အခန်း ၇၄
Vol. 8 Ch. 74
74 01
အခန်း၇၄
ရှန့်ယုံသည် ယွင်ယွီ ၊သူမ ခင်ပွန်းနှင့် သရဲတို့ကို အိမ်ထဲမှ လိုက်ပို့ပေးပြီးနောက် စိတ်အေးသွားကာ သက်ပြင်း ချလိုက်တော့သည်။ သူ၏အခန်းထဲသို့ ပြန်လာပြီး နောက်ဆိုဖာပေါ်တွင် လက်တင်လျက် ခြေထောက်ဆန့်ကာ လဲနေလေ၏။
ထိုအတွေ့အကြုံက အလွန်စိတ်လှုပ်ရှားစရာ ကောင်းသည်။ သူက အမြင်ကျဉ်းသူတစ်ယောက် ဖြစ်သောကြောင့် သူ့ကို သင်ခန်းစာကောင်းတစ်ခုလည်း ပေးသွားတော့၏။
ရှန့်ယုံက ဆိုဖာပေါ်တွင်လှဲနေကာ ဖုန်းကိုထုတ်လျက် ရွှမ်လင်းဇစ်အကောင့်ထဲ ဝင်ပြီး ဆေးဆိုင်နှင့်ပတ်သတ်သည့် ဆောင်းပါးကို ပြန်သွားကာ ဝေးပေါ်၌ စာပြန်နေခဲ့လေ၏။
“ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် မသိတတ်တဲ့အတွက် ဆိုင်ရှင်ကို တောင်းပန်ပါတယ်။ ကျွန်တော်က အမြင်ကျဉ်းတဲ့သူပါ။ အဆောင်က အသုံးဝင်တယ်။ ဆိုင်ရှင်က ကျွန်တော် တွေ့ဖူးသမျှထဲမှာ အစွမ်းထက်ဆုံး ဆရာသခင်ပဲ။ ဆိုင်ရှင်ကို စိတ်ရင်းအမှန်နဲ့ တောင်းပန်ပါတယ်။ ကျွန်တော် တင်ခဲ့တဲ့ ဆောင်ပါးအတွက် ရှက်ရွံ့မိပါတယ်။ ဆောင်းပါးကို ဖျက်မှာ မဟုတ်ပါဘူး။ ဆိုင်ရှင်ကို တောင်းပန်တဲ့အနေနဲ့ ထိပ်မှာ တင်ထားမှာပါ။ နောင်ကျ ဒါမျိုးကိစ္စတွေကို အပေါ်ယံကြည့်ပြီး ကမူးရှူးထိုး မလုပ်တော့ပါဘူး”
ဝေးပေါ်၌ စာတင်ပြီးနောက် ရှန့်ယုံသည် ဖုန်းကို ပစ်ထုတ်လိုက်ကာ ကိစ္စဝိစ္စများပြီးနောက် သူ နေ့လည်စာ မစားရသေးကြောင်း တွေးမိသွားပြီး ဧည့်ခန်းစားပွဲပေါ်ရှိ ဝက်ဦးနှောက်ဆယ်ပွဲကို စိုက်ကြည့်မိသွားသည်။ အေးနေပြီး အမွှေးနံ့မရှိတော့သော်ငြား အေးသွားပြီး အမွှေးနံ့မရှိတော့တာသာ ဖြစ်မည်။ သို့သော်ငြား လာပို့ချိန်၌ ဝက်ဦးနှောက်နံ့ကို ရသေး၏။ အများအပြား ရှိနေသောကြောင့် ဖြုန်းတီး၍မရပေ။
ရှန့်ယုံက စိတ်ထဲထိုသို့ တွေးမိပြီးနောက် ဆိုဖာမှ ထထိုင်ကာ တူဖြင့် ဝက်ဦးနှောက်တစ်ဖက်ကို ယူစားလိုက်သည်။ သူ ဗိုက်အလွန်ဆာနေ၏။ ထို့ကြောင့် ဝက်ဦးနှောက် တစ်ဝက်ကို တစ်ကိုက်ထဲ စားပစ်လိုက်သည်။ သို့သော် ခဏတဖြုတ် ဝါးပြီးနောက် သူ့ပါးစပ်ထဲရှိ ရှိသမျှအားလုံးကို ထွေးထုတ်မိသွားလေ၏။ သူ၏မျက်နှာက စိမ်းဖန့်သွားကာ ပါးစပ်ဆေးရန်အတွက် မီးဖိုချောင်ထဲသို့ ပြေးသွားလိုက်လေ၏။
ထိုအရာကို စား၍မရပေ။ ၎င်းက အရသာလုံးဝမရှိ။ စာရွက်ကတောင် အရသာ ကောင်းဦးမည်။ ဤအရာက ဘာအရသာမှ မရှိပေ။ ယင်းက သူ့ပါးစပ်တစ်ဝက်ကို ထုံကျဉ်သွားစေသည်။
ရှန့်ယုံက မီးဖိုချောင်ထဲ ဆောင့်ကြောင့်ထိုင်လျက် မိနစ်အနည်းငယ် ပလုတ်ကျဉ်းနေကာ သနားစဖွယ် ဖြစ်နေတော့ပြီး ခံစားချက်က တဖြည်းဖြည်း ပျောက်ကွယ်သွားလေ၏။
သူ ထွက်သွားချိန်၌ ဤအရာက စား၍မရကြောင်း ဆရာက တမင်တကာ မပြောခဲ့တာဟု တွေးမိသွားသည်။ မဟုတ်လျှင် အဘယ့်ကြောင်းများ လွှင့်ပစ်ခိုင်းမည်နည်း။
အချိန်အတော်ကြာ ရုန်းကန်နေပြီးနောက် ရှန့်ယုံသည် ဝက်ဦးနှောက်များကို အမှိုက်ပုံထဲ ပစ်လိုက်ကာ အပြင်ဘက်၌ တစုံတစ်ခုကို မှာလိုက်သည်။
ထိုကာလအတွင်း သူ ဖုန်းဖွင့်ကြည့်လိုက်ရာ တစုံတစ်ယောက်က သူ့တင်ထားသည့်စာ၌ အကြောင်းပြန်ထားတာကို တွေ့လိုက်ရသည်။
လူတချို့က သူပြောတာကို ယုံကြည်ကြပြီး တချို့ကမူ မေးခွန်းထုတ်နေကြ၏။
ရှန့်ယုံက ပြန်မပြောခဲ့ပေ။ သို့သော်ငြား သူ၏ ပရိတ်သတ်များ ဖြေရှင်း၍မရသည့် ပြဿနာရှိပါက ဆိုင်ရှင် သို့မဟုတ် သူ့၌ ဆက်သွယ်နိုင်ကြောင်း။ သူ့တွင် ဆိုင်ရှင်၏ ဆိုင်ရှင်၏အချက်အလက်ရှိကြောင်း ပြန်ပြောလိုက်၏။
ကျန်သည်ကိုမူ လျစ်လျူရှုထားလိုက်သည်။ ဤလောကထဲ၌ သူ အပါအဝင် ရေတွင်းထဲရှိ ဖားများက များလွန်းပေ၏။
ယွင်ယွီသည် ဝက်ဦးနှောက်က စား၍မရကြောင်း ရှန့်ယုံကို မပြောခဲ့သော်ငြား ၎င်းတို့ကို လွှင့်ပစ်ရန် သတိပေးခဲ့သည်။
ယင်ဓာတ်က ထိုအစားအသောက်ကို စားထားမှန်း သာမာန်လူတစ်ယောက်က သိသွားလျှင် လွှင့်ပစ်လိမ့်မည် မဟုတ်ပါလော။ သူက ဝက်ဦးနှောက်ကို စားရဲသေးတာက သူ၏အမှားပဲ ဖြစ်လိမ့််မည်။ သူ၏ နောက်ဆုံးသင်ခန်းစာဟု သဘောထားလိုက်တာ ဖြစ်သည်။
သူ စားမိသွားလျှင်လည်း အဆင်ပြေ၏။ နှစ်ရက်ကြာ ဝမ်းပျက်ဝမ်းလျှော ဖြစ်ရုံသာရှိလိမ့်မည်။
74 02
သူတို့က နေ့လည်သုံးနာရီတွင် ဟယ်ချင်းရွာသို့ ရောက်သွားလေ၏။ သရဲ ဝမ်ယွိလင်ကလည်း လမ်းတစ်လျှောက် အလွန်ပျော်ရွှင်နေလေ၏။ အမြန်ရထားဖြစ်၍ ယင်းက အလွန်တက်တက်ကြွကြွဖြင့် မျောလွင့်လိုက်ပါလာသည်။
သူ့၌ ရိုးရှင်းသော ကိုယ်ရည်ကိုယ်သွေးလည်း ရှိ၏။ သူက ဤကဲ့သို့ အမှတ်မထင် သေဆုံးခြင်းကို စောဒကမတက်။ သူ့ကိုယ်ပေါ်၌ မိစ္ဆာအငွေ့အသက်လည်း ရှိမနေပေ။ ယင်းကြောင့် ယွင်ယွီသည် သူ့ကို ဟယ်ချင်းရွာဆီသို့ ပြန်ခေါ်လာတာဖြစ်သည်။ ယင်းက သူ၏မိသားစုပေါ် သက်ရောက်မှု သိပ်ရှိစေမှာမဟုတ်ပေ။
မြို့သို့ ရောက်လာပြီးနောက် ယွင်ယွီက ယန်မင်ခမ်း၏ ဆောက်လုပ်ရေးဆီ တစ်ချက် သွားကြည့်လိုက်သည်။
မကောင်းဆိုးဝါးဝိဉာဉ် ဖျက်ဆီးချင်း အစီအရင်က အပြည့်အဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ လူနှစ်ယောက်နှင့် သရဲတစ်ကောင်သည် သစ်ပင်အရိပ်အောက်တွင် ရပ်နေ၏။ ယွင်ယွီက ချင်ယွီစွေဘက် လှည့်မေးလိုက်၏။
“ရှင့်ဘွားဘွားကြီးရဲ့ မွေးနေ့ကို သိလား”
ချင်ယွီစွေ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားတော့သည်။
“သိတယ်”
သူက တုံ့ဆိုင်းမနေဘဲ ဘွားဘွားကြီး၏မွေးရက်ကို ယွင်ယွီအား ပြောပြလိုက်သည်။
ယွင်ယွီက ပြောလိုက်သည်။
“ဒီမှာခဏစောင့်။ ကျွန်မ မကြာခင် ပြန်လာမယ်”
ဝမ်ယွိလင်ကလည်း မျောလွင့်လိုက်ပါချင်သော်ငြား ယွင်ယွီကပြောလိုက်၏။
“ဒီမှာနေ။ ငါ့နောက် လိုက်မလာနဲ့”
ယွင်ယွီက ဝိဉာဉ်စုစည်းခြင်းအစီအရင်ကို ဖယ်ရှားရန်သွားတာ ဖြစ်သည်။ လုံဖုန်းရွှမ်း၏ မွေးနေ့ကို အသုံးပြုပြီးနောက် ထိုအတိုင်းအတာအတွင်း၌ ဝိဉာဉ်စုစည်းခြင်းအစီအရင်ကို အသုံးပြုခဲ့သည်။
သူ၏မွေးရက်ကြောင့် ပတ်ဝန်းကျင်များပေါ်၌ လွှမ်းမိုးမှုမရှိဘဲ လုံဖုန်းရွှမ်း၏ဝိဉာဉ်သာလျှင် စုစည်းခံရမှာ ဖြစ်သည်။
သူမက အစီအရင် တည်ဆောက်ပြီးနောက် တောင်အောက်သို့ သွားလိုက်သည်။ ချင်ရိဆ္ပေ သစ်ပင်အရိပ်အောက်ထဲတွင် ရပ်နေကာ ဝမ်ယွိလင်ကမူ မျောလွင့်ရတာ ပင်ပန်းသွားဟန်တူပြီး သူ့ဘေး၌ ဆောင့်ကြောင့် ထိုင်နေလေ၏။ သူက ချင်ယွီစွေနား ကပ်မသွားရဲသေးပေ။
“သွားကြမယ်”
ယွင်ယွီက ပြုံးလျက် ပြောလိုက်သည်။
အစီအရင်က ပြီးမြောက်သွားပြီ ဆိုသော်ငြား လုံဖုန်းရွှမ်းအသက်ရှင်ရန် အခွင်အရေး ရှိမရှိမသေချာသေးပေ။ သူမက ဝိဉာဉ်တစ်စကို သိမ်းထားနိုင်စွမ်းရှိလျှင် ယင်းလိပ်ပြာစုစည်းခြင်း အစီအရင်က သူမအတွက် သေချာပေါက် အထောက်အကူ ဖြစ်လိမ့်မည်။ ယခုသူမက ဝိဉာဉ်စုစည်းခြင်း အစီအရင်နှင့် ပြောင်းထားသောကြောင့် သူမ၏ဝိဉာဉ်ကို ထပ်မံစုစည်းနိုင်လောက်မည်။
ဟယ်ချင်းရွာသို့ ပြန်ရောက်ချိန်၌ ညနေငါးနာရီလောက် ရှိနေပြီဖြစ်သည်။
တံခါးရှေ့၌ အတော်လေး စည်ကားနေကာ အဖြူရောင်ကားတစ်စင်း ရပ်လာ၏။ ယွင်ယွီက လိုင်စင်နံပါတ်ပြားကို ကြည့်လိုက်သော်ငြား မမှတ်မိပေ။ ယင်းက မြို့မကားသာ ဖြစ်လိမ့်မည်။
သူမက ချင်ယွီစွေ၏ကားထဲမှ ထွက်လာပြီးနောက် အဖြူရောင်ကားဆီ လျှောက်သွားလိုက်သည်။ နောက်ခုံ၌ မိန်းကလေးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရ၏။ သူတို့ အကြည့်ချင်း စုံသွားတော့သည်။ ဒါက ယွင်ဝေးဝေး မဟုတ်ဘူးလား။
ယွင်ဝေးဝေးက ကိုယ်အလေးချိန်များစွာ ကျသွားပြီး ပါးပြင်များက ချောင်ကျနေပြီး မျက်ကွင်းများ ညိုမဲနေတော့သည်။ သူမက ယွင်ယွီကို တွေ့သောအခါ မသက်မသာ လှုပ်ရှားလိုက်တော့သည်။
ယွင်ဝေးဝေးဖြစ်နေသောကြောင့် အထဲ၌ ယာဉ်မောင်းလဲ ရှိရပေမည်။
ယွင်ယွီက သူတို့ဤနေရာသို့ မည်သည့်အတွက်ကြောင့် ရောက်လာမှန်း သိသည်။ ပို့ပေးရမည့်လိပ်စာက ဟယ်ရှန်းမြို့ဖြစ်သည်။ သူတို့က သူမက ဆိုင်ရှင်မှန်း သိထားတာဖြစ်မည်။ သို့မဟုတ် အနီးနား၌ ဖုန်းရွှေဆရာကောင်း ရှိမရှိ အဘွားကို မေးရန် ရောက်လာတာဖြစ်မည်။ ဒုတိယတစ်ခုက ပိုဖြစ်နိုင်ချေရှိပေ၏။
74 03
ယွင်ယွီက ကားထဲရှိ ယွင်ဝေးဝေးကို လျစ်လျူရှူထားလျက် ချင်ယွီစွေက ပါကင်ထိုးပြီးမှာကို စောင့်နေကာ ခြံဝင်းထဲသို့ သွားလိုက်၏။
ဝမ်ယွိလင်သည် ခြံဝင်းထဲရှိ နံရံတစ်ပေါက်ကို တွယ်တက်နေသည့် နှင်းဆီနွယ်များကို မြင်သည့်အချိန်တွင် သူက ပျံသန်းသွားကာ အော်လိုက်၏။
ကားထဲရှိ ယွင်ဝေးဝေးက ယွင်ယွီကို မြင်လိုက်ရသောအခါ စိတ်မသက်မသာဖြစ်နေသည်။ သူမက ယွင်ယွီကို မုန်းတီးပေ၏။ ယခု သူမက ယွင်ယွီ သူမ၏ဤသို့သော ပုံစံမြင်သွားချိန်၌ စိတ်မသက်မသာဖြစ်ကာ မလိုလားတော့ချေ။ ယွင်ယွီနောက်မှ လိုက်သွားသည့် အရပ်မြင့်မြင့်လူကို မြင်သောအခါ သူမ မနာလိုသောကြောင့် ရူးသွပ်လာတော့သည်။
သူတို့ ဝင်လျှင်ဝင်ခြင်း ယွင်မိသားစုအကြောင်း ရွာသားများကို မေးခဲ့ရာ။ ယွင်မိသားစုက ယခုအချိန်၌ ကောင်းမွန်သောဘဝကို နေထိုင်နေကြောင်း သိလိုက်ရသည်။ သူတို့က ဗန်းမုန့်ဆိုင် ဖွင့်ထားလေ၏။ ယွင်ယွီက အလုပ်လုပ်ရန် မြို့သို့မသွားခဲ့ဘဲ အိမ်တွင်သာ နေကာ တောင်တစ်တောင်ကို ငှားရမ်းထားသည်။ သူမက စေ့စပ်ကြောင်းလမ်းထားပြီဖြစ်ကာ မင်္ဂလာဦးအိမ်ကို တည်ဆောက်ပြီးပြီဖြစ်သည်။ အိမ်တည်ဆောက်ပြီးသည်နှင့် သူတို့ လက်ထပ်ကြလိမ့်မည်။ မြို့တော်မှလာသည့်သူက ယွင်ယွီအတွက် ကျေးရွာတွင် နေလိုစိတ်ရှိတာကို တွေးမိသွားသောမခါ ထိုလူက အလွန်ရုပ်ဆိုးလိမ့်မည်ဟု တွေးမိသွားသည်။
မဟုတ်လျှင် မြို့တော်မှလာသည့် ကောင်းမွန်သည့် မိသားစုနောက်ခံရှိသည့် မည်သည့်လူကများ ဤကဲ့သော ဝေးလံခေါင်းပါးသည့်နေရာတွင် နေလိုမည်နည်း။
သို့သော် သူမ ချင်ယွီစွေကို မြင်သောအခါ သူမ မှားယွင်းကြောင်း သဘောပေါက်သွားလေ၏။ သူ့ကဲ့သို့လူမျိုးက ရှားပါးလှပေသည်။ သူမက ယင်းကို မည်သို့ လက်သင့်ခံနိုင်မည်နည်း။
မြို့ထဲရှိကလပ်တွင် အနိုင်ကျင့်ခံခဲ့ရသည့်သူက ဤကဲသို့သော ယောကျာ်းမျိုးကို ရှာနိုင်တာကို သူမ နားမလည်နိုင်ပေ။ ယွင်ဝေးဝေးက ကားထဲကနေ ခုန်ဆင်းကာ ထိုကိုယ်လူချောအား ယွင်ယွီသည် တခြားတစ်ယောက်နဲ့ အိပ်နှင့်ပြီးသား မိန်းမပျက်ဖြစ်ကြောင်း ပြောပြချင်ခဲ့သည်။
ယွင်ဝေးဝေးက အံကြိတ်ထားပြီး စိတ်လိုက်မာန်ပါ မလုပ်မိအောင် ကြိုးစားလိုက်၏။
ယွင်ယွီနှင့် ချင်ယွီစွေတို့ ခြံဝင်းထဲ ဝင်သွားသော်ငြား မည်သူမှမရှိပေ။ သို့သော် ဧည့်ခန်းထဲကနေ စကားများသံကို ကြားလိုက်ရ၏။
“ထွက်သွား။ အခုဒီကနေ ထွက်သွားကြ”
ယင်းက အဘွားယွင်၏အသံပဲဖြစ်သည်။ ယွင်ယွီနှင့် ချင်ယွီစွေတို့က ဧည့်ခန်းထဲသွားလိုက်ချိန် အဘွားယွင်က ယွင်မောက်လျန်ကို တံမြက်စည်းဖြင့် ရွယ်နေတာကို တွေ့လိုက်ရသည်။
ယွင်မောက်လျန်က ရှက်ရွံ့သောအကြည့်ဖြင့် ဧည့်ခန်းထဲတွင် ရပ်နေသည်။ နီရွယ်ကျောင်းက ဆိုးရွားသောအကြည့်ဖြင့် တောင်းပန်လိုက်၏။
“အမေ၊ မောက်လျန်က ဒီနှစ်တွေထဲ အိမ်လည်းပြန်မလာရဘူး။ ကျွန်မတို့ကို ခွင့်မလွှတ်သေးဘူးလား”
“အမေတဲ့လား”
အဘွားယွင်က ပြောလိုက်၏။
“ဘယ်သူက ညည်းအမေလဲ။ ငါ့ကိုတွေ့တိုင်း အမေလို့ခေါ်နေတာ အရှက်ရှိသေးရဲ့လား”
ဖုန်းရှုကျန်းက စကားတစ်ခွန်းမှ မပြောဘဲ ဆိုဖာတွင်ထိုင်နေပြီး ယွင်ရှန်းက သူမဘေးတွင် ရှိနေ၏။
“အမေ”
ယွင်မောက်လျန်က စိတ်မသက်မသာဖြစ်ကာ ပြောလိုက်တော့သည်။
“နှစ်တွေ ဒီလောက်ကြာနေပြီ။ ကျွန်တော် အမှားကြီး လုပ်ခဲ့တယ်ဆိုရင်တောင် အခုလောက်ဆို တည်ငြိမ်သင့်ပြီ”
အဘွားယွင်သည် ဒေါသထွက်လွန်းသောကြောင့် သူမ မျက်နှာကနီနေ၏။ ဤလူက အရည်ထူလွန်းလှသည်။ သူမ လက်ထဲရှိ တံမြက်စည်းကို မြှောက်ကာ ယွင်မောက်လျန်ကို ရိုက်လိုက်တော့သည်။
“ငါက ဘာလို့ မပေါက်ကွဲရမှာလဲ။ နင်နဲ့ငါ သားအမိရေစက်ကို ဖြတ်ထားတာကြာလှပြီ။ ငါ့အိမ်ကို ထပ်လာရဲရင် ငါနင့်ကိုရိုက်မှာလို့ အစကတည်းက ပြောသားပဲ။ ငါ့စကားတွေကို လေလို သဘောထားနေတာလား”
ယွင်မောက်လျန်သည် ထိုရိုက်ချက်များကို တောင်ခံမိ၏။ သူက ယွင်ယွီဝင်လာတာကို မြင်သောအခါ မှင်သက်သွားသည်။ လွန်ခဲ့သည့် ဆယ်နှစ်ကျော်ခန့်က ပိန်ပါးပါး မိန်းမလှလေးအဖြစ် ကြီးပြင်းလာလိမ့်မည်ဟု မထင်ထားပေ။
သူက ရှက်ရွံ့စွာ ပြောလိုက်လေ၏။
74 04
“ယွင်အာ သမီးရဲ့ အဘွားကို ဖြောင်းဖျပေးပါဦး”
အတိတ်တုန်းက သူ၏သမီးပေါ် အလွန်ကောင်းခဲ့ကြောင်း တွေးမိသွား၏။ သူမြို့မှ ပြန်လာချိန်တိုင်းတွင် သူမအတွက် အရသာရှိသည့် အစားအသောက်များ သယ်လာပေးသည်။ သူတို့နှစ်ယောက်ကြား သားအဖ ရင်းနှီးမှုတချို့ ရှိလောက်ပေ၏။
ယွင်ယွီက မကြားချင်ယောင်ဆောင်ကာ ဖုန်းရှုကျန်းဘေးတွင် ထိုင်လိုက်၏။
“အမေ အဆင်ပြေရဲ့လား။ သမီးတို့ ဖြေရှင်းလိုက်ရင်ရော။ ရှောင်ရှန်း အမေ့ကို အထဲထဲ ပြန်ခေါ်သွားလိုက်”
ဤနှစ်များကုန်လွန်ပြီးနောက် ဖုန်းရှုကျန်းသည် ယွင်မောက်လျန်ကို မြင်ချိန်၌ ဖြူဖျော့သွားသေး၏။ ဤလူက သူမကို အတိတ်တွင် အကြောက်တရားများစွာဖြင့် ထားရစ်ခဲ့တာပဲ ဖြစ်သည်။ ယွင်ရှန်းက ထရပ်ပြီး သူ၏မိခင်ကို အခန်းထဲလိုက်ပို့ရန် ပြင်လိုက်သော်ငြား ဖုန်းရှုကျန်းက ပြောလိုက်သည်။
“မလိုဘူး။ သူဒီနေ့ ဒီကို ဘာလုပ်ဖို့ရောက်လာလဲ ကြည့်ချင်သေးတယ်”
အဘွားယွင်ကလည်း ရိုက်ရတာ ပင်ပန်းသွားပြီး နောက်ဆုံး၌ ရပ်တန့်သွား၏။ နီရွယ်ကျောင်းက ယွင်မောက်လျန်ကို သနားစဖွယ်ကြည့်လိုက်လေရာ သူတို့ကို ယွမ်မိသားစုဝင်များက အနိုင်ကျင့်နေသည့်ပုံ ပေါက်သွားစေသည်။ အဘွားယွင်က စားချင်စိတ် သောက်ချင်စိတ် မရှိတော့သောကြောင့် ပြောလိုက်သည်။
“အခုထွက်သွား။ မဟုတ်ရင် ငါဆက်ရိုက်မှာ”
နီရွယ်ကျောင်းသည် အပြင်ဘက်ရှိ သူမ၏ သနားစဖွယ်သမီးကို တွေးမိသွားလေ၏။ သူမက ဖြူဖွေးနူးညံ့သော ယွင်ယွီကို မြင်သောအခါ ဓားထက်ထက်ဖြင့် လှီးဖြတ်ခံလိုက်ရသလို ခံစားလိုက်ရ၏။ ဒုက္ခခံစားနေရသည့်သူက ဖုန်းရှုကျန်း၏ သမီးမဟုတ်ဘဲ အဘယ်ကြောင့်များ သူမ သမီးဖြစ်နေရသနည်း။
သူမက အံကြိတ်လျက် မြေပြင်ပေါ်ဒူးထောက်လိုက်၏။
“အမေ မောက်လျန်ကို ရိုက်တာရပ်လိုက်ပါတော့။ သမီးတို့ အကူအညီတောင်းဖို့ ရောက်လာတာပါ”
အဘွားယွင်က သူမကို ဒူးထောက်ခိုင်းထားပြီး နှာခေါင်းရှုံလိုက်၏။
“နင် ထလိုက်ကောင်းမယ်။ နင် ဒူးထောက်တာက ငါ့ကို အသက်တိုစေတယ်”
နီရွယ်ကျောင်းက စတင်ငိုယိုကာ ယွင်မောက်လျန်ကလည်း စိတ်မသက်မသာ ဖြစ်လာ၏။ အခန်းထဲတွင် ငိုသံများပြည့်နေပြီး တံခါးဝ၌ လူတစ်ယောက်ရှိနေ၏။ လူတိုင်း မော့ကြည့်မိချိန်၌ ယွင်ဝေးဝေးက မဝံ့မရဲလျှောက်လာတာ တွေ့လိုက်ရ၏။ သူမ ပုံစံက တကယ်သနားစဖွယ် ကောင်းနေ၏။ သူမ စကတ်ဝတ်ထားကာ ခန္ဓာကိုယ်ပေါ်တွင် အသားအနည်းငယ်သာရှိကကာ သူမ၏ ခြေသလုံးများသည်လည်း ဝါးများပမာ ပိန်ပါးနေ၏။ သူမ အထဲဝင်လာကာ မဝံ့မရဲခေါ်လိုက်သည်။
“အဘွား”
အဘွားယွင်သည် သူမကို ကြိမ်ဆဲချင်သော်ငြား သူမ သွင်ပြင်ကို မြင်သောအခါ မပြောနိုင်တော့ပေ။
နီရွယ်ကျောင်းက ငိုလိုက်ကာ အဘွားယွင်ကို ပြောတော့သည်။
“အမေ ဝေးဝေးကို ကြည့်ပါဦး”
အဘွားယွင်က နှုတ်ခန်းတင်းတင်းစေ့ကာ အချိန်အတော်ကြာပြီးနောက် ပြောလိုက်၏။
“သူ နေမကောင်းဖြစ်နေရင် ဆေးရုံကို သွားလို့ရတယ်။ ဘာလို့ငါတို့အိမ်ကို လာတာလဲ။ ငါတို့ သူ့ကို မကယ်နိုင်ဘူး”
ယွင်ဝေးဝေးက အပြင်းအထန် နာမကျန်းဖြစ်နေပုံပေါ်ကာ အဘွားယွင်တွင် သူမကို ဆက်လက် ကြိမ်းမောင်းနိုင်သော နှလုံးသားမရှိတော့ပေ။
ယွင်မောက်လျန်က ပြောလိုက်၏။
“အမေ ကျေးဇူးပြုပြီး ဝေးဝေးကို ကယ်ပါဦး။ ဝေးဝေးက သရဲခြောက်ခံနေရတယ်။ ကျွန်တော်တို့ ရွေးချယ်စရာ မရှိတော့ဘူး။ အရင်က အဆောင်တစ်ခုဝယ်ခဲ့တာ အလုပ်ဖြစ်တယ်။ ဆိုင်လိပ်စာက ဟယ်ရှန်းမြို့လို့ ပြထားတာကြောင့် အနီးနားမှာ ပညာရှင်ရှိမရှိ ရှာဖို့ ရောက်လာတာ”
သူတို့ရွာသားများကို မေးခဲ့ရာ အဘိုးကြီးဟူ၏တပည့်ကို ရှာမတွေ့ခဲ့ပေ။ သို့သော် သူ၏ဒုတိယသမီးက အရည်အချင်းတချို့ရှိပြီး ယခင်က လူများကို ကယ်တင်ရန် မှော်ပညာသုံးခဲ့ကြောင်း သိခဲ့ရ၏။ ယွင်အာသည် အဘိုးကြီးဟူ၏တပည့်ဖြစ်နေပြီး အွန်လိုင်းပေါ်၌ အဆောင်သည့်သူ ဖြစ်နေမည်လော။
******