။

အဲဒါနဲ့ သူမကို ကူညီဖို့ တောင်းဆိုလာတော့ သူမဆီမှာ ယွီယွီ့ဖုန်းနံပါတ်မရှိပေမဲ့ ရဲစခန်းမှာ ရှိမှန်းသိလို့ သွားတောင်းပြီး ဆက်လိုက်တာလေ။

ယွင်ယွီက “မစ္စဟန်ရဲ့မိတ်ဆွေက ဘယ်မှာနေတာလဲ။ ကျွန်မ အခုမြို့တော်မှာမလို့ အခုသွားကြည့်လိုက်မလို့”

ဟန်ဟွေ့က လိပ်စာကို ပြောပြလာရင်း ကျေးဇူးတင်လာတယ်။

ယွင်ယွီက ကလေးအကြောင်း တွေးမိတော့ “ရှောင်ပေါင်ရော ဘယ်လိုနေလဲ”

“သက်သာပါတယ်။ ဆရာသခင်ပေးခဲ့တဲ့ အဆောင်ကျေးဇူးလို့ပြောရမှာပါပဲ”

“ကောင်းတယ်” ယွင်ယွီကပြောလိုက်တယ်။ “တခြားလူကုန်ကူးခံရတဲ့ကလေး ရှိသေးတယ်ဆို သူ့ကိုရော တွေ့ပြီလား”

အဲ့ကလေးထိန်းက ဒါက ဒုတိယအကြိမ် လုပ်တာလေ။ ဖြစ်ပုံက ဟန်ဟွေ့တို့နဲ့ တစ်ပုံစံတည်း။ ကလေးထိန်းက ပိုက်ဆံချေးတယ်။ ချေးတာမရရင် ကလေးက ပျောက်သွားတယ်လေ။

ဟန်ဟွေ့က “အရာရှိချန်းကို ကျွန်မ မေးခဲ့သေးတယ်။ အဲ့ကလေးကိုလည်း ပြန်တွေ့သွားတယ် သူ့အပြင် တခြားကလေးအများကြီးနဲ့ လူကုန်ကူးဂိုဏ်းကို ဖမ်းမိလိုက်တယ်လေ”

ယွင်ယွီစိတ်သက်သာရာရသွားတော့တယ်။ မိသားစု တော်တော်များများ ပြိုကွဲသွားမှာပဲလေ။ ဒီလိုပြစ်မှုမျိုးက ရှေးခေတ်မှာဆို မြင်းနဲ့ဆွဲဖြဲခံရမှာပဲ။

ဖုန်းချပြီးတော့ ယွင်ယွီက သူမကို ဝိုင်းကြည့်နေကြမှန်း သတိထားမိသွားပြီး သူမတစ်ယောက်ယောက်ကို ကူညီစရာရှိလို့ တစ်နေရာ သွားရမယ်လို့ ပြောလိုက်တယ်လေ။

အဲတော့ ယွီရှောင်ရှောင်က “ရတယ်လေ သွားကြည့်ကြတာပေါ့”

အကုန်လုံးက သဘောတူလာတယ်လေ။ သူတို့လို လူငယ်တွေက ညနက်မှအိပ်ကြတာကိုး ပြီးတော့ အခုမှ ရှစ်နာရီခွဲပဲရှိသေးတာ။

နေရာက သိပ်မဝေးဘူးလေ။ တစ်နာရီလောက်ကြာတော့ အဲ့အိမ်တံခါးဝကိုတောင် ရောက်နေကြပြီလေ။

သာမန်နေရာပဲဆိုပေမဲ့ ဈေးကတော့ မသေးဘူးလေ။ တစ်စတုရန်းမီတာကို ယွမ်သောင်းချီ ပေးရလောက်တာကိုး။

54 02

တံခါးခေါက်လိုက်တော့ လာဖွင့်ပေးတဲ့ အိမ်ရှင်မက လူငယ်တစ်စုကိုတွေ့ပြီး အံ့ဩသွားတော့တယ်။

ဟန်ဟွေ့လည်းရှိနေတော့ သူမက ယွီယွီ့ကိုမြင်တာနဲ့ သူမက “ဆရာသခင် ရောက်လာပြီပဲ”

ယွင်ယွီခေါင်းညိတ်ပြတော့ ဟန်ဟွေ့က “ဆရာသခင်ယွင် ဒါက ကျွန်မလုပ်ဖော်ကိုင်ဖက် ထန်ယန်ပါ”

ထန်ယန်ကလည်း နှုတ်ဆက်လာတယ်။ “ဆရာသခင်”

အထဲဝင်လာတော့ လူအများကြီး ခေါ်လာမိတဲ့အတွက် ယွင်ယွီမျက်နှာပူလာပြီး “သူတို့က ကျွန်မမောင်နှမတွေလိုပါပဲ။ အကူအညီရအောင် ခေါ်လာခဲ့တာ”

ရယ်မိလိုက်ကြပြီးတော့မှ ထန်ယန်က သူမခင်ပွန်းကိုခေါ်ဖို့ အခန်းထဲဝင်သွားတော့တယ်။

လင်ရောမယားပါ သက်လတ်ပိုင်းအရွယ် အသက်လေးဆယ်ကျော်လောက်ရှိတယ်လေ။

ထန်ယန်ရဲ့ခင်ပွန်း ကျန်းယီက သန်မာပြီး အရပ်မြင့်တဲ့ပုံရှိတယ်။ မျက်ခုံးရှည်ရှည် မျက်လုံးသေးသေးနဲ့ နှဖူးပေါ်က သွေးကြောတွေပေါ်နေတယ်။ ယွင်ယွီက မျက်ခုံးပင့်ပြီး ဘာမှမပြောတော့ဘူး။

ခြောက်ယောက်ထဲမှာ လုံဝမ့်ရင်းကလည်း မျက်နှာ ဖတ်တတ်တော့ ကျန်းယီက တစ်ကိုယ်ကောင်း ဆန်တတ်မှန်း သိသွားတော့တယ်။

ကျန်းယီက ရောက်လာတဲ့ ဆရာသခင်ငယ်လေးတွေကိုကြည့်ပြီး သူ့မိန်းမရဲ့ လုပ်ဖော်ကိုင်ဖက်က မယုံရဘူးလို့ တွေးလိုက်မိတယ်။ သူက လေးစားမှုမရှိတဲ့လေသံနဲ့ ဆိုဖာကို လက်ညိုးထိုးပြီး “ထိုင်”

ဘယ်သူကမှ မထိုင်တော့ သူကပဲ ဝင်ထိုင်လိုက်တယ်။

ဟန်ဟွေ့က ကျန်းယီလုပ်ပုံကိုင်ပုံကြောင့် ထန်ယန်အတွက် ယွီယွီ့ကို အပူကပ်မိတာကိုတောင် အားနာသွားတော့တယ်။

ကျန်းယိက “ကျုပ်အခြေအနေကို သိပြီးကြလောက်ပြီထင်တယ်။ ကူညီပေးဖို့ ဆရာသခင်တွေကို အကူအညီတောင်းရတော့မှာပဲ”

လုံဝမ့်ရင်းက “လက်ချောင်းရာတွေကို အရင်ကြည့်ကြတာပေါ့”

ကျန်းယီက သူ့ရှပ်အင်္ကျီကိုချွတ်ပြီး သူ့ကျောက လက်ရာကိုပြလိုက်တယ်။ သေချာပေါက် လူလက်ရာပဲလေ။

စုန့်ချန်းမင်းက သံလိုက်အိမ်မြှောင်ကို ဆွဲထုတ်လိုက်တော့ သံလိုက်အိမ်မြှောင်လက်တံက လည်နေတာကို တွေ့လိုက်ရတယ်။ နောက်ဆုံးမှာတော့ လက်တံက ကျန်းယီကို ညွန်ပြပြီး ရပ်သွားတော့တယ်။

“ဘာဖြစ်လဲ” ကျန်းယီက စိတ်မရှည်ဘူးလေ။ သူက ဒီကလေးသာသာတွေက တာအိုဆရာတွေတောင် မလုပ်နိုင်တာကို ဘယ်လိုလုပ်နိုင်မှာလဲလို့ တွေးလိုက်မိတယ်လေ။

ယွင်ယွီက တည်တည်ငြိမ်ငြိမ်နဲ့ပဲ “ကိုယ်လုပ်တာကို ကိုယ်ပြန်ခံရတာပဲလေ”

ကျန်းယီက မျက်မှောင် ကြုတ်သွားပြီး “ကလေးမ မင်းဘာပြောချင်တာလဲ”

ယွင်ယွီက “ကျွန်မပြောတာ ရှင်းပါတယ်။ ရှင့်နောက်ကိုလိုက်နေတဲ့ တစ်ခုခုရှိတယ် အဲ့ဒီဟာကလည်း ရှင်သူ့အပေါ် အကြွေးတင်တာပဲလေ။ သူ သေသွားပြီဆိုတိုင်း ရှင် ပြန်မပေးရတာမှ မဟုတ်တာ။ ပြောရရင် ရှင့်ကိုသူက ညီအစ်ကိုလို ဆက်ဆံခဲ့ပေမဲ့ ရှင်က သူ့ကို ဒီလိုလုပ်ခဲ့တာကိုး”

ကျန်းယီ မျက်နှာပျက်သွားပြီး ချက်ချင်းထရပ်လာတယ်။ “မင်း မင်းဘာကို သိထားတာလဲ”

“ကျွန်မပြောစကားက မရှင်းလို့လား” ယွင်ယွီက သူ့ကို စိုက်ကြည့်လိုက်တယ်။ “ရှင်ယူထားတဲ့ပိုက်ဆံကို ရှင်ပြန်ပေးရမှာပဲလေ။ မဟုတ်ရင် သူက ရှင့်နားမှာ အမြဲရှိနေမှာပဲ” ဒီကျန်းယီ အခန်းထဲက ထွက်လာကတည်းက သူ့နောက်ကပါလာတဲ့ မျက်မှန်တပ်ထားတဲ့ သက်လတ်ပိုင်းအရွယ် ပိန်ပိန်ပါးပါးနဲ့ တစ္ဆေကို မြင်နေရတယ်လေ။ သူကငိုယိုပြီး အော်ဟစ်နေတယ်‌။ “ငါ့ချွေးနည်းစာတွေ ပြန်ပေး။ ငါ့မိန်းမကို ငါ့ချွေးနည်းစာတွေ ပြန်သွားပေး”

“ကျုပ်.....ကျုပ်”

ကျန်းယီက ချွေးစေးတွေ ပြန်နေတယ်လေ။ ယွင်ယွီက သူ့ဘေးနားကို စိုက်ကြည့်နေတော့ သူက အလန့်တကြားနဲ့ အင်္ကျီစကိုဆုပ်ကိုင်ပြီး ယွီယွီ့ကို “ဆရာသခင် ကျုပ်ကိုကယ်ပါ ဘယ်လောက်ကုန်ကုန် ပေးပါ့မယ်”

ပြောရရင် သူက သူ့သူငယ်ချင်းဆီကနေ ပိုက်ဆံအများကြီး ချေးထားတယ်လေ။ ပိုက်ဆံက သူနဲ့သူ့သူငယ်ချင်း စုထားတာလေ။ ဒါပေမဲ့ အဲ့ပိုက်ဆံချေးထားမှန်း သူ့သူငယ်ချင်းရဲ့ မိန်းမကတော့ မသိဘူး။

54 03

ဒီနှစ်တွေအတွင်း သူ့သူငယ်ချင်းက သူ့ဆီကနေ ပိုက်ဆံကိုပြန်တောင်းနေပေမဲ့ သူက အချိန်ဆွဲထားခဲ့တယ်လေ။ လွန်ခဲ့တဲ့ဆယ်ရက်လောက်က သူ့သူငယ်ချင်းသေသွားတော့ သူ့သူငယ်ချင်းရဲ့မိန်းမက ပိုက်ဆံချေးတုန်းက ငွေလွဲထားတာ မသိတာကို အခွင့်ကောင်းယူပြီး သူက ဘဏ်ကိုအမြန်သွားပြီး ပိုက်ဆံတွေကို သူ့အကောင့်ထဲမှာပဲဆိုတာ သေချာအောင် လုပ်လိုက်တယ်။ မေးလာတော့ စီးပွားရေးထဲ တစ်ချက် အရှုံးပေါ်တဲ့အထဲ ပါသွားတယ်လို့ ပြောလိုက်မယ်လေ။

သူက ဒီရက်တွေမှာ တော်တော်ကြီးပျော်နေတာ သူ့သူငယ်ချင်း သေတာက သူ့ကို အတော်လေး ထောသွားစေတာကိုး။ ပိုက်ဆံက သုံးသန်းလောက် ရှိတယ်လေ။ သူ ရင်းနှီးမြုပ်နှံဖို့ချေးခဲ့ပေမဲ့ အဲ့ကရတဲ့ အမြတ်တွေနဲ့ ပြန်ဆပ်ရမဲ့အစား သူက စုပဲစုထားခဲ့တာလေ။

အခုတော့ သူက အကြွေးတင်ပြီပေါ့။ ဟန်ဟွေ့က ဘာပြောရမှန်း မသိတော့ဘူး။ ပြောရရင် အခုကိစ္စက ကသိကအောက် ဖြစ်စရာပဲလေ။

ထန်ယန်ကတော့ ဆိုဖာပေါ်မှာ ထိုင်နေတယ်။ သူမယောက်ျား ဘာလုပ်ခဲ့တယ်ဆိုတာ သူမသိပေမဲ့ သူမလည်း ခက်ခဲနေတော့ သူများသာ မသိဘူးဆိုရင် ဒီဟာက သူမတို့ရဲ့ ထွက်ပေါက်လေး ဖြစ်လာနိုင်တယ်မလား။

ယွင်ယွီက ဘာမှမပြောဘူး။ ယွီရှောင်ရှောင်က မျက်လုံးလေး ကလယ်ကလယ်နဲ့ ဟိုကြည့်ဒီကြည့် လုပ်နေတယ်။ သူတို့ ဘာမှမဟုတ်ဘဲ အကြောင်းအရာ အပြည့်အစုံ သိလိုက်ရတာလား။

လုံဝမ့်ရင်းကတော့ ရှုပ်ထွေးနေတယ်။ သူမရဲ့ဘိုးဘေးကပဲ အဲ့လိုတန်းသိတဲ့ အမြင်အာရုံမျိုးရှိတာ ဒါပေမဲ့ သူတို့ရဲ့မျိုးဆက်ကတော့ အဲ့လိုစွမ်းရည်ကို အမွေမရခဲ့ကြဘူး။

ကျန်းယီက ယွင်ယွီ ဘာမှမပြောတာတွေ့တော့ အလောတကြီးလေသံနဲ့ “ဆရာသခင် သူ့ကိုသာ ရှင်းပေးပါ ကျုပ် ငါးသိန်းပေးပါ့မယ်”

အဲ့စကားထွက်တာနဲ့ အခန်းအပူချိန်က နှစ်ဒီဂရီလောက် ကျဆင်းသွားတော့တယ်။ ယွင်ယွီက သက်လတ်ပိုင်းတစ္ဆေ ဒေါသပေါက်ကွဲတော့မလို ဖြစ်လာတာတွေ့တော့ ကျန်းယီကို “ရှင်က သူ့အပေါ်မှာ အကြွေးတင်နေတာတောင် သူ့အပေါ် တင်နေတဲ့ အကြွေးပိုက်ဆံနဲ့ သူ့ကို ရှင်းပစ်ချင်နေတယ်ပေါ့လေ။ ရှင့်ကို ကျွန်မ အကြံပေးရရင် အဲ့ပိုက်ဆံကို ပြန်ပေးရင်ပေး မပေးရင် ဒီကိစ္စက ဖြေရှင်းလို့ရမှာ မဟုတ်ဘူး။ မပေးလို့ကတော့ တစ်မိသားစုလုံး ကပ်ဆိုက်လိမ့်မယ်။ ဒါကျွန်မပေးနိုင်တဲ့ အကောင်းဆုံးအကြံပဲ”

အဲ့စကားကြားတော့ ထန်ယန်က တည်ငြိမ်မှုကို ဆုံးရှုံးသွားတော့တယ်။ အိမ်မှာ ကလေးတွေလည်း ရှိသေးတယ်လေ။ “ယောက်ျား ပိုက်ဆံ ပြန်ပေးလိုက်ပါတော့ ကျွန်မတို့ဘဝတွေ အေးချမ်းတော့မှာ မဟုတ်ဘူး”

ကျန်းယီက တုန့်ဆိုင်းသွားတယ်။ နည်းနည်းနောနောမဟုတ်ပဲ သုံးသန်းလေ။

ယွီရှောင်ရှောင်က လှောင်ရယ်မိတော့တယ်။ “ရှင်တကယ်တော်တာပဲ ‌သေသူ့အကြွေး ပြန်မဆပ်ရင် သူက ရှင့်ကို ခြောက်လှန့်ရုံလေး ကျောလာပွတ်မယ် ထင်နေလား။ နောက်ကျရင် တစ်မိသားစုလုံး သေလိမ့်မယ်”

ထန်ယန်ရဲ့ငိုသံက ပိုကျယ်လာတော့တယ်။

ယွင်ယွီက ပြောလိုက်တယ်။ “ဒီကိစ္စက အဲ့လိုလုပ်လိုက်ရင် ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။ အပိုအဖြစ် ကျွန်မပညာကြေး ယွမ်တစ်သောင်းပါ လွဲပေးပါ”

အနားက *မောင်နှမ* တွေက ပြောစရာစကား ပျောက်သွားတော့တယ်။ ဒီလောက် လူမဆန်တဲ့ ကျွမ်းကျင်မှုကြီးရှိတာတောင် ယွမ်တစ်သောင်းထဲ တောင်းတာလား အနည်းဆုံး တစ်သန်းလောက် တောင်းစမ်းပါ။

ကျန်းယီက ယွီယွီ့အစွမ်းအဆကိုသိတော့ ဒီတိုင်း လွှတ်လိုက်ဖို့ထက်စာရင် အဲ့တစ္ဆေကို ဖြေရှင်းပေးရင် တစ်သန်းအထိ တိုးပေးဖို့ပြောပေမဲ့ ယွင်ယွီက “ပြဿနာမရှာပါနဲ့။ ကျွန်မက ယူသင့်သလောက်ယူပြီး ဖြေရှင်းသင့်သလို ဖြေရှင်းတာပါ”

နောက်ဆုံးမှာတော့ ကျန်းယီက မတတ်နိုင်ပဲ ယွမ်တစ်သောင်း လွဲပေးလိုက်ရတော့တယ်။ ပြီးတာနဲ့ ယွင်ယွီတို့က ထွက်သွားကြတော့ ဟန်ဟွေ့က လိုက်ထွက်လာပြီး “တောင်းပန်ပါတယ်။ ဆရာသခင် ဒီလိုဖြစ်နေမယ်လို့ ကျွန်မမထင်ခဲ့ဘူး”

“ရှင့်အပြစ် မဟုတ်ပါဘူး” ယွင်ယွီက ယွမ်တစ်သောင်းရတော့ တော်တော်လေး ကျေနပ်နေတယ်လေ။ သူမနောက်လိုက်လာတဲ့ သက်လတ်ပိုင်းတစ္ဆေကို “ရှင့်အကြွေးစာချုပ် ဘယ်နားသိမ်းထားလဲ စေတနာရှင်ကြီး”

တစ္ဆေကငိုနေရင်း “ဆရာသခင် ကျုပ်ကိုကူညီပါ။ အဲ့သုံးသန်းက ကျုပ်တို့လင်မယားစုငွေတွေ ကျန်းယီကို ရိုးသားကြိုးစားပြီး ပိုက်ဆံ မြန်မြန်ပြန်ဆပ်မယ်ထင်လို့ ချေးခဲ့တာ။ ကျုပ်မိန်းမဆို အကြွေးစာချုပ် ရှိမှန်းတောင် မသိဘူး။ ကျုပ်လည်း မမျှော်လင့်ပဲ ရုတ်တရက်သေသွားတော့ သူ့အတွက် စိတ်မကောင်းလိုက်တာ”

54 04

ယွင်ယွီက ကူရာမဲ့နေတဲ့လေသံနဲ့ “အကြွေးစာချုပ်ကရော” အကြွေးစာချုပ်သာတွေ့ရင် တန်းတရားစွဲလို့ရတယ်လေ။ ဘယ်လိုပြောပြော သူက မုဆိုးမနဲ့ ကလေးတစ်သိုက်ကိုချန်ပြီး သေသွားတာဆိုတော့ တရားစွဲရင် သူ့ဖက်ကအသာချည်းလေ။ ကျန်းယီအကောင့်က ထိန်းသိမ်းခံရပြီး ပြန်ဆပ်စေလိမ့်မယ်။

တစ္ဆေက ရှက်နေတဲ့လေသံနဲ့ “အဲဒါက ကျွန်တော့်လက်ပ်တော့ရဲ့ Optical Drive အံထဲမှာ”

ယွင်ယွီက “ရှင်ဖွက်တာ တော်ကိုတော်တယ်။ ရှင့်မိန်းမဖုန်းနံပါတ်က”

တစ္ဆေက ဖုန်းနံပါတ်ကို ရွတ်ပြလာတော့ ယွင်ယွီက မက်ဆေ့ပို့လိုက်တော့တယ်။ “ရှင့်ယောက်ျားရဲ့ လူယုံပါ။ ‌အကြွေးစာချုပ်က CD-ROM အံထဲမှာတဲ့”

တစ္ဆေရဲ့ ဇနီး လျူလီက မက်ဆေ့ကို တွေ့သွားတယ်လေ။ ပြောရရင် သူမတို့စုငွေတွေကို သူမရဲ့ယောက်ျားက သူ့ညီအစ်ကိုကို ချေးလိုက်ပေမဲ့ ဘာမှပြန်မရခဲ့ဘူးလေ။ ပြောရရင် သေသာသွားတယ်။ အကြွေးစာချုပ်လည်းမတွေ့။ အကြွေးလည်း လာမဆပ်နဲ့။ ပြောရရင် ကလေးတွေသာ မရှိရင် သူမယောက်ျားနောက်ကို သူမလိုက်သွားလောက်ပြီလေ။

သူမက ကလေးတွေ နားနေနေတုန်း “ရှင့်ယောက်ျားရဲ့ လူယုံပါ။ ‌အကြွေးစာချုပ်က CD-ROM အံထဲမှာတဲ့” ဆိုတဲ့မက်ဆေ့ကိုရတော့ သူမ ဒေါသထွက်သွားတော့တယ်။ သူမယောက်ျားသေပြီးတာတောင် သူတို့က ဟာသ လုပ်နေကြသေးတုန်းပဲ။ ဒါပေမဲ့ အတွေးပြောင်းသွားပြီး လက်ပ်တော့ကိုယူလို့ CD အံကို ဆွဲထုတ်လိုက်တော့ အထဲမှာ လက်ရေးသေးသေးနဲ့ရေးထားတဲ့ ကျန်းယီကို သုံးသန်းချေးခဲ့ကြောင်း အကြွေးစာချုပ်ကို မြင်လိုက်ရတယ်။

သူမက ဖုန်းကိုဆွဲထုတ်ပြီး မက်ဆေ့ပြန်ပိုလိုက်တယ်။ “ရှင်ဘယ်သူလဲ ဘယ်လိုလုပ် ဒါသိနေတာလဲ”

ယွင်ယွီကပြန်ပြောတယ်။ “ကျွန်မက ရှင့်ယောက်ျား အကူအညီ တောင်းထားတဲ့ ဆရာသခင်ပါ”

ဆရာသခင်လား။

လျူလီက အလောတကြီး စာပြန်လာတယ်။ “ဆရာသခင် ကျွန်မကို ကျွန်မယောက်ျားနဲ့တွေ့ဖို့ ကူညီပေးပါ”

ယွင်ယွီက တစ္ဆေကိုကြည့်လိုက်ရင်း “ရှင့်မိန်းမက တွေ့သွားပြီ။ အခုတော့ တရားစွဲလို့ရပြီ ပြီးတော့ ရှင့်မိန်းမက နောက်ဆုံးအနေနဲ့ ရှင့်ကို တွေ့ချင်နေတယ်”

တစ္ဆေက ငိုချတော့မလိုနဲ့ “ကျုပ်လည်း တွေ့ချင်ပါတယ် ကျုပ်က အလုပ်ခရီးမှာ ကားမတော်တဆမှု ဖြစ်ခဲ့တော့ မိန်းမနဲ့ ကလေးတွေကို တွေ့ချင်ပါသေးတယ်”

ယွင်ယွီကတော့ တကယ်ကူရာမဲ့နေပါပြီ။ “ကဲပါ ငိုမနေပါနဲ့ ရှင့်လိပ်စာပေး ရှင့်မိသားစုကို တွေ့ရအောင် ခေါ်သွားပေးမယ်၊ ကျန်းယီကို ခြောက်နေတာ တော်လောက်ပြီ၊။ ပိုက်ဆံရတဲ့အထိ စောင့်ပြီးရင် ပြန်ဝင်စားဖို့ ပြင်တော့”

တစ္ဆေက ထပ်ငိုပြီး သဘောတူလာတယ်။ ပြီးတော့ လိပ်စာကို ပေးလာတော့တယ်။

******

All Chapters