အခန်း (၂၉၇၃-၂၉၇၄)
Vol. 238 Ch. 2973-2974
အခန်း(၂၉၇၃)
မိစ္ဆာဘုရင်စန်းကျဲ့က သူ့မျက်လုံးကိုပင် ကိုယ်တိုင် မယုံကြည်နိုင်အောင်ဖြစ်နေခဲ့သည်။
ရှေးဟောင်းမိစ္ဆာနန်းတော်၏ အလုံးစုံခွန်အားသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေထက် သိသိသာသာပင် ပို၍ အားကောင်း၏။
မိစ္ဆာဘုရင်စန်းကျဲ့က သူ့အနေဖြင့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်ကို ထိန်းထားနိုင်သရွေ့ ရှေးဟောင်းမိစ္ဆာနန်းတော်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေကို အနိုင်ယူရန်မှာ အလွန် လွယ်ကူသောကိစ္စ ဖြစ်သည်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော်လည်း တကယ့်ရလဒ်က သူစိတ်ကူးထားသည်ထက် လုံးဝ ကျော်လွန်နေမည်ဟု ထင်မထားခဲ့ပေ။
ရှေးဟောင်းမိစ္ဆာနန်းတော်မှ ထိုက်ယီအဆင့် မိစ္ဆာသခင်ငါးပါးနှင့် တလော့အဆင့် မိစ္ဆာသခင် ရာချီက အလျင်အမြန် ရှုံးနိမ့်သွားခဲ့ရသည်။
မိစ္ဆာဘုရင်စန်းကျဲ့သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်နှင့် တိုက်ခိုက်နေစဥ် အတွင်း ဤနေရာ၌ မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို မတွေးတတ်တော့ပေ။
“မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်.. ဒီတစ်ပွဲတော့ မင်းအနိုင်ရသွားတယ်.. မင်းငါ့ကို စောင့်နေပါ.. ငါ အနှေးနဲ့အမြန် မင်းဆီကို စာရင်းလာရှင်းမယ်”
မိစ္ဆာဘုရင်စန်းကျဲ့က မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်ကို အေးစက်စက် တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို မိစ္ဆာအလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ အောက်ဘက်ရှိ တားမြစ်မိစ္ဆာတွင်းနက်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။
တားမြစ်မိစ္ဆာတွင်းနက် ထဲသို့ ထွက်ပြေးသွားသည့် မိစ္ဆာဘုရင်စန်းကျဲ့ကို မြင်သော်လည်း မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်သည် လိုက်လံတားဆီးခြင်း မပြုခဲ့ပေ။
မိစ္ဆာဘုရင်စန်းကျဲ့သည် အလွန်ပင် စွမ်းအားကြီးမားပြီး သူ့အနေဖြင့် စွမ်းအားရှိသမျှ အကုန် ထုတ်သုံးလျှင်ပင် မိစ္ဆာဘုရင်စန်းကျဲ့နှင့် လက်ရည်တူမျှသာ တိုက်ခိုက်နိုင်၏။
မိစ္ဆာဘုရင်စန်းကျဲ့သာ အမှန်တကယ် ထွက်သွားချင်လျှင် တားဆီးနိုင်သည့် စွမ်းရည်မျိုး သူ့တွင် မရှိပေ။
မည်သို့ပင် ဖြစ်စေကာမူ ယခုတစ်ကြိမ်တွင် ထိုက်ယီအင်မော်တယ်အဆင့် ပြိုင်ဘက်ကင်းပါရမီရှင် ကျန်းချန်၏ ကူညီမှုကြောင့် ရှေးဟောင်းမိစ္ဆာနန်းတော်ကို အပြင်းအထန် ထိခိုက်အောင် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ရာ ရှေးဟောင်းမိစ္ဆာနန်းတော်အနေဖြင့် အချိန်တိုအတွင်း မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေကို ကျူးကျော်ဖိနှိပ်နိုင်စွမ်း ရှိတော့မည်မဟုတ်ပေ။
နောက်တစ်ဆင့် အနေဖြင့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်သည် တားမြစ်မိစ္ဆာတွင်းနက်ကို ချိတ်ပိတ်အစီအရင် တည်ဆောက်ကာ မိစ္ဆာဘုရင်စန်းကျဲ့ကို ထိုနေရာတွင် ချိတ်ပိတ်ထားရန်နှင့် ယင်းနောက်တွင် အခြားသော အင်မော်တယ်နယ်မြေများ ဆီသို့ ကိုယ်တိုင် သွားရောက်ကာ အင်မော်တယ်ဘုရင်များကို အကူအညီ တောင်းခံရန် စီစဥ်ထားခဲ့သည်။
အကယ်၍ သူ့အနေဖြင့် သူ့ကို အကူအညီပေးမည့် အင်မော်တယ် ဘုရင်တစ်ပါးကို ရှာဖွေ တွေ့ရှိနိုင်လျှင် တားမြစ်မိစ္ဆာတွင်းနက်၏ အနက်ရှိုင်းဆုံး နေရာ ဆီသို့ ဝင်ရောက်ကာ မိစ္ဆာဘုရင် စန်းကျဲ့ကို အမြစ်ပြတ် သုတ်သင်ချေမှုန်းနိုင်ပေလိမ့်မည်။
ရှေးဟောင်းမိစ္ဆာနန်းတော်နှင့် တိုက်ပွဲ ပြီးဆုံးသွားခဲ့ပြီးနောက်တွင် ကျန်းချန်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် ဆီသို့ တစ်ခေါက် ပြန်လည် ရောက်ရှိလာခဲ့ပြီး မုန့်ချင်းရွှယ် တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
သို့သော်လည်း ရက်ပေါင်းများစွာ ဆက်တိုက် စောင့်ဆိုင်းခဲ့သည့်တိုင် မုန့်ချင်းရွှယ်သည် တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာမည့် အရိပ်အယောင် လုံးဝ မပြသေးပေ။
ကျန်းချန်က မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်တွင် ဆက်လက် မစောင့်ဆိုင်းလိုတော့၍ မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင် ထံသို့ တိုက်ရိုက်ပင်သွားရောက်ရှာဖွေခဲ့သည်။
သူက မြောက်ပိုင်းအေးစက်သောအင်မော်တယ်ဘုရင်ကို လက်သီးဆုပ်၍ ဂါဝရပြုကာ မေးလိုက်၏။
“စီနီယာ.. ချင်းရွှယ်က ဘယ်အချိန်ကျမှ ကျင့်ကြံရာကနေ ထွက်လာမှာလဲ”
“ငါလည်း မသိဘူး”
မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။
“ပုံမှန်အတိုင်းဆိုရင်တော့ ချင်းရွှယ်က အင်မော်တယ်ရေကန် ထဲကနေ ထွက်လာသင့်ပြီ.. ဒါပေမဲ့ တစ်စုံတစ်ရာအပြောင်းအလဲ ဖြစ်သွားပြီး ချင်းရွှယ်က ဆန်းကြယ်တဲ့အခြေအနေ တစ်ခုထဲကို ရောက်ရှိသွားခဲ့တယ်.. ချင်းရွှယ် ဘယ်အချိန်မှာ ပြန်လည်နိုးထလာမလဲ ဆိုတာ ငါလည်းမသိဘူး”
ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ချင်းရွှယ်မှာ အန္တရာယ်တစ်ခုခု ရှိနေလား”
မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်က ပြုံး၍ ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့.. ဒါက ချင်းရွှယ်အတွက် ကောင်းကျိုးပဲဖြစ်စေမှာပါ.. ဆိုးကျိုးမရှိပါဘူး.. ဒီတစ်ကြိမ် ပြန်လည် နိုးထလာတာနဲ့ ချင်းရွှယ်က သေချာပေါက် အသစ်တစ်ဖန် ပြန်လည် မွေးဖွားလာပြီး ကျင့်ကြံခြင်းအဆင့် ခုန်ပေါက် တိုးတက်သွားလိမ့်မယ်”
“ဒါဆို ကူဖုန်းအာကရော.. ချင်းရွှယ်လိုပဲ အင်မော်တယ်ရေကန်ထဲမှာပဲလား”
မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်၏ စကားကိုကြားလျှင် ကျန်းချန်သည် မုန့်ချင်းရွှယ်နှင့်အတူ လိုက်ပါလာခဲ့သည် ကူဖုန်းအာ အကြောင်းကို မမေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
“ပိုင်မင်ချွမ်က ဒီကိစ္စ မင်းကို မပြောပြဘူးလား.. အဲဒီမိန်းကလေးက မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှာ မရှိတော့ဘူးလေ”
မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်က တစ်ခဏမျှ မှင်တက်သွားပြီးနောက် လေးနက်စွာ ပြောလိုက်သည်။
“အဲဒီမိန်းကလေးက သာမန်မဟုတ်ဘူး.. မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ကို သူ ရောက်ပြီး သိပ်မကြာခင်မှာပဲ ကောင်းကင်ဖီးနစ် မျိုးနွယ်စုက အင်မော်တယ်ဘုရင် ကိုယ်တိုင် ရောက်လာပြီး သူ့ကို ခေါ်ဆောင်သွားခဲ့တယ်”
ထိုစကားကိုကြားလျှင် ကျန်းချန် အံ့အားသင့်သွားခဲ့သည်။
မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်က ရှင်းပြလိုက်သည်။
“ကောင်းကင်ဖီးနစ် မျိုးနွယ်စုက အင်မော်တယ်လောကရဲ့ ကောင်းကင်နယ်မြေကြီး လေးခုထဲက တစ်ခု ဖြစ်တဲ့ အသင်္ချေသားရဲ ကောင်းကင်နယ်မြေမှာ ရှိတဲ့ ထိပ်တန်း အင်အားစုတွေထဲက တစ်စုပဲ.. သူတို့ရဲ့ ခွန်အားက ခန့်မှန်းလို့မရလောက်အောင် နက်ရှိုင်းတယ်.. သူတို့က ကူဖုန်းအာကို ခေါ်သွားချင်တယ်ဆိုရင် ငါ့အနေနဲ့ တားဆီးဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး”
ကူဖုန်းအာ၏ ပါရမီသည် မုန့်ချင်းရွှယ်ထက် အနည်းငယ်မျှပင် နိမ့်ကျခြင်းမရှိပေ။
အကယ်၍ ကောင်းကင်ဖီးနစ် မျိုးနွယ်စု၏ ခွန်အားသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်နှင့် သိပ်မကွာခဲ့လျှင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်သည် ကောင်းကင်ဖီးနစ် မျိုးနွယ်စုကို ကူဖုန်းအာအား ခေါ်ဆောင်သွားခွင့် ပြုလိမ့်မည်မဟုတ်ပေ။
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့သည်။
ကောင်းကင်ဖီးနစ် မျိုးနွယ်စုက ကူဖုန်းအာကို ခေါ်ဆောင်သွားခြင်း၏ အကြောင်းအရင်း ဆယ်ပုံကိုးပုံခန့်မှာ ကူဖုန်းအာ၏ သွေးမျိုးဆက်နှင့် သက်ဆိုင်နေပေလိမ့်မည်။
ကူဖုန်းအာသည် အဆင့်နိမ့် စကြဝဠာသို့ ရိုးရှင်းစွာ ရောက်ရှိလာခဲ့ခြင်း မဟုတ်ဘဲ သူမသည် အင်မော်တယ်လောကရှိ ကောင်းကင်ဖီးနစ် မျိုးနွယ်စုမှ ကြီးကျယ်သောပုဂ္ဂိုလ် တစ်ဦး၏ လူဝင်စား ဖြစ်နေရန်ပင် အလွန်တရာ ဖြစ်နိုင်ခြေ ရှိနေခဲ့၏။
ကောင်းကင်ဖီးနစ် မျိုးနွယ်စုက ကူဖုန်းအာကို ဤမျှအထိ ဂရုစိုက်နေသည် ဖြစ်ရာ ကူဖုန်းအာသည် ကောင်းကင်ဖီးနစ်မျိုးနွယ်စု အတွက် သေချာပေါက် အလွန်တရာ အရေးကြီးနေပေလိမ့်မည်။
အင်မော်တယ်လောက၏ မွန်းစတားသဖွယ် ဖြစ်နေသော ကောင်းကင်ဖီးနစ် မျိုးနွယ်စု၏ အထောက်အပံ့အောက်တွင် ကူဖုန်းအာသည် အင်မော်တယ်လောကတွင် မည်သည့်အန္တရာယ်မျိုးနှင့်မှ ကြုံတွေ့ရလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ကူဖုန်းအာ၏ အကြောင်းကို ဆက်လက် မတွေးတော့ချေ။
သူက မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်ကို ကြည့်ကာ ပြောလိုက်သည်။
“စီနီယာ.. ကျွန်တော့်ကို ကောင်းကင်ဧကရာဇ်နန်းတော်နဲ့ ပတ်သက်ပြီး ပြောပြလို့ရပြီလား”
မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်က ခေါင်းညိတ်လိုက်သည်။
“ဒီဘုရင်က ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေကို လှည့်လည်သွားလာရင်း ရှေးဟောင်းအမွေအနှစ် နယ်မြေ တစ်ခုကို မတော်တဆ ရောက်သွားခဲ့တယ်.. အဲဒီနေရာမှာ နန်းတော် တစ်ခုကို တွေ့ရှိခဲ့ပြီး အဲဒါက ကောင်းကင်ဧကရာဇ်နန်းတော်ရဲ့ ဌာနခွဲ ခန်းမတွေထဲက တစ်ခု ဖြစ်နိုင်တယ်လို့ ကောက်ချက်ချနိုင်ခဲ့တယ်”
ထိုစကားကိုကြားလျှင် ကျန်းချန်သည် သူ၏ စိတ်နှလုံးထဲတွင် အတော်လေး ဝမ်းသာသွားခဲ့သည်။
“အဲဒီရှေးဟောင်း အမွေအနှစ်နယ်မြေရဲ့ နေရာကို ပြောပြပေးဖို့ စီနီယာကို တောင်းဆိုပါတယ်”
“မင်းကို ပြောပြဖို့က ဘာပြဿနာမှ မရှိပါဘူး”
မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်က လေးနက်စွာ ပြောလိုက်သည်။
“ဒါပေမဲ့ ကောင်းကင်ဧကရာဇ်နန်းတော်ရဲ့ ဌာနခွဲ ခန်းမက သာမန်မဟုတ်ဘူး အဲဒီအချိန်က ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်က ဟန်ယွင်အဆင့်ကို ရောက်ရှိနေခဲ့တာတောင် အဲဒီအထဲကို ဝင်ရောက်နိုင်ခြင်း မရှိခဲ့ဘူး .. အခု ငါ့အနေနဲ့ အင်မော်တယ်ဘုရင်အဆင့်ကို ထိုးဖောက်နိုင်ခဲ့ပေမဲ့လည်း အဲဒီနေရာကို ဝင်ရောက်နိုင်ဖို့အတွက်တော့ ရေရာမှု မရှိဘူး”
“ကျွန်တော် နားလည်ပါတယ်”
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး စိတ်နှလုံးထဲတွင် အနည်းငယ် မတုန်လှုပ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင် ရှာဖွေတွေ့ရှိခဲ့သည့် ခန်းမသည် ခန်းမသုံးဆယ့်ခြောက်ခု ထဲတွင် အဆင့်အတန်း မြင့်မားသော ခန်းမတစ်ခု ဖြစ်ရန် အလွန်များ၏။
သို့မဟုတ်လျှင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင် အနေဖြင့် ထိုနေရာသို့ မဝင်ရောက်နိုင်စရာ အကြောင်းမရှိပေ။
သို့သော်လည်း ကျန်းချန်က ထိုအရာကို ဂရုမစိုက်ခဲ့ပေ။
သူက ကောင်းကင်ဧကရာဇ် စည်းတံဆိပ် နည်းစနစ်ကို တတ်မြောက်ထားပြီး ကောင်းကင်ဧကရာဇ်နန်းတော်၏ အမွေခံတစ်ဦး ဖြစ်သည်။
ဆိုရလျှင် သူ့အနေဖြင့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင် ထံမှ ခန်းမ၏ တည်နေရာကို ရရှိသရွေ့ ခန်းမဆောင်ထဲကို သေချာပေါက် ဝင်ရောက်နိုင်ပေလိမ့်မည်။
ထိုမှတစ်ဆင့် သူက ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို ထပ်မံ ရရှိလိမ့်မည် ဖြစ်သည်။
မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်က လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ခန်းမနှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို ကျန်းချန်၏ စိတ်အာရုံ ထဲသို့ လွှဲပြောင်းပေးလိုက်သည်။
ထို့နောက်တွင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်က ကျန်းချန်ကို တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။
“ကျန်းချန်.. မင်း မြောက်ပိုင်းအေးစက်သော အင်မော်တယ် နယ်မြေကနေ ထွက်ခွာဖို့ ပြင်နေတာလား”
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ် စီနီယာ . ကျွန်တော့်မှာ အခုထိ ဖြေရှင်းရမဲ့ကိစ္စတချို့ ရှိနေသေးတယ်.. ဒါကြောင့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေမှာ အချိန်အကြာကြီး နေလို့မဖြစ်သေးဘူး”
ထိုစဥ်က ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်မှ ဟန်ယွင်အဆင့် အင်မော်တယ်၏ ကိုယ်ပွား ဖိအားပေးမှုအောက်တွင် သူက ထျန်းယွမ်ခန်းမ ရှိရာသို့ ဝှက်ဖဲကို အသုံးပြု၍ ထွက်ပြေးခဲ့ရသည်။
ဤမျှ နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီးနောက်တွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေထဲမှ တိုက်ပွဲအခြေအနေက မည်ကဲ့သို့ အခြေအနေကို ရောက်ရှိနေပြီမှန်း သူ မသိရသေးပေ။
မုန့်ချင်းရွှယ် အနေဖြင့် တိုတောင်းသော အချိန်ကာလအတွင်း ကျင့်ကြံရာကနေ ထွက်လာရန်မှာ မဖြစ်နိုင်ရာ ကျန်းချန်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေတွင် ဆက်လက် မစောင့်ဆိုင်းလိုတော့ပေ။
ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ၏ ကိစ္စရပ်များကို ဖြေရှင်းပြီးမှသာ မုန့်ချင်းရွှယ်နှင့် ပြန်လည် တွေ့ဆုံရန် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် ဆီသို့ ပြန်လာခဲ့လျှင်လည်း သူ့အတွက် နောက်မကျသေးချေ။
မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်က စကားများစွာ ပြောမနေတော့ဘဲ လေးနက်စွာ ပြောလိုက်သည်။
“ချင်းရွှယ်က မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှာ ရှိနေတဲ့ အတွက် မင်း ဘာမှစိတ်မပူပါနဲ့.. ငါ့ရဲ့ကိုယ်ပွားက သူ့ကို အနီးကပ် စောင့်ကြည့်ပေးနေမှာပါ.. သူ့ကို အနည်းငယ်လောက်တောင် မထိခိုက်စေရဘူး”
“ချင်းရွှယ်ကို စောင့်ရှောက်ပေးတဲ့လအတွက် စီနီယာကို ကျေးဇူးတင်ပါတယ်.. နှုတ်ဆက်ပါတယ် စီနီယာ”
ကျန်းချန်က မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်ကို လက်သီးဆုပ်၍ ဂါဝရပြုလိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်၏ ရှေ့ကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
“ဒီကောင်လေးက တကယ့်ကို အနှိုင်းမဲ့ပါရမီရှင် တစ်ယောက်ပဲ.. နောက်တစ်ကြိမ် ငါတို့ပြန်တွေ့ရင် ဒီကောင်လေးရဲ့ အဆင့်က ငါ့ရဲ့အောက်မှာ ရှိမနေတော့ဘဲ အင်မော်တယ်ဘုရင် အဆင့်ကို တက်လှမ်းသွားနိုင်လောက်ပြီ”
ကျန်းချန် ပျောက်ကွယ်သွားသည့် နေရာကို စိုက်ကြည့်ရင်း မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်၏ နှုတ်ကနေ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင် ထံတွင် အခြားသော ခံစားချက် တစ်ခုလည်း ရှိနေခဲ့၏။
ယင်းမှာ ကျန်းချန်သည် ဤစတုတ္ထခေတ် ကာလအတွင်း ပေါ်ထွန်းလာခဲ့သည့် အဓိကဇာတ်ကောင် ဖြစ်ရန် အလွန်ပင် အလားအလာများပြီး အင်မော်တယ်လောက၏ အနာဂတ်ကံကြမ္မာသည်ပင် ထိုကောင်လေးနှင့် ပတ်သက်မှု ရှိနေပေလိမ့်မည်။
အခန်း(၂၉၇၃)ပြီး၏။
အခန်း(၂၉၇၄)
မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေသည် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ၏ အကျော်ကြားဆုံး ထိပ်တန်းအင်မော်တယ် နယ်မြေကြီးများထဲမှ တစ်ခု ဖြစ်ပြီး ၎င်း၏ ကျော်ကြားမှုသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ၏ အထွတ်အထိပ်ကာလနှင့် နှိုင်းယှဥ်လျှင်ပင် အနည်းငယ်မျှ နိမ့်ကျခြင်းမရှိပေ။
ယင်းအပြင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေသည် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ၏ အရှုပ်ထွေးဆုံးနှင့် အန္တရာယ်အရှိဆုံး အင်မော်တယ်နယ်မြေများထဲမှ တစ်ခု ဆိုလည်းမမှားပေ။
ထိုနယ်မြေသည် စည်းမျဥ်းစည်းကမ်းများ ရှုပ်ထွေးပွေလီပြီး မိစ္ဆာကောင်များ သောင်းကျန်းလွန်းသော နေရာ တစ်ခုလည်းဖြစ်သည်။
သာမန် တလော့အင်မော်တယ်တစ်ပါးပင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေအတွင်း တစ်ကိုယ်တည်း သွားလာခြင်းသည် အလွန်တရာ အန္တရာယ်ကြီးမားသော အခြေအနေတစ်ခု ဖြစ်၏။
ကျန်းချန်က ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေသို့ ပြန်လည် ရောက်ရှိလာသောအခါတွင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေဆီသို့ ပထမဆုံးအကြိမ် အဖြစ် ရောက်ရှိလာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင် သူ့ကို ပေးခဲ့သည့် သတင်းအချက်အလက်အရ ကောင်းကင်ဧကရာဇ်နန်းတော်၏ ခန်းမသည် မိစ္ဆာနှိမ်နင်းခြင်းအင်မော်တယ်နယ်မြေ၏ ကောင်းကင်မိစ္ဆာတောင်ဟု ခေါ်သော နေရာတွင် တည်ရှိနေသောကြောင့်ပင်။
ဤကောင်းကင်မိစ္ဆာတောင်သည် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်တွင် အကြီးမားဆုံး တားမြစ်နယ်မြေ ဖြစ်ပြီး ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ တစ်ခုလုံးတွင်ပင် ထိတ်လန့်ကြောက်မက်ဖွယ် ဂုဏ်သတင်းဖြင့် ကျော်ကြား၏။
ကောင်းကင်မိစ္ဆာတောင်က မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေမှ မိစ္ဆာကောင်များ စတင် မွေးဖွားရာ အရပ်လည်း ဖြစ်သည်။
ရှေးခေတ် ဒဏ္ဍာရီများအရ ကောင်းကင်မိစ္ဆာတောင်မှ မိစ္ဆာကောင်များသည် အင်မော်တယ်လောကကို ဒုက္ခအကြီးအကျယ် ပေးခဲ့သည့် ရှေးဟောင်းမိစ္ဆာနန်းတော်နှင့် ခွဲခြား၍ မရလောက်အောင် နက်နက်ရှိုင်းရှိုင်း ပတ်သက်ဆက်နွှယ်မှု ရှိနေသည်ဟု ဆိုကြ၏။
ခရမ်းရောင်းမီးလျှံ ကောင်းကင်နယ်မြေရှိ ခရမ်းရောင်မီးလျှံ အင်မော်တယ်နန်းတော်သည် တစ်ခါက ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ လက်အောက်ရှိ အင်အားစု အားလုံးကို စုစည်းကာ ကောင်းကင်မိစ္ဆာတောင်ကို အမြစ်ပြတ်ချေမှုန်းရန် ကြိုးပမ်းခဲ့ဖူးသည်။
သို့သော်လည်း မမျှော်လင့်ဘဲ ကောင်းကင်မိစ္ဆာတောင်သည် ဆန်းကြယ်သော စွမ်းအားတချို့၏ ကာကွယ်စောင့်ရှောက်မှုကို ခံထားရ၍ အဆုံးသတ်တွင် ခရမ်းရောင်မီးလျှံ အင်မော်တယ်နန်းတော်သည် ကောင်းကင်မိစ္ဆာတောင်၏ တည်ရှိနေမှုကို ခွင့်ပြုလိုက်ရသည်။
သို့သော်လည်း ခရမ်းရောင်မီးလျှံ အင်မော်တယ်နန်းတော်သည် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေရှိ ထိပ်တန်းအင်မော်တယ်ဘုရင်အဆင့် အင်အားစု ဖြစ်သော မိစ္ဆာနှိမ်နင်းခြင်းအင်မော်တယ်နန်းတော်ကို ကောင်းကင်မိစ္ဆာတောင်မှ မိစ္ဆာကောင်များ အင်မော်တယ်နယ်မြေထဲကို ဝင်ရောက်ကာ သောင်းကျန်းခြင်း မပြုနိုင်ရန်အတွက် စောင့်ကြပ်ခိုင်းခဲ့ရသည်။
ဤကဲ့သို့ ကောင်းကင်မိစ္ဆာတောင်ကို စောင့်ကြပ်ရန်အတွက် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော်သည် ကောင်းကင်မိစ္ဆာတောင်၏ မျက်နှာချင်းဆိုင်ဘက်သို့ တိုက်ရိုက်ပင် ရွှေ့ပြောင်းလာခဲ့ပြီး မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်ကို တည်ဆောက်ခဲ့သည်။
သို့သော်လည်း မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော်၏ စောင့်ရှောက်မှုအောက်တွင် ရှိနေသော်လည်း ကောင်းကင်မိစ္ဆာတောင်မှ မိစ္ဆာကောင်များသည် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော်၏ မျက်စိအောက်ကနေ ထွက်ပြေးလွတ်မြောက်မှုများ ရှိနေဆဲ ဖြစ်ပြီး မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေသည် ထိုမိစ္ဆာကောင်များ၏ ဖျက်ဆီးခြင်းကို မကြာခဏ ခံရလေ့ ရှိသည်။
ကံကောင်းထောက်မစွာဖြင့် ထိုသို့ လွတ်မြောက်လာသော မိစ္ဆာကောင်များသည် ယေဘုယျအားဖြင့် အလွန်အမင်း သန်မာခြင်း မရှိကြ၍ ၎င်းတို့သည် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေကို ကြီးမားသော လှိုင်းဂယက်များ ထစေသည်အထိ မလုပ်ဆောင်နိုင်ခဲ့ကြပေ။
မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်၏ အပြင်ဘက်တွင် ကျန်းချန်သည် သူ့ရှေ့ရှိ ကြီးမား၍ ခမ်းနားလှသော ရှေးဟောင်း မြို့တော်ကြီးကို စိုက်ကြည့်နေခဲ့သည်။
သူ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ယှက်သန်းသွားခဲ့၏။
ဤမြို့တော်သည် ဆန်းကြယ်စွာ တည်ဆောက်ထားသည့် ရှေးဟောင်း မြို့တော်တစ်ခု ဖြစ်ပြီး မြို့တော်တွင် အကာအကွယ်အစီအရင် ထူထပ်စွာ ခင်းကျင်းထားသည်။
မြို့နံရံပေါ်တွင် ဓားရာများနှင့် လှံရာများစွာ ကျန်ရစ်နေရုံသာမက မရေမတွက်နိုင်သော သွေးကွက်များပင် ထင်ကျန်နေခဲ့သည်။
ယင်းအချက်ကပင် ဤမြို့တော်သည် မရေမတွက်နိုင်သော စစ်ပွဲများစွာကို ဖြတ်သန်းခဲ့ရဖူးသည်မှာ သိသာထင်ရှားနေခဲ့၏။
မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်၏ အပြင်ဘက်ရှိ ကောင်းကင်မိစ္ဆာတောင်နှင့် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော် ကြားရှိ ကောင်းကင်ယံတွင် လူရိပ်များစွာသည် အမြဲမပြတ် ပျံသန်းသွားလာနေကြသည်။
မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော်သည် ကောင်းကင်မိစ္ဆာတောင်၏ အပြင်ဘက်တွင် စောင့်ကြပ်နေခြင်း ဖြစ်ပြီး ယင်းမှာ ကောင်းကင်မိစ္ဆာတောင်ထဲမှ မိစ္ဆာကောင်များ ထွက်ပေါ်လာခြင်းကို တားဆီးရန် ဖြစ်သည်။
ထို့အပြင် ကောင်းကင်မိစ္ဆာတောင်မှ မိစ္ဆာအင်အားကို လျော့ပါးစေရန် အတွက် မိစ္ဆာနှိမ်နင်းခြင်းအင်မော်တယ်နန်းတော်သည် သူတို့၏ တပည့်များကို ကောင်းကင်မိစ္ဆာတောင် ထဲသို့ စေလွှတ်ကာ မိစ္ဆာကောင်များအား မကြာခဏ အမဲလိုက်ခိုင်းလေ့ ရှိသည်။
ထိုမျှသာမက မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေမှ ဖြောင့်မတ်မှန်ကန်သော ကျင့်ကြံသူ အများအပြားသည်လည်း ကောင်းကင်မိစ္ဆာတောင်ရှိ မိစ္ဆာကောင်များကို တိုက်ခိုက်ရန်အတွက် မိစ္ဆာနှိမ်နင်းခြင်းအင်မော်တယ်နယ်မြေဆီသို့ လာရောက်လေ့ ရှိကြ၏။
ယင်းအချက်ကြောင့်ပင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေသည် အမြဲတစေ ငြိမ်းချမ်းမှု ရှိခဲ့ပြီး ကောင်းကင်မိစ္ဆာတောင်မှ မိစ္ဆာကောင်များကို မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေထဲသို့ ကျူးကျော် မဝင်ရောက်စေရန် လုပ်ဆောင်နိုင်ခဲ့သည်။
ကျန်းချန်က မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်ကို တစ်ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို အလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲကာ မိစ္ဆာနှိမ်နင်းခြင်းအင်မော်တယ်မြို့တော် ထဲသို့ ဝင်ရောက်သွားခဲ့၏။
သူက မြို့ထဲတွင် ကောင်းကင်မိစ္ဆာတောင်နှင့် ပတ်သက်သည့် သတင်းအချက်အလက် တချို့ကို အရင်စုံစမ်းရန် စီစဥ်ထားခဲ့သည်။
ကောင်းကင်မိစ္ဆာတောင်၏ အသေးစိတ် မြေပုံတစ်ခုကို ရရှိလျှင်မူ အကောင်းဆုံး ဖြစ်၏။
မြေပုံကို ရရှိလျှင် သူက ကောင်းကင်မိစ္ဆာတောင်မှ ကောင်းကင်ဧကရာဇ်နန်းတော်၏ ခန်းမထဲသို့ ဝင်ရောက်ရန် ရည်ရွယ်ထားခဲ့သည်။
မြို့ထဲသို့ ရောက်ရှိသောအခါတွင် ကျန်းချန်သည် မြို့တော်၏ အငွေ့အသက်က အင်မော်တယ်လောကရှိ မည်သည့် အင်မော်တယ်မြို့တော်နှင့် မဆို လုံးဝ ကွဲပြားခြားနားနေသည်ကို သတိပြုမိလိုက်သည်။
ဆိုရလျှင် မြို့တော်အတွင်းရှိ လူအားလုံးသည် အေးစက်သော အရှိန်အဝါများနှင့် သတ်ဖြတ်ခြင်း အရှိန်အဝါများ ပြည့်နှက်နေခဲ့ပြီး မြို့တော် တစ်ခုလုံးတွင် သတ်ဖြတ်ခြင်း အရှိန်အဝါများ လွှမ်းခြုံနေခဲ့သည်။
သို့ရာတွင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်က သတ်ဖြတ်ခြင်း အရှိန်အဝါများဖြင့် ပြည့်နှက်နေသော်လည်း ဤအရာအားလုံးသည် ကောင်းကင်မိစ္ဆာတောင်နှင့် တစ်နှစ်ပတ်လုံး တိုက်ခိုက်နေရခြင်းကြောင့် ဖြစ်၏။
မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်တွင် မိစ္ဆာနှိမ်နင်းခြင်းအင်မော်တယ်နန်းတော်မှ သတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်းများ ရှိသည်။
မည်သူမဆို မြို့ထဲသို့ ဝင်ရောက်လာသည်နှင့် မည်မျှပင် ကြီးမားသော နာကျည်းမှုနှင့် ရန်ငြိုးရန်စများ ရှိနေပါစေ၊ မြို့အတွင်း၌ တိုက်ခိုက်ခြင်းကို လုံးဝတားမြစ်ထားခဲ့သည်။
မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်မှ လူတိုင်းသည် ပြင်ပရန်သူကို တစ်ညီတညွတ်တည်း ရင်ဆိုင်ရမည် ဖြစ်ပြီး လူတိုင်းတွင် ရန်သူတစ်ဦးတည်းသာ ရှိသည်။
ထိုရန်သူမှာ ကောင်းကင်မိစ္ဆာတောင်မှ မိစ္ဆာများပင် ဖြစ်၏။
အကယ်၍ တစ်စုံတစ်ယောက်က မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်တွင် ပြဿနာရှာခဲ့လျှင် ထိုလူက တလော့အင်မော်တယ် ဖြစ်နေလျှင်ပင် မိစ္ဆာနှိမ်နင်းခြင်းအင်မော်တယ်နန်းတော်မှ အင်အားကြီး ပုဂ္ဂိုလ်များ၏ နှိမ်နင်းခြင်းကို ခံရပေလိမ့်မည်။
အကယ်၍ မထီမဲ့မြင် ပြန်လည်ခုခံဝံ့လျှင် နေရာမှာပင် သတ်ဖြတ်ခြင်း ခံရနိုင်၏။
ကျန်းချန်က မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်ထဲတွင် တစ်ခဏမျှ လှည့်လည် ကြည့်ရှုပြီးနောက်တွင် ရတနာမျိုးစုံရောင်းချသည့် ဆိုင်တချို့ ထဲသို့ ဝင်ရောက်ကာ ကောင်းကင်မိစ္ဆာတောင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်နှင့် မြေပုံကို ဝယ်ယူရန် ကြိုးပမ်းခဲ့သည်။
သို့သော်လည်း ဆိုင်နှစ်ဆိုင်တွင် စုံးစမ်းပြီးနောက် ကျန်းချန်သည် သူ့ကို စိတ်ကျေနပ်စေမည့် မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ပေ။
ကျန်းချန်က စိတ်ပျက်လက်ပျက်ဖြင့် ရတနာခန်းမထဲမှ ထွက်ခွာရန် ပြင်ဆင်နေစဥ်မှာပင် ကျန်းချန်၏ နားထဲကို စကားသံတစ်သံ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။
“ဒီကမိတ်ဆွေ.. မင်းလည်း ကောင်းကင်မိစ္ဆာတောင်ကို သွားမယ်ဆိုရင် ငါတို့နဲ့ အတူ လိုက်လာခဲ့ပါလား.. ငါတို့သခင်လေးက အစွမ်းထက်ပုဂ္ဂိုလ်တွေကို စုစည်းနေပြီး ကောင်းကင်မိစ္ဆာတောင်ရဲ့ အနက်ရှိုင်းဆုံး နေရာအထိ သွားဖို့ စီစဥ်ထားတယ်.. ငါတို့နဲ့သာ လိုက်ခဲ့ရင် မြေပုံကို အခမဲ့ ကြည့်ရှုခွင့်ရမဲ့ အပြင် ကောင်းကင်မိစ္ဆာတောင်ထဲမှာ အပြန်အလှန် ကူညီ စောင့်ရှောက်မှုလည်း ရရှိနိုင်လိမ့်မယ်”
ရုတ်တရက် ထွက်ပေါ်လာသော စကားသံကြောင့် ကျန်းချန်တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
လှည့်ကြည့်လိုက်သောအခါ ငွေရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူ့ထံသို့ လျှောက်လှမ်းလာသည့် သန်မာထွားကျိုင်းသော အဘိုးအို တစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုအဘိုးအိုက ရဲရင့်ပြတ်သားသော မျက်နှာနှင့် တောက်ပသော မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားပြီး ငွေရောင်ဆံပင်နှင့်ငွေရောင်မုတ်ဆိတ်များ ရှိကာ ကျင့်ကြံခြင်းအဆင့်သည်လည်း တလော့အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်။
“မလိုပါဘူး”
ကျန်းချန်က ပြတ်ပြတ်သားသားပင် ငြင်းပယ်လိုက်သည်။
သူ့ခရီးစဥ်၏ ရည်ရွယ်ချက်မှာ ကောင်းကင်ဧကရာဇ်နန်းတော်၏ ခန်းမဆီသို့သွားရန် ဖြစ်ပြီး ထိုမှတစ်ဆင့် ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို ရယူရန် ဖြစ်သည်။
ယင်းကြောင့် အခြားသူများနှင့် အတူတူ သွားလာလှုပ်ရှား၍ မလိုအပ်သော ပြဿနာများကို သဘာဝကျစွာပင် မဖိတ်ခေါ်လိုခဲ့ပေ။
“ထပ်မစဥ်းစားတော့ဘူလား မိတ်ဆွေ.. ကောင်းကင်မိစ္ဆာတောင်ထဲက မိစ္ဆာကောင်တွေက အရမ်းကို သောင်းကျန်းလွန်းတယ်.. တကယ်လို့ ကောင်းကင်မိစ္ဆာတောင်ကို ရင်းနှီးကျွမ်းဝင်တဲ့ လမ်းပြသာ မရှိရင် ကောင်းကင်မိစ္ဆာတောင်ထဲမှာ ခြေတစ်လှမ်း ရွှေ့ဖို့တောင် မဖြစ်နိုင်သလောက်ပဲ”
ငွေရောင် ချပ်ဝတ်တန်ဆာဝတ် ကျင့်ကြံသူက လျင်မြန်စွာပင် ဖျောင်းဖျ ပြောဆိုလိုက်သည်။
သူ့ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ အရှိန်အဝါသည် အလွန်ပင် နက်ရှိုင်းပြီး သူကိုယ်တိုင် ပင်လျှင် ခန့်မှန်း၍ မရပေ။
ယင်းကြောင့် ထိုလူငယ်သည် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေရှိ ထိပ်တန်း အင်အားစုတစ်စုစုမှ တလော့အဆင့် ပါရမီရှင်တစ်ဦး ဖြစ်ရန် အလားအလာ အလွန်များနေခဲ့၏။
ဤမျှ ပြိုင်ဘက်ကင်းသော ပါရမီရှင်တစ်ဦးကို ငွေရောင်ချပ်ဝတ်တန်ဆာဝတ် ကျင့်ကြံသူသည် လက်လွှတ်မခံလိုဘဲ သူတို့ အဖွဲ့ထဲသို့ ဆွဲခေါ်လိုနေခဲ့ခြင်း ဖြစ်သည်။
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ထွက်သွားရန် ပြင်လိုက်ဆင်မှာပင် ငွေရောင် ချပ်ဝတ်တန်ဆာဝတ်ကျင့်ကြံသူ၏ စကားသံက ကျန်းချန်၏ နားထဲကို ဝင်ရောက်လာခဲ့သည်။
“ဒီကမိတ်ဆွေ.. ငါတို့ သခင်လေးက ကံကောင်းထောက်မစွာနဲ့ သတင်းတစ်ခုကို ရရှိထားတယ်.. ကောင်းကင်မိစ္ဆာတောင်ထဲမှာ ရှေးဟောင်း အမွေအနှစ်တစ်ခု ရှိနေပြီး ဒီရှေးဟောင်းအမွေအနှစ်က ဒဏ္ဍာရီလာ ကောင်းကင်ဧကရာဇ် နန်းတော်နဲ့ ဆက်စပ်နေတယ်လို့ သိရတယ်.. မိတ်ဆွေအနေနဲ့ အဲဒီနေရာကို တကယ်ပဲ သွားရောက် မစူးစမ်းချင်ဘူးလား”
ငွေရောင် ချပ်ဝတ်တန်ဆာဝတ် ကျင့်ကြံသူ၏ စကားကိုကြားလျှင် ကျန်းချန်၏ ခြေလှမ်းများက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ကောင်းကင်မိစ္ဆာတောင်မှ ကောင်းကင်ဧကရာဇ် နန်းတော်၏ ခန်းမ အကြောင်းကို အခြားသူများလည်း သိရှိနေကြလိမ့်မည်ဟု သူဘယ်လိုမှ မျှော်လင့်မထားခဲ့ပေ။
ကျန်းချန်၏ မျက်ဝန်းများက လင်းလက်သွားခဲ့ပြီး ချာခနဲလှည့်လိုက်ကာ ငွေရောင် ချပ်ဝတ်တန်ဆာဝတ် ကျင့်ကြံသူကို စိုက်ကြည့်၍ မေးလိုက်သည်။
“ကောင်းကင်မိစ္ဆာတောင်မှာ ကောင်းကင်ဧကရာဇ်နန်းတော်ရဲ့ ရှေးဟောင်း အမွေအနှစ် တကယ်ပဲ ရှိနေတာလား”
“သေချာတာပေါ့”
ငွေရောင် ချပ်ဝတ်တန်ဆာဝတ် ကျင့်ကြံသူက ကပျာကယာပြောလိုက်သည်။
“မိတ်ဆွေအနေနဲ့ ငါတို့နဲ့အတူ လိုက်ပါလာဖို့ ဆန္ဒရှိသရွေ့ အခွင့်အရေး တစ်ခုခုကို ရရှိနိုင်ပါလိမ့်မယ်”
“ကောင်းပြီလေ.. ဒါဆို ငါမင်းတို့နဲ့အတူတူ လိုက်ခဲ့မယ်”
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
သူ၏ ကောင်းကင်မိစ္ဆာတောင်သို့ သွားမည့် တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို ရယူရန် အတွက် ဖြစ်၏။
ယခု ငွေရောင် ချပ်ဝတ်တန်ဆာဝတ် ကျင့်ကြံသူတို့အဖွဲ့သည် ကောင်းကင်ဧကရာဇ်နန်းတော်၏ အမွေအနှစ် တည်နေရာကို သိရှိထားခဲ့ပြီ ဖြစ်ရာ ၎င်းတို့နှင့်အတူ လိုက်ပါသွားခြင်းသည် သူ့အတွက် အခက်အခဲများစွာ သက်သာစေနိုင်လိမ့်မည် မဟုတ်ပါလား။
ဤလူစုက သူ့အတွက် လမ်းပြပေးမည့် အတွက်ကြောင့် သူ့အနေဖြင့် ကောင်းကင်ဧကရာဇ် နန်းတော်မှ အခြားသောအခွင့်အလမ်းများကို ၎င်းတို့အား ခွဲဝေပေးနိုင်သော်လည်း အကယ်၍ ထိုလူများကသာ ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို သူနှင့် အပြိုင် လုယူရန် ကြိုးပမ်းလာခဲ့လျှင်မူ သူ့အနေဖြင့် ညှာတာနေလိမ့်မည် မဟုတ်ပေ။
“ဒါဆို မိတ်ဆွေ.. ကျေးဇူးပြုပြီး ငါ့နောက်ကနေ လိုက်ခဲ့ပေးပါ”
ငွေရောင် ချပ်ဝတ်တန်ဆာဝတ် ကျင့်ကြံသူက ထပ်မံ၍ တုံ့ဆိုင်းမနေတော့ဘဲ ကျန်းချန်ကို ဖိတ်ခေါ်ကာ သူတို့အဖွဲ့ စုဝေးရာ နေရာ ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
အခန်း(၂၉၇၄)ပြီး၏။