အခန်း (၂၉၇၅-၂၉၇၆)
Vol. 238 Ch. 2975-2976
အခန်း(၂၉၇၅)
လမ်းခရီးတွင် ကျန်းချန်သည် ငွေရောင် ချပ်ဝတ်တန်ဆာဝတ် အဘိုးအို ထံကနေ အဖွဲ့နှင့် ပတ်သက်၍ သိရှိခွင့်ရခဲ့သည်။
ငွေရောင်ချပ်ဝတ်တန်ဆာဝတ် အဘိုးအို၏ အမည်မှာ ဟောင်ကွမ်း ဖြစ်ပြီး မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေ၏ ထိပ်တန်း ထိုက်ယီအဆင့် အင်အားစု ဖြစ်သော ဟောင်မိသားစုမှ ဖြစ်သည်။
ဟောင်မိသားစုသည် အလွန်ပင် အင်အားကြီးမားပြီး ထိုက်ယီအင်မော်တယ်အဆင့် ကျင့်ကြံသူ အနည်းငယ်ရှိကာ ခြေလှမ်းတစ်ဝက် ဟန်ယွင်အင်မော်တယ် အဆင့်သို့ ရောက်ရှိနေသည့် ပုဂ္ဂိုလ်တစ်ဦးပင် ရှိသည်။
ရှင်းလင်းစွာဆိုရလျှင် မိစ္ဆာနှိမ်နင်းခြင်း နယ်မြေတစ်ခုလုံးတွင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော်နှင့် ဟန်ယွင်အဆင့် အင်အားစုအနည်းငယ်မှ လွဲလျှင် ဟောင်မိသားစုသည် ထိုက်ယီအဆင့် အင်အားစုများထဲတွင် အသန်မာဆုံး အင်အားစုများထဲမှ တစ်စု ဖြစ်၏။
မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေရှိ ထိပ်တန်း ထိုက်ယီအဆင့် အင်မော်တယ်အင်အားစု ဖြစ်သည့်အလျောက် ဟောင်မိသားစုသည် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော် ဆီသို့ မကြာခဏ လာရောက်လေ့ရှိပြီး ကောင်းကင်မိစ္ဆာတောင်ထဲသို့ ဝင်ရောက်ကာ ကောင်းကင်မိစ္ဆာတောင်မှ မိစ္ဆာကောင်များကို အမဲလိုက်လေ့ရှိသည်။
မကြာသေးမီက ဟောင်မိသားစုမှ တပည့်တစ်ဦးသည် ကောင်းကင်မိစ္ဆာတောင်ထဲသို့ ဝင်ရောက်သွားခဲ့ရာ ဆန်းကြယ်သော နေရာ တစ်ခုကို မတော်တဆ ရောက်ရှိသွားခဲ့ပြီး အခွင့်အလမ်း များစွာကို ရရှိခဲ့သည်။
ဟောင်မိသားစု၏ သုံးသပ်ချက်အရ ထိုတပည့် ရောက်ရှိသွားခဲ့သော နေရာသည် ရှေးခေတ်ကာလက ကောင်းကင်ဧကရာဇ်နန်းတော်နှင့် ပတ်သတ်ဆက်နွှယ်မှု ရှိနေရန် အလွန်ပင် ဖြစ်နိုင်ခြေ ရှိနေခဲ့၏။
ယင်းအချက်ကြောင့်ပင် ဟောင်မိသားစု၏ သခင်လေး ဖြစ်သော ဟောင်နင်းသည် အဖွဲ့ကို ဦးဆောင်ပြီး ကောင်းကင်မိစ္ဆာတောင်ထဲကို ဝင်ရောက်ရန် အတွက် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်ဆီသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း လူအများ၏ အာရုံစိုက်မှုကို မခံရစေရန်အတွက် ဟောင်မိသားစု၏ သခင်လေး ဟောင်နင်းသည် ဟောင်မိသားစုမှ အင်အား အများအပြားကို ခေါ်ဆောင်မလာခဲ့ဘဲ မိစ္ဆာနှိမ်နင်းခြင်း မြို့တော်တွင်သာ လူတချို့ကို စုစည်းရန် စီစဥ်ခဲ့သည်။
ဟောင်မိသားစု၏ စုရပ်သည် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်၏ အနောက်ဘက်အရပ်ရှိ အိမ်ယာဝင်းလေး တစ်ခုတွင် တည်ရှိသည်။
အိမ်ယာဝင်းသည် ကြီးမားပုံ မရသော်လည်း သစ်ပင်၊ပန်းမန်နှင့် ရေကန်များဖြင့် အလှဆင်ထား၍ အတော်လေး ခမ်းနားသည်။
ကျန်းချန်နှင့်ဟောင်ကွမ်း တို့က အိမ်ရာဝင်းထဲသို့ ဝင်ရောက်လာသော အခါတွင် အိမ်ယာဝင်း အတွင်း၌ လူဆယ်ယောက်ကျော်ခန့် စုဝေးနေသည်ကို တွေ့လိုက်ရသည်။
ထိုလူများထဲမှ တစ်ဦးချင်းစီသည် တလော့အဆင့်သို့ ရောက်ရှိနေကြပြီး ထိုအထဲမှ အသန်မာဆုံး နှစ်ဦးမှာ တလော့အင်မော်တယ် အထွတ်အထိပ် အဆင့်သို့ပင် ရောက်ရှိနေခဲ့၏။
ဟောင်ကွမ်းက လူငယ်လေး တစ်ဦးအား ခေါ်ဆောင်လာသည်ကို မြင်လျှင် သူတို့၏ မျက်နှာထက်တွင် အထင်သေးသောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့ပြီး ဟောင်ကွမ်းကို ဆက်လက်၍ အာရုံမစိုက်တော့ပေ။
ထိုအချိန်တွင် အစေခံမိန်းကလေး တစ်ဦးသည် ဟောင်ကွမ်းအနားသို့ လျင်မြန်စွာ လာရောက်၍ ပြောလိုက်သည်။
“အကြီးအကဲ ပြန်ရောက်လာပြီပဲ.. သခင်လေးက အကြီးအကဲကို ရှာနေတယ်”
“မိတ်ဆွေလေးကျန်းချန် အားနာပါတယ်.. ခဏလောက်ခွင့်ပြုပါဦး”
ဟောင်ကွမ်းက ကျန်းချန်ကို လက်သီးဆုပ်၍ ဂါဝရပြုလိုက်ပြီး ကပျာကယာပင် ထွက်ခွာသွားခဲ့သည်။
ကျန်းချန်က ဘာစကားတစ်ခွန်းမျှ မပြောဘဲ အိမ်ရာဝင်းလေး၏ ထောင့်စွန်းရှိ ကျောက်စားပွဲတစ်ခု ဆီသို့ တိုက်ရိုက်ပင် လျှောက်လှမ်းသွားခဲ့ကာ အကြမ်းရည် တစ်ခွက်ကို သူ့ဘာသာ ငှဲ့လိုက်ပြီး အေးအေးဆေးဆေး အရသာခံနေလိုက်သည်။
နံဘေးတွင်မူ တလော့ အင်မော်တယ်များသည် တစ်ဦးနှင့်တစ်ဦး စကားပြောဆိုနေခဲ့ကြ၏။
“မင်းတို့ ပြောကြည့်စမ်း. ဟောင်မိသားစုရဲ့ သခင်လေးက ငါတို့ကို ကောင်းကင်မိစ္ဆာတောင်ဆီ သွားဖို့ ဒီလောက်အထိ ရက်ရောတဲ့ ဆုလာဘ်တွေ ပေးပြီး တောင်းဆိုရတဲ့ အကြောင်းရင်းက ဘာအကြောင်းရင်း ဖြစ်နိုင်မလဲ”
လူလတ်ပိုင်းအရွယ် တလော့အင်မော်တယ် တစ်ပါးက စူးစမ်းစွာ မေးလိုက်သည်။
အခြား တလော့အင်မော်တယ် တစ်ပါးက ခေါင်းခါရမ်း၍ ပြောလိုက်သည်။
“အကြောင်းရင်းတော့ ဘယ်သူသိမှာလဲ.. ဟောင်မိသားစုမှာ ဘယ်လိုပဲ ရည်ရွယ်ချက်ရှိရှိ ငါကတော့ ဆုလာဘ် ဖြစ်တဲ့ အင်မော်တယ်ကျောက်တုံး တစ်သန်းအတွက် ဒီကို လာခဲ့တာပဲ”
“ဟုတ်တယ်”
လူတိုင်းကလည်း ခေါင်းညိတ်လိုက်ကြသည်။
၎င်းတို့၏ ဆွေးနွေးမှုများကို ကြားလျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်း တစ်ခု ယှက်သန်းသွားခဲ့သည်။
ဟောင်မိသားစုသခင်လေး၏ ဖိတ်ခေါ်ခြင်းကို ခံခဲ့ရသော ဤလူများသည် ဟောင်မိသားစု၏ သခင်လေးက ကောင်းကင်မိစ္ဆာတောင်ထဲသို့ ဝင်ရောက်မည့် အကြောင်းရင်းကို သိရှိပုံမရကြဘဲ ဟောင်ကွမ်းကသာ သူ့ကို ကောင်းကင်ဧကရာဇ်နန်းတော် အကြောင်းအား ပြောပြခဲ့ခြင်း ဖြစ်သည်။
ဤကိစ္စ၏ ရည်ရွယ်ချက်က မည်သည့်အရာ ဖြစ်နိုင်ပါသနည်း။
သို့သော်လည်း ကျန်းချန်သည် အလွန်အမင်း ထိတ်လန့်ခြင်းမရှိပေ။
ဟောင်မိသားစု၏ ရည်ရွယ်ချက်က မည်သို့ပင် ဖြစ်နေပါစေ၊ ဟန်ယွင့်အဆင့် အင်အားကြီးပုဂ္ဂိုလ် မရှိသရွေ့ သူ့ကို အနည်းငယ်မျှပင် ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ပေ။
ကျန်းချန် စိတ်ထဲတွင် တွေးတောနေစဥ်မှာပင် အိမ်ယာဝင်းထဲ၌ ခြေသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလို ထူးခြားသော အရှိန်အဝါရှိသည့် ပိုးထည်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် လူသုံးဦးနှင့် အတူ လျှောက်လှမ်းလာခဲ့သည်။
ထိုပိုးထည်ဝတ်စုံဝတ် လူငယ်မှာ ရွှေအင်မော်တယ် အဆင့်တွင်သာ ရှိသေးသော်လည်း အရှိန်အဝါကမူ အလွန်တရာပင် ထူးခြားပြီး တလော့အင်မော်တယ် တချို့နှင့် နှိုင်းယှဥ်လျှင်ပင် အနည်းငယ်မျှ နိမ့်ကျခြင်းမရှိပေ။
ထိုလူက ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်သည့် အင်မော်တယ်စွမ်းအားကို နားလည် သဘောပေါက်ထားသည့် တလော့အင်မော်တယ် တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေသည်ဟု ကျန်းချန် ခပ်ရေးရေး ခံစားမိခဲ့သည်။
ပိုးထည်ဝတ်စုံဝတ် လူငယ်သည် ဟောင်မိသားစု၏ သခင်လေး ဟောင်နင်း ဖြစ်သည်မှာ သိသာထင်ရှားနေခဲ့၏။
ဟောင်နင်း၏ နံဘေးတွင် ပုံရိပ်သုံးခုသည် ဟောင်နင်း၏ နောက်သို့ ထက်ကြပ်မကွာ လိုက်ပါလာခဲ့ကြသည်။
ထိုအထဲမှ တစ်ဦးမှာ ငွေရောင်ချပ်ဝတ်တန်ဆာဝတ် အဘိုးအို ဖြစ်သည့် ဟောင်ကွမ်း ဖြစ်သည်။
ကျန်နှစ်ဦးကမူ အဘိုးအိုတစ်ဦးနှင့် လူငယ်တစ်ဦးတို့ ဖြစ်ကြသည်။
လူငယ်က ဆံပင်ခပ်တိုတိုနှင့် ဖြစ်ပြီး ဟောင်နင်းထက် အနည်းငယ် အသက်ကြီးပုံရကာ ကျင့်ကြံခြင်းအဆင့်တွင်လည်း ဟောင်နင်းထက် ပိုမို သန်မာပြီး တလော့အင်မော်တယ်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်။
အဘိုးအိုကမူ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးကိုင်းနေသော အဘိုးအို တစ်ဦး ဖြစ်သည်။
ရုတ်တရက် ကြည့်လျှင် သာမန် အဘိုးအိုတစ်ဦးဟုသာ ထင်ရသော်လည်း ထိုအဘိုးအိုသည် စစ်မှန်သော ထိုက်ယီအဆင့်အင်မော်တယ်တစ်ပါး ဖြစ်ကြောင်း ကျန်းချန် ကောင်းစွာ သိရှိနေခဲ့၏။
သူ့ရှေ့ရှိ မြင်ကွင်းကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ဤတစ်ကြိမ် ကောင်းကင်မိစ္ဆာတောင်သို့ သွားရောက်မည့် ဟောင်မိသားစုသခင်လေး ဟောင်နင်း၏ အင်အားသည် အလွန်အမင်း အင်အားကြီးမားခြင်း မရှိဟု ထင်ရသော်လည်း ထိုက်ယီအဆင့် အင်မော်တယ်တစ်ပါးပင် ပါဝင်နေခဲ့သည်။
ထိုက်ယီအဆင့်အင်မော်တယ် ဆိုသည်မှာ အိမ်ရာဝင်းအတွင်းရှိ ဤတလော့အင်မော်တယ်များကို အလွယ်တကူ သတ်ဖြတ်ရန် လုံလောက်သောအဆင့် ဖြစ်သည်။
ဤကဲ့သို့ အခြေအနေတွင် ဟောင်မိသားစု သခင်လေးဟောင်နင်းသည် အဘယ်ကြောင့် ကောင်းကင်မိစ္ဆာတောင်ထဲသို့ အတူတူ ဝင်ရောက်ရန် လူအများအပြားကို စုဆောင်းခဲ့ရပါသနည်း။
ထိုအထဲတွင် လှည့်ကွက်များ ရှိနေသည်မှာ သေချာသလောက်ပင်။
သို့သော်လည်း ကျန်းချန်က ဘာစကားတစ်ခွန်းမျှ မပြောခဲ့ပေ။
ဟောင်မိသားစု သခင်လေးတို့ အပေါ်တွင်သာ သူ၏ သတိထားမှုက ပို၍ ပြင်းထန်လာခဲ့သည်။
“အားလုံးပဲ ငါ့အနေနဲ့ ကောင်းကင်မိစ္ဆာတောင်ထဲက နေရာတစ်နေရာကို သွားဖို့ရှိတယ်.. ငါတို့ သဘောတူညီချက်အရ မင်းတို့အားလုံး ငါ့ကို လိုရာခရီး အထိ ဘေးကင်းလုံခြုံစွာ စောင့်ရှောက် ပေးနိုင်သရွေ့ တစ်ဦးချင်းစီကို ဝိညာဥ်ကျောက်တုံးတစ်သန်းစီ ငါပေးအပ်ချီးမြှင့်မှာပါ.. ငါတို့အခုပဲ သွားကြစို့”
ဟောင်နင်းက အပိုစကားများ ပြောမနေဘဲ တိုက်ရိုက်ပင် စကားတစ်ခွန်း ပြောလိုက်ပြီးနောက် လူတိုင်းကို ဦးဆောင်ကာ ကောင်းကင်မိစ္ဆာတောင်ရှိရာ အရပ်ဆီသို့ ဦးတည်၍ ခရီးထွက်ခဲ့သည်။
မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်သည် ကောင်းကင်မိစ္ဆာတောင်၏ မျက်နှာချင်းဆိုင်တွင် တည်ဆောက်ထားခြင်း ဖြစ်ပြီး ကောင်းကင်မိစ္ဆာတောင်နှင့် မိုင်ပေါင်း တစ်သောင်းပင် မဝေးပေ။
ထို့ကြောင့် ကျန်းချန်တို့အဖွဲ့သည် မကြာမီမှာပင် ကောင်းကင်မိစ္ဆာတောင်၏ အဝင်ဝသို့ ရောက်ရှိလာခဲ့ပြီး ကောင်းကင်မိစ္ဆာတောင်ထဲသို့ ဝင်ရောက် သွားခဲ့ကြသည်။
ကောင်းကင်မိစ္ဆာတောင်ထဲသို့ ဝင်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက် ကျန်းချန်သည် ဤနေရာနှင့် အင်မော်တယ်လောကသည် လုံးဝကွဲပြားသော ကမ္ဘာနှစ်ခု ကဲ့သို့ ဖြစ်နေမှန်း သတိပြုမိလိုက်၏။
ဤနေရာ၏ မြေပြင်သည် ညိုမှောင်သောအရောင် ရှိပြီး ပတ်ဝန်းကျင်ကလည်း အင်မော်တယ်လောကနှင့် မတူပေ။
နေရာအနှံ့တွင် အင်မော်တယ်မြက်များနှင့် သစ်ပင်မျိုးစုံ ရှိမနေဘဲ သက်ရှိ အငွေ့အသက်များလည်း ရှိမနေခဲ့ချေ။
ဤကမ္ဘာထဲတွင် ရံဖန်ရံခါမှသာ အပင်တချို့ကို တွေ့ရတတ်၏။
ထိုအပင်များ၏ ပုံသဏ္ဌာန်က မီးလောင်ထားသကဲ့သို့ ကောက်ကွေးနေခဲ့ပြီး သစ်ကိုင်းနှင့် သစ်ရွက်များသည်လည်း ခြောက်သွေ့နေခဲ့သည်။
ယင်းအပြင် ထူထပ်သော မိစ္ဆာအရှိန်အဝါများ ပြည့်နှက်နေပြီး တချို့သော အပင်များဆိုလျှင် အနက်ရောင်အကြေးခွံများဖြင့်ပင် ဖုံးလွှမ်းနေခဲ့သည်။
စင်စင် ထိုအပင်များသည် ကြေးခွံနက်မှော်သစ်ပင်များ ဖြစ်ပြီး လူသားများကို တိုက်ခိုက်လေ့ ရှိသည်။
၎င်းတို့က သစ်ကိုင်းများကို ချက်ချင်း ထုတ်လွှတ်ကာ ကြီးမားသော မိစ္ဆာကျော့ကွင်းများ အဖြစ် ပြောင်းလဲပြီး ဖြတ်သန်းသွားလာနေသော လူသားများကို ချည်နှောင်ကာ လူသားများ၏ သွေးများကို ရူးသွပ်စွာ စုပ်ယူတတ်ကြသည်။
လမ်းခရီး တစ်လျှောက်တွင် ကျန်းချန်တို့ လူစုသည် ကောင်းကင်မိစ္ဆာတောင်ထဲသို့ ဝင်ရောက်လာကြသော လူအများအပြားကိုလည်း မြင်တွေ့ခဲ့ရ၏။
၎င်းတို့သည် ကြေးခွံနက်မှော်သစ်ပင်များ၏ စုပ်ယူခြင်းကို ခံရကာ အလောင်းကောင်များ အဖြစ်သို့ပင် ပြောင်းလဲနေခဲ့ကြပြီး ထိုအထဲမှ တချို့မှာ တလော့အင်မော်တယ် အဆင့်တွင်ပင် ရှိနေခဲ့သည်။
ဤကြေးခွံနက် သစ်ပင်မိစ္ဆာများ၏ အင်အားသည် အားမနည်းဘဲ ကောင်းကင်မိစ္ဆာတောင်၏ အတွင်းဘက်သို့ ပိုမို ဝင်ရောက်လေလေ ကြေးခွံနက် သစ်ပင်မိစ္ဆာများက ပိုမိုသန်မာလေလေ ဖြစ်သည်မှာ ထင်ရှားသည်။
“အားလုံးပဲ သတိထားပါ.. ကောင်းကင်မိစ္ဆာတောင်က အင်မော်တယ် လောကနဲ့ လုံးဝ ကွဲပြားခြားနားတဲ့ ကမ္ဘာတစ်ခုပဲ.. ဒီနေရာမှာရှိတဲ့ သက်ရှိအားလုံးက မိစ္ဆာစွမ်းအားရဲ့ ကူးစက်ခြင်းကို ခံထားရပြီး သစ်ပင်တစ်ပင် ဒါမှမဟုတ် မြက်ပင်တစ်ပင်တောင်မှ အရမ်းကို အန္တရာယ်ကြီးမားတယ်.. ဒါ့အပြင် ဒီနေရာက မိစ္ဆာအရှိန်အဝါတွေနဲ့ ပြည့်နှက်နေပြီး ငါတို့ စုပ်ယူနိုင်မဲ့ အင်မော်တယ်စွမ်းအား ဆိုတာ မရှိသလောက်ပဲ.. ဒါကြောင့် အင်အားကုန်ခမ်းသွားရင် ဆေးလုံးတွေနဲ့ပဲ ပြန်လည်ကုစားနိုင်လိမ့်မယ်.. ဒါကြောင့် တိုက်ခိုက်တဲ့အခါကျရင် ပြိုင်ဘက်ကို အမြစ်ပြတ်ချေမှုန်းဖို့ပဲ အကောင်းဆုံးကြိုးစားပါ.. အင်မော်တယ်စွမ်းအားကို အလကား မဖြုန်းတီးမိပါစေနဲ့”
ရှေ့ဆုံးကနေ လမ်းပြအဖြစ် တာဝန်ယူထားသော ငွေရောင်ချပ်ဝတ်တန်ဆာဝတ် အဘိုးအိုဟောင်ကွမ်းက လေးနက်စွာပြောလိုက်သည်။
ဟောင်ကွမ်းက ကောင်းကင်မိစ္ဆာတောင်ထဲသို့ အကြိမ်ပေါင်းများစွာ ဝင်ရောက်ဖူးပြီး အတွေ့အကြုံလည်း အလွန်များပြားသဖြင့် သခင်လေးဟောင်နင်းသည် အဖွဲ့၏ ကွပ်ကဲမှုကို အဘိုးအို ဟောင်ကွမ်း ထံသို့ လွှဲပြောင်းပေးခဲ့ကာ ရှေ့ကနေ ဦးဆောင်စေခဲ့ခြင်း ဖြစ်သည်။
အခန်း(၂၉၇၅)ပြီး၏။
အခန်း(၂၉၇၆)
ဟောင်ကွမ်း၏ ဦးဆောင်မှုအောက်တွင် သူတို့အဖွဲ့သည် ကြေးခွံနက်မိစ္ဆာသစ်ပင်များ၏ တိုက်ခိုက်မှုကို မခံရစေရန်အတွက် အကွာအဝေးကို သတိထား၍ အကောင်းဆုံး ကြိုးစားခဲ့ကြရာ မည်သည့် အန္တရာယ်နှင့်မျှ မကြုံတွေ့ခဲ့ရပေ။
သို့သော်လည်း ဤအခြေအနေသည် ကြာရှည်မခံခဲ့ပေ။
သူတို့ အတွင်းဘက်သို့ ပိုမို ဝင်ရောက်လာသည်နှင့်အမျှ အဆုံးသတ်တွင် ကောင်းကင်မိစ္ဆာတောင်မှ မိစ္ဆာကောင်များနှင့် စတင် ရင်ဆိုင်ရတော့၏။
အစပိုင်းတွင်မူ ထိုမိစ္ဆာကောင်များ၏ အင်အားသည် မသန်မာဘဲ တလော့ အင်မော်တယ်များ ပင်လျှင် အလွယ်တကူ အနိုင်ယူနိုင်၏။
ဤကဲ့သို့ မိစ္ဆာကောင်များသည် ကျန်းချန် အတွက်မူ အနည်းငယ်မျှပင် ခြိမ်းခြောက်မှု မဖြစ်စေခဲ့ပေ။
ကျန်းချန်က အဖွဲ့၏ နောက်ဆုံးမှ နေ၍ တိတ်တဆိတ်သာလိုက်ပါလာခဲ့ပြီး ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုတိုင်းကို စိုက်ကြည့်နေခဲ့ကာ စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ပေါ်ပေါက်လာခဲ့သည်။
ရှေးဦးစွာအနေဖြင့် ခရမ်းရောင်မီးလျှံ အင်မော်တယ်နန်းတော်သည် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေရှိ အင်အားစုများကို စုစည်းခဲ့သော်လည်း ၎င်းတို့သည် ကောင်းကင်မိစ္ဆာတောင်ကို မနှိမ်နင်းနိုင်ခဲ့ကြပေ။
ထို့ကြောင့် ကောင်းကင်မိစ္ဆာတောင်မှ မိစ္ဆာများသည် အင်အားအလွန်တရာ ကြီးမားကြောင်း သိနိုင်ပေသည်။
ယင်းအပြင် ကောင်းကင်မိစ္ဆာတောင်ကို ဆန်းကြယ်သောစွမ်းအားတစ်ခုက ကာကွယ် စောင့်ရှောက်ထားပြီး ထိုစွမ်းအားသည် အင်မော်တယ်လောကမှ လူများကို အထဲသို့ ဝင်ရောက်ခွင့်မပြုရန် တားဆီးထားနိုင်သော်လည်း ထိုသို့ မလုပ်ဆောင်ခဲ့ဘဲ အင်မော်တယ်လောကမှ လူများကို ကောင်းကင်မိစ္ဆာတောင်ထဲသို့ ဝင်ရောက်ခွင့်ပြုကာ မိစ္ဆာကောင်များအား အမဲလိုက်ခွင့် ပေးထားခဲ့သည်။
ယင်းကဲ့သို့ ဖြစ်စဥ်သည် အမှန်တကယ်ပင် မယုံကြည်နိုင်စရာကောင်းနေခဲ့၏။
“ဒီကောင်းကင်မိစ္ဆာတောင်က ဧကရာဇ်အဆင့် ရတနာတစ်ခုကနေ ဆင့်ကဲ ပြောင်းလဲလာတာ ဖြစ်မယ်.. အင်မော်တယ်လောကက လူတွေအပေါ်မှာ ဘာကန့်သတ်ချက်မှမရှိပေမဲ့ အင်မော်တယ်ဘုရင်အဆင့် ပုဂ္ဂိုလ်တွေကိုတော့ အထဲကို ဝင်ရောက်ခွင့် ပြုမထားဘူး.. ငါ့ရဲ့ ခန့်မှန်းချက်သာမမှားရင် သူတို့က အင်မော်တယ်ဘုရင်အဆင့်အောက်က လူတွေကို ကောင်းကင်မိစ္ဆာတောင်ထဲ ဝင်ခွင့်ပေးထားပြီး ကောင်းကင်မိစ္ဆာတောင်က မိစ္ဆာကောင်တွေနဲ့ အင်မော်တယ်လောကက လူတွေကို တိုက်ခိုက်ခိုင်းနေတာပဲ.. ဒီထဲမှာ ရည်ရွယ်ချက်ကြီးကြီးမားမား ရှိနေတယ်”
ထိုအချိန်မှာပင် အင်မော်တယ်ကျောက်တိုင် ဝိညာဥ်၏ စကားသံက ကျန်းချန်၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က အံ့ဩထိတ်လန့်ကာ မေးလိုက်သည်။
“ကောင်းကင်မိစ္ဆာတောင်ရဲ့ ရည်ရွယ်ချက်က ဘာလဲ ဆိုတာ စီနီယာ သိလား”
“ကောင်းကင်မိစ္ဆာတောင်ရဲ့ ရည်ရွယ်ချက်ကို အတိအကျ မသိပေမဲ့ ငါနည်းနည်းတော့ ခန့်မှန်းမိတယ်.. ဒါက သွေးယဇ်ပူဇော်ခြင်း နည်းလမ်းပဲ.. သူတို့က ရည်ရွယ်ချက် တစ်စုံတစ်ရာ အောင်မြင်ဖို့ အတွက် ဒီလိုမျိုး သတ်ဖြတ်မှုတွေကို အသုံးပြုပြီး သွေးယဇ်ပူဇော်မှုကို ပြုလုပ်ချင်နေတာ ဖြစ်ရမယ်.. သူတို့သွေးယဇ်ပူဇော်ခြင်းရဲ့ ရည်ရွယ်ချက်က ဘယ်လိုပဲဖြစ်ဖြစ် ဒါက အင်မော်တယ်လောက အတွက်တော့ သေချာပေါက် ကောင်းတဲ့အရာ မဟုတ်လောက်ဘူး”
အင်မော်တယ် ကျောက်တိုင်ဝိညာဥ်က လေးနက်စွာ ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ကျန်းချန်သည် သက်ပြင်းတစ်ချက်ကို မချဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။
ကောင်းကင်မိစ္ဆာတောင်၏ လုပ်ဆောင်ပုံသည် သေချာပေါက် သာမန်မဟုတ်ပေ။
သွေးယဇ်ပူဇော်မှုကို အပြီးသတ်ရန် အတွက် သူတို့မျိုးနွယ်စုဝင်များ၏ အသက်ကိုပင် ချန်လှပ်ထားခြင်း မရှိချေ။
သူက ခေါင်းကို ခါရမ်းလိုက်ပြီး ထိုအကြောင်းနှင့် ပတ်သက်၍ ဆက်လက် မတွေးတော့တောပေ။
ကောင်းကင်မိစ္ဆာတောင်တွင် မည်သည့် ရည်ရွယ်ချက်ရှိနေပါစေ၊ ယင်းသည် သူဝင်ရောက်စွက်ဖက်နိုင်သည့် အရာမဟုတ်ပေ။
သူ့အတွက် အရေးကြီးဆုံးအရာမှာ ကောင်းကင်မိစ္ဆာတောင်ထဲမှ ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို ရယူကာ သူ၏အင်အားကို မြှင့်တင်ရန်သာဖြစ်သည်။
“သတ်ကြစမ်း”
ထိုအချိန်မှာပင် သူ့ရှေ့ကနေ ရုတ်တရက် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က လှမ်းကြည့်လိုက်ရာ မိစ္ဆာအုပ်စု တစ်စုသည် အနက်ရောင်လှိုင်းလုံးကြီး ကဲ့သို့ သူတို့ထံ အပြင်းအထန် ပြေးဝင်လာသည်ကို တွေ့လိုက်ရ၏။
သေချာ အကဲခတ်လိုက်ရာ ထိုလူအုပ်စုသည် လူပေါင်းတစ်ရာခန့် ရှိသည့် မိစ္ဆာမြင်းစီးတပ်ဖွဲ့ ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
ထိုအထဲမှ တစ်ဦးချင်းစီသည် ငရဲမှမိစ္ဆာခွေးနှင့် ဆင်တူသည့် မီတာအနည်းငယ် မြင့်မားသော အနက်ရောင်သားရဲ တစ်ကောင်စီကို စီးနှင်းထားကြပြီး အလွန်ရုန့်ရင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့ကြသည်။
ဤတစ်ကြိမ်သည် ကျန်းချန်တို့ လူစုအတွက် ကောင်းကင်မိစ္ဆာတောင်ထဲသို့ ဝင်ရောက်လာကတည်းကစ၍ မိစ္ဆာကောင်အများအပြားနှင့် ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဆိုလည်းမမှားပေ။
မိစ္ဆာမြင်းစီး တပ်ဖွဲ့ဝင်များက အလွန်တရာပင် သန်မာကြပြီး ရှေ့ဆုံးမှ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်ခေါင်းဆောင်သည် တလော့အဆင့် မိစ္ဆာသခင်တစ်ပါး ဖြစ်သည်မှာ ထင်ရှား၏။
သူ၏ နောက်မှ မိစ္ဆာတပ်ဖွဲ့ဝင်များထဲတွင် အားအနည်းဆုံးသူပင် ရွှေအင်မော်တယ် အဆင့်ထက် နိမ့်ကျခြင်း မရှိပေ။
ထိုအထဲတွင် ခြေလှမ်းတစ်ဝက် တလော့အဆင့်ကို ရောက်ရှိနေသည့် ငါးဦးပင် ရှိသည်။
“အင်မော်တယ်လောကက လူတွေကများ.. ငါတို့ ကောင်းကင်မိစ္ဆာတောင်ထဲမှာ လာသောင်းကျန်းရဲတယ်.. သေဖို့သာပြင်ထားပေတော့”
အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် ခေါင်းဆောင်က သူ စီးနှင်းထားသည့် မိစ္ဆာခွေးကို လှုံ့ဆော်လိုက်ပြီး သူ၏ လက်ထဲမှ အနက်ရောင်ဓားကို ဝှေ့ယမ်းကာ ကျန်းချန်တို့ ဆီသို့ သတ်ဖြတ်ရန် ပြေးဝင်လာခဲ့သည်။
ဤအနက်ရောင် ချပ်ဝတ်တန်ဆာဝတ် ခေါင်းဆောင်သည် သန်မာသော ခန္ဓာကိုယ်နှင့် ကြံ့ခိုင်သော အင်အားများကို ပိုင်ဆိုင်ထားပြီး သာမန် တလော့အင်မော်တယ် တစ်ပါးသည် သူနှင့် ယှဥ်နိုင်မည် မဟုတ်ပေ။
သူက ဓားချက် တစ်ချက်ကို ထုတ်ဖော်လိုက်ရာ ဟောင်ကွမ်းနှင့် အခြားသော တလော့အင်မော်တယ်တစ်ပါး တို့သည် မနည်းပင် ရှောင်တိမ်းလိုက်ရသည်။
အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် ခေါင်းဆောင် မိစ္ဆာကောင်၏ နောက်မှ မိစ္ဆာစစ်သည် တစ်ရာသည် စစ်ဗျူဟာအစီအရင်ကို ခင်းကျင်းကာ စနစ်တကျ နေရာယူလိုက်ကြပြီး စွမ်းအားများ ထုတ်ဖော်လိုက်ကြသည်။
ဤမိစ္ဆာတပ်ဖွဲ့ဝင်များသည် တလော့အဆင့်၏ အင်အားမျိုးမရှိသော်လည်း ကောင်းကင်မိစ္ဆာတောင်ထဲရှိ တိုက်ပွဲတွင်မူ မွေးရာပါ အားသာချက်များ ရှိနေကြ၏။
၎င်းတို့၏ စနစ်တကျ ခင်းကျင်းထားသော စစ်ဗျူဟာကနေ ထွက်ပေါ်လာသည့် အင်အား ရိုက်ခတ်မှုသည် အလွန်ပင်ထူးခြားသဖြင့် တလော့အင်မော်တယ် အများအပြားသည် အငိုက်မိသွားခဲ့ပြီး နောက်သို့ ဆုတ်လိုက်ရသည်။
သို့သော်လည်း ဟောင်မိသားစုမှ ရှာဖွေထားသော ကျင့်ကြံသူများသည် အဆုံးသတ်တွင် အားနည်းသူများ မဟုတ်ကြပေ။
သူတို့က တစ်ခဏမျှ ထိတ်လန့် တုန်လှုပ်သွားပြီးနောက်တွင် သူတို့၏ စိတ်ကို လျင်မြန်စွာ ပြန်လည် ထိန်းချုပ်လိုက်ပြီး အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် ခေါင်းဆောင်မိစ္ဆာကို ပူးပေါင်း သတ်ဖြတ်လိုက်ကြကာ နောက်လိုက်နောက်ပါ မိစ္ဆာမြင်းစီး တပ်ဖွဲ့ဝင်များကိုလည်း လျင်မြန်စွာ ချေမှုန်းနိုင်ခဲ့ကြသည်။
“သခင်လေးဟောင်နင်း.. မိစ္ဆာမြင်းစီးတပ်ဖွဲ့တွေတောင် ပေါ်လာပြီဆိုတော့ ငါတို့တွေ ကောင်းကင်မိစ္ဆာတောင်ထဲကို တော်တော်လေး နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာခဲ့ပြီပဲ.. မင်းရဲ့ လိုရာခရီးကို ရောက်ဖို့ ဘယ်လောက်အထိ လိုသေးလဲ”
လူလတ်ပိုင်းအရွယ် တလော့အင်မော်တယ် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးက အနည်းငယ် ဖြူဖျော့သောမျက်နှာ အမူအရာဖြင့် မေးလိုက်သည်။
ကောင်းကင်မိစ္ဆာတောင်၏ ပတ်ဝန်းကျင်သည် အင်မော်တယ်လောကမှ လူများအတွက် အတော်လေး အဆင်မပြေပေ။
အစောပိုင်းက တိုက်ပွဲသည် တလော့အင်မော်တယ် အစောပိုင်းအဆင့်တွင်ရှိသော သာမန် ကျင့်ကြံသူများအတွက်မူ အတော်လေး တောင့်ခံရခက်ခဲ၏။
“ဟုတ်တယ်.. သခင်လေးဟောင်က ငါတို့ကို အတိအကျ မပြောပြဘူးဆိုရင် ငါတို့အနေနဲ့ အတူတူ မလိုက်ပါနိုင်တော့တာကို နားလည်ပေးပါ”
လူအများအပြားက တလော့အင်မော်တယ် အစောပိုင်းအဆင့် ကျင့်ကြံသူ၏ စကားကို ထောက်ခံခဲ့ကြပြီး အချို့ကမူ သိသိသာသာပင် နောက်ဆုတ်ချင်နေကြသည်။
ဟောင်နင်းက ပြုံး၍ ပြောလိုက်သည်။
“အားလုံးပဲ စိတ်မပူပါနဲ့.. ငါတို့ရဲ့ လိုရာခရီးကို ရောက်ဖို့ မိုင်တစ်ထောင်တောင် မလိုတော့ပါဘူး”
ဟောင်နင်းထံမှ ထိုစကားကို ကြားလိုက်ရသောအခါတွင်မူ အားလုံးက အနည်းငယ် သက်ပြင်းချနိုင်ခဲ့ကြသည်။
တလော့အင်မော်တယ် အစောပိုင်းအဆင့် ကျင့်ကြံသူတချို့က သူတို့၏ အင်အားများကို ပြန်လည် ဖြည့်ဆည်းရန် အတွက် ဆေးလုံးများကို လျင်မြန်စွာ ထုတ်ယူကာ မျိုချလိုက်ကြသည်။
အဆုံးသတ်တွင် ဟောင်နင်း ယခုတစ်ကြိမ် ပေးအပ်သောဆုလာဘ်သည် အလွန်တရာပင် ရက်ရောပြီး ယခုအခါ မိုင်တစ်ထောင်ပင် မဝေးတော့သောကြောင့် သူတို့အနေဖြင့် ထိုဆုလာဘ်ကို စွန့်လွှတ်စရာ အကြောင်း မရှိပေ။
တစ်ခဏမျှ အနားယူပြီးနောက်တွင် သူတို့ အဖွဲ့သည် ဆက်လက် ထွက်ခွာခဲ့ကြသည်။
အလွန်လျင်မြန်စွာပင် သူတို့လူစုသည် မိုင်ပေါင်းရာချီ အကွာအဝေးသို့ ဆက်လက် ခရီးထွက်ခဲ့ကြ၏။
နောက်ဆုံး လိုရာခရီးသို့ ရောက်ခါနီးအချိန်တွင် သူတို့ရှေ့ကနေ ရုတ်တရက် ခရုသင်း မှုတ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် မိစ္ဆာများသည် အရပ်မျက်နှာ အနှံ့ကနေ ရုတ်တရက် ထွက်ပေါ်လာကြပြီး ကျန်းချန်တို့ လူစုကို အလယ်တွင်ထားကာ ဝိုင်းရံထားလိုက်ကြ၏။
ကျန်းချန်က အကဲခတ်လိုက်ရာ အနည်းဆုံး မိစ္ဆာတစ်ထောင်ခန့် ရှိနေသည်ကို မြင်လိုက်ရသည်။
၎င်းတို့က စစ်ဗျူဟာ အစီအရင် ဆယ်ခုကို ပုံဖော်ထားပြီး တစ်ခုချင်းစီကို တလော့အဆင့် မိစ္ဆာသခင် တစ်ဦးစီက ဦးစီးနေခဲ့သည်။
“ဒုက္ခပဲ.. ငါတို့တွေ မိစ္ဆာတပ်ဖွဲ့တွေရဲ့ ဝိုင်းရံတာကို ခံလိုက်ရပြီ”
လမ်းပြအဖြစ် တာဝန်ယူထားသော ဟောင်ကွမ်းသည် ချက်ချင်းဆိုသလို စိုးရိမ်သွားခဲ့သည်။
ယင်းအပြင် အခြားသော လူများ၏ မျက်နှာအမူအရာသည်လည်း အတော်လေး သုန်မှုန်သွားခဲ့၏။
အစောပိုင်းက အင်အားတစ်ရာမျှ ရှိသော မိစ္ဆာများပင်လျှင် သူတို့ကို ဒုက္ခအတော်လေး ပေးနိုင်ခဲ့သည်ဖြစ်ရာ ယခု အင်အား တစ်ထောင်ပါ မိစ္ဆာများသည် ယခင်ကထက် ဆယ်ဆမက ပိုမို ဒုက္ခပေးနိုင်မည် ဖြစ်သည်။
တလော့အင်မော်တယ် ဖြစ်နေလျှင်ပင် အနည်းငယ်ပေါ့ဆလိုက်သည်နှင့် ဤနေရာတွင် ကျဆုံးသွားနိုင်သည့် အန္တရာယ်ပင် ရှိနေခဲ့၏။
“ကောင်းကင်မိစ္ဆာတောင်ရဲ့ မိစ္ဆာကောင်တွေက ငတုံးတွေမဟုတ်ဘူးပဲ”
ကျန်းချန်က အဖွဲ့၏ နောက်ဆုံးတွင် ရပ်နေခဲ့၏။
ပတ်ဝန်းကျင်မှ မိစ္ဆာစစ်သည်များကို အကဲခတ်ရင်း သူ၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
အစောပိုင်းက အင်အားတစ်ရာ အဖွဲ့နှင့် တိုက်ခိုက်ခဲ့သည့် လှုပ်ရှားမှုသည် သာမန် မဟုတ်သဖြင့် အနီးနားရှိ မိစ္ဆာများသည် သေချာပေါက် သတိပြုမိလိမ့်မည်သာ ဖြစ်သည်။
သို့သော်လည်း မိစ္ဆာကောင်များသည် ပေါ့ပေါ့ဆဆ လုပ်ဆောင်ခြင်း မပြုခဲ့ပေ။
သူတို့၏ အဓိကရည်ရွယ်ချက်မှာ စစ်ကူကို စောင့်ဆိုင်းရန် ဖြစ်၏။
ယခုအခါတွင် မိစ္ဆာကောင်များသည် လုံလောက်သောအင်အားကို စုဆောင်းပြီးပြီ ဖြစ်ရာ အဆုံးသတ်တွင် သူတို့ကို ဤနေရာတွင် ဝိုင်းရံတိုက်ခိုက်ရန် အဆင်သင့် ဖြစ်သွားခဲ့ကြသည်။
အခန်း(၂၉၇၆)ပြီး၏။