အခန်း ၇၁
Vol. 8 Ch. 71
အခန်း ၇၁
ယွင်ယွီသည် သူမ၏ဝေ့ပေါ်အကောင့်ကို ပျော်ရွှင်စွာစာရင်းသွင်းပြီးနောက် သူမ၏ပရိုဖိုင်၌ သူမက ရှေးဖြစ်ဟောရာတွင်တော်ကြောင်း ဖုန်းရွှေနှင့်အဆောင်တွင် တော်ကြောင်း ရေးသားထားလေ၏။
သူမ၏ပထမဆုံးပို့စ်အတွက် မည်သည်ကို တင်ရမည်မှန်းမသိသောကြောင့် လျစ်လျူရှုထားလိုက်ပြီး သူမ စိတ်ဝင်စားသည့် အခါမှတင်ဖို့ ဆုံးဖြတ်လိုက်၏။ အင်တာနက်ပေါ်၌ သူမက အသက်မွေးဝမ်းကြောင်းတစ်ခု တည်ဆောက်ထားခြင်း မရှိပေ။ အလိုက်သင့်သွားလိုက်မည်။
ဖုန်းပိတ်ပြီး ယွင်ယွီက ချင်ယွီစွေ၏ လှပသောမေးရိုးကို လှည့်ကြည့်လိုက်မိ၏။
“ကျွန်မတို့ မြို့တော်ကို ဘယ်ချိန်သွားမှာလဲ”
ထန်ဟုန်းလျန်က ထောင်ကျနေပြီးဖြစ်သည်။ ထို့ကြောင့် ဗီလာ၏ဖုန်းရွှေအစီအရင်ကို ဖယ်ရှားမှဖြစ်မည်။ ထို့မှသာ အခြားသူများကို မထိခိုက်စေမှာဘဲ ဖြစ်သည်။
သူမက မြို့ကိုလည်း တစ်ချက် သွားကြည့်ချင်၏။ လွန်ခဲ့သည့်နှစ်ရက်ခန့်က ယန်မင်ခမ်းသည် သူ့ကိုခေါ်ပြီး ဟယ်ရှန်းမြို့ရှိ ဗီလာပရောဂျက်၏ ဆောက်လုပ်ရေးလုပ်ငန်းကို စတင်၍ ရမရ မေးခဲ့သည်။
ယင်းသည် ချင်ယွီစွေ၏အဖွား သေဆုံးရာ မကောင်းဆိုးဝါးခုနှစ်ဖွယ် ဝိဉာဉ်ဖျက်ဆီးခြင်း အစီအရင်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင် ဖြစ်သည်။ သူအသည် ၎င်းကို ခုနှစ်စဉ်ကြယ်ဝိဉာဉ်ဖွဲ့စည်းခြင်း အစီအရင်ဖြင့် ပြောင်းခဲ့၏။ ဤရက်ပိုင်းအတွင်း မကောင်းဆိုးဝါးအငွေ့အသက်များ လွင့်ပြယ်နေပြီးဖြစ်ကာ ဆောက်ရေးလုပ်ငန်းခွင်ထဲ စုစည်းနေသည့် မကောင်းဆိုးဝါး အငွေ့အသက်များ လွင့်ပြယ်နေပြီးဖြစ်သည်။ ယန်မင်ခမ်းက အလုပ်စမလုပ်ရဲသေးချေ။ သူက ယွင်ယွီကို နှစ်ရက် ကြိုမေးထား၏။ ဘေးကင်းလုံခြုံရေးအတွက် ယွင်ယွီကိုယ်တိုင် လုပ်ငန်းခွင်ထဲရှိ အငွေ့အသက် ပျောက်ကွယ်သွားခြင်း ရှိမရှိ သွားကြည့်ဖို့ ပြင်ဆင်ထား၏။
တကယ်တော့ သူ ကျောက်စိမ်းပြားများဖြင့် ပြုလုပ်ထားသည့် ခုနှစ်စဉ်ကြယ်ဝိဉာဉ်ဖွဲ့စည်းခြင်း အစီအယဉ်ဖြင့် ထိုမကောင်းဆိုးဝါး အငွေ့အသက်များ ပျောက်ကွယ်သွားသင့်တာကြာပြီ ဖြစ်သည်။ သို့သော် ဘေးကင်းလုံခြုံရေးအတွက် ကိုယ်တိုင်သွားကြည့်တာ ပိုအဆင်ပြေမည်။ ထို့အပြင် သူမက ခုနှစ်စဉ်ကြယ်ဝိဉာဉ်စုစည်းခြင်း အစီအရင်ကို လိပ်ပြာစုစည်းခြင်း အစီအရင်ဖြင့် အစားထိုးချင်၏။
မကောင်းဆိုးဝါးခုနှစ်ဖွယ် ဝိဉာဉ်ဖျက်ဆီးခြင်း အစီအရင်သည် လုံဖုန်းရွှမ်းအတွက် ရည်ရွယ်ထားတာဖြစ်သည်။ အစီအရင်က အရမ်းရက်စက်လွန်းပေ၏။ လဝက်အတွင်း လုံဖုန်းရွှမ်း အသက်ခံရနိုင်သည်။ သို့သော် သူမ သက်ရှိထင်ရှားရှိစဉ်က အလွန်အစွမ်းထက်သူ တစ်ယောက် ဖြစ်ခဲ့၏။ သူမ၏ ဝိဉာဉ်ကို ကယ်တင်နိုင်ရန် နည်းလမ်းတစ်ခု ရှိလိမ့်မည်။ လိပ်ပြာစုစည်းခြင်း အစီအရင်ကို ဝိဉာဉ်စုစည်းခြင်း အစီအရင်ဖြင့် အစားထိုးခဲ့လျှင် မျှော်လင့်ချက် ရှိမည်လားဟု သူမ သိချင်မိသည်။
ယွင်ယွီက ဤကိစ္စကို ကိုယ်တိုင်ကိုင်တွယ်ထားပြီး ချင်ယွီစွေကို မပြောဖို့ပြင်ဆင်ထားသည်။ သူ အကြောင်းမဲ့ ပျော်ရွှင်သွားမှာကို စိုးရိမ်သောကြောင့်ဖြစ်သည်။
ဆိုရလျှင် ဝိဉာဉ်ပြိုကွဲသွားပြီး အရာအားလုံး မရှိတော့လျှင် ပြန်လည်မွေးဖွားခွင့်တောင် ရမှာမဟုတ်ပေ။ ဝိဉာဉ်ကို ပြန်လည်စုစည်းပြီး ဖြည်းဖြည်းချင်း ကျင့်ကြံနိုင်လျှင် တစ်နေ့ကျ လူသားအဖြစ် ပြန်လည်မွေးဖွားလာနိုင်လိမ့်မည်။
“နောက်နှစ်ရက်ကျ အဲဒီကိုသွားမှာ”
ချင်ယွီစွေသည် မြို့တော်ကို ဖုန်းဆက်ပြီး သူ မှာယူထားသည့် လက်စွပ် အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်း သိလိုက်ရ၏။
အိမ်လည်း ပြီးကာနီးပြီ ဖြစ်သည်။ ယင်းအိမ်ရှိ အိမ်သစ်ကို ရွှီလန်ထင်းနှင့် သူငှားရမ်းထားသည့် ကြီးကြပ်သူများ အလုပ်သမားများက ပြင်ဆင်ပေးထားပြီး သာမာန်ဆောက်လုပ်ရေးဝန်ထမ်း အရေအတွက်နှစ်ဆ ရှိသည်။ အိမ်သစ်က တစ်လအတွင်း ပြီးပြီဖြစ်ကာ အလှပြင်ဖို့ စောင့်ရလိမ့်မည်။ ရွှီလန်ထင်းက အိမ်အတွင်းနှင့် ခြံဝန်းဒီဇိုင်းကို ပြင်ဆင်ရန်တောင် ကူညီပေးထား၏။ ပိုက်ဆံပေးချေတာအပြင် သူသည် အိမ်သစ်အတွက် ဘာမှစိတ်ပူစရာမရှိ။ ယွင်ယွီက ခြံဝန်းအတွင်းဒီဇိုင်းနှင့် အိမ်တွင်း ဒီဇိုင်း၏ ဖုန်းရွှေကို စစ်ဆေးထားပြီးဖြစ်၏။ သူမက ပြုပြင်ဖို့လည်း ကူညီပေးခဲ့၏။
အိမ်သစ်ပြင်ဆင်ရန် အချိန်နှစ်လ ယူရလိမ့်မည်။ အိမ်သစ် ပြုပြင်ပြီးသည်နှင့် မင်္ဂလာပွဲကျင်းပမည်ဖြစ်ကာ ပစ္စည်းများစွာဝယ်ယူရန် လိုအပ်သည်။
ယခုအခါခရီးစဉ်က ပစ္စည်းများစွာ ဝယ်ရလိမ့်မည်။
ယွင်ယွီက ပြောလိုက်၏။
“ဒါဆို၅ရက်နေ့ကျ သွားကြတာပေါ့”
၅ရက်နေ့သည် ယွင်ရှင်း ပထမဆုံး ကျောင်းတက်သည့်ရက်ဖြစ်ပြီး ခရီးထွက်ရန် နေ့ကောင်းတစ်ရက် ဖြစ်၏။
နှစ်ယောက်သား အချိန်သဘောတူညီမှုရပြီး ချင်ယွီစွေက မြန်နှုန်းမြင့် ရထားလက်မှတ်တစ်စောင် ဖြတ်လိုက်တော့သည်။ ယွင်ယွီက ပျံသန်းရတာ မနှစ်သက်မှန်း သူ ရှာတွေ့ခဲ့၏။ ထို့ကြောင့် သူ များများစားစား မမေးဘဲ အပြင်ထွက်ချိန်၌ အမြန်ရထားလက်မှတ်သာ ဖြတ်ခဲ့တော့သည်။
မြို့တော်မှပြန်လာလျှင် ကျန်သည့်ကိစ္စများလည်း လုပ်ရဦးမည်။
ယွင်ယွီက တောင်ထိပ်ပေါ်ရှိ ဝါးတောအုပ်ကို ချဲ့ထွင်ချင်နေကြောင်း သူ သိသည်။ တောင်ထိပ်၌ ဝါးတောအုပ် ဆယ်ဧကခန့်ရှိ၏။ သို့သော် သူမက သေးလွန်းသည်ဟု ခံစားမိကာ ဧကတစ်ရာ ချဲ့ထွင်ချင်နေသည်။ ဝါးပင်များ ကြီးထွားလာသည့်အချိန်၌ ၎င်းက ကောင်းမွန်သည့် ရှုမျှော်ခင်းတစ်ခု ဖြစ်လာလိမ့်မည်။
မြို့တော်သို့ သွားရန် ရက်သတ်မှတ်ပြီးနောက် ယွင်ယွီ စိတ်ကျေနပ်သွားသည်။
သူမ မော့ကြည့်မိချိန်တွင် ချင်ယွီစွေနှင့် အကြည့်ချင်း ဆုံသွားတော့သည်။ သူ၏ အေးစက်သောအကြည့်က ယခုဆို နွေးထွေးမှုတစ်စွန်းတစ်စ ရှိနေပြီဖြစ်သည်။
တချို့သော အကြောင်းအရင်းကြောင့် ယွင်ယွီ၏ရင်ထဲ စိတ်နှလုံးက နူးညံ့သွားလေ၏။ သူမ၏ အတိတ်ဘဝနှင့် လက်ရှိဘဝက သူ နှင့် ဆုံတွေ့ခွင့်ရရန် ရည်ရွယ်လေသလားဟု ခံစားမိသွားသည်။
သို့သော် သူတို့ကြားရှိ ရှင်းပြ၍မရသည့် တိုက်ဆိုင်မှုများအကြောင်း တွေးမိသောအခါ သူသည် သူမကို လက်ထပ်ခဲ့ခြင်းက တာဝန်ယူချင်သောကြောင့်ပင်သိ၏။ သူက သူမအပေါ် ကောင်းကောင်းမွန်မွန် ဂရုစိုက်ပေးကာ သူမအတွက် ချက်ပြုတ်ခဲ့ပေး၏။
ထိုအချက်များကို တွေးကြည့်မိပြီး ယွင်ယွီက မျက်မှောင်အနည်းငယ် ကြုတ်မိသွားကာ နှုတ်ခမ်းတင်းတင်း ဆူထားရာ သူမ၏ပန်းနုရောင်နှုတ်ခမ်းကို ပိုထင်းထွက်လာစေကာ အင်မတန်ဆွဲဆောင်မှု ရှိလာစေတော့သည်။
သူမရင်ထဲ စိတ်ခံစားချက်များ ရှုပ်ထွေးနေပြီး ကြည့်နေစဉ်အတွေးလွတ်နေ၏။
ချင်ယွီစွေ၏ အကြည့်က သူမ၏ နှုတ်ခမ်းထင်းထင်းလေးများအပေါ် အကြည့်ရောက်သွား၏။ နှစ်စက္ကန့်ခန့်ကြည့်နေမိပြီးနောက် တိတ်တဆိတ် အကြည့်လွှဲလိုက်တော့သည်။
နီရွှယ်ကျောင်းသည် ဆိုင်က ဘလော့ခံလိုက်ရကြောင်း ရှာတွေ့သွားသောအခါ အံ့ဩဆွံ့အသွား၏။ ဆိုင်ရှင်အဆောင်က အစစ်ဖြစ်ကြောင်း သူမ မှတ်မိသွားချိန်တွင် အံကြိတ်မိလိုက်သည်။ ငါ့ကို ဘလော့ထားပေမဲ့လည်း အဆောင်ထဲဝင်နိုင်သေးတယ်ဟု တွေးလိုက်မိ၏။
အဆောင်သို့သွားကာ အဆောင်များထပ်ဝယ်ရန် ပြင်ဆင်လိုက်သော်ငြား ပစ္စည်းအားလုံး ရောင်းကုန်သွားကြောင်း ရှာတွေ့သွားလေ၏။
သူမဘေးရှိ ယွင်ဝေးဝေးက အဆောင်ကို တင်းကျပ်စွာ ဖောက်တွယ်ထားလျက် ဆော်ဩလိုက်သည်။
“အမေ၊ ဆက်သွယ်တာဘယ်လိုလဲ။ ဆိုင်ရှင်က ဘာပြောလိုက်လဲ”
နီရွှယ်ကျောင်းက သူမ ရင်ထဲ အေးစက်မှုကို ခံစားလိုက်ရကာ အလိုလို ပြောလိုက်တော့သည်။
“သူ အမေ့ကို ဘလော့သွားပြီ။ ဆိုင်က ပစ္စည်းအားလုံး ဖယ်လိုက်ပြီ”
“ဘာ”
ယွင်ဝေးဝေးက အော်ပြောလျက်နဖူးပေါ်၌ ချွေးစေးများ ပျံလာလေ၏။ သူမသည် သူမကို ဆာလောင်စွာ စိုက်ကြည့်နေသည့် သရဲထီးကိုကြည့်ကာ သူမ ရေခဲလှိုဏ်ဂူထဲ ပြုတ်ကျသွားသလို ခံစားလိုက်ရ၏။
“အမေ၊ သမီး ဘာလုပ်သင့်လဲ”
ယွင်ဝေးဝေးက ငိုနေတော့သည်။ သူမ၏ နောက်ဆုံးမျှော်လင့်ချက် ပြိုကွဲသွားသောအခါ သူမ၏ စိတ်နှင့်ခန္ဓာ ညည်းပန်းနှိပ်စက်ခံနေရသလိုပင်။
နီရွှယ်ကျောင်းက သူမ၏ သမီးကို ထွေးပွေ့ထားလေ၏။
“စိတ်မပူနဲ့ ဝေးဝေး။ ဒီအဆောင်က သေချာပေါက် ခဏတော့ အလုပ်ဖြစ်မှာပဲ။ မိစ္ဆာက ဟယ်ရှန်းမြို့မှာ အမေ တစ်ယောက်ယောက်ကို စုံစမ်းခိုင်းလိုက်မယ်။ နေရာမကျယ်တော့ ဒီလိုအရည်အချင်းရှိတဲ့ ဆရာမျိုးကို ရှာရလွယ်မှာပဲ”
ယွင်ဝေးဝေးက ငိုနေလေ၏။
“အမေ၊ မြန်မြန်ရှာပေးပါ။ သမီးနာလှပြီ”
သို့သော် သူမသည် အနည်းဆုံးတော့ ယခုညအတွင် ကောင်းမွန်စွာ အိပ်စက်နိုင်၏။ အကြောင်းမှာ သရဲထီးက အဆောင်ကို ကြောက်ရွံ့နေသောကြောင့် ဖြစ်သည်။
နီရွှယ်ကျောင်းက နေရာမှာတွင် ယွင်မောက်လျန်ကို ခေါ်လျက် အဆောင်အကြောင်းပြောပြပြီး မေးလိုက်တော့၏။
“မောက်လျန်၊ ဒါ ရှင့်ရဲ့မွေးရပ်မြေလေ။ မြို့နားမှာ ပညာရှင်တစ်ယောက်ရှိတာကို သိလား”
ယွင်မောက်လျန်က စိတ်ရှုပ်ထွေးစွာ ပြောလိုက်၏။
“ငါ ဘယ်လိုလုပ်သိမှာလဲ။ အဲဒီနေရာကျဉ်းလေးမှာ ဘာပညာရှင်မှ မရှိဘူး”
သူသည် သူ၏ သမီး ကြုံတွေ့ခဲ့ရသည့်အရာများကို မတွေးခင်အထိ သရဲတစ္ဆေများနှင့် နတ်ဘုရားများကို အယုံအကြည်မရှိခဲ့ပေ။
နီရွှယ်ကျောင်းက စိုးရိမ်ပူပန်စွာပြောလိုက်၏။
“ဂရုတစိုက် စဉ်းစားကြည့်ပါဦး”
“စဉ်းစားကြည့်ဦးမယ်”
ဤကိစ္စက သူ့သမီးနှင့် သက်ဆိုင်နေသောကြောင့် ယွင်မောက်လျန်က ဂရုတစိုက် စဉ်းစားလိုက်၏။
“ငါတို့ရွာမှာ တစ်ချိန်လုံး ရှေးဖြစ်ဟောပြီးနေလာတဲ့ လူအိုကြီးဟူတစ်ယောက်ရှိတာကို ဝေးဝေးဝါးဝါး မှတ်မိသလိုပဲ။ တခြားတစ်ယောက်ကို မတွေးမိဘူး”
နီရွှယ်ကျောင်း၏ မျက်လုံးက လက်သွားတော့သည်။
“အဲဒီလူအိုကြီးဟူပဲဖြစ်ရမယ်”
“အဘိုးကြီးဟူက သေတာကြာလှပြီ”
ယွင်မောက်လျန်က သက်ပြင်းချလိုက်လေ၏။
နီရွှယ်ကျောင်း၏ မျက်နှာက ဖြူဖျော့သွားတော့သည်။
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အဆောင်ရောင်းတဲ့ ပညာရှင်က ဘယ်သူလဲ။ အဘိုးကြီးဟူရဲ့ တပည့်များလား”
ယွင်မောက်လျန်က ပြောလိုက်၏။
“သူ့မှာ တပည့်တစ်ယောက် ရှိတာမကြားမိဘူး။ ထားလိုက်တော့။ နောက်ရက်ကျ ပြန်သွားကြည့်လိုက်မယ်”
သူ၏နှစ်များအတွင်း အိမ်သို့ပြန်မသွားရဲချေ။ အစောပိုင်းနှစ်များတွင် သူ ပြန်သွားသည့် အခေါက်တိုင်း သူ၏ အမေရိုက်တာခံရသည်။ နောက်ပိုင်းနှစ်များ၌ သူ ပြန်မသွားတော့ဘဲ နှစ်စဉ်နှစ်တိုင်း သူ၏ အကိုကြီးဆီသာ ပိုက်ဆံများစွာ လွှဲပေးလျက် သူ့အမေဆီ ပေးခိုင်းခဲ့သည်။
နီရွှယ်ကျောင်းသည် သူမ ခင်ပွန်း၏ဇနီးဟောင်း ဟယ်ချင်းကျေးရွာ၌ နေတာကို မှတ်မိနေသေး၏။ သူမ ပြာယာခတ်သွားကာ ပြောလိုက်တော့၏။
“ဒါဆို ကျွန်မ လိုက်ခဲ့မယ်”
သူမသည် သူမ ခဲရာခဲဆစ်လုထားရသည့်လူက မူလဇနီးသည်ကို မြင်သည်နှင့် သနားဂရုနာသက်သွားမှာကို မလိုချင်ပေ။
ဖုန်းချပြီးနောက် နီရွှယ်ကျောင်းက အနည်းငယ် မှင်သတ်နေသေးကာ ငါးသောင်းတန်အဆောင်ကို တွေ့မိသွား၏။ သူမသည် ဆိုင်ကို ပိုက်ဆံ ပြန်အမ်းစေချင်ခဲ့၏။ သို့သော် ဤဖြစ်ရပ်နောက်ကွယ်ရှိ ပညာရှင်ကို ရှာတွေ့ပြီး စော်ကားမိမှာကို စိုးရိမ်သောကြောင့် အံကြိတ်လျက် လက်ခံပြေစာကိုသာ နှိပ်လိုက်ရသည်။
ယွင်ယွီက ချင်ယွီစွေ၏အခန်းထဲတွင် တီဗီကြည့်နေသည်။ သူမက တစုံတစ်ခုကို စိုးရိမ်ပူပန်နေပြီး သတိမမူမိ ဖြစ်နေ၏။ မကြာမှီ၌ သူမ အိပ်ပျော်သွားတော့သည်။
နောက်ဆုံးတွင် ချင်ယွီစွေက သူမကို အခန်းထဲ ပြန်ပွေ့လာလျက် အိပ်ရာပေါ် တင်ပေးလိုက်သည်။ သူမက နူးညံ့သည့် ချည်ထည်ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားကာ စမ်းရည်ပမာချိုမျှပြီး အလွန်လတ်ဆတ်သော ရနံ့ရှိသည့် သူမ၏ အနက်ရောင် ဆံနွယ်များက နူးညံ့ပြီးချောမွေ့နေကာ ပါးပြင်ပေါ် ဖျာကျနေလျက် အနှစ်ကဲ့သို့ ဖြူဖွေးသော ပခုံးသားက ပေါ်နေတော့သည်။
ချင်ယွီစွေက တို့ဟူးကဲ့သို့ နူးညံ့သော သူမ၏ပါးကို ကြည့်ပြီး သူ၏အကြည့်က နူးညံ့သည့် နှုတ်ခမ်းဖူးဖူးလေးဆီ ရောက်သွားတော့သည်။ နှုတ်ခမ်းဖူးလေးက အလွန်ချစ်စရာ ကောင်းပေ၏။ လာရောက်မြည်းစမ်းကြည့်ရန် ဖိတ်ခေါ်နေသလိုပင်။
ပူးကပ်ခံရသည့်သူတစ်ယောက်ပမာ သူက လက်ဆန့်ထုတ်မိသွားကာ နှုတ်ခမ်းကို လက်မဖြင့် ထိမိသွား၏။
ယွင်ယွီ၏ခန္ဓာကိုယ်သည် ဝိဉာဉ်စွမ်းရည်ကြောင့် နူးညံ့ပြီး ပျော့ပြောင်း၏။ အနည်းငယ်လေး ထိမိလျှင်တောင် အရာထင်သည်။ သူ၏ အသားမာတတ်နေသော လက်ချောင်းဖြင့် နှုတ်ခမ်းဖူးဖူးလေးကို ထိမိသွားသော အထိအတွေ့က သိသာလွန်းနေကာ အိပ်စက်နေချိန်တောင် သူမကို မသက်မသာ ဖြစ်သွားစေသည်။ သူမ မျက်မှောင်အနည်းငယ် ကြုတ်မိသွားလျက် အောက်နှုတ်ခမ်းကို လျက်ရန် လျှာထုတ်လိုက်မိသည်။
သူမ၏ လျာက သူ၏ လက်မနှင့် ထိမိသွားချိန်တွင် စိတ်နှလုံးအောက်ခြေထဲမှ မီးပေါက်ကွဲသွားသည့်ပမာ အပူက တစ်ကိုယ်လုံး ပြန့်သွားတော့သည်။
၎င်းသည် ချင်ယွီစွေ၏ ဂုဏ်ယူဝင့်ကြွားရသည့် မိမိကိုယ်ကို ထိန်းချုပ်မှုအား ပြိုလဲစေလုနီးပါး ဖြစ်သွား၏။ သူ အမြန်ထရပ်လျက် ထွက်သွားချင်၏။ ညအချိန်၌ သူမ အအေးမိမည်ကို စိုးရိမ်ကာ သူ ပြန်ရောက်လာကာ စောင်ခြုံပေးပြီးနောက် ခပ်ရှက်ရှက် ထွက်သွားလေသည်။
ယွင်ယွီကမူ ထိုအကြောင်းကို မသိပေ။ သူမ နှစ်ခြိုက်စွာ အိပ်မော်ကျနေပြီး နိုးလာချိန်၌ အပြင်မှ ငှက်တို့၏ တစ်ကျီကျီအော်သံမှအပ အရာအားလုံးတိတ်ဆိတ်နေ၏။
သူမက ထထိုင်လျက် ပျင်းရိစွာသန်းဝေကာ လက်ဖြင့် ပါးစပ်ကိုကာပြီး ဖုန်းထုတ်ကာ ကြည့်လိုက်၏။ မနက်လေးနာရီ ထိုးနေပြီဖြစ်သည်။
သူမသည် ယခင် အွန်လိုင်းဆိုင်မှ စာတစ်စောင်ကို တွေ့လိုက်ရသည်။ ဖွင့်ကြည့်လိုက်သည့် အချိန်တွင် နီရွယ်ကျောင်း ကုန်ပစ္စည်းအတွက် ပြေစာကို အတည်ပြုကြောင်းနှင့် ယွမ်ငါးသောင်း ပို့ပေးထားကြောင်း တွေ့လိုက်ရသည်။
ယွင်ယွီသည် နီရွယ်ကျောင်း မည်သည်ကို တွေးနေမှန်းသိ ပေ၏။ သူမက သေချာပေါက် လက်လျှော့မှာမဟုတ်ဘဲ ဆိုင်ရှင်ကို ရှာလိမ့်မည်။ သူမ ပြန်အမ်းငွေတောင်းခဲ့ပါက ဆိုင်ရှင်ကို စော်ကားမိမှာ စိုးရိမ်သောကြောင့် ကုန်ပစ္စည်းလက်ခံကြောင်း ပြောလိုက်တာပဲ ဖြစ်သည်။
သူမက နှာခေါင်းရှုံ့လျက် ပိုက်ဆံတစ်ဝက်ကို လှူကာ ကျန်ရှိသည့် ငွေကို ကဒ်ထဲထည့်လိုက်သည်။
မနက်လေးနာရီတွင် ကမ္ဘာလောကကြီးရှိ အရာအားလုံးက တဖြည်းဖြည်း စတင်နှိုးထလာလေ၏။
ယွင်ယွီသည် ဝိဉာဉ်စွမ်းရည်တစ်ခွက် သောက်ပြီး တင်ပြင်ခွေချိတ်ထိုင်ကာ သူမ၏ခန္ဓာကိုယ်ထဲရှိ ဝိဉာဉ်စွမ်းအင်များကို စတင်လှည့်ပတ်လိုက်သည်။
သူမ မျက်လုံးပြန်ဖွင့်ချိန်တွင် မနက်ခြောက်နာရီထိုးနေပြီ ဖြစ်သည်။ အဝတ်အစားလဲပြီးနောက် အပြင်ထွက်လိုက်၏။ မီးဖိုချောင်ထဲရှိ အလင်းရောင်ကို တွေ့လိုက်ရသောအခါ အထဲဝင်ကြည့်ချိန် အုပ်လည်၌ မွှေးရနံ့သင်းပျံ့သည့် ဆန်ပြုတ်ကို တွေ့လိုက်ရသည်။ မီးဖိုချောင်ထဲတွင် မည်သူမှ မရှိပေ။
ယခုအချိန်တွင် သူမ၊ ချင်ယွီစွေ နှင့် ရှောင်ရှင်းတို့သာ အိမ်မှာရှိသည်။ ရှောင်ရှင်းက ညအချိန်တွင် အိမ်စာလုပ်ရသောကြောင့် ပုံမှန်ဆို မနက်ခုနှစ်နာရီမှ ထလေ့ရှိသည်။ သူ့အခန်းထဲတွင် အိပ်နေသေး၏။
မနက်စာချက်ရန် ထပေးတာ ချင်ယွီစွေပဲ ဖြစ်လောက်သည်။ သူမက မနေ့တုန်းက ထူးဆန်းသော ခံစားချက်ကို တွေးမိပြီး ယခုအချိန်၌ သူ့ကို မြင်ချင်လာ၏။
သူ မီးဖိုချောင်ထဲတွင် မရှိသောကြောင့် ယွင်ယွီသည် ခြံထဲတွင် လျှောက်သွားလိုက်ရာ တံခါးဖွင့်နေတာ တွေ့လိုက်ရသည်။ ဟေးတက တံခါးဝ၌ ရပ်လျက် အမှီးတစ်ရမ်းရမ်းဖြစ်နေကာ စာကလေး ဝေးတကမူ နံရံပေါ်တွင် ရပ်နေလျက် အရှေ့အနောက် ခုန်ဆွခုန်ဆွ လုပ်နေတော့သည်။ တစ်လတာ ဂရုတစိုက် ကျွေးမွေးပြီးနောက် စာကလေးက မီးခိုးရောင်တောင်ပံများ ထွက်လာပြီဖြစ်၏။ ၎င်းက အရွယ်ရောက်ပြီး ငှက်တစ်ကောင်ဖြစ်နေလေပြီ။ သာမာန်စကလေးများထက် အရွယ်အစား ပိုကြီး၏။ ဒဏ်ရာကုသပေးသည့်တိုင် ၎င်းက အိမ်မှထွက်မသွားဘဲ အစားအသောက်နှင့် ဝိဉာဉ်စွမ်းရည် နေ့တိုင်းသောက်ဖို့ ယွင်ယွီ၏ အိမ်တွင်သာ နေလေ၏။
ယွင်ယွီ ထွက်လာတာကို မြင်သောအခါ ဝေးတက နံရံပေါ်မှ ခုန်ဆင်းလာပြီး ယွင်ယွီ၏ ပခုံးပေါ် ဆင်းသက်လိုက်ပြီး သူမကို ချစ်ခင်ရင်းနှီးစွာ ပွတ်သက်နေတော့သည်။
ယွင်ယွီ၎င်း၏ ငှက်မွှေးလေးများကို ထိပေးပြီးနောက် နံရံပေါ် ပြန်တင်ပေးလိုက်၏။
ခြံဝင်းအပြင်သို့ လျှောက်လာချိန်တွင် ချင်ယွီစွေကို တွေ့လိုက်ရ၏။ သူက သန့်ရှင်းရေးလုပ်နေတာ ဖြစ်၏။
သူ၏ဖြောင့်မတ်သော နောက်ကျောက အနည်းငယ် ကိုင်းညွတ်နေကာ ဤနေရာတွင်တောင် အေးစက်သော အငွေ့အသက်ကို မဖုံးကွယ်ထားနိုင်ပေ။
အိမ်မှုကိစ္စများကို အဘွားနှင့်အမေ လုပ်နေကျဖြစ်သော်ငြား သူတို့က မုန့်ဆိုင်ဖြင့် အလုပ်များနေသောကြောင့် မနက်သုံးနာရီ လေးနာရီတွင် ထရသည်။ ယွင်ယွီက အရင်ဆုံး သွားပြီး လွှဲယူလိုက်၏။ သူမက တစ်ရက်သာ လုပ်ပေးခဲ့တာဖြစ်သည်။ နောက်နေ့၌ ထလာချိန်တွင် ကြက်ခြံက သန့်ရှင်းရေးလုပ်ပြီးသားဖြစ်ကာ ကြက်များငန်းများကို အစာကျွေးပြီးသား ဖြစ်နေ၏။ သူမနိုးလာချိန်တွင် သူ ဘာမှမလုပ်ရသလောက် ဖြစ်နေသည်။
ယွင်ယွီ၏ ရင်ထဲနွေးထွေးသွားကာ သူ့ကို လှမ်းမခေါ်ခဲ့ပေ။ သူ မီးဖိုချောင်ထဲ ပြန်လာလိုက်ချိန် ဆန်ပြုတ် ကျက်ကာနီးပြီမှန်း တွေ့လိုက်ရ၏။ အနည်းငယ် ထည့်စားပြီးနောက် အိုးကိုးဆေးကာ အရန်ဟင်းနှစ်ခွက် ကြော်လိုက်ပြီး အဘွားယွင် လုပ်ပေးထားသည့် စားရည်စိမ်များကို လှီးဖြတ်ကာ ပန်းကန်တစ်ချပ်ထဲ ထည့်လိုက်သည်။
သန့်ရှင်းရေးလုပ်ပြီးနောက် ချင်ယွီစွေက အခန်းထဲပြန်လာပြီး ရေမိုးချိုး အဝတ်အစားလဲကာ မီးဖိုချောင်ထဲ ထွက်လာသည်။ အရန်ဟင်းများ ချက်ပြုတ်ပြီး စားပွဲပေါ် တင်ထားတာ တွေ့လိုက်ရ၏။
“မနက်စာ လာစားလေ”
ယွင်ယွီက ပြုံးပြီး ပြောလိုက်တော့သည်။
ရှောင်ရှန်းကလည်း နိုးလာပြီဖြစ်သည်။ သူက မျက်နှာသစ်ပြီး သုံးယောက်သာ မနက်စာ စားလေ၏။ သူပ ဘာမှလုပ်စရာမရှိသောကြောင့် ချင်ယွီစွေသည် အိမ်၌ ကျောက်စိမ်းများ ထွင်းထုနေတော့သည်။
ယခင်က အဆောင်တစ်ခုကို ငွေငါးသောင်းဖြင့် ရောင်းသောကြောင့် ယွင်ယွီကို ဝေဖန်ခဲ့သည်။ ရွှမ်လင်းဇစ်အကြောင်း ပြောရမည်။ သူက မကြာသေးခင်က အလုပ်များနေပြီး လတ်တလေ၌ အားလပ်ချိန် ပိုရလာ၏။ သူသည် အဆောင်များကို ယွမ်ငါးသောင်းဖြင့် ရောင်းသည့်ဆိုင်ကို ဖောလိုး လုပ်ထားသော်ငြား မတွေ့တာအတော်ကြာပြီ ဖြစ်သည်။ မနေ့က တစ်ချက် ဝင်ကြည့်မိချိန်တွင် အဆောင်တစ်ခု ရောင်းထွက်သွားကြောင်း တွေ့လိုက်ရ၏။ သို့သော် ကျန်သည်များအားလုံး စင်ပေါ်မှ ဖြတ်ချထားသည်။ သူက နှာခေါင်းရှုံ့လိုက်လေ၏။
“ဘယ်အရူးက ဒါကို ဝယ်ထားလဲမသိဘူး။ ဆိုင်ရှင်က ဝယ်ယူသူကို သတင်းပို့မှာ စိုးတာကြောင့် ပစ္စည်းတွေ ဖယ်လိုက်ပြီပဲ”
သူက ဖုန်းကို ပစ်ချလိုက်ပြီး ဤဆိုင်က လိမ်ညာနေတာဟု ပိုမိုခံစားလိုက်ရသည်။
ရွှမ်လင်းဇစ်၏ နာမည်အရင်းက ရှန့်ယုံဖြစ်ကာ သူသည် ကြွယ်ဝသည့် မိသားစုမှလာ၏။ သူသည် လွန်ခဲ့သည့် သုံးလေးနှစ်ခန့်က တက္ကသိုလ်မှ ဘွဲ့ရခဲ့သည်။ ယခုဆို အသက်နှစ်ဆယ့်ခုနစ် နှစ်ဆယ့်ရှစ်နှစ်အရွယ်ရှိနေပြီ ဖြစ်သည်။ သူက သူ့မိသားစုနှင့် အတူနေထိုင်၏။ သူက ရုပ်လွန်ဗေဒကို အလွန်စွဲလန်းနေသူ ဖြစ်သည်။
ထို့အပြင် သူက ဂိမ်းတင်ဆက်သူလည်း ဖြစ်သည်။ သူက ဂိမ်းများကို တိုက်ရိုက်ထုတ်လွှင့်လေ့ရှိပြီး ဝင်ငွေကောင်းပေ၏။ ဂိမ်းများ တိုက်ရိုက်ထုတ်လွှင့်သည့် ဝေးပေါ်အကောင့်ကိုမူ ရွှမ်လင်းဇစ် အကောင့်နှင့် ခွဲထား၏။
အိမ်တွင် ဂိမ်း တိုက်ရိုက်ထုတ်လွှင့်တာအပြင် သူက စာအုပ်များ လဲလှဲပြီး လေ့လာတတ်သေးသည်။ သူ ရည်းစားရှာရန် အချိန်မရပေ။
သူ၏မိဘများက သူ့ကို နေ့စဉ်နေ့တိုင်း နားပူနားဆာတိုက်နေကာ ဂိမ်းစွဲလန်းမှု ရပ်တန့်ရန်နှင့် ထူးဆန်းသည့် အရာများ မလေ့လာရန် အပြင်ထွက်အလုပ်လုပ်ရန်နှင့် ချစ်သူရည်းစားရှာရန် တိုက်တွန်းပြောဆိုနေတတ်သည်။
သူက ဆူညံပူညံအသံများကြောင့် စိတ်ပျက်လာ၏။ ထို့ကြောင့် အိမ်တစ်လုံးဝယ်ပြီးနေခဲ့တာ ဖြစ်သည်။ သူတို့မြို့ရှိ အိမ်ဈေးကမြင့်၏။ သူသည် အိမ်တစ်လုံးဝယ်ရန် သိထားသော ဗဟုသုတအနည်းအကျဉ်းကို အားကိုးနေရလေသည်။ ယင်းက ဈေးကွက်တန်ကြေးတစ်ဝက်ဖြင့် ဝယ်ထားတာဖြစ်သည်။
******