← Chapters

အခန်း (၂၉၇၇-၂၉၇၈)

Vol. 238 Ch. 2977-2978

အခန်း (၂၉၇၇-၂၉၇၈)

Vol. 238 Ch. 2977-2978

အခန်း(၂၉၇၇)

“သခင်လေး အခု ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ”

ပတ်ဝန်းကျင်ရှိ အခြေအနေကို အကဲခတ်ပြီးနောက်တွင် ဟောင်ကွမ်းက ဟောင်နင်း၏ နံဘေးသို့ ဆုတ်လိုက်ကာ ခပ်တိုးတိုးမေးလိုက်သည်။

ကောင်းကင်မိစ္ဆာတောင်သည် သူတို့ အင်မော်တယ်လောကမှ လူများအတွက် အလွန်အမင်း ကန့်သတ်ချက်ရှိပြီး အဝေးနေရာမှ အခြေအနေများကို အာရုံခံသိရှိရန် ခက်ခဲသော်လည်း မိစ္ဆာကောင်များ အတွက်မူ ဤနေရာသည် ရေထဲမှငါးကဲ့သို့ ဖြစ်သည်။

ထိုအကြောင်းကြောင့်ပင် သူတို့က ကြိုတင်၍ သတိမပြုမိခဲ့ကြဘဲ မိစ္ဆာကောင်များ၏ ဝိုင်းရံပိတ်ဆို့ခြင်း ထဲသို့ ကျရောက်သွားခဲ့ခြင်း ဖြစ်သည်။

“ဘာလို့ ဒီလောက်တောင် ပြာယာခတ်နေတာလဲ”

ဟောင်နင်းက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်ပြီး သူ၏ နံဘေးရှိ ဆံပင်တိုတိုနှင့် လူငယ်ကို ကြည့်ကာ မေးလိုက်သည်။

“စီနီယာအစ်ကို.. အခု ကျွန်တော်တို့ လိုရာခရီးထိ ရောက်ဖို့ ဘယ်လောက်အထိ လိုသေးလဲ”

ဆံပင်တိုနှင့်လူငယ်က မျက်လုံးများကို မှိတ်ကာ အာရုံခံကြည့်လိုက်ပြီးနောက်တွင် ပြန်ဖြေလိုက်သည်။

“သိပ်မလိုတော့ပါဘူး မိုင်သုံးရာလောက်ပဲ လိုတော့မယ်ထင်တယ်”

“အားလုံးပဲ.. အခုငါတို့ လိုရာခရီးကို ရောက်ဖို့ မိုင်သုံးရာလောက်ပဲ လိုတော့တယ်.. အခြေအနေက ဒီလိုဖြစ်လာမှာတော့ ငါတို့အနေနဲ့ အတင်းအကျပ် ဖောက်ထွက်ရုံပဲ ရှိတော့တယ်”

ဟောင်နင်း၏ မျက်ဝန်းထဲတွင် တောက်ပသော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။

“လိုရာခရီးကို ရောက်တာနဲ့ မင်းတို့ရဲ့ ဆုလာဘ်ကို နှစ်ဆတိုးပေးမယ်”

“သခင်လေးဟောင်နင်း စိတ်မပူပါနဲ့.. ကျွန်တော်တို့ ဖောက်ထွက်နိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားမှာပါ”

ဟောင်နင်းက ဆုလာဘ်ကို နှစ်ဆတိုးပေးမည်ဟု ပြောလိုက်သောအခါ လူတိုင်း၏ တိုက်ခိုက်လိုစိတ်သည် အလွန်အမင်း မြင့်တက်သွားခဲ့သည်။

“ဒီဟောင်မိသားစုရဲ့သခင်လေးက သာမန်တော့ မဟုတ်ဘူးပဲ”

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

လောဘနောက်ကို လိုက်သူသည် အသေစောစမြဲ ဖြစ်သည်။

ဤတလော့ အင်မော်တယ်များသည် ဟောင်နင်းက ဆုလာဘ်ကို နှစ်ဆပေးမည်ဟု ကြားလိုက်သည်နှင့် ရရှိတော့မည့်အကျိုးအမြတ်များကြောင့် စုံလုံကန်းသွားကြသည်မှာ ထင်ရှား၏။

တလော့အဆင့် မိစ္ဆာသခင်ဆယ်ဦးသည် မိစ္ဆာကောင် တစ်ထောင်ကို ဦးဆောင်၍ သူတို့ကို ဤနေရာတွင် ဝိုင်းရံထားကြသည်။

ဟောင်မိသားစုသည် ယခုတစ်ကြိမ် ကောင်းကင်မိစ္ဆာတောင်သို့ ချီတက်ခဲ့ရာတွင် တလော့အင်မော်တယ် ဆယ်ယောက်‌ကျော်ကို စုစည်းခဲ့သော်လည်း ထိုးဖောက်ရန်မှာမူ မည်သို့မျှ မလွယ်ကူနိုင်ပေ။

သူတို့အနေဖြင့် အတင်းအကျပ် ထိုးဖောက်ထွက်နိုင်ခဲ့လျှင်ပင် အဆုံးသတ်တွင် မည်မျှအထိ အသက်ရှင်ကျန်ရစ်မလဲ ဆိုသည်မှာ စိုးရိမ်စရာပင်။

ဟောင်မိသားစုသည် တလော့ အင်မော်တယ်များကို မက်လုံးကြီးကြီး ပေးလိုက်သော်လည်း အဆုံသတ်တွင် အကျိုးအမြတ်ကို ရရှိသည့်သူမှာ အနည်းငယ်မျှသာ ရှိပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေကာမူ ဟောင်မိသားစု သခင်လေး၏ လုပ်ဆောင်ချက်သည် တလော့အင်မော်တယ်များကို သူ့အတွက် အသက်ပေး၍ အလုပ်လုပ်စေရုံသာမက သူကိုယ်တိုင် အတွက်လည်း ဆုလာဘ်အများအပြား သက်သာသွားစေခဲ့သည်။

ယင်းက တစ်ချက်ခုတ်၊နှစ်ချက်ပြတ်ဟုပင် ဆို၍ရ၏။

“စီနီယာအစ်ကိုနဲ့ အကြီးအကဲယွမ်.. ကျွန်တော်တို့ ဒီနေရာကနေ ဖောက်ထွက်ကြစို့”

“အကြီးအကဲယွမ်.. ဒီကိစ္စကို အကြီးအကဲ ဆီကိုပဲ လွှဲလိုက်တော့မယ်”

ဟောင်နင်းက အချိန်ဆွဲမနေဘဲ ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်ပြီး သူ့နံဘေးရှိ အဘိုးအိုကို လေးနက်စွာ ပြောလိုက်သည်။

ယခုအခါတွင် သူတို့သည် မိစ္ဆာတစ်ထောင်၏ ဝိုင်းရံခြင်းကို ခံထားရပြီး သူတို့ကို ဤနေရာမှ ထိုးဖောက်နိုင်ရန် အကူအညီပေးနိုင်မည့် တစ်ဦးတည်းသောသူမှာ သူ၏ နံဘေးရှိ ထိုက်ယီအဆင့် အင်မော်တယ်အကြီးအကဲယွမ်သာ ဖြစ်ကြောင်း ဟောင်နင်း ကောင်းစွာ သိထားခဲ့သည်။

သူစုစည်းထားသော တလော့ အင်မော်တယ်များကမူ သူတို့အတွက် အချိန်ဆွဲပေးသည့် အခန်းကဏ္ဍတွင်သာ ပါဝင်နိုင်ပေလိမ့်မည်။

“သခင်လေး မစိုးရိမ်ပါနဲ့.. ကျွန်တော့်နောက်ကနေသာ လိုက်လာခဲ့ပါ”

ထိုစကားကိုပြောပြီးသည်နှင့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ ကိုင်းနေသောခါးသည် မတ်သွားခဲ့ပြီး ခန္ဓာကိုယ်ကနေ ထိုက်ယီအဆင့် အင်မော်တယ်စွမ်းအားက ချက်ချင်းဆိုသလိုပင် ပေါက်ကွဲထွက်လာခဲ့သည်။

သူက ဟောင်နင်း၏ ရှေ့ကနေ လမ်းဖောက်ပြီး မိစ္ဆာကောင်များကို တိုက်ခိုက်လိုက်သည်။

“ဝုန်း..”

အနက်‌ရောင်ဝတ်စုံဝတ် အဘိုးအိုက အင်အားများကို အစွမ်းကုန် ထုတ်သုံး၍ တိုက်ခိုက်လိုက်ရာ မိစ္ဆာကောင်များသည် လုံးဝ တားဆီး၍ မရနိုင်ခဲ့ပေ။

သူတို့နှင့် အနီးကပ်ဆုံးတွင် ရှိနေသော စစ်ဗျူဟာအစီအရင်စွမ်းအားကို ထုတ်ဖော်နေသည့် မိစ္ဆာကောင်တစ်ရာသည် တစ်ခဏအတွင်းမှာပင် တုန်လှုပ် ချောက်ချားသွားကြသည်။

သူ့တို့၏ ခေါင်းဆောင်ဖြစ်သည့် တလော့အဆင့်မိစ္ဆာသခင်သည်ပင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ လက်ဝါးရိုက်ချက်ဖြင့် ချက်ချင်းဆိုသလို အသတ်ခံလိုက်ရသည်။

“သတ်ကြစမ်း”

အနက်ရောင်ဝတ်စုံဝတ် အဘိုးအို လှုပ်ရှားလိုက်သည့် အချိန်မှာပင် အခြားလူတစ်ရာပါ မိစ္ဆာတပ်ဖွဲ့ ကိုးဖွဲ့ သည်လည်း မိစ္ဆာစွမ်းအင်များကို ထုတ်ဖော်ကာ သတ်ဖြတ်ရန် ပြေးဝင်လာခဲ့ကြသည်။

အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက ထိုက်ယီအဆင့်အင်မော်တယ်ဥပဒေသကို ချက်ချင်းဆိုသလို ထုတ်ဖော်လိုက်သည်။

ယင်းက မိစ္ဆာကောင်များကို လုံးဝ မနှိမ်နင်းနိုင်သော်လည်း ၎င်းတို့၏ လှုပ်ရှားမှုကိုမူ နှေးကွေးသွားစေခဲ့၏။

အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက ထိုအခွင့်အရေးကို အမိအရ အသုံးချကာ သူ့ရှေ့တွင် ပိတ်ဆို့နေသည့် လူတစ်ရာပါ မိစ္ဆာတပ်စု တစ်စုကို အလျင်အမြန် ချေမှုန်းပစ်ခဲ့ပြီး ဟောင်နင်းနှင့် လူတချို့ကို ဦးဆောင်ကာ ဖောက်ထွက်သွားခဲ့သည်။

သို့ရာတွင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုနှင့်အတူ ဟောင်နင်းနှင့် လူတချို့က လွတ်မြောက်သွားခဲ့သော်လည်း ကျန်ရှိနေသူများကမူ ထိုမျှလောက် ကံမကောင်းခဲ့ကြပေ။

ရှင်းလင်းစွာဆိုရလျှင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုနောက်ကနေ ကပ်၍ လိုက်ပါလာခဲ့ကြသည့် တလော့အင်မော်တယ် အထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်သုံး၊လေးဦးမှ လွဲ၍ ကျန်ရှိနေသူများသည် ဖောက်ထွက်ရန် အချိန်မရလိုက်ဘဲ မိစ္ဆာတပ်ဖွဲ့များ၏ နောက်ထပ် တစ်ကြိမ် ဝိုင်းရံခြင်းကို ခံလိုက်ရသည်။

မိစ္ဆာတပ်ဖွဲ့က ထိုသူများကို ဝိုင်းရံပြီးနောက်တွင် အညှာအတာ ကင်းမဲ့စွာဖြင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြ၏။

အစောပိုင်းကတည်းက အခြေအနေ သိပ်မကောင်းသော တလော့အင်မော်တယ် အစောပိုင်းအဆင့် ကျင့်ကြံသူတချို့ကမူ မိစ္ဆာတပ်ဖွဲ့၏ ပြင်းထန်သောတိုက်ခိုက်မှုအောက်တွင် သေဆုံးသွားခဲ့ကြသည်။

“သခင်လေးဟောင်နင်း.. ကျွန်တော်တို့ကို ကယ်ပါဦး”

အသက်ရှင် ကျန်ရစ်နေသေးသည့် တလော့အင်‌မော်တယ်အနည်းငယ်သည် မိစ္ဆာတပ်ဖွဲ့၏ တိုက်ခိုက်မှုကို တောင့်ခံထားရင်း ဟောင်နင်းထံ အကူအညီတောင်းကာ အော်ဟစ်လိုက်သည်။

သို့သော်လည်း ဤအခြေအနေတွင် ဟောင်နင်းသည် ၎င်းတို့၏ အသက်ကို မည်ကဲ့သို့ ဂရုစိုက်နိုင်ပါတော့မည်နည်း။

သူက လှည့်၍ပင် မကြည့်ဘဲ အဝေးသို့သာ ထွက်ပြေးသွားခဲ့သည်။

“ငါတို့တော့ ဒုက္ခ‌ရောက်ပြီ”

ထိုတလော့အင်မော်တယ်များသည် မျှော်လင့်ချက်ကင်းမဲ့ခြင်းနှင့် ထိတ်လန့်တုန်လှုပ်ခြင်းများကို တစ်ပြိုင်နက်တည်း ခံစားမိလိုက်ကြပြီး အဆုံးသတ်တွင် မိစ္ဆာတပ်ဖွဲ့၏ တိုက်ခိုက်မှုအောက်၌ သေဆုံးသွားခဲ့ကြသည်။

ဤသို့ဖြင့် မိစ္ဆာတပ်ဖွဲ့၏ ဝိုင်းရံခြင်းကို ခံထားရသည့်လူများထဲတွင် ကျန်းချန် တစ်ဦးတည်းသာ ကျန်ရှိတော့သည်။

သူ၏ မျက်နှာအမူအရာက အလွန်ပင် တည်ငြိမ်နေခဲ့ပြီး ပတ်ဝန်းကျင်မှ မိစ္ဆာတပ်ဖွဲ့၏ ပြင်းထန်သော တိုက်ခိုက်မှုသည် သူ့အပေါ်တွင် မည်သည့် သက်ရောက်မှုမှ ရှိပုံမရပေ။

“ငါဒီနေ့ အစုလိုက်အပြုံလိုက် လူမသတ်ချင်ဘူး.. မင်းတို့တွေ ငါ့ကို ဒီအတိုင်းပဲ ထွက်သွားခွင့်ပေးပါ”

ကျန်းချန်က လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ သူ့ရှေ့မှ တလော့အဆင့် မိစ္ဆာသခင် တစ်ဦးကို စိုက်ကြည့်၍ ပြောလိုက်သည်။

ကောင်းကင်မိစ္ဆာတောင်သည် မိစ္ဆာမျိုးနွယ်စုများနှင့် အင်မော်တယ်လောကမှ လူများကို သွေးယဇ်ပူဇော်ရန် အတွက် တိုက်ခိုက်ခိုင်းနေခြင်း ဖြစ်သည်။

ဆိုရလျှင် ကောင်းကင်မိစ္ဆာတောင်တွင် သေဆုံးမှုပိုမို များပြားလာလေလေ သွေးယဇ်ပူဇော်မှုသည် ပိုမိုလျင်မြန်စွာ ပြီးမြောက်နိုင်လေလေ ဖြစ်၏။

ကောင်းကင်မိစ္ဆာတောင်တွင် သတ်ဖြတ်မှုများ ပြုလုပ်ခြင်းသည် ကောင်းကင်မိစ္ဆာတောင်၏ အစီအစဥ်ကို အောင်မြင်အောင် အကူအညီပေးရာ ရောက်နေပေလိမ့်မည် မဟုတ်ပါလား။

ထို့ကြောင့် ကျန်းချန်က မလွဲသာသော အခြေအနေကို မရောက်မချင်း ဤနေရာတွင် သတ်ဖြတ်မှု အများအပြား မပြုလုပ်ချင်ခဲ့‌ပေ။

“သတ်ကြစမ်း”

ထိုတလော့အင်မော်တယ်က ကျန်းချန်၏ စကားကို လုံးဝအရေးမစိုက်ဘဲ သူ၏ နောက်လိုက်မိစ္ဆာများကို ကျန်းချန်အား သတ်ဖြတ်ရန် တိုက်ရိုက်ပင် အမိန့်ပေးလိုက်သည်။

“မင်းတို့က ဘာလို့ ကိုယ်သေတွင်း ကိုယ်တူးချင်နေရတာလဲ”

ကျန်ချန်းက ခေါင်းခါရမ်းလိုက်ပြီး ထိုက်ယီအင်မော်တယ်စွမ်းအားကို လှုံ့ဆော်ကာ ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို ထုတ်ဖော်လိုက်သည်။

ယင်းနောက်တွင် အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် သူ၏ လက်ဖဝါးကြားတွင် ထွက်ပေါ်လာခဲ့သည်။

“ဝုန်း..”

ထိုအနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် ဟင်းလင်းပြင်ထဲတွင် ကောင်းကင်နှင့်နေမင်းကိုပင် ဖုံးလွှမ်းနိုင်သည် အထိ လျင်မြန်စွာ ကြီးထွားလာခဲ့ပြီးနောက် တလော့အဆင့်မိစ္ဆာသခင်နှင့် ၎င်း၏ နောက်လိုက် မိစ္ဆာတစ်ရာကို လုံးဝပင် ချေမှုန်းလိုက်သည်။

တိုက်ကွက် တစ်ကွက်တည်းဖြင့်ပင် ကျန်းချန်သည် အင်အားတစ်ရာပါ မိစ္ဆာတပ်ဖွဲ့ကို ချေမှုန်းပစ်လိုက်သည်။

ထို့်နောက်တွင် သူက ထိတ်လန့်တုန်လှုပ်နေသော ပတ်ဝန်းကျင်ရှိ မိစ္ဆာကောင်များကို လျစ်လျူရှုကာ ဝိုင်းရံမှုထဲကနေ အေးအေးဆေးဆေးပင် ထွက်ခွာသွားခဲ့ပြီး ဟောင်နင်းတို့ လူစု ထွက်ခွာသွားသည့် အရပ်မျက်နှာ ဆီသို့ လိုက်သွားခဲ့သည်။

အလွန်လျင်မြန်စွာပင် ကျန်းချန်က ဟောင်နင်းတို့အဖွဲ့ကို အမီလိုက်နိုင်ခဲ့၏။

သို့သော်လည်း သူက ဟောင်နင်းတို့ လူစုထံ ပူးပေါင်းခြင်း မပြုဘဲ သူ၏ အရှိန်အဝါကို ဖုံးကွယ်ကာ နောက်ကွယ်ကနေ တိတ်တဆိတ် လိုက်ပါသွားခဲ့သည်။

ခဏမျှ ကြာပြီးနောက်တွင် ဟောင်နင်းတို့ အဖွဲ့သည် ဆံပင်တိုတိုနှင့် လူငယ်၏ ဦးဆောင်မှု အောက်တွင် ပြင်းထန်သောမိစ္ဆာစွမ်းအင်များ ဖုံးလွှမ်းနေသည့် အောက်ခြေကိုပင် မမြင်ရသော ချောက်နက်ကြီး တစ်ခု ဆီသို့ ရောက်ရှိလာခဲ့ကြသည်။

ချက်ချင်းဆိုသလိုပင် ဟောင်နင်းတို့ အုပ်စုသည် တုံ့ဆိုင်းမနေဘဲ ချောက်နက်ကြီး၏ အောက်ခြေ ဆီသို့ ခုန်ချသွားခဲ့ကြ၏။

ဟောင်နင်းတို့ လူစု ချောက်နက်ကြီးထဲသို့ ခုန်ချ ပျောက်ကွယ်သွားပြီးနောက်တွင် ကျန်းချန်သည် ချောက်နက်ကြီး ဆီသို့ ရောက်ရှိလာခဲ့သည်။

ချောက်နက်ကြီး၏ အခြေအနေကို အကဲခတ်ပြီးနောက်တွင် သူက တစ်ခဏအတွင်းမှာပင် ချောက်နက်ကြီးထဲသို့ ခုန်ချကာ ပျောက်ကွယ်သွားခဲ့သည်။

ချောက်နက်ကြီးထဲသို့ ခုန်ချပြီးနောက်တွင် ကျန်းချန်သည် မှောင်မိုက်နေသော ချောက်နက်ကြီး အောက်ခြေတွင် ဟင်းလင်းပြင်စွမ်းအားများကို ထုတ်လွှတ်နေသည့် တောက်ပသော အလင်းတံခါးတစ်ချပ်ကို ရှာဖွေတွေ့ရှိခဲ့သည်။

“ဟင်းလင်းပြင်ဂိတ်တံခါးပါလား”

ကျန်းချန်က စိတ်လှုပ်ရှားသွားခဲ့ပြီး ဟင်းလင်းပြင်ဂိတ်တံခါးဆီသို့ ချက်ချင်းပင် ပျံသန်းသွားခဲ့သည်။

ကျန်းချန်က ဟင်းလင်ပြင်ဂိတ်တံခါးကို ဖြတ်သန်းသွားသည့်အချိန်မှာပင် သူ၏ မျက်စိရှေ့မှ မြင်ကွင်းသည် ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားခဲ့သည်။

အခန်း(၂၉၇၇)ပြီး၏။

အခန်း(၂၉၇၈)

ကျန်းချန်က အင်မော်တယ်စွမ်းအင်ကြွယ်ဝသော ကမ္ဘာတစ်ခုဆီသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

ဤကမ္ဘာရှိ အင်မော်တယ်အဆီအနှစ် စွမ်းအားကြွယ်ဝမှုသည် အင်မော်တယ်လောကရှိ ဟန်ယွင်အဆင့် အင်အားစုများ၏ သူတော်စင်နယ်မြေများထက်ပင် အနည်းငယ်မျှ လျော့နည်းခြင်းမရှိပေ။

မိစ္ဆာစွမ်းအင်များ ပြင်းထန်သည့် နေရာတစ်ခုတွင် ဤကဲ့သို့ အင်မော်တယ်ကမ္ဘာလေး တစ်ခု ရှိနေလိမ့်မည်ဟု မည်သူမျှ တွေးမိလိမ့်မည် မဟုတ်ချေ။

“မိတ်ဆွေလေးကျန်းချန်ပါလား”

သူ့ရှေ့မှ ကမ္ဘာကြီးကြောင့် ကျန်းချန် အံ့အားသင့်နေစဥ်မှာပင် မယုံကြည်နိုင်စွာ ရေရွတ်လိုက်သော အသံတစ်သံသည် ကျန်းချန်၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

ကျန်းချန်က အသံလာရာ ဆီသို့ လှမ်းကြည့်လိုက်ရာ ပေအနည်းငယ် အကွာတွင် ဤနေရာသို့ သူ့ထက် အရင်ဝင်ရောက်လာခဲ့ကြသည့် ဟောင်နင်းတို့ လူစုကို တွေ့လိုက်ရသည်။

အစောပိုင်းက စကားပြောလိုက်သူမှာ သူ့ကို ဟောင်မိသားစု အဖွဲ့ထဲသို့ ဆွဲခေါ်ခဲ့သည့် ဟောင်ကွမ်းပင် ဖြစ်သည်။

ဤနေရာတွင် ပေါ်လာသည့် ကျန်းချန်ကို မြင်လျှင် ဟောင်ကွမ်း၏ မျက်နှာထက်တွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့၏။

ထိုနေ့က မိစ္ဆာနှိမ်နင်းခြင်းမြို့တော်တွင် ကျန်းချန်က ထူးခြားသည်ဟု ခံစားမိသဖြင့် သူက ကျန်းချန်ကို သူတို့အဖွဲ့ထဲသို့ ဝင်ရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ထိုလူငယ်သည် သူတို့ အဖွဲ့ထဲသို့ ဝင်ရောက်ပြီးနောက်တွင် အဖွဲ့၏ နောက်ဆုံးတွင်သာ ရှိနေခဲ့ပြီး ဘာမှမလုပ်ခဲ့သဖြင့် ဟောင်ကွမ်းသည် ကျန်းချန်ကို သိပ်ဂရုမပြုမိခဲ့ပေ။

အစောပိုင်းက သူတို့သည် မိစ္ဆာတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို ခံခဲ့ရ၍ ဟောင်ကွမ်းသည် ထိုလူငယ်က ကျန်ရှိသည့် တလော့အင်မော်တယ်များ ကဲ့သို့ပင် မိစ္ဆာတပ်ဖွဲ့၏ လက်ချက်ဖြင့် သေဆုံးသွားလောက်ပြီဟု ထင်မှတ်ထားခဲ့သည်။

မမျှော်လင့်ဘဲ ထိုလူငယ်သည် မိစ္ဆာတပ်ဖွဲ့၏ လက်ထဲကနေ လွတ်မြောက်လာခဲ့ရုံသာမက သူတို့ရှေ့တွင်ပင် ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာမျှ မရှိဘဲ ပေါ်လာခဲ့သည်။

သေချာသောအချက်မှာ သူ့ရှေမှ အခြေအနေကို ဟောင်ကွမ်းတစ်ဦးတည်း မယုံကြည်နိုင် ဖြစ်နေခြင်းမဟုတ်ပေ။

ကျန်းချန်ကို ကြည့်နေသည့် အခြားသူများ၏ အကြည့်သည်လည်း တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား ဖြစ်နေခဲ့ကြ၏။

အစောပိုင်းက သူတို့ကို ဝိုင်းရံတိုက်ခိုက်ခဲ့သည့် မိစ္ဆာတပ်ဖွဲ့ မည်မျှအထိ ရက်စက်ကြမ်းကြုတ်သည်ကို သူတို့ ကောင်းစွာ နားလည် သဘောပေါက်ထားကြသည်။

ဟောင်နင်း၏ နံဘေးတွင်သာ ထိုက်ယီအဆင့် အင်မော်တယ်တစ်ဦး ပါမလာခဲ့လျှင် သူတို့သည် မိစ္ဆာတပ်ဖွဲ့၏ ဝိုင်းရံမှုကနေ ရုန်းထွက်နိုင်ရန် ခက်ခဲလိမ့်မည်မှာ သေချာသလောက်ပင်။

သို့ဖြစ်ရာ ထိုလူငယ်သည် မိစ္ဆာတပ်ဖွဲ့၏ ဝိုင်းရံမှုထဲကနေ မည်ကဲ့သို့ လွတ်မြောက်နေရပါသနည်း။

“သခင်လေး.. ဒီလူက မရိုးရှင်းဘူး.. သတိထားပါ”

ကျန်းချန်ကို အကဲခတ်လိုက်ပြီးနောက်တွင် ဟောင်မိသားစုမှ ထိုက်ယီအဆင့် အဘိုးအို၏ မျက်ဝန်းထဲတွင် လေးနက်သောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ဟောင်မိသားစု၏ ထိုက်ယီအဆင့် အင်မော်တယ်တစ်ဦးအနေဖြင့် အဘိုးအိုသည် ဟောင်နင်း ရှာဖွေခဲ့သော တလော့အင်မော်တယ်များကို ဂရုမစိုက်ခဲ့သလို ကျန်းချန်ကိုလည်း သိပ်ဂရုမပြုမိခဲ့ပေ။

သို့သော် ယခုအခါတွင် သူ၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ကျင့်ကြံခြင်းအဆင့်ကို ထိုး ဖောက်မြင်နိုင်ရန် ခက်ခဲနေမှန်း ထိတ်လန့်တုန်လှုပ်စွာ တွေ့ရှိသွားခဲ့သည်။

ဟောင်နင်းက ဘာစကားမျှ မပြောခဲ့ပေ။

ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင် သတိထားသော အရိပ်အယောင်များ ပိုမို၍ များပြားလာခဲ့၏။

မိစ္ဆာတပ်ဖွဲ့က မည်မျှပင် ကြောက်မက်ဖွယ်ရာကောင်းသည်ကို သူ ကောင်းစွာ သိရှိထားခဲ့သည်။

ထိုက်ယီအဆင့် အင်မော်တယ်ဖြစ်သည့် အကြီးအကဲယွမ်သာ ပါမလာခဲ့လျှင် သူတို့သည် မိစ္ဆာတပ်ဖွဲ့၏ ဝန်းရံမှုထဲကနေ ရုန်းထွက်နိုင်ရန် ခက်ခဲပေလိမ့်မည်။

ထိုကောင်လေးသည် မိစ္ဆာတပ်ဖွဲ့၏ ဝိုင်းရံမှုထဲကနေ လွတ်မြောက်လာနိုင်သူ ဖြစ်ရာ အမှန်တကယ်ပင် သာမန် မဟုတ်လောက်ပေ။

“ဒီက ညီနောင်ရဲ့ အရည်အချင်းက မဆိုးဘူးပဲ”

ဟောင်နင်းက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်ပြီးနောက်တွင် ပြုံး၍ ပြောလိုက်သည်။

“ငါ့ကို ဒီနေရာအထိ လိုက်ပါ ပို့ဆောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ငါက ကတိအတိုင်း အင်မော်တယ်ကျောက်တုံး နှစ်သန်းကို ဆုလာဘ်အဖြစ် ပေးအပ်ပါမယ်”

ယခုအခါတွင် ကောင်းကင်ဧကရာဇ်နန်းတော်၏ အမွေအနှစ်ရှိရာသို့ ရောက်ရှိလာပြီဖြစ်ရာ ဟောင်နင်းသည် ကျန်ရှိနေသည့် လူများကို သူ၏ နောက်သို့ ဆက်လက် လိုက်ပါခွင့် မပြုချင်တော့သဖြင့် ငွေပေးချေ၍ မောင်းထုတ်ရန် အစီအစဥ်ရှိခဲ့သည်။

ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် တိုက်ရိုက် ပြောလိုက်သည်။

“ငါ ဘာအင်မော်တယ်ကျောက်တုံးမှ မလိုချင်ဘူး.. ကောင်းကင်ဧကရာဇ်နန်းတော်ရဲ့ အမွေအနှစ်တွေထဲက ပစ္စည်းတွေကို ပထမဆုံးရွေးချယ်ခွင့်ပဲ ရချင်တယ်”

ကျန်းချန်က ထိုစကားကို ပြောလိုက်လျှင် ဟောင်နင်းသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့၏။

သူ့ရှေ့မှ ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ် လူငယ်သည်လည်း ကောင်းကင်ဧကရာဇ် နန်းတော် အတွက် ရောက်လာခဲ့ခြင်းဖြစ်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

ကျန်းချန်၏ စကားများသည် ကျန်ရှိသော တလော့အင်မော်တယ်များကိုပင် စိတ်လှုပ်ရှားသွားစေခဲ့သည်။

သူတို့က ကောင်းကင်ဧကရာဇ်နန်းတော်ဟု ခေါ်သော အရာကို မသိကြသော်လည်း ကောင်းကင်မိစ္ဆာတောင်တွင် ဝှက်ထားသည့် ထိုနေရာသည် မြင့်မြတ်သော အမွေအနှစ်များ ရှိသည့် နေရာတစ်ခု ဖြစ်မှန်းကိုမူ နားလည်ခဲ့ကြသည်။

ထိုနေရာတွင်သာ အမွေအနှစ် တစ်ခုခုကို ရရှိနိုင်ခဲ့လျှင် အင်မော်တယ်ကျောက်တုံးနှစ်သန်းသည် ထိုအမွေအနှစ်၏ တန်ဖိုးကို မည်သို့မျှ နှိုင်းယှဥ်နိုင်မည် မဟုတ်ပေ။

“သခင်လေးဟောင်.. ကျွန်တော်လည်း ခင်ဗျားဆီက အင်မော်တယ်ကျောက်တုံးတွေကို မလိုချင်တော့ဘူး.. ခင်ဗျားနဲ့အတူ ဒီနေရာကို စူးစမ်းလေ့လာဖို့ပဲ လိုလားတယ်.. ကျွန်တော်တို့အတွက် ဝေစု နည်းနည်းပါးပါး ပေးရင် ရပါပြီ”

ဤအချိန်တွင် တလော့အင်မော်တယ် အထွတ်အထိပ်အဆင့် ပိန်ပါးပါးအဘိုးအို တစ်ဦးက ဦးဆောင်၍ ပြောလိုက်သည်။

ပိန်ပါးပါး အဘိုးအို၏ စကားကိုကြားလျှင် ကျန်ရှိသော တလော့ အင်မော်တယ်များသည်လည်း ဝေစုကို ရယူလိုကြသဖြင့် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ထိုမြင်ကွင်းကိုမြင်လျှင် ဟောင်နင်း၏ မျက်နှာအမူအရာက အနည်းငယ် မသာမယာ ဖြစ်သွားခဲ့သည်။

ဟောင်နင်းသည် ဤလူများကို သဘာဝကျစွာပင် ကောင်းကင်ဧကရာဇ်နန်းတော်၏ အမွေအနှစ်နှင့် ပတ်သက်၍ ဝင်ရောက်စွက်ဖက်ခြင်း မပြုစေချင်ခဲ့ပေ။

သို့သော်လည်း ဤလူများသည် သူ၏ ရည်ရွယ်ချက်ကို သိရှိသွားပြီးဖြစ်၍ သူ့ထံကနေ ဝေစုကို ရယူလိုနေခဲ့ကြသည်။

ထိုခဏဝယ် ဟောင်နင်း၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခုသည် မသိမသာ ယှက်သန်းသွားခဲ့၏။

သူက နံဘေးရှိ အကြီးအကဲယွမ်ကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်သည်။

အကြီးအကဲယွမ်က ဟောင်နင်း ဆိုလိုသည်ကို နားလည်သော်လည်း တိတ်တဆိတ်ပင် ခေါင်းခါရမ်းပြလိုက်သည်။

သူတို့နှင့်အတူ မိစ္ဆာတပ်ဖွဲ့၏ ဝိုင်းရံမှုကနေ လွတ်မြောက်လာခဲ့သူ အနည်းငယ်သည် တလော့အင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး ၎င်းတို့၏ အင်အားသည် သာမန်မဟုတ်ပေ။

သာမန် တလော့အင်မော်တယ်များ ဆိုလျှင် ထိုက်ယီအဆင့်အင်မော်တယ်ဖြစ်သည့် အကြီးအကဲယွမ်သည် အနည်းငယ်မျှပင် ကြောက်ရွံ့နေမည် မဟုတ်ဘဲ တစ်ခါတည်းသတ်ဖြတ်ရန်သာ ရွေးချယ်လိမ့်မည် ဖြစ်သည်။

ထို့အပြင် ဤလူစုထဲတွင် သူအကြောက်ဆုံးအရာမှာ နောက်ဆုံးမှ ပေါ်လာသည့် ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ် လူငယ်ပင် ဖြစ်သည်။

အနက်‌ရောင်ဝတ်စုံဝတ် လူငယ်၏ ကျင့်ကြံခြင်းအဆင့်ကို အကြီးအကဲယွမ်သည် ထိုးဖောက်မြင်နိုင်ရန် ခက်ခဲနေခဲ့ပြီး ထိုလူငယ် ထံကနေ အန္တရာယ်အငွေ့အသက် တစ်ခုကိုပင် ခပ်ရေးရေး အာရုံခံမိနေသဖြင့် သူက အလွယ်တကူ လှုပ်ရှားရန် မဝံ့ရဲခဲ့ပေ။

“ကောင်းပြီလေ.. အခြေအနေက ဒီလို ဖြစ်လာမှတော့ ငါတို့ အားလုံး အတူတူပဲ စူးစမ်း‌လေ့လာကြတာပေါ့”

ဟောင်နင်းက မျက်ဝန်းများ တဖျတ်ဖျတ် လက်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ပြုံး၍ ပြောလိုက်သည်။

ဤအခြေအနေတွင် သူ့အနေဖြင့် သဘောတူလိုက်ရုံသာ တတ်နိုင်ခဲ့ပြီး ကောင်းကင်ဧကရာဇ်နန်းတော်မှ အခွင့်အလမ်းကို ရှာဖွေတွေ့ရှိသည် အထိ စောင့်ဆိုင်းပြီးမှ မီးစင်ကြည့်၍ လှုပ်ရှားရလိမ့်မည် မဟုတ်ပါလား။

ကျန်းချန်က အေးစက်စက် အမူအရာဖြင့် ဟောင်နင်းကို ကြည့်ကာ ပြောလိုက်သည်။

“မင်း ငါ့ရဲ့မေးခွန်းကို အခုအထိ မဖြေရသေးဘူး.. ငါ ကောင်းကင်ဧကရာဇ်နန်းတော်ရဲ့ ပစ္စည်းတွေထဲက တစ်ခုကို ပထမဆုံး‌ ရွေးချယ်ခွင့်ရချင်တယ်”

ဟောင်နင်း၏ မျက်ဝန်းထဲတွင် တောက်ပသော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။

သူက ကျန်းချန်ကို ပြုံး၍ ပြောလိုက်၏။

“ငါ့အနေနဲ့ကတော့ မိတ်ဆွေရဲ့ တောင်းဆိုချက်အပေါ် ကန့်ကွက်စရာမရှိပါဘူး.. ဒါပေမဲ့ အခြားလူတွေ သဘောတူ မတူ ဆိုတာကိုလည်း ကြည့်ရဦးမယ်လေ”

ထိုကောင်လေးသည် အလွန်အမင်း ဗိုလ်ကျလွန်းသဖြင့် အခြားသူများကို မကျေမနပ် မလွဲမသွေ ဖြစ်ပေါ်စေပေလိမ့်မည်။

သူက အခြားသူများနှင့် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကြားတွင် တိုက်ပွဲဖြစ်လာအောင် လှုံ့ဆော်ရန် အတွက် ဤအခွင့်အရေးကို အသုံးချလိုက်ခြင်း ဖြစ်ပြီး နှစ်ဖက်စလုံး တိုက်ပွဲတွင် ရှုံးနိမ့်သွားခဲ့လျှင် သူက ကြားကနေ တံငါသည်ကဲ့သို့ အကျိုးအမြတ်ကို အမြတ်ထုတ်နိုင်လိမ့်မည် ဖြစ်သည်။

လက်တွေ့ အရှိတရားကလည်း ဟောင်နင်း ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်လာခဲ့သည်။

ဟောင်နင်း၏ စကားဆုံးသည်နှင့် ကြမ်းကြုတ်သော ပုံပန်းသွင်ပြင်ရှိသည့် တလော့အင်မော်တယ် တစ်ပါးသည် ကျန်းချန်ကို ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ကောင်လေး.. ငါတို့အားလုံးက အတူတူ စူးစမ်းလေ့လာကြတာပဲ.. မင်းက ဘာလို့ အရင်ဆုံး ရွေးချယ်ခွင့် ရချင်နေတာလဲ”

ကျန်းချန်က ထိုတလော့အင်မော်တယ်ကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။

“ဘာလဲ.. မင်းက ကန့်ကွက်ချင်တာလား”

ရက်စက်ကြမ်းကြုတ်သော အသွင်အပြင် ရှိသည့် တလော့အင်မော်တယ်က နှာခေါင်းရှုံ့ကာ အထင်သေးစွာ ပြောလိုက်သည်။

“ငါ ကန့်ကွက်တော့ရော မင်းဘာတတ်နိုင်မှာမို့လဲ”

ထိုကောင်လေးသည် မရိုးရှင်းသော်လည်း အဆုံးသတ်တွင် တစ်ဦးတည်းသာ ဖြစ်သည်။

သို့ဖြစ်ရာ သူတို့အနေဖြင့် ထိုကောင်လေးကို အဘယ်ကြောင့် ကြောက်နေရပါမည်နည်း။

ကျန်းချန်က ရက်စက်ကြမ်းကြုတ်သော အသွင်အပြင် ရှိသည့် တလော့အင်မော်တယ်ကို ပြန်လည် ဖြေကြားရန် ပျင်းရိနေခဲ့သည်။

သူက ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်သည်နှင့် နေရာကနေ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

ထိုမြင်ကွင်းကြောင့် ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်ရှိသည့် တလော့အင်မော်တယ်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့၏။

နောက်ထပ်တခဏတွင် ကြောက်မက်ဖွယ် အအေးဓာတ်တစ်ခုသည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွားသလို ခံစားလိုက်ရ၏။

သူက နောက်ဆုတ်ရန် ပြင်လိုက်စဥ်မှာပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဖော်မပြနိုင်သော စွမ်းအား တစ်ခုဖြင့် ပိတ်ဆို့ခြင်း ခံလိုက်ရပြီး လှုပ်ရှားရန်ပင် ခက်ခဲသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် အနက်ရောင်ပုံရိပ် တစ်ခုသည် သူ၏ ရှေ့ရှိ ဟင်းလင်းပြင်ကနေ ထွက်ပေါ်လာခဲ့၏။

အခန်း(၂၉၇၈)ပြီး၏။

All Chapters