← Chapters

အခန်း ၆၅

Vol. 7 Ch. 65

အခန်း ၆၅

Vol. 7 Ch. 65

65 01

အပိုင်း (၆၅)

ချင်ယွိစွေက အပေါ်ထပ်ဧည့်ခန်းထဲမှာ ချင်သဲ့ယုံကို ဖုန်းခေါ်လိုက်တော့တယ်။

ချင်သဲ့ယုံက ခုဏက အဲ့ကိစ္စကြောင့် အခုအထိ ဒေါသထွက်နေတုန်းလေ။ ဖုန်းဝင်လာတော့ အလောတကြီးကိုင်ပြီး ဆူတော့တယ်။ “ကောင်စုတ်လေး မင်းက အတောင်စုံတော့ ပုန်ကန်ချင်တာလားကွ၊ မင်းချေးကို ငါသုတ်ပေးခဲ့ရတာကမှ ဘယ်လောက်မှ မကြာသေးဘူး၊ အခုလိုလုပ်တယ်ပေါ့ မင်းလက်ထပ်ဖို့ ငါရော မင်းအဖွားရော ခွင့်မပြုဘူးကွ လက်ထပ်လာလည်း အသိအမှတ် မပြုဘူး”

“အဘိုး” ချင်ယွိစွေလေသံက ငြိမ်သက်နေတယ်။ “ကျွန်တော့်ကို လာမချုပ်နဲ့။ အမေ့လို ငြိမ်ခံနေမှာ မဟုတ်ဘူး၊ ကျွန်တော် ဘယ်သူ့ကို လက်ထပ်ချင်သည်ဖြစ်စေ အဲဒါကျွန်တော့်ကိစ္စပဲ ဝင်ရှုပ်ချင်ရင်တော့ ကျွန်တော်ကတော့ ချင်မိသားစုနဲ့ အဆက်အသွယ် ဖြတ်ရမယ်ထင်တာပဲ”

“မင်းအဘိုးကို ခြိမ်းခြောက်နေတာလားကွ”

ချင်ယွိစွေက မျက်နှာကျက်အထိ ရောက်တဲ့ မှန်တံခါးကနေတဆင့် တောက်ပနေတဲ့ မြို့တော်ရဲ့ ညမီးရောင်တွေကိုငေးရင်း အောက်ထပ်ဧည့်ခန်းထဲက မိန်းကလေးအကြောင်းကို စဉ်းစားနေတယ်။ သူက “ခြိမ်းခြောက်တာမျိုး မဟုတ်ရပါဘူး၊ အဘိုး ကျွန်တော် သူ့ကို လက်ထပ်ချင်ရင် အဘိုး တားမရတာ အဘိုးသိပါတယ်”

“တားချင်လွန်းလို့တော့ မဟုတ်ဘူး ယွီစွေ့ ချင်မိသားစုအပေါ် တွယ်တက်ချင်တဲ့လူ ဘယ်လောက်များလဲသိလား လက်ထပ်ချင်ရင်လည်း အိမ်ကို ခေါ်လာတွေ့ဦး”

“မပူပါနဲ့အဘိုး။ အဲ့လိုကောင်မလေးမျိုး မဟုတ်ဘူး။ အချိန်ရရင် လာတွေ့ပါ့မယ်”

ချင်ယွိစွေက ဖုန်းကို ချလိုက်တော့တယ်။ ပြောရရင် အခုဖုန်းခေါ်တာက ချင်မိသားစုဝင် ဆိုတာကြီးကို သူလုံးဝဂရုမစိုက်ကြောင်း ချင်မိသားစုသိအောင် ပြောချင်ရုံ သက်သက်ပဲလေ။

ချင်သဲ့ယုံက တီကနဲကျသွားတဲ့ဖုန်းသံကို နားထောင်ရင်း ဖုန်းကို ပေါက်ခွဲမိတော့တယ်။ ခဏဆိုင်းငံ့ပြီး တစ်ယောက်ယောက်အမြန်ရှာဖို့ ညှိနှိုင်းမဲ့ သူ့အစီအစဉ်လည်း ပျက်ပြီကိုး။

ယွင်ယွီက ဆိုဖာပေါ်မှာ သစ်သီးစားရင်း ထိုင်နေတယ်။ ရှေးခေတ်ကတည်းက သူမက လျူယီ၊ အတင်း၊ မျက်နှာဖတ်၊ လက္ခဏာဖတ်၊ ပုယီ၊ ဓာတ်ငါးပါး၊ ကန်းကျစ်၊ ချီမန်တို့လို ရှေ့ဖြစ်ဟောအတတ်တိုင်းကို ကျွမ်းကျင်တော့ သူမနဲ့ ချင်ယွိစွေရဲ့ လက်ထပ်ပွဲကို တွက်ချက်ကြည့်တော့ နှစ်ဖက်လူကြီးတွေ လွှမ်းမိုးပေမဲ့ ဘာပြဿနာကြီးမှမရှိတာ သိလိုက်ရတယ်လေ။

သူမက စိတ်သက်သာရာ ရသွားပြီး ‌ဒီနေ့ဝယ်လာတဲ့အသီးတွေဖြစ်တဲ့ စတော်ဘယ်ရီနဲ့ ကီဝီသီးကို ဆက်စားနေတယ်။ သူမက စတော်ဘယ်ရီကိုကြိုက်ပေမဲ့ စတော်ဘယ်ရီစိုက်တဲ့ရာသီက ကုန်သွားပြီလေ။ ဒါပေမဲ့ သူမမှာ လျှို့ဝှက်လက်နက် ဝိဉာဉ်စမ်းရေရှိတော့ အောက်တိုဘာကျမှ စိုက်ကြတာပေါ့။ ယွင်ယွီက အိမ်အကြောင်း တွေးမိတော့ ချင်ယွိစွေဆင်းလာတာနဲ့ “ကျွန်မတို့ မနက်ဖြန်အတွက် လက်မှတ်ဖြတ်မှာလား”

“ကိုယ် အခုဖြတ်လိုက်မယ်”

ချင်ယွိစွေက လက်မှတ်နှစ်စောင်ဖြတ်လိုက်ပြီး ယွင်ယွီတီဗွီကြည့်နေတာကို ကူစောင့်နေတယ်လေ။ ယွင်ယွီက အိမ်မှာတောင် တာဝန်ချိန်လို ကျောကို ဖြောင့်တန်းနေအောင်ထားပြီး ထိုင်နေတဲ့ ချင်ယွိစွေကိုကြည့်ရင်း ယွီယွီ့လက်က သူ့ခါးကို မနေနိုင်မထိုင်နိုင် သွားတို့တော့တယ်။

ဒါပေါ့ လေ့ကျင့်ထားတဲ့ ချင်ယွိစွေက အဲ့လောက် ကလိထိုးရုံနဲ့ ယားမတဲ့လား။ သူက မျက်လုံးစွေပြီးတော့ပဲ ယွီယွီ့ကို တစ်ချက်ကြည့်လိုက်တော့တယ်။

“ရှင် မယားတတ်ဘူးပေါ့”

ယွင်ယွီက ပန်းကန်ထဲက စတော်ဘယ်ရီတစ်လုံးကိုယူပြီး သူ့ပါးစပ်ထဲ ထည့်လိုက်တယ်။ “စား” သူ့ပုံစံက ထုံပေပေနဲ့ စတယ်နောက်တယ်ဆိုတာ ဘာမှန်းမသိတဲ့ပုံကြီးလေ။ သူစတော်ဘယ်ရီကိုဝါးပြီး မျိုချလိုက်တာကိုကြည့်ပြီး သူမက သူ့ပခုံးပေါ်မှီချလိုက်ရင်း “ချင်ယွိစွေ တောင့်တောင့်ကြီးထက် သက်တောင့်သက်သာ‌ နေစမ်းပါ”

အဲ့ကျမှ သူက ယွင်ယွီ သက်တောင့်သက်သာမှီနိုင်အောင် ခန္ဓာကိုယ်ကို လျောပေးလိုက်တော့တယ်။ သက်တောင့်သက်သာဖြစ်သွားတဲ့ ယွင်ယွီက သူ့ကိုဖက်ရင်း အသီးတွေ စားနေတော့တယ်။

ယွီယွီ့အာရုံက လုံးဝကို တီဗွီထဲရောက်နေပြီး သူမအကြိုက်ဆုံးအစီအစဉ်ဖြစ်တော့ သူမမျက်လုံးတွေက လခြမ်းလေးလိုဖြစ်တဲ့အထိ ပြုံးလာတော့တယ်။ မကြာခင်မှာပဲ သူမ အမြန်အိပ်ပျော်သွားတော့တယ်။ ပြောရရင် သူမဒီရက်ပိုင်း ပျားလေးလို အလုပ်များနေတာနဲ့ သေချာမနားရဘူးလေ အခုမှ သေချာနားရတာကိုး။

သူမရဲ့ ခပ်ဖျော့ဖျော့အသက်ရှုသံကြောင့် ချင်ယွိစွေက သူမကို အပေါ်ထပ်ကို ပွေ့ခေါ်သွားချင်‌ေပမဲ့ ဖြူဖွေးနူးအိနေတဲ့ သူမပါးလေးကိုတွေ့တော့ မနေနိုင်ဘဲ သွားတို့မိတော့တယ်။ လက်ရဲ့ နူးညံ့တဲ့အထိအတွေ့ကြောင့် သူ့အသက်ရှုသံက ပိုပြင်းလာတော့ သူက ထပြီး ယွီယွီ့ကိုပွေ့လို့ အခန်းထဲထည့် စောင်ခြုံပေးပြီး အခန်းအပူချိန်ကို ညှိလို့ ပြန်ထွက်သွားတော့တယ်။

65 02

နောက်နေ့မနက် နိုးလာတော့ သူတို့က မနက်စာစားပြီး ချင်ဟယ်ရွာကို တန်းထွက်ကြတော့တယ်လေ။ မြို့ထဲရောက်တော့ ချင်ယွိစွေက ပါကင်ထိုးခဲ့တဲ့ သူ့ကားကို ပြန်သွားယူလာပြီး မြို့ကိုဖြတ်လို့ ရွာကိုမောင်းလာတော့တယ်။ အရင်တခါ ယွင်ယွီရေလောင်းခဲ့တဲ့ ဝစ်စ‌တဲရီးယားပင်ကြီးတောင် ပြန်လန်းဆန်းနေပြီ။ အနားကရေကလည်း သန့်ရှင်းသွားတော့ လူအိုကြီးတွေက သူတိူ့မြေးတွေနဲ့ လမ်းလျောက်တဲ့အခါ တခြားကိုမသွားတော့ပဲ ဒီကိုပဲ လာကြတော့တယ်လေ။

အဲ့အပင်မှာ ယွင်ယွီလောင်းခဲ့တဲ့ ဝိဉာဉ်စမ်းရေက ဝိဉာဉ်စွမ်းအင်ကို ခံစားရလို့ပဲလား။ သစ်အမျိုးအစားချင်း တူလို့ပဲလားမသိပေမဲ့ စက္ကူလူလေးက ခေါင်းပြူလာပြီး သစ်ပင်ကို လှမ်းကြည့်တော့တယ်။

ယွင်ယွီက သူ့ကို တို့ပြီး “ပြတင်းပေါက်နား တအားမကပ်နဲ့ သူများတွေ လန့်ကုန်မယ်”

စက္ကူလူလေးက သူမစကား နားထောင်ပြီး သူမပခုံးပေါ် ပြန်တက်သွားတော့တယ်။ မကြာခင်မှာပဲ သူမတို့က ချင်းဟယ်ရွာ ယွင်မိသားစုအိမ်ကို ရောက်လာတော့တယ်လေ။ ဘေးမှာ ဆောက်နေတာကလည်း အုတ်မြစ်က ပြီးသွားပြီလေ။ အမြန်နှုန်းကတော့ ဩချလောက်စရာပဲ။ ပြောရရင် ချင်ယွိစွေသူငယ်ချင်း ရွှီလန်ထင်း လုပ်ထားတာဆိုတော့လည်း သိပ်မအံ့ဩရပါဘူး။ အဖွားယွင်က နေပူလွန်းရင် အလုပ်သမားတွေ အပူရှပ်မှာစိုးရိမ်တော့ နေ့ခင်း အခုလိုနေပူရင် ခဏနားခိုင်းပြီး ဖရဲသီး ခွဲကျွေးတယ်လေ။

ယွင်ယွီဝင်လာတော့ ဖရဲသီးစားနေနဲ့ အုပ်စုက နှုတ်ဆက်လာပြီး ဟေးတက အမြီးတရမ်းရမ်းနဲ့ ပြေးလာတော့တယ်။ မြို့တော်မသွားခင် ယွင်ယွီကယ်ခဲ့တဲ့ စာကလေးက သူ့ကျောပေါ်မှာ ရပ်နေပြီး ယွင်ယွီကို နှုတ်ဆက်တဲ့အနေနဲ့ ကျီကျီကျာကျာ တွန်ပြလာတယ်လေ။

“ရှောင်ယွီအာ ပြန်လာပြီလား” အဖွားယွင်က သူမမြေးမအသံ ကြားတော့ တန်းထွက်လာတော့တယ်။ “ပြန်လာရင် နားပြီး ဖရဲသီးစားဦး ဟင်းနှစ်ခွက်လောက် ပိုချက်လိုက်ဦးမယ်”

ယွင်ယွီက အလုပ်သမားတွေကို နှုတ်ဆက်လိုက်ပြီး သူမအဖွားနောက်ကို ဖရဲသီးတစ်စိတ်နဲ့ လိုက်သွားတော့တယ်။ အဖွားယွင်က “ဘွဲ့ယူလာပြီလား”

“ယူလာပြီ အဖွား”

“ရှောင်ချင်နဲ့ရော ဘယ်လိုလဲကွယ်”

“ကောင်းကောင်းမွန်မွန်ပါပဲ အဖွား ဟိုမှာ သူကူညီပေးလို့ သမီး ဒီလောက်မြန်မြန် ပြီးလာတာ”

အဖွားယွင်က “ရှောင်ယွီအာ သူ့နဲ့သေချာပြီလား”

“သေချာပြီအဖွား”

အဖွားယွင်က “မြေးသူ့မိသားစုနဲ့ရော တွေ့ခဲ့သေးလား”

ပြောရရင် လက်ထပ်တော့မယ်ဆို သားရှင်ဖက်က လာတောင်းရမ်းတာတွေ စေ့စပ်ကြောင်းလမ်းဖို့တွေ လုပ်ရမှာလေ။ အခုက ဘယ်သူမှပေါ်မလာတော့ စိုးရိမ်တယ်လေ။

ယွင်ယွီက “အဖွား သူ့မိသားစုအခြေအနေက နည်းနည်းရှုပ်တယ် သူ့အမေက ဆုံးသွားသွားတဲ့အပြင် သူ့အဖေက နောက်မိန်းမ ယူထားပြီးပြီ။ သူက သူ့အမေရဲ့မိသားစုဖက်မှာ ကြီးပြင်းလာတာလေ။ အဲတော့ လာတောင်းရမ်းစေ့စပ်ဖို့က လာဖြစ်မယ် မထင်ဘူး”

“အဲ့လိုလား” အဖွားက နားလည်သွားတော့တယ်။ “ဒီလိုဆိုရင် အဖွားနဲ့ မြေးအမေနဲ့တွေးထားတာ ရှိတယ်။ ရွာထဲကလူတွေက မြေးနဲ့ ရှောင်ချင်လက်ထပ်ပွဲအကြောင်း မေးနေကြတယ်လေ။ မြေးက ကိုယ်ဝန်လည်းရှိနေတော့ ရှောင်ချင်နဲ့ အရင်လက်မှတ်ထိုးပြီး လက်ထပ်မှတ်ပုံတင်လိုက်ရင်ရော။ နောက်ပိုင်း ဗိုက်က ပေါ်လာတဲ့အခါ လူပြောစရာ မဖြစ်တော့ဘူးပေါ့”

မင်္ဂလာဆောင်နဲ့ လက်ထပ်တာက ခွဲခြားမရပေမဲ့ လက်ထပ်မှတ်ပုံတင်လိုက်ရင် လက်ထပ်မှတ်ပုံတင်ထားကြပြီးသား လူတွေက ကလေးရလာတာ ဘာမှမထူးဆန်းတော့ဘူးလေ။

“ရတယ်လေအဖွား” ယွင်ယွီက ဖြေလိုက်တယ်။ “ဒါဆို တစ်ရက်ရက်ကျ ချင်ယွိစွေနဲ့ မှတ်ပုံတင်ဖို့သွားလိုက်မယ်။ အိမ်ထောင်စုစာရင်း ယူသွားမယ်နော်”

ပြောရရင် တအားအရေးမကြီးပေမဲ့ ရွာသားတွေ အတင်းချမှာကို ရှောင်ချင်ရင်တော့ အကောင်းဆုံးက လက်ထပ်မှတ်ပုံတင်တာပဲလေ။

အဖွားယွင်က ရယ်ပြီး “ဒါဆိုကောင်းတာပေါ့ကွယ် မြန်မြန်လေး ရက်ကောင်းရက်သားရွေးကြပေါ့”

ယွင်ယွီက ရက်ကောင်းရက်မြတ်ကို တွက်ချက်ကြည့်တော့ အခုကနေ ခုနှစ်ရက်မြှောက်နေ့ကျရင် ရက်ကောင်းတယ်လေ။

65 03

ယွင်ယွီက ချင်ယွိစွေနဲ့ အဲ့ဒီအကြောင်းပြောဖို့ ထွက်လာတော့ အလုပ်သမားတွေစားသွားတဲ့ ခုံပေါ်က ဖရဲသီးရည်တွေ သုတ်နေတယ်လေ။ ယွင်ယွီက “ကျွန်မတို့ အရင်ဆုံး လက်ထပ်မှတ်ပုံ တင်ထားကြရင် ကောင်းမယ်ထင်တယ်”

ချင်ယွိစွေက သူမကို ကြည့်လာတော့ သူမက အူတူတူရုပ်နဲ့ ထပ်ပြောမိပြန်တယ်။ “ဖြစ်တယ်မလား”

ယွင်ယွီက “နောက်ခုနှစ်ရက်ကျရင် ရက်ကောင်းတယ် အဲ့နေ့ သွားလုပ်ရအောင်လေနော်”

“ကောင်းပြီ” သူ့အသက်ရှုသံက နည်းနည်း ပြင်းနေတယ်လေ။

ညစာစားပြီးတော့ နွေရာသီကျောင်းပိတ်ရက်မလို့ အိမ်ပြန်ရောက်နေတဲ့ ယွီရှန်းက ပန်းကန်တွေ သယ်သွားပြီး ဆေးလိုက်တော့တယ်။ အချိန်က ဇူလိုင်လဆန်းပိုင်းဆိုတော့ အပူချိန်ကနည်းနည်းများနေပြီး ညဆိုရင်တောင် အိုက်သလိုခံစားရတယ်ဆိုပေမဲ့ ယွင်ယွီက ဒီလိုအခြေအနေကို မကြိုက်တာ မဟုတ်ဘူးလေ။ သူက ပန်းခုံအောက်မှာထိုငိလို့ ကြယ်တွေကို ငေးနေတဲ့အချိန် ချင်ယွိစွေက သူမနားဝင်ထိုင်ပြီး ကဒ်တစ်ကဒ်ပေးလာတယ်။

ယွင်ယွီက ရယ်ရင်း “ဘာလဲ ရှင့်လစာကဒ်နဲ့ ကျွန်မကို တင်တောင်းတာလား”

“အင်း” ချင်ယွိစွေက ခေါင်းညိတ်လိုက်တယ်။ ပြောရရင် ထုံးစံအရ ‌တင်တောင်းငွေ မဟုတ်ရင် လက်ဆောင် ပေးရမှာဆိုပေမဲ့ သူ့ရဲ့ မိသားစုအကြီးအကဲတွေက အသုံးကျမနေတော့ အရာရာ သူကိုယ်တိုင် လုပ်ရတယ်လေ။

ယွင်ယွီက ကဒ်ကို သိမ်းလိုက်ပြီး “ဒါဆို အဖွားကို ပေးလိုက်မယ်” သူတို့က အဲဒါကို မင်္ဂလာခန်းမ အပြင်အဆင်အတွက် သုံးလို့ရတယ်လေ။

လူကြီးတွေက သူတို့ အချင်းချင်း အဆင်ပြေနေကြတာမြင်တော့ သွားဝင်မရှုပ်ဘဲ လွှတ်ထားလိုက်ကြတော့တယ်။

******

All Chapters