← Chapters

အခန်း (၂၇၃-၂၇၄)

Vol. 28 Ch. 273-274

အခန်း (၂၇၃-၂၇၄)

Vol. 28 Ch. 273-274

အခန်း (၂၇၃)

တစ်ကမ္ဘာလုံးက အံ့ဩတုန်လှုပ်သွားရပြီး အမေရိကန် စုံစမ်းစစ်ဆေးရေးအဖွဲ့တွေကလည်း NASA ၊ Boeing နဲ့ Lockheed Martin အပါအဝင် ကာကွယ်ရေးစက်မှုလုပ်ငန်းနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေကို တစ်ပြိုင်ထဲ စစ်ဆေးတော့တယ်။

အမေရိကန် စီးပွားရေးဝန်ကြီးဌာနအောက်မှာ ရှိတဲ့ လုပ်ငန်းနှင့် လုံခြုံရေးဗျူရို (BIS) က ဝေဟွာ ၊ TZE၊ Ovo နဲ့ Bifo တို့လို တရုတ်ကုမ္ပဏီတွေက ထုတ်တဲ့ စမတ်ဖုန်းတွေ၊ ဆက်သွယ်ရေးပစ္စည်းတွေနဲ့ အီလက်ထရောနစ် ထုတ်ကုန်တွေ ရောင်းချမှုကို ချက်ချင်း ပိတ်ပင်လိုက်တယ်။

အမေရိကန်တစ်ဝန်းက ဆိုင်တွေမှာ တရုတ်ထုတ်ကုန်တွေ ပျောက်ကွယ်သွားပြီး အွန်လိုင်းရှော့ပင်းမောတွေကလည်း အရောင်းစာမျက်နှာတွေကို ဖြုတ်ပစ်လိုက်ကြတယ်။

စီအိုင်အေ ကလည်း အမေရိကန်ပြည်တွင်းက SuperNano ဖြန့်ဖြူးရေး ကွန်ရက်တွေကို ဝင်ရောက်စီးနင်းရှာဖွေပြီး တရုတ်နိုင်ငံဆီကို ပူးပေါင်းဆောင်ရွက်ပေးဖို့ တရားဝင် တောင်းဆိုချက်တွေ ပို့လိုက်တယ်။

SuperNano ဘက်ကတော့ သူတို့ Chipထည့်မထားပါဘူး၊ ဘာတွေလဲဆိုတာလည်း မသိပါဘူးလို့ ငြင်းပေမဲ့ ဘယ်သူမှ မယုံကြပါဘူး။

SuperNano serverတွေကို သုံးနေတဲ့ တခြားနိုင်ငံတွေကလည်း စစ်ဆေးမှုတွေ ချက်ချင်း လုပ်လာကြတာကြောင့် တရုတ်ကုမ္ပဏီတွေရဲ့ Spy Chip ပြဿနာက နိုင်ငံတကာအဆင့် အငြင်းပွားမှုတစ်ခု ဖြစ်လာခဲ့တယ်။

ကိုရီးယားအစိုးရကလည်း SuperNano serverတွေကို သုံးနေတဲ့ ငွေကြေးကြီးကြပ်ရေးအဖွဲ့နဲ့ ကိုရီးယားစတော့အိတ်ချိန်းတို့ကို စုံစမ်းစစ်ဆေးမှုတွေ စလုပ်တယ်။ သတင်းအချက်အလက် ပေါက်ကြားတာက ပြဿနာဆိုပေမဲ့ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ငွေကြေးအရောင်းအဝယ် ကွန်ရက်တစ်ခုလုံး ရပ်ဆိုင်းသွားနိုင်တာက ပိုပြီး စိုးရိမ်စရာ ဖြစ်နေလို့ပါ။

အမေရိကန် မီဒီယာတွေကလည်း တရုတ်ရဲ့ မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ နည်းပညာခိုးယူမှု ပြဿနာတွေကို နေ့တိုင်းလိုလို ထုတ်လွှင့်နေကြတယ်။

အမေရိကန် အင်တာနက်အသုံးပြုသူတွေကြားမှာလည်း အတော်လေး ဆူညံသွားခဲ့တယ်။

– တရုတ်တွေက ငါတို့ အချက်အလက်တွေကို ဒီလောက်တောင် ခိုးနေခဲ့တာလား။

– ဒါဆို ကျိုးမော်တာက CarOS နည်းပညာကို ကူးချထားတယ်ဆိုတာ တကယ်ပေါ့။

– သူတို့ မကူးချတာ ဘာရှိလို့လဲ။

– တရုတ်က အမေရိကန်ကို အရူးလုပ်နေတာပဲ။

– တရုတ်ပစ္စည်းတွေ လုံးဝမသုံးကြနဲ့။

– ဒီအတိုင်း လွှတ်ထားလို့ မရတော့ဘူး။ တရုတ်ကို ထိန်းချုပ်ရမယ်။

– အခြေအနေတွေ ဒီလောက်ဆိုးလာတဲ့အထိ နိုင်ငံရေးသမားတွေ ဘာလုပ်နေကြလဲ။

– သမ္မတ ရိုနယ် တစ်ယောက်ပဲ အားကိုးစရာ ရှိတယ်။

– သမ္မတ ရိုနယ်ကို ထောက်ခံကြ။

ရိုနယ်က တရုတ်နိုင်ငံကို ပြင်းပြင်းထန်ထန် သတိပေးလိုက်တယ်။

"တရုတ်ဟာ ငါတို့ရဲ့ သတင်းအချက်အလက်တွေနဲ့ နည်းပညာတွေကို ခိုးယူပြီး ချမ်းသာလာတာပဲ ဖြစ်တယ်။ ငါတို့က ဒါကို ဘယ်လောက်အထိ ဆက်ပြီး သည်းခံနေရမှာလဲ။ အမေရိကန်ကို အရူးလို ဆက်ဆံတဲ့ နိုင်ငံဆီက ပစ္စည်းတွေကို ငါတို့ ဝယ်စရာမလိုဘူး။ ဒီကိစ္စကို သေသေချာချာ စုံစမ်းစစ်ဆေးပြီး သူတို့မှာ တာဝန်ရှိကြောင်း ဖော်ထုတ်ကာ နစ်နာကြေးတွေ တောင်းဆိုသွားမယ်။ တကယ်လို့ တရုတ်ဘက်က ပူးပေါင်းဆောင်ရွက်ခြင်း မရှိရင် တရုတ်ထုတ်ကုန်တွေ အမေရိကန်မြေကို ခြေချခွင့် ရတော့မှာ မဟုတ်ဘူး"

ဒီကိစ္စမှာတော့ ရီပတ်ဘလစ်ကန်ရော ဒီမိုကရက်ပါ သဘောထားချင်း တိုက်ဆိုင်ကြပါတယ်။

တရုတ်နိုင်ငံကတော့ အမေရိကန်ရဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်တွေကို လုံးဝငြင်းဆိုပြီး ဘယ်စုံစမ်းစစ်ဆေးမှုမှာမှ ပူးပေါင်းမှာမဟုတ်ဘူးလို့ ကြေညာလိုက်တယ်။ တကယ်တော့ အမေရိကန်ရဲ့ တောင်းဆိုချက်က တရုတ်အမြင်နဲ့ဆို လက်ခံနိုင်စရာ မရှိဘူးလေ။

စုံစမ်းစစ်ဆေးမှု ခံယူရမယ်ဆိုတာ အမေရိကန် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေက တရုတ်ကုမ္ပဏီတွေရဲ့ အဓိကနည်းပညာတွေကို နှိုက်နှိုက်ချွတ်ချွတ် ကြည့်ရှုစစ်ဆေးတာကို ခွင့်ပြုရမှာပါ။ ဒါတင်မကဘဲ နည်းပညာခိုးယူမှုရဲ့ နောက်ကွယ်မှာ တရုတ်အစိုးရ ရှိနေတယ်ဆိုတာ ပေါ်သွားရင် နိုင်ငံတကာရဲ့ ပြစ်တင်ရှုတ်ချမှုကို ခံရတော့မှာလေ။

ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး လီရွှဲ့ဝေက မီဒီယာတွေကို ပြောလာတယ်။

"တရုတ်အစိုးရနဲ့ လုပ်ငန်းတွေဟာ နိုင်ငံခြားကုမ္ပဏီတွေရဲ့ မူပိုင်ခွင့်ကို ဘယ်တုန်းကမှ မချိုးဖောက်ခဲ့ပါဘူး။ SuperNano ရဲ့ ထုတ်လုပ်မှု လုပ်ငန်းစဉ်မှာလည်း ဘာပြဿနာမှ မရှိခဲ့ပါဘူး။ Spy Chipက ဘယ်လိုနည်းနဲ့ ပါလာလဲဆိုတာကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။ မသေချာသေးတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး တရုတ်ထုတ်ကုန်တွေကို အကောက်ခွန် စည်းကြပ်တာက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ရဲ့ စည်းမျဉ်းတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာပါပဲ။ တကယ်လို့ အမေရိကန်က ဒါကို ဆက်လုပ်မယ်ဆိုရင် တရုတ်အနေနဲ့လည်း အမျိုးသား အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် တန်ပြန်အရေးယူတာတွေ မတတ်သာဘဲ လုပ်ရပါလိမ့်မယ်"

တရုတ်က အမေရိကန်ရဲ့ ဖိအားကို ပြတ်ပြတ်သားသား တုံ့ပြန်နေပေမဲ့ နောက်ကွယ်မှာတော့ စေ့စပ်ညှိနှိုင်းဖို့အတွက် အစွမ်းကုန် ကြိုးစားနေတာပါ။

ဒါကို သက်သေပြဖို့အတွက် သူတို့က အမေရိကန်ရဲ့ ရှေးလ်ဂက်စ် နဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေ တင်သွင်းမှုကို တိုးမြှင့်ဖို့ အစီအစဉ်တွေကို ရုတ်တရက် ပြန်လည်သုံးသပ်လာကြတယ်။

ပညာရှင်တွေကလည်း ကုန်သွယ်ရေးစစ်ပွဲက နှစ်နိုင်ငံလုံးကို ထိခိုက်စေနိုင်တာကြောင့် အခြေအနေတွေ အစွန်းမရောက်ခင် သင့်တော်တဲ့ အဆင့်တစ်ခုမှာပဲ စေ့စပ်သွားကြလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြတယ်။

ဒါပေမဲ့ ဒါက ရိုနယ်ရဲ့ အကြောင်းကို သေသေချာချာ မသိကြလို့ ပြောနေကြတာပါ။

[(သတင်းထူး) အမေရိကန်က ဒေါ်လာ သန်း ၅သောင်း တန်ဖိုးရှိတဲ့ တရုတ်သွင်းကုန် အမျိုးအမည် ၉၀၀ ကျော်အပေါ် အကောက်ခွန် ၂၅ ရာခိုင်နှုန်း ထပ်မံစည်းကြပ်]

[(အရေးကြီး) အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ စတင်ပြီ]

[တရုတ်ရဲ့ တုံ့ပြန်မှုက ဘာဖြစ်မလဲ]

[တရုတ်က အမေရိကန်ရဲ့ စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက်မလား]

[ကမ္ဘာ့စီးပွားရေးမှာ ကာကွယ်ရေးဝါဒတွေ ပိုပြီး ပြင်းထန်လာမလား]

မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ အခြေအနေက တကယ်ဖြစ်လာတဲ့အခါ ကမ္ဘာကြီးတစ်ခုလုံး အံ့ဩသွားရတယ်။

တရုတ်ကလည်း ချက်ချင်းပဲ တန်ပြန်တိုက်ခိုက်တဲ့အနေနဲ့ ဒေါ်လာ သန်း ၅သောင်း တန်ဖိုးရှိတဲ့ အမေရိကန် သွင်းကုန်တွေအပေါ် တူညီတဲ့ အကောက်ခွန်တွေ ချက်ချင်း စည်းကြပ်လိုက်တယ်။

"အမေရိကန်က အကောက်ခွန် စည်းကြပ်ရင် ငါတို့လည်း စည်းကြပ်ရမှာပဲ။ ဒါက တရုတ်နိုင်ငံရဲ့ ရှင်သန်ရပ်တည်ရေး ကိစ္စပဲ"

ရိုနယ်က လှောင်ရယ်လိုက်တယ်။

"တရုတ်က သူတို့ရဲ့ အမှားကို ဝန်မခံဘဲ အမေရိကန်ကိုပဲ လာပြီး အပြစ်တင်နေတယ်။ အခုတော့ အမေရိကန်ကို အထင်သေးခဲ့တဲ့အတွက် ပေးဆပ်ရတော့မှာပါ"

တရုတ်က အကောက်ခွန် စည်းကြပ်ပြီး နှစ်ရက်အကြာမှာတင် ရိုနယ်က တရုတ်သွင်းကုန် နောက်ထပ် ဒေါ်လာ သန်း ၂သိန်းဖိုးအပေါ် အကောက်ခွန်တွေ ထပ်ပြီး စည်းကြပ်လိုက်ပြန်တယ်။

"ဒါက အဆုံးသတ် မဟုတ်သေးဘူး၊ နမူနာပြသရုံပဲ ရှိသေးတယ်။ တကယ်လို့ တရုတ်က စုံစမ်းစစ်ဆေးမှုကို ဆက်ပြီး ငြင်းဆန်နေဦးမယ်ဆိုရင် ကျန်ရှိနေတဲ့ ဒေါ်လာ သန်း ၂၅၀,၀၀၀ဖိုးအပေါ်မှာပါ အကောက်ခွန်တွေ ထပ်ပြီး စည်းကြပ်သွားမယ်"

ဒါက တရုတ်ထုတ်ကုန် အားလုံးအပေါ် အကောက်ခွန် စည်းကြပ်လိုက်တာနဲ့ အတူတူပါပဲ။ သူက အကောက်ခွန်နှုန်းထားကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်မယ်လို့တောင် ကြေညာခဲ့သေးတာပါ။

ဒီလိုဆိုရင် တရုတ်ထုတ်ကုန်တွေက ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်း လုံးဝ ပျောက်ဆုံးသွားပါတော့မယ်။

ဒါပေမဲ့လည်း အမေရိကန်လည်း ထိခိုက်မှုတွေ ရှိပါတယ်။ အကောက်ခွန်တွေကြောင့် တရုတ်ကုန်ပစ္စည်းတွေ ဈေးနှုန်း အဆမတန် မြင့်တက်လာတဲ့အတွက် ကုန်ဈေးနှုန်း ကြီးမြင့်မှုကတော့ ရှောင်လွှဲလို့ ရမှာမဟုတ်ပါဘူး။

ဒါပေမဲ့ ရိုနယ်ကတော့ ဂရုမစိုက်တဲ့ အမူအရာပါပဲ။ စီးပွားရေးက ကောင်းမွန်နေပြီး အလုပ်သမားတွေရဲ့ ဝင်ငွေကလည်း တိုးတက်နေတာကြောင့် ကုန်ဈေးနှုန်း နည်းနည်းလောက် တက်တာကိုတော့ ထိန်းချုပ်နိုင်တယ်လို့ ယူဆထားပုံရတယ်။

"တရုတ်အစိုးရက အမျိုးသား အကျိုးစီးပွားကို ကာကွယ်သွားမှာပါ"

တရုတ်ကလည်း အမေရိကန်လိုပဲ ပဲတီစိမ်းနဲ့ ပြောင်းဖူးတွေကို အဓိက ပစ်မှတ်ထားပြီး ထပ်မံ အကောက်ခွန် စည်းကြပ်ကာ တုံ့ပြန်ခဲ့တယ်။

ဒါက ရတ်စ်ဘဲ နဲ့အတူ ရိုနယ်ရဲ့ အဓိက ထောက်ခံမှု အခြေစိုက်စခန်းလို့ ယူဆရတဲ့ ဖန်းဘဲကို တိုက်ရိုက် ပစ်မှတ်ထား တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။

ရိုနယ်က တခြားအစီအစဉ်တွေကို ဖျက်သိမ်းပြီး မြောက်ဒါကိုတာဆီ ချက်ချင်း လေယာဉ်စီးသွားခဲ့တယ်။ ဒီပြည်နယ်က ထွက်တဲ့ ပဲတီစိမ်း ထုတ်လုပ်မှုရဲ့ တစ်ဝက်ကျော်က တရုတ်နိုင်ငံဆီကို တင်ပို့နေရတာလေ။

"တရုတ်က အမေရိကန် လယ်သမားတွေကို မရိုးသားတဲ့ နည်းလမ်းတွေနဲ့ တိုက်ခိုက်နေတာပါ။ ခင်ဗျားတို့က ကျွန်တော့်ရဲ့ အားကောင်းတဲ့ ထောက်ခံသူတွေမှန်း သူတို့ သိနေလို့ပဲ။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ကျွန်တော်တို့ နောက်ထပ် နည်းနည်းလောက်ပဲ သည်းခံလိုက်ရင် ကျွန်တော်တို့ အနိုင်ရမှာပါ"

အဲဒီနောက် သူက လယ်သမားတွေကို နှစ်သိမ့်ဖို့အတွက် ဒေါ်လာ သန်း ၁၅၀၀၀ တန်ဖိုးရှိတဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေး အစီအစဉ်ကို ပြင်ဆင်ပေးခဲ့တယ်။

အမေရိကန် လယ်သမားတွေရဲ့ ထိခိုက်မှုက တစ်ဆင့် တရုတ်ပြည်က သာမန်ပြည်သူတွေကိုပါ သက်ရောက်သွားခဲ့တယ်။

ပဲတီစိမ်းနဲ့ ပြောင်းဖူးတွေကို မွေးမြူရေးအစာတွေနဲ့ ပဲဆီထုတ်လုပ်ဖို့အတွက် ကုန်ကြမ်းအဖြစ် သုံးကြတာပါ။ အကောက်ခွန်ကြောင့် ပဲတီစိမ်း ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတဲ့အခါ ဝက်သားနဲ့ ပဲဆီဈေးနှုန်းတွေလည်း လိုက်ပြီး တက်လာခဲ့တယ်။

ဝက်သားနဲ့ ပဲဆီဆိုတာ တရုတ် အစားအစာတွေမှာ မရှိမဖြစ် လိုအပ်တဲ့အရာတွေပါပဲ။ ဒါပေမဲ့ အမေရိကန်က တင်သွင်းမှုတွေ လျော့နည်းသွားပြီး ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် တရုတ်ပြည်တွင်းမှာ စားသောက်ကုန် ဈေးနှုန်းတွေ အဆမတန် မြင့်တက်သွားခဲ့ရတယ်။

စင်ပြိုင်အာဏာကြီး နိုင်ငံနှစ်ခုက အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေကြတဲ့အတွက် တခြားနိုင်ငံတွေနဲ့ လုပ်ငန်းတွေကလည်း ကြားညှပ်ပြီး ဒုက္ခရောက်ရမလားဆိုပြီး စိုးရိမ်နေကြတယ်။

တခြားနိုင်ငံတွေရဲ့ စိုးရိမ်မှုနဲ့ ပတ်သက်ပြီး ရိုနယ်က ပြတ်ပြတ်သားသား ပြောလိုက်တယ်။

"အမေရိကန်ရဲ့ ကုန်သွယ်ရေးစစ်ပွဲ ပစ်မှတ်က တရုတ်နိုင်ငံတစ်ခုထဲပဲ ဖြစ်တယ်"

သူက အာရှနဲ့ ဥရောပက တင်သွင်းမှုတွေကိုလည်း တိုးမြှင့်သွားမယ်လို့ ကြေညာခဲ့တယ်။ ဒါကြောင့်မလို့ တခြားနိုင်ငံတွေက အခြေအနေကို စောင့်ကြည့်တဲ့ သဘောပဲ ထားရှိကြတော့တယ်။

ကမ္ဘာကြီးတစ်ခုလုံးက စီးပွားရေး ကွန်ရက်တစ်ခုထဲနဲ့ ချိတ်ဆက်နေတာကြောင့် ကုန်သွယ်ရေးစစ်ပွဲက အားလုံးကို ထိခိုက်စေမှာ အမှန်ပါပဲ။ ဒါပေမဲ့ ဘယ်ဘက်က ပိုပြီး ဆုံးရှုံးမှုကြီးမလဲဆိုတာကတော့ ရှင်းနေတာပဲလေ။

ပညာရှင် အများစုကတော့ တရုတ်နိုင်ငံက အမေရိကန်ထက် ပိုပြီး ဆုံးရှုံးမှု ကြီးမားလိမ့်မယ်လို့ သုံးသပ်ကြတယ်။

ဒါက တရုတ်ရဲ့ အမေရိကန်ဆီ တင်ပို့မှုက အမေရိကန်ရဲ့ တရုတ်ဆီ တင်ပို့မှုထက် နှစ်ဆကျော် ပိုမိုများပြားနေလို့ပါပဲ။ ဒါတင်မကဘဲ အမေရိကန်က အကောက်ခွန်တင်မကဘဲ တရုတ်ရဲ့ နည်းပညာမြင့် စက်မှုလုပ်ငန်းတွေအပေါ်မှာပါ ဘက်စုံ ပိတ်ဆို့အရေးယူမှုတွေ စတင်ခဲ့တယ်။

ထုတ်လုပ်မှု ပစ္စည်းကိရိယာတွေ တင်ပို့ခွင့် ပိတ်ပင်တာ၊ နည်းပညာ လွှဲပြောင်းမှုကို ကန့်သတ်တာ၊ ပေါင်းစည်းဝယ်ယူမှု ခွင့်ပြုချက်တွေကို ငြင်းပယ်တာ စတာတွေပေါ့။

ဒါကြောင့်မလို့ပဲ တရုတ်ရဲ့ Semiconductor ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အားလုံး ရပ်တန့်သွားခဲ့ရပြီး ဝေဟွာ၊ TZE နဲ့ Xiaomi တို့လို ကုမ္ပဏီတွေက အမေရိကန် Startup တွေကို ပေါင်းစည်းဝယ်ယူဖို့ ကြိုးစားမှုတွေလည်း လုံးဝ ရပ်ဆိုင်းသွားခဲ့ရတယ်။

ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး လီရွှဲ့ဝေက ဒေါသတကြီး တုံ့ပြန်လာတယ်။

"တရုတ်နိုင်ငံကို နည်းပညာ မဖွံ့ဖြိုးအောင် တားဆီးနေတာလား။ ဆင်းရဲတဲ့ နိုင်ငံတွေက အမြဲတမ်း ဆင်းရဲနေရမှာလား"

သမ္မတ ကျန်းဖင်ဟွာကလည်း နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုလာခဲ့တယ်။

"ကမ္ဘာကြီးဟာ လွတ်လပ်စွာ ကုန်သွယ်မှုကတစ်ဆင့် ငြိမ်းချမ်းရေးနဲ့ သာယာဝပြောမှုကို ခံစားခဲ့ရတာပါ။ ကုန်သွယ်ရေးစစ်ပွဲက ဘက်ပေါင်းစုံကို ဆုံးရှုံးမှုနဲ့ နာကျင်မှုတွေပဲ ပေးပါလိမ့်မယ်။ ဒါကို ချက်ချင်း ရပ်တန့်ရပါမယ်"

ဒါက ပြန်တွေးကြည့်ရင် တော်တော်လေး ရယ်စရာကောင်းတဲ့ အခြေအနေပါ။

မူလက အမေရိကန်က လွတ်လပ်စွာ ကုန်သွယ်မှုကို အလေးပေးပြီး နီယိုလစ်ဘရယ်ဝါဒ နဲ့ Globalizationကို ထောက်ခံခဲ့တာ ဖြစ်ပြီး တရုတ်နိုင်ငံကတော့ ကာကွယ်ရေး ကုန်သွယ်မှု မူဝါဒတွေနဲ့ ကြီးထွားလာခဲ့တာပါ။

ဒါပေမဲ့ အခုတော့ သူတို့က နေရာချင်း အလျင်အမြန်လဲလိုက်ကြပြီး ဆန့်ကျင်ဘက် အငြင်းပွားမှုတွေကို ပြုလုပ်နေကြတာလေ။

နိုင်ငံတကာ အသိုင်းအဝိုင်း အများစုကတော့ တရုတ်က ဒီလိုမျိုး စကားတွေကို ပြောပိုင်ခွင့် ရှိလို့လားဆိုပြီး မယုံကြည်နိုင် ဖြစ်နေကြတယ်။ တကယ်တော့ တရုတ်ကိုယ်တိုင်က နိုင်ငံရေး ဒါမှမဟုတ် စစ်ရေး ပြဿနာတွေ ပေါ်ပေါက်လာတိုင်း ကုန်သွယ်ရေး ကန့်သတ်မှုတွေနဲ့ အမြဲတမ်း တုံ့ပြန်ခဲ့တဲ့ နိုင်ငံပါ။

ဂျပန်နဲ့ ဆန်ကာကုကျွန်းစု အငြင်းပွားမှု ဖြစ်ပွားခဲ့စဉ်က သူတို့က မြေရှား တင်ပို့မှုကို ပိတ်ပင်ခဲ့ဖူးသလို တရုတ် အတိုက်အခံ လျိုရှောင်ပို နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့စဉ်ကလည်း ဆန္ဒပြတဲ့အနေနဲ့ နော်ဝေ ဆယ်လ်မွန်ငါး တင်သွင်းမှုကို လျှော့ချခဲ့ဖူးတယ်။ ဖိလစ်ပိုင်နဲ့ အငြင်းပွားမှု ဖြစ်ပွားခဲ့စဉ်ကလည်း ဖိလစ်ပိုင် ငှက်ပျောသီးနဲ့ သစ်သီးဝလံတွေအပေါ် ရောဂါပိုးမွှား စစ်ဆေးမှုကို တင်းကြပ်ခဲ့ဖူးသေးတယ်။

သုတေသန ပြုချက်တွေအရ နိုင်ငံတစ်ခုခုရဲ့ ခေါင်းဆောင်က ဒလိုင်းလားမားနဲ့ တွေ့ဆုံခဲ့ရင် အဲဒီနိုင်ငံရဲ့ တရုတ်ဆီ တင်ပို့မှုက လျော့နည်းသွားလေ့ ရှိတယ်လို့ သိရပါတယ်။

ဒါက နိုင်ငံကြီးတစ်ခုရဲ့ လုပ်ရပ်နဲ့ မလိုက်ဖက်အောင် သေးသိမ်ပြီး မရိုးသားတဲ့ နည်းလမ်းတွေပါ။ ခံရတဲ့ နိုင်ငံတွေဘက်ကလည်း ထိရောက်တဲ့ တုံ့ပြန်မှုမျိုး မလုပ်နိုင်ခဲ့ကြဘူး။

ဒါပေမဲ့ အခု သူတို့ကိုယ်တိုင် ကုန်သွယ်ရေး ပိတ်ဆို့မှုကို ခံရတဲ့အခါကျမှ လွတ်လပ်စွာ ကုန်သွယ်မှုကို ကာကွယ်သူတွေလိုမျိုး ရုတ်တရက် ဟန်ဆောင်နေကြတာလေ။

တရုတ်ရဲ့ ကုန်သွယ်ရေး ပိတ်ဆို့မှုကို ခံခဲ့ရဖူးတဲ့ နိုင်ငံတွေ၊ အထူးသဖြင့် မကြာသေးမီကတင် ခံခဲ့ရတဲ့ ကိုရီးယားနိုင်ငံကတော့ မယုံနိုင်စရာ ဖြစ်နေပါတယ်။

– သူတို့တွေ ကိုရီးယားကိုကျတော့ အနိုင်ကျင့်ခဲ့ပြီး အခု အမေရိကန်ဆီက ခံရတော့မှ သနားစရာကောင်းအောင် ဟန်ဆောင်နေတာလား။

– တရုတ်ရဲ့ စံနှစ်မျိုးကတော့ လွန်ရောပဲ။

– ဒါနဲ့ လီရွှဲ့ဝေ ပြောနေတာတွေက အဓိပ္ပာယ်မရှိလိုက်တာ။ နည်းပညာ မဖွံ့ဖြိုးအောင် တားဆီးတာ မဟုတ်ဘူး၊ ကူးချတာကို ရပ်ခိုင်းတာလေ။ သူတို့က မကူးချဘဲ နည်းပညာ မဖွံ့ဖြိုးနိုင်ကြဘူးလား။

– တရုတ်လည်း အမေရိကန်ဆီက အကြီးအကျယ် ခံရတော့ ဘာမှမတတ်နိုင်တော့ဘူးပဲ။

– ဆက်လုပ်ပါ။ ရိုနယ်။ ခင်ဗျား တော်တော်လေး ကောင်းကောင်း လုပ်နေတာပဲ။

– တရုတ်ပြည်ကတော့ အခု ပရမ်းပတာ ဖြစ်နေပြီ။ ကုန်ဈေးနှုန်းတွေ တက်ပြီး ယွမ်ငွေတန်ဖိုးကလည်း ထိုးဆင်းနေတယ်။ နောက်ထပ် အိမ်ခြံမြေ လုပ်ငန်းတွေပါ ပျက်စီးတော့မှာလား။

– တရုတ်ထုတ်ကုန်တွေကို သပိတ်မှောက်ကြစို့။ ဒါကြောင့်မလို့ပဲ ငါက ဘယ်လောက်ပဲ ဈေးပေါပေါ တရုတ်ဖုန်းတွေကိုမသုံးဘဲ Nphone ကိုပဲ သုံးတာ။

– အာ… အဲဒါလည်း တရုတ်ထုတ်ပဲလေ။ Nphone ကို တရုတ်မှာ ထုတ်လုပ်တာဆိုတာ မသိဘူးလား။

– ပြီးတော့ ငါတို့ဆီကို ဖုန်မှုန့်တွေ လွှတ်နေတာလည်း ရပ်ကြဦး။

– ဒါနဲ့ ပြန်တွေးကြည့်ရင် ဒါတွေ အားလုံးက ကန်ဂျင်ဟူဆီကနေ စတင်ခဲ့တာ မဟုတ်လား။

– သူတို့က CarOS နည်းပညာကို ခိုးယူခဲ့လို့ အခု နိုင်ငံတစ်ခုလုံး ဒုက္ခရောက်နေရတာပဲ။

– ကန်ဂျင်ဟူရဲ့ သေးငယ်တဲ့ နှင်းဘောလုံး အကျိုးသက်ရောက်မှု (Snowball Effect)ပေါ့လေ။

– ကန်ဂျင်ဟူကြောင့် တရုတ်ပြည်ကတော့ လုံးဝ သွားပြီပဲ။

– ငါသာ ကျန်းဖင်ဟွာဆိုရင် ကန်ဂျင်ဟူကို သတ်ပစ်ချင်စိတ် ပေါက်နေလိမ့်မယ်။

– ဟုတ်ပ။ သူတို့တွေ ဘာလို့ ကန်ဂျင်ဟူကို သွားပြီး ပြဿနာရှာခဲ့ကြတာလဲ။

– အာ… ဒါက တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းပြီး အတော်လေး ကြည့်လို့ကောင်းတယ်။

ကုန်သွယ်ရေးစစ်ပွဲက ဘယ်လောက်အထိ ဆက်ပြီး ဖြစ်ပွားနေဦးမလဲဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းကို ရိုနယ်က ပြန်ဖြေခဲ့တယ်။

"ဒီကစားပွဲကို အဆုံးသတ်ဖို့ ရိုးရှင်းတဲ့ နည်းလမ်းတစ်ခု ရှိပါတယ်။ တရုတ်က အမေရိကန်ရဲ့ တောင်းဆိုချက်တွေကို လက်ခံလိုက်ရုံပါပဲ။ ဒါပေမဲ့ တရုတ်က ဘာလို့ ဒီလိုမျိုး ရိုးရှင်းတဲ့အရာကို မလုပ်နိုင်ရတာလဲ။ ဘာလို့လဲ"

အာဏာကြီး နိုင်ငံနှစ်ခုကြားက ကုန်သွယ်ရေးစစ်ပွဲကို သူက 'ကစားပွဲ' ဆိုတဲ့ စကားလုံးတစ်လုံးထဲနဲ့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့တာပါ။ ပြီးတော့ ရိုနယ်က ဘယ်ကစားပွဲမှာမှ မရှုံးဖူးတဲ့ လောင်းကစားသမားတစ်ယောက်လေ။

ကုန်သွယ်ရေးစစ်ပွဲ ပြင်းထန်နေတဲ့ အချိန်မှာတင် ဥက္ကဋ္ဌ လင်ဂျင်ယုံက အမေရိကန်ဆီကို လေယာဉ်စီးကာ ရောက်ရှိလာခဲ့တယ်။

သူက သဘောကျတဲ့ အမူအရာနဲ့ ပြောလာတယ်။

"မင်း တကယ်ကို အပြင်းအထန် ထိုးနှက်လိုက်တာပဲ။ ဒါကို ဘယ်လိုမျိုး ရှာတွေ့ခဲ့တာလဲ"

"ကံကောင်းသွားလို့ပါပဲ။ ဒါထက် ဆိုဆောင်း အီလက်ထရောနစ်ရဲ့ အခြေအနေကော ဘယ်လိုလဲ"

"လောလောဆယ်တော့ တရုတ်ရဲ့ အရေးယူဆောင်ရွက်မှုတွေ ရပ်ဆိုင်းသွားပါပြီ"

တရားဝင် ထုတ်ပြန်ချက် မရှိပေမဲ့ တရုတ်က ဆိုဆောင်း အီလက်ထရောနစ်နဲ့ အွန်ဆောင်း မော်တာတို့အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို တိတ်တဆိတ် ရုပ်သိမ်းပေးခဲ့တယ်။

အမေရိကန်နဲ့ အငြင်းပွားမှုမှာ သူတို့ဘက်က အခြေအနေ မကောင်းဖြစ်နေပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကို ကုန်သွယ်ရေး ပိတ်ဆို့မှုတွေ ရပ်တန့်ပေးဖို့ တောင်းဆိုနေရတဲ့ အခြေအနေမှာ တခြားနိုင်ငံက ကုမ္ပဏီတွေကို ဆက်ပြီး ပိတ်ဆို့ထားဖို့က ခက်ခဲမှာပဲလေ။

မဟာငလျင်ကြီး ဖြစ်ရပ်အတွင်းမှာ ရရှိခဲ့တဲ့ နာမည်ဂုဏ်သတင်းကြောင့် ဆိုဆောင်း အီလက်ထရောနစ်က ပရီမီယံ စမတ်ဖုန်း ဈေးကွက်မှာ Nphone နဲ့ ယှဉ်ပြိုင်နိုင်နေပါပြီ။ ဒါပေမဲ့ အလတ်စားနဲ့ အနိမ့်တန်း ဈေးကွက်မှာတော့ တရုတ်ကုမ္ပဏီတွေကို နေရာဖယ်ပေးခဲ့ရတာကြောင့် ဈေးကွက်ဝေစု အနည်းငယ် လျော့နည်းနေခဲ့တာပါ။

ဒါပေမဲ့ ဒီဖြစ်ရပ်ကြောင့် တရုတ် စမတ်ဖုန်းတွေ ရောင်းချမှု ပိတ်ပင်ခံရပြီး သပိတ်မှောက်ခံရတာကြောင့် ဆိုဆောင်းအုပ်စုက ကြားညှပ်ပြီး အကျိုးအမြတ်တွေ ရရှိခဲ့ကြတယ်။

ဆန့်ကျင်ဘက်အနေနဲ့ တရုတ် အိုင်တီကုမ္ပဏီတွေကတော့ တစ်ကမ္ဘာလုံးမှာ ပိတ်ဆို့အရေးယူမှုတွေရဲ့ ပစ်မှတ် ဖြစ်လာခဲ့ရတယ်။

အမေရိကန်မှာ တရုတ်ကထုတ်တဲ့ စမတ်ဖုန်းတွေ၊ တီဗီတွေ၊ Laptop တွေနဲ့ ကွန်ပျူတာတွေ အပါအဝင် ထုတ်ကုန်အားလုံးနီးပါး ရောင်းချမှု ပိတ်ပင်ခံလိုက်ရတယ်။ ဥရောပနိုင်ငံတွေကလည်း Spy Chip စုံစမ်းစစ်ဆေးမှု ရလဒ်တွေ မထွက်မချင်း တရုတ် အီလက်ထရောနစ် ပစ္စည်းတွေ ရောင်းချမှုကို ကန့်သတ်လိုက်ကြတယ်။

တက်ဂယူက လက်ပိုက်ရင်း ရေရွတ်တယ်။

"ဒါပေမဲ့ အခြေအနေတွေ ဒီလောက်ဖြစ်နေတာတောင် CL Telecomက ဘာလို့ ဝေဟွာရဲ့ ဆက်သွယ်ရေး ပစ္စည်းတွေကို စီစဉ်ထားတဲ့အတိုင်း ဆက်ပြီး သုံးမယ်လို့ ပြောနေတာလဲ"

"သူတို့က ဈေးသက်သက်သာသာနဲ့ ကမ်းလှမ်းခဲ့လို့ ဖြစ်လိမ့်မယ်"

ဝေဟွာဆိုတာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ အရာရှိဟောင်းတစ်ယောက် ဖြစ်တဲ့ ကျန်းဖင်ဟွာ တည်ထောင်ခဲ့တဲ့ အိုင်တီကုမ္ပဏီပါ။ တရုတ်အစိုးရရဲ့ အပြည့်အဝ ပံ့ပိုးမှုနဲ့အတူ ကြိုးမဲ့ဆက်သွယ်ရေး ပစ္စည်းကဏ္ဍမှာ အလျှင်အမြန် ကြီးထွားလာခဲ့တာပါ။ အဲဒီနောက်မှာ စမတ်ဖုန်း ထုတ်လုပ်ရေး ကဏ္ဍဆီပါ ဝင်ရောက်လာခဲ့ပြီး အခုဆိုရင် ဆိုဆောင်း အီလက်ထရောနစ်ပြီးရင် ကမ္ဘာ့ဈေးကွက်ဝေစု ဒုတိယနေရာမှာ ရှိနေတာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ဝေဟွာက Backdoor ပြဿနာတွေနဲ့ မူပိုင်ခွင့် ချိုးဖောက်မှု ပြဿနာတွေ အကြိမ်ကြိမ် ရှိခဲ့ဖူးတယ်။ သူတို့က စမတ်ဖုန်းတွေမှာ သတင်းအချက်အလက် ခိုးယူနိုင်တဲ့ App တွေကို ကြိုတင်ထည့်သွင်းထားတာ၊ ပြိုင်ဘက်ကုမ္ပဏီတွေရဲ့ serverတွေကို ဝင်ရောက်ပြီး အချက်အလက် ခိုးယူတာနဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ဆိုက်ဘာစစ်ဆင်ရေး ဌာနတွေကို Hackingစနစ်တွေ ပံ့ပိုးပေးတာ စတာတွေလုပ်ခဲ့တယ်။

ဒါတင်မကဘဲ တရုတ်ရဲ့ အကြီးဆုံး အိုင်တီကုမ္ပဏီ ဖြစ်ပေမဲ့ စတော့အိတ်ချိန်းမှာ စာရင်းသွင်းထားခြင်း မရှိသလို အစုရှယ်ယာ ပိုင်ဆိုင်မှု ဖွဲ့စည်းပုံကလည်း သေသေချာချာမသိရပါဘူး။ တကယ်တော့ ဒါက တရုတ်အစိုးရပိုင် လုပ်ငန်းတစ်ခု ဖြစ်တယ်လို့ အားလုံးက ယူဆထားကြတာပါ။

ဘာပဲဖြစ်ဖြစ် တခြားနိုင်ငံအများစုက ဝေဟွာရဲ့ ဆက်သွယ်ရေး ပစ္စည်းတွေကို ပိတ်ပင်နေကြတဲ့ အချိန်မှာတင် CL Telecom တစ်ခုထဲကသာ စီစဉ်ထားတဲ့အတိုင်း ဆက်ပြီး သုံးစွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။

တက်ဂယူက ညည်းတွားလိုက်တယ်။

"ဒါကို Backdoor ကြီးပွားရေးလို့ ခေါ်ရမလား"

ဥက္ကဋ္ဌ လင်ဂျင်ယုံက ရယ်မောရင်း ပြောတယ်။

"ကိုရီးယားက ကုန်တင်ပို့မှုကို အခြေခံတဲ့ နိုင်ငံ ဖြစ်ပြီး တရုတ်နဲ့ အမေရိကန်က ကိုရီးယားရဲ့ ပထမနဲ့ ဒုတိယ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံတွေလေ။ ငါးကြီးနှစ်ကောင် ချကြရင် ပုစွန်ဆိတ်လေးတွေ ကြားညှပ်ပြီး ခါးကျိုးတတ်တယ် ဆိုတဲ့ စကားပုံလိုပဲ ကုန်သွယ်ရေးစစ်ပွဲ ရေရှည်ဖြစ်နေရင် ကိုရီးယားအတွက်လည်း မကောင်းဘူး"

ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။

"စိတ်မပူပါနဲ့။ ဒီကိစ္စက မကြာခင်မှာ ပြီးဆုံးသွားမှာပါ"

အခန်း (၂၇၄)

ကျွန်တော် အစ်မ ဟျွန်းဂျူးဆီ ဖုန်းဆက်ပြီး စကားပြောဖြစ်ခဲ့တယ်။

အစ်မ ဟျွန်းဂျူးက သက်ပြင်းတစ်ချက်ချရင်း ပြောလာတယ်။

"နင် နောက်ထပ် ပြဿနာအကြီးကြီးတစ်ခု ထပ်ရှာလိုက်ပြန်ပြီပဲ။ အခု ငွေကြေးဈေးကွက်တစ်ခုလုံး ပရမ်းပတာ ဖြစ်နေတာကို နင် သိတယ်မလား"

ငွေကြေးဈေးကွက်က မသေချာမရေရာမှုတွေကို အမုန်းဆုံး ဖြစ်ပါတယ်။

ဒါကြောင့် ရိုနယ်က ကုန်သွယ်ရေးစစ်ပွဲရဲ့ ပထမဆုံးထိုးနှက်ချက်ကို လုပ်လိုက်တဲ့အခါ သက်ဆိုင်ရာနိုင်ငံတွေတင်မကဘဲ တစ်ကမ္ဘာလုံးက စတော့ဈေးကွက်တွေပါ ထိုးဆင်းသွားခဲ့တယ်။ အားလုံးက ဒီစစ်ပွဲ ဘယ်တော့ပြီးမလဲ၊ ဂယက်ရိုက်ခတ်မှုက ဘယ်လောက်အထိ ပြင်းထန်မလဲဆိုတာကို ရင်တမမနဲ့ စောင့်ကြည့်နေကြတာပါ။

ဒါပေမဲ့ အကြီးမားဆုံး ထိုးနှက်ချက်ကို ခံလိုက်ရတာကတော့ တရုတ်နိုင်ငံပါပဲ။

ကုန်သွယ်ရေးစစ်ပွဲ စတင်ပြီး တစ်ပတ်အတွင်းမှာတင် ရှန်ဟိုင်းစတော့အညွှန်းကိန်းနဲ့ ဟောင်ကောင်ဟန်ဆင်း အညွှန်းကိန်း တွေက ၁၀ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားခဲ့တယ်။ အထူးသဖြင့် ပိတ်ဆို့အရေးယူမှုရဲ့ ပစ်မှတ်ဖြစ်ခဲ့တဲ့ ဝေဟွာ၊ TZE နဲ့ Xiaomiတို့ရဲ့ စတော့ဈေးကွက်က ၂၀ ရာခိုင်နှုန်းစီ ကျဆင်းသွားခဲ့ပြီး နစ်နာကြေးတောင်းခံရတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီး နောက်မှာတော့ SuperNano ရဲ့ စတော့ဈေးကွက်က ၉၀ ရာခိုင်နှုန်းကျော်အထိ ထိုးဆင်းသွားခဲ့ရတယ်။

CarOS ရဲ့ နည်းပညာကို ကူးချထားတယ်လို့ စွပ်စွဲခံရတဲ့ ကျိုး မော်တာလည်း မလွတ်ခဲ့ပါဘူး။

ကျိုး မော်တာဘက်ကတော့ ဒီစွပ်စွဲချက်တွေကို အဆုံးအထိ ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့ပေမဲ့ စတော့ဈေးကွက် ကျဆင်းတာကိုတော့ မတားဆီးနိုင်ခဲ့ဘူး။ သတင်းထွက်လာ ပြီးနောက်မှာ ၂၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး Volvo နဲ့ Daimler AG တို့လို ဆက်စပ်ကုမ္ပဏီတွေက ကျိုး မော်တာဆီကနေ နည်းပညာခိုးယူခံရတာ ရှိမရှိ စစ်ဆေးမှုတွေ စလုပ်နေပြီဆိုတဲ့ သတင်းတွေကြောင့် ထပ်ပြီးတော့ ကျဆင်းသွားခဲ့ပြန်တယ်။

ကမ္ဘာ့စတော့ဈေးကွက် ပရမ်းပတာ ဖြစ်နေတဲ့အချိန်မှာ ကိုရီးယားစတော့ဈေးကွက်လည်း ထိခိုက်မှုဒဏ်ကို မရှောင်လွှဲနိုင်ခဲ့ဘူး။ တကယ်တော့ တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံလုံးဆီကို တင်ပို့မှု အများကြီး ပြုလုပ်နေရတဲ့ နိုင်ငံဖြစ်တာကြောင့် တရုတ်နိုင်ငံနီးပါး ထိခိုက်မှုကြီးမားခဲ့တယ်လို့ ပြောလို့ရပါတယ်။

ရလဒ်အနေနဲ့ သာမန်ရင်းနှီးမြှုပ်နှံသူတွေက ကျွန်တော့်ကို ထပ်ပြီးတော့ ကျိန်ဆဲနေကြပြန်တယ်။ စတော့ရင်းနှီးမြှုပ်နှံသူတွေ အတွက်တော့ စတော့ဈေးကွက်ကို ကျဆင်းအောင်လုပ်တဲ့လူက ကမ္ဘာပေါ်မှာ အဆိုးဆုံးလူပဲ မဟုတ်လား။

"Golden Gate ရော အဆင်ပြေရဲ့လား"

"အဆင်မပြေဘူး။ ငါတို့လည်း အရှုံးပြနေတယ်။ တရုတ်ရုံးခွဲကတော့ အရေးပေါ်အခြေအနေ ကြေညာထားရတယ်။ ငါလည်း နေ့တိုင်း စတော့ဈေးကွက်နဲ့ ငွေတိုက်စာချုပ် အတိုးနှုန်းတွေကို စောင့်ကြည့်နေရတယ်"

ကျွန်တော်လည်း နည်းနည်း အားနာသွားတာကြောင့် ကိုယ့်ကိုကိုယ် ကာကွယ်တဲ့အနေနဲ့ ပြောလိုက်တယ်။

"ဒါက ကျွန်တော့်ကြောင့် မဟုတ်ရင်တောင် တစ်နေ့နေ့ကျရင် ဖြစ်လာမယ့်ကိစ္စပဲလေ"

"ဒါပေမဲ့ နင်သာ မရှိခဲ့ရင် အခုလို အချိန်မျိုးမှာ စဖြစ်မှာ မဟုတ်ဘူး"

"……"

အဲလိုမျိုးလား။

ကျွန်တော် စကားလမ်းကြောင်း လွှဲလိုက်တယ်။

"အစ်မ ကျန်းမာရေးကော ကောင်းရဲ့လဲ"

"ပင်ပန်းလှပြီ။ မြန်မြန်လေးပဲ မွေးချင်တော့တယ်"

အဲလိုပြောနေပေမဲ့ အစ်မ ဟျွန်းဂျူးအသံက တက်ကြွနေတုန်းပါ။

အသက်ကြီးမှ ကလေးမွေးရမှာဖြစ်လို့ ဘေးလူတွေက ကိုယ်ဝန်ဆိပ်တက်တာ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်စိတ်ကျရောဂါ ဖြစ်မှာကို စိုးရိမ်ခဲ့ကြပေမဲ့ အခုအထိတော့ ဘာပြဿနာမှ မရှိသေးပါဘူး။

အနားမှာ ဟင်နရီနဲ့ အယ်လီလည်း ရှိနေတာဆိုတော့ အဆင်ပြေမှာပါလေ။

"ခဏစောင့်ဦး။ အယ်လီနဲ့ ဖုန်းလွှဲပေးမယ်"

တအောင့်လောက်ကြာတော့ အယ်လီ့အသံကို ကြားလိုက်ရတယ်။

"ဟေ့။ ဂျင်ဟူ။ ဘယ်တော့ ပြန်လာမှာလဲ"

"အင်း။ ဒီမှာ အလုပ်လေးတွေ ရှင်းစရာရှိသေးလို့ဟ"

"ဟာ… ဒါဆို ငါက ဘာလုပ်ရမှာလဲ၊ အရမ်းလွမ်းနေပြီ"

ကျွန်တော် ရယ်ရင်း ပြောလိုက်တယ်။

"မကြာခင် ပြန်လာခဲ့မယ်၊ အဲဒီအချိန်အထိ အစ်မ ဟျွန်းဂျူးကို ကောင်းကောင်း ဂရုစိုက်ပေးထားဦးနော်"

"စိတ်မပူပါနဲ့။ ခဏနေရင် အလုပ်ဆင်းပြီး ဆေးရုံကို အတူတူ သွားကြမလို့တောင် လုပ်ထားသေးတယ်"

ဖုန်းချပြီးနောက်မှာ ဆိုဖာပေါ်မှာ လှဲရင်း စမတ်ဖုန်းနဲ့ ဂိမ်းဆော့နေတဲ့ တက်ဂယူက လှမ်းမေးလိုက်တယ်။

"ငါတို့ အစ်မ ဟျွန်းဂျူး အဆင်ပြေရဲ့လား"

"အင်း။ ဘာပြဿနာမှ မရှိဘူးတဲ့"

လောလောဆယ် အားနေတာကြောင့် တရုတ်နိုင်ငံအကြောင်း ရေးထားတဲ့ စာအုပ်တစ်အုပ်ကို ဖတ်နေမိတယ်။

တရုတ်နိုင်ငံက ပိတ်ထားတဲ့ တံခါးတွေကို ဖွင့်ပြီး ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်ဝါဒကို စတင်ကျင့်သုံးပြီးနောက်မှာ ပညာရှင်တွေက ခန့်မှန်းချက်တွေ အများကြီး ထုတ်ခဲ့ကြဖူးတယ်။

နိုင်ငံက အစိတ်စိတ်အမွှာမွှာကွဲသွားလိမ့်မယ်၊ ဒီမိုကရေစီ တော်လှန်ရေး ဖြစ်ပြီး ဆိုရှယ်လစ်စနစ် ပြိုလဲသွားလိမ့်မယ်၊ ဝင်ငွေအလယ်အလတ်အဆင့် ထောင်ချောက်ထဲ ပိတ်မိသွားလိမ့်မယ် စသဖြင့်ပေါ့။

ဒါပေမဲ့ အားလုံး လွဲချော်ခဲ့တယ်။

တခြားနိုင်ငံတွေရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတွေက တရုတ်နိုင်ငံမှာ ဖြစ်မလာခဲ့ဘူး။

ခန့်မှန်းချက်တွေ လွဲရတဲ့ အကြောင်းရင်းက ရိုးရှင်းပါတယ်။ တရုတ်နိုင်ငံနဲ့ တူတဲ့နိုင်ငံမျိုး ကမ္ဘာပေါ်မှာ တစ်ခါမှ မရှိခဲ့ဖူးသလို နောက်နောင်လည်း ရှိလာမှာ မဟုတ်လို့ပါပဲ။

ဒါကြောင့် တခြားနိုင်ငံတွေရဲ့ ဖြစ်ရပ်တွေအပေါ် အခြေခံပြီး ခန့်မှန်းတာက အဓိပ္ပာယ်မရှိဘူးလေ။

တရုတ်နိုင်ငံက နှစ်စဉ် ၁၀ ရာခိုင်နှုန်းနီးပါး အရှိန်အဟုန်နဲ့ ကြီးထွားနေချိန်မှာ ပညာရှင် တော်တော်များများက နောက်ထပ် ၁၀ နှစ်အတွင်း တရုတ်က အမေရိကန်ကို ကျော်တက်လိမ့်မယ်လို့ တညီတညွတ်ထဲ အော်ဟစ်ခဲ့ကြတယ်။

အခုအချိန်မှာတော့ အဲဒါက အဓိပ္ပာယ်မရှိတဲ့ စကားမှန်း အားလုံး သိကြပေမဲ့ အဲဒီတုန်းကတော့ လူတိုင်းက ယုံကြည်ခဲ့ကြတာပါ။ ဒါပေမဲ့ တရုတ်နိုင်ငံလို အရွယ်အစားမျိုးနဲ့ အဲဒီလို အရှိန်အဟုန်မျိုးကို ရေရှည်ထိန်းထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

"မင်း 'New Normal' ဆိုတဲ့ စကားလုံးကို ကြားဖူးလား"

ကျွန်တော့်မေးခွန်းကို တက်ဂယူက ခေါင်းခါပြတယ်။

"ဟင့်အင်း။ အဲဒါက ဘာကြီးလဲ"

New Normal ဆိုတဲ့ စကားလုံးက ကမ္ဘာ့စီးပွားရေး အကြပ်အတည်းနောက်ပိုင်းမှာ ခေတ်စားလာခဲ့တာပါ။

အရင်းရှင် စီးပွားရေးစနစ်မှာ စီးပွားရေး ကောင်းလိုက်၊ ဆိုးလိုက်၊ တက်လိုက်၊ ကျလိုက် ဖြစ်တာက ဓမ္မတာပါပဲ။ ဒါပေမဲ့ ၂၁ ရာခိုင်စုနှစ်မှာတော့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ စီးပွားရေးတိုးတက်မှု နှေးကွေးခြင်းက အမြစ်တွယ်သွားခဲ့တယ်။

အကြောင်းရင်းတွေ အများကြီးတော့ ရှိပါတယ်၊ ကုန်ထုတ်စွမ်းအား မြင့်တက်လာတာ၊ နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှု မရှိတာနဲ့ စားသုံးမှု လျော့နည်းလာတာ စသဖြင့်ပေါ့။

ဒါပေမဲ့ အဓိက အကြောင်းရင်းကတော့ နာတာရှည် ကုန်ထုတ်လုပ်မှု လွန်ကဲခြင်းပါပဲ။ ဖြေရှင်းနည်း နှစ်ခု ရှိပါတယ်။ ကုန်ထုတ်လုပ်မှုကို လျှော့ချမလား၊ ဒါမှမဟုတ် ဝယ်လိုအားကို မြှင့်တင်မလားပါ။

ကုန်ထုတ်လုပ်မှုကို လျှော့ချဖို့ ခက်ခဲတာကြောင့် ဝယ်လိုအားကိုပဲ ဆက်တိုက် မြှင့်တင်ပေးရတယ်။

အခုအချိန်အထိတော့ တိုးတက်ဆဲနိုင်ငံတွေ၊ အထူးသဖြင့် တရုတ်နိုင်ငံက အများကြီး အထောက်အကူ ပြုခဲ့တယ်။ တရုတ်က ကမ္ဘာ့စက်ရုံ ဖြစ်ခဲ့ရုံတင်မကဘဲ ကမ္ဘာ့ဈေးကွက်ကြီးလည်း ဖြစ်ခဲ့တာလေ။

တရုတ်နိုင်ငံသာ မရှိခဲ့ရင် ကမ္ဘာ့စီးပွားရေး အကြပ်အတည်းကို ဒီလောက်မြန်မြန် ဖြတ်ကျော်နိုင်ဖို့ ခက်ခဲမှာပါ။

ဒါပေမဲ့ အခုအချိန်မှာ တရုတ်ရဲ့ တိုးတက်မှုနှုန်းက နှေးကွေးလာတာကြောင့် ဝယ်လိုအားက အများကြီး တိုးမလာတော့ဘူး၊ ဆန့်ကျင်ဘက်အနေနဲ့ နည်းပညာတွေ ရယူပြီးနောက်မှာတော့ (အဓိကကတော့ နိုင်ငံခြားကုမ္ပဏီတွေဆီက နည်းပညာလွှဲပြောင်းယူတာ ဒါမှမဟုတ် ကူးချတာတွေကြောင့်) ကုန်ထုတ်စွမ်းအားက အများကြီး မြင့်တက်လာခဲ့တယ်။

တရုတ်နိုင်ငံက ကမ္ဘာ့ဈေးကွက်ကနေ ကမ္ဘာ့စက်ရုံအဖြစ် ပြောင်းလဲသွားတဲ့အခါ ကုန်ထုတ်လုပ်မှု လွန်ကဲတဲ့ ပြဿနာက ပိုပြီး ဆိုးရွားလာခဲ့တယ်။ ဒါတင်မကဘဲ အခုဆိုရင် တရုတ်က အဆင့်မြင့် စက်မှုလုပ်ငန်းတွေနဲ့ ကာကွယ်ရေးစက်မှုလုပ်ငန်းတွေမှာပါ အမေရိကန်ကို တိုက်ရိုက် ယှဉ်ပြိုင်ဖို့တိုးဝှေ့လာနေပါပြီ။

ဒါကြောင့်မလို့ ဒီဖြစ်ရပ်က စီးပွားရေး ပြဿနာသက်သက်တင် မဟုတ်ဘဲ အမေရိကန်နဲ့ တရုတ်နိုင်ငံကြားက အာဏာလုပွဲလို့တောင် မြင်လို့ရပါတယ်။

"တရုတ်က ဘယ်လို တုံ့ပြန်မလဲ မသိဘူးနော်"

တက်ဂယူက လက်ပိုက်ရင်း ပြောတယ်။

"သူတို့တွေ အုပ်စုလိုက် စုပြီး မင်းကို အရင်ဆုံး ကျိန်ဆဲနေကြမှာတော့ သေချာတယ်"

"……"

ကျွန်တော်က ဘာအမှားလုပ်မိလို့ ကျိန်ဆဲခံရမှာလဲ။

တရုတ်နိုင်ငံပိုင် မီဒီယာတွေ ဖြစ်ကြတဲ့ People's Daily၊ Global Times နဲ့ CCTV တို့က အမေရိကန်ရဲ့ မတရားမှုကို ပြစ်တင်ရှုတ်ချပြီး မျိုးချစ်စိတ်ဓာတ်ကို လှုံ့ဆော်ခဲ့ကြတယ်။

အစိုးရနဲ့ မီဒီယာတွေရဲ့ ပြည်သူ့သဘောထား လှုံ့ဆော်မှုကြောင့် အမေရိကန် ထုတ်ကုန်တွေကို သပိတ်မှောက်တာနဲ့ ကွန်မြူနစ်ပါတီကို ထောက်ခံတဲ့ ဓာတ်ပုံတွေကို Weibo ပေါ် တင်တဲ့ လှုပ်ရှားမှုတွေက အထူးသဖြင့် လူငယ်တွေကြားမှာ ခေတ်စားလာခဲ့တယ်။

– တရုတ်အပေါ် အမေရိကန်ရဲ့ တိုက်ခိုက်မှုကို ဆန့်ကျင်ကြ။

– အမေရိကန် ပစ္စည်းတွေကို လုံးဝမသုံးဘူး။

– ပါတီနဲ့အတူ အဆုံးအထိ တိုက်ပွဲဝင်သွားမယ်။

– တရုတ်လူမျိုးဟာ ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူး။

– သမ္မတ ကျန်းဖင်ဟွာ နောက်ကို လိုက်ကြစို့။

တခြားတစ်ဖက်မှာတော့ စတော့ဈေးကွက် ပြိုလဲတာနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေကြောင့် နေရာအနှံ့မှာ မကျေနပ်သံတွေ ထွက်ပေါ်လာခဲ့တယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ လျော့နည်းလာပြီး အလုပ်လက်မဲ့နှုန်းတွေ မြင့်တက်လာကာ စီးပွားရေး အညွှန်းကိန်း အားလုံးက ဆိုးရွားတဲ့ဘက်ကို ဦးတည်သွားခဲ့တယ်။

သမ္မတ ကျန်းဖင်ဟွာရဲ့ သောကတွေက ပိုပြီး နက်ရှိုင်းလာခဲ့တယ်။

Backdoor ကတစ်ဆင့် နည်းပညာ ခိုးယူတာက မှားတယ်ဆိုတာ ရှင်းပါတယ်။ ဒါပေမဲ့ တရုတ်ဘက်ကလည်း ပြောစရာ စကားတော့ ရှိတာပေါ့။

တစ်ကမ္ဘာလုံးက အစိုးရတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားပြီး သတင်းအချက်အလက် စုဆောင်းတာနဲ့ ကြားဖြတ်နားထောင်တာတွေကို အမေရိကန်ကိုယ်တိုင်လည်း လုပ်နေတာပဲလေ။ ဗြိတိန်၊ ရုရှား၊ ပြင်သစ်တို့လည်း ဒီလိုမျိုးအရာတွေကို အကြိမ်ကြိမ် လုပ်ခဲ့ကြတာပဲ။

ဒါပေမဲ့ အခုတော့ တရုတ်တစ်နိုင်ငံထဲကိုပဲ လူဆိုးလိုမျိုး ဝိုင်းပြီး ထောင့်ပိတ် ထိုးနှက်နေကြတာပါ။

ဟုတ်ပါတယ်၊ တရုတ်က တခြားနိုင်ငံတွေထက် ပိုပြီး ပြင်းပြင်းထန်ထန် လုပ်ခဲ့တာတော့ အမှန်ပါပဲ။ အားလုံးထက် ပိုဆိုးတာက သက်သေ အခိုင်အလုံ ထွက်သွားခဲ့တာကြောင့် သူတို့မှာ ဆင်ခြေပေးစရာ မရှိတော့ပါဘူး။

တရုတ်က သူတို့ရဲ့ ကိုယ်ပိုင်ဥပဒေတွေကို အခြေခံပြီး စောင့်ကြည့်တာ၊ ကြားဖြတ်နားထောင်တာနဲ့ စပိုင်လုပ်ငန်းတွေကို တရားဝင်အောင် လုပ်ခဲ့တာပါ။ ဒါကို တစ်ကြိမ်၊ နှစ်ကြိမ်တင်မကဘဲ အကြိမ်ကြိမ် လုပ်ခဲ့ပြီး အကြိမ်ကြိမ်လည်း လူမိခံခဲ့ရဖူးတယ်။

အဲဒီအချိန်တိုင်းမှာတော့ လုံခြုံရေး ဟာကွက် ရှိလို့ပါ ဒါမှမဟုတ် မှားယွင်းမှု ဖြစ်သွားလို့ပါ ဆိုပြီး ဆင်ခြေပေးကာ လွတ်မြောက်ခဲ့တာပါ။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အဲလိုလုပ်လို့ မရတော့ဘူး။ တကယ်လို့ CarOS တစ်ခုထဲကပဲ ဒီပြဿနာကို လူသိအောင်လုပ်ခဲ့ရင် တရုတ်ကို သိက္ခာချဖို့ လုပ်ကြံဖန်တီးထားတာပါလို့ ပြောလို့ရသေးတယ်။ ဒါပေမဲ့ အခုက နေရာအနှံ့မှာ Spy Chipတွေ မိနေတာဆိုတော့ အဲဒီလို ဆင်ခြေမျိုးက အလုပ်မဖြစ်တော့ဘူးလေ။

လောလောဆယ်တော့ ဘာမှမသိပါဘူးလို့ ငြင်းနေပေမဲ့ အချိန်ကြာလာတာနဲ့အမျှ နိုင်ငံတကာမှာရှိတဲ့ ပြည်သူတွေရဲ့ သဘောထားက ပိုပြီး ဆိုးရွားလာမှာပါ။

အခြေအနေက တရုတ်နိုင်ငံအတွက် လုံးဝ အခြေအနေမလှ ဖြစ်လာခဲ့တယ်။

ဘေဂျင်းမြို့ရဲ့ တားမြစ်ထားသော မြို့တော် (နန်းတော်) ရဲ့ အနောက်ဘက်မှာ ရှိတဲ့ ကျုံနန်ဟိုင်ဟာ အမေရိကန်ရဲ့ အိမ်ဖြတ်ဖြူလိုပဲ ဒါက တရုတ်နိုင်ငံရေးရဲ့ ဗဟိုချက်မ ဖြစ်ခဲ့တာ ကြာပါပြီ။ သမ္မတ ကျန်းဖင်ဟွာက အမြဲတမ်းကော်မတီဝင်တွေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက အရာရှိတွေကို ဆင့်ခေါ်ပြီး အစည်းအဝေးတစ်ခု ကျင်းပလိုက်တယ်။

အစည်းအဝေးခန်းမထဲမှာ စုဝေးနေကြတဲ့ လူတွေရဲ့ မျက်နှာအမူအရာက တည်နေကြပါတယ်။ သူတို့က တရုတ်နိုင်ငံကို ဦးဆောင်နေတဲ့ ကွန်မြူနစ်ပါတီရဲ့ ထိပ်သီးတွေပါ။ ဒါကြောင့်မလို့ ဒီအခြေအနေကို ဘယ်သူ့ထက်မဆို ပိုပြီး အလေးအနက် ထားနေကြတာ ဖြစ်ပါတယ်။

သမ္မတ ကျန်းဖင်ဟွာက လေးနက်တဲ့ အသံနဲ့ မေးလိုက်တယ်။

"အခု အမေရိကန်ရဲ့ အခြေအနေက ဘယ်လိုလဲ"

နိုင်ငံခြားရေးဝန်ကြီး ချန်းယီက ပြန်ဖြေတယ်။

"အခြေအနေမကောင်းပါဘူး။ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တင် မကဘဲ အများပြည်သူရဲ့ သဘောထားကပါ သမ္မတ ရိုနယ်ဘက်မှာ ရှိနေပါတယ်"

Backdoor ကတစ်ဆင့် သတင်းအချက်အလက် ပေါက်ကြားတာက တကယ်မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့တဲ့အခါ အမေရိကန် ပြည်သူတွေက ဒေါသချောင်းချောင်း ထွက်ခဲ့ကြတယ်။ စစ်တမ်းတွေအရ ပြည်သူ ၇၀ ရာခိုင်နှုန်းကျော်က အကောက်ခွန် စည်းကြပ်တာနဲ့ ဆက်စပ်ကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူတာကို ထောက်ခံကြတယ်လို့ သိရပါတယ်။

တရားမျှတမှု၊ အာဏာ၊ ပြီးတော့ ခိုင်မာတဲ့ ထောက်ခံမှုနှုန်းတွေ ရှိနေတာကြောင့် ရိုနယ်အတွက် နောက်တွန့်စရာ ဘာမှမရှိတော့ဘူးလေ။

တကယ်လို့ တခြားသမ္မတသာဆိုရင် အလျှော့အတင်း နည်းနည်းလုပ်ပြီး စေ့စပ်ဖို့လုပ်မှာပါ။ ဒါပေမဲ့ ရိုနယ်ရဲ့ သဘောထားကတော့ အဆုံးအထိ တိုက်ထုတ်မယ့် ပုံစံပါပဲ။

ဒါက ရိုနယ် မကြာခဏ သုံးလေ့ရှိတဲ့ 'လူရူးသီအိုရီ'ပဲ ဖြစ်ပါတယ်။

ပြဿနာက အဲဒါကို သိနေရင်တောင် တန်ပြန်အရေးယူဖို့ နည်းလမ်း ရှာမရတာပါပဲ။

ရူးမနေရင် ဒါကို လုပ်မှာမဟုတ်ဘူးလို့ တွေးမိပေမဲ့ တစ်ဖက်မှာလည်း ရိုနယ်က ဒါကို တကယ် လုပ်ပစ်နိုင်တဲ့ လူစားမျိုး ဖြစ်နေတာပါ။

အမေရိကန်က ဒေါ်လာ သန်း ၅သောင်းဖိုးပေါ်မှာ ၂၅ ရာခိုင်နှုန်း ထပ်မံအကောက်ခွန် စည်းကြပ်ပြီးနောက်မှာ ဒေါ်လာ သန်းပေါင်း ၂သိန်းဖိုး တရုတ်သွင်းကုန်တွေအပေါ်မှာပါ ထပ်ပြီး စည်းကြပ်ခဲ့တယ်။ ပြီးတော့ ကျန်ရှိနေတဲ့ ဒေါ်လာ သန်းပေါင်း ၂သိန်းခွဲဖိုးအပေါ်မှာပါ ထပ်ပြီး စည်းကြပ်ဖို့ ပြင်ဆင်နေတာပါ။

ဝမ်းနည်းစရာကောင်းတာက တရုတ်မှာ သုံးစရာ နည်းလမ်း အများကြီး မရှိတာပါပဲ။

အမြဲတမ်းကော်မတီဝင် ယဲ့ဝူလင်က ပြောလာတယ်။

"အမေရိကန် ငွေတိုက်စာချုပ်တွေကို ထုတ်ရောင်းလိုက်ရင်ကော အဆင်ပြေလောက်မလား"

တရုတ်က အမေရိကန်ဆီ ကုန်ပစ္စည်းတွေ ရောင်းချနေသလို အမေရိကန်ကလည်း တရုတ်ဆီ စာချုပ်တွေ ရောင်းချနေတာပါ။ တရုတ်က အမေရိကန်ရဲ့ အကြီးဆုံး ကတိခံဝန်ချက်ရှိတဲ့ ကြွေးရှင်နိုင်ငံ ဖြစ်ပြီး ဒေါ်လာ သိန်းပေါင်း ၁ ကုဋေကျော် တန်ဖိုးရှိတဲ့ ငွေတိုက်စာချုပ်တွေကို ပိုင်ဆိုင်ထားတာပါ။

အရင်တုန်းကတော့ အမေရိကန်ဆီက ဖိအားတွေ ရှိလာတိုင်း တရုတ်က အမေရိကန် ငွေတိုက်စာချုပ်တွေကို ထုတ်ရောင်းပြီး တုံ့ပြန်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခု အမေရိကန် စီးပွားရေးက တည်ငြိမ်နေတာကြောင့် ဒီနည်းလမ်းက သိပ်ပြီး အသုံးမဝင်တော့ပါဘူး။

အမေရိကန်က အတိုးနှုန်းတွေကို မြှင့်တင်နေပြီး ငွေကြေးစီးဆင်းမှုကို ထိန်းချုပ်ဖို့ စာချုပ်ထုတ်ဝေမှုကို လျှော့ချနေတာပါ။ ဒီလို အခြေအနေမျိုးမှာ ငွေတိုက်စာချုပ်တွေကို ဈေးကွက်ထဲ ဘယ်လောက်ပဲ ထုတ်ရောင်းထုတ်ရောင်း တခြားနိုင်ငံတွေက အလုအယက် ဝယ်ယူသွားကြမှာပါပဲ။

ဒါကြောင့်မလို့ အားလုံးက ခေါင်းခါပြကြတယ်။

"ဒါက နိုင်ငံခြားသုံးငွေကို အလဟဿ ဖြုန်းတီးပစ်သလိုပဲ ဖြစ်လိမ့်မယ်"

ဝန်ကြီးချုပ် ပိုရှောင်ယုက ပြောတယ်။

"အကောက်ခွန်ထက် ပိုပြီး ကြီးမားတဲ့ ပြဿနာက အိုင်တီကုမ္ပဏီတွေအပေါ် ပိတ်ဆို့အရေးယူတာပဲ။ အခု အမေရိကန်၊ ဥရောပနဲ့ ဂျပန်တို့မှာ အရောင်းအဝယ်တွေ လုံးဝ ရပ်ဆိုင်းသွားခဲ့ပြီ"

တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု နည်းနည်းရှိတဲ့ အာရှနဲ့ အာဖရိက နိုင်ငံတွေကတော့ အခြေအနေကို စောင့်ကြည့်နေကြပေမဲ့ အနောက်နိုင်ငံတွေကတော့ အမေရိကန်ရဲ့ အရေးယူဆောင်ရွက်မှုမှာ ပူးပေါင်းမယ့် အရိပ်အယောင်တွေ ပြသနေကြတာပါ။

သူတို့အနေနဲ့ အမေရိကန်ကို အဆုံးအထိ ထိပ်တိုက်မတွေ့နိုင်သလို နည်းပညာခိုးယူမှုနဲ့ မူပိုင်ခွင့်ချိုးဖောက်မှုကို ဝန်ခံပြီး တောင်းပန်ကာ နစ်နာကြေးပေးဖို့ကလည်း မဖြစ်နိုင်ပါဘူး။

ကျန်းဖင်ဟွာက စားပွဲခုံကို လက်ချောင်းတွေနဲ့ တောက်တောက်တောက် ခေါက်ရင်း စဉ်းစားနေမိတယ်။

'ငါ ဘာလုပ်သင့်လဲ'

သူ သမ္မတအဖြစ် ရာထူးတက်လာစဉ်က 'တရုတ်အိပ်မက်'ကို အလေးအနက် ထားခဲ့တာပါ။

သူ့ရဲ့ ရည်မှန်းချက်က တရုတ်လူမျိုးတွေရဲ့ ပြန်လည်နိုးထမှုကို အကောင်အထည်ဖော်ပြီး အတိတ်က ရွှေရောင်နေ့ရက်တွေကို ပြန်လည်ရယူဖို့၊ တစ်နည်းအားဖြင့် စစ်ရေးနဲ့ စီးပွားရေး သြဇာအာဏာကို မြှင့်တင်ပြီး အမေရိကန်ကို ဖယ်ရှားကာ တရုတ်နိုင်ငံကို ကမ္ဘာ့ဗဟိုချက်မ ဖြစ်စေဖို့ပါပဲ။

သူက အစီအစဉ်တွေကို တစ်ဆင့်ချင်းစီ အကောင်အထည်ဖော်ခဲ့တာပါ။

တရုတ်တစ်နိုင်ငံထဲ မူဝါဒ (ထိုင်ဝမ်ကို တရုတ်နိုင်ငံအောက် သွတ်သွင်းဖို့)၊ ပိုးလမ်းမ စီမံကိန်း၊ အာဖရိကဆီ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီပေးတာ၊ အိမ်နီးချင်းနိုင်ငံတွေကို ဩဇာလွှမ်းမိုးအောင် လုပ်ထားဖို့၊ AIIB (Asian Infrastructure Investment Bank) တည်ထောင်တာ စသဖြင့်ပေါ့။

ကျန်းဖင်ဟွာက တရုတ်နိုင်ငံကို ကမ္ဘာ့အင်အားကြီးနိုင်ငံ အဆင့်ဆီ မြှင့်တင်ဖို့အတွက် အစွမ်းကုန် ကြိုးစားခဲ့တာပါ။

ကြိုးစားသူကို နတ်မ တတ်တယ်လို့ ပြောရမလား။ ရွှေရောင် အခွင့်အရေးတစ်ခုလည်း ပေါ်ပေါက်ခဲ့ဖူးသေးတယ်။

အဲဒါကတော့ The Big Oneလို့ခေါ်တဲ့ မဟာငလျင်ကြီးဖြစ်ရပ်ပါပဲ။

The Big One ဆိုတာ အမေရိကန် သမိုင်းမှာ အကြီးမားဆုံး ကပ်ဘေးတစ်ခု ဖြစ်ခဲ့တာပါ။ တကယ်လို့ အမေရိကန်ဘက်က ကြိုတင်ပြင်ဆင်မှု မရှိခဲ့ရင် သန်းနဲ့ချီတဲ့ လူသေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့မှာ အမှန်ပါပဲ။

ဒါတင်မကဘဲ ငလျင်လှုတ်ခဲ့တဲ့နေရာမှာ ရှိနေတဲ့လူတွေက လယ်သမားတွေ၊ အလုပ်သမားတွေ မဟုတ်ဘဲ အမေရိကန်ရဲ့ အတော်ဆုံး ထိပ်သီး ပညာရှင်တွေ ဖြစ်ကြတာပါ။

တကယ်လို့ သူတို့တွေသာ ငလျင်ကြောင့် သေဆုံးသွားခဲ့ရင် အမေရိကန်ရဲ့ အဆင့်မြင့် နည်းပညာ စက်မှုလုပ်ငန်းက အနှစ် ၂၀ လောက် နောက်ပြန်ဆုတ်သွားခဲ့မှာသေချာပါတယ်။

တရုတ်နိုင်ငံရဲ့ အမြင်နဲ့ဆိုရင် ဒါက အမေရိကန်နဲ့ ကွာဟချက်ကို ကျဉ်းမြောင်းစေပြီး နိုင်ငံတကာ သြဇာအာဏာကို ချဲ့ထွင်ဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်ခဲ့တာလေ။ ဒါပေမဲ့ အဲဒီအခွင့်အရေးက အလဟဿ ပျောက်ကွယ်သွားခဲ့ရတယ်။

ငလျင်နဲ့ ဆူနာမီကြောင့် Silicon Valley ပျက်စီးသွားခဲ့ပေမဲ့ အဲဒီမှာ ရှိတဲ့ ပညာရှင်တွေက တခြားနေရာဆီ ရွှေ့ပြောင်းပြီး အမေရိကန်မြေပေါ်မှာပဲ နောက်ထပ် Silicon Valley တစ်ခုကို ထပ်ပြီး တည်ဆောက်နိုင်ခဲ့ကြတာကောင့်ပါ။

'ကန်ဂျင်ဟူက တရုတ်အိပ်မက်ကို ဖျက်ဆီးပစ်လိုက်တာလား'

ဒါတင်မကဘဲ အခုဆိုရင် သူက တရုတ်စီးပွားရေးကို ဖျက်ဆီးဖို့ ရှေ့တန်းကနေ ဦးဆောင်နေပြန်ပါပြီ။

ဒီအခန်းထဲမှာ ထိုင်နေတဲ့ လူတိုင်းကလည်း တူညီတဲ့ အတွေးတစ်ခု ရှိနေကြတယ်။

'ကန်ဂျင်ဟူသာ မရှိခဲ့ရင်……'

သူက အမေရိကန်ကို ကယ်တင်ခဲ့တဲ့ သူရဲကောင်း ဖြစ်ပါတယ်။ တကယ်လို့ သူ့ကို သွားပြီး ထိခိုက်အောင် လုပ်ရင် အမေရိကန်က ဒီအတိုင်း ကြည့်နေမှာ မဟုတ်ပါဘူး။

အားလုံးထက် ပိုဆိုးတာက အခုအချိန်မှာ လက်တွေ့ကျတဲ့ အကျိုးအမြတ်လည်း မရှိတော့တာပါပဲ။ ကန်ဂျင်ဟူက အလိုအလျောက်မောင်းနှင်မှု နည်းပညာကို တီထွင်ခဲ့တာ မဟုတ်သလို OTK ဘတ္ထရီကို ထုတ်လုပ်ခဲ့တာလည်း မဟုတ်ပါဘူး။ သူက ဒါတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ လူတွေအပေါ်မှာပဲ ရင်းနှီးမြှုပ်နှံခဲ့တာပါ။

ဒါကြောင့်မလို့ အခုအချိန်မှာ ကန်ဂျင်ဟူကို သွားပြီး အရေးယူဖို့ ကြိုးစားတာက အဓိပ္ပာယ်မရှိတော့ပါဘူး။

သမ္မတ ကျန်းဖင်ဟွာက ပြောလာတယ်။

"ကန်ဂျင်ဟူက ဒီလိုမျိုး လုပ်လိမ့်မယ်လို့ ဘယ်သူမှ ကြိုတင် မခန့်မှန်းနိုင်ခဲ့ကြဘူးလား"

အဲဒီစကားကြောင့် လူတိုင်းရဲ့ အကြည့်တွေက ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး လီရွှဲ့ဝေဆီကို ရောက်သွားကြတယ်။

သူက အရင်တုန်းက တွေ့ဆုံခဲ့ဖူးတဲ့ ကိုရီးယား လူငယ်လေးကို ပြန်ပြီး သတိရမိသွားတယ်။

'သူက Spy Chipကို ရှာတွေ့ပြီး အမေရိကန်ကို လှုပ်နှိုးနိုင်ခဲ့တာလား'

ပထမဆုံး တွေ့ဆုံစဉ်က ကန်ဂျင်ဟူက ကန့်ကွက်စကား ပြောလာတဲ့အခါ သူက ဂရုမစိုက်ဘဲ ပယ်ချခဲ့တာ ဖြစ်ပါတယ်။

ဒီလိုမျိုး ဖြစ်ရပ်တွေကို ကြုံတွေ့ခဲ့ရတဲ့ တခြားကုမ္ပဏီတွေတောင် သေသေချာချာ မကန့်ကွက်ရဲကြတဲ့ အချိန်မှာ ဒီလူက သူ့ရှေ့မှာ လာပြီး အသံကျယ်ကျယ် ပြောရဲခဲ့တာလေ။

နောက်ဆုံးတော့ တရုတ်ရဲ့ အာဏာအောက်မှာ ဒူးထောက်သွားလိမ့်မယ်လို့ ထင်ခဲ့ပေမဲ့ အခုတော့ ဘာဖြစ်သွားပြီလဲ။

ကန်ဂျင်ဟူက အမေရိကန်ကို ဒီကိစ္စထဲ ဆွဲသွင်းလိုက်တာပါ။ CarOS နဲ့ ကျိုး မော်တာကြားက ကုမ္ပဏီချင်း ပြဿနာကို နိုင်ငံတကာအဆင့်အထိ သူက မြှင့်တင်ပစ်လိုက်တာ ဖြစ်ပါတယ်။

ပြန်တွေးကြည့်ရင် ဒါက တကယ်ကို မယုံနိုင်စရာပါပဲ။

'နည်းပညာ နည်းနည်းပါးပါး ကူးချမိတာလေးကို ဒီလောက်အထိ အခြေအနေ ဆိုးအောင် လုပ်ပစ်တာလား'

ဝန်ကြီး လီရွှဲ့ဝေက နဖူးက ချွေးတွေကို သုတ်ရင်း ပြောလိုက်တယ်။

"ကျွန်-ကျွန်တော် ကန်ဂျင်ဟူနဲ့ နောက်တစ်ကြိမ် ထပ်ပြီး တွေ့ဆုံပါ့မယ်"

All Chapters