အခန်း (၂၇၅-၂၇၆)
Vol. 28 Ch. 275-276
အခန်း (၂၇၅)
ကျွန်တော် အမေရိကမှာ ဆက်ရှိနေပြီး ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားနေတဲ့ အတောအတွင်းမှာပဲ ကြုံနေရတဲ့ကိစ္စတွေကို လိုက်လံဖြေရှင်းပေးခဲ့တယ်။
OTK ကုမ္ပဏီနဲ့ ဆောင်း အီလက်ထရောနစ် တို့ရဲ့ ပူးတွဲလုပ်ငန်းဖြစ်တဲ့ TS ကုမ္ပဏီစက်ရုံက ပထမဆုံး စမ်းသပ်ထုတ်လုပ်မှုကို စတင်လိုက်ပါပြီ။ အခုဆိုရင် လျှပ်စစ်ကားတွေအတွက် OTK ဘတ္ထရီတွေကို အလေးအနက် ထုတ်လုပ်ဖို့ ခြေလှမ်းစတင်နေပြီပဲ ဖြစ်ပါတယ်။
ပါမောက္ခ ကင်ဟိုမင်က စက်ရုံကို လေ့လာကြည့်ရှုဖို့ အမေရိကကို ရောက်လာခဲ့တယ်။
"ကြိုဆိုပါတယ်"
"မင်းကျေးဇူးနဲ့ အမေရိကကို မြင်ဖူးတော့တယ်"
"ပါမောက္ခက အမေရိကမှာ ကျောင်းတက်ခဲ့တာ မဟုတ်ဘူးလား"
"အဲဒီတုန်းကတော့ ကျောင်းထဲမှာပဲ အချိန်ကုန်ခဲ့တာက များပါတယ်။ မက်ဆာချူးဆက်ကိုတောင် သေသေချာချာ မလည်ခဲ့ရဘူး"
ပါမောက္ခ ကင်ဟိုမင်ရဲ့ နောက်မှာ သက်တော်စောင့်တွေ လိုက်ပါလာကြတယ်။ သူက သူ့နောက်က လိုက်လာတဲ့ လူတွေကို ကြည့်ပြီး ခေါင်းကို ကုတ်ရင်း ပြောလာတယ်။
"ဒါပေမဲ့ တကယ်ပဲ ဒီလောက်အထိ လုပ်ဖို့ လိုလို့လား"
ကျွန်တော် ပြုံးပြီး ပြောလိုက်တယ်။
"ဘယ်အချိန်မှာ ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ဘူးလေ"
တစ်ကမ္ဘာလုံးရဲ့ အကြည့်တွေက ကျွန်တော်တို့ဆီ ရောက်နေတာကြောင့် သူတို့တွေ မိုက်မဲတဲ့ကိစ္စမျိုး လုပ်ရဲမှာ မဟုတ်ပေမဲ့ ကြိုတင်ကာကွယ်ထားတာက အမြဲတမ်း အကောင်းဆုံးပဲ မဟုတ်လား။
တရုတ်ကုမ္ပဏီတွေက ပါမောက္ခ ကင်ဟိုမင်ကို စည်းရုံးဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ကမ်းလှမ်းခဲ့ကြဖူးတယ်။ တချို့ဆိုရင် တစ်နှစ် လစာ ဝမ် သန်းထောင်ချီ ပေးမယ်လို့တောင် ကမ်းလှမ်းခဲ့တာပါ။
ဒါပေမဲ့ OTK ဘတ္ထရီရဲ့ မူပိုင်ခွင့်က သုတေသနဌာနပိုင် ဖြစ်ပြီး သူကလည်း အဲဒီဌာနရဲ့ ရှယ်ယာတွေကို ပိုင်ဆိုင်ထားတာလေ။ အဆမတန် များပြားတဲ့ ချမ်းသာကြွယ်ဝမှုတွေကို အာမခံချက် ရရှိထားပြီးသား ဖြစ်တာကြောင့် တခြားနိုင်ငံကို ပြောင်းရွှေ့ဖို့ အကြောင်းပြချက် မရှိတော့ပါဘူး။
ဒါပေမဲ့ တရုတ်ဘက်ကလည်း ဘာမှမရလိုက်တာတော့ မဟုတ်ဘဲ သုတေသနပညာရှင် အနည်းငယ်ကိုတော့ စည်းရုံးသိမ်းသွင်း နိုင်ခဲ့ကြတယ်။ ပါမောက္ခ ကင်ဟိုမင်က စည်းရုံးသိမ်းသွင်းခံရတဲ့ လူတွေရဲ့ နုတ်ထွက်စာတွေကို အလွယ်တကူပဲ လက်ခံပေးခဲ့ပြီး ဘယ်အချိန်မဆို ပြန်လာလို့ရတယ်လို့တောင် ပြောခဲ့သေးတယ်။
တရုတ်ကုမ္ပဏီတွေက ကိုရီးယားက သုတေသနပညာရှင်တွေနဲ့ အင်ဂျင်နီယာ အမြောက်အမြားကို ဆွဲဆောင်ဖို့အတွက် ဒီလိုနည်းလမ်းမျိုးတွေကိုပဲ သုံးလေ့ရှိကြတယ်။ ပထမပိုင်း နှစ်အနည်းငယ်မှာတော့ အရင်လစာထက် နှစ်ဆ၊ သုံးဆနဲ့ တခြား ခံစားခွင့်တွေကို ပေးလေ့ရှိတာပါ။
ဒီအတောအတွင်းမှာ တရုတ်ကုမ္ပဏီတွေက သူတို့ဆီကနေ နည်းပညာတွေနဲ့ အတွေ့အကြုံတွေကို တဖြည်းဖြည်းချင်း ညှစ်ထုတ်ယူကြတယ်။ သူတို့သိသမျှ အရာအားလုံးကို ထုတ်ဖော်ပြီးသွားတဲ့အခါမှာတော့ အသုံးမဝင်တော့ဘူးလေ။
ပြီးတော့ သူတို့ကိုယ်တိုင်လည်း အသစ်အဆန်းတွေကို မဖန်တီးနိုင်ကြတော့ပါဘူး။
"တောင်ပိုင်းက လိမ္မော်ပင်ကို မြောက်ပိုင်းမှာ သွားစိုက်ရင် ဆူးပင်ပဲ ဖြစ်လာလိမ့်မယ်" ဆိုတဲ့ စကားပုံလိုပဲ၊ ကုမ္ပဏီတစ်ခုမှာ အောင်မြင်မှုတွေ အများကြီး ရခဲ့ရင်တောင် တခြားနေရာကို ပြောင်းရွှေ့သွားတဲ့အခါ အဲဒီလို အောင်မြင်မှုမျိုးကို ထပ်ပြီး မရရှိနိုင်တော့တာမျိုး ဖြစ်တတ်ပါတယ်။
အစကတည်းက ကော်ပိုရိတ်ယဉ်ကျေးမှု မတူညီတဲ့အပြင် ဆက်သွယ်ရခက်ခဲတဲ့ နေရာမျိုးမှာ သူတို့ရဲ့ စွမ်းဆောင်ရည်ကို သေသေချာချာ ပြသနိုင်ဖို့က မလွယ်ကူပါဘူး။
အသုံးချခံရပြီးမှ စွန့်ပစ်ခံလိုက်ရတဲ့ လူတွေ အများကြီး ရှိပေမဲ့ သုတေသနပညာရှင်တွေကတော့ တရုတ်နိုင်ငံဆီကို ဆက်ပြီး သွားနေကြတုန်းပါပဲ။ လက်ငင်းရမယ့် အကျိုးအမြတ်က အဓိက အကြောင်းရင်း ဖြစ်သလို ကိုရီးယားမှာ ရရှိတဲ့ ခံစားခွင့် နည်းပါးတာကလည်း အကြောင်းရင်းတစ်ခု ဖြစ်တာပေါ့။
တက်ဂယူနဲ့ ကျွန်တော်က ဒါရီလ်၊ ဥက္ကဋ္ဌ လင်ဂျင်ယုံ၊ ပြီးတော့ ပါမောက္ခ ကင်ဟိုမင်တို့နဲ့အတူ စက်ရုံကို လှည့်ပတ်ကြည့်ရှုခဲ့ကြတယ်။
ပါမောက္ခ ကင်ဟိုမင်က အမြောက်အမြား ထုတ်လုပ်နေတဲ့ ဘတ္ထရီတွေကို ကြည့်ပြီး ပြောလာတယ်။
"တရုတ်က ငါတို့ဘတ္ထရီကိုလည်း ထပ်ပြီး ကူးချမှာ မဟုတ်ပါဘူးနော်"
ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။
"ဒါပေါ့။ စိတ်မပူပါနဲ့"
တရုတ်တွေရူးမနေရင်တော့ လောလောဆယ် ဒီလိုမျိုး လုပ်ဖို့ တွေးရဲကြဦးမှာ မဟုတ်ပါဘူး။
ကျွန်တော် အမေရိကမှာ ရှိနေတယ်ဆိုတဲ့ သတင်း ပျံ့နှံ့သွားတဲ့အခါ နေရာအနှံ့ကနေ အင်တာဗျူး ကမ်းလှမ်းချက်တွေ အများကြီး ရောက်ရှိလာခဲ့တယ်။ မဟာငလျင်ကြီကိစ္စနောက်ပိုင်းကနေ အခု ကုန်သွယ်ရေးစစ်ပွဲအထိ မေးစရာ မေးခွန်းတွေ အများကြီး သူတို့ဆီမှာ ရှိနေကြပုံပါပဲ။
ကျွန်တော် အင်တာဗျူး ကမ်းလှမ်းချက်အားလုံးကို ငြင်းပယ်လိုက်တယ်။
အဲဒီအစား တက်ဂယူနဲ့ ကျွန်တော်က သီးသန့်လေယာဉ်တစ်စီးကို ငှားပြီး ကယ်လီဖိုးနီးယားဆီကို ထွက်ခွာခဲ့ကြတယ်။
ကောင်းကင်ယံကနေ လှမ်းမြင်နေရတဲ့ Silicon Valley ရဲ့ မြင်ကွင်းက တကယ့်ကို တုန်လှုပ်စရာပါ။
မဟာငလျင်ကြီး ဖြစ်ပွားစဉ်က ဆူနာမီလှိုင်းတွေ ဝင်ရောက်လာပြီး ဆန်ဖရန်စစ္စကိုနဲ့ Silicon Valley တစ်ဝိုက်ကို လုံးဝ လွှမ်းမိုးသွားခဲ့ကာ ဆန်ဖရန်စစ္စကိုပင်လယ်အော်က သမုဒ္ဒရာနဲ့ တစ်ဆက်တည်း ဖြစ်သွားခဲ့တာလေ။
မြို့ထဲကို လွှမ်းမိုးသွားခဲ့တဲ့ ရေတွေ ပြန်လည်ကျဆင်းသွားခဲ့ပေမဲ့ ကျန်ရစ်ခဲ့တာကတော့ ပျက်စီးယိုယွင်းနေတဲ့ မြို့ပျက်ကြီးတစ်ခုပါပဲ။ ဆန်ဖရန်စစ္စကိုရဲ့ ပြယုဂ်တစ်ခုဖြစ်တဲ့ Golden Gate တံတားကတော့ ကျိုးပျက်ပြီး ပင်လယ်ထဲကို နစ်မြုပ်နေခဲ့ပါပြီ။
ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေထဲမှာ အကြိမ်ကြိမ် မြင်ဖူးခဲ့ပေမဲ့ ကိုယ့်မျက်စိနဲ့ကိုယ် တိုက်ရိုက်မြင်လိုက်ရတဲ့အခါ ဒီမှာ ဘယ်လောက်အထိ ကြီးမားတဲ့ ကပ်ဘေးတစ်ခု ဖြစ်ပွားခဲ့လဲဆိုတာကို ရင်ထဲကနေ ခံစားမိသွားတယ်။
ဒါပေမဲ့လည်း လူအများကြီး အသက်ရှင်ကျန်ရစ်ခဲ့တာကြောင့် ဒီမြင်ကွင်းက အရမ်းကြီး ဆိုးရွားတယ်လို့တော့ မခံစားရပါဘူး။
အသက်ရှင်နေသရွေ့တော့ မျှော်လင့်ချက် ရှိနေတုန်းပဲ မဟုတ်လား။
ပျက်စီးမှု နည်းပါးတဲ့ အပြင်ဘက် ဧရိယာတွေမှာတော့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နေကြပါတယ်။ စက်ယန္တရားကြီးတွေနဲ့ အပျက်အစီးတွေကို ရှင်းလင်းဖို့ အလုပ်ရှုပ်နေကြတာပေါ့။
နောက်ထပ် တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ ကြီးမားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ အခြေခံအဆောက်အဦး စီမံကိန်းတွေ ဒီနေရာမှာ ပေါ်ပေါက်လာမှာပါ။
အဲဒါက ကျွန်တော်တို့အတွက်လည်း အခွင့်အရေးအသစ်တစ်ခု ဖြစ်လာမှာပါ။
ကျွန်တော် သက်တောင့်သက်သာရှိမယ့် အဝတ်အစားတွေကို ဝတ်ဆင်ပြီး ဦးထုပ်ကို ငိုက်ငိုက်ဆောင်းကာ ကယ်လီဖိုးနီးယား နည်းပညာတက္ကသိုလ်ရဲ့ ကျောင်းဝင်းထဲကို လမ်းလျှောက်ဝင်ခဲ့တယ်။
ကျောင်းပိတ်ရက် ဖြစ်တာကြောင့် ကျောင်းဝင်းတစ်ခုလုံး တိတ်ဆိတ်နေခဲ့တယ်။ ကျွန်တော့်လက်ထဲမှာတော့ ကျောင်းနားက စာအုပ်ဆိုင်ကနေ ဝယ်လာတဲ့ စာအုပ်တစ်အုပ်ကို ကိုင်ထားမိတယ်။
အဲဒါကတော့ ပါမောက္ခ ကီရန်မိုဟန် ရေးသားပြီး အသစ်ထွက်ရှိထားတဲ့ 'After the Big One' ဆိုတဲ့ စာအုပ်ပါပဲ။
ဒါက Big Oneလို့ခေါ်တဲ့ မဟာငလျင်ကြီး မဖြစ်ပွားခင်၊ ဖြစ်ပွားစဉ်နဲ့ ဖြစ်ပွားပြီးနောက် အခြေအနေတွေကို ရေးသားထားတဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ်တစ်အုပ်ပါ။
ဒီစာအုပ်ကို တစ်ကမ္ဘာလုံးမှာ ဘာသာစကား ၁၄ မျိုးနဲ့ တစ်ပြိုင်ထဲ ထုတ်ဝေခဲ့ပြီး စာအုပ်ဆိုင်တိုင်းမှာ ချက်ချင်းဆိုသလို အရောင်းရဆုံး စာအုပ်တစ်အုပ် ဖြစ်လာခဲ့တာပါ။
မဟာငလျင်ကြီးပြီးနောက်မှာ ပါမောက္ခ ကီရန်မိုဟန်က ထိပ်တန်း အကျော်အမော်တစ်ဦး ဖြစ်လာခဲ့တယ်။ သူက Time မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ပါဝင်ခဲ့ရုံတင်မကဘဲ အမေရိကမှာ သြဇာအရှိဆုံး ပညာရှင် ၁၀ ဦးထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတယ်။ ကျေးဇူးတင်တဲ့အနေနဲ့ လှူဒါန်းတဲ့ ငွေကြေး ဒေါ်လာ သန်းချီ ရရှိခဲ့ပေမဲ့ ပါမောက္ခ မိုဟန်က အဲဒီငွေတွေကို ငြင်းပယ်ခဲ့ပြီး Big One ကယ်ဆယ်ရေး ရန်ပုံငွေအဖွဲ့ဆီကို အားလုံး လှူဒါန်းခဲ့တယ်။
ဘူမိဗေဒဘာသာရပ်က သိပ်ပြီး ခေတ်စားတဲ့ ဘာသာရပ်တော့ မဟုတ်ပါဘူး။ ဘူမိဗေဒဆိုတာက ကမ္ဘာလုံးဆိုင်ရာ အိုင်တီကုမ္ပဏီတွေမှာ အလုပ်ရဖို့ သေချာနေတဲ့ တခြားဌာနတွေနဲ့မတူဘဲ အလုပ်အကိုင်ရဖို့ လွယ်ကူတဲ့ ဌာနမျိုး မဟုတ်ဘူးလေ။
ဒါပေမဲ့ အခုတော့ အခြေအနေတွေက ပြောင်းလဲသွားခဲ့ပြီ။ မဟာငလျင်ကြီးကြောင့် ဘူမိဗေဒအပေါ် စိတ်ဝင်စားမှုတွေ မြင့်တက်လာခဲ့ပြီး ဒီနှစ် ကျောင်းဝင်ခွင့် ပြိုင်ဆိုင်မှုနှုန်းက စံချိန်တင် မြင့်တက်သွားခဲ့တယ်။
လူတိုင်းက ပါမောက္ခ ကီရန်မိုဟန်ရဲ့ သင်ခန်းစာတွေကို အနည်းဆုံး တစ်ကြိမ်လောက်တော့ တက်ရောက်ချင်ကြတာကြောင့် သူ့ရဲ့ အတန်းတွေက အမြဲတမ်း လူပြည့်နေလေ့ရှိပါတယ်။
ကျွန်တော် ဒီနေရာကို ရောက်နေရတဲ့ အကြောင်းရင်းကတော့ ဒီနေ့မှာ 'After the Big One' စာအုပ် မိတ်ဆက်ပွဲ အခမ်းအနား ရှိနေလို့ပါပဲ။
မူလက ခန်းမကျယ်ကြီးထဲမှာ ကျင်းပဖို့ စီစဉ်ခဲ့တာ ဖြစ်ပေမဲ့ တက်ရောက်သူ အရေအတွက်က အရမ်းများပြားလွန်းတာကြောင့် အားကစားရုံဆီကို အလျင်အမြန် ပြောင်းရွှေ့ကျင်းပခဲ့ရတာပါ။
ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ အထက်လွှတ်တော် အမတ်တွေပါ တက်ရောက်ကြတာဆိုတော့ ကျန်တာကို ပြောနေစရာတောင် မလိုတော့ပါဘူး။
စာအုပ်မိတ်ဆက်ပွဲက အရှိန်အဟုန်နဲ့ ကျင်းပနေပြီး ဒေသခံ အထူးဧည့်သည်တော်တွေနဲ့ နိုင်ငံရေးသမားတွေ တက်ရောက်နေကြ တာကြောင့် ပွဲစီစဉ်သူတွေနဲ့ သက်တော်စောင့်တွေက ဝင်ပေါက်ကို စောင့်ကြပ်နေကြတယ်။
ကျွန်တော် အနားကို ချဉ်းကပ်သွားတဲ့အခါ အဲဒီမှာ ရပ်နေတဲ့ ဝန်ထမ်းတစ်ယောက်က ပြောလာတယ်။
"ဖိတ်စာလေး ကြည့်ပါရစေ"
"ကျွန်တော့်မှာ ဖိတ်စာတော့ မပါဘူး၊ ဒီအတိုင်း ဝင်လို့မရဘူးလား"
အဲဒီဝန်ထမ်းက ပြတ်ပြတ်သားသားပဲ ငြင်းလိုက်တယ်။
"မရပါဘူး။ အထဲမှာ လူအပြည့် ဖြစ်နေပါပြီ"
"ဒါပေမဲ့ ကျွန်တော်က ပါမောက္ခကို နှုတ်ဆက်ဖို့ အဝေးကြီးကနေ လာခဲ့တာမလို့ပါ……"
"ကျေးဇူးပြုပြီး အခုပဲ ထွက်သွားပေးပါ"
သူက လက်ဟန်ပြလိုက်တဲ့အခါ သက်တော်စောင့်တွေက ကျွန်တော့်အနားကို ချဉ်းကပ်လာကြတယ်။
ဒါနဲ့ပဲ ကျွန်တော်လည်း မတတ်သာဘဲ ဆောင်းထားတဲ့ ဦးထုပ်ကို ချွတ်လိုက်ရတော့တာပေါ့။ ကျွန်တော့်မျက်နှာကို မြင်လိုက်ရတဲ့ ဝန်ထမ်းနဲ့ သက်တော်စောင့်တွေက လန့်ဖျတ်သွားကြတယ်။
"ဟင်။ တကယ်ပဲ၊ ကန်ဂျင်ဟူ မဟုတ်လား"
"တကယ်လို့ မရဘူးဆိုရင်လည်း ပွဲပြီးတဲ့အထိ ကျွန်တော် ဒီမှာပဲ စောင့်နေပါ့မယ်"
ကျွန်တော့်စကားကြောင့် သူတို့အားလုံးက အလျင်အမြန် ခေါင်းခါပြကြတယ်။
"မဟုတ်ပါဘူး၊ အဲလိုမဟုတ်ပါဘူး။ ဝင်သွားလို့ ရပါတယ်"
"တကယ်လား"
"ဟုတ်ကဲ့၊ တကယ်ပါ။ ဘာလုပ်နေတာလဲ၊ မြန်မြန် တံခါးဖွင့်ပေးလိုက်လေ"
"ကျေးဇူးတင်ပါတယ်"
ကျွန်တော် အားကစားရုံထဲကို ဝင်ခဲ့တယ်။
အထဲမှာတော့ လူတွေနဲ့ ပြည့်နှက်နေပါပြီ။ ပြင်ဆင်ထားတဲ့ ထိုင်ခုံတွေတင်မကဘဲ လျှောက်လမ်းတွေမှာပါ လူတွေနဲ့ ပြည့်နေတာပါ။ ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ၊ ဒေသခံ ထိပ်သီးလူကြီးတွေ၊ Silicon Valley မှာ ရုံးချုပ်ထားထားတဲ့ ကုမ္ပဏီတွေရဲ့ စီအီးအိုတွေ၊ ပြီးတော့ မဟာငလျင်ကြီးမှာ အသက်ရှင်ကျန်ရစ်သူတွေ စသဖြင့်ပေါ့။
တကယ့်ကို နယ်ပယ်အသီးသီးက လူတွေ စုဝေးနေကြတာပါ။
တစ်ဖက်မှာ စုဝေးနေကြတဲ့ သတင်းထောက်တွေကလည်း ဗီဒီယိုတွေ ရိုက်ကူးတာနဲ့ ဓာတ်ပုံရိုက်တာတွေကို အလုပ်ရှုပ်နေကြတယ်။
သူတို့ရဲ့ အလယ်မှာ မိုက်ကရိုဖုန်းကို ကိုင်ထားတဲ့ ပါမောက္ခ ကီရန်မိုဟန်ကို လှမ်းမြင်လိုက်ရတယ်။ ထိုင်စရာ ထိုင်ခုံ မရှိတော့တာကြောင့် ဒုတိယထပ်ရဲ့ အနောက်ဘက်မှာ ရပ်ပြီး စာအုပ်မိတ်ဆက်ပွဲကို စောင့်ကြည့်နေမိတယ်။
အမေးအဖြေ ကဏ္ဍကို ရောက်နေပုံရပြီး လူတစ်ယောက်က မေးခွန်းတစ်ခု မေးနေပါတယ်။
"နောင်အနာဂတ်မှာ Big One လိုမျိုး ထပ်ပြီး ဖြစ်လာနိုင်သေးလား"
"ဒါကိုတော့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ သိပ္ပံပညာက တိုးတက်လာခဲ့ပေမဲ့ ကမ္ဘာမြေကြီးအကြောင်း ကျွန်တော်တို့ မသိသေးတဲ့အရာတွေ အများကြီး ရှိနေပါသေးတယ်။ ဒါကြောင့်မလို့လည်း အမျိုးသား မိုးလေဝသဌာနရဲ့ ခန့်မှန်းချက်တွေက အမြဲတမ်း လွဲချော်နေရတာ ဖြစ်မှာပါ"
သူ့ရဲ့ စကားကြောင့် နေရာအနှံ့ကနေ ရယ်မောသံတွေ ထွက်ပေါ်လာခဲ့တယ်။
"ရှင်းလင်းတဲ့ အရာတစ်ခုကတော့ အဲဒီလိုမျိုး ထပ်ပြီး ဖြစ်လာခဲ့ရင်တောင် ကျွန်တော်တို့က နည်းလမ်းတစ်ခုခုကို သေချာပေါက် ရှာဖွေနိုင်မှာပဲ ဖြစ်ပါတယ်။ လောလောဆယ်မှာ ငလျင်တွေကို ကြိုတင်ခန့်မှန်းဖို့ ဒါမှမဟုတ် တားဆီးဖို့အတွက် သုတေသနတွေကို တက်ကြွစွာ လုပ်ဆောင်နေကြပါပြီ။ နောက်တစ်ကြိမ်မှာ အလားတူ အခြေအနေမျိုး ကြုံတွေ့ရရင် ပိုပြီးတော့ ကောင်းကောင်း ကိုင်တွယ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အထူးသဖြင့်ပြောရရင် အခုဆိုရင် အစိုးရရဲ့ အသုံးစရိတ် ဘတ်ဂျက်က အများကြီး တိုးမြင့်လာခဲ့ပြီလေ"
သူ့ရဲ့ စကားကြောင့် ထပ်ပြီးတော့ ရယ်မောသံတွေ ထွက်ပေါ်လာခဲ့ပြန်တယ်။
ဒီတစ်ကြိမ်မှာတော့ အာရှနွယ်ဖွား ကျောင်းသားတစ်ယောက်နဲ့ တူတဲ့လူက မိုက်ကရိုဖုန်းကို ယူလိုက်တယ်။
"တကယ်လို့ ကန်ဂျင်ဟူသာ မရှိခဲ့ရင် ဘာဖြစ်သွားမလဲ"
"အင်း။ ဟုတ်သားပဲ၊ ဘာဖြစ်သွားမလဲဆိုတာ စဉ်းစားရခက်ပါတယ်။ လူအမြောက်အမြား အသက်ဆုံးရှုံးခဲ့ရမှာ ဖြစ်ပြီး အဲဒီထဲမှာ ကျွန်တော် ဒါမှမဟုတ် ခင်ဗျားတို့လည်း ပါဝင်နေနိုင်တာပေါ့"
ပါမောက္ခ မိုဟန်က စကားကို ဆက်မပြောနိုင်တော့သလို တခြားလူတွေလည်း ဘာမှမပြောနိုင်ကြတော့ပါဘူး။
အားကစားရုံတစ်ခုလုံး ခဏလောက် တိတ်ဆိတ်သွားခဲ့တယ်။
စကားပြန်ပြောဖို့ အဆင်ပြင်နေတဲ့ ပါမောက္ခ မိုဟန်က ခေါင်းကို မော့လိုက်တဲ့အချိန်မှာ ကျွန်တော်နဲ့ အကြည့်ချင်း ဆုံသွားခဲ့တယ်။ သူ ကျွန်တော့်ကို သေသေချာချာ မြင်သွားပြီလား။
အဲလိုတွေးနေတုန်းမှာပဲ ပါမောက္ခ မိုဟန်က အံ့အားသင့်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့တယ်။
"ဟင်၊ မင်းက ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ……"
ချက်ချင်းဆိုသလိုပဲ လူတိုင်းရဲ့ အကြည့်တွေက ကျွန်တော့်ဆီကို ရောက်လာကြတော့တာပေါ့။
ကျွန်တော်လည်း မတတ်သာဘဲ ဆောင်းထားတဲ့ ဦးထုပ်ကို ချွတ်လိုက်ရပြန်တယ်။
အဲဒီအခါမှာတော့ လူတွေက အံ့သြတကြီးနဲ့ အော်ဟစ်ကြတော့တယ်။
"ကန်ဂျင်ဟူပဲ"
"ဘာလဲဟ။ တကယ်ကြီးလား"
"သေချာတယ်။ အဲဒါ ကန်ဂျင်ဟူပဲ"
"မဖြစ်နိုင်တာ"
"အို….ဘုရားသခင်"
သူတို့အားလုံးက ဖုန်းတွေကို ထုတ်ပြီး ဓာတ်ပုံတွေ ရိုက်ကူးကြတော့တယ်။
လျှောက်လမ်းတွေမှာ ထိုင်နေတဲ့ လူတွေက အလိုအလျောက် လမ်းဖယ်ပေးကြတာကြောင့် ကျွန်တော် အောက်ထပ်ကို ဆင်းလာခဲ့တယ်။
ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် လှိုက်လှိုက်လှဲလှဲ ဖက်လဲတကင်း နှုတ်ဆက်ခဲ့ကြတယ်။ သိကျွမ်းခဲ့တာ သိပ်မကြာသေးပေမဲ့ ခက်ခဲတဲ့ အချိန်တွေကို အတူတူ ဖြတ်ကျော်ခဲ့ကြလို့ပဲလားမသိဘူး၊ ခွဲခွာနေရတဲ့ ရဲဘော်ဟောင်းတစ်ယောက်နဲ့ ပြန်လည်ဆုံတွေ့ရသလို ခံစားချက်မျိုး ဖြစ်မိပါတယ်။
"ဘယ်လိုလဲ။ အဆင်ပြေရဲ့လား"
ပါမောက္ခ မိုဟန်က ဝမ်းသာအားရနဲ့ ပြောလာတယ်။
"ဆိုင်းမဆင့်ဘုံမဆင့်နဲ့ ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ"
"ပါမောက္ခရဲ့ စာအုပ်မိတ်ဆက်ပွဲ ရှိတယ်လို့ ကြားတာနဲ့ ဒီအတိုင်း နေလို့မရတာကြောင့် ဂုဏ်ပြုဖို့ လာခဲ့တာပါ"
"ဒါဆိုရင်လည်း ကြိုတင်ပြီး ဆက်သွယ်လိုက်ပါတော့လား"
"အံ့သြသွားအောင်လို့ပါ"
ပါမောက္ခ မိုဟန်က ကျွန်တော့်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်တယ်။
"အားလုံး သိကြတဲ့အတိုင်း ဒါက ကန်ဂျင်ဟူ ပါ။ ကျေးဇူးပြုပြီး လက်ခုပ်တီးပေးကြပါဦး"
ဖြောင်း။ ဖြောင်း။ ဖြောင်း
လူတွေက တစ်ပြိုင်ထဲ မတ်တပ်ရပ်ပြီး လက်ခုပ်တီးပေးကြတယ်။
"အခုကစပြီး သူ့ကို မေးချင်တဲ့ မေးခွန်းတွေ ရှိရင် မေးလို့ရပါပြီ။ တကယ်တော့ စောစောကတည်းက အောင့်ထားရတာမလို့ အိမ်သာကို ခဏလောက် သွားလိုက်ဦးမယ်"
"ဟင်"
ပါမောက္ခ မိုဟန်က ကျွန်တော့်လက်ထဲကို မိုက်ကရိုဖုန်း ထည့်ပေးပြီး အားကစားရုံထဲကနေ ထွက်ခွာသွားခဲ့တယ်။ သူ မရှိတဲ့အတောအတွင်းမှာ နေရာအနှံ့ကနေ ထွက်ပေါ်လာတဲ့ မေးခွန်းတွေကို ကျွန်တော်ပဲ လိုက်လံဖြေကြားပေးခဲ့ရတော့တာပေါ့။
စာအုပ်မိတ်ဆက်ပွဲက အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီး ကမ္ဘာတစ်ဝန်းက မီဒီယာတွေမှာ သတင်းတွေ ထွက်ပေါ်လာခဲ့တယ်။
အမေရိကန်ရဲ့ တစ်ကိုယ်တော်ဝါဒက ကမ္ဘာ့ကုန်သွယ်ရေး စနစ်ကို ပျက်ပြားစေတယ်လို့ တရုတ်က သတိပေးခဲ့သလို နိုင်ငံခြားရေးဝန်ကြီး ချန်းယီရဲ့ ထုတ်ပြန်ချက်ကတစ်ဆင့် အမေရိကန်-တရုတ် ပူးပေါင်းဆောင်ရွက်မှုကို အလေးအနက် ပြောကြားခဲ့တယ်။
"ပူးပေါင်းဆောင်ရွက်မှုက အပြန်အလှန် အကျိုးအမြတ်ကို ဖြစ်ထွန်းစေပြီး တိုက်ခိုက်မှုကတော့ အားလုံးကို ထိခိုက်စေပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေးရဲ့ အနှစ်သာရက အပြန်အလှန် အကျိုးပြုတဲ့ ပူးပေါင်းဆောင်ရွက်မှုပဲ ဖြစ်ပါတယ်။ တရုတ်နဲ့ အမေရိကန်ဆိုတဲ့ ကမ္ဘာ့ဈေးကွက်ကြီး နှစ်ခုကြား ပူးပေါင်းဆောင်ရွက်တာက ကမ္ဘာကြီးကို အကျိုးပြုမယ့် လမ်းစဉ်ပါ။ တရုတ်နိုင်ငံအနေနဲ့ အမေရိကန်နဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့၊ အပြန်အလှန် ယုံကြည်မှုနဲ့ လေးစားမှုကို တည်ဆောက်ဖို့ အဆင်သင့်ပါပဲ"
ဒါပေမဲ့ ရိုနယ်ကတော့ လှောင်ပြုံးပြုံးရင်း ကျန်ရှိနေတဲ့ တရုတ်သွင်းကုန် ဒေါ်လာ သန်းပေါင်း ၂၅၀,၀၀၀ဖိုးအပေါ်မှာ အစီအစဉ်အတိုင်း အကောက်ခွန် ဆက်လက်စည်းကြပ်သွားမယ်လို့ ကြေညာခဲ့တယ်။
"အမေရိကန်အနေနဲ့ တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲကို အလျင်အမြန် အဆုံးသတ်ဖို့ အကြောင်းပြချက် မရှိပါဘူး။ တရုတ်က လက်ရှိ ကျင့်သုံးနေတဲ့ မတရားတဲ့ လုပ်ရပ်တွေကို မပြောင်းလဲမချင်း ဒါကို ဆက်ပြီး လုပ်ဆောင်သွားမှာပါ။ တရုတ်က နိုင်ငံခြားကုမ္ပဏီတွေဆီကနေ နည်းပညာတွေကို အတင်းအကြပ် လွှဲပြောင်းယူခဲ့တယ်၊ မူပိုင်ခွင့်တွေကို ချိုးဖောက်ခဲ့တယ်၊ မူပိုင်ခွင့် ပိုင်ဆိုင်မှုတွေကို ခိုးယူခဲ့တယ်၊ ဒါတင်မကဘဲ နည်းပညာတွေ ခိုးယူဖို့အတွက် serverတွေထဲမှာ Spy Chipတွေနဲ့ Backdoor တွေကိုပါ ထည့်သွင်းခဲ့ကြတယ်။ သူတို့က အခုထက်ထိ ခိုးယူမှုနဲ့ လုယက်မှုတွေကို ဆက်လုပ်နေတုန်းပဲ။ အမေရိကန်ကတော့ ပြင်းပြင်းထန်ထန် အနိုင်ကျင့်ခံခဲ့ရတာပါ"
ရိုနယ်က သတင်းထောက်တွေကို ပြောလိုက်တယ်။
"အမေရိကန်က ဒါကို နောက်ထပ် သည်းခံနေမှာ မဟုတ်တော့ဘူး။ ပိတ်ဆို့အရေးယူခြင်း ခံထားရတဲ့ တရုတ်ကုမ္ပဏီတွေနဲ့ အရောင်းအဝယ် လုပ်နေတဲ့ ကုမ္ပဏီအားလုံးကိုပါ အရေးယူဖို့ စဉ်းစားသွားမှာပါ။ အဲဒီကုမ္ပဏီတွေက နောင်အနာဂတ်မှာ အမေရိကန်နဲ့ အရောင်းအဝယ် ပြုလုပ်တဲ့နေရာမှာ ကန့်သတ်ချက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်"
မျှော်လင့်မထားတဲ့ ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုကြောင့် သတင်းထောက်တွေက ဘာမှမပြောနိုင်ဘဲ ဆွံ့အသွားခဲ့ကြတယ်။
ကမ္ဘာပေါ်မှာ အမေရိကန်ကုမ္ပဏီတွေနဲ့ အရောင်းအဝယ် မလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီ ဘယ်လောက်တောင် ရှိလို့လဲ။
ဒါက ကမ္ဘာကြီးတစ်ခုလုံးကို တရုတ်ကုမ္ပဏီတွေနဲ့ အရောင်းအဝယ် လုံးဝရပ်ဆိုင်းဖို့ အမိန့်ပေးလိုက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။
"ဒါက အမေရိကန်ရဲ့ လုံခြုံရေးကို ကာကွယ်ဖို့အတွက် မရှောင်လွှဲနိုင်တဲ့ အရေးယူဆောင်ရွက်မှုပဲ ဖြစ်ပါတယ်"
တုန်လှုပ်သွားကြပြီးတဲ့နောက် သတင်းထောက်တွေက မေးခွန်းတွေကို ပြိုင်တူ မေးကြတော့တယ်။
"အမေရိကန်ကုမ္ပဏီတွေ အထီးကျန်ဖြစ်သွားမှာကို စိုးရိမ်စရာ မရှိဘူးလား"
"တရုတ်ရဲ့ တုံ့ပြန်မှုကိုကော ဘယ်လို ကိုင်တွယ်မလဲ"
"တခြားနိုင်ငံတွေကော ဒီအရေးယူမှုမှာ ပူးပေါင်းလာမယ်လို့ ထင်ပါသလား"
ရိုနယ်က လက်နှစ်ဖက်ကို မြှောက်ပြီး သရော်တဲ့ လေသံနဲ့ ပြောလိုက်တယ်။
"အမေရိကန်က မိုက်မဲမနေပါဘူး။ စည်းကမ်းချက်တွေကို လိုက်နာတဲ့ ကုမ္ပဏီတွေ၊ နိုင်ငံတွေနဲ့ပဲ အရောင်းအဝယ် လုပ်မှာပါ။ အမေရိကန်နဲ့ အရောင်းအဝယ် လုပ်ချင်သလား။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ စည်းကမ်းတွေကို လိုက်နာပါ။ တကယ်လို့ သဘောမကျဘူးဆိုရင်လည်း မလုပ်ပါနဲ့။ ကျွန်တော်တို့က သူတို့ကို အရောင်းအဝယ် လုပ်ပေးပါဦးလို့ တောင်းပန်နေရတာမှ မဟုတ်တာ၊ ဟုတ်တယ်မလား"
ဒီထရိုက် မြို့က ဟိုတယ်တစ်ခုမှာ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး လီရွှဲ့ဝေ၊ ပြီးတော့ ဒုတိယဥက္ကဋ္ဌ ဝမ်ယီချန်းတို့နဲ့ တွေ့ဆုံခဲ့တယ်။ အရင်တုန်းက တွေ့ဆုံခဲ့စဉ်ကထက်စာရင် သူတို့နှစ်ယောက်လုံးရဲ့ မျက်နှာအမူအရာက အများကြီး ပိုပြီး ဆိုးရွားနေခဲ့ပါပြီ။
ဝေးလံတဲ့နေရာကနေ လာခဲ့ကြတာ ဖြစ်လို့ သူတို့အတွက် လက်ဖက်ရည်ကို ကိုယ်တိုင် ဖျော်ပေးလိုက်တယ်။
"ဒါက ပြီးခဲ့တဲ့အကြိမ်က ခင်ဗျားတို့ လက်ဆောင်ပေးခဲ့တဲ့ လက်ဖက်ခြောက်ပဲ။ သောက်ရတာ တကယ်ကို ကောင်းမွန်ပါတယ်"
သူတို့နှစ်ယောက်လုံးက လက်ဖက်ရည်ခွက်ကို မထိကြဘူး။
ကျွန်တော် လက်ဖက်ရည်ခွက်တွေကို စားပွဲပေါ် တင်လိုက်ပြီးနောက် ကိုယ့်နေရာကိုယ် ပြန်ထိုင်လိုက်တယ်။
"ပြီးခဲ့တဲ့အကြိမ်တုန်းကတော့ နောင်တရလိမ့်မယ်လို့ ပြောခဲ့ပြီးတော့ အခုကျမှ ဘာကိစ္စရှိလို့ ပြန်လာရတာလဲ"
ဒုတိယဝန်ကြီး လီရွှဲ့ဝေက ကျွန်တော့်ကို မေးလာတယ်။
"မင်း ဘာကို လိုချင်တာလဲ"
ကျွန်တော် ပြန်လည်ဖြေကြားမယ့်အစား ဒုတိယဥက္ကဋ္ဌ ဝမ်ယီချန်းကို ကြည့်ပြီး ပြောလိုက်တယ်။
"ကျွန်တော် နောက်တစ်ကြိမ် ထပ်ပြီး မေးပါရစေ။ ကျိုး မော်တာက CarOS ရဲ့ နည်းပညာကို လုံးဝ မကူးချခဲ့ဘူးလို့ ခင်ဗျား တကယ်ပဲ ပြောနိုင်ပါသလား"
"……"
သူ ကျွန်တော့်မေးခွန်းကို ပြန်မဖြေနိုင်ခဲ့ဘူး။ ဟုတ်ပါတယ်၊ သူ့မှာ ပါးစပ် ဆယ်ပေါက် ရှိနေရင်တောင် ဆင်ခြေပေးစရာ စကား ရှိမှာ မဟုတ်တော့ဘူးလေ။
ကျွန်တော် အနံ့မွှေးပျံ့နေတဲ့ လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီးနောက် ပြောလိုက်တယ်။
"ဘာပဲလုပ်လုပ်၊ အရင်ဆုံး တောင်းပန်တာနဲ့ နစ်နာကြေးပေးတာက အရင်ဆုံး လာရမှာ မဟုတ်ဘူးလား။ ပြီးတော့ နောင်အနာဂတ်မှာ ဒီလိုမျိုးကိစ္စရပ်တွေ ထပ်ပြီး မဖြစ်ပွားစေရပါဘူးဆိုတဲ့ အာမခံချက်လည်း လိုအပ်တာပေါ့၊ ဟုတ်တယ်မလား"
အခန်း (၂၇၆)
အမေရိကန်က သူတို့ရဲ့ အာဏာစိုးမိုးမှုကို စိန်ခေါ်တဲ့ နိုင်ငံတွေကို ဘယ်တော့မှ ဒီအတိုင်း လွှတ်မထားပါဘူး။
တစ်ချိန်က ကမ္ဘာကြီးကို အမေရိကန်နဲ့ တစ်ဝက်စီ ခွဲပြီး စိုးမိုးခဲ့တဲ့ ဆိုဗီယက်ယူနီယံဟာ ပြိုကွဲသွားပြီး သမိုင်းထဲမှာ ပျောက်ကွယ်သွားခဲ့ပါပြီ။ စီးပွားရေးအရ အမေရိကန်ရဲ့ ခါးလောက်အထိ လိုက်မှီခဲ့တဲ့ ဂျပန်ဟာလည်း Plaza Accord (တကယ်တော့ အမေရိကန်ဘက်က တစ်ဖက်သတ် အကြောင်းကြားချက်ပဲ) ကြောင့် နှစ်ပေါင်း ၂၀ ကြာ ရေရှည်စီးပွားရေး ကျဆင်းမှုကို ကြုံခဲ့ရတယ်။
ပြီးတော့ ဒီတစ်ကြိမ်မှာတော့ ပစ်မှတ်က တရုတ် ဖြစ်နေပါပြီ။ ဒါကြောင့် တရုတ်က ဒါကို ဒုတိယမြောက် Plaza Accord လို့ သတ်မှတ်ပြီး စိုးရိမ်စိတ်တွေ ဝင်နေတာပါ။
ဒါပေမဲ့ အမေရိကန်က အာဏာအရှိဆုံး နိုင်ငံဖြစ်နေရင်တောင် အရာရာကို သူဖြစ်ချင်သလို လုပ်လို့တော့ မရပါဘူး။ တခြားနိုင်ငံတွေရဲ့ ထောက်ခံမှု မရတဲ့ လုပ်ရပ်တွေကတော့ မလွဲမသွေ တားဆီးပိတ်ပင်တာကို ခံရမှာပါပဲ။
ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့တော့ နိုင်ငံအများစုက ထောက်ခံခဲ့ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ကုမ္ပဏီတွေရဲ့ မဆင်မခြင် မူပိုင်ခွင့် ချိုးဖောက်မှုတွေကြောင့် နိုင်ငံအားလုံးက ခံစားခဲ့ရလို့ပါပဲ။ သူတို့က တရုတ်ရဲ့ အာဏာအောက်မှာ ဖိနှိပ်ခံရင်း သည်းခံခဲ့ကြပေမဲ့ အမေရိကန်က ဦးဆောင်လိုက်တဲ့အခါ အားလုံးက ထုတ်ဖော်ပြောဆိုလာကြတော့တယ်။
တစ်ချိန်က ယိမ်းယိုင်နေသလို ထင်ရတဲ့ နေတိုးမဟာမိတ်အဖွဲ့က အခုအချိန်မှာ အရမ်းကိုစည်းလုံးနေတာပါ။
အခြားတစ်ဖက်မှာတော့ တရုတ်မှာက မဟာမိတ် အများကြီး မရှိပါဘူး။ တရုတ်ရဲ့ တစ်ဖက်သတ် နယ်မြေချဲ့ထွင်တဲ့ မူဝါဒတွေကြောင့် အိမ်နီးနားချင်း နိုင်ငံတွေမှာ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ မြင့်တက်လာခဲ့ပြီး တရုတ်ရဲ့ အာဏာစိုးမိုးရေး လှုပ်ရှားမှုတွေအပေါ် စိုးရိမ်စိတ်တွေလည်း ရှိနေခဲ့တယ်။
ပြီးတော့ ပုံမှန်အားဖြင့် ရန်ပွဲတစ်ခု ဖြစ်လာရင် နိုင်မယ့်ဘက်ကနေ ရပ်တည်ကြတာ သဘာဝပဲ မဟုတ်လား။ အခု အခြေအနေက အမေရိကန် နိုင်လိမ့်မယ်ဆိုတာ ဘယ်သူမဆို မြင်နိုင်တာပဲလေ။
တရုတ်အစိုးရပိုင် မီဒီယာတွေပဲ တရုတ် နိုင်လိမ့်မယ်လို့ ပြောနေကြတာပါ။
ဒုတိယဥက္ကဋ္ဌ ဝမ်ယီချန်းက စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချရင်း ပြောတယ်။
“တရုတ်မှာ လူတွေက သေရင်တောင် အရှက်ရမှာကို ကြောက်ကြတယ်ဆိုတဲ့ စကားပုံ ရှိတယ်”
သူ့အဓိပ္ပာယ်က နောက်ဖေးပေါက်ကနေ နည်းပညာ ခိုးယူခဲ့တာကို ဝန်ခံလိုက်ရင် သူတို့ မျက်နှာ ဘယ်နား သွားထားရမလဲ ဆိုတာပါပဲ။
အရှက်နဲ့ သိက္ခာကို တန်ဖိုးထားတာက အရှေ့တိုင်း ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပေမဲ့ တရုတ်မှာတော့ ပိုပြီး ပြင်းထန်ပါတယ်။ ဘယ်လောက်တောင်လဲဆိုရင် “တိန့်ရှောင်ဖိန်က တရုတ်ပြည်သူတွေကို စားဝတ်နေရေး အဆင်ပြေအောင် လုပ်ပေးခဲ့ပေမဲ့ မော်စီတုံးကတော့ တရုတ်ပြည်သူတွေရဲ့ မျက်နှာကို ကယ်တင်ပေးခဲ့တယ်” လို့တောင် လူတွေ ပြောကြတယ်။ ဆိုလိုတာက သိက္ခာကို ထိန်းဖို့က စားဝတ်နေရေးထက်တောင် ပိုအရေးကြီးနေတာပေါ့လေ။
တက်ဂယူက မျက်တောင်ခတ်ရင်း ရေရွတ်လိုက်တယ်။
“မဟုတ်ဘူးလေ။ သိက္ခာကို ဒီလောက်တန်ဖိုးထားတဲ့ လူတွေက ဘာလို့ သူများပစ္စည်းကို ခိုးကြတာလဲ”
စကားပြန်ကတစ်ဆင့် ဒီစကားကို ကြားလိုက်ရတဲ့ ဒုတိယဝန်ကြီး လီရွှဲ့ဝေနဲ့ ဒုတိယဥက္ကဋ္ဌ ဝမ်ယီချန်းတို့ဟာ မျက်မှောင်ကုတ်သွားကြပေမဲ့ တကယ်တမ်း ပြန်မချေပနိုင်ကြခဲ့ပါဘူး။
ဒုတိယဝန်ကြီး လီရွှဲ့ဝေက ဖျောင်းဖျတဲ့ လေသံနဲ့ ပြောတယ်။
“ငါတို့ဘက်မှာလည်း လိုက်လျောပေးဖို့က ခက်ခဲနေတာပါ။ ကန်ဂျင်ဟူ အနေနဲ့ နားလည်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တရုတ်နဲ့ ကိုရီးယား ဆက်ဆံရေးကို ငဲ့ညှာပြီး ဒါကို ကောင်းကောင်းမွန်မွန် အဆုံးသတ်နိုင်ဖို့ မျှော်လင့်ပါတယ်”
ဒုတိယဥက္ကဋ္ဌ ဝမ်ယီချန်းက ဆက်ပြောတယ်။
“ကတိပေးပါတယ်။ ကျိုးမော်တာ ဘက်ကလည်း လုံလောက်တဲ့ ရိုးသားမှုကို ပြသသွားမှာပါ”
သူတို့က တခြားခေါင်းစဉ်တစ်ခုခုနဲ့ လျော်ကြေးပေးနိုင်ပေမဲ့ နည်းပညာ ခိုးယူမှုကိုတော့ ဝန်မခံနိုင်ဘူးလို့ ပြောနေတာလား။
ဝမ်ယီချန်းက တည်ငြိမ်နေသလို ဟန်ဆောင်ဖို့ ကြိုးစားပေမဲ့ သူ့ရဲ့ စိုးရိမ်စိတ်ကိုတော့ မဖုံးကွယ်နိုင်ခဲ့ဘူး။ တရုတ်အစိုးရရဲ့ အကာအကွယ်အောက်မှာ တရုတ်ရဲ့ အကြီးဆုံး မော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီအဖြစ် ကြီးထွားလာခဲ့တဲ့ ကျိုးမော်တာ ဟာ အနာဂတ်သုံး ကားတွေကို တီထွင်နေပြီး ပြည်ပတင်ပို့ဖို့ကိုလည်း တက်တက်ကြွကြွ ဆောင်ရွက်နေတာပါ။
Volvo၊ Lotus၊ Daimler AG စတာတွေကို ဝယ်ယူဖို့နဲ့ ရှယ်ယာတွေ ဝယ်ဖို့ အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့တာက ဥရောပဈေးကွက်ထဲ ဝင်ရောက်ဖို့ မဟာဗျူဟာမြောက် လှုပ်ရှားမှုတစ်ခု ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ဒီပိတ်ဆို့အရေးယူမှု စာရင်းထဲမှာ ပါဝင်သွားတာကြောင့် ပြည်ပတင်ပို့မယ့် လမ်းကြောင်းအားလုံး ပိတ်ဆို့သွားခဲ့ရပါပြီ။
ဝယ်ယူထားတဲ့ ကုမ္ပဏီတွေကလည်း နည်းပညာ ပေါက်ကြားမှာကို စိုးရိမ်ပြီး ရုံးချုပ်နဲ့ အလှမ်းဝေးအောင် လုပ်ဆောင်မယ့် အရိပ်အယောင်တွေ ပြသလာကြသလို EUကလည်း ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ဖို့ စဉ်းစားနေပါတယ်။
သူတို့သာ CarOS နဲ့ ကိစ္စကို မဖြေရှင်းနိုင်ရင် ရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်ပတင်ပို့မှု နှစ်ခုစလုံး ထိခိုက်ပျက်စီးသွားမှာ အသေအချာပါပဲ။ ဒီစိုးရိမ်ပူပန်မှုတွေက ရှယ်ယာဈေးနှုန်းတွေကို ဆက်တိုက် ကျဆင်းစေခဲ့တယ်လေ။
ကျွန်တော်က ပြုံးပြီး ပြောလိုက်တယ်။
“ကျွန်တော်ကတော့ ကိုယ်လုပ်ခဲ့တဲ့ အမှားကို ဝန်ခံပြီး တောင်းပန်မှပဲ သိက္ခာရှိမှာလို့ ထင်တယ်။ မဟုတ်ရင်တော့ ဘာဆွေးနွေးပွဲမှ ရှိလာမှာ မဟုတ်ဘူး”
ကျိုးမော်တာ က တောင်းပန်စာ ထုတ်ပြန်ခဲ့တယ်။
အင်ဂျင်နီယာ တချို့ဟာ CarOS ရဲ့ အလိုအလျောက်မောင်းနှင်မှု နည်းပညာကို ခိုးယူခဲ့တာ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ သူတို့က ကြေညာခဲ့တယ်။ ပတ်သက်သမျှ လူအားလုံးကို အလုပ်ကနေ ထုတ်ပယ်လိုက်ပြီး ဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုထားကြောင်း၊ ပြီးတော့ JW8 ထုတ်လုပ်မှုကိုလည်း ရပ်ဆိုင်းထားမှာ ဖြစ်ကြောင်း ကျိုးမော်တာ က ပြောကြားခဲ့တယ်။
[ကျိုးမော်တာ က CarOS ရဲ့ မူပိုင်ခွင့် ချိုးဖောက်မှုကို ဝန်ခံ]
[JW8 ရဲ့ အလိုအလျောက်မောင်းနှင်မှု နည်းပညာဟာ CarOS ရဲ့ နည်းပညာကို ကူးချထားကြောင်း အတည်ပြု]
[JW8 ထုတ်လုပ်မှုကို လုံးဝရပ်ဆိုင်း]
[နည်းပညာအဖွဲ့ခေါင်းဆောင် ဝေချင်းဟုန် တာဝန်ယူမှုဖြင့် နုတ်ထွက်]
[ဥက္ကဋ္ဌ ကျိုးခိုင် က CarOS အား တောင်းပန်ရန်နှင့် လျော်ကြေးပေးရန် ကတိပြု]
တရုတ်နိုင်ငံရဲ့ အဓိက ကော်ပိုရေးရှင်းကြီးတစ်ခုက မူပိုင်ခွင့် ချိုးဖောက်မှုကို ဝန်ခံတာက မကြုံစဖူး ထူးခြားတဲ့ ကိစ္စပါပဲ။
မကြာခင် အချိန်အထိ ကျိုးမော်တာ က JW8 ဟာ တရုတ်ရဲ့ ကိုယ်ပိုင်နည်းပညာနဲ့ ပြုလုပ်ထားတဲ့ အလိုအလျောက်မောင်းနှင်မှုစနစ်သုံး ကားဖြစ်ကြောင်း အလေးပေး ပြောဆိုရင်း နည်းပညာ ခိုးယူမှု လုံးဝမရှိကြောင်း အခိုင်အမာ ပြောဆိုခဲ့တာပါ။
ဒါပေမဲ့ ဒီထုတ်ပြန်ချက်က ပြောင်းပြန်ဖြစ်သွားတဲ့အခါ တရုတ်ပြည်သူတွေဟာ အကြီးအကျယ် တုန်လှုပ်သွားကြတယ်။
– ဘာလဲဟ။ ကျိုးမော်တာ က တကယ်ပဲ CarOS ရဲ့ နည်းပညာကို ကူးချခဲ့တာလား။
– မဖြစ်နိုင်တာ။ ဒါ မဟုတ်နိုင်ပါဘူး
– တစ်ယောက်ယောက်က ဒါ လိမ်ညာနေတာလို့ ပြောပေးကြပါဦး။
– ဒါက တရုတ်ပြည်ကြီးရဲ့ ဂုဏ်သိက္ခာလား။
– တကယ် အရှက်ရဖို့ကောင်းတယ်။
– နိုင်ငံရဲ့ မျက်နှာကို အိုးမဲသုတ်လိုက်တာပဲ။ တရုတ်လူမျိုး ဖြစ်ရတာ ရှက်ဖို့ကောင်းလိုက်တာ။
– သေလိုက်ကြတော့။ တရုတ်ပြည်သူအားလုံးကို တောင်းပန်တဲ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ကြ။
ဒါပေမဲ့ အဲဒီလို ပို့စ်တွေက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့တယ်။
အဲဒီအစား တခြားအကြောင်းအရာတွေပါတဲ့ ပို့စ်တွေက တစ်ယောက်က စီစဉ်ထားသလိုမျိုး ဆက်တိုက် ပေါ်လာခဲ့တယ်။
– ဒါတွေ အားလုံးက အမေရိကန်ရဲ့ ကုန်သွယ်ရေး လက်တုံ့ပြန်မှုကြောင့်ပဲ။
– တရုတ်နိုင်ငံကို ကာကွယ်ဖို့အတွက် ဒါက မလွဲမသွေ ရွေးချယ်ခဲ့ရတဲ့ လမ်းစဉ်ဖြစ်တယ်လို့ ကျိုးမော်တာ ရဲ့ အတွင်းလူတစ်ယောက်ဆီက ကြားခဲ့ရတယ်။
– အစပြုတာက ကျိုးမော်တာ က နည်းပညာ ခိုးယူပါတယ်ဆိုတဲ့ CarOS ရဲ့ ပြဿနာကြောင့်ပဲ။ ဒါကို သက်သေပြဖို့ ကန်ဂျင်ဟူ က Spy Chip ပြဿနာကို ထုတ်ပြောခဲ့ပေမဲ့ ဒါက လုပ်ကြံထားတဲ့ သက်သေတွေ ဖြစ်တယ်ဆိုတာ တရုတ်အေဂျင်စီတွေရဲ့ စုံစမ်းစစ်ဆေးမှုအရ ပေါ်ထွက်လာခဲ့ပြီ။
– ဟူး… စိတ်ပျက်စရာကောင်းလိုက်တာ။ မတရားလိုက်တာ။ လုပ်ကြံထားတဲ့ သက်သေတွေရှေ့မှာ ဒူးထောက်ခဲ့ရတယ်ပေါ့လေ။
– ကောင်းပြီလေ။ သူတို့က နိုင်ငံတကာမှာ ဒီလောက်တောင် ဆူဆူညံညံ လုပ်ထားတာဆိုတော့ ဒါက မဟုတ်ဘူးလို့ ပေါ်သွားရင် သူတို့ ပြောစရာ စကားရှိမှာ မဟုတ်တော့ဘူး။
– ဒါက နိုင်ငံရဲ့ ရေရှည်စီမံကိန်းအတွက် ရွေးချယ်မှုတစ်ခု ဖြစ်လို့ ကျွန်တော် လေးစားပါတယ်။
– သမင်ကို ကြည့်ပြီး မြင်းလို့ ပြောနေတာပဲ။ သမင်ကို မြင်းလို့ ခေါ်ရင်တောင် သမင်က သမင်ပဲ။ (ဒါက အမှန်တရားကို လိမ်ညာလှည့်ဖြားဖို့ ပုံဖျက်တာကို ဆိုလိုတဲ့ စကားပုံ ဖြစ်တယ်)
– ဒါက တုံကင်ပင်လယ်ကွေ့ အရေးအခင်းနဲ့ ဘာကွာလို့လဲ။
– နောင်အနာဂတ်မှာ ဒီလို မတရားတာတွေကို မခံရဖို့အတွက် ကျွန်တော်တို့ တရုတ်နိုင်ငံက ခွန်အားတွေ ပိုမွေးဖို့ လိုအပ်တယ်။
– တရုတ်လူမျိုးတွေ ပြန်လည် နိုးထလာဖို့ အားလုံး အတူတူ ကြိုးစားကြစို့။
– ကျိုးမော်တာ အောင်မြင်ပါစေ။
– နိုင်ငံခြားကားတွေ မစီးကြနဲ့။ ကျိုးမော်တာ ကားတွေကိုပဲ စီးပြီး သူတို့ကို အားပေးကြစို့။
Weibo ပေါ်မှာ တရုတ်နိုင်ငံတော်အလံနဲ့အတူ ကျိုးမော်တာ ရဲ့ Logoကို တင်တာက ခေတ်စားလာခဲ့တယ်။ ကျိုးမော်တာ ကလည်း မျိုးချစ်စိတ်ဓာတ်ကို အလေးပေးထားတဲ့ ကြော်ငြာတွေကို ထုတ်ဝေခဲ့တယ်။
Global Times နဲ့ People's Daily တို့ကလည်း ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားဖို့အတွက် ဒါက မလွဲမသွေ လုပ်ဆောင်ခဲ့ရတဲ့ အစီအမံဖြစ်ကြောင်း ပြောဆိုပြီး ကျိုးမော်တာ ဘက်ကနေ ကာကွယ်ပေးခဲ့ကြတယ်။
တချို့သော ပညာတတ်တွေက ဒီအခြေအနေအပေါ် စိုးရိမ်ပူပန်မှုတွေ ရှိခဲ့ကြပေမဲ့ သူတို့အနေနဲ့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုနိုင်တဲ့ အနေအထားမျိုး မဟုတ်ခဲ့ပါဘူး။ ဒီအတောအတွင်းမှာ နာမည်ကြီး တရုတ်မင်းသားတစ်ယောက်က “သူတို့ နည်းပညာ ခိုးခဲ့တာ အမှန်ပဲ မဟုတ်လား” လို့ စာတင်ခဲ့မိတာကြောင့် သစ္စာဖောက်လို့ အဝေဖန်ခံရပြီး ပြန်လည်တောင်းပန်ခဲ့ရတယ်။
တခြားနိုင်ငံတွေကတော့ တရုတ်ရဲ့ ဒီလို အခြေအနေအပေါ် ရယ်စရာကောင်းတယ်လို့ တုံ့ပြန်ခဲ့ကြတယ်။
ကျွန်တော်က တရုတ်နိုင်ငံတွင်းက တုံ့ပြန်မှုတွေကို ဖော်ပြထားတဲ့ ဆောင်းပါးတွေကို ကြည့်ပြီး ချီးကျူးမိတယ်။
“လုရှန် က အလကားနေရင်း ကြီးကျယ်တဲ့ စာရေးဆရာ ဖြစ်လာတာ မဟုတ်ဘူးပဲ”
“လုရှန် က ဘယ်သူလဲ”
“တရုတ်ဝတ္ထုရေးဆရာလေ။ ‘အားကျူပုံပြင် (ကီးဘုတ်အင်မော်တယ်)’ ဆိုတဲ့ ဝတ္ထုကို သိလား”
(မြန်မာမှာတော့ ဇူအန်လို့ဘာသာပြန်ထားပါတယ်)
တက်ဂယူက ခေါင်းညိတ်ပြတယ်။
“ဒါပေါ့။ အဲ့ဝတ္ထုကို မသိတဲ့လူ ရှိလို့လား”
ကျွန်တော် တော်တော်လေး အံ့သြသွားတယ်။
“မင်း ဖတ်ဖူးလို့လား”
“သေချာတော့ မဖတ်ဖူးဘူး။ ဒါပေမဲ့ အဲဒီဇာတ်ကောင်က လိုင်းပေါ်က ကီးဘုတ်ဆရာတွေ၊ ပါးစပ်ဆရာတွေရဲ့ ဘိုးအေဆိုတာတော့ သိတယ်”
“……”
သူပြောတာ မှန်ပါတယ်။
‘ကီးဘုတ်အင်မော်တယ်’ ထဲက ဇာတ်ကောင် အားကျူဟာ တစ်နေရာရာမှာ ရန်ဖြစ်လို့ အရိုက်ခံရရင် ကိုယ့်ပါးကိုယ် ပြန်ရိုက်ပြီး ‘ငါ့ကိုယ်ငါ ပြန်ရိုက်တာဆိုတော့ ငါပဲ နိုင်တယ်’ ဆိုပြီး ဘယ်ကိစ္စမှာမဆို စိတ်ကူးထဲမှာတင် အနိုင်ယူတတ်တဲ့သူ ဖြစ်တယ်။
လုရှန် က အဲဒီခေတ်တုန်းက လက်တွေ့ဘဝနဲ့ ကင်းကွာပြီး ကိုယ့်စိတ်ကူးနဲ့ကိုယ် နစ်မျောနေတဲ့ တရုတ်လူမျိုးတွေကို သရော်ဖို့အတွက် ရေးသားခဲ့တာ ဖြစ်ပေမဲ့ ဒါကို ကြည့်ရသလောက်တော့ အခုအချိန်အထိ အခြေအနေက သိပ်ပြီး ပြောင်းလဲမသွားသေးတဲ့ ပုံပါပဲ။
“ဘာပဲဖြစ်ဖြစ် ငါတို့ ရနိုင်သမျှ ပိုက်ဆံ အများကြီး ယူရမယ်”
တက်ဂယူက ခေါင်းညိတ်တယ်။
“ဒါပေါ့။ တောင်းပန်တယ်ဆိုတာက တကယ်တမ်းကျတော့ ပိုက်ဆံနဲ့ လုပ်ရတာ မဟုတ်လား”
လျော်ကြေးပမာဏကို ဒေါ်လာ သန်း ၁ထောင်ဝန်းကျင်နဲ့ ညှိနှိုင်းနေကြတာပါ။
ကျိုးမော်တာ ဘက်က ကြည့်ရင်တော့ ကားတစ်စီးမှ မရောင်းရသေးဘဲ ဝမ် သိန်းပေါင်း ၁ ကုဋေလောက်ကို ထုတ်ပေးရတော့မှာပါ။ ဒါ့အပြင် အလားတူ ဖြစ်ရပ်မျိုးတွေ ထပ်မဖြစ်အောင် အမေရိကန် အစိုးရနဲ့ ပူးပေါင်းပြီး အစီအမံတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
G2 နိုင်ငံကြီးနှစ်ခုအကြား ထိပ်တိုက်တွေ့ဆုံမှုဆီ ဦးတည်နေတဲ့ ကုန်သွယ်ရေးစစ်ပွဲဟာ ကျိုးမော်တာ ရဲ့ တောင်းပန်မှု ကြေညာချက်ကြောင့် အနည်းငယ် ပြေလျော့သွားခဲ့တယ်။ အမှန်တော့ တရုတ်ဘက်က ခြေတစ်လှမ်း ဆုတ်ပေးလိုက်တာနဲ့ တူပါတယ်။
သမ္မတ ရိုနယ် နဲ့ တရုတ်သမ္မတ ကျန်းဖင်ဟွာ တို့ဟာ နယူးယောက်မှာ ထိပ်သီးအစည်းအဝေး ပြုလုပ်ဖို့ သဘောတူခဲ့ကြတယ်။
ကမ္ဘာ့မျက်လုံးတွေက နယူးယောက်ဆီ အာရုံစိုက်နေကြပြီး တက်ဂယူနဲ့ ကျွန်တော်လည်း နယူးယောက်ဆီ ဦးတည်ခဲ့ကြတယ်။
ထိပ်သီးအစည်းအဝေး မစတင်မီ နာရီအနည်းငယ်အလိုမှာတော့
ကျွန်တော်တို့ဟာ အာရှသား သက်တော်စောင့်တွေ ဝန်းရံထားတဲ့ ဟိုတယ်တစ်ခုထဲကို ဝင်ရောက်ခဲ့တယ်။ ဝင်ပေါက်ကနေစပြီး သေချာ စစ်ဆေးမှုတွေ ဆက်တိုက် ပြုလုပ်ခဲ့တယ်။
လုံခြုံရေး စစ်ဆေးမှု အဆင့်ဆင့်ကို ဖြတ်ကျော်ပြီးတဲ့နောက် ကျွန်တော်တို့ ဝင်သွားတော့ လူတစ်ယောက် ရှိနေပါတယ်။
အဲ့ဒီလူက အရပ်ရှည်ရှည်နဲ့ ပုခုံးကျယ်ကျယ်ပါ။ အသင့်အတင့် ပြည့်ဖြိုးတဲ့ မျက်နှာ။ အသက် ၆၀ ကျော် ဖြစ်ပေမဲ့ အများကြီး ပိုပြီး ငယ်ရွယ်တဲ့ပုံပေါက်နေပါတယ်။
ဒီလူကတော့ လူဦးရေ သန်းပေါင်း ၁၅၀၀နဲ့ ကျယ်ပြောလှတဲ့ တရုတ်ပြည်ကြီးကို ဦးဆောင်နေတဲ့ သမ္မတ ကျန်းဖင်ဟွာ ပါ။
ကျွန်တော့်ဘဝမှာ တရုတ်သမ္မတနဲ့ တွေ့ရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ တီဗီနဲ့ သတင်းစာတွေမှာ မရေတွက်နိုင်အောင် တွေ့ခဲ့ဖူးတာကြောင့် ဒါက ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်ပေမဲ့ စိမ်းသက်မနေခဲ့ပါဘူး။
လူကိုယ်တိုင် တွေ့ရတဲ့အခါ သူက အိမ်နီးနားချင်း ဦးလေးကြီးတစ်ယောက်လို ခင်မင်ဖို့ကောင်းတဲ့ အသွင်အပြင် ရှိပါတယ်။
တရုတ်ပြည်သူတွေက သူ့ကို ချစ်စနိုးနဲ့ “ကျန်းဒါဒါ” (ဦးလေးကျန်း) လို့ ခေါ်ကြပါတယ်။ သူကလည်း သာမန်နဲ့ ရိုးရှင်းတဲ့ ပုံစံကို တမင်တကာ အလေးပေးပြီး နေထိုင်ပြသတတ်တယ်။
ဒါပေမဲ့ ဒါက အပြင်ပန်း အသွင်အပြင်သာ ဖြစ်တာပါ။ သူက တရုတ်နိုင်ငံရေး စနစ်တစ်ခုလုံးကို လုံးဝ ပြောင်းလဲပစ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးလေ။
မော်စီတုံးရဲ့ ဆုံးရှုံးမှုတွေ (မဟာခုန်ပျံကျော်လွှားမှုနဲ့ ယဉ်ကျေးမှုတော်လှန်ရေး) အပြီးမှာ အာဏာရလာခဲ့တဲ့ တိန့်ရှောင်ဖိန်ဟာ တစ်ဦးထဲအာဏာရှင်စနစ်ရဲ့ ပြဿနာတွေကို ဘယ်သူ့ထက်မဆို ပိုပြီး သိရှိခဲ့တယ်။ အကြွင်းမဲ့ အာဏာက အကျင့်ပျက်ခြစားမှုကို ဖြစ်စေတယ်။ ဒါပေမဲ့ ဆိုရှယ်လစ်စနစ်ကို ထိန်းသိမ်းထားသရွေ့တော့ ကွန်မြူနစ်ပါတီရဲ့ တစ်ပါတီစနစ်ကို ငြင်းပယ်လို့ မရပါဘူး။
ဒါကြောင့် တိန့်ရှောင်ဖိန်ဟာ ပါတီအာဏာကို ထိန်းညှိပြီး စစ်ဆေးနိုင်ဖို့အတွက် စုပေါင်းခေါင်းဆောင်မှု စနစ်ကို ဖန်တီးခဲ့ပြီး ဒီစနစ်က မကြာခင် အချိန်အထိ ရှိခဲ့တာပါ။
ဒီထဲကနေ ပေါ်ထွက်လာတာကတော့ ကွန်မြူနစ်ပါတီအတွင်းက မင်းသားစုဂိုဏ်း၊ ကွန်မြူနစ် လူငယ်အဖွဲ့ချုပ် ဂိုဏ်း နဲ့ ရှန်ဟိုင်းဂိုဏ်း တို့ပဲ ဖြစ်ပါတယ်။
မင်းသားစုဂိုဏ်း ဆိုတာက တရုတ်ပြည်တွင်းစစ်မှာ ပါဝင်ခဲ့တဲ့ ကွန်မြူနစ်ပါတီ လူကြီးပိုင်းတွေရဲ့ သားသမီးတွေပါ။ ကွန်မြူနစ် လူငယ်အဖွဲ့ချုပ် ဂိုဏ်းကတော့ လူငယ် ကွန်မြူနစ်ပါတီဝင်တွေနဲ့ ပြည်ပမှာ ပညာသင်ကြားခဲ့သူတွေနဲ့ ဖွဲ့စည်းထားတာပါ။ ပြီးတော့ ရှန်ဟိုင်းဂိုဏ်းကတော့ နာမည်အတိုင်းပဲ ရှန်ဟိုင်းကို ဗဟိုပြုပြီး ဗဟိုအစိုးရထဲ တက်လှမ်းလာတဲ့ အင်အားစုအသစ်တွေ ဖြစ်ပါတယ်။ သူတို့ကတော့ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဝါဒရဲ့ အကျိုးကျေးဇူးကို ခံစားရတဲ့သူတွေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်နေတဲ့ အထက်တန်းလွှာတွေ ဖြစ်ကြတယ်။
သူတို့က ကျယ်ပြောလှတဲ့ တရုတ်ပြည်ကြီးကို တစ်ယောက်နဲ့တစ်ယောက် ထိန်းညှိရင်း ပူးပေါင်း ဆောင်ရွက်ခဲ့ကြတယ်။
သူတို့တွေဟာ အာဏာကိုလည်း တစ်လှည့်စီ ယူခဲ့ကြတယ်။ ပဉ္စမမြောက် သမ္မတ ကျန်ဇီမင်း ဟာ ရှန်ဟိုင်းဂိုဏ်းကဖြစ်ပြီး၊ ဆဋ္ဌမမြောက် သမ္မတ ဟူကျင်ထောင်း ကတော့ ကွန်မြူနစ် လူငယ်အဖွဲ့ချုပ် ဂိုဏ်းကပါ။ သူ့ရဲ့ ဆက်ခံသူ ကျန်းဖင်ဟွာ ကတော့ မင်းသားစုဂိုဏ်းက ဖြစ်ပါတယ်။ မျှခြေကို ထိန်းသိမ်းဖို့အတွက် ကွန်မြူနစ် လူငယ်အဖွဲ့ချုပ် ဂိုဏ်းက ပိုရှောင်ယု ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့တယ်။
ကျန်းဖင်ဟွာဟာ ငယ်စဉ်ကတည်းက သိပ်ပြီး ထင်ထင်ပေါ်ပေါ် မရှိခဲ့တာကြောင့် သမ္မတ ဖြစ်လာနိုင်ခဲ့တာပါ။ သူက ဘယ်နေရာမှာမှ ရှေ့ထွက်မလာခဲ့သလို ရန်သူလည်း မမွေးခဲ့ဘူး။ သူက သူ့ကို ပေးထားတဲ့ တာဝန်တွေကိုပဲ တိတ်တဆိတ် လုပ်ဆောင်ခဲ့တာပါ။
ကျန်းဖင်ဟွာ ဟာ ဟူကျင်ထောင်းနေရာကို ဆက်ခံပြီး သမ္မတ ဖြစ်လာတဲ့အခါ နိုင်ငံရေး ကျွမ်းကျင်သူတွေက သူဟာ စုပေါင်းခေါင်းဆောင်မှု စနစ်အတွက် အသင့်တော်ဆုံးလူ ဖြစ်ပြီး ဂိုဏ်းအသီးသီးကို စုစည်းပြီး တရုတ်နိုင်ငံကို တည်တည်ငြိမ်ငြိမ် ဦးဆောင်လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြတယ်။
ဒါပေမဲ့ အဲဒါက အတွက်အချက် မှားယွင်းသွားခဲ့တာပါပဲ။ (ဒါကြောင့် ကျွမ်းကျင်သူတွေရဲ့စကားလို့ပြောရင် သိပ်မယုံရတာ)
ဘယ်သူမှ မသိအောင် သူ့ရဲ့ အာဏာကို တဖြည်းဖြည်း တည်ဆောက်ခဲ့တဲ့ ကျန်းဖင်ဟွာ ဟာ တစ်နေ့မှာတော့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဓားကို ဆွဲထုတ်လိုက်တယ်။
သူက တုဖူရဲ့ ကဗျာတစ်ပုဒ်ကို ကိုးကားပြီး ပြောခဲ့တယ်။
‘အလိုလို ကြီးထွားလာတဲ့ ဝါးပင် တစ်သောင်း ဖြစ်နေရင်တောင် ခုတ်ထစ်ပစ်ရမယ်’
မီဒီယာတွေမှာ ဖော်ပြခြင်း မရှိပေမဲ့ ပါတီအရာရှိကြီးတွေရဲ့ အကျင့်ပျက်ခြစားမှုက ပြင်းထန်နေခဲ့တယ်။ သူ့ရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် တရုတ်ပြည်သူတွေရဲ့ ပြင်းထန်တဲ့ ထောက်ခံမှုကို ရရှိခဲ့တယ်။
အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဓားသွားဟာ နိုင်ငံရေးသမားတွေရဲ့ ခေါင်းတွေကို အုပ်စုလိုက် ဖြတ်တောက်ပစ်ခဲ့တယ်။ အထင်ရှားဆုံး ဖြစ်ရပ်ကတော့ မင်းသားစု ဂိုဏ်းရဲ့ အဓိက ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ချုံကင်းမြူနီစီပယ် ကော်မတီ အတွင်းရေးမှူး ပိုရှောင်ယု ကို ဖမ်းဆီးလိုက်တာပါပဲ။
သူ ရာထူးကနေ ဖယ်ရှားခံလိုက်ရတဲ့အခါ မင်းသားစု ဂိုဏ်းဟာ ကျန်းဖင်ဟွာ ရဲ့ လက်ထဲကို လုံးဝ ရောက်ရှိသွားခဲ့ပြီး ကွန်မြူနစ် လူငယ်အဖွဲ့ချုပ် ဂိုဏ်းနဲ့ ရှန်ဟိုင်းဂိုဏ်းက လူတွေလည်း တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီးခံခဲ့ရတယ်။
ဒါပေမဲ့ ထူးဆန်းတာက အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဓားသွားဟာ ကျန်းဖင်ဟွာ ရဲ့ လူယုံတွေဆီကိုတော့ လုံးဝ မရောက်ရှိခဲ့ဘဲ ဆန့်ကျင်ဘက် အင်အားစုတွေဆီကိုပဲ ဦးတည်နေခဲ့တာပါ။
အသက်ရှင်သန်ဖို့ တစ်ခုထဲသော နည်းလမ်းကတော့ ကိုယ့်ဘာသာ ဒူးထောက် အရှုံးပေးဖို့ပါပဲ။ ဒီလို ဖြစ်လာတဲ့အခါ ဂိုဏ်းဂဏတွေနဲ့ တခြားအရာအားလုံးဟာ ကျန်းဖင်ဟွာ ဘက်ကို ဝင်ဖို့အတွက် လုယက် ကြိုးစားကြတော့တယ်။
ကျွမ်းကျင်သူတွေက ရှိပြီးသား မင်းသားစုဂိုဏ်း၊ ကွန်မြူနစ် လူငယ်အဖွဲ့ချုပ်နဲ့ ရှန်ဟိုင်းဂိုဏ်းတွေအပြင် ကျန်းဖင်ဟွာ ရဲ့ ဂိုဏ်းဆိုပြီး သီးသန့် အမျိုးအစားတစ်ခုကိုတောင် ဖန်တီးခဲ့ကြတယ်။
ရှန်ဟိုင်းဂိုဏ်းကတော့ ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ပြီး ကွန်မြူနစ် လူငယ်အဖွဲ့ချုပ် ဂိုဏ်းကတော့ ကျန်းဖင်ဟွာ ရဲ့ သက်တမ်းကုန်ဆုံးမယ့် အချိန်ကို အသက်အောင့်ပြီး စောင့်ဆိုင်းနေခဲ့ကြတယ်။ သမ္မတ သက်တမ်းက သုံးကြိမ်အထိပဲ ကန့်သတ်ထားတာကြောင့် အဲဒီနောက်မှာ အာဏာကို လွှဲပြောင်းပေးရမှာ ဖြစ်လို့ပါ။
ရှန်ဟိုင်းဂိုဏ်း ပျက်စီးသွားတဲ့ အခြေအနေမှာ နောက်ထပ် သမ္မတက ကွန်မြူနစ် လူငယ်အဖွဲ့ချုပ် ဂိုဏ်းကနေ လာမှာကတော့ သေချာသလောက် ရှိနေခဲ့တယ်။
ဒါပေမဲ့…
သမ္မတ ကျန်းဖင်ဟွာ ဟာ အမျိုးသား ပြည်သူ့ကွန်ဂရက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီး သမ္မတ သက်တမ်း ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်တယ်။ ဒါက တစ်သက်တာ အုပ်ချုပ်မှုကို ဖြစ်လာစေခဲ့တာပါပဲ။
ဒါဟာ တိန့်ရှောင်ဖိန် ခေတ်ကတည်းက ကျယ်ပြောလှတဲ့ တရုတ်ပြည်ကြီးကို ဦးဆောင်ခဲ့တဲ့ စုပေါင်းခေါင်းဆောင်မှု စနစ် ပြီးဆုံးသွားပြီး ကျန်းဖင်ဟွာ ရဲ့ တစ်ဦးထဲ အာဏာရှင်စနစ် စတင်လိုက်တာကို ဆိုလိုတာပါပဲ။
နိုင်ငံခြား မီဒီယာတွေက သူ့ကို ဧကရာဇ်ကျန်း လို့ သရော်ပြီး ခေါ်ကြတယ်။ တရုတ်နိုင်ငံမှာ သူ့ရဲ့ လက်ရှိ အဆင့်အတန်းနဲ့ ရာထူးကို စဉ်းစားရင် ဒါက မှားမယ်တော့ မထင်ပါဘူး။
ဥက္ကဋ္ဌ ကျန်းဖင်ဟွာ ဟာ ကြင်နာတဲ့ အပြုံးနဲ့ ကျွန်တော့်လက်ကို လာဆွဲတယ်။
“တွေ့ရတာ ဝမ်းသာပါတယ်”
ကျွန်တော်က သူ့လက်ကို အသာအယာ ဆုပ်ကိုင်လိုက်တယ်။
“ကျွန်တော်လည်း တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော် ကန်ဂျင်ဟူ ပါ”