← Chapters

အခန်း ၉၉

Vol. 10 Ch. 99

အခန်း ၉၉

Vol. 10 Ch. 99

99 01

အပိုင်း 99

ရှဲ့လဲ့သည် ပလက်စတစ် ဇလုံနှင့် အတွင်းရှိ အမှိုက်အကြွင်းအကျန်များကို ထုတ်ကာ တွင်းတစ်တွင်းတူးပြီး ၎င်းတို့ကို မြုပ်နှံလိုက်သည်။ သူပြန်လာချိန်တွင် အခန်းထဲ၌ အဆောင်တစ်ခု ကပ်ထားတာ တွေ့လိုက်ရသည်။ ညို့စို့စို့အနံက အတော်လေး လျော့ပါး သွားပြီ ဖြစ်၏။ သူက ခေါင်းရင်းသို့ သွားကာ ထိုင်လျှက် နှုတ်ခမ်းများ ဖြူဖျော့နေသည့် ယွီနီကို ငုံကြည့်လိုက်သည်။ သူက အိတ်ထဲကနေ အသားပြန်တက်စေသည့် လိမ်းဆေးကို ထုတ်ပြီး ဒဏ်ရာတစ်ဝိုက်လိမ်းပေးလိုက်သည်။ ပုပ်သိုးနေသည့် အသားများကို ဖယ်ထုတ်ထားပြီဖြစ်ရာ တောက်ပသည့် အနီရောင်အသားများ ပေါ်လာ၏။ မည်းနက်နေသည့် လက်တစ်ချောင်းလုံးက အသားရောင် ပြန်တက်လာသည်။

သူ့ရင်ထဲ၌ ယွင်ယွီကို ကျေးဇူးထပ်တင်မိပြန်သည်။

ယွင်ယွီနှင့် ချင်ယွီစွေတို့က ဘေးရှိ ဧည့်သည်ခန်းတွင် နေလိုက်၏။ ယင်းက ချင်ယွီစွေ အိပ်သည့် အခန်း ဖြစ်သည်။

သူမ ရေချိုးပြီးခါစဖြစ်ကာ ဆိုဖာပေါ်တွင် ကိုယ်တစ်ဝက်မှီထားလျှက် ရေရွတ် ပြောလိုက်သည်။

“ယွီနီက ကျွန်မအခန်းထဲမှာ နေမှာ။ ရှဲ့လဲ့က ပြီးရင် ရှောင်ရှန်း အခန်းထဲမှာ အိပ်လိမ့်မယ်။ ချင်ယွီစွေနဲ့ ကျွန်မ အတူတူ အိပ်မယ်။ ကျွန်မ အိပ်ငိုက်နေပြီ အိပ်ရာဝင်ချင်တယ်”

ချင်ယွီစွေက သူမလက်ကို ကိုင်ပြီး အသံတိုးတိုးဖြင့် ချော့မြူလိုက်သည်။

“အိပ်ရာ မဝင်ခင် ညစာ စားရအောင် ဟုတ်ပြီလား။ ကိုယ်လည်း မစားရသေးဘူး”

သူမသည် ယွီနီကို ကယ်တင်ရန်အတွက် များစွာ အားစိုက်ထုတ်ထားရပြီး ယခုအချိန်၌ လှုပ်ရှားဖို့တောင် ပင်ပန်းနေမည်မှန်း သူသိသည်။

သူ မစားရသေးကြောင်း ကြားသောအခါ ယွင်ယွီက မျက်လုံးဖွင့်လျှက် ခေါင်းညိတ်လိုက်သည်။

နှစ်ယောက်သားက မီးဖိုချောင်ထဲသွားကာ ချင်ယွီစွေက မီးဖိုချောင်မီးကို ဖွင့်လျှက် အဘွားယွင် သူတို့အတွက် ချန်ပေးထားသည့် အစားအသောက်များကို အိုးထဲမှ ထုတ်ကာ စားပွဲပေါ် တင်လိုက်သည်။

အစားအသောက်က အလွန်ရက်ရောပေ၏။ ယွင်ယွီက ပင်ပန်းပြီး ဆာလောင်နေပြီ ဖြစ်ကာ ထမင်းတစ်ပန်းကန် ဟင်းချိုတစ်ခွက် သောက်ပြီးနောက် သူမ အိပ်ငိုက်လာတော့သည်။ ချင်ယွီစွေက သူမကို အခန်းထဲ၌ အနားယူခိုင်းပြီးနောက် သူကမှု မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်နေသည်။

ယွင်ယွီက ခေါင်းညိတ်ပြီး မျက်နှာသစ်ရန် ရေချိုးခန်းသို့ သွားလိုက်ပြီး အခန်းပြန် အိပ်တော့သည်။ သူ့အခန်းထဲရှိ ခုတင်က ၁.၅ မီတာခန့် ရှည်သည်။

နှစ်ယောက်သားက လက်ထပ်စာချုပ်ရှိပြီး ဖြစ်၏။ ထို့ကြောင့် သူတို့ အတူနေသင့်သည်။ သို့သော်ငြား သူတို့ မင်္ဂလာမဆောင်ရသေး။ မိဘအိမ်တွင် နေနေသေးသောကြောင့် သူတို့ ခွဲအိပ်တာပဲ ဖြစ်သည်။ ယခု အခန်းလွတ် မရှိတော့သောကြောင့် သူမ ချင်ယွီစွေ၏အိပ်ယာထဲဝင်ကာ အတွင်းဘက်၌ နေရာယူလိုက်တာပဲ ဖြစ်သည်။ သို့သော် နှစ်မိနစ်အတွင်း သူမ အိပ်ပျော်သွားလေ၏။

ချင်ယွီစွေ ရောက်လာချိန်တွင် သူမ အိပ်မောကျနေတာ တွေ့လိုက်ရသည်။ သူက ရေချိုးပြီးနောက် အဝတ်အစားလဲကာ အိပ်ယာဝင်လိုက်သည်။ သူက သူမကို ဂရုတစိုက် ထွေးပွေ့လျှက် ပါးကို နမ်းရှိုက်ကာ တီးတိုး ပြောလိုက်သည်။

“ကောင်းသောညပါ”

တစ်ညတာ ကောင်းကောင်း အိပ်စက်ပြီးနောက် ယွင်ယွီသည် မနက် ငါး နာရီ၌ နိုးလာသည်။ ချင်ယွီစွေကလည်း နိုးလာပြီး ခုတင်ဘေးတွင် ရပ်ကာ အဝတ်အစားလဲနေ၏။ သူက ညအိပ်ဝတ်စုံကို ချွတ်လိုက်ပြီး သူ၏ သန်မာလှပသော ကြွက်သားများကို ထုတ်ပြထားသည်။ ယွင်ယွီက တစ်ချက်ကြည့်ပြီး နားရွက်အဖျားများ နီရဲလာတော့သည်။

“ချင်ယွီစွေ မင်္ဂလာ မနက်ခင်းပါ”

သူမသည် သူ၏ ဝမ်းဗိုက်ကြွက်သားများကို မကြည့်ဘဲ မနေနိုင်တော့ပေ။

အမျိုးသားများ၏ ခန္ဓာကိုယ်ကလည်း ဤမျှ လှနိုင်ပေသည်။

ချင်ယွီစွေသည် သူမ သူ့ကို ကြည့်နေတာကို မြင်သောအခါ သူ့၏ အကြည့်တို့က လေးလံလာလေ၏။ သူက ရှေ့သို့ တိုးကာ သူမ၏ နူးညံ့ချိုမြိန်သော နှုတ်ခမ်းကို နမ်းရှိုက်လိုက်သည်။

99 02

တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း သူ သူမအကြောင်းသာ အမြဲတစေ စဉ်းစားနေမိသည်။

သို့သော် ဆယ်ရက်အတွင်း တောင်းတခဲ့ရသည့်တို့က ပေါ်ပေါက်လာ၏။ ခက်ခက်ခဲခဲ စိတ်နှလုံးတွင် နက်ရှိုင်းစွာ ဖုံးကွယ်ထားသည့် ခံစားချက်တချို့သည် တိတ်တဆိတ် အမြစ်တွယ်ပြီး အညွှန့်ပေါက်လာကာ တဖြည်းဖြည်းချင်း ပိုအားကောင်းလာပြီး နေရာယူသွားတော့သည်။

ယွင်ယွီကလည်း သူ့ကို လွမ်းနေမိ၏။ သူမက လက်ဆန့်ထုတ်လျှက် သူ၏ ပုခုံးကို ဖက်ကာ လည်ပင်းကို တွဲခိုလျှက် အနမ်းကို တုံ့ပြန်လိုက်သည်။

သူ အချိန်အတော်ကြာ နမ်းရှိုက်ပြီးနောက် သူမကို လွှတ်ကာ နူးညံ့စွာ ပြောလိုက်တော့သည်။

“မနက်စာ သွားလုပ်လိုက်အုန်းမယ်။ အရင် လေ့ကျင့်နှင့်”

သူမသည် မနက်စောစော လေ့ကျင့်တတ်သည့် အကျင့် အလေ့အထ ရှိမှန်း သူသိသည်။

ယွင်ယွီက သူထွက်သွားပြီးနောက် တပလ္လင်ခွေချိတ်ထိုင်ကာ လေ့ကျင့်တော့သည်။

သူ၏ ကိုယ်ဝန်က လေးလသား ရှိပြီ ဖြစ်ကာ အဝတ်အစား ချောင်ချောင် ဝတ်ထားသည့် အချိန်တွင်တောင် မြင်နိုင်ပြီ ဖြစ်သည်။

၇ နာရီဝန်းကျင်၌ ယွင်ယွီလေ့ကျင့်တာ ပြီးသွားကာ ခြံဝန်းထဲ၌ ချည်ငင်နေသော ရှဲ့လဲ့ကို တွေ့လိုက်ရသည်။ သူမ ထွက်လာတာကို မြင်သောအခါ သူက မရီး ဟု လှမ်းခေါ်လာသည်။

ယွင်ယွီက မေးလိုက်တော့သည်။

“ယွီနီ ဘယ်လိုလဲ”

“ယွီနီ နိုးလာပြီ”

ရှဲ့လဲ့သည် မနေ့ညက တစ်ညလုံး ယွီနီနှင့် နေပေးခဲ့ပေသည်။ မနက်ခင်း၌ သူမ နိုးလာချိန်တွင် သူတို့ဘော့စ်၏ ဇနီးက ကယ်တင်ခဲ့ကြောင်း သိလိုက်ရပြီး ကျေးဇူးတင်နေလေ၏။

ယွင်ယွီက ပြောလိုက်သည်။

“ကျွန်မ သူ့ကို သွားကြည့်လိုက်မယ်”

အခန်းထဲသို့ ရောက်ချိန်၌ ယွီနီက နိုးနေပြီဖြစ်ကာ ခုတင်ကို မှီထိုင်ထားလျှက် စာအုပ်တစ်အုပ် ဖတ်နေသည်။ သူမက ယွင်ယွီ ဝင်လာတာကို မြင်သောအခါ မှင်သက်သွားတော့သည်။

“ရှင်က ကျွန်မရဲ့ ယောင်းမပဲ။ လှလိုက်တာ”

သူမက တကယ် လှပလွန်းပေ၏။ ယွီနီသည် ဤကဲ့သို့ အသားအရည်ကောင်းသည့် မိန်းကလေးမျိုးကို တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ သူမ၏ အသားအရည်က ခရင်ကဲ့သို့ ဖြူဖွေးနေကာ အစက်အပျောက် တစ်စက်မှ မရှိ။ သူမ၏ မျက်နှာ အသွင်အပြင်ကလည်း လှပပြီး မျက်လုံးက တောက်ပကာ ဆွဲဆောင်မှု ရှိသည်။

ယွင်ယွီကို ချီးကျူးပြီးနောက် ယွီနီက လေးနက် တည်ကြည်စွာ ပြောလိုက်သည်။

“ယောင်းမ ကျွန်မ့အသက်ကို ကယ်ပေးတာ ကျေးဇူးတင်ပါတယ်။ နောင်ကျ ကျွန်မကို လိုအပ်လာရင် ပြောသာပြောလိုက်ပါ”

ယွင်ယွီက ရယ်မောလိုက်မိသည်။ ဤအရပ်မြင့်မြင့် လှပသော အမျိုးသမီးများအပေါ် ညှာတာ ထောက်ထားတတ်သည့် အနေအထားရှိကြောင်း သိလိုက်ရသည်။

ယွီနီက ယခု အလွန် အားနည်းနေလေ၏။ ဦးခေါင်းပျံ ကျိန်စာနှင့် ပိုးကောင် ကျိန်စာတို့သည် သူမ၏ ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့သည်။ သူမ နိုးလာလျှင်တောင် ခန္ဓာကိုယ်က များစွာ ထိခိုက်ထားသဖြင့် ကောင်းမွန်စွာ ဂရုစိုက်ရန် လိုအပ်နေသေးသည်။

ယွီနီနှင့် စကားအနည်းအငယ် ပြောပြီးနောက် ယွင်ယွီသည် မီးဖိုချောင်သို့ ကူညီပေးရန် သွားလိုက်သည်။

ချင်ယွီစွေက ဆန်ပြုတ်ချက်ထားပြီး အရံဟင်းများ ကြော်နေကာ ရှဲ့လဲ့က ကူညီပေးနေ၏။

99 03

သူတို့ မနက်စာ စားပြီးနောက် ချင်းကန့်မှ လူသုံးယောက်ကလည်း မြို့ကနေ ရောက်လာတော့သည်။ သူတို့ အိမ်ထဲဝင်လာချိန်၌ ပြောလိုက်၏။

“ဘော့စ်၊ မရီး ဘန်းမုန့်နဲ့ အဘွားယွင် လုပ်ပေးတဲ့ ခေါက်ဆွဲတွေက တကယ် အရသာရှိတာပဲ”

ယွီနီ အဆင်ပြေကြောင်း သိပြီးနောက် သူတို့ သုံးယောက်သည် စားချင်သောက်ချင်စိတ် ပေါ်လာ၏။ မနက်ခင်း၌ သူတို့သည် မြို့ထဲ၌ နာမည်ကြီးနေသည့် ဘန်းမုန့်ဆိုင်အကြောင်း သိလိုက်ရပြီး ထို့ဆိုင်ကို သူတို့၏မရီး ဖွင့်ထားမှန်း သိလိုက်ရသည်။ ထို့ကြောင့် ချက်ချင်းပင် အပြေးအလွှား သွားကာ မနက်စာ စားတော့သည်။

ကြက်သွန်မြိတ်နှင့် ကြက်ဉများပြည့်နေသည့် ဘန်းမုန့်၏ တန်ကြေးက နှစ်ယွမ် ဖြစ်သော်ငြား ဟင်းသီးဟင်းရွက်များသာ ပါသည့် ဘန်းမုန့်ကမှု တစ်ယွမ်ဖြစ်သည်။

သူတို့သည် ကြက်သွန်မြိတ်နှင့် ကြက်ဉ အစာသွပ်ထားသည့် ဘန်းမုန့်ကို မှာလိုက်သည်။ ၎င်းတို့က နူးညံ့နေကာ ကြက်ဉကလည်း မွှေးပျံ့သည်။ သူတို့သည် ဤမျှ ကောင်းမွန်သည့် ဘန်းမုန့်ကို တစ်ခါမှ မစားခဲ့ဖူးပေ။ ကြယ်ငါးပွင့် ဟိုတယ်ရှိ အစားအသောက်ကတောင် ယှဉ်နိုင်မှာ မဟုတ်။

သုံးယောက်သားက ဘန်းမုန့် အလုံး ၂၀ နှင့် ခေါက်ဆွဲပွဲကြီး သုံးပွဲကို အပြီးသတ် စားခဲ့၏။ သူတို့က တကယ် စားနိုင်သောက်နိုင်သူများ ဖြစ်သည်။

ချင်ဟယ်ရွာသို့ ရောက်ချိန်၌ စပါးများ စတင် ရိတ်သိမ်းနေပြီ ဖြစ်သည်။

ဤပတ်ဝန်းကျင်၌ စပါးကို သုံးရာသီ စိုက်သော်ငြား စိုက်ပျိုးရေးက ယခုအချိန်တွင် အမြန် မဖြစ်ထွန်းသောကြောင့် အိမ်တိုင်း နီးပါးသည် တစ်ရာသီစာသာ စိုက်ပျိုးကြတော့သည်။ ရိတ်သိမ်းမှုက စက်တင်ဘာလ အစောပိုင်း၌ တဖြည်းဖြည်းချင်း စတင်လာ၏။

ယွင်ယွီ၏ မိသားစု၌ စပါး သုံး၊လေး ဧကသာ ရှိသည်။ ထို့ကြောင့် ချင်ယွီစွေက စပါးရိတ်သိမ်းရန် ကူညီပေးဖို့ လူတိုင်းကို လယ်ကွင်းထဲ ခေါ်သွားသည်။

ချင်းကန့်က ကျေးလက်တွင် မွေးလာတာ ဖြစ်ပြီး လယ်ယာစိုက်ပျိုးရေး၌ တော်သည်။ ကျန်သည့်သူများသည် ယခင်က လယ်လုပ်ငန်းကို တစ်ခါမှ မလုပ်ဖူးသော်ငြား ၎င်းတို့က ရိုးရှင်းပြီး သင်ယူရ လွယ်ကူ၏။ သူတို့သည် တစ်နေ့ထဲ စပါး သုံး ဧကကျော်ကို ရိတ်သိမ်းခဲ့ပြီး ချည်နှောင်ကာ ခြံဝန်းထဲ သယ်လာတော့သည်။

ယင်းက လူများစွာကို အာရုံစိုက်မိစေသည်။ သူတို့က ချင်ယွီစွေ၏ လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြောင်း သိသွားသောအခါ မည်သူမှ ဘာမှ မပြောရဲတော့ချေ။ လူငယ်လေးများက ဖြတ်လတ် တက်ကြွပြီး ကြည့်ကောင်းနေကာ အလုပ်ကြိုးစားသည်ဟုသာ သူတို့ ပြောကြသည်။

သူတို့ ယခုအချိန်တွင် ရင် မိသားစုအကြောင်း မကောင်း မပြောရဲပေ။ ယွင်ယွီက အလွန် အရည်အချင်းရှိသည့် မိန်းကလေး တစ်ယောက် ဖြစ်သည်။ မနေ့တုန်းက သူမသည် ချင်းကန့်၏ ကလေး ဝိညာဉ်ပျောက်သွားတာကို ရှာပေးခဲ့၏။

ယွင်ယွီက သရဲတစ္ဆေများကို မြင်နိုင်ကြောင်းနှင့် ဝိညာဉ်များနှင့် ဆက်သွယ်နိုင်ကြောင်းလည်း ထန်ကျဲဆီမှ သူတို့ သိခဲ့ရ၏။ သူတို့ အင်မတန် အံဩမှင်သက်နေမိပြီ ဖြစ်သည်။

၇ နာရီထိုးချိန်အထိ ထမင်း မတည်ရသေးပေ။

လူတို့ အလုပ်ကြိုးစားနေတာကို မြင်ပြီး အဘွားယွင်က အရသာရှိသည့် ဟင်းလျာများ အထူးတလည် ပြင်ဆင်ပေးထားသည်။ သူမသည် ရွာသားတစ်ယောက်ဆီကနေ ၆ ပေါင်၊ ၇ ပေါင်ခန့်ရှိသည့် ငါးကြင်းတစ်ကောင်လည်း ဝယ်ထားသေး၏။ ငရုတ်သီးလှီးကာ ငါးခေါင်း နှပ်လိုက်သည်။

လှီးထားသည့် ငရုတ်ပွများကို ငရုတ်နှစ် ပြုလုပ်ရာ၌ အလွန်တော်သည့် ယွင်ယွီ၏ မိခင်က ပြုလုပ်ပေးထားတာပဲ ဖြစ်သည်။ ထို့ငရုတ်ပွများကို ဟင်းရွက် စိုက်ခင်းထဲကနေ ခူးလာတာ ဖြစ်၏။

ဆေးကြော ခြောက်သွေ့အောင် လုပ်ပြီး အပိုင်းပိုင်း လှီးကာ ဂျင်းပါးပါးလှီးပြီး ကြက်သွန်ဖြူ၊ ဆားနှင့် ဝိုင်ဖြူတို့ကို ထည့်ကာ ခရားတစ်ခုထဲတွင် ထည့်ထား၏။ ရက်အနည်းငယ်ကြာလျှင် စားသောက်နိုင်ပြီ ဖြစ်သည်။

ယွင်ယွီက တစ်ခါတစ်ရံတွင် စားချင်သောက်ချင်စိတ် မရှိပေ။ သို့သော် သူမမိခင် ပြုလုပ်ပေးသည့် ငရုတ်နှစ်ဖြင့်ဆို ထမင်းတစ်ပန်းကန်လောက် ကုန်အောင် စားနိုင်သည်။ လက်တလော၌ သူမ အစပ်ကို ကြိုက်လာသော်ငြား ကံကောင်းသည့်မှာ အိမ်ရှိ အစားအသောက်များက သန့်ရှင်းသဖြင့် သူမ စားခွင့်ရှိသည်။

ငါးအသားကိုမှု အချဉ်ထည့်ရန် ပြင်ဆင်လိုက်ပြီး အချဉ်တည်ဖို့ကိုလည်း ယွင်ယွီ၏ မိခင်က ယခင် ရက်များထဲက ပြင်ဆင်ထားတာပဲ ဖြစ်သည်။

99 04

အဘွားယွင်နှင့် အမေယွင်တို့သည် ယခင်ထဲက အိမ်နောက်၌ ဟင်းရွက်စိုက်ခင်းတွေ စိုက်ပျိုးထားသည်။ ယခုအချိန်တွင် ထို့ဆိုင်အတွက် ဟင်းသီးဟင်းရွက်များ ထောက်ပံ့ပေးနိုင်သည့်အပြင် ကျန့်သည့် ဟင်းသီးဟင်းရွက်များကို မစားရသေးသောကြောင့် ရံဖန်ရံခါ၌ သူတို့က အချဉ်တည်ကာ ရောင်းချရန် ဖက်ထုပ်များထဲ ထည့်လေ့ရှိ၏။ ဟင်းတစ်ပွဲအတွက် ကုန်ကျစရိတ်က နှစ်ယွမ် ဖြစ်ကာ အလွန် ရောင်းကောင်းသည်။

လူတချို့ကဆို အိမ်၌စားရန် တကူးတကတောင် လာဝယ်သည်။ ၎င်းက ယွမ် ၃၀ ကျသင့်ကာ စူပါမားကတ်စ့်ထဲကထက် ဈေးပိုကြီး၏။ သို့သော် အရသာသည် MSG အနံများ ပြည့်နေသည့် ဆားရေစိမ်များထက် အဆ ၁၀၀ ပိုကောင်းတာ ကျိန်းသေသည်။

မည်သည့်နည်းနဲ့မဆို ရင် မိသားစု၏ ဘန်းမုန့်ဆိုင်က နာမည်ကြီးနေပြီ ဖြစ်သည်။

မြို့ထဲရှိ လူတိုင်း ထို့အကြောင်းကို သိကြပြီး နေ့တိုင်း တန်းစီနေသည်။

အိမ်၌ ဖရဲသီးနှင့်် မက်မွန်သီးများ မရှိတော့ပေ။ ၎င်းတို့ကို ယခင်က ရှီးကုန်းဆီ ရောင်းခဲ့တာပဲ ဖြစ်သည်။ သူသည် လွန်ခဲ့သည့် နှစ်လ ကျော်ခန့်က အားလုံး ရောင်းကုန်သွား၏။ ယခုအချိန်တွင် စိုက်ခင်းထဲ၌ မက်မွန်သီး တစ်ခြင်းစာ သို့မဟုတ် ဖရဲသီး နှစ်လုံး၊ သုံးလုံးတော့ ရှာတွေ့နိုင်သေး၏။ သို့သော် ၎င်းတို့က အိမ်တွင် ယွင်ယွီ စားဖို့အတွက် ထားတာဖြစ်ပြီး ရောင်းချရန် မဟုတ်ပေ။

ပြောင်းဖူးများကမှု နောက်ထပ် တစ်လအထိ ရောင်းချနိုင်သေးသည်။ သူတို့ စိုက်ပျိုးထားသည့် ပြောင်းဖူး ၂၀၀ ခန့်က ထို့အချိန်ကျ ရင့်မှည့်လာလောက်ပြီ ဖြစ်သည်။ မည့်သည့်နည်းနှင့် မဆို ယခု နှစ်၌ ပြောင်းဖူး ပြတ်လပ်ခြင်း မရှိပေ။

အဘွားယွင်သည် ကျန်ရှိသည့် မြစ်ငါးကြင်းများကို ငါးတို့ဟူးစွပ်ပြုတ် ပြုလုပ်လိုက်သည်။

တို့ဟူးကို အဘွားယွင်က အိမ်တွင် စိုက်ပျိုးထားသည့် ပဲပိစပ်ကို သုံးပြီး ပြုလုပ်ထားတာပဲ ဖြစ်သည်။ အရသာက အင်မတန် အံဩဖွယ် ကောင်းကာ တို့ဟူး အရသာ ပြင်းပြင်းပါရှိ၏။

ထို့လတ်ဆတ်မှုသည် တို့ဟူးကို အရသာရှိသွားစေသည်။

ပြီးနောက် ငါးသလဲထိုး နှပ်ပြီး မြစ်ပုစွန်နှင့် ကြက်သွန်မြိတ်ကို ကြော်ကာ ခရုလည်း မွှေကြော်ထားပြီး ကြက်သားတစ်ပန်းကန်၊ ကြက်သွန်မြိတ်နှင့် တို့ဟူး၊ ခရမ်းသီးနှပ်၊ ကြက်သွန်ဖြူနှင့် ရေမုန့်ညှင်း၊ အားလူးချဉ်စပ် အားလုံးက အိမ်ချက် ဟင်းလျာများပဲ ဖြစ်သည်။

ဝယ်ထားသည့် ဟင်းတချို့မှအပ ကျန်သည့် ဟင်းလျာ အားလုံးသည် ဂျင်းနှင့် ကြက်သွန်ဖြူတို့တောင် အိမ်တွင် စိုက်ပျိုးထားတာပဲ ဖြစ်သည်။ အရသာက ကောင်းမွန်လွန်းသဖြင့် လျှာကို မျိုချမိနိုင်လောက်သည်။ ချင်းကန့်က ပျော်တတ်သည့် လူတစ်ယောက် ဖြစ်သည်။ သူက အားရပါးရ စားပြီး ပြောလိုက်လေ၏။

“အဘွားယွင်နဲ့ အန်တီတို့ရဲ့ အချက်အပြုတ်လက်ရာက တကယ်ကောင်းတာပဲ”

အဘွားယွင်နှင့် အမေယွင်တို့သည် နားထောင်ပြီး ပြုံးနေလေ၏။ သူတို့၏ အချက်အပြုတ်လက်ရာက အတော်လေး ကောင်းသော်ငြား သူတို့ ယခင်က ပြုလုပ်ခဲ့သည့် အိမ်ချက် ဟင်းလျာများသည် အရသာ ကောင်းရုံမျှသာ ရှိပြီး ယခုကဲ့သို့ စွဲမက်ဖွယ် မကောင်းပေ။ ဆန်းစစ်ကြည့်ပြီးနောက် ယခုနှစ် သီးနှံ့များကြောင့် ဖြစ်လိမ့်ဟု ကောက်ချက်ချမိသည်။ အသီးအနှံ့များက အရသာရှိပြီး ပါဝင်ပစ္စည်းများ ကောင်းမွန်သောကြောင့် အရသာက ပိုတောင် ကောင်းသွားတာပဲ ဖြစ်သည်။

ယွီနီက ဒဏ်ရာ ရထားပြီး အနားယူရန် လိုအပ်သောကြောင့် စားပွဲတွင် ထိုင်မစားခဲ့ပေ။ ရှဲ့လဲ့က သူမ၏ အစားအသောက်ကို သယ်ပေးကာ သွားကျွေးလိုက်သည်။

ယွီနီသည် တစ်လုတ်စားကြည့်ပြီး အံဩမှင်သက်သွားလေ၏။ သူမ လက်မထောင်ပြကာ ပြောလိုက်သည်။

“ဘော့စ်က တကယ့် အကြိုက်ကောင်း ရှိတာပဲ”

သူ ရွေးချယ်ခဲ့သည့် ဇနီးသည် နတ်သမီးသမျှ လှပပြီး ယောက္ခမနှင့် သူ့မိသားစုကလည်း လူကောင်းများ ဖြစ်ကာ အချက်အပြုတ် လက်ရာကလည်း အံဩဖွယ်ကောင်းလှပေ၏။

ထမင်းတစ်အိုးနှင့်် စားပွဲပေါ်ရှိ ဟင်းလျာအားလုံးကို လူတိုင်း စားလိုက်ပြီ ဖြစ်သည်။

နောက်ရက်များ၌ သူတို့သည် ဆန်ကို အခြောက်လှန်းဖို့ ပြင်ဆင်ပြီး အလုပ်များအုန်းမှာပဲ ဖြစ်သည်။ ဤရက်များအတွင်း နေသာနေ၏။ ရက်တချို့ကြာပြီးနောက် စပါးသည် ခြောက်သွေ့အောင် သွားမည် ဖြစ်ကာ အိတ်ထဲထည့်၍ သိုလှောင်နိုင်မှာပဲ ဖြစ်သည်။ အားလုံး ပြင်ဆင်ပြီးချိန်၌ အဘွားယွင်က တအံတဩ ပြောလိုက်၏။

“ဒီနှစ် အထွက်နှုန်းက ကောင်းတဲ့ပုံပဲ”

99 05

သူတို့ ခရိုင်မြို့တွင် စိုက်ပျိုးထားသည့် စပါးသည် နှစ်ဝက် ဆန်ဖြစ်ပြီး တစ်မှုကို ၈၀၀ ကီလိုဂရမ် ထွက်လေ့ရှိသည်။ သို့သော်ငြား အဘွားယွင် တွက်ချက်မိသည့်က သူတို့ မိသားစု၏ ယခု နှစ် ဆန် အထွက်နှုန်းသည် တစ်မှုကို ကီလိုဂရမ် ၁၁၀၀ အထိ ရောက်ပြီး တစ်မှုကို ကီလိုဂရမ် ၃၀၀ ပိုလာ၏။

ထို့ ကီလိုဂရမ် ၃၀၀ ကို လျော့တွက်၍ မရပေ။ အထွက်နှုန်းက အမြင့်ဆုံးဖြစ်နေပြီးသားဖြစ်ကာ ကီလိုဂရမ် ၃၀၀ ထပ်တိုးလာတာပဲ ဖြစ်သည်။

၎င်းက တကယ် ထိတ်လန့်စရာ ကောင်းလှပေ၏။ အဘွားယွင်က ရေရွတ် ပြောလိုက်လေ၏။

“ဒီနှစ် ဆန်အထွက်နှုန်းက မြင့်လိုက်တာ”

ရှဲ့လဲ့က ပြုံးပြီး ပြောလိုက်သည်။

“ဒီနှစ် မြေဩဇာကောင်းလို့ နေမယ်။ တစ်မှုကို အထွက်နှုန်း ဒီလောက်တိုးလာပြီဆိုတာ ကောင်းတာပဲလေ”

အဘွားယွင်က ပြုံးပြီး ပြောလိုက်သည်။

“တကယ်ကောင်းတာပေါ့”

သူမ သိပ် စိုးရိမ်ပူပန်ခြင်း မရှိပေ။

ယွင်ယွီက သက်ပြင်းချလိုက်လေ၏။ သူမသည် ယခင်ထဲက ဝိညာဉ်စွမ်းရည်ဖြင့် ထိုစပါးများကို စတင် ရေလောင်းပေးခဲ့တာ ဖြစ်၏။ ထို့ကြောင့် တစ်ဧကကို အထွက်နှုန်းက မြင့်လာတော့သည်။

အရသာကလည်း အလွန်ကောင်းမွန်နေပေ၏။ စပါး သုံးဧက ကျော်က သိပ်မများပေ။ ထို့ကြောင့် အိမ်တွင် သိမ်းထားပြီး ထုတ်ရောင်းမှာ မဟုတ်ပေ။

တကယ်တော့ ယင်းသည် တစ် ဧက အထွက်နှုန်းသာ ရှိနေသေး၏။ စပါးများကို ဆန် ဖြစ်အောင် ပြုလုပ်ဖို့ လိုသေးသည်။ စပါး ကီလိုဂရမ် ၁၀၀ သည် ဆန် ကီလိုဂရမ် ၇၀ သာ ထွက်၏။

လယ်ကွင်းထဲ၌ ရိတ်သိမ်းပြီးချိန်၌ စက်တင်ဘာလ ၂၀ ရက်နေ့ ရောက်နေပြီ ဖြစ်သည်။ အချိန်က အင်မတန် လျင်မြန်စွာ ကုန်ဆုံးသွားလေ၏။

ယွီနီ၏ ဒဏ်ရာများက ပျောက်သလောက် ဖြစ်နေသည်။ သူမ ယခုဆို လမ်းလျှောက်နိုင်ပြီ ဖြစ်သည်။ ဤရက်များအတွင်း အစားအသောက်ကလည်း အလွန် ကောင်းမွန်သည်။ သူမ အသားရောင်ကပိုပြီး ပန်းသွေးရောင် သန်းလာ၏။

သူတို့သည် ဤရက်ပိုင်းအတွင်း ရင် မိသားစုကို တစ်ချိန်လုံး အားနာမိသည်။ ယွီနီ၏ ဒဏ်ရာ ပျောက်ကင်းလုနီးပြီ ဖြစ်တာကို မြင်သောအခါ ရှဲ့လဲ့၊ ယွီနီနှင့် ကျန်သည့် သူများက ယွင်မိသားစုကို နှုတ်ဆက်စကားပြောလိုက်သည်။

ရှဲ့လဲ့က ပြောလိုက်သည်။

“အဘွား၊ အန်တီ၊ မရီး ဒီရက်တွေထဲ နှောင့်ယှက်ခဲ့မိပါပြီ။ ယွီနီရဲ့ ဒဏ်ရာကလည်း ပျောက်သလောက် ရှိပြီဆိုတော့ ကျွန်တော်တို့ မြို့တော်ကို ပြန်သင့်ပြီ”

ဘော့စ်သည် သူ၏ တာဝန်ကို အထက်အရာရှိများထံ သတင်းပို့ပြီးပြီ ဖြစ်သော်ငြား သူတို့လည်း သတင်းပို့ရန် လိုအပ်သည်။

အဘွားယွင်က ပြုံးပြီး ပြောလိုက်၏။

“သားတို့က ဘာလို့ အနှောင့်အယှက် ပေးရာရောက်မှာလဲ။ စပါး ရိတ်သိမ်းပေးတာကိုလည်း ကျေးဇူးတင်နေတာ။ ရှောင်နီက အဘွားတို့ရဲ့ ကြက်ဉကို စားရတာ ကြိုက်တယ် မဟုတ်လား။ ဒီတစ်ခေါက် သယ်သွားအုန်း”

အိမ်၌ ကြက်အကောင် တစ်ရာ မွေးထားတာ ဖြစ်ပြီး နေ့တိုင်း ဉဉကြသည်။ ကြက်တချို့ကဆို တစ်ရက်ကို ဉနှစ်လုံး ဉပေး၏။

ဘန်းမုန့်ဆိုင်အတွက် လိုအပ်သည့် ကြက်ဉများမှအပ အိမ်တွင် ရှိနေသေးသည်။

ယွီနီက ပျော်ရွှင်စွာ ကျေးဇူးတင်လိုက်တော့သည်။

“ကျေးဇူးပါ။ ဘွားဘွား”

သူမသည် ဤယောင်းမနှင့် မိသားစုကို တကယ် နှစ်သက်မိသည်။ သူတို့ အစ်ကိုကြီးက တအားကြီးဖြင့် မောင်းမထုတ်လျှင် သူမ ဤနေရာ၌ နည်းနည်းကြာကြာ နေချင်မိသည်။

ထိုလူများ ယွင်ယွီ၏ အိမ်မှ ထွက်သွားချိန်တွင် သူတို့က ကြက်ဉများနှင့် ပြောင်းဖူးများ သယ်သွားကြသည်။ ယွင်မိသားစုက စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်များကလည်း အရသာရှိ၏။ သို့သော် သယ်ရတာကတော့ အဆင်မပြေပေ။

သူတို့ ထွက်သွားပြီးနောက် အိမ်သည် ချက်ချင်း တိတ်ဆိတ်သွားတော့သည်။

++++++

All Chapters