← Chapters

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း ၁၀၀

Vol. 10 Ch. 100

100 01

အပိုင်း 100

ရာသီဉတုကလည်း ပိုအေးလာပြီး လူတိုင်းက လက်ရှည်များ ဝတ်နေရပြီ ဖြစ်သည်။ တကယ်တော့ မြို့တွင် ပူနေသေးသော်ငြား သစ်ပင်များစွာ ရှိသောကြောင့် ကျေးလက်၌ အေးမြနေတာပဲ ဖြစ်သည်။

စပါးရိတ်ပြီးနောက် ရွာထဲ၌ လယ်လုပ်စရာ များများစားစား မရှိတော့ပေ။

ရွာသားတချို့သည် ပိုက်ဆံရှာရန် တခြားအလုပ်များကို စလုပ်ကြပြီး ရွာထဲရှိ လူအများစုကမှု စိတ်အေးလက်အေး အနားယူနေကြသည်။

ယွင်ယွီ၏ ဘဝက ပိုပြီး ငြိမ်သက်လာသည်။ ယွီနီနှင့် ကျန်သည့် သူများ ထွက်သွားပြီးနောက် သူမ မနက်စောစောထကာ ချင်ယွီစွေနှင့်အတူ မနက်စာစားပြီး တောင်ပေါ် လမ်းလျှောက်ထွက်လေ၏။

သစ်သီးပင်များနှင့် ပြောင်းခင်းများက ကောင်းမွန်စွာ ပေါက်ရောက်နေပြီး စိမ်းစိုစိမ်းမြနေလေ၏။

ယွီနီနှင့် ကျန်သည့်လူများ ပြန်သွားပြီး နှစ်ရက်အတွင်း ယွင်ယွီသည် ငွေသား တစ်သန်း ရလိုက်လေ၏။

ယခုက ညနေစောင်းနေပြီ ဖြစ်သည်။ သူမ စာရချိန်၌ အနည်းငယ် စိတ်ရှုပ်ထွေး သွားတော့သည်။ သူမက ချင်ယွီစွေအား ဖုန်းလှမ်းပေးလျှက် ပြောလိုက်သည်။

“ချင်ယွီစွေ ကျွန်မ့အကောင့်ထဲ ရုတ်တရက်ကြီး တစ်သန်း ရောက်လာတယ်”

၎င်းသည် တကယ်ကို သူမဘဏ်ကဒ်နံပါတ် ဖြစ်သည်။

ချင်ယွီစွေက သူမကို တစ်ချက်ကြည့်ပြီး ဆံပင်ကို သပ်ပေးကာ ညှင်သာစွာ ပြောလိုက်တော့သည်။

“ဒါက နိုင်ငံက ဆုလဒ်လေ”

သူ နိုင်ငံခြားက ပြန်ရောက်ချိန်တွင် သူ၏မစ်ရှင်ကို အထက်အရာရှိများဆီ သတင်းပို့ချိန်၌ ဤဘောနပ်စ့်ကို တောင်းခဲ့တာ ဖြစ်သည်။ အထက်အရာရှိများသည် ယွင်ယွီ၏ အဆောင်က များစွာ အထောက်အကူ ဖြစ်စေခဲ့ကြောင်း သိ၏။ ထို့ကြောင့် ဆုံးရှုံးစရာ မရှိ။

တစ်သန်းသည် တကယ်တော့ သေးငယ်သည့် ပမာဏသာ ဖြစ်သည်။ နိုင်ငံအဖို့ ထို့ကဲ့သို့ ပါရမီရှင်ကို မွေးထုတ်ဖို့က အလွန်ခက်ခဲလှသည်။

ထို့ကြောင့် ယွီနီ ယခုအခေါက် ပြန်ရောက်လာချိန်တွင် အထက်အရာရှိများက လူနာ ပျောက်ကင်းသွားပြီဖြစ်တာကို မြင်သောအခါ ဆုပေးချီးမြှင့်လိုက်သည်။

ယင်းက ယွင်ယွီကို ခေါ်ထားရန် နည်းလမ်းတစ်ခုဟုလည်း သတ်မှတ်နိုင်သည်။ ဆိုရလျှင် ဤကဲ့သို့ ပါရမီရှင်မျိုးက ရှားပါးလှပေ၏။

ယွင်ယွီသည် အလှည့်အပြောင်းများကို မသိခဲ့ပေ။ သူမသည် ယင်းက ဘောနပ်စ့်ဖြစ်ကြောင်း ကြားလိုက်ရချိန်၌ အင်မတန် ပျော်ရွှင်သွားလေ၏။

“ကျွန်မအတွက် တစ်သန်းလား”

ချင်ယွီစွေက ပြုံးလိုက်တော့သည်။

“အားလုံး မင်းဟာပဲ”

ယွင်ယွီက ပြုံးပြီး ပြောလိုက်၏။

“ကောင်းလိုက်တာ”

သူမလက်ထဲ၌ တစ်သန်း ရှိထားပြီ ဖြစ်သောကြောင့် သူမအစ်မကြီးအတွက် စရံငွေ ပေးချေနိုင်ပြီ ဖြစ်ကာ စိုက်ပျိုးရေးအတွက်လည်း အသုံးပြုနိုင်ပြီ ဖြစ်သည်။ သူမ လယ်တောအိမ် ဖွင့်လှစ်ရန်လည်း ပြင်ဆင်နိုင်ပြီ ဖြစ်သည်။ သူမ ဖွင့်လှစ်မည့် လယ်တောအိမ်သည် အစားအသောက်၊ နေစရာနှင့် အမိုးအကာ ပေးမည် ဖြစ်ကာ နေရာ ကျယ်ကျယ် ယူလိမ့်မည်။ ယင်းက ၎င်းကို တည်ဆောက်ရန် ငွေ ပမာဏများစွာ လိုအပ်၏။ ထို့ကြောင့် တစ်သန်းက မလုံလောက်ပေ။ သူမ အကောင်းဆုံး ကြိုးစားရလိမ့်မည်။

100 02

ထို့အပြင် စိုက်ပျိုးမြေကို စီးပွားဖြစ်မြေအဖြစ် ပြောင်းလဲရန် လျှောက်လွှာလည်း လိုသေးသည်။

ထို့အချက်ကို တွေးမိပြီး ယွင်ယွီက ချင်ယွီစွေ၏ လက်ကို ဖက်ကာ မဝံမရဲ ပြုံးလိုက်၏။

“ချင်ယွီစွေ ကျွန်မ လယ်မြေကို စီးပွားဖြစ်မြေအဖြစ် ပြောင်းချင်တယ်။ အဆင်ပြေလောက်လား”

“ရတာပေါ့”

ချင်ယွီစွေက ပြောလိုက်၏။

“ကူပေးမယ်”

သူမသည် များစွာ အကျိုးဆောင်ခဲ့သော်ငြား ယင်းက လယ်တစ်ကွက်သာ ဖြစ်သည်။

ယွင်ယွီက သူ၏နှုတ်ခမ်းကို ပျော်ရွှင်စွာ နမ်းလိုက်၏။ ဖုန်းကိုင်ထားပြီးနောက် တစ်သန်းကို ကြည့်ကာ ပြုံးရွှင်နေတော့သည်။

နိုင်ငံအတွက် ကူညီရတာ ဆုလဒ်များစွာ ရှိပုံပေါ်၏။ သူမ နောင်ကျ ဒီထက်ပို ကူညီမှာပဲ ဖြစ်သည်။

ပိုက်ဆံကို ကြည့်ပြီး ယွင်ယွီက သူ၏အစ်မကို တွေးမိသွားသည်။ ယွင်လန်ကမူ ယခုအခေါက်၌ သူ၏ချစ်သူကို ခေါ်လာမည့် အကြောင်းပြောထားသည်။

၂၀ ရက်နေ့ ရောက်ပြီ ဖြစ်သော်ငြား သူ၏ အစ်မက ပြန်မလာသေးပေ။

ယွင်ယွီက ယွင်လန်၏ဖုန်းကို ခေါ်လိုက်ချိန်တွင် တစ်ဖက်က ပြန်ဖြေဖို့ အချိန် အတော်ကြာနေသည်။ ယွင်လန်၏ ပင်ပန်းနွမ်းနွယ်နေသော အသံက ဖုန်းတစ်ဖက်မှ ပေါ်ထွက်လာသည်။

“ယွီအာလား”

သူမအစ်မ၏ အသံကို ကြားသောအခါ ယွင်ယွီသည် တစ်စုံတစ်ခု မှားနေကြောင်း အာရုံခံမိသွားသည်။ မျက်နှာကို မမြင်ရသည့်တိုင် သူ၏အစ်မတစ်ခုခု ဖြစ်နေကြောင်း အလိုလို ပြောနိုင်ပေ၏။ သူမ ဂရုတစိုက် မေးလိုက်လေ၏။

“အစ်မ ဘာဖြစ်လို့လဲ။ အစ်မရဲ့ ချစ်သူကို မိသားစုနဲ့ တွေ့ပေးဖို့ ဒီလထဲ ပြန်ခေါ်လာမယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ညီမ ပိုက်ဆံ စုထားတာ များနေပြီ။ ခဲအိုသာ အရည်အချင်းရှိရင် ချင်ဟယ်မြို့မှာ အစ်မအတွက် စရံငွေ ပေးပေးမယ်။ အိမ်ထောင် ကျပြီးတာနဲ့ နေစရာ နေရာ ရှိမှာလေ ဟုတ်ပြီလား အစ်မ”

တစ်ဖက်တွင် ဖိနှိပ်ထားသည့် ယွင်လန်၏ ငိုရှိုက်သံက တဖြည်းဖြည်းချင်း ကျယ်လောင်သည့် ငိုသံ ဖြစ်လာတော့သည်။

ယွင်ယွီက ထိတ်လန့်သွားလေ၏။

“မမ ဘာဖြစ်လို့လဲ။ ညီမကို မခြောက်နဲ့လေ။ တစ်ခုခုဖြစ်ရင် ပြောပြအုန်း။ ကူညီနိုင်အောင်လို့”

ယွင်လန်က အော်ငိုနေလေ၏။ အချိန်အတော်ကြာပြီးနောက် ရေရွတ်ပြောလိုက်တော့သည်။

“ယွီအာ။ ဖေးဟယ် ပျောက်နေတယ်”

ဖေးဟယ်က သူမအစ်မ၏ချစ်သူဖြစ်သည်။ ထို့အကြောင်းကို ယွင်ယွီ သိပေ၏။

“အစ်မ ဘာဖြစ်လို့လဲ”

ယွင်ယွီက ထိတ်ခနဲ့ ဖြစ်သွားကာ ခံစားချက် မကောင်းတော့ပေ။

“မမ စိတ်မပူနဲ့ ဘာဖြစ်လဲဆိုတာ ပြောပြအုန်း။ ညီမ တွက်ချက်ပေးနိုင်တယ်။ ခဲအိုရဲ့ မွေးနေ့၊ မွေးရက်ကို ပြောပြ။ တွက်ချက်ပေးမယ်။ သူအသက်ရှင်နေသ၍ သူ့ကို သေချာပေါက် ရှာနိုင်မှာ”

“တကယ်လား”

ယွင်လန်၏ ရင်ထဲ မျှော်လင့်ချက်များ ပေါ်ပေါက်လာသည်။ သူမ မျက်ရည် သုတ်လျှက် ပြောလိုက်သည်။

100 03

“ယွီအာ။ ဖေးဟယ်ကို ကူရှာပေးပါအုန်း။ သူက ပျောက်သွားတာ လေးရက်လောက် ရှိပြီ။ အဲဒီနေ့တုန်းက ကုမ္မဏီကနေ ခွင့်တင်ပြီး နောက်နေ့ကျ ချင်ဟယ်ရွာကို သွားဖို့ ပြင်ဆင်နေတာ။ အဲနေ့အလုပ်ဆင်းပြီးတဲ့ အချိန် အိမ်ကို လူခွဲပြီး ပြန်လာတာ။ နောက်တစ်နေ့ မနက်ကျ ကုမ္မဏီလည်း မသွားဘူး။ နေ့လည်လည်း ပြန်မလာဘူး။ သူ့ကို ခေါ်ပေးမဲ့ ဖုန်း စက်ပိတ်ထားတယ်။ ညနေစောင်းအထိ ပေါ်မလာဘူး။ နောက်တော့ သူငြားနေတဲ့ နေရာဆီသွားတော့ အိမ်ရှင်က တံခါး ဖွင့်ပေးပေမဲ့ သူ အဲဒီမှာ မရှိဘူး။ ပြီးတော့ သူ့ကို ဆက်သွယ်လို့ မရတော့ဘူး။ ရဲကို ဖုန်းခေါ်ခဲ့ပေမဲ့ ဒီရက်ထဲလည်း ရှာမတွေ့ခဲ့ဘူး”

ယွင်ယွီက သူမကို နှစ်သိမ့်လိုက်၏။

“အစ်မ စိတ်မပူနဲ့။ သူရဲ့ မွေးနေ့နဲ့ မွေးအချိန် ပြောပြ”

ယွင်လန်သည် ဖေးဟယ်၏ မွေးနေ့ကို သိပေ၏။ သူတို့ ဆက်ဆံရေး ကောင်းနေသောကြောင့် ဖြစ်သည်။ ဖေးဟယ်၏မိခင်က စောစီးစွာ ဆုံးပါးသွားပြီး သူ၏ဖခင် နောက်အိမ်ထောင်ပြုပြီးနောက် သူ့မိသားစုနှင့် အဆက်အသွယ် နည်းသွားသည်။ နှစ်ယောက်သားက ယ္င်မိသားစု၏ သဘောတူညီချက် ရသည့်နှင့် အရင်ဆုံး လက်ထပ်စာချုပ်ရယူရန် ချင်ဟယ်ရွာသို့ ပြန်သွားပြီး အိမ်အရစ်ကျ ဝယ်ဖို့ ပြင်ဆင်မည်ဟု ဆုံးဖြတ်ထားတာပဲ ဖြစ်သည်။

သူမ ဖေးဟယ်ကို တကယ် နှစ်သက်သည်။ သူတို့ အတူနေမည်ဟု သူ အကြံပြုခဲ့သော်ငြား သူမ ငြင်းဆန်ချိန်တွင် သူ ဒေါသမထွက်ခဲ့ချေ။ ထို့အစား သူက သူမကို နှစ်သိမ့်ပေးပြီး သူက အဆင်အခြင်မဲ့တာဟု ဆိုခဲ့သည်။

သူမ သူ့ကို တကယ် လက်ထပ်ချင်မိသည်။ သူတို့ စတင် ချိန်းတွေ့ချိန်မှ စပြီး အငြင်းပွားမှု မရှိခဲ့ပေ။ သူတို့ ဆက်ဆံရေးက ရိုးရှင်းသော်ငြား နွေးထွေးမှု တည်ရှိနေသည်။

သူက တာဝန် ယူတတ်သည့် သူတစ်ယောက်ဖြစ်ပြီး ရုတ်တရက် ပျောက်သွားမှာ မဟုတ်ပေ။ သူ တစ်စုံတစ်ခု ဖြစ်နေမှာ စိတ်ပူသည်။

ဖေးဟယ်၏ မွေးနေ့ကို ယွင်ယွီအား ပို့ပေးလိုက်၏။

ယွင်ယွီသည် ဖေးဟယ်၏ မွေးနေ့ကို တစ်ချက်ကြည့်ပြီး သူမနှုတ်ခမ်းက ဖြူဖျော့သွားသည်။ သူမ ချင်ယွီစွေဘက် လှည့်ကာ ငိုချင်လာတော့သည်။

ချင်ယွီစွေက သူမလက်ကို ကိုင်ထားလျှက် တီးတိုး ပြောလိုက်တော့သည်။

“စိတ်မပူနဲ့။ ဘာပဲဖြစ်ဖြစ် ကိုယ်တို့ သူနဲ့ ရှိနေမှာ”

ယွင်လန်၏ချစ်သူ အသက်အန္တရာယ်ရှိနေသည်ဟု သူ ခန့်မှန်းမိသည်။

ယွင်ယွီက ဝမ်းနည်းစွာ ပြောလိုက်တော့သည်။

“အစ်မရဲ့ကောင်လေး သေသွားပြီ”

အက္ခရာရှစ်လုံးကို ကြည့်မိချိန်၌ ထို့လူသည် သေမည့် ကံကြမ္မာပါကာ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးကြောင်း မြင်နိုင်သည်။ အမှတ်မထင် သေဆုံးမှုဖြစ်ကာ လွန်ခဲ့သည့် ရက်အနည်းငယ်က ဖြစ်ပွားခဲ့တာပင်။

သူ၏အစ်မကို ထို့အကြောင်း မည်သို့ ပြောရမည်မှန်း မသိတော့ပေ။

၁၅ မိနစ်ခန့်ကြာပြီးနောက် ယွင်လန်က ခေါ်လာသည်။ ယွင်ယွီက ဖုန်းထူးပြီး သူမအစ်မ၏ သတိထားနေသော လေသံကို ကြားလိုက်ရသည်။

“ယွီအာ။ ဖေးဟယ်ရဲ့ မွေးနေ့ကို စစ်ပြီးပြီလား။ သူ အခု ဘယ်မှာလဲ သိပြီလား”

ယွင်ယွီက ဖုန်းကို တင်းကျပ်စွာ ကိုင်ထားလျှက် တုံဆိုင်းစွာ ပြောလိုက်သည်။

“မမ ညီမ မရှာရသေးဘူး။ ချင်းဟယ်မြို့ကို သွားဖို့လိုတယ်။ ပြီးရင် သူ့ပစ္စည်းတွေကို ကြည့်ဖို့ လိုတာ”

မည်သို့ပင်ဆိုစေ ချင်းဟယ်မြို့သို့ သူမ သွားရလိမ့်မည်။

သူမသည် ဖုန်းထဲကနေ ဖေးဟယ်အကြောင်း ချက်ချင်း တန်းမပြောရဲချေ။ သူမအစ်မ မခံစားနိုင်မှာ စိုးရိမ်မိသည်။ ထို့ကြောင့် ထိုနေရာရောက်တော့မှပဲ ပြောရန် ပြင်ဆင်ထားသည်။

“အဲလိုလား”

ယွင်လန်က အနည်းငယ် စိတ်ပျက်သွားလေ၏။

“ဒါဆို ယွီအာ။ မနက်ဖြန် လာမလား။ မနက်ဖြန်အတွက် လေယာဉ်လက်မှတ် မှာပေးမယ်”

100 04

လေယာဉ်က အလွန်မြန်၏။ ယွင်ယွီသည် လေကြောင်းဖြင့် သွားရမှာ အနည်းငယ် တွန့်ဆုတ်နေသော်ငြား ယခုအခေါက်တွင် မငြင်းဆန်ခဲ့ပေ။ သူမက ပြောလိုက်၏။

“အစ်မ စရိတ် မလိုဘူး။ ညီမဘာသာ လုပ်နိုင်တယ်။ အရင်ဆုံး ကောင်းကောင်း အိပ်လိုက်အုန်း။ မနက်ဖြန် လာခဲ့မယ်”

“ဟုတ်ပြီ”

ယွင်လန်က ဖုန်းချလိုက်၏။

ယွင်ယွီသည် ချင်ယွီစွေကို စိုးရိမ်ပူပန်နေသော မျက်နှာဖြင့် ကြည့်လိုက်သည်။

“ရှင် မနက်ဖြန် ကျွန်မနဲ့ လိုက်ပေးမလား။ လေယာဉ်နဲ့ သွားမယ်”

“ကောင်းပြီ။ ကိုယ် လက်မှတ် မှာလိုက်မယ်။ မင်းက အဘွားနဲ့ တခြားသူတွေကို ပြောလိုက်အုန်း”

ယွင်ယွီသည် ထရပ်လျှက် ဧည့်ခန်းထဲသို့ သွားကာ အဘွားယွင်နှင့် ကျန်သည့် သူများကို စကားတချို့ ပြောခဲ့၏။

“ဘွားဘွား၊ မေမေ ချင်ယွီစွေနဲ့ သမီး ချင်းဟယ်မြို့ကို မနက်ဖြန် သွားမှာ”

အဘွားယွင်က မေးလိုက်လေ၏။

“သမီးအစ်မ ရှိတဲ့မြို့ မှတ်လား။ ဘာသွား လုပ်မလို့လဲ။ ဒါနဲ့ သမီးအစ်မက ဒီလ သူ့ကောင်လေးကို ပြန်ခေါ်လာမယ်ဆို။ ဘာလို့ ပြန်မလာသေးတာလဲ”

“ဘွားဘွား သမီး အခုပဲ အဲဒီအကြောင်း ပြောတော့မလို့”

ယွင်ယွီက သူတို့နှစ်ယောက်ဘေး၌ ထိုင်ကာ ဝမ်းနည်းနေ၏။

“သမီး အစ်မကို ဖုန်းခေါ်လိုက်တော့ သူရဲ့ကောင်လေး ပျောက်နေတယ် ပြောတယ်။ သမီး သူရဲ့ ဇာတာ စစ်ကြည့်လိုက်တော့ သူ ဒုက္ခရောက်နေပြီ”

“ဘာဖြစ်တာလဲ”

ယွင်ယွီ၏ မိခင်က မေးလိုက်သည်။

ယွင်ယွီက တိတ်ဆိတ် သွားလေ၏။

“သူသေပြီ”

“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

အဘွားယွင်နှင့် အမေယွင်တို့က မှင်သက်သွားလေသည်။

နှစ်ယောက်လုံး စိတ်မကောင်း ဖြစ်နေ၏။ ယွင်လန်က သူတို့ကို ဖုန်းခေါ်ခဲ့သည်။ ယွင်လန်၏ ချစ်သူအကြောင်း သိထားပြီးသား ဖြစ်ကာ ယွင်လန်၏လေသံအရ သူက လူကောင်းတစ်ယောက် ဖြစ်ပုံပေါ်သည်။ မထင်မှတ်ထားသည့် ကိစ္စရှိမလာလျှင် သူတို့ ထိမ်းမြားဖြစ်လောက်သည်။

“ဒါမျိုး ကိစ္စ ဘယ်လိုလုပ် ဖြစ်ရတာလဲကွယ်”

အဘွားယွင်သည် ရင်နာနေတော့သည်။

“လန်လန်သာ သိရင် ဝမ်းနည်းနေမှာ”

ယွင်ယွီက သက်ပြင်းချလိုက်၏။

“သမီး အစ်မကို မပြောရဲသေးဘူး။ သမီး သွားပြီး မနက်ဖြန်မှ ဒီအကြောင်းပြောလိုက်မယ်”

“ဒါဆို သွားကြတာပေါ့”

ယွင်ယွီ၏ မိခင်က ပြောလိုက်လေ၏။

“ပြောရရင် ဒါ ကိစ္စကြီးပဲလေ”

သူတို့လည်း စိတ်ပူနေသည်။

ယွင်ယွီက ခေါင်းခါလိုက်တော့၏။

“အမေ သွားစရာ မလိုပါဘူး။ လူတွေ အများကြီး သွားတာ မကောင်းဘူး။ ဒီကိစ္စက ထူးဆန်းတယ်။ သမီးအစ်မရဲ့ ချစ်သူက ရုတ်တရက် ဆုံးသွားတာဆိုတော့ တခြားတစ်ခုခု ဖြစ်မှာ စိုးရိမ်တယ်။ အိမ်မှာ နေသင့်တယ်”

အဘွားယွင်က စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ဒီကိစ္စပြီးသွားရင် လန်လန်ကို ပြန်ခေါ်လာသင့်တယ်။ အနည်းဆုံးတော့ သူ စိတ်ငြိမ်သွားတဲ့အချိန်အထိ စောင့်ပြီးမှ သူ့ကို အလုပ်ပြန်သွားခိုင်းတာပေါ့”

“အဘွား သမီး သိပါတယ်”

သူမ မိသားစုနှင့် ဆွေးနွေးပြီးနောက် ယွင်ယွီသည် ချင်ယွီစွေကို နှုတ်ဆက်စကားပြောကာ အိပ်ရာ စောစောဝင်လိုက်၏။ ထို့မှသာ မနက်ဖြန် မနက်ကျ ချင်းဟယ်မြို့သို့ လေယာဉ် စီးသွားနိုင်မှာပဲ ဖြစ်သည်။

ချင်ယွီစွေက မနက် ၈ နာရီ လေယာဉ်ကို လေယာဉ်လက်မှတ် မှာထား၏။ လေဆိပ်သို့ စောစောသွားရန် လိုအပ်သည်။ ထို့ကြောင့် မနက်စာကို ၅ နာရီတွင် စားပြီးနောက် သူတို့နှစ်ယောက်သည် လေယာဉ်မှီရန် ချန်းရွှေမြို့သို့ သွားလိုက်သည်။

******

All Chapters