အခန်း (၂၉၇၉-၂၉၈၀)
Vol. 238 Ch. 2979-2980
အခန်း(၂၉၇၉)
“မသတ်ပါနဲ့
ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်ရှိသည့် တလော့အင်မော်တယ်သည် ယခုအခါတွင် မျှော်လင့်ချက်ကင်းမဲ့ခြင်းနှင့် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ပြည့်နှက်နေခဲ့သည်။
သို့သော်လည်း ထိုအချိန်မှာပင် ဓားအလင်းတန်း တစ်ခုသည် သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့ပြီး သူ၏ရင်ဘတ်တွင် ကြီးမားသော အပေါက်ကြီး တစ်ခုကို ချန်ထားရစ်ခဲ့သည်။
ရက်စက်ကြမ်းကြုတ်သော အသွင်အပြင် ရှိသည့် တလော့အင်မော်တယ်သည် အင်မော်တယ်ဝိညာဥ်ပါ မကျန် ကျန်းချန်၏ ဓားချက်ဖြင့် ချေမှုန်းခံလိုက်ရပြီး သွေးအိုင်ထဲတွင် အေးစက်စက် အလောင်းတစ်လောင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ရက်စက်ကြမ်းကြုတ်သော အသွင်အပြင် ရှိသည့် တလော့အင်မော်တယ်ကို ရှင်းပစ်ပြီးနောက်တွင် ကျန်းချန်က လူတိုင်းကို ဝေ့ကြည့်လိုက်သည်။
“ဘယ်သူ ကန့်ကွက်ချင်သေးလဲ”
လူတိုင်းက ကျန်းချန်ကို ထိတ်လန့် တုန်လှုပ်စွာ ကြည့်နေခဲ့ကြပြီး ယခုအချိန်တွင်မူ အသံတစ်ချက်ပင် မထွက်ဝံ့ကြတော့ပေ။
သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ အင်အားက ဤမျှအထိ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြချေ။
ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်ရှိသည့် တလော့အင်မော်တယ်သည် တလော့အင်မော်တယ် အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေသည့် အင်မော်တယ်တစ်ပါး ဖြစ်သည်။
ဤနေရာတွင် ရှိနေကြသည့် လူအားလုံးထဲတွင် ဟောင်မိသားစုမှ ထိုက်ယီအင်မော်တယ် ဖြစ်သည့် အကြီးအကဲယွမ်မှလွဲ၍ မည်သူကမှ ထိုရက်စက်ကြမ်းကြုတ်သောအသွင်အပြင် ရှိသည့် တလော့အင်မော်တယ်ကို အလွယ်ကတူ အနိုင်ယူနိုင်လိမ့်မည်ဟု ယတိပြတ် မပြောဝံ့ကြပေ။
သို့ရာတွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကမူ သူတို့ မျက်စိရှေ့မှာပင် အလွယ်တကူ သတ်ဖြတ်ပစ်နိုင်ခဲ့သည်။
ဤကဲ့သို့သော စွမ်းအားမျိုးသည် အမှန်တကယ်ပင် နက်ရှိုင်းလွန်းသည်ဟု ဆိုရပေတော့မည်။
“ကမ္ဘာလောကကြီးကို ပိတ်ဆို့နိုင်တဲ့ အင်မော်တယ်စွမ်းအားပဲ”
ဟောင်နင်း၏ နံဘေးရှိ အကြီးအကဲယွမ်၏ မျက်နှာအမူအရာက ပို၍ပင် လေးနက်လာခဲ့သည်။
အခြားလူများက အာရုံမခံမိသော်လည်း သူက ထိုက်ယီအဆင့် အင်မော်တယ် တစ်ပါး အနေဖြင့် ထိုလူငယ်က ထိုက်ယီအဆင့် အင်မော်တယ်ဥပဒေသကို အသုံးပြုခဲ့ကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။
ဆိုရလျှင် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် စစ်မှန်သော ထိုက်ယီအင်မော်တယ်တစ်ဦး မဟုတ်သေးလျှင်ပင် ထိုက်ယီအဆင့် အင်မော်တယ်ဥပဒေသကို နားလည်သဘောပေါက်ထားသည့် ထိုက်ယီအင်မော်တယ်တစ်ပိုင်း အဆင့် ကျင့်ကြံသူ ဖြစ်သည်မှာ သေချာသလောက်ပင်။
“ကဲ အားလုံးပဲ ကန့်ကွက်စရာမရှိတော့ဘူး ဆိုမှတော့ ဆက်သွားကြစို့”
ဟောင်နင်းက ကျန်းချန်ကို စူးရှစွာ တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် သူ၏ နံဘေးရှိ ဆံပင်တိုတိုနှင့် လူငယ်ကို ချက်ချင်းဆိုသလို ပြောလိုက်သည်။
“စီနီယာအစ်ကိုက ဒီနေရာကို ရောက်ဖူးတော့ စီနီယာအကိုပဲ လမ်းပြပေးပါဦး”
ဆံပင်တိုတိုနှင့် လူငယ်က ခေါင်းညိတ်လိုက်ပြီး ရှေ့ကနေ လမ်းပြကာ လူစုကို ဦးဆောင်သွားခဲ့သည်။
ကျန်းချန်က ထုံးစံအတိုင်းပင် အဖွဲ့၏ နောက်ဆုံးကနေ လိုက်ပါသွားပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရှုနေခဲ့သည်။
ထိုခဏဝယ် သူ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များဖြစ်ပေါ်လာခဲ့သည်။
“ဒီနေရာက ကောင်းကင်ဧကရာဇ်နန်းတော်နဲ့ ပတ်သက်တဲ့နေရာမှ ဟုတ်ရဲ့လား”
သူက ကောင်းကင်ဧကရာဇ်နန်းတော်၏ ခန်းမသုံးဆယ့်ခြောက်ခုထဲမှ တစ်ခုဖြစ်သော ထျန်းယွမ်ခန်းမသို့ ရောက်ရှိခဲ့ဖူးသည်။
အင်မော်တယ်လောကဆီကနေ ပျောက်ကွယ်သွားသော ခန်းမများသည် ထျန်းယွမ်ခန်းမ၏ အခြေအနေနှင့် ဆင်တူလောက်မည်ဟု သူ မူလက ထင်မှတ်ထားခဲ့သော်လည်း ဤနေရာရှိ အခြေအနေသည် ကွဲပြားနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
သို့သော်လည်း ထိုစဥ်က မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်သည် ဤနေရာသို့ ရောက်ရှိခဲ့ဖူးပြီး မိစ္ဆာနှိမ်နင်းခြင်းအင်မော်တယ်နယ်မြေမှ ဟောင်မိသားစုကလည်း ဤနေရာသည် ကောင်းကင်ဧကရာဇ်နန်းတော်နှင့် သက်ဆိုင်သောနေရာ ဖြစ်ကြောင်း ဆိုနေခဲ့သည်။
သို့ဖြစ်ရာ ဤနေရာသည် ကောင်းကင်ဧကရာဇ် နန်းတော်၏ ခန်းမ သုံးဆယ့်ခြောက်ခုထဲမှ တစ်ခု မဟုတ်လျှင်ပင် ကောင်းကင်ဧကရာဇ်နန်းတော်နှင့် ပတ်သက်ဆက်နွှယ်မှု ရှိနေမည်မှာ သေချာသလောက်ပင်။
မည်သို့ပင်ဖြစ်စေကာမူ သူက ဤနေရာသို့ ရောက်ရှိနေပြီ ဖြစ်ရာ စူးစမ်းလေ့လာရန်သာ ရှိတော့သည် မဟုတ်ပါလား။
အင်မော်တယ်စွမ်းအင် ကြွယ်ဝသောအင်မော်တယ် ကမ္ဘာကြီးသည် အေးချမ်းကာ တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီး ကျန်းချန်တို့လူစုသည် မည်သည့် အန္တရာယ်နှင့်မျှ မကြုံတွေ့ခဲ့ရပေ။
ဆံပင်တိုတိုနှင့် လူငယ်၏ ဦးဆောင်မှုဖြင့် သူတို့အဖွဲ့သည် ကြီးမားသော ရှေးဟောင်းနန်းတော်ကြီး တစ်ခု ဆီသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ကြသည်။
ထိုကြီးမားသော နန်းတော်ကြီးသည် သူတို့ရှေ့ရှိ အင်မော်တယ်တောင်တန်း တစ်ခု၏ အထက်တွင် တည်ရှိနေခဲ့၏။
နန်းတော် တစ်ခုလုံးကို တိမ်တိုက်များနှင့် မြူခိုးများက ဖုံးလွှမ်းထားသဖြင့် နန်းတော်ကြီးသည် ကောင်းကင်နန်းတော်နှင့်ပင် ဆင်တူနေခဲ့သည်။
အဝေးကနေ ကြည့်ရင်း သူတို့သည် နန်းတော် ပတ်ပတ်လည်၌ အမြင့်မြတ်ဆုံး အင်မော်တယ် ဥပဒေသများ ပျံ့လွင့်နေကြောင်း အာရုံခံစားမိခဲ့သည်။
“ဒီနန်းတော်ကြီးမှာ ကြီးကျယ်တဲ့ အမွေအနှစ်တွေ ရှိနေမှာ အသေအချာပဲ”
လူတိုင်း၏ အကြည့်က သူတို့ရှေ့ရှိ နန်းတော် ဆီသို့ ကျရောက်သွားခဲ့ကြပြီး သူတို့၏ မျက်ဝန်းထဲတွင် အလွန်အမင်းတက်ကြွသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့ကြသည်။
အားလုံးက နန်းတော်ကြီးထဲတွင် မည်ကဲ့သို့ အခွင့်အရေးများ ရှိနေမလဲ ဆိုသည်ကို အတော်လေး စိတ်လှုပ်ရှားနေခဲ့ကြသည်။
“သခင်လေး ဒီနေရာပဲ”
ဆံပင်တိုတိုနှင့်လူငယ်က အင်မော်တယ်တောင်တန်း အထက်ရှိ နန်းတော်ကြီးကို မော့ကြည့်ကာ အလေးအနက် ပြောလိုက်သည်။
သူ နောက်ဆုံးအကြိမ် ကောင်းကင်မိစ္ဆာတောင်ထဲသို့ ဝင်ရောက်ခဲ့စဥ်က ကံကောင်းထောက်မစွာဖြင့် ဤနေရာသို့ ရောက်ရှိလာခဲ့၏။
သူက နန်းတော်ကြီး၏ ပတ်ပတ်လည်တွင် ပျံ့လွင့်နေသော အင်မော်တယ် ဥပဒေသများကို ဆင်ခြင်သုံးသပ်ရင်း ရွှေအင်မော်တယ် နဝမအဆင့် အထွတ်အထိပ် အဆင့်ကနေ ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်သည့် အင်မော်တယ်ဥပဒေသကို နားလည်သွားခဲ့ပြီး တလော့အင်မော်တယ် အဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့သည်။
မူလတွင် သူက နန်းတော်ကြီးထဲသို့ ဝင်ရောက်ချင်ခဲ့သော်လည်း သူ တတ်နိုင်သမျှ နည်းလမ်းအားလုံးကို ကြိုးစားခဲ့သည့်တိုင် နန်းတော်ပတ်ပတ်လည်ရှိ အင်မော်တယ် ဥပဒေသစွမ်းအား၏ တားမြစ်မှုကြောင့် နန်းတော်အနီးသို့ ချဥ်းကပ်ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ခဲ့ပေ။
အဆုံးသတ်တွင်မူ ဆံပင်တိုတိုနှင့် လူငယ်သည် လက်လျှော့ရန်သာ ရွေးချယ်ခဲ့ရ၏။
“သွားစို့”
ဟောင်နင်းက သက်ပြင်းရှည် တစ်ချက် ချလိုက်ပြီးနောက်တွင် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ နန်းတော်ကြီး ဆီသို့ ပျံသန်းသွားခဲ့သည်။
ထိုအချင်းအရာကို မြင်လျှင် ကျန်ရှိသော လူများသည်လည်း အနည်းငယ်မျှပင် တုံ့ဆိုင်းမနေကြဘဲ နောက်ကနေ လိုက်ပါသွားခဲ့ကြသည်။
အလွန်လျင်မြန်စွာပင် သူတို့သည် နန်းတော်နှင့် ပေထောင်ချီသာ ကွာဝေးသော နေရာ ဆီသို့ ရောက်ရှိလာခဲ့ကြ၏။
“သခင်လေး.. ဒီနေရာကနေ စပြီး နန်းတော်ကြီးရဲ့ အနားကို ချဥ်းကပ်လို့ မရတော့ဘူး.. နန်းတော်ရဲ့ ဒီအကွာအဝေးက စပြီး ဟင်းလင်းပြင်ထဲမှာ ဆန်းကြယ်တဲ့ အင်မော်တယ်ဥပဒေသ စွမ်းအားတွေ ရှိနေတယ်.. အတင်းအကျပ် ဝင်ရောက်ရင် ကျင့်ကြံခြင်းအဆင့် ဖိနှိပ်ခံရမှာဖြစ်ပြီး သာမန် လူတစ်ယောက် အဖြစ် ပြောင်းလဲသွားလိမ့်မယ်.. အဲဒီအခါကျရင် လေထဲမှာ ရပ်နိုင်တဲ့ အခြေခံ စွမ်းအားတောင် ရှိတော့မှာ မဟုတ်ဘူး”
ဆံပင်တိုတိုနှင့် လူငယ်က ရုတ်တရက် သတိပေးလိုက်သည်။
“မင်းစကားက ချဲ့ကားလွန်းနေသလိုပဲ”
တလော့အင်မော်တယ် တစ်ပါးသည် ဆံပင်တိုတိုနှင့် လူငယ်၏ စကားကို မယုံကြည်ဘဲ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
နောက်ထပ် တစ်ခဏတွင် ထိုတလော့အင်မော်တယ်သည် သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းထားရန် ခက်ခဲနေသည့်အလား ယိမ်းထိုးသွားခဲ့ပြီး အောက်ဘက်ရှိ ချောက်နက်ဆီသို့ ပြုတ်ကျခါနီး ဖြစ်သွားခဲ့သည်။
နံဘေးရှိ တလော့အင်မော်တယ် တစ်ပါးကသာ လျင်မြန်စွာ လှမ်းမဆွဲထားခဲ့လျှင် ထိုတလော့အင်မော်တယ်သည် ချောက်နက်ထဲသို့ ပြုတ်ကျသွားလောက်ပြီ ဖြစ်သည်။
“ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလိုက်တဲ့စွမ်းအားလဲ”
ထိုတလော့အင်မော်တယ်က ထိတ်လန့်တုန်လှုပ်သော အမူအရာဖြင့် ပြောလိုက်သည်။
အစောပိုင်းတွင် သူက ခြေတစ်လှမ်းမျှသာ လှမ်းလိုက်ရုံ ရှိသေးသော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်သည် ဖော်မပြနိုင်သော စွမ်းအားတစ်ခုဖြင့် ဆွဲထုတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
နန်းတော်ကြီး ဆီသို့ ထိုက်ယီအဆင့် အင်မော်တယ်နှင့် ဟန်ယွင်အဆင့် အင်မော်တယ်များ ပင်လျှင် အလွယ်တကူ ချဥ်းကပ်ရန် ခက်ခဲလိမ့်မည်ဟု ထင်ရ၏။
ထိုအချင်းအရာကို မြင်လိုက်ရလျှင် ဟောင်နင်းသည် သူ၏ နံဘေးရှိ အကြီးအကဲယွမ်ကို ကြည့်ကာ ပြောလိုက်သည်။
“အကြီးအကဲယွမ်.. ဘာတွေ ရှာဖွေတွေ့ရှိထားပြီလဲ”
အကြီးအကဲယွမ်သည် ဟောင်မိသားစု၏ ဝါရင့် ထိုက်ယီအဆင့် အင်မော်တယ်တစ်ပါး ဖြစ်၍ ဗဟုသုတ အလွန်ပင် ကြွယ်ဝသည်။
ယခုအခါတွင် ဟောင်နင်းသည် အကြီးအကဲယွမ် အပေါ်တွင်သာ မျှော်လင့်ချက် ထားရှိနိုင်တော့၏။
“ဒါက မြင့်မြတ်တဲ့ အင်မော်တယ် ဥပဒေသစွမ်းအားပဲ”
အကြီးအကဲယွမ်က လေးနက်စွာ ပြောလိုက်သည်။
“ငါ့ရဲ့ ခန့်မှန်းချက်သာမမှားရင် နန်းတော်ရဲ့ပတ်ပတ်လည်က အင်မော်တယ်ဥပဒေသတွေက အနည်းဆုံး အင်မော်တယ်ဘုရင် အဆင့်က ချမှတ်ထားတဲ့ပုံပဲ.. ဒါကို ချိုးဖျက်ဖို့ ငါလည်း ဘာမှမတတ်နိုင်ဘူး.. တစ်ခုတည်းသော နည်းလမ်းက ငါတို့ရှေ့မှာ ရှိတဲ့ အင်မော်တယ်ဥပဒေသတွေကို နားလည်သဘောပေါက်အောင် လုပ်ဖို့ပဲ”
ဟောင်နင်းက အနည်းငယ် စဥ်းစားလိုက်ပြီးနောက်တွင် လူတိုင်းကို ဝေ့ကြည့်ကာ ပြောလိုက်သည်။
“အားလုံးပဲ.. နန်းတော်ထဲကိုတော့ လောလောဆယ် ဝင်လို့မရသေးဘူး.. ငါတို့မျက်စိရှေ့က အင်မော်တယ် ဥပဒေသတွေကိုပဲ အတူတူ နားလည် သဘောပေါက်အောင် အရင် လုပ်ကြရအောင်”
ထိုစကားကိုကြားလျှင် လူတိုင်းသည် အင်မော်တယ်ဥပဒေသများကို နားလည်သဘောပေါက်အောင် လုပ်ဆောင်ရန် အတွက် အချင်းချင်း ခပ်ခွာခွာ နေရာယူလိုက်ကြသည်။
နန်းတော်ထဲကို ဝင်ရောက်ရန် လောလောဆယ်တွင် နည်းလမ်း မရှိသော်လည်း လူတိုင်းသည် စိတ်ဆိုးဒေါသထွက်ခြင်း မရှိခဲ့ကြပေ။
ဆိုရလျှင် သူတို့ရှေ့မှ အင်မော်တယ် ဥပဒေသသည်ပင် အလွန်ကြီးမားသော အခွင့်အလမ်းတစ်ခု အဖြစ် သတ်မှတ်နိုင်၏။
ထိုအင်မော်တယ် ဥပဒေသကို အနည်းငယ်မျှ သဘောပေါက်မည် ဆိုလျှင်ပင် အကျိုးကျေးဇူးများစွာကို မလွဲမသွေ ရရှိနိုင်လိမ့်မည် ဖြစ်သည်။
လူတိုင်းက အင်မော်တယ်ဥပဒေသကို နားလည် သဘောပေါက်ရန် ကြိုးစားနေကြစဥ်မှာပင် ကျန်းချန်ကမူ လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ အေးအေးဆေးဆေးရပ်နေခဲ့သည်။
နန်းတော်၏ ပတ်ပတ်လည်မှ အင်မော်တယ်ဥပဒေသများသည် ဆန်းကြယ်သော်လည်း ကျန်းချန်ကမူ ထိုဥပဒေသများကို နားလည်သဘောပေါက်ရန် အတွက် အလျင်မလိုခဲ့ပေ။
သူ၏ ထက်ရှသော အကြည့်သည် သူရှေ့ရှိ တိမ်တိုက်များကို ထိုးဖောက်ကာ နန်းတော်ကြီး၏ ပင်မဝင်ပေါက် အထက်ရှိ ခန့်ညားသော ဆိုင်းဘုတ်တစ်ခု ပေါ်သို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။
“ထျန်းကန်းခန်းမဆောင်”
ဆိုင်းဘုတ်ပေါ်ရှိ ရှေးဟောင်းစာလုံးကြီးကို ကြည့်ရင်း ဤနေရာက ကောင်းကင်ဧကရာဇ် နန်းတော်၏ ဌာနခွဲခန်းမဆောင်များထဲမှ တစ်ခု ဖြစ်သော ထျန်းကန်းခန်းမဆောင် ဖြစ်သည်ကို နားလည်သွားခဲ့သည်။
အခန်း(၂၉၇၉)ပြီး၏။
အခန်း(၂၉၈၀)
“ထျန်းကန်းခန်းမဆောင်”
ကျန်းချန်၏ မျက်ဝန်းများတွင် တောက်ပသော အလင်းရောင်များ လက်ခနဲ ဖြစ်သွားခဲ့သည်။
သူ ထျန်းယွမ်ခန်းမတွင် ရှိစဥ်က ထျန်းယွမ်ခန်းမ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် မိုယွမ်ထံမှ တစ်ဆင့် ကောင်းကင်ဧကရာဇ်နန်းတော်၏ အကြောင်းကို အများအပြား သိရှိနားလည်ခဲ့သည်။
ကောင်းကင်ဧကရာဇ်နန်းတော်၏ ခန်းမ သုံးဆယ့်ခြောက်ခုထဲတွင် ထျန်းယွမ်ခန်းမ၏ အင်အားသည် အလယ်အလတ်နှင့်အောက်ခြေအဆင့်တွင်သာ ရှိခဲ့သည်။
ထျန်းကန်းခန်းမကမူ ကောင်းကင်ဧကရာဇ်နန်းတော်ရှိ ထိပ်တန်း ခန်းမများထဲမှ တစ်ခု ဖြစ်ပြီး အင်မော်တယ်ဧကရာဇ်က တာဝန်ယူ ကြီးကြပ်သောခန်းမလည်း ဖြစ်သည်။
ဆိုရလျှင် ထျန်းကန်းခန်းမသည် ကောင်းကင်ဧကရာဇ်နန်းတော်၏ ဌာနခွဲ ခန်းမတစ်ခုမျှသာ ဖြစ်သော်လည်း ဧကရာဇ်အဆင့် အင်အားစုတစ်စု ဆိုလည်းမမှားပေ။
ဤနေရာက ထျန်းကန်းခန်းမ၏ အမွေအနှစ်နယ်မြေ ဖြစ်နေလိမ့်မည်ဟု ကျန်းချန် ထင်မထားခဲ့ပေ။
“ကောင်းကင်ဧကရာဇ် စည်းတံဆိပ်က ကောင်းကင်ဧကရာဇ်ရဲ့ ကိုယ်ပိုင်သင်္ကေတ ဖြစ်ပြီး ကောင်းကင်ဧကရာဇ်နန်းတော်ရဲ့ ခန်းမသုံးဆယ့်ခြောက်ခုဆီ ဝင်ရောက်နိုင်တဲ့ ဝင်ခွင့်လက်မှတ်လည်း ဖြစ်တယ်လို့ မိုယွမ် ပြောဖူးတယ်.. ကြည့်ရတာ ထျန်းကန်းခန်းမရဲ့ အင်မော်တယ်ဥပဒေသ ဖိနှိပ်မှုက ငါ့အပေါ်မှာ သက်ရောက်မှု မရှိလောက်ဘူးထင်တယ်”
ကျန်းချန်က သူ့ရှေ့ရှိ ထျန်းကန်းခန်းမကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ကောင်လေး.. ဒီနေရာက အင်မော်တယ်ဥပဒေသကို နားလည်သဘောပေါက်အောင်လုပ်ဖို့ အစီအစဥ် မရှိဘူးလား”
ကျန်းချန်က ကောင်းကင်ဧကရာဇ်နန်းတော် ထဲသို့ ဝင်ရောက်ရန် ကြိုးစားတော့မည့် အချိန်မှာပင် ဟောင်မိသားစုမှ ထိုက်ယီအဆင့် အင်မော်တယ် ဖြစ်သည့် အကြီးအကဲယွမ်၏ စကားသံက ကျန်းချန်၏ နားထဲသို့ တိုက်ရိုက်ပင် ဝင်ရောက်လာခဲ့သည်။
အကြီးအကဲယွမ်သည် အင်မော်တယ်ဥပဒေသများကို နားလည်ဆင်ခြင်ရန်အတွက် အလောတကြီး ဖြစ်မနေခဲ့ပေ။
သူ၏ရှေ့မှောက်ရှိ အင်မော်တယ်ဥပဒေသည် သူ့အတွက် အလွန်တရာ ရှားပါးသော အခွင့်အရေးတစ်ခု ဖြစ်သော်လည်း သူ၏ စိတ်နှလုံးထဲတွင် ကျန်းချန်အပေါ် ပင်ကိုဗီဇအရ ကြောက်ရွံ့ထိတ်လန့်စိတ် ရှိနေသဖြင့် ကျန်းချန်၏ လှုပ်ရှားမှုတိုင်းကို အမြဲတစေ အာရုံစိုက်ကာ စောင်ကြည့်နေခဲ့သည်။
ကျန်းချန်က အကြီးအကဲယွမ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက်တွင် အကြီးအကဲယွမ်၏ စကားကို ပြန်မဖြေဘဲ ထျန်းကန်းခန်းမ ရှိရာ ဆီသို့ တိုက်ရိုက်ပင် ခြေလှမ်းလိုက်သည်။
“ဒီကောင်တော့ အသက်ရှင်ရတာ ငြီးငွေ့နေပြီထင်တယ်”
ကျန်းချန်က အင်မော်တယ်ဥပဒေသများဖြင့် ကန့်သတ်ထားသော ဧရိယာထဲကို အတင်းအကျပ် ဝင်ရောက်ရန် ကြိုးစားနေသည်ကို မြင်လျှင် အကြီးအကဲယွမ်၏ အိုမင်းသောမျက်ဝန်းထဲတွင် မထီမဲ့မြင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်ဖြင့် ဆိုလျှင် ဤနေရာမှ အင်မော်တယ် ဥပဒေသများက မည်မျှပင် ကြောက်မက်ဖွယ်ရာကောင်းသည်ကို ခံစားသိရှိနိုင်ခဲ့သည်။
သူကဲ့သို့ ထိုက်ယီအဆင့် အင်မော်တယ်ကို အသာထား၊ ဟန်ယွင်အဆင့် အင်မော်တယ် ရောက်ရှိလာလျှင်ပင် အင်မော်တယ် ဥပဒေသများ၏ ဖိနှိပ်မှုအောက်တွင် ကန့်သတ်ဧရိယာကို အတင်းအကျပ် ထိုးဖောက် ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။
သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အလွန်အမင်း ပါရမီ ထူးချွန်ပြီး ထိုက်ယီအင်မော်တယ် အဆင့်ထက် မနိမ့်သည့် အင်အား ရှိနေသော်လည်း အတင်းအကျပ် ထိုးဖောက်ဝင်ရောက်ရန်မှာ လုံးဝ မဖြစ်နိုင်သော အရာပင် ဖြစ်၏။
ကျန်းချန်က ကန့်သတ်ဧရိယာထဲသို့ လှမ်းဝင်လိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ဧကရာဇ် စည်းတံဆိပ်သည် သူ၏ လက်ဖဝါးကြား ထဲတွင် ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာခဲ့သည်။
ကျန်းချန်က ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို ထုတ်ဖော်လိုက်သည့် အခိုက်အတန့်မှာပင် သူ၏ ပတ်ပတ်လည်ကနေ သူ့ကို ဖိအားပေးနေသည့် အင်မော်တယ် ဥပဒေသများသည် တစ်ခဏအတွင်း ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်သွားသလို ကျန်းချန် ချက်ချင်းပင် ခံစားလိုက်ရသည်။
“ကောင်းကင်ဧကရာဇ် စည်းတံဆိပ်က ထျန်းကန်းခန်းမရဲ့ အင်မော်တယ်ဥပဒေသတွေကို အမှန်တကယ် ခုခံနိုင်တာပဲ”
အင်မော်တယ်ဥပဒေသများ၏ သက်ရောက်မှုကို မခံရတော့မှန်း ခံစားလိုက်ရပြီးနောက်တွင် ကျန်းချန် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူက ဟင်းလင်းပြင်ကို တိုက်ရိုက်ပင် ဖြတ်ကျော်ကာ ထျန်းကန်းခန်းမ၏ တံခါးဝ ဆီသို့ လျင်မြန်စွာ လျှောက်လှမ်းသွားခဲ့၏။
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
အကြီးအကဲယွမ်က တိမ်တိုက်များနှင့် မြူခိုးထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် ကျန်းချန်၏ ကျောပြင်ကို မှင်တက်စွာ စိုက်ကြည့်ရင်း တအံ့တဩ အော်ဟစ်လိုက်သည်။
အကြီးအကဲယွမ်၏ အော်ဟစ်သံကြောင့် အင်မော်တယ်ဥပဒေသများကို ဆင်ခြင် နားလည်နေသည့် လူအားလုံး၏ အကြည့်သည် အကြီးအကဲယွမ် ဆီသို့ ကျရောက်သွားခဲ့သည်။
ဟောင်နင်းက နားမလည်နိုင်သော အမူအရာဖြင့် မေးလိုက်သည်။
“အကြီးအကဲယွမ် ဘာဖြစ်လို့လဲ”
အကြီးအကဲယွမ်က သက်ပြင်းရှည် တစ်ချက်ကို ချလိုက်ပြီး သူ၏ စိတ်နှလုံးထဲမှ ထိတ်လန့် တုန်လှုပ်မှုကို ဖိနှိပ်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“အဲဒီကောင်လေးက နန်းတော်ရဲ့ ပတ်ပတ်လည်က အင်မော်တယ် ဥပဒေသတွေကို လျစ်လျူရှုပြီး နန်းတော်ထဲကို ဝင်ရောက်သွားခဲ့ပြီ”
ထိုစကားကိုကြားလျှင် လူတိုင်း၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့ကြသည်။
ကျန်းချန်က ဤနေရာတွင် အမှန်တကယ် မရှိတော့ကြောင်း တွေ့ရှိလိုက်ရလျှင် သူတို့သည် အကြီးအကဲယွမ်၏ စကားကို မယုံကြည်၍ မရတော့ပေ။
သို့သော်လည်း သူတို့၏ မျက်နှာထက်တွင်မူ မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သော အမူအရာများ ပြည့်နှက်နေဆဲပင်။
နန်းတော်၏ ပတ်ပတ်လည်တွင် လွှမ်းခြုံထားသည့် အင်မော်တယ် ဥပဒေသများသည် မည်မျှအထိ ကြောက်မက်ဖွယ်ရာကောင်းသည်ကို သူတို့ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်သည်။
အနက်ရောင်ဝတ်စုံဝတ် လူငယ်တွင် ဆန်းကြယ်သောအင်အား ရှိနေလျှင်ပင် ဤအင်မော်တယ် ဥပဒေသများကို လျစ်လျူရှုနိုင်သည့် ကြောက်မက်ဖွယ်စွမ်းအားမျိုး ရှိနေရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ပေ။
ဟောင်နင်းက မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ဟောင်ကွမ်းကို ကြည့်ကာမေးလိုက်သည်။
“ဟောင်ကွမ်း.. အဲဒီကောင်ရဲ့နောက်ခံက ဘာလဲ”
“ကျွန်တော်မသိဘူး သခင်လေး.. မိစ္ဆာနှိမ်နင်းခြင်းအင်မော်တယ်မြို့တော်မှာ ကျွန်တော် သူ့ကို တွေ့တုန်းကတော့ သူက ကောင်းကင်မိစ္ဆာတောင်ရဲ့ သတင်းအချက်အလက်နဲ့ မြေပုံတွေကို လိုက်လံစုံစမ်းနေတာပဲ.. သူက သာမန် ကျင့်ကြံသူတော့ မဟုတ်လောက်ဘူး ထင်လို့ ကျွန်တော်တို့ အဖွဲ့ထဲကို ခေါ်ခဲ့တာပါ”
ဟောင်ကွမ်းက မချိပြုံး ပြုံးကာ ပြောလိုက်သည်။
ကျန်းချန်က ဤမျှလောက်အထိ မွန်းစတားဆန်နေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ပေ။
ဤအရာကိုသာ ကြိုသိခဲ့လျှင် သူ့အနေဖြင့် ကျန်းချန်ကို အဖွဲ့ထဲသို့ ဆွဲသွင်းရန် ကောင်းကင်ဧကရာဇ်နန်းတော်၏ သတင်းဖြင့် ဆွဲဆောင်မိမည် မဟုတ်ပေ။
“သခင်လေးဟောင်နင်း.. အခု အဲဒီကောင်က နန်းတော်ထဲကို ဝင်သွားပြီ ဆိုတော့ နန်းတော်ထဲက အခွင့်အလမ်းတွေ အားလုံးကို သူတစ်ယောက်တည်း သိမ်းပိုက်သွားတော့မှာပဲ”
အစောပိုင်းက ကန့်သတ်ဧရိယာရှိ အင်မော်တယ်ဥပဒေသကို စမ်းသပ်ခဲ့သည့် တလော့အင်မော်တယ်က သခင်လေးဟောင်နင်းကို မေးလိုက်သည်။
“အခုမှတော့ ဘာလုပ်နိုင်ဦးမှာလဲ”
ဟောင်နင်း၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။
“ငါတို့အနေနဲ့ ဒီနေရာက အင်မော်တယ် ဥပဒေသတွေရဲ့ ဖိနှိပ်မှုကို ကျော်ဖြတ်ဖို့ မဖြစ်နိုင်ဘူး.. ဒါကြောင့် အင်မော်တယ်ဥပဒေသတွေကို နားလည် သဘောပေါက်အောင် ဆင်ခြင်ရင်းနဲ့ သူ့ကို စောင့်ဆိုင်းရုံပဲ ရှိတော့တယ်.. အဲဒီကောင် နန်းတော်ထဲက ထွက်လာတဲ့ အခါကျမှပဲ သူ့ဆီက အခွင့်အလမ်းကို ငါတို့တွေ ပြန်လုယူကြတာပေါ့”
------------------
ထျန်းကန်းခန်းမ၏ ပတ်ပတ်လည်တွင် အင်မော်တယ်ဥပဒေသ၏ ဖိနှိပ်မှုမှလွဲ၍ အခြားသော မည်သည့် အကာအကွယ် အတားအဆီးမျှ မရှိပေ။
ကျန်းချန်က အင်မော်တယ် ဥပဒေသ၏ ဖိနှိပ်မှုကို ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို အသုံးပြု၍ ဖယ်ရှားပြီးနောက်တွင် ထျန်းကန်းခန်းမ ထဲသို့ ချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့သည်။
ထျန်းကန်းခန်းမသည် ကောင်းကင်ဧကရာဇ် နန်းတော်၏ ခန်းမ သုံးဆယ့်ခြောက်ခုထဲတွင် ထိပ်တန်း ခန်းမကြီးတစ်ခုဖြစ်၍ ခန်းမ၏ အကျယ်အဝန်းသည် ထျန်းယွမ်ခန်းမထက်ပင် နှစ်ဆမက ပို၍ ကြီးမားသည်။
ထို့အပြင် ထန်းကန်းခန်းမသည် အလွန် ကောင်းမွန်စွာ ထိန်းသိမ်းထား၍ မည်သည့် ပျက်စီးဆုံးရှုံးမှုမျှ ကြီးကြီးမားမား မရှိခဲ့သလိုပင် ဖြစ်နေခဲ့သည်။
ထျန်းကန်းခန်းမသည် မည်သို့ပင် ဖြစ်စေကာမူ အင်မော်တယ်ဧကရာဇ် အုပ်ချုပ်သည့် ဌာနခွဲ ခန်းမတစ်ခု ဖြစ်သဖြင့် ထျန်းကန်းခန်းမ၏ အင်အားသည် ထျန်းယွမ်ခန်းမထက် ဆယ်ဆမက ပို၍ အစွမ်းထက်ပေလိမ့်မည်။
ထိုစဥ်က ထျန်းကန်းခန်းမ၏ အစွမ်းထက် ပုဂ္ဂိုလ်များသည် အဆင့်မြင့် မှော်စွမ်းအား ဥပဒေသများကို အသုံးပြုကာ ထျန်းကန်းခန်းမကို ပြီးပြည့်စုံစွာ ထိန်းသိမ်း စောင့်ရှောက်ခဲ့သည်မှာ ဖြစ်နိုင်ခြေ အလွန်ရှိ၏။
ထျန်းကန်းခန်းမကို ဤမျှအထိ ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ခဲ့၍ ခန်းမထဲတွင် အသက်ရှင်ကျန်ရစ်သူ တချို့ ရှိနေသင့်သော်လည်း ခန်းမထဲတွင် မည်သည့် သက်ရှိအရိပ်အယောင်မျှ ရှိမနေခြင်းမှာ အမှန်တကယ် စဥ်းစားရခက်စရာပင်။
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ထျန်းကန်းခန်းမထဲတွင် လှည့်လည်၍ ရှာဖွေခဲ့သည်။
အလွန်လျင်မြန်စွာပင် ကျန်းချန်သည် အရှေ့ဘက်ရှိ အဆောင်တစ်ခုထဲတွင် လူရိပ် အနည်းငယ်ကို ရှာဖွေတွေ့ရှိခဲ့သည်။
ထိုလူရိပ်များသည် အသက်မရှိဘဲ ရုပ်တုများကဲ့သို့ လှုပ်ရှားဟန် အမျိုးမျိုးဖြင့် မလှုပ်မယှက် မတ်တတ် ရပ်နေကြသည်။
ကျန်းချန်က စူးစမ်းစွာဖြင့် လျှောက်လှမ်းသွားခဲ့သည်။
ထိုလူရိပ်များ၏ ရှေ့မှောက်သို့ ရောက်ရှိလာသည့် အခါတွင် သက်ရှိ အရှိန်အဝါမရှိသည်က လွဲ၍ ခန္ဓာကိုယ် တစ်ခုလုံးက သာမန် လူတစ်ယောက် ကဲ့သို့ပင် ဖြစ်နေခဲ့ပြီး မည်သည့် ကွာခြားချက်မှ မရှိသည်ကို တွေ့ရှိခဲ့ရသည်။
အကြောပိတ် ခံထားရသကဲ့သို့ပင် ၎င်းတို့က ဤနေရာတွင် ကျောက်ရုပ် ကဲ့သို့ ဖြစ်နေခဲ့ကြသည်။
“ဒါက ဘယ်လိုအခြေအနေကြီးလဲဟ”
သူ့ရှေ့မှ အခြေအနေကို မြင်လျှင် ကျန်းချန်သည် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
“ထျန်းကန်းခန်းမထဲက လူတိုင်းက ဒီလိုအခြေအနေမျိုး ဖြစ်သွားကြတာများလား”
ကျန်းချန်က တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား လှည့်ပတ်ကြည့်ရှုခဲ့ရာ အခြေအနေက ကျန်းချန် မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်နေခဲ့ပြီး နေရာတိုင်းနီးပါးတွင် လူရိပ်များ ရှိနေကာ ထိုလူရိပ်များသည် ယခင်က တွေ့ရှိခဲ့သည့် လူရိပ်များနှင့် ထပ်တူနီးပါး တူညီနေကြသည်။
ခန်းမ တစ်ခုလုံးသည် သတ်မှတ်ထားသော အချိန်ကာလတစ်ခုတွင် ရပ်တန့်သွား သကဲ့သို့ ဖြစ်နေခဲ့၏။
ကျန်းချန်၏ စိတ်နှလုံးထဲတွင် ရုတ်တရက် ခံစားချက်တစ်ခု ပေါ်ပေါက်လာခဲ့သည်။
ယင်းမှာ ထျန်းကန်းခန်းမ ထဲမှ လူများသည် အသက်ရှင်နေဆဲ ဖြစ်နိုင်ခြေ အလွန်များပြားသည် ဟူ၍ပင်။
“မင်းရဲ့ခံစားချက်က မမှားဘူး.. ကောင်းကင်ဧကရာဇ်နန်းတော်က တစ်ချိန်က အင်မော်တယ်လောကရဲ့ ခေတ်တစ်ခေတ်ကို အုပ်စိုးခဲ့ဖူးတဲ့ အင်အားစု တစ်စု ဖြစ်တဲ့အတွက် အရမ်းကို လျှို့ဝှက်ဆန်းကြယ်ပြီး အံ့ဩစရာကောင်းတဲ့အင်အားစုပဲ”
ထိုအချိန်တွင် အင်မော်တယ်ကျောက်တိုင် ဝိညာဥ်က လေးနက်စွာ ပြောလိုက်သည်။
“ငါ့ရဲ့ ခန့်မှန်းချက်သာ မမှားရင် မင်း အခုရောက်ရှိနေတဲ့ ခန်းမကို အစွမ်းထက် ကျင့်ကြံသူ တစ်ယောက်က မှော်စွမ်းအားနဲ့ အချိန် ရပ်တန့်ထားပုံပဲ.. ဒါကြောင့်လည်း ခန်းမဆောင် တစ်ခုလုံးထဲမှာရှိတဲ့ အရာအားလုံးက ကောင်းကင်ဧကရာဇ်နန်းတော်ရဲ့ ခေတ်ကာလမှာ ရပ်တန့်နေခဲ့တာ ဖြစ်မယ်”
အခန်း(၂၉၈၀)ပြီး၏။