အခန်း ၇၇
Vol. 8 Ch. 77
77 01
အပိုင်း (၇၇)
ယွင်ယွီသည် ရှန့်ယုံ၏ အရေးကိစ္စအတွက် တစ်ချိန်လုံး လည်ပတ် ပြေးလွှားနေပြီးနောက် အနည်းငယ် ပင်ပန်းနေပြီ ဖြစ်သည်။ သူမ ပြန်ရောက်လာချိန်တွင်လည်း ယွင်ဝေးဝေးနှင့် ဆိုးရွားသည့် အဖြစ်အပျက် ရှိခဲ့၏။ ညစာစားပြီးနောက် သူမက မိသားစုကို နှုတ်ဆက်ကာ အိပ်ယာစောစော ဝင်လိုက်သည်။
နောက်တစ်နေ့တွင် စောစောထ လေ့ကျင့်ပြီး မနက်စာစားပြီးချိန်တွင် ကောင်းကင်က မှောင်မဲနေသေးကာ တိမ်စိုင်တိမ်မည်းများ ရှိနေသေးတာ တွေ့လိုက်ရ၏။ မိုးရွာတော့မှာပဲ ဖြစ်သည်။
သူမသည် ယန်မင်ခမ်းကို ခေါ်လျှက် ဆောက်လုပ်ရေးလုပ်ရန် စတင်နိုင်မည် ဖြစ်ကြောင်း ပြောခဲ့သည်။ ယန်မင်ခမ်းက အင်မတန် ကျေးဇူးတင်သွားကာ ဗီလာ တည်ဆောက်ပြီးသည့်နှင့် ယွင်ယွီအား တစ်လုံး ပေးမည် ဖြစ်ကာ ရွေးချယ်ခိုင်းမည်ဟု ဆိုခဲ့သည်။ ယွင်ယွီက အပြုံးတစ်ပွင့်ဖြင့် လက်ခံလိုက်တော့၏။
အဖွားယွင်နှင့် အမေယွင်တို့ကမှု မနေ့ည ညစာစားပြီးနောက် အနားယူရန် မြို့ရှိ ဘန်းမုန့်ဆိုင်သို့ သွားလိုက်ကြသည်။
ရိတ်သိမ်းရေးရာသီ မဟုတ်သောကြောင့် အိမ်တွင် လုပ်စရာ များများစားစား မရှိပေ။
မနက်စာစားပြီးနောက် မွေးမြူရေး တိရစ္ဆာန်များကို ကျွေးမွေးပြီး ဖြစ်သည်။ ရွှီဖုန်းသည် မနေ့တုန်းက မက်မွန်သီးများနှင့် ဖရဲသီးတစ်သိုက် ခူးပြီး ဖြစ်၏။ ယနေ့ ဥယျာဉ်ခြံမြေထဲတွင် ခူးစရာ ဘာမှ မရှိပေ။ သူတို့ကို ဘန်းမုန့်ဆိုင်သို့လည်း ပို့ဖို့ မလိုအပ်။ သို့သော်ဌား ချင်ယွီစွေသည် အဖွားယွီနှင့် အခြားသူများကို မနေ့ညတုန်းက မြို့သို့ ပို့ချိန်တွင် ပြောင်းဖူး နှစ်တောင်းလည်း သယ်လာလေ၏။ ယနေ့ ပြောင်းဖူးပြုတ်က ဧည်သည်များများစားရန် လုံလောက်လိမ့်မည်။
ရာသီဥတုကို ကြည့်လျှင် မကြာမှီ၌ မိုးသည်းထန်စွာ ရွာသွန်းလောက်သည်။ ယွင်ယွီက အပြင်ထွက်ရန် အကြောင်းအရင်း မရှိပေ။ ထို့ကြောင့် တံခါးဖွင့်ထားလျှက် ကျောက်စိမ်းကို စတင် ထွင်းထုတော့သည်။ သူမသည် ချင်ယွီစွေက မနေ့တုန်းက အဖွားယွင် သယ်လာပေးသည့် မြစ်ပုစွန်များကို ရေဆေးနေတာ တွေ့လိုက်ရ၏။ ယခုအခါ မြစ်ပုစွန်များက တော်တော်လေး ကြီးပေသည်။ ဟန်ချန်းရေကန်မှ မြစ်ပုစွန့်များ ဖြစ်ပြီး ရွာသားများ ဖမ်းထားတာ ဖြစ်၏။ တန်ကြေးက အတော်လေး မြင့်သော်ဌား မိသားစုက တတ်နိုင်သေးသည်။ အဖွားယွင်ကမှု ယွင်ယွီကို အာဟာရ ဖြည့်ပေးရန်အတွက် ငါးနှင့်ပုစွန့်များ အမြဲတမ်း ဝယ်ပေးတာပဲ ဖြစ်သည်။
ချင်ယွီစွေသည် ပုစွန့်အတွက် ရေဆေးပြီးနောက် နောက်တစ်ကြိမ်၌ မြစ်ပုစွန့်များကို စတင် ကြော်လှော်ပေးတော့သည်။
ရေလည်ပြီး လက်ခြောက်အောင် သုတ်ပြီးနောက် သူက ယွင်ယွီနှင့်အတူ အခန်းထဲသို့ သွားလိုက်သည်။ သူ စာဖတ်နေစဉ် သူမက ကျောက်စိမ်း ထွင်းထုနေ၏။
အခန်းက တိတ်ဆိတ်နေသည်။ မကြာခင်၌ တိမ်စိုင်တိမ်မည်းများ စုဝေးလာကာ လေပြင်းများ တိုက်ခတ်လာတော့သည်။
ကောင်းကင်က လျင်မြန်စွာ မည်းမှောင်လာ၏။ နေ့အချိန်ဆိုသော်ငြား ကောင်းကင်တစ်လုံးနှင့် မြေကမ္ဘာတစ်ခုလုံး မှောင်မည်းနေကာ လျှပ်စီးများ ပြည့်နေသည်။ အတော်လေး စိတ်ဓာတ်ကျစရာ ကောင်းသည့် ကြောက်မက်ဖွယ်ရာ ဒီဥတုကို ကြည့်ပြီး ယွင်ယွီက အတော်လေး စိတ်ပျော်နေမိသည်။ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရာသီဥတုက အနည်းငယ် ပိုအေးမျှလာလိမ့်မည်။
သူမက မျက်လုံးများ မှေးကျဉ်းနေမိ၏။
ခဏအကြာတွင် မိုးများရွာသွန်းကျလာပြီး မိုးသည်းထန်စွာ ကျလာ၏။ ယွင်ယွီကမှု မိုးသံကို နားဆင်လျှက် ကျောက်စိမ်းများ ဆက်လက် ထွင်းထုနေသည်။
ယခုက ယွင်ရှန်း၏ အဆောင် ဖြစ်သည်။ ပြီးခါနီးပြီဖြစ်ကာ ကျောင်းဖွင့်ပြီး ငါးရက်မြောက်နေ့၌ သူကို ပေးနိုင်လိမ့်မည်။
နေ့လည်၌ ယွင်ယွီသည် သန့်ရှင်းရေးလုပ်ပြီးနောက် ချင်ယွီစွေ ချက်ပြုတ်တာကို ကူညီရန် မီးဖိုချောင်ထဲ လိုက်သွားသည်။
သူ လုပ်ထားသည့် ပုစွန်ကြော်က အတော်လေး အရသာရှိပြီး မွှေးပျံ့လတ်ဆတ်ကာ ကြွပ်ရွသည်။ ပုစွန့်များက စက္ကန့် ၂၀ ကြာ မီးအပူပြင်းပြင်းဖြင့် ကြော်ပြီးနောက် မီးဖိုထဲကနေ ဖယ်ရှား၍ ရပြီဖြစ်ကာ အသားက နူးညံ့နေသည်။ စားလိုက်ချိန်တွင် ပုစွန့်အခွံကိုလည်း ခွာနိုင်၏။ ပုစွန့်က ကြီးပြီး ချိုကာ လတ်ဆတ်၏။ အလွန် စိတ်ကျေနပ်ဖွယ် ကောင်းသည်။
ယွင်ယွီက မြစ်ပုစွန် ပန်းကန်တစ်ဝက်ခန့် စားခဲ့သည်။
သူမ ချက်ပြုတ်ခဲ့သည့် အံမခန်း ပါဝင်ပစ္စည်းများ၏အရသာက ချင်ယွီစွေ၏လက်ရာနှင့် မယှဉ်နိုင်တာ ထူးဆန်းလှပေသည်။
ဤလူက အရာရာကို သိသည်။ သူသည် ရုပ်လွန်ပညာကို သင်ယူလိုစိတ်ရှိလျှင် အလွန် အစွမ်းထက်နေလောက်သည်။ သူ၏ဘိုးဘေးက ဤနယ်ပယ်၌ ဆရာတစ်ဆူ ဖြစ်သောကြောင့် သူသည် အဘယ်ကြောင့်များ မသင်ယူရသနည်း။
77 02
ညစာစားပြီးနောက် နှစ်ယောက်သား အခန်းထဲတွင် တီဗီ ကြည့်နေကြသည်။ ယွင်ယွီက ထို့မေးခွန်းကို မမေးဘဲ မနေနိုင်တော့ပေ။
ချင်ယွီစွေက ပြောလိုက်၏။
“ကိုယ်ရဲ့ ဘိုးဘေးက ပြောဖူးတယ်။ ရွှမ်းမန်လောကထဲ ကိုယ်ဝင်လို့ မရဘူး။ ကပ်ဘေး ရှိလာလိမ့်မယ်တဲ့”
ထိုစဉ်က လုံဖုန်းကျွင်းသည် သူ၏ ဇာတာကို ကြည့်ပြီး သက်ပြင်းချကာ သူ၏ဇာတာကို သူမတောင် နားမလည်နိုင်ကြောင်း ပြောခဲ့၏။ ထို့အပြင် သူသည် ဤနယ်ပယ်သို့ ဝင်ရန် ရည်ရွယ်ချက် မရှိပေ။
ယင်းက ဘိုးဘေးလုံပြောတာ ဖြစ်သောကြောင့် အမှန် ဖြစ်လောက်ပေသည်။
သူမသည် ဒီချင်ယွီစွေ၏ ဇာတာကို တစ်ရက် တွက်ချက်ခဲ့သည်။ ယင်းက အနည်းငယ် ဝေဝါးနေ၏။
သူမ နက်ရိုင်းစွာ မဖော်ထုတ်နိုင်ပေ။ အပေါ်ယံသာ မြင်နိုင်ခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း နှစ်ရက် သုံးရက် ကုန်လွန်သွားခဲ့ပြီး ယွင်ရှန်းအတွက် ယွင်ယွီ ထွင်းထိုးပေးထားသည့် အဆောင်က အပြီးသတ်သွားပြီ ဖြစ်သည်။
သူမက အဆောင်ကို မွန်းမံပြီးနောက် ဝိညာဉ်စမ်းရေထဲတွင် စိမ်လိုက်၏။ ဝိညာဉ်စွမ်းရည်များစွာ ပါရှိနေရှိပြီ ဖြစ်သည်။ သူက လက်ကောက်ကို အနီရောင် ကြိုးဖြင့် ချည်ပြီး ယွင်ရှန်းအား ပေးကာ သူ့ကို ဝတ်ဆင်ခိုင်းထားပြီး ရေချိုးလျှင်တောင် မချွတ်ပစ်ရန် မှာထားလေ၏။
ယွင်ရှန်းသည် အတူတူ အစ်မ၏ စွမ်းရည်ကို သိသည်။ ယင်းက အဆောင်မှန်း သိနေသောကြောင့် ခေါင်းညိတ်ကာ လည်ပင်း၌ ဆွဲထားလိုက်၏။
ယနေ့က ငါးရက်မြောက်နေ့ ဖြစ်သည်။ ယွင်ယွီသည် မနေ့ညက မင်္ဂလာပွဲအတွက် ပစ္စည်းများ ဝယ်ယူရန် မြို့တော်သို့ သွားမည်ဖြစ်ကြောင်း နှစ်ရက်၊ သုံးရက်ကြာမှ ပြန်လာမည်ဖြစ်ကြောင်း သူမ မိသားစုကို ပြောခဲ့သည်။
အဖွားယွင်က သူတို့ကို အနည်းငယ် ဂရုစိုက်ရန် မှာကြားထားသည်။
ယခုအခါ၌ အထူးတလည် သွားစရာ မရှိသောကြောင့် စုန့်ချန်းမင်နှင့် ကျန်သည့်သူများကို တွေ့တော့မှာ မဟုတ်ပေ။
ယွင်ယွီက သူမ၏သူငယ်ချင်းကောင်းနှစ်ယောက်ကို တွေ့ရန် ရည်ရွယ်ထားသောကြောင့် နူးညံ့သည့် ပြောင်းဖူးများတောင် သယ်လာသည်။ သူမသာ သူတို့ဘာသာ ချက်ပြုတ်နိုင်မှာပဲ ဖြစ်သည်။
လက်မှတ်များကို ယခင်ရက်ထဲက မှာထားတာ ဖြစ်သည်။ ငါးရက်မြောက်နေ့၏ မနက်ခင်းတွင် နှစ်ယောက်သားက အမြန်ရထားဘူတာရုံသို့ တန်းသွားလိုက်သည်။
ယွင်ရှန်းက ယနေ့၌ ကျောင်းဆက်တက်ပြီ ဖြစ်သည်။ ကျောင်း၏ ပထမဆုံးနေ့က အထက်တန်းကျောင်း၏ တတိယနှစ် ဖြစ်သည်။ တတိယနှစ် ကျောင်းသားအများစုသည် သူတို့သင်ခန်းစာများကို ပြင်ဆင်ရန်အတွက် ကျောင်းသို့ စောစော သွားရ၏။ ဆိုရလျှင် ကျောင်း၏စီနီယာနှစ်သည် စိတ်ဖိစီးမှုအများဆုံး နှစ်ဖြစ်ပြီး ယွင်ရှန်းက မနက်စောစောထကာ မနက်စာစားပြီး လွယ်အိတ်ကို သယ်ကာ ချင်ယွီစွေ၏ကားကို နံပါတစ် အလယ်တန်းကျောင်းဆီ မောင်းသွားလေ၏။
နံပါတ်တစ် အလယ်တန်းကျောင်းသည် အကောင်းဆုံး သင်ကြားဖို့ အရင်းအမြစ်များဖြင့် မြို့ထဲရှိ ကျောင်းတစ်ကျောင်း ဖြစ်သည်။ အခန်းထဲ၌ ကျောင်းသား ၅၀ ခန့်ရှိကာ အတန်း တစ် ဒါဇင်ခန့် ရှိသည်။
ထို့ကျောင်း ယခုနှစ်၌ စီနီယာ အထက်တန်းကျောင်းသား ရာချီ ရှိပေသည်။
ယွင်ယွီနှင့် ကျန်သည့်သူများက ယွင်ရှန်းကို ကျောင်းပေါက်သို့ လိုက်ပို့ပေးပြီး ပြန်သွားတော့သည်။ ယွင်ရှန်းကမှု သူ၏ ကျောပိုးအိတ်ကို သယ်လျှက် ကျောင်းဝန်းထဲ ဝင်သွားတော့၏။
သူ၏ အဆင့်များက တစ်နှစ် ပတ်လုံး ထိပ်တန်း သုံးယောက်အတွင်း ဝင်သည်။ သူက ထိပ်တန်း ကျောင်းသားများ ဖြစ်ပြီး သူသွားလေရာ နေရာတိုင်း သူ၏ အတန်းဖော်များက သူ့ကို မှတ်မိ၏။
အတန်းဖော် တချို့ကဆို သူတို့ဘေးမှ အရပ်မြှင့်မြှင့် ချောမောသည့် ကောင်လေးတစ်ယောက် ဖြတ်သွားတာကို ခံစားမိပြီး လှည့်ကြည့်မိကြသည်။ ဤလူချောလေးက အရပ်မြှင့်ရုံသာမက ချောမောခန့်ညားသူ ဖြစ်ကာ မက်မွန်ပွင့် မျက်ဝန်းနှင့် ဖြူဖွေးသော အသားရည်ရှိတာကိုလည်း သိလိုက်ရသည်။ လွယ်အိတ်ကို ကိုင်ထားသည့် လက်ချောင်းများက သွယ်လျ၏။ သူက ရိုးရိုးရှင်းရှင်း အဖြူရောင် တီရှပ်နှင့် ဂျင်းကို ဝတ်ထားကာ ဆယ်ကျော်သက်အရွယ်တစ်ဦး၏ သွယ်လျပြီး မြှင့်မားသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသေးသည်။
လမ်းပေါ်ရှိ မိန်းကလေးအတန်းဖော်များသည် ရှက်သွေးဖြာသွားကာ အသံတိုးတိုးဖြင့် ဆွေးနွေးမိကြတော့၏။
77 03
“ဘုရားရေ ဒီလောက် ချောတဲ့ကောင်လေး ဘယ်ကနေ ထွက်လာတာလဲ။ သူက ငါတို့ကျောင်းကလား။ သူ့ကို အရင်က မတွေ့ဖူးပါဘူး။ သူ ဒီကို ပြောင်းလာတာလား”
“ငါ တကယ် သူ့ကို အရင်က မတွေ့ဖူးပါဘူး။ သူ ဒီလောက် လှတာ ငါ့နှလုံးခုန်နှုန်းမြန်နေပြီ”
“သူရဲ့လက်က ဒီလောက်တာ လှတာ။ မျက်နှာကလည်း ကြည့်ကောင်းလွန်းတယ်။ ခါးကလည်း သွယ်သွယ်လေး တကယ် ထိချင်မိတယ်”
“မဟုတ်သေးဘူး”
မိန်းကလေးတစ်ယောက်က တုံ့ဆိုင်းတွေ့ဝေနေကာ ပြောလိုက်သည်။
“သူရဲ့ အသွင်အပြင်က ဘာကြောင့် ရင်းနှီးပုံ ပေါ်နေတာပါလိမ့်။ သူက အခန်းတစ်က ယွင်ရှန်း ဟုတ်တယ်မှတ်လား။ သူရဲ့မျက်နှာအသွင်အပြင်က အရင်တုန်းက ကြည့်ကောင်းပေ့မဲ့ အသားက ဒီလောက် မဖြူဘူး။ အရပ်လည်း ပုသေးတယ်။ အခု သူရဲ့အသားက နို့ညစ်ရောင်လိုပဲ။ အရပ်ပိုရှည်လာပြီး ငါ သူ့ကို မမှတ်မိတော့မလို့ ဖြစ်နေတာ။ ဘုရားရေ ပိတ်ရက် မတိုင်ခင်တုန်းက သူအရပ်ရှည်လာတယ်လို့ ခံစားမိနေတာ။ သူက အဲတုန်းက ၁.၇ မီတာလောက်ရှိရောပေါ့။ နွေရာသီပိတ်ရက်မှာ သူ့ကို မတွေ့ရတာ သူက အခု ၁.၈ မီတာ ရောက်သွားလောက်ပြီ ဟုတ်တယ် မှတ်လား”
“မဖြစ်နိုင်တာ တကယ်ကြီး ယွင်ရှန်းလား။ ဘုရားရေ မယုံနိုင်စရာပဲ။ ငါတော့ သွားပြီ။ ငါ့နှလုံးသားလေး လှုပ်ရှားနေပြီ။ ဒီလူက ပန်းချီထဲက ထွက်လာတဲ့ ကိုယ်လူချောလေးလိုပဲ”
“အရပ် ပိုမြှင့်လာပြီး အသားရည် ပိုကောင်းလာတယ်။ အဲဒါက ရုပ်ရည်အသွင်အပြင်ကို ပိုတိုးတက်လာစေတာ။ အတန်းထဲက မိန်းကလေးတွေကတော့ နောင်တရလို့ သေမှာပဲ”
ယွင်ရှန်းသည် အခန်းဆီသို့ လျှောက်သွားစဉ် ဖီထျန်းလေ့၊ယန်ထျန်းလန်နှင့် ကျန်သည့်သူများကို တွေ့သွားတော့သည်။
ဖေ့ရန်က သူ့ကို မမှတ်မိသော်ငှား ယန်ထျန်းလန်ကမူ သူ့ကို မှတ်မိပြီး ခေါင်းညိတ်ပြလိုက်၏။
ယွင်ရှန်းကလည်း ခေါင်ညိတ်လိုက်သည်။
ဖီထျန်းလေ့က ရေရွတ်ပြောလိုက်၏။
“ဒီကိုယ်လူချောက ဘယ်ကနေ ထွက်လာတာလဲ”
ယန်ထျန်းလန်က တည်ငြိမ်စွာ ပြောလိုက်တော့သည်။
“သူက ယွင်ရှန်း”
“ဘာ”
ဖီထျန်းလေ့က ထိတ်လန့်သွားလေ၏။
“သူက ယွင်ရှန်းလား။ ဒီနွေရာသီပိတ်ရက်မှာ သူဘာတွေ ဖြစ်သွားတာလဲ။ သူ ဘယ်လိုလုပ် ဒီလောက် အရပ်မြှင့်လာတာလဲ။ ဟော်မုန်းထိုးဆေးတွေများ ထိုးထားတာလား။ လခွမ်း သူ့ပုံစံက ဒါမျိုး ဖြစ်နေပြီ။ ရွှမ်းမိန်ကတော့ ဒီကောင်လေးကို သဘောကျတော့မှာပဲ။ ထျန်းလန် မင်းဘာလုပ်မလဲ”
ရွှမ်းမိန်သည် ကျောင်း၏ အလှလေး ဖြစ်သည်။ သူမက ယွင်ရှန်းကို နှစ်သက်သည့်တိုင်အောင် ယန်ထျန်းလန်ကို ဘယ်တော့မှ သဘောကျလောက်မှာ မဟုတ်ပေ။ ထို့ကြောင့် ဖီထျန်းလေ့က သူ၏ညီကို ခေါ်ပြီး ယွင်ရှန်းကို ပြဿနာ ရှာလေ့ရှိ၏။ အဆုံးကျ ယွင်ယွီသည် သူတို့ ဘယ်တော့မှ မမေ့နိုင်မည့် သင်ခန်းစာ ပေးခဲ့သည်။ ယခု သူသည် ယွင်ရှန်းကို မြင်ချိန်တိုင်းတွင် ရှောင်ကျဉ်ခဲ့သည်။ ယင်းက စိတ်ပိုင်းဆိုင်ရာ အကြောက်တရားတစ်ခုပဲ ဖြစ်သည်။
“ရွှမ်းမိန်လား”
ယန်ထျန်းလန်၏ နှုတ်ခမ်းထောင့်က ကွေးတက်သွား၏။
“ငါ သူ့ကို ကြိုက်နေသေးတုန်းလို့ ဘယ်သူက ပြောလဲ”
တစ်နည်းနည်းဖြင့် ယွင်ရှန်း၏ အစ်မ ယွင်ယွီ ပုံသဏ္ဌာန်က သူ့စိတ်ထဲ ပေါ်လာသည်။ သူ ထိတ်လန့် အံအားသင့်သွားကာ အမြန် ခေါင်းခါလိုက်လေ၏။
ဖေ့ချန်းလေ့က ပြောလိုက်တော့သည်။
“အစ်ကိုယန် ရွှမ်းမိန်ကို တကယ် ထပ်မကြိုက်တော့ဘူးလား”
ရွှမ်းမိန်သည် အမှတ်တစ် အလယ်တန်းကျောင်း၌ အချောဆုံး မိန်းမလှလေးဟု သတ်မှတ်နိုင်သည်။ သူမက လှပကာ ကောင်းမွန်သည့် မိသားစု နောက်ခံ ရှိသည်။ သူ၏ ဖခင်က မြို့ရှိ အရာရှိတစ်ဉီးဟုတောင် ကြားဖူးသေးသည်။ သူမကို လူမည်မျှ နှစ်သက်နေမှန်း မသိပေ။
“ငါ မကြိုက်တော့ဘူး”
77 04
ယန်ထျန်းလန်က ပြောလိုက်၏။
“နောက်ကျ အဓိပ္ပာယ် မရှိတာတွေ မပြောနဲ့။ အခန်းထဲ မြန်မြန်သွား”
ရွှမ်းမိန်သည် အစက ပြောခဲ့ဖူး၏။
“နင့်ကိုနင် ဘယ်သူထင်နေလဲ။ ငါ ယွင်ရှန်းကို ကြိုက်ရင်တောင် နင့်ကို ကြိုက်မှာ မဟုတ်ဘူး”
သူမစကားများက တကယ် ရယ်စရာ ကောင်းလှပေ၏။ ယင်းက ယွင်ရှန်းကိုလည်း အထင်သေးနေကြောင်း လူတိုင်း တွေးမိသွားသည်။
ရွှမ်းမိန်သည် အရပ်မြှင့်မြှင့် ချောမောခန့်ညားသည့် အသားဖြူဖြူ ကောင်လေးများကို နှစ်သက်သည်။ သူမက ထို့ကဲ့သို့ ပုံစံမျိုးကို သဘောကျတာ ဖြစ်၏။ ယွင်ရှန်း၏ ရုပ်ရည်အသွင်အပြင်က အိုင်ဒေါတစ်ယောက်ထက်တောင် ပိုကောင်းပြီး ယခု သူ၏အသားအရည်က ပိုဖြူလာကာ အရပ်ကလည်း ပိုမြှင့်လာ၏။ အသံက သေချာပေါက် စိတ်လှုပ်ရှားနေလိမ့်မည်။
ယွင်ရှန်းသည် သူ၏အသွင်အပြင်ကို အာရုံ သိပ်မစိုက်ခဲ့ပေ။ ဤနွေရာသီ၌ သူ အရပ်ပိုရှည်လာကြောင်း သိသည်။ အကြောင်းမှာ သူ၏ယခင် အဝတ်အစားများနှင့် ဘောင်းဘီများ တိုသွားသောကြောင့် ဖြစ်၏။
နွေရာသီ ပိတ်ရက်၌ သူ၏အဝတ်အစားများ အားလုံး ပြောင်းခဲ့ရကာ ဝတ်၍ မရတော့သည့် အဝတ်အစားများကို နွမ်းပါးသည့် နေရာများဆီ လှူဒါန်းခဲ့သည်။
ယွင်ယွီက သူ့ကို နေ့စဉ်နေ့တိုင်း သန့်စင်သည့် ဝိညာဉ်စွမ်းရည်ဖြင့် အာဟာရ ဖြည့်ပေးနေကြောင်း သူ မသိပေ။ သူ စားသောက်သမျှ အစားအသောက်တိုင်းက ဝိညာဉ်စွမ်းရည်များ ပြည့်နေသည်။ ထို့ကြောင့် ပြောင်းလဲမှုများ ရှိလာတာ သဘာဝကျသည်။
သူက နေ့စဉ်နေ့တိုင်း အိမ်၌ လယ်စိုက်ပျိုးရေးကို ကူညီပေးခဲ့ကာ ရေချိုးသည့်အချိန်တွင် မှန်တစ်ခါမှ မကြည့်ဖူးပေ။ ထို့ကြောင့် သူ၏အသွင်အပြင်ကို မည်သို့ အာရုံစိုက်မိမည်နည်း။
ယွင်မိသားစုက သူနှင့် နေ့စဉ် တွေ့ရတာ ဖြစ်သည်။ ထို့ကြောင့် သူ၏ ပြောင်းလဲမှုများကို သူတို့ မြင်ရလျှင်တော့ အခြားသူများကဲ့သို့ အံဩမှာ မဟုတ်ပေ။
စီနီယာအထက်တန်းကျောင်းသားများအတွက် အတန်းကို ပျက်ကွက်ဖို့ မလိုအပ်ပေ။ သူတို့က ယခင် အခန်းတွင် နေရမည်ဖြစ်ကာ သူတို့၏ အခန်းတစ်ကို တာဝန်ယူမည့် ဆရာ၊ဆရာမများကို စောင့်ဆိုင်းနေသည်။
ထို့ကြောင့် သူ၏မူလနေရာသို့ ပြန်သွားလိုက်၏။ သူ၏ ထိုင်ခုံပေါ် လျို့ဟိန်းကမှု ဇဝေဇဝါဖြစ်နေလျှက် သူ့ကို ကြည့်ကာ မေးလိုက်တော့သည်။
“မင်း ဘယ်အတန်းကလဲ”
ယွင်ရှန်းက သူ့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။
“ငါလေ”
သူ၏အသံပြောင်းလဲမှုရှိပြီး လျို့ဟိန်းက ထိတ်လန့်သွားလေ၏။
“လခွမ်း ယွင်ရှန်း။ မင်းက ယွင်ရှန်းပဲ။ ဒီနွေရာသီအားလပ်ရက်မှာ ဘာတွေ စားလိုက်တာလဲ။ ပြောင်းလဲမှုက စောက်ရမ်း ကြီးမားတယ်”
ယွင်ရှန်းက သူ့ကို လျစ်လျူရှုထားပြီး စာပြန်ကြည့်ရန်အတွက် သူ၏ကျောပိုးအိတ်ထဲမှ အင်္ဂလိပ်ဖတ်စာအုပ်ကို ထုတ်လိုက်သည်။
လျို့ဟိန်း၏ အော်သံက အခန်းထဲရှိ ကျောင်းသားတစ်ဝက်နီးပါးကို ထိတ်လန့်သွားစေတော့သည်။
သူတို့အားလုံးက ယွင်ရှန်းဘက်လှည့်ကြည့်လိုက်ရာ သူ အရပ်ပိုမြှင့်လာပြီး သူ၏ ကိုယ်ထည်က ယခင်ကထက် ပိုဖွံ့လာကြောင်း သတိပြုမိသွား၏။ သူက ခုံတွင် ထိုင်နေစဉ်က အလွန်ပုပုလေး ဖြစ်နေခဲ့သော်ငှား ယခုဆို သူ့နောက်ရှိ လူများ၏ မြင်ကွင်းကို ကွယ်နေပြီ ဖြစ်သည်။
ရွှမ်းမိန်က သူ့နောက်တွင် ထိုင်နေတာ ဖြစ်၏။ သူမသည် အသံကို ကြားသောအခါ မော့ကြည့်မိချိန် အနောက်မှ အရပ်မြှင့်မြှင့် လူကို မြင်ပြီး ထို့လူ၏ သန်ရှင်းသည့် အနက်ရောင် ဆံနွယ်များကို တွေ့လိုက်ရသောကြောင့် တအံတဩ ခေါ်လိုက်မိသည်။
“ယွင်ရှန်းလား”
ယွင်ရှန်းက လှည့်မေးလိုက်၏။
“ဘာဖြစ်လို့လဲ”
သူမအကြည့်ကို ဖမ်းစားသွားသည့်က ထို့လူငယ်လေး၏ ဖြူဖွေးနူးညံ့နေသော မျက်နှာ၊ လှပသော မျက်ဝန်းနှင့် ပြီးပြည့်စုံသည့် မေးရိုးတို့ပဲ ဖြစ်သည်။ ယင်းတို့က အလွန် လှပ၏။
77 05
ရွှမ်းမိန်၏ နှလုံးခုန်နှုန်းက မြှင့်တက်လာကာ သူငယ်အိမ်က အနည်းငယ် ကျဉ်းသွားလျှက် အသက်ရှုနှုန်း ရပ်တန့်သွားလေ၏။ သူမက ရေရွတ် ပြောလိုက်တော့သည်။
“ဘာမှ မဟုတ်ပါဘူး”
သူမ ချစ်မိသွားပြီဟု ခံစားလိုက်ရသည်။
ယွင်ရှန်းက ရုတ်တရက်ကြီး ကောင်ချောလေး ဖြစ်သွားသည့် သတင်းက လျင်မြန်စွာ ပြန့်သွားပြီး အတန်းသူ အတန်းသားများက အတန်းပြီးရင်တိုင် အပြေးအလွှား လာကြည့်ကြသည်။ ယင်းက သူ့ကို အင်မတန် ကူကယ်ရာမဲ့စေခဲ့၏။ သူ့ကိုယ်တိုင်လည်း ဘာမှ မခံစားမိပေ။ ယွင်မိသားစုအတွက်လည်း ထို့အတိုင်းသာ အဓိက အကြောင်းအရင်းက သူတို့၏ ပန်းလေးတစ်ပွင့်ထက် ပိုလှသည်။ ယွင်ယွီ၏ မျက်နှာကို နေ့စဉ်နေ့တိုင်း တွေ့ရသောကြောင့် သူ၏ခံစားချက်များက ဘာမှ မဟုတ်တာပဲ ဖြစ်သည်။
ယွင်ယွီနှင့် ချင်ယွီစွေက နေ့လည်၌ တော်ဝင်မြို့တော်သို့ ရောက်သွားလေသည်။ သူတို့ ချင်ယွီစွေ၏ ဗီလာဆီ ပြန်သွားကာ အရင်ဆုံး အနားယူလိုက်သည်။ ညစာစားပြီးနောက် သန်းခေါင်ယံအချိန်အထိ စောင့်နေသည်။ ချင်ယွီစွေက ယွင်ယွီကို ထန်ဟုန်းလျန်၏ ဗီလာသို့ ပို့ပေးပြီးနောက် အစီအစဉ်များအားလုံးကို ဖယ်ရှားလိုက်၏။ ထန်ဟုန်းလျန်သည် လက်ကျန်ဘဝကို ထောင်ထဲတွင် ဖြတ်သန်းရမှာပဲ ဖြစ်သည်။ ယွင်ယွီနှင့် သူ့ကြားက အညိုးအတေးကို ဖြေရှင်းပြီး ဖြစ်သည်။
နောက်နေ့တွင် ယွင်ယွီက ကျင်းကျင်းနှင့် ရှန်းရှန်းတို့ကို သွားတွေ့ကာ သူမ သယ်လာသည့် ပြောင်းဖူးများကို ပေးလိုက်၏။ ငှားထားသည့် အိမ်က မီးဖိုချောင်သည် ပစ္စည်းအနည်းငယ်သာ ရှိ၏။ ထို့အပြင် ပြောင်းဖူးကို မနက်စာအတွက် ချက်ပြုတ်နိုင်သည်။
သူတို့နှစ်ယောက်လုံးသည် ယွင်ယွီ၏ မိသားစု၌ အရသာရှိသည့် အစားအသောက်များအကြောင်း သိထားပြီး ပြောင်းဖူးများကို မိုင်ထောင်ချီအကွာကနေ သယ်လာသောကြောင့် အရမ်း စားရတာ သေချာပေါက် ကောင်းမွန်နေလိမ့်မည်။
ရှန်းရှန်းသည် သူမအတွက် အနည်းငယ် သိမ်းထားပြီး သူမ့မိဘများ မြည်းစမ်းရန် ပြန်ယူသွားဖို့ ပြင်ဆင်ထားသည်။
ယွင်ယွီက သူတို့အတွက် ညစာပြင်ပေးပြီး သူမက ယနေ့ညတွင် သူတို့ဌားထားတဲ့ အိမ်၌ သွားအိပ်မည်ဖြစ်ကြောင်း မိတ်ဆွေ နှစ်ယောက်ကို ပြောခဲ့၏။ နောက်နေ့ နံနက်၌ လက်စွပ် သွားကြည့်မှာပဲ ဖြစ်သည်။ သူမက မင်္ဂလာဦး ပစ္စည်းများလည်း ဝယ်ချင်သေးသည်။
နှစ်ယောက်လုံးက နားလည်ကြောင်း ဖော်ပြလာ၏။ သူတို့ စားပြီးသောအခါ စုန့်ကျင်းကျင်းက စကားပြောရန် တုံ့ဆိုင်းနေပုံပေါ်သည်။ ထို့ကြောင့် ယွင်ယွီက မေးလိုက်လေ၏။
“ငါတို့က သူငယ်ချင်းတွေပဲ။ ပြောစရာ ရှိရင် တန်းပြောလိုက်”
စုန့်ကျင်းကျင်းက သက်ပြင်းချပြီး ပြောလိုက်သည်။
“ရှောင်ယွီအာ နင့်မှာ အခု သတို့သားလောင်း ရှိနေပြီ။ အခြားကိစ္စတွေနဲ့ နင့်ကို အနှောင့်အယှက် မပေးသင့်တာ သိတယ်။ ဒါပေမဲ့ ချန်ရှီအန်းက နင့်အကြောင်း ငါ့ကို သူ မကြာခဏ သီးသန့် လာမေးနေတာ ငါ သူ့ကို ဖုံးကွယ်ထားမိတယ်။ အရင်ရက်ကပဲ သူ့ကို အမှန်တိုင်း ပြောလိုက်တာ။ သူ မတော်တဆ ဖြစ်သွားပုံပဲ”
ယွင်ယွီက ဆိတ်ဆိတ်သာ နေလေ၏။ ချန်ရှီအန်းက သူမ၏ စီနီယာဖြစ်ပြီး သူမ၏မူလကို နှစ်သက်သောသူ ဖြစ်သည်။ အစ၌ ယွီချန်သာ ရှင်းရှင်းလင်းလင်း ပြောခဲ့၏။ သူ လက်လွှတ်လိုက်ပြီဟု ထင်ခဲ့တာ ဖြစ်သည်။ ဆိုရလျှင် သူတို့ တစ်ခါမှ အတူ မရှိဖူးပဲ ဝေဝါးဝါး ဆက်ဆံရေးတစ်ခုမျှသာ ဖြစ်ခဲ့သည်။
ယင်းက သူမ၏မူလပိုင်ရှင်နှင့် ချန်ရှီအန်းပေါ်တင်နေသည့် အကြွေး ဖြစ်သည်။ သူမ၏ မူလခန္ဓာက အသက်ရှင်နေသေးလျှင် သူတို့ ဆက်ဆံရေးက ချောမွေ့နေလိမ့်မည်။ သူမက မေးလိုက်လေ၏။
“သူ ဘာဖြစ်တာလဲ”
စုန့်ကျင်းကျင်းက ပြောလိုက်သည်။
“လွန်ခဲ့တဲ့ ရက်ပိုင်းက ဖြစ်သွားတာ။ သူက ငါ့ကို နင့်အကြောင်း အရင်ရက်တွေက လာမေးတယ်လေ။ နင့်မှာ သတို့သားလောင်း ရှိနေပြီးသား။ လက်ထပ်တော့မဲ့အကြောင်း ငါ ပြောပြလိုက်တာ။ သူ စိတ်ပျက်သွားတယ်လေ။ နှစ်ရက်၊ သုံးရက်ကြာပြီးတော့ သူ့ဌာနက ကျောင်းသားတွေဆီကနေ ကြားမိတာ။ သူ စာလေ့လာတာ ရပ်ထားတယ်တဲ့။ ငါ နင့်မှာ သတို့လောင်း ရှိကြောင်း ပြောလိုက်တဲ့ နေ့က သူ စိတ်ပျက်လက်ပျက်နဲ့ အပြင်ထွက်သောက်တယ်နဲ့ တူပါတယ်။ တစ်ညလုံး ပြန်ရောက်မလာဘူးလေ။ နောက်နေ့ မနက်ကျ ဓာတ်ခွဲခန်းကိုလည်း မသွားနိုင်ဘူး။ နည်းပြက အဲဒီအကြောင်းမေးတော့ အတန်းသားတွေက သူတို့ သူ့ကို ဆက်သွယ်လို့ မရတာ သိသွားတယ်လေ။ ဒါကြောင့် ရဲခေါ်လိုက်တယ်။ သူက ဘားနောက်က လမ်းကြားလေးထဲမှာ သတိလစ်နေတာ။ ဆေးရုံကို ပို့ပြီးတော့ ဘာမှ ရှာမတွေ့ဘူး။ သူ သလိလစ်နေပြီး နိုးမလာသေးဘူး။ သူ အခု ဆေးရုံမှာပဲ ရှိသေးတယ်။ အတန်းဖော်တော်တော်များများ သူ့ဆီ သွားလည်ကြတယ်”
မျောနေတာလား။
77 06
ယွင်ယွီက မေးလိုက်လေ၏။
“သူက မျောနေရုံပဲလား။ မူမမှန်တာ မရှိဘူးလား”
စုန့်ကျင်းကျင်းက ခေါင်းညိတ်လိုက်၏။
“အင်း အရမ်း ထူးဆန်းတာပဲ။ စမ်းသပ်မှုမျိုးစုံ လုပ်ခဲ့ပေ့မဲ့ သူရဲ့ ခန္ဓာကိုယ်မှာ မူမမှန်တာ မတွေ့ရဘူး။ အခုဆို ဘယ်သူက ဘာလုပ်ရမယ်မှန်း မသိတော့ဘူး။ သူရဲ့အမေကတောင် ဆေးရုံဆီ ဆရာပင့်သေးတယ်။ ဒါပေ့မယ့် အသုံးမဝင်ဘူး။ ဆရာဝန်တွေက စိတ်မပျော်ဖြစ်နေပြီ။ သူတို့ကို ဆေးရုံဆင်းခိုင်းနေတာ”
သူမသည်လည်း ချန်ရှီအန်းကို သွားကြည့်ခဲ့မိသည်။ ဆေးရုံ လူနာ ခုတင်ပေါ်၌ သူက ငြိမ်သက်စွာ လဲနေတာ ဖြစ်၏။ ချန်ရှီအန်း၏ မိခင်ကမှု ငိုကြွေးနေသည်။
ယင်းက ရုပ်ပိုင်းဆိုင်ရာ ပြဿနာ မဟုတ်ပဲ ပူးကပ်တာဖြစ်မှာ စိုးရသည်။ သူသည် မဟုတ် သူ၏ဝိညာဉ်ကို တစ်စုံတစ်ယောက်က ယူသွားတာ ဖြစ်လိမ့်မည်။ သူမကိုယ်တိုင် တစ်ချက် သွားကြည့်ရမည်။
ယွင်ယွီက ပြောလိုက်၏။
“ပြီးရင် ဆေးရုံ သွားကြည့်လိုက်မယ်။ လိုက်ခဲ့ချင်လား”
“မလိုက်တော့ဘူး”
စုန့်ကျင်းကျင်းက ခေါင်းခါလိုက်၏။
“မနေ့တုန်းက ရှန်းရှန်းနဲ့ သူ့ဆီ သွားပြီးပြီ”
“ဒါဆို ပြီးမှ ငါကိုယ်တိုင် သွားလိုက်မယ်”
ယွင်ယွီက နူးညံ့စွာ ပြောလိုက်သည်။
“စိတ်မပူနဲ့။ သူ အဆင်ပြေမှာ”
သူမသည် သူ့ကို ဘာမှ ဖြစ်ခွင့်ပေးမှာ မဟုတ်ပေ။ သူငယ်ချင်းနှစ်ယောက်က စိုးရိမ် ပူပန်သေး၏။ ယွင်ယွီက ရုပ်လွန်ပညာ အနည်းအကျဉ်းသိပြီး ပုန်းရွေ့သည်ကြောင်း သိထားသောငြား ချန်ရှီအန်း၏ မိခင်သည် ဆရာသခင်တစ်ပါးကို ရှာထားပြီးသား ဖြစ်၏။ အသုံးမဝင်ခဲ့ပေ။ ရှောင်ယွီအာက ယင်းကို ဖြေရှင်းနိုင်မည်လော။
******