← Chapters

အခန်း (၂၇၉-၂၈၀)

Vol. 28 Ch. 279-280

အခန်း (၂၇၉-၂၈၀)

Vol. 28 Ch. 279-280

အခန်း (၂၇၉)

"ဒီလိုဆုံရတာ ရေစက်ပါတယ်လို့ပဲ ပြောရမလား၊ ဒါကြောင့် ဒေါ်လာ တစ်သိန်းတန် ရန်ပုံငွေတစ်ခု စာရင်းသွင်းဖို့ ဆုံးဖြတ်လိုက်ပါပြီ"

ပမာဏက အများကြီးမဟုတ်ပေမဲ့ ကျွန်တော့်ကို ရန်ပုံငွေတစ်ခု ရောင်းလိုက်ရတဲ့အတွက် သူ တော်တော်လေး စိတ်လှုပ်ရှားသွားပုံရတယ်။

အနီးအနားက ကဖေးတစ်ခုမှာ ကော်ဖီသောက်ပြီးတဲ့နောက် ကျွန်တော်တို့နှစ်ယောက် JP Morgan ရုံးချုပ်ဆီ အတူတူထွက်လာခဲ့ကြတယ်။ အရင်က ဒီအဆောက်အဦးအရှေ့မှာ ဓာတ်ပုံရိုက်ဖူးပေမဲ့ အထဲကို ဝင်ဖူးတာကတော့ ဒါပထမဆုံးပါပဲ။

"အပေါ်ထပ်ကို လိုက်ပို့ပေးပါရစေ"

"ရပါတယ်၊ ကျေးဇူးပါပဲ။ ကျွန်တော် ဒီမှာပဲ စောင့်နေလိုက်မယ်"

"ဟုတ်ကဲ့၊ ဒါဆို စာရွက်စာတမ်းတွေကို အောက်ကို ချက်ချင်းယူခဲ့ပေးပါ့မယ်"

ကျွန်တော် ရောက်လာတာကို လျှို့ဝှက်ပေးထားဖို့ သူတို့ကို တောင်းဆိုလိုက်တယ်။

တက်ဂယူက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း ပြောတယ်။

"ဒါက JP Morgan ရုံးချုပ်ပေါ့"

တရားဝင်နာမည်ကတော့ JP Morgan Chase ဘဏ် ပါ။

ရင်းနှီးမြှုပ်နှံမှုဘဏ်ရော၊ ကူးသန်းရောင်းဝယ်ရေးဘဏ်ပါ နှစ်ခုစလုံး ပိုင်ဆိုင်ထားတဲ့ အကြီးစား ငွေကြေးအုပ်စုကြီးတစ်ခုပေါ့။ ကမ္ဘာ့ဘဏ္ဍာရေးလောကမှာ JP Morgan ရဲ့နေရာက Golden Gateပြီးရင် ဒုတိယပါပဲ။ ကိုရီးယားမှာလည်း ရုံးခွဲရှိပါတယ်။

တက်ဂယူက ပြောတယ်။

"နေလို့ သိပ်မကောင်းလို့ အိမ်သာ ခဏသွားလိုက်ဦးမယ်"

"အေးအေး"

ကျွန်တော် ဧည့်ခန်းမှာထိုင်ပြီး လူတွေ အဝင်အထွက်လုပ်နေတာကို ကြည့်နေမိတယ်။

ကမ္ဘာ့ဘဏ္ဍာရေးဗဟိုချက်မှာ အလုပ်လုပ်နေကြလို့လားမသိဘူး၊ လူတိုင်းက ထိပ်သီးပညာတတ်တွေလိုပါပဲ။ သူတို့ရဲ့ မျက်နှာအမူအရာတွေမှာလည်း ပြင်းထန်တဲ့ ဂုဏ်ယူဝါကြွားမှုတွေ အထင်းသားပေါ်နေပါတယ်။

ဒီနေရာမှာ တစ်ရက်ကို ငွေကြေး ဘယ်လောက်တောင် လည်ပတ်နေမလဲ။ ပြီးတော့ ငွေတွေလည်ပတ်နေလို့ လူဘယ်နှစ်ယောက်လောက် ငိုလိုက် ရယ်လိုက် ဖြစ်နေရမလဲ။

ရေတွင်းထဲက ဖားလိုဖြစ်နေတဲ့ ပြည်တွင်းက အာမခံကုမ္ပဏီတွေနဲ့မတူဘဲ ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုဘဏ်တွေရဲ့ ပါဝါကတော့ စိတ်ကူးလို့တောင် မရနိုင်ပါဘူး။ အစီရင်ခံစာတစ်စောင်ထဲနဲ့တင် ကုမ္ပဏီတစ်ခုရဲ့ စတော့ရှယ်ယာတွေကို အလွယ်တကူ ထိုးတက်သွားအောင်လုပ်နိုင်သလို၊ ထိုးဆင်းသွားအောင်လည်း လုပ်ပစ်နိုင်စွမ်း ရှိကြပါတယ်။

တကယ်တော့ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုလုပ်နိုင်စွမ်း ရှိတာပါ။ ဘဏ္ဍာရေးဈေးကွက်မှာ ကျွန်တော့်ရဲ့ဩဇာအာဏာက သူတို့လိုမျိုး ကြီးထွားလာခဲ့ပါပြီ။

လိပ်ပြာအတောင်ပံခတ်ခတ်မိရာကနေ မုန်တိုင်းဖြစ်သွားသလိုမျိုး သေးငယ်တဲ့ လုပ်ဆောင်ချက်တစ်ခုက ကြီးမားတဲ့ အကျိုးဆက်တွေကို ဖြစ်စေနိုင်ပါတယ်။ ဒါက ဩဇာအာဏာကြီးမားတဲ့ လူတွေအတွက်ဆို ပိုတောင်မှ မှန်သေးတယ်။ ဥပမာ ဘန်းစ် ဝီလစ်ကိုပဲ ကြည့်လေ၊ ကျွန်တော်သာမရှိရင် သူ အခုအချိန်မှာ အသက်ရှင်နေမှာ မဟုတ်ပါဘူး။

အဲဒီလိုမျိုး အဓိပ္ပာယ်မရှိတာတွေကို လျှောက်တွေးနေရင်းနဲ့ တစ်ဖက်ကနေ တစ်စုံတစ်ယောက် လျှောက်လာတာကို သတိထားမိလိုက်တယ်။

မော့ကြည့်လိုက်တော့ အမျိုးသမီးတစ်ယောက် ကျွန်တော့်အရှေ့မှာ ရပ်နေတာကို တွေ့လိုက်ရတယ်။

ဆယ်ကျော်သက်အရွယ်တော့ မဟုတ်ဘူး၊ ကျွန်တော့်ထက် နည်းနည်းငယ်ပုံရပြီး အသက် ၂၁ ဒါမှမဟုတ် ၂၂ ဝန်းကျင်လောက် ရှိမလားပဲ။

အဲ့ဒီအမျိုးသမီးမှာ ခါးအထိရှည်တဲ့ ရွှေဝါရောင် ဆံပင်တွေ၊ နှင်းပွင့်လို ဖြူစင်ပြီး သေးသွယ်တဲ့မျက်နှာ၊ စင်းထွက်နေတဲ့ နှာတံ မြင့်မြင့်၊ နီရဲတဲ့ နှုတ်ခမ်းအစုံနဲ့ ကြည်လင်တောက်ပတဲ့ မျက်ဝန်းအိမ်ကြီးတွေနဲ့ ရှိပါတယ်။ ဝါကျင်ကျင် ဂါဝန်လေးကို ဝတ်ထားပြီး ပေါ်နေတဲ့ လက်မောင်းတွေနဲ့ ခြေထောက်တွေက နေရောင် သိပ်မထိထားသလိုမျိုး စကျင်ကျောက်လို ဖြူဖွေးဝင်းပနေတာပဲ။

သူ့ရဲ့ ပုံစံက ဒီနေရာနဲ့ သိပ်ပြီး သဟဇာတမဖြစ်သလိုပဲ။ ဒါပေမဲ့ ကျွန်တော့်ပုံစံကလည်း ဒီလိုပဲ ဖြစ်နေမှာပါလေ။

သူက ကျွန်တော့်ကို ကြည့်ပြီး ပြောတယ်။

"တွေ့ရတာ ဝမ်းသာပါတယ်၊ မစ္စတာ ကန်ဂျင်ဟူ"

ကျွန်တော် ဦးထုပ်ဆောင်းထားတာတောင် သူက တစ်ချက်ကြည့်ရုံနဲ့တင် မှတ်မိသွားတာပါလား။

"မင်္ဂလာပါ" လို့ ကျွန်တော် နှုတ်ဆက်လိုက်တယ်။

မရင်းနှီးတဲ့သူတွေက ရင်းရင်းနှီးနှီး လာနှုတ်ဆက်တာမျိုးကို ကျွန်တော် အခုတော့ အသားကျနေပါပြီ။

သူက ပြုံးပြီး မေးတယ်။

" တော်တော် အံ့ဩဖို့ကောင်းတာပဲ။ မန်ဟက်တန်မှာ ရှိနေတယ်လို့တော့ ကြားပါတယ်။ ဒါပေမဲ့ ဒီမှာ ဆုံရလိမ့်မယ်လို့ မထင်ထားဘူး။ ဒါ တိုက်ဆိုင်မှုသက်သက်ပဲလား"

"တိုက်ဆိုင်မှု မဟုတ်ဘူးဆိုရင်ကော" လို့ ကျွန်တော် ပြန်မေးလိုက်တယ်။

သူက ကျွန်တော့်မျက်စိအရှေ့က ခုံမှာ သဘာဝကျကျပဲ ဝင်ထိုင်လိုက်တယ်။

"ဒီလောကမှာ ဘာမှ ဖြစ်ကတတ်ဆန်း ဖြစ်မလာပါဘူး။ အရာအားလုံးမှာ အကြောင်းပြချက် ရှိပြီးသားပါ"

သူ့ရဲ့ ဗြိတိသျှ လေယူလေသိမ်းနဲ့ အမူအရာတွေက ယဉ်ကျေးသိမ်မွေ့မှုနဲ့ ဂုဏ်သရေရှိမှုကို ဖော်ပြနေပါတယ်။ အနက်ရောင် ဝတ်စုံဝတ်ထားတဲ့ သက်တော်စောင့်တွေကလည်း လက်တစ်ကမ်း အကွာမှာ ရပ်နေကြတာပါ။

သူဌေးကြီးမိသားစုက အလိုလိုက်ထားတဲ့ သမီးပျိုလေးများလား။

မဟုတ်ဘူး၊ အဲဒီလိုမျိုးထက်စာရင် ဖိအားပေးနိုင်တဲ့ အရှိန်အဝါ တစ်ခုခု ရှိနေသလိုပဲ။ မင်းစိုးရာဇာတွေလို ခံစားချက်မျိုးလား။

ပိုပြီး အံ့ဩဖို့ကောင်းတာက သူ့ရဲ့ ရုပ်ရည်ပါ။ သေသေချာချာ ထုဆစ်ထားတဲ့ ဖယောင်းရုပ်တစ်ခုကို ကြည့်နေရသလိုပါပဲ။ တကယ့်ကို လက်မှန်းမရနိုင်အောင် ပြီးပြည့်စုံတဲ့ အလှတရားမျိုးကို ပိုင်ဆိုင်ထားတာပါ။ ရုပ်ရည်က တပါးသူရဲ့ အကြိုက်ကို ရဖို့အတွက် အရေးကြီးတဲ့ အချက်တစ်ခုပဲလေ။

"တစ်နေ့နေ့တော့ ဆုံကြလိမ့်မယ်လို့ တွေးထားပေမဲ့ ဒီနေ့ ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး။ ရှင်နဲ့ပတ်သက်တဲ့ သတင်းတွေကို ကြားနေရတာ ကြာပါပြီ"

"ဘာသတင်းတွေလဲ"

"L6 ပေါက်ကွဲမှု၊ Brexit၊ အမေရိကန် သမ္မတရွေးကောက်ပွဲ၊ ပြီးတော့ ငလျင်ကြီးအထိပေါ့။ အနည်းဆုံး တစ်ခါလောက်တော့ ရှင်ရှုံးလိမ့်မယ်လို့ ထင်ထားတာ၊ ဒါပေမဲ့ အရာအားလုံးကို အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်။ ပြီးတော့ ဒီတစ်ခါလည်း Spy Chipကို ရှာတွေ့ပြီး အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးစစ်ပွဲကို စတင်စေခဲ့ပြန်ပြီလေ။ ရှင်လုပ်ခဲ့တာတွေအားလုံးက ဘယ်လိုမျိုး ဖြစ်နိုင်ခဲ့တာလဲလို့ ဆုံဖြစ်ရင် မေးကြည့်ချင်နေတာကြာပြီ "

ကျွန်တော်က မထူးခြားသလိုမျိုးပဲ ပြန်ပြောလိုက်တယ်။

"ကံကောင်းလို့လို့ပဲ သဘောထားလိုက်ပါ"

"ဒါသာ ကံကောင်းတာဆိုရင်တော့ ကံကောင်းခြင်းနတ်သမီးက ရှင့်အနားမှာ အမြဲရှိနေတာ ဖြစ်ရမယ်"

"မထင်ပါဘူး"

သူက ခပ်ဖွဖွလေး ပြုံးလိုက်တယ်။

"ကျွန်မ ကံကောင်းတဲ့လူတွေကို သဘောကျတယ်။ ကံဆိုတာ ငွေ ဘယ်လောက်ပဲရှိရှိ ဝယ်လို့ရတဲ့အရာမှ မဟုတ်တာ။ ရှင့်ရဲ့ တန်ဖိုးက ရှင့်မှာရှိတဲ့ ငွေတွေကြောင့် မဟုတ်ဘဲ ရှင့်ရဲ့ ကံကြောင့် ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အဲဒီကံကိုတောင် ကျော်လွန်သွားတဲ့ တခြားအရာတစ်ခုခု ရှိနေလို့လည်း ဖြစ်နိုင်တာပဲ"

အဲဒီစကားကြောင့် ကျွန်တော် သူ့ကို တည့်တည့် စိုက်ကြည့်လိုက်တယ်။ သူကလည်း ကျွန်တော့်အကြည့်ကို ရှောင်မသွားဘူး။

သူက နောက်ပြောင်သလိုမျိုး ပြောနေပေမဲ့ စကားလုံးတွေက ကွင်းကွင်းကွက်ကွက်ကို မှန်နေတာပါ။

ကျွန်တော် ဒီအဆင့်အထိ ရောက်လာရတဲ့ အကြောင်းရင်းက ငွေကြောင့် မဟုတ်ဘဲ ကျွန်တော့်ရဲ့ အနာဂတ်ကို ကြိုမြင်နိုင်တဲ့ စွမ်းအားကြောင့်ပါပဲ။ အဲဒါသာ မရှိရင် ကျွန်တော်က သာမန်ဘဝမှာပဲ နေထိုင်နေမှာလေ။

ဒီအချိန်လောက်ဆို တက္ကသိုလ်ဘွဲ့ရလို့ ဘဏ္ဍာရေးနယ်ပယ်မှာ အလုပ်ရှာနေတာ ဒါမှမဟုတ် အလုပ်လက်မဲ့ ဖြစ်နေဦးမှာပါပဲ။ ဒါပေမဲ့ အနာဂတ်ကို ကြိုမြင်လိုက်ရတာက အရာအားလုံးကို ပြောင်းလဲပစ်ခဲ့တယ်။

တက်ဂယူက ဘန့်ကွိုင်ကို ကာကွယ်နိုင်ခဲ့လို့ ကျွန်တော်တို့ ကမ္ဘာ့အဆင့်မီ ကုဋေကြွယ်သူဌေးတွေ ဖြစ်လာခဲ့တယ်။ ရိုနယ်က သမ္မတ ဖြစ်လာပြီး အမေရိကန်ကလည်း ငလျင်ကြီးအတွက် ပြင်ဆင်နိုင်ခဲ့တယ်။

"ရှင်ဟာ အရာတော်တော်များများကို ပြောင်းလဲခဲ့တယ်။ ဒါပေမဲ့ ရှင် အကြီးမားဆုံး ပြောင်းလဲပစ်ခဲ့တာကတော့ ရှင်ကိုယ်တိုင်ပဲ။ ဘာမှမရှိတဲ့ ကိုရီးယားလူငယ်တစ်ယောက်က ဒီနေရာအထိ တက်လှမ်းလာနိုင်လိမ့်မယ်လို့ ဘယ်သူမှထင်ထားမိမှာ မဟုတ်ဘူး"

သူ့ရဲ့ မြစိမ်းရောင် မျက်ဝန်းတွေက တောက်ပနေပါတယ်။ သူ့ရဲ့ အကြည့်က ကျွန်တော့်ကို အပေါ်စီးကနေ ငုံ့ကြည့်နေသလိုမျိုးနဲ့ အမှန်အတိုင်း ပြောပြချင်စိတ်ပေါက်အောင် သဘာဝကျကျ ဆွဲဆောင်နေတယ်။

ဘယ်လိုဘဝမျိုးမှာ ရှင်သန်ခဲ့လို့ ဒီလို အရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားရတာလဲ။

ဒါပေမဲ့ ဒါတွေက ကျွန်တော့်ကိစ္စ မဟုတ်ပါဘူးလေ။ သူ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော် မျက်နှာငယ်စရာ အကြောင်းမရှိဘူး။ သူ့ဆီကနေ ဘာမှ တောင်းခံစရာ လိုနေတာမှ မဟုတ်တာ။

"ဘာကို ပြောချင်တာလဲ"

"ရှင့်အကြောင်းကို သိချင်ရုံသက်သက်ပါ။ ရှင်က ဘယ်လိုလူမျိုးလဲ၊ ဘာကို သဘောကျလဲ၊ နောက်ပြီး အနာဂတ်မှာ ဘာတွေဆက်လုပ်မှာလဲ ဆိုတာမျိုးပေါ့"

"......"

သူ ကျွန်တော့်ကို စိတ်ဝင်စားနေတာလား။

ကျွန်တော့်မှာ ရည်းစားရှိတယ်လို့ ပြောရမလားလို့ တွေးနေတုန်းမှာပဲ သူက ထရပ်လိုက်တယ်။

"မကြာခင် ပြန်ဆုံကြတာပေါ့။ အခုတော့ နှုတ်ဆက်ပါတယ်"

"ခဏလေး"

ကျွန်တော် ထပြီး အရှေ့ကို လှမ်းလိုက်တဲ့အချိန်မှာပဲ သူ့အနောက်က သက်တော်စောင့်တွေက ချက်ချင်း လှုပ်ရှားလာကြတယ်။ အဲဒီအချိန်မှာ သူက လက်မြှောက်ပြလိုက်တော့ သူတို့တွေ ရပ်သွားကြတယ်။

"ဒီလောက်တောင် စကားတွေ အများကြီး ပြောပြီးမှ ကိုယ့်ကိုကိုယ် ယဉ်ကျေးမှုအရ မိတ်ဆက်ပေးသင့်တယ် မထင်ဘူးလား"

ကျွန်တော့်အမေးကြောင့် သူက စိတ်ဝင်စားသွားသလိုမျိုး ပြုံးလိုက်ပြီး ပြောတယ်။

"ဟုတ်သား။ ကျွန်မ နာမည်ကို မပြောရသေးဘူးပဲ။ ကျွန်မ နာမည်က ဂရေ့စ် ရော့ချိုင်းလ် ပါ"

အဲဒါက သူ့ရဲ့ နောက်ဆုံးအဖြေပါပဲ။

သူက အဓိကတံခါးကနေ ထွက်သွားပြီး အရှေ့မှာ စောင့်နေတဲ့ Rolls-Royce Phantom ကားထဲကို ဝင်ထိုင်ပြီး ထွက်သွားတယ်။ ကားတံခါးပိတ်ပြီး မောင်းထွက်သွားတာကို ကျွန်တော် ရပ်ကြည့်နေမိတယ်။

" 'ဒါ ဘာတွေ ဖြစ်ကုန်တာလဲ' လို့ ကန်ဂျင်ဟူ တစ်ယောက် တွေးနေမိတယ်" ဆိုတဲ့ နောက်ခံစကားပြောသံ ရုတ်တရက် ပေါ်လာလို့ ကျွန်တော် လန့်ဖျတ်သွားရတယ်။

"သောက်ကျိုးနည်း။ လန့်လိုက်တာ။ မင်း ဘယ်တုန်းက ရောက်နေတာလဲ"

"ခုနတင်ပဲ"

ကျွန်တော့်အနားကို ဘယ်လို ရောက်လာမှန်းမသိတဲ့ တက်ဂယူက မေးတယ်။

"အဲဒီ မိန်းမက ဘယ်သူလဲ"

ဒီတစ်ခါတော့ သူ အံ့ဩရမယ့် အလှည့်ပါ။ ကျွန်တော် သူ့နာမည်ကို ပြောပြလိုက်တော့ တက်ဂယူ ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။

"ဟာ။ ရော့ချိုင်းလ် ဟုတ်လား။ အဲဒါ ဟို နာမည်ကြီး အုပ်စုကြီး မဟုတ်ဘူးလား"

"မင်းလည်း သိတာပဲလား"

"သိတာပေါ့။ မသိတဲ့လူ ရှိလို့လား"

သူက အိုတာကူတစ်ယောက်ဖြစ်ပေမဲ့ သမိုင်းကြောင်းကိုတော့ မမျှော်လင့်ဘဲ တော်တော်လေး သိနေတာပဲ။

"မန်ဂါတွေနဲ့ အန်နီမေးတွေမှာ သူတို့က နောက်ကွယ်က ကြိုးကိုင်သူတွေအဖြစ် ခဏခဏ ပါတတ်တာကွ။ ငါ ဘယ်လိုလုပ် မသိဘဲ နေမလဲ။ ကမ္ဘာ့လျှို့ဝှက်ချက်အယူအဆတွေအကြောင်း ပြောရင် အမြဲတမ်း ရော့ချိုင်းလ်ပါတယ်လေ"

...အဲဒါကြောင့်ကိုး။

ရော့ချိုင်းလ်ဆိုတာ ဂျူးလူမျိုး ဘဏ္ဍာရေးအုပ်စု မိသားစုကြီး ဖြစ်ပါတယ်။

နှစ်ပေါင်း ၂၅၀ ကျော် သက်တမ်းရှိခဲ့ပြီး ဥရောပ ဘဏ္ဍာရေးလောကကို တစ်ချိန်က စိုးမိုးခဲ့တဲ့၊ သမိုင်းနဲ့ စီးပွားရေးအကြောင်း လေ့လာရင် မလွဲမသွေ ပါလာတတ်တဲ့ နာမည်တစ်ခုပေါ့။

အခုအချိန်မှာ သူတို့ရဲ့ ဩဇာအာဏာက အရင်ကထက် အများကြီး လျော့နည်းသွားပြီဆိုပေမဲ့ အခုထက်ထိတော့ အဆမတန် ကြီးမားတဲ့ ပိုင်ဆိုင်မှုတွေ ရှိနေတုန်းပဲလို့ လူသိများကြတယ်။

စာရင်းဝင်ကုမ္ပဏီတွေမှာ ရှယ်ယာပိုင်ဆိုင်ထားတဲ့ တခြားအုပ်စုတွေရဲ့ ပိုင်ဆိုင်မှုတွေကို တရားဝင် ထုတ်ပြန်ထားကြပေမဲ့ ရော့ချိုင်းလ် မိသားစုကတော့ အရမ်းကို လျှို့ဝှက်လွန်းလို့ သူတို့မှာ ပိုင်ဆိုင်မှု ဘယ်လောက်အထိ ရှိနေလဲဆိုတာ အတိအကျ မသိရပါဘူး။

"ဝမ် သိန်းပေါင်း ၅ ကုဋာ (၅ ကွာဒရီလီယံ) တောင် ရှိတယ်လို့ ပြောကြတယ်"

"အဲဒါကတော့ နည်းနည်း ပိုလွန်းသွားပြီ"

အဲဒီစကားက စာအုပ်တစ်အုပ်မှာ တစ်ခါ ပါဖူးရာကနေ တကယ့်အချက်အလက်လိုမျိုး လူပြောများနေတာပါ။

သိန်းပေါင်း ၁,၀၀၀ ကုဋေပြီးရင် သိန်းပေါင်း ၁ ကုဋာ လာပါတယ်။ ဝမ် သိန်းပေါင်း ၁ ကုဋာဆိုတာတင် ကမ္ဘာ့အချမ်းသာဆုံး ထိပ်သီး လူ ၁၀၀ ရဲ့ စုစုပေါင်းပိုင်ဆိုင်မှုထက် ပိုများနေပါပြီ။ ပြီးတော့ ဝမ် သိန်းပေါင်း ၅ ကုဋာဆိုတာ ကိုရီးယားက KOSPI နဲ့ KOSDAQ နှစ်ခုစလုံးရဲ့ တန်ဖိုးကို ပေါင်းထားတာထက်တောင် ပိုများသေးတယ်။

ထုတ်မပြောရသေးတဲ့ ပိုင်ဆိုင်မှုတွေက အဲဒီလောက်အထိ များဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒေါ်လာ သန်းပေါင်း သောင်းနဲ့ချီပြီးတော့ ရှိနိုင်ပါတယ်။

ဒါကလည်း တကယ့်ကို အံ့ဩစရာကောင်းတဲ့ ပမာဏပါပဲလေ။

ရော့ချိုင်းလ်နဲ့ ယှဉ်နိုင်တာဆိုလို့ ဆအူးဒ်မိသားစု ဒါမှမဟုတ် အဘူဒါဘီမိသားစုပဲ ရှိမလားပဲ။

"ဒါနဲ့ အဲဒီ အမျိုးသမီးက ဒီကို ဘာလာလုပ်တာလဲ"

"အလုပ်ကိစ္စနဲ့ လာတာ ဖြစ်မှာပေါ့"

JP Morganကို တည်ထောင်သူ ဂျွန် ပီယာပွန့် မော်ဂန်ဟာ ရော့ချိုင်းလ် မိသားစုဆီကနေ ရန်ပုံငွေ အကူအညီ ရခဲ့ဖူးတယ်ဆိုတဲ့ သမိုင်းကြောင်းရှိပါတယ်။ အဲဒီအတွက်ကြောင့်ပဲ ရော့ချိုင်းလ်နဲ့ JP Morganက အခုထိ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေတုန်းပဲလေ။

ဘာပဲဖြစ်ဖြစ် အဲဒီအမျိုးသမီးက ရော့ချိုင်းလ် မိသားစုဝင် တစ်ယောက်ပေါ့။

ကျွန်တော် အဲဒီလို တွေးနေတုန်းမှာပဲ တက်ဂယူက ကျွန်တော့်ပုခုံးကို ပုတ်ပြီး ပြောတယ်။

"ငါ အယ်လီ့ကို တိုင်ပြောမယ်"

အဲဒီစကားကြောင့် ကျွန်တော် ကြောင်သွားရတယ်။

"ဟင်။ ငါ ဘာလုပ်လို့လဲ"

တက်ဂယူက သူ့လက်ညှိုးကို ထောင်ရင်းခါပြရင်း ပြောတယ်။

" မှတ်ထားပါ သူငယ်ချင်း။ လှတဲ့မိန်းမတွေက အန္တရာယ်များတယ်"

"......"

အဲဒါကြောင့်ပဲ မင်းက 2D ကောင်မလေးတွေနဲ့ပဲ တွဲနေတာလား။

ဘာပဲဖြစ်ဖြစ် သူပြောသွားတဲ့ "ပြန်ဆုံကြတာပေါ့" ဆိုတာက ဘာအဓိပ္ပာယ်လဲ။

သုံးရက်ကြာ အမေရိကန်-တရုတ် ထိပ်သီးဆွေးနွေးပွဲ ပြီးဆုံးသွားပြီး နှစ်နိုင်ငံခေါင်းဆောင်တွေက ရလဒ်တွေကို ထုတ်ပြန်ကြေညာခဲ့ကြတယ်။

ပထမဆုံးအနေနဲ့ နှစ်ဖက်စလုံးက တင်းမာမှုတွေကို ရပ်တန့်ဖို့ သဘောတူခဲ့ကြတယ်။ အမေရိကန်က တရုတ်ရဲ့ ကျန်ရှိနေတဲ့ ပို့ကုန် ဒေါ်လာ သန်း ၂၅၀,၀၀၀အပေါ် စည်းကြပ်မယ့် အခွန်တွေကို ရွှေ့ဆိုင်းပေးခဲ့ပြီး တရုတ်ကလည်း အမေရိကန် စိုက်ပျိုးရေးထွက်ကုန်တွေအပေါ် ထပ်တိုးမယ့် အခွန်တွေကို ရွှေ့ဆိုင်းပေးခဲ့တယ်။ ဒါ့အပြင် ပဲနဲ့ ပြောင်းဖူး တင်သွင်းမှုတွေကိုလည်း ချက်ချင်း ပြန်စဖို့ သဘောတူခဲ့ကြတယ်။

ဒီလောက်အထိကတော့ မျှော်လင့်ထားပြီးသားပါ။ ဒါပေမဲ့ အဓိက သော့ချက်က အဆင့်မြင့်စက်မှုလုပ်ငန်းတွေနဲ့ မူပိုင်ခွင့် ကိစ္စတွေပဲ ဖြစ်ပါတယ်။

ဆွေးနွေးပွဲပြီးတဲ့အချိန်အထိ တရုတ်က စက်မှုလုပ်ငန်းအားလုံးမှာ နိုင်ငံခြားသား ပိုင်ဆိုင်ခွင့်ကို ၅၀ ရာခိုင်နှုန်းပဲ ကန့်သတ်ထားခဲ့တာပါ။ ဒါပေမဲ့ IT နဲ့ ဆက်သွယ်ရေးလိုမျိုး အဆင့်မြင့်စက်မှုလုပ်ငန်းတွေအတွက်တော့ ၇၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးဖို့ သဘောတူလိုက်ကြတယ်။

ပြီးတော့ လျှပ်စစ်ကားတွေအတွက်ကတော့ ရှယ်ယာပိုင်ဆိုင်ခွင့် ကန့်သတ်ချက် စည်းမျဉ်းတွေကို လုံးဝပယ်ဖျက်ပေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။

ဒီအချက်က CarOS အတွက်တော့ ဖက်စပ်ကုမ္ပဏီ ထောင်စရာမလိုဘဲ တရုတ်ဈေးကွက်ထဲကို ဝင်ရောက်ဖို့ လမ်းပွင့်သွားစေခဲ့တယ်။

သူတို့တွေဟာ မော်တော်ကားတွေနဲ့ အဆင့်မြင့်ထုတ်ကုန်တွေအပေါ် စည်းကြပ်ထားတဲ့ အခွန်တွေကို တဖြည်းဖြည်းချင်း ပယ်ဖျက်သွားဖို့လည်း သဘောတူခဲ့ကြပြီး ဒါ့အပြင် အမေရိကန်ရဲ့ စွမ်းအင်နဲ့ စိုက်ပျိုးရေးထွက်ကုန်တွေကို ပိုပြီး တင်သွင်းခြင်းအားဖြင့် တရုတ်နဲ့ ကုန်သွယ်မှု လိုငွေပြနေတာကို လျှော့ချဖို့လည်း သဘောတူခဲ့ကြတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေက သတင်းမီဒီယာတွေအရှေ့မှာ သဘောတူညီချက်ကို ထုတ်ပြန်ခဲ့ကြတယ်။

ရိုနယ်က သူ့ရဲ့ ထုံးစံအတိုင်း ဟန်အမူအရာ အပြည့်နဲ့ ပြောတယ်။

"သမ္မတ ကျန်းက တကယ့်ကို အံ့ဩစရာကောင်းတဲ့ လူတစ်ယောက်ပါ။ တရုတ်နိုင်ငံက အမေရိကန်ရဲ့ အရေးအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စကားပြောဆိုမှုတွေက တကယ့်ကို ပျော်စရာကောင်းခဲ့ပါတယ်"

သမ္မတ ကျန်းဖင်ဟွာကလည်း ပြောတယ်။

"တရုတ်နိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဝါဒကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပြီး ဈေးကွက်တံခါးကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။ တံခါးဖွင့်ဝါဒနဲ့ ပူးပေါင်းဆောင်ရွက်မှုက နိုင်ငံတကာ စီးပွားရေးနဲ့ ကုန်သွယ်ရေးအတွက် အရေးကြီးတဲ့ မောင်းနှင်အား ဖြစ်ပါတယ်။ လူသားမျိုးနွယ်စုရဲ့ အနာဂတ်အကျိုးစီးပွား မျှဝေခံစားရေးဆီ ဦးတည်နေတဲ့ တရုတ်နိုင်ငံရဲ့ ခြေလှမ်းတွေက ရပ်တန့်သွားမှာ မဟုတ်ပါဘူး"

ကျွန်တော် အစ်မ ဟျွန်းဂျူးဆီကနေ ဖုန်းလက်ခံရရှိခဲ့တယ်။

[ကုန်သွယ်ရေးစစ်ပွဲကတော့ လောလောဆယ် ခဏရပ်နားသွားတဲ့ ပုံပဲ။ အကြီးအကျယ် ထိပ်တိုက်တွေ့ကြလိမ့်မယ်လို့ ထင်ထားတာ၊ ရလဒ်က မမျှော်လင့်ထားစရာပါဟာ]

တကယ်တော့ ကျန်းဖင်ဟွာက ကုန်သွယ်ရေးစစ်ပွဲမှာ ပြတ်သားတဲ့ သဘောထားကို တစိုက်မတ်မတ် ပြသခဲ့တာ ဖြစ်ပါတယ်။

သူက "အနောက်နိုင်ငံတွေမှာတော့ ဘယ်ဘက်ပါးကို ရိုက်ရင် ညာဘက်ပါးကို လွှဲပေးတတ်ကြတယ်၊ ဒါပေမဲ့ တရုတ်နိုင်ငံမှာတော့ ဘယ်ဘက်ပါးကို ရိုက်တာနဲ့ ညာဘက်ပါးကို ချက်ချင်း ပြန်ရိုက်တယ်" လို့တောင် ပြောဖူးသေးတယ်။

ဒါကြောင့်မလို့ ကျွမ်းကျင်သူအများစုက ညှိနှိုင်းမှု အဆင်ပြေနိုင်ချေအပေါ် အဆိုးမြင်ခဲ့ကြတာပါ။

[တင်းမာမှုတွေကို လျှော့ချလိမ့်မယ်လို့တော့ မျှော်လင့်ထားပေမဲ့ အဆင့်မြင့်စက်မှုလုပ်ငန်းတွေနဲ့ မူပိုင်ခွင့်ပြဿနာတွေကို ဖြေရှင်းဖို့ လနဲ့ချီပြီး အချိန်ယူရလိမ့်မယ်လို့ ထင်ထားတာ]

အသေးစိတ် ညှိနှိုင်းမှုတွေ ကျန်နေသေးပေမဲ့ အဓိက ညှိနှိုင်းမှုတွေကတော့ ပြေလည်သွားပြီ ဖြစ်ပါတယ်။ ဒါက တရုတ်ဘက်ကနေ အကြီးအကျယ် အလျှော့ပေးခဲ့လို့ ဖြစ်နိုင်ခဲ့တာပါ။

အခုအချိန်အထိ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်အမျိုးမျိုးနဲ့ ပတ်သက်ပြီးတော့ ဒါတွေက ကုမ္ပဏီတစ်ခုချင်းစီရဲ့ ကိစ္စတွေသာဖြစ်တယ်လို့ စည်းခြားထားပေမဲ့ တရုတ်အစိုးရက မူဝါဒ ချမှတ်ပေးလိုက်တာ ဖြစ်တဲ့အတွက် ကုမ္ပဏီတွေကလည်း အဲဒီအတိုင်း လုပ်ဆောင်ကြရတော့မယ့် သဘောပါပဲ။

ဝေဟွာနဲ့ TZE တို့က အမေရိကန်အစိုးရရဲ့ စုံစမ်းစစ်ဆေးမှုကို ခံယူနေကြပြီး ချိုးဖောက်မှုတွေအတွက် ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ကာ မူပိုင်ခွင့်ချိုးဖောက်မှုတွေအတွက် လျော်ကြေးပေးရမှာပါ။

ပြီးတော့ သူတို့ရဲ့ ရုံးချုပ်တွေမှာ အမေရိကန် ဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ လိုက်နာမှုစောင့်ကြည့်ရေးအဖွဲ့တွေကို ထားရှိဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီအဖွဲ့တွေက မူပိုင်ခွင့်ချိုးဖောက်မှုတွေ ဖြစ်ပေါ်လာရင် စုံစမ်းစစ်ဆေးပိုင်ခွင့် အာဏာ ရှိကြပါတယ်။ CarOS ဆီကနေ နည်းပညာခိုးယူမှုကို ဝန်ခံထားတဲ့ ကျိုးမော်တာလည်း ဒီအထဲမှာ ပါဝင်ပါတယ်။

ညှိနှိုင်းမှု ပြေလည်သွားတဲ့ သတင်းတွေ ပျံ့နှံ့သွားတာနဲ့အမျှ ကမ္ဘာတစ်ဝှမ်းလုံး သက်ပြင်းချနိုင်ခဲ့ကြပြီး စတော့ဈေးကွက်လည်း သိသိသာသာ ထိုးတက်သွားခဲ့တယ်။

[ဒါတွေ ပြေလည်သွားမယ်ဆိုတာ နင် ဘယ်လိုသိလဲ]

"မကြာခင် ပြေလည်သွားလိမ့်မယ်လို့ တွေးမိရုံသက်သက်ပါပဲ"

ကျွန်တော့်မှာ အရင်ကတည်းက အဲဒီလို ခံစားချက် ရှိခဲ့တာ ဖြစ်ပြီး သမ္မတ ကျန်းဖင်ဟွာနဲ့ တွေ့ပြီးတဲ့နောက်မှာတော့ အဲဒီခံစားချက်က ပိုပြီး ခိုင်မာလာခဲ့တယ်။

သူက ဒီပြဿနာကို အမြန်ဆုံး အဆုံးသတ်ချင်နေတယ်လို့ ကျွန်တော် ခံစားခဲ့ရတယ်။

ကျွမ်းကျင်သူတွေကတော့ တခြားအချက်တစ်ခုအနေနဲ့ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲကြောင့်လို့ ထောက်ပြကြတယ်။

ဒါပေမဲ့ ငလျင်ကြီးဖြစ်ပြီးတဲ့နောက် ရိုနယ်ရဲ့ ထောက်ခံမှုနှုန်းက ပြန်ကျသွားခဲ့ရင်တောင် အခုထက်ထိတော့ ၇၀ ရာခိုင်နှုန်းနီးပါး ရှိနေတုန်းပါပဲ။ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ရီပတ်ဘလစ်ကန်ပါတီက အထက်လွှတ်တော်ရော၊ အောက်လွှတ်တော်ပါ နှစ်ခုစလုံးကို ထိန်းချုပ်နိုင်ဖို့ သေချာသလောက် ရှိနေတာကြောင့် ကုန်သွယ်ရေး အငြင်းပွားမှုကို အဲဒီအချိန်အထိ မဆွဲဆန့်ဘဲနေစရာ အကြောင်းပြချက် သိပ်မရှိဘူးလေ။

[ဘာပဲဖြစ်ဖြစ် နင့်ကြောင့်မလို့ ငါတို့တွေ နောက်တစ်ကြိမ် ငွေထပ်ရပြန်ပြီ]

အခြေအနေ ထိုးတက်မယ့်အပေါ် ကြိုတင်လောင်းကြေးထပ်ထားတဲ့ Golden Gateနဲ့ K ကုမ္ပဏီတို့ကတော့ တော်တော်လေးကို အမြတ်အစွန်း အများကြီး ရရှိခဲ့ကြတယ်။

ကျွန်တော် ဖုန်းချလိုက်တဲ့အချိန်မှာပဲ နောက်ထပ် ဖုန်းတစ်ကောင် ဝင်လာပြန်တယ်။

ဒါက တခြားသူမဟုတ်ဘဲ သမ္မတ ကျန်းဖင်ဟွာ ကိုယ်တိုင် ဖြစ်နေတာပါ။

သူက အာဆီယံ ခေါင်းဆောင်တွေနဲ့ ထိပ်သီးဆွေးနွေးပွဲအတွက် ဂျာကာတာကို ထွက်ခွာဖို့ ရှိနေတာပါ။ မဟာမိတ်နိုင်ငံတွေကို စိတ်အေးစေဖို့အတွက် ဖြစ်မှာပေါ့။

သမ္မတ ကျန်းဖင်ဟွာက စကားပြန်ကတစ်ဆင့် ကျွန်တော့်ကို စကားပါးလိုက်တယ်။

[တရုတ်စီးပွားရေးဆိုတာ ရေကန်သေးသေးလေး မဟုတ်ပါဘူး။ မုန်တိုင်းတွေ ဆီးနှင်းတွေ ကျရောက်တတ်တဲ့ ပင်လယ်ပြင်ကြီးပါ။ အဲဒီလိုမှ မဟုတ်ရင် ဒါက ပင်လယ်ပြင်ကြီး ဖြစ်လာစရာ အကြောင်းမရှိဘူးလေ]

အခန်း (၂၈၀)

နယူးယောက်မှာ ရှိနေတဲ့ အတောအတွင်း တက္ကသိုလ်တော်တော်များများဆီကနေ ဟောပြောပွဲလုပ်ပေးဖို့ တောင်းဆိုချက်တွေ ကျွန်တော် ရရှိခဲ့တယ်။

နယူးယောက်ပြည်နယ် တက္ကသိုလ်၊ ကိုလံဘီယာ တက္ကသိုလ်၊ ဟားဗတ် တက္ကသိုလ်၊ MIT နဲ့ တခြား တက္ကသိုလ်တွေပေါ့။ အထူးသဖြင့် MIT ကတော့ တက္ကသိုလ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် အီးမေးလ်အရှည်ကြီး ပို့ပြီး တောင်းဆိုလာတဲ့အထိ အရမ်းကို တက်ကြွနေခဲ့တာပါ။ ကျွန်တော် Caltech တက္ကသိုလ်ကို သွားခဲ့ဖူးတာကြောင့် MIT ကိုလည်း လာသင့်တယ်ဆိုပြီး သူတို့ဘက်က အကြောင်းပြချက် ပေးလာတယ်။

"......"

အကြောင်းပြချက် မဟုတ်တာကြီးကို အကြောင်းပြချက်လို့ ခေါ်တာလား။

တချို့နေရာတွေက ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးမယ်ဆိုပြီး ဆွဲဆောင်ခဲ့ကြပေမဲ့ ကျွန်တော် အားလုံးကို ငြင်းပယ်လိုက်တယ်။

ဘာလို့လဲဆိုတော့ အဲဒီကို သွားလည်း ကျွန်တော့်ဘက်က တကယ်တမ်း ပြောစရာ ဘာမှမရှိလို့ပါပဲ။

ကျွန်တော့်ထက် ပိုတော်တဲ့လူတွေချည်းပဲ ပြည့်နေမယ့်နေရာမှာ ကျွန်တော်က ဘာသွားပြောရမှာလဲ။

တက်ဂယူက မေးတယ်။

"ဟားဗတ်ဘွဲ့ဆိုရင် ဘယ်လောက်တောင် မိုက်မလဲ"

"ဂုဏ်ထူးဆောင်ဘွဲ့သက်သက်ပါဟ"

နောက်ပိုင်းကျမှ MBA ဘွဲ့တစ်ခုခု ပေးရင်တော့ ကောင်းမှာပဲ။ အဲဒီလို ဖြစ်ဖို့က ကိုရီးယား တက္ကသိုလ်တစ်ခုခုကနေ အရင်ဆုံး ဘွဲ့ရဖို့ လိုဦးမှာပါ။

အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေး အငြင်းပွားမှု ပြေလည်သွားပြီး အယ်လီကလည်း အလုပ်တွေ ပြီးသွားပြီဖြစ်လို့ ကျွန်တော်တို့ ကိုရီးယားကို ပြန်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

တိတ်တိတ်ဆိတ်ဆိတ်ပဲ ထွက်ခွာဖို့ ကြိုးစားခဲ့ပေမဲ့ လေဆိပ်မှာ လူအုပ်ကြီးက အုန်းအုန်းထနေအောင် ရောက်နေနှင့်ပါပြီ။ ရိုနယ်က twitterမှာ တစ်လောကလုံး သိအောင် ကြေညာထားရုံတင်မကဘဲ ကျွန်တော်တို့ကို လိုက်ပို့ဖို့ ကိုယ်တိုင်တောင် လေဆိပ်အထိ ရောက်လာခဲ့တယ်။

ရိုနယ်ရဲ့ လူကြိုက်များမှုက နယူးယောက်မှာလည်း မိုးထိနေတာပါပဲ။ ငလျင်ကြီး မတိုင်ခင်တုန်းက သူ့ရဲ့ ထောက်ခံမှုနှုန်းက အောက်ခြေထိ ထိုးဆင်းနေခဲ့တယ်ဆိုတာ ယုံဖို့တောင် ခက်ပါတယ်။

ရိုနယ်က ကျွန်တော့်ပုခုံးကို ပုတ်ရင်းပြောတယ်။

"ဒီလောက်မြန်မြန် ပြန်တော့မှာဆိုတော့ နှမြောဖို့ကောင်းလိုက်တာ"

"နောက်လည်း လာလည်ပါဦးမယ်"

"ဟားဟား။ မကြာခင် ကိုရီးယား သမ္မတနဲ့ ထိပ်သီးဆွေးနွေးပွဲ လုပ်ဖို့ ရှိတာမလို့ အဲဒီကျမှ ဆုံကြတာပေါ့"

စုရုံးနေတဲ့ လူတွေက လက်ခုပ်တီးကြပြီး ကျွန်တော်ကလည်း ပြုံးပြကာ ပြန်ပြီး လက်ပြလိုက်တယ်။

ဒါက ကျွန်တော့်ရဲ့ လူကြိုက်များမှု အဆင့်အတန်းပါပဲ။

ဒီလိုမျိုး ဆက်လုပ်နေရတာက အားနာစရာလည်း ကောင်းပြီး ပင်ပန်းဖို့လည်း ကောင်းတာကြောင့် ထွက်ခွာမယ့် ဂိတ်ထဲကို မြန်မြန်ပဲ ဝင်ခဲ့လိုက်တယ်။ အထဲကို အရင်ဝင်ပြီး စောင့်နေတဲ့ တက်ဂယူက ကျွန်တော့်ကို မြင်တော့ လှမ်းပြောတယ်။

"ဟောလိဝုဒ်မင်းသားကျနေတာပဲကွာ"

လေယာဉ်က ပစိဖိတ်သမုဒ္ဒရာမြောက်ပိုင်းကို ဖြတ်ကျော် မောင်းနှင်နေစဉ်အတွင်း ကျွန်တော် စာအုပ်တစ်အုပ်ကို အာရုံစိုက်ပြီး ဖတ်မိတယ်။

စာအုပ်ရဲ့ ခေါင်းစဉ်က 'ရော့ချိုင်းလ် မိသားစုရဲ့ လျှို့ဝှက်ချက်များ' ပါ။

ဒါပေမဲ့ ဖတ်ကြည့်ရင်းနဲ့မှ စာအုပ်ထဲက အကြောင်းအရာ တစ်ဝက်လောက်က စာရေးသူရဲ့ စိတ်ကူးယဉ်မှု ဒါမှမဟုတ် ခန့်မှန်းချက်တွေ ဖြစ်နေတာကို သတိပြုမိလိုက်တယ်။ ဘာလို့လဲဆိုတော့ လူမသိသူမသိ လျှို့ဝှက်ထားတဲ့အရာတွေက အရမ်းများလွန်းလို့ပါပဲ။

ကမ္ဘာပေါ်မှာ အမျိုးမျိုးသော လျှို့ဝှက်ချက်အယူအဆတွေ ပြည့်နှက်နေတတ်တယ်။ ဘဏ္ဍာရေးလောကမှာတော့ အကျော်ကြားဆုံး လျှို့ဝှက်ချက်အယူအဆက ဂျူးလူမျိုးတွေရဲ့ အရင်းအနှီးတွေက နောက်ကွယ်ကနေ ကြိုးကိုင်နေတယ်ဆိုတဲ့ အတွေးအခေါ်ပါပဲ။

ဂျူးလူမျိုးတွေက ဗဟိုဘဏ် (FED) နဲ့ ဗဟိုဘဏ်ဘုတ်အဖွဲ့ (FRB) ကို ထိန်းချုပ်ထားပြီး ကမ္ဘာ့စီးပွားရေးနဲ့ နိုင်ငံရေးကို ခြယ်လှယ်နေကြတယ်လို့ ဆိုကြတယ်။ အဲဒီအတွက်ကြောင့်ပဲ Bretton Woods စနစ်ကတစ်ဆင့် ဒေါ်လာကို အဓိကငွေကြေး ဖြစ်လာအောင် လုပ်ခဲ့ပြီး အဲဒီနောက်မှာ ရွှေနဲ့ တိုက်ရိုက်လဲလှယ်ခွင့် စနစ်ကို ဖျက်သိမ်းဖို့ ဖိအားပေးခဲ့ကြတယ်လို့ ပြောကြတယ်။

ဒါကတော့ တကယ့်ကို လျှို့ဝှက်ချက်အယူအဆသက်သက်ပါပဲ။

ဒီလို လျှို့ဝှက်ချက်အယူအဆတွေက လူတွေကြားထဲမှာ ပျံ့နှက်လွယ်တာက အခြေအနေကို လွယ်လွယ်ကူကူ ရှင်းပြနိုင်လို့ပါပဲ။

ဘဏ္ဍာရေးလောကထဲက ဖြစ်စဉ်အမျိုးမျိုးက အကြောင်းရင်းတွေ၊ အကျိုးစီးပွားတွေနဲ့ ရှုပ်ထွေးပွေလီစွာ ဆက်နွှယ်နေကြတာပါ။ ရှုတ်ထွေးနေတာကို ခက်ခဲတဲ့ စီးပွားရေး ဝေါဟာရတွေနဲ့ ရှင်းပြမယ့်အစား 'ဒါက ဂျူးအရင်းအနှီးတွေရဲ့ လျှို့ဝှက်ကြံစည်မှုပဲ' ဆိုတဲ့ စာကြောင်းတစ်ကြောင်းထဲနဲ့တင် သပ်သပ်ရပ်ရပ် ရှင်းပစ်လို့ ရတယ်လေ။

ဒါဆို ဒီလို လျှို့ဝှက်ချက်အယူအဆတွေက လုံးဝ အခြေအမြစ်မရှိတာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဂျူးလူမျိုးတွေက ဘဏ္ဍာရေးနယ်ပယ်ထဲကို စောစောစီးစီး ဝင်ရောက်ခဲ့ကြပြီး ကြီးမားတဲ့ အရင်းအနှီးတွေနဲ့ ဩဇာလွှမ်းမိုးထားနိုင်တာကတော့ ငြင်းမရတဲ့ အချက်ပါပဲ။

အဲလိုပြောနိုင်တာကလည်း အကြောင်းပြချက် တချို့ ရှိပါတယ်။

ပထမဆုံးအနေနဲ့ ဂျူးလူမျိုးတွေက ရွှေ့ပြောင်းအခြေချသူတွေ ဖြစ်တာကြောင့် နေရပ်လိပ်စာ ခဏခဏ ပြောင်းရလေ့ရှိတယ်။ ဒါကြောင့်မလို့ ရောင်းချဖို့ ခက်ခဲတဲ့ အိမ်ခြံမြေတွေထက်စာရင် သယ်ဆောင်ရလွယ်ကူတဲ့ ငွေသားနဲ့ အဖိုးတန်သတ္တုတွေကို ပိုပြီး သဘောကျကြပါတယ်။

နောက်ပြီး အတိတ်တုန်းက ခရစ်ယာန်ဘာသာမှာ ငွေတိုးစားတာကို ပိတ်ပင်ထားခဲ့တယ်။ တခြား ခရစ်ယာန်ဘာသာဝင်တွေကို ငွေချေးပြီး အတိုးယူတာကို အပြစ်တစ်ခုလို့ သတ်မှတ်ခဲ့တာပါ။ ဒါပေမဲ့ ဂျူးလူမျိုးတွေကတော့ ဘုရားကျောင်းရဲ့ ဥပဒေပြင်ပမှာ ရှိနေတာကြောင့် အတိုးနှုန်းကြီးကြီးနဲ့ ငွေချေးစားခွင့် ရှိခဲ့ကြတယ်။

ဒါပေမဲ့ ဒီလို အတိုးပေးငွေချေးတဲ့ အလုပ်က လူတွေကြားထဲမှာ ပုံရိပ်ကောင်းဖို့ဆိုတာ မလွယ်ပါဘူး။ အရေးတကြီး လိုအပ်နေတဲ့လူတွေကို ငွေချေးပေးတာက ကောင်းတဲ့အရာလို့ မြင်နိုင်ပေမဲ့ အိမ်သာထဲ ဝင်ခါနီးနဲ့ ထွက်ပြီးခါစ လူတွေရဲ့ စိတ်နေစိတ်ထားက ပြောင်းလဲသွားတတ်သလိုမျိုးပေါ့။

ငွေချေးတုန်းကတော့ အတိုးနှုန်း ဘယ်လောက်ကြီးကြီး ကျေးဇူးတင်တတ်ကြပေမဲ့ နောက်ပိုင်း ပြန်ဆပ်ရမယ့်အချိန်ကျတော့ ရင်ထဲမှာ မခံမရပ်နိုင် ဖြစ်လာကြတယ်။

အချိန်မှန် ပြန်ဆပ်နိုင်ရင်တော့ ကံကောင်းတာပေါ့၊ ဒါပေမဲ့ အခြေအနေအမျိုးမျိုးကြောင့် ပြန်မဆပ်နိုင်တဲ့ အခြေအနေတွေ ကလည်း ခဏခဏ ဖြစ်တတ်တယ်လေ။ ဒါပေမဲ့ ငွေချေးတဲ့အလုပ်က လူတိုင်းရဲ့ ကိုယ်ရေးကိုယ်တာ အခြေအနေတွေကို လိုက်ငဲ့ညှာပေးနေလို့မှ မရတာ။

ပြန်မဆပ်နိုင်တဲ့ လူတွေဆီကနေ ငွေကို အတင်းအဓမ္မ ပြန်သိမ်းဖို့ ကြိုးစားတဲ့အခါ အမျိုးမျိုးသော ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေကို သုံးလာကြရတော့တာပဲ။

ရလဒ်အနေနဲ့ ဂျူးလူမျိုးတွေက သွေးမတော် သားမစပ်ဘဲ ငွေတစ် ခုထဲကိုပဲ ကြည့်တဲ့ ရက်စက်တဲ့ အရေခြုံ အရင်းရှင်တွေအဖြစ် ပုံရိပ် ထွက်လာခဲ့ရတယ်။

ရှိတ်စပီးယားရဲ့ 'ဗင်းနစ်မြို့က ကုန်သည်' ပြဇာတ်မှာ ရှိုင်းလော့ခ် ဆိုတဲ့ ဂျူးလူမျိုးငွေချေးစားသူ ပါဝင်ပါတယ်။ ဇာတ်လိုက်က ချေးထားတဲ့ငွေကို ပြန်မဆပ်နိုင်တဲ့အခါ သူက နှလုံးသားနဲ့ အနီးဆုံးနေရာက အသားတစ်ပေါင်ကို ဖြတ်ယူဖို့ ကြိုးစားခဲ့တယ်။ (အဲဒီလုပ်ရပ်က မအောင်မြင်ခဲ့ဘဲ သူ့ဆီပဲ ပြန်ပတ်သွားခဲ့ပေမဲ့ပေါ့)

အဲဒါက အဲဒီခေတ်တုန်းက ဥရောပတိုက်သားတွေရဲ့ ဂျူးလူမျိုးတွေအပေါ် မြင်တဲ့ အမြင်လို့ ပြောလို့ရပါတယ်။ ဒီလို အပျက်သဘောဆောင်တဲ့ ပုံရိပ်တွေက တဖြည်းဖြည်း စုပုံလာပြီး နောက်ပိုင်း ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဟာ တရားတယ်ဆိုတဲ့ အကြောင်းပြချက်ပေးဖို့ ယူဆချက်တစ်ခု ဖြစ်လာခဲ့ရတယ်။

ဘာပဲဖြစ်ဖြစ် အခုထက်ထိတော့ ဂျူးလူမျိုးတွေက ကြီးမားတဲ့ အရင်းအနှီးတွေကို ပိုင်ဆိုင်ထားကြပြီး အဲဒါကို အခြေခံကာ အမေရိကန်ရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးကဏ္ဍတွေမှာ ကြီးမားတဲ့ ဩဇာအာဏာကို လွှမ်းမိုးထားနိုင်တုန်းပါပဲ။ အဲဒီရဲ့ ဗဟိုချက်မှာတော့ ရော့ချိုင်းလ် မိသားစု ရှိနေတာပါ။

မင်းဆက်တွေတောင်မှ နှစ်ပေါင်း ၁၀၀ ကျော် ခံဖို့ ရုန်းကန်နေရတဲ့ ခေတ်ကြီးထဲမှာ မိသားစုတစ်ခုတည်းက နှစ်ပေါင်း ၂၅၀ ကျော်တိုင်အောင် ချမ်းသာကြွယ်ဝမှုနဲ့ ပါဝါကို ထိန်းသိမ်းထားနိုင်တာကတော့ တကယ့်ကို အံ့ဩစရာကောင်းတဲ့ အချက်ပါပဲ။

အတိတ်တုန်းက ရော့ချိုင်းလ် မိသားစုဟာ ဥရောပကို စိုးမိုးနိုင်တဲ့အထိ ကြီးမားတဲ့ ပါဝါကို ပိုင်ဆိုင်ထားခဲ့တာပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ အဲဒီလိုမျိုး ဟုတ်တော့မှာ မဟုတ်ပါဘူး။

ဘာလို့လဲဆိုတော့ အဲဒီနောက်ပိုင်း ကမ္ဘာ့စီးပွားရေးက မယုံနိုင်စရာ ကောင်းလောက်အောင် မြန်မြန်ဆန်ဆန် ကြီးထွားလာခဲ့ပြီး ချမ်းသာကြွယ်ဝမှုတွေကလည်း အချိုးကျ တိုးပွားလာခဲ့လို့ပါပဲ။ ရော့ချိုင်းလ် မိသားစုကလည်း သူတို့ရဲ့ စည်းစိမ်တွေကို တိုးပွားအောင် လုပ်ခဲ့နိုင်မှာ မှန်ပေမဲ့ ကမ္ဘာ့စီးပွားရေး တစ်ခုလုံးရဲ့ အချိုးအစားနဲ့ ကြည့်ရင်တော့ သူတို့ရဲ့ ပမာဏက လျော့နည်းသွားခဲ့မှာ သေချာပါတယ်။

ပြောရရင်တော့ သူတို့က ကြီးမားကောင်း ကြီးမားနိုင်ပေမဲ့ စိုးရိမ်ရလောက်တဲ့အထိတော့ မဟုတ်ဘူးပေါ့။

ကျွန်တော် JP Morgan ရုံးချုပ်မှာ ဆုံခဲ့တဲ့ ဂရေ့စ် ရော့ချိုင်းလ် အကြောင်းကို တွေးမိသွားတယ်။

သူက ကျွန်တော့်အကြောင်းကို တော်တော်များများ သိနေတဲ့ပုံပါပဲ... ဘာပဲဖြစ်ဖြစ် စိုးရိမ်နေစရာတော့ မလိုပါဘူးလေ။

"ဘာလုပ်နေတာလဲ"

လှည့်ကြည့်လိုက်တော့ အယ်လီ ကျွန်တော့်အနားမှာ အရမ်းကိုနီးနီးကပ်ကပ် ရပ်နေတာကို တွေ့လိုက်ရတယ်။

" 'ရော့ချိုင်းလ် မိသားစုရဲ့ လျှို့ဝှက်ချက်များ' ဟုတ်လား။ စိတ်ဝင်စားဖို့ကောင်းလို့လား"

"သိပ်တော့ စိတ်မဝင်စားပါဘူး။ ရော့ချိုင်းလ် မိသားစုမှာ ပိုင်ဆိုင်မှု ဘယ်လောက်တောင် ရှိလဲဆိုတာ သိချင်ရုံတင်ပါ"

အယ်လီက စာအုပ်ကို ခဏလောက် လှန်လှောကြည့်လိုက်တယ်။

"အင်း။ ဂျင်ဟူက ငွေတွေ ပိုပြီး ရှာချင်နေသေးလို့လား"

"ဘယ်ကသာ။ ငါ့မှာ ရှိတဲ့ငွေတွေကိုတောင် မသေခင်အထိ ကုန်အောင် သုံးနိုင်မှာမှ မဟုတ်တာ၊ ပိုရှာပြီး ဘာလုပ်မှာလဲ"

ကျွန်တော်က ကိုယ်လုပ်ချင်တာကိုပဲ လုပ်နေတာပါ။ တခြားလူတွေက ကျွန်တော့်ကို ကမ္ဘာ့အချမ်းသာဆုံး လူသားလို့ ပြောနေကြတာတွေကို စိတ်မဝင်စားပါဘူး။

အယ်လီက ခေါင်းလေး စောင်းရင်း မေးတယ်။

"ဒါပေမဲ့လည်း လူတွေရဲ့ အလိုဆန္ဒက အဆုံးမရှိဘူး မဟုတ်လား"

ကျွန်တော် ပြုံးလိုက်တယ်။

"ဒါလည်း ဟုတ်တာပါပဲ"

ငွေ ဘယ်လောက်ပဲရှိရှိ လူတွေက ပိုပြီး လိုချင်လို့ ရုန်းကန်နေကြတာကတော့ လက်ရှိ အရှိတရားပဲလေ။

နမ်ဆန်မှာရှိတဲ့ ဆီလွန်ဟိုတယ်ရဲ့ VIP အဖွဲ့ဝင်များ နားနေဆောင်ကို အဖွဲ့ဝင်ကတ် ရှိတဲ့လူတွေပဲ ဝင်ခွင့်ရတာပါ။ ဆီလွန်ဟိုတယ်ရဲ့ အဖွဲ့ဝင်ကတ်က ဝမ် သန်း ၈၀ တောင် ပေးရပါတယ်။ ဈေးကြီးသလောက် ခံစားခွင့်တွေကလည်း အများကြီးပါပဲ။ အဖွဲ့ဝင်တွေက Fitness Center၊ အပြင်ဘက် ရေကူးကန်၊ ဂေါက်ရိုက်ကွင်း၊ ချွေးထုတ်ခန်း၊ အဖွဲ့ဝင်များ နားနေဆောင်တွေကို စိတ်ကြိုက် သုံးနိုင်သလို ဆီလွန်ဟိုတယ် ပိုင်ဆိုင်တဲ့ ဂေါက်ကွင်းတွေကိုလည်း ကြိုတင်စာရင်းပေး သုံးစွဲနိုင်ပါတယ်။

ဇိမ်ခံဟိုတယ်တစ်ခုရဲ့ Fitness Centerဆိုတာ လေ့ကျင့်ခန်းလုပ်တဲ့ နေရာသက်သက်တင် မဟုတ်ဘဲ သူဌေးတွေအတွက် လူမှုရေးအရ ဆုံဆည်းရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေက ခင်မင်ရင်းနှီးမှုတွေ တည်ဆောက်ကြပြီး အမျိုးမျိုးသော သတင်းအချက်အလက်တွေကို ဝေမျှတတ်ကြတာပေါ့။

ဒီနေရာမှာ စီးပွားရေးလောကက ထိပ်သီးသူဌေးကတော်တွေရဲ့ အသင်းအဖွဲ့တစ်ခုလည်း ရှိပါတယ်။ အသက်အရွယ် အပိုင်းအခြားကတော့ သက်လတ်ပိုင်း အမျိုးသမီးတွေကနေ အသက် ၂၀ အရွယ် အိမ်ထောင်သစ်ကျခါစ အမျိုးသမီးတွေအထိ စုံလင်နေတာပါပဲ။

ပတ်ယောင်ဂျာ ကတော့ ချွန်ဂန်း အုပ်စုရဲ့ ဥက္ကဋ္ဌ ဟွမ်ဂျဲဟွန်ရဲ့ ဇနီး ဖြစ်ပါတယ်။

ချွန်ဂန်း အုပ်စုဟာ ၁၉၈၀ ကျော်ကာလတုန်းက ချွန်ဂန်း ဆောက်လုပ်ရေးအဖြစ် စတင်ခဲ့ပြီး လူနေတိုက်ခန်းတွေနဲ့ officetel (ရုံးခန်းနဲ့ဟိုတယ်ပေါင်းထားသောအဆောက်အဦး) တွေ ဆောက်လုပ်ရင်း ကြီးထွားလာခဲ့တာပါ။ IMF နဲ့ ငွေကြေးအကြပ်အတည်းတွေကြောင့် အလယ်အလတ် ဆောက်လုပ်ရေး ကုမ္ပဏီတော်တော်များများ ပြိုလဲခဲ့ရတဲ့ အချိန်မှာတောင် သူတို့ကတော့ ပြောင်းပြန်အနေနဲ့ ကုမ္ပဏီတွေကို ပူးပေါင်းသိမ်းပိုက်ရင်း အင်အားကြီးမားလာခဲ့တယ်။ ဒါကြောင့်မလို့ အခုအချိန်မှာတော့ စီးပွားရေးလောကရဲ့ အဆင့် ၂၂ အထိ တက်လှမ်းလာနိုင်ခဲ့တာပေါ့။

ပတ်ယောင်ဂျာ နားနေဆောင်ထဲ ဝင်လာတာနဲ့ အထဲမှာ ရှိနှင့်နေတဲ့ အမျိုးသမီး ၅ ယောက်လုံး တစ်ပြိုင်ထဲ ထရပ်ကြတယ်။

"မမကြီး ရောက်လာပြီလား"

"လမ်းခရီးမှာ ပင်ပန်းလာရောပေါ့"

"ဘာလို့ အားလုံး ထရပ်နေကြတာလဲ။ ထိုင်ကြပါ"

အိမ်ရှင်မတွေကြားထဲက အဆင့်အတန်းကတော့ သူတို့ရဲ့ ခင်ပွန်းတွေရဲ့ လူမှုရေး အဆင့်အတန်းပေါ် မူတည်ပြီး ဆုံးဖြတ်တာပါပဲ။ ပတ်ယောင်ဂျာ ကတော့ ဒီအဖွဲ့ရဲ့ ခေါင်းဆောင်လို့ ပြောလို့ရပါတယ်။

သူတို့ ကော်ဖီသောက်ရင်း စီးပွားရေးလောကထဲက ကောလာဟလအမျိုးမျိုးကို ပြောနေကြရင်းနဲ့ ကန်ဂျင်ဟူ အကြောင်းဆီ ရောက်သွားကြတယ်။

"ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကိုရီးယားကို ပြန်ရောက်လာတယ်လို့ ကြားတယ်"

"စကားစပ်မိလို့ ပြောရဦးမယ်၊ စကား နည်းနည်းပါးပါးနဲ့တင် အမေရိကန် အစိုးရကို လှုပ်ခတ်သွားအောင် လုပ်နိုင်ခဲ့တာနော်"

"ငါလည်း အဲဒါကို မြင်ပြီး တော်တော် အံ့ဩသွားတာ"

"OTK ကုမ္ပဏီက ဘယ်အချိန်ကတည်းက ဒီလောက်အထိ ကြီးသွားတာလဲမသိဘူး"

"ပထမဆုံး ကြားတုန်းကတော့ ငါက ချာတိတ်လေးတွေပါလို့ ထင်ခဲ့မိတာ။ အခုတော့ ဆိုဆောင်း အုပ်စုနဲ့တောင် ပုခုံးချင်း ယှဉ်နေပြီ"

"မကြာခင် ဆိုဆောင်းကိုတောင် ကျော်တက်သွားလိမ့်မယ်လို့ ကောလာဟလတွေ ထွက်နေတာနော်"

"အမလေး၊ ဒါဆို OTK ကုမ္ပဏီက စီးပွားရေးလောကရဲ့ နံပါတ်တစ် ဖြစ်လာတော့မယ့် သဘောလား"

ကန်ဂျင်ဟူ အကြောင်း စကားစပ်မိတာနဲ့ စကားပွဲက ပြီးနိုင်မှာ မဟုတ်တော့တဲ့ ပုံပါပဲ။

OTK ကုမ္ပဏီက တရုတ်အစိုးရရဲ့ ပစ်မှတ်ထား ပိတ်ဆို့မှုကို ခံခဲ့ရတုန်းက လူတွေက နောက်ဆုံးတော့ တရုတ်ကို အလျှော့ပေးရလိမ့်မယ်လို့ပဲ ထင်ထားခဲ့ကြတာပါ။ ဒါပေမဲ့ ကန်ဂျင်ဟူက အမေရိကန် အစိုးရကို လှုပ်ခတ်ပြီး ဒီအခြေအနေကို ဖြေရှင်းပစ်ခဲ့တယ်။ ပြီးတော့ ကျိုး မော်တာဆီကနေ နည်းပညာ ခိုးယူမှုကို ဝန်ခံခိုင်းပြီး တောင်းပန်မှုနဲ့ လျော်ကြေးပါ ရအောင် လုပ်ခဲ့တာပါ။

ဒါက ဘယ်ကုမ္ပဏီမှ အရင်က မလုပ်ဖူးတဲ့ အရာမျိုးပါပဲ။

နိုင်ငံရေးလောကနဲ့ စီးပွားရေးလောကက လူတွေဟာ ဒီဖြစ်ရပ်ကြောင့် နောက်တစ်ကြိမ် ထပ်ပြီး အံ့ဩခဲ့ကြရတယ်။

နိုင်ငံရေးသမားတွေက နိုင်ငံရေးအာဏာက ဈေးကွက်အာဏာရဲ့ အပေါ်မှာ ရှိတယ်ဆိုတာကို အမြဲတမ်း သက်သေပြချင်ကြတာပါ။ ဒါပေမဲ့ ကန်ဂျင်ဟူက နိုင်ငံရေးသမားတွေအရှေ့မှာ လွယ်လွယ်နဲ့ ခေါင်းငုံ့မခံတာကြောင့် လေဘာပါတီတင်မကဘဲ အာဏာရ နိုင်ငံရေးသစ်ပါတီကလည်း သူ့ကို သိပ်ပြီး ကြည့်ရကြတာ မဟုတ်ပါဘူး။

ဒါပေမဲ့ အခုအချိန်မှာတော့ ဘယ်သူမှ သူ့ကို လာပြီး မစရဲကြတော့ပါဘူး။ ကန်ဂျင်ဟူရဲ့ အဆင့်အတန်းက အဲဒီလောက်အထိ ကြီးမားသွားခဲ့ပါပြီ။

ဒီအချက်တွေက အရေးကြီးတယ်ဆိုပေမဲ့ သူတို့တွေ ကန်ဂျင်ဟူကို အာရုံစိုက်နေကြတဲ့ တကယ့် အကြောင်းရင်းကတော့ သီးသန့် ရှိပါသေးတယ်။

အဲဒါက သူက အသက် ၂၀ ကျော် အရွယ်ပဲ ရှိသေးပြီး အိမ်ထောင်မရှိသေးဘူးဆိုတဲ့အချက်ပါပဲ။ ဒါက အိမ်ထောင်ပြုခြင်းအားဖြင့် သူနဲ့ စီးပွားရေးအရ မဟာမိတ် ဖွဲ့နိုင်မယ့် အခွင့်အလမ်း ရှိနေတယ်ဆိုတဲ့ သဘောပဲလေ။

"ကန်ဂျင်ဟူက ဘယ်သူနဲ့ လက်ထပ်မှာလဲမသိဘူး"

"သမီးရှိတဲ့ နိုင်ငံရေးသမားတွေနဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူးတွေ အားလုံးက သူ့ကို မျက်စိကျနေကြတယ်လို့ ကြားတယ်"

"ဘယ်သူကကော မျက်စိမကျဘဲ နေမှာလဲ"

သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်က ပတ်ယောင်ဂျာကို ဖားတဲ့အနေနဲ့ ပြောလိုက်တယ်။

"ဒါနဲ့ စကားမစပ်၊ ယူဂျင်းက ဒီနှစ် အထက်တန်းကျောင်း ပြီးမှာ မဟုတ်လား။ ကန်ဂျင်ဟူကလည်း အသက် ၂၀ ကျော်ပဲ ရှိသေးတာဆိုတော့ သူတို့နှစ်ယောက်က အတော်ပဲပေါ့။ သူတို့ကို ဆုံပေးဖို့ စီစဉ်ကြည့်ရင် မကောင်းဘူးလား"

ပတ်ယောင်ဂျာမှာ သမီး နှစ်ယောက်ပဲ ရှိတာပါ။ အဲဒီထဲကမှ ဒုတိယသမီး ဟွမ်ယူဂျင်းက နိုင်ငံရေးနဲ့ စီးပွားရေးလောကထဲမှာ ချောမောလှပလွန်းလို့ နာမည်ကြီးပါတယ်။ စီးပွားရေးလောကရဲ့ အကျော်ကြားဆုံး အလှပဂေးက CL အုပ်စုရဲ့ ယန်ဟန်နာ ဖြစ်ပေမဲ့ ဟွမ်ယူဂျင်းကလည်း သူ့ထက် မနိမ့်ပါဘူး။

'ငါတို့ ယူဂျင်းက ယန်ဟန်နာထက်လည်း ပိုပြီး ငယ်သေးတာလေ'

သူ့ရဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ အမူအရာကြောင့် အထက်တန်းကျောင်းတက်နေတုန်းပဲ ရှိသေးပေမဲ့ နေရာအနှံ့အပြားကနေ ချွေးမတော်ချင်လို့ လာပြီး ကမ်းလှမ်းကြတာတွေက မနည်းမနောပါပဲ။

ဟွာအန်း အုပ်စုက အထူးသဖြင့် ပိုပြီး တက်ကြွနေခဲ့တာပါ။ အစကကတော့ သမီးဖြစ်သူကို ဟွာအန်းအုပ်စုရဲ့ ဒုတိယသားနဲ့ ပေးစားဖို့ တွေးထားခဲ့တာ ဖြစ်ပေမဲ့ အခုတော့ အတွေး ပြောင်းသွားခဲ့ပါပြီ။

တကယ်လို့ ဟွာအန်း အုပ်စုရဲ့ ဒုတိယသားက အိမ်မြှောင်ဆိုရင် ကန်ဂျင်ဟူကတော့ နဂါးပဲလေ။

ဟွမ်ယူဂျင်းကိုယ်တိုင်လည်း လက်တွဲဖော်က ကန်ဂျင်ဟူဆိုရင် စိတ်ဝင်စားမယ့်ပုံပါပဲ။ ကျောင်းပြီးတာနဲ့ ချက်ချင်း လက်ထပ်ပေးလိုက်ရင် အဆင်ပြေမလား။

ဒီလိုနေရာမျိုးမှာတော့ သူက ဘုရင်မလို ဖြစ်နေပြီး 'မမကြီး' လို့ အခေါ်ခံရပေမဲ့ တခြား ထိပ်သီးအုပ်စု ၁၀ ခုရဲ့ သူဌေးကတော်တွေနဲ့ ဆုံတဲ့အခါကျရင်တော့ သူက ခေါင်းငုံ့ပြီး အစေခံလိုမျိုး နေပေးရတာပါ။ အိမ်ထောင်ကျခါစ အမျိုးသမီးငယ်လေးတွေ အရှေ့မှာတောင် ဖားယားပြီး မျက်နှာချို သွေးပေးရတာမျိုးပေါ့။

ဒါပေမဲ့ တကယ်လို့ ကန်ဂျင်ဟူကို သမက်အဖြစ် ရလိုက်မယ်ဆိုရင်တော့ သူ့ရဲ့ အဆင့်အတန်းက ချက်ချင်း ပြောင်းလဲသွားမှာ သေချာပါတယ်။ SSK အုပ်စုရဲ့ သူဌေးကတော်ကနေ CL အုပ်စုရဲ့ သူဌေးကတော်အထိ အားလုံးက သူ့အရှေ့မှာ ဒူးထောက် အလေးအမြတ် ထားကြရတော့မှာ သေချာပါတယ်။

'ကန်ဂျင်ဟူက ယောက်ျားတစ်ယောက်ပဲမလို့ ငါတို့ ယူဂျင်းကို မြင်ရင် သေချာပေါက် သဘောကျမှာပဲ။ ပြဿနာက ဘယ်လိုမျိုး ဆုံပေးရမလဲဆိုတာပဲ...'

နိုင်ငံရေးလောကဖြစ်ဖြစ်၊ စီးပွားရေးလောကဖြစ်ဖြစ် ကန်ဂျင်ဟူကို ပစ်မှတ်ထားနေတဲ့ မိသားစုတွေက တစ်ခုနှစ်ခုမကပါဘူး။ အိမ်ထောင်မရှိတဲ့ သမီးပျိုရှိရင် အားလုံးက စိတ်ဝင်စားနေကြတာပါ။

"ကန်ဂျင်ဟူက မုဆိုးမမိခင်ဖြစ်သူရဲ့ လက်အောက်မှာ ကြီးပြင်းလာခဲ့တာလို့ ကြားတယ်။ ဒါကြောင့်မလို့ သူက အမေဖြစ်သူကို အရမ်း ချစ်တာတဲ့"

"ငါလည်း အဲဒီသတင်း ကြားဖူးတယ်။ သူ့အမေ စကားဆိုရင် လုံးဝ နာခံတယ်လို့ ပြောကြတယ်"

ပတ်ယောင်ဂျာ ရဲ့ မျက်လုံးတွေက တောက်ပသွားတယ်။

'ဟုတ်သားပဲ။ ဒီလို နည်းလမ်းကောင်း ရှိတာပဲလေ။ ဒါဆို ကန်ဂျင်ဟူရဲ့ အမေနဲ့ အရင်ဆုံး ရင်းနှီးအောင် လုပ်ဖို့က ပထမဆုံး ဦးစားပေးပေါ့'

အမျိုးသမီးတစ်ယောက်က မေးတယ်။

"ဒါပေမဲ့ ဟိုပါတီတုန်းက သူခေါ်လာခဲ့တဲ့ လူဖြူအမျိုးသမီးနဲ့ အခုထိ တွဲနေတုန်း မဟုတ်ဘူးလား"

ကန်ဂျင်ဟူက ဖွင့်ပွဲပါတီတုန်းက ရည်းစားဖြစ်သူကို ခေါ်လာခဲ့တာကြောင့် စီးပွားရေးလောကထဲမှာ တစ်ခဏလောက် ဟိုးလေးတကျော် ဖြစ်ခဲ့ဖူးတယ်။ နောက်ပိုင်း သတင်းတွေအရဆိုရင် သူက Golden Gateရဲ့ ဥပဒေရေးရာအဖွဲ့ ခေါင်းဆောင် ဖြစ်တယ်လို့ သိရတယ်။ ရုပ်ရည်ရော၊ အရည်အချင်းပါ ပြည့်စုံတဲ့ အမျိုးသမီးတစ်ယောက်ပေါ့။

ပတ်ယောင်ဂျာ က ပြုံးရင်း ပြောလိုက်တယ်။

"ယောက်ျားတစ်ယောက်က အမျိုးသမီးတစ်ယောက်နဲ့ တွဲတာက အပြစ်လို့ပြောလို့ရလို့လား။ အရည်အချင်း ရှိရင် အမျိုးသမီး ဘယ်နှစ်ယောက်နဲ့ပဲ တွဲတွဲ ကိစ္စမရှိဘူး။ ငယ်ငယ်ရွယ်ရွယ်မှာ အများကြီး တွဲကြည့်၊ အများကြီး ကြုံတွေ့ဖူးမှ အိမ်ထောင်ကျတဲ့အခါ မိသားစုအပေါ် သစ္စာရှိမှာပေါ့"

တခြား အမျိုးသမီးတွေကလည်း သူ့စကားကို ထောက်ခံကြတယ်။

"အိုမို။ ဟုတ်တာပေါ့"

"ဟီးဟီး။ မမကြီးကတော့ ထုံးစံအတိုင်း အရမ်းတွေးခေါ်တတ်တာပဲ"

"ဒါပေါ့။ တွဲတာကတော့ ဘယ်သူနဲ့ပဲ တွဲတွဲ ရပေမဲ့ လက်ထပ်တာကျတော့ စီးပွားရေးအသိုင်းအဝိုင်း အချင်းချင်းပဲ ဖြစ်သင့်တာပေါ့"

"OTK ကုမ္ပဏီမှာ ဆောက်လုပ်ရေးကုမ္ပဏီ မရှိသေးတာဆိုတော့ ချွန်ဂန်း အုပ်စုနဲ့ဆိုရင် တကယ့်ကို အံကိုက်ပဲ"

မြှောက်ပင့်ပြောမှန်း သိသာနေပေမဲ့လည်း ဒီလိုစကားတွေကို ကြားရတာက စိတ်ချမ်းသာဖို့ ကောင်းတာတော့ အမှန်ပါပဲ။

'ကန်ဂျင်ဟူသာ ငါ့သမက် ဖြစ်လာရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ'

အဲဒီလိုသာ ဖြစ်လာမယ်ဆိုလို့ကတော့ ချွန်ဂန်း အုပ်စုကို OTK ကုမ္ပဏီရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခုအနေနဲ့ ထည့်သွင်းပစ်ဖို့အထိတောင် သူ တွေးထားမိတယ်။ ဘာပဲဖြစ်ဖြစ် ကန်ဂျင်ဟူရဲ့ကုမ္ပဏီကို နောက်ပိုင်း အမွေဆက်ခံမှာက သူ့သမီးရဲ့ ကလေးပဲ ဖြစ်မှာလေ။

"ကဲ… အခုတော့ ဒီအကြောင်းတွေကို ရပ်ထားပြီး ဂေါက်ကွင်းဘက် သွားရအောင်"

"ဟုတ်ကဲ့ပါ။ မမကြီး"

သူ့စကားကြောင့် သူတို့ အားလုံး ထရပ်ပြီး နေရာပြောင်း လိုက်ကြတယ်။

ဟိုတယ်ဧည့်သည်တွေပါ ဝင်လို့ရတဲ့ Fitness Centerနဲ့မတူဘဲ ဂေါက်ရိုက်ကွင်းကတော့ အဖွဲ့ဝင်တွေပဲ ဝင်ခွင့်ရှိတာပါ။

အထဲကို ဝင်လိုက်တဲ့အခါမှာတော့ စောင့်ဆိုင်းနေတဲ့ ခုံတန်းလျားပေါ်မှာ ထိုင်နေတဲ့ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရတယ်။

ပတ်ယောင်ဂျာက အကျင့်အတိုင်း အဲဒီအမျိုးသမီးကို အထက်အောက် အကဲခတ်ပြီး ကြည့်လိုက်တယ်။

သူ ဝတ်ထားတဲ့ အဝတ်အစားတွေက ဇိမ်ခံပစ္စည်း ဒါမှမဟုတ် နာမည်ကြီး တံဆိပ်ပါတဲ့ ပစ္စည်းတွေနဲ့ လုံးဝကိုမတူပါဘူး။ သူ့ရဲ့ ဆံပင်ပုံစံနဲ့ မိတ်ကပ်ကလည်း ရိုးရိုးရှင်းရှင်းပဲ ရှိပြီး လက်တွေကလည်း ကြမ်းတမ်းနေတာပါ။ မျက်နှာပေါ်မှာလည်း ပင်ပန်းဆင်းရဲခဲ့တဲ့ အရိပ်အယောင်တွေ ပေါ်နေပြီး ပြင်ဆင်ခြယ်သဖို့အတွက် ပိုက်ဆံ တစ်ပြားမှ သုံးထားတဲ့ပုံ မပေါ်ပါဘူး။

'ဘာလဲဟ။ ဒီအန်တီကြီးက ဘယ်သူလဲ။ ဒီလို မိန်းမမျိုးကပါ အဖွဲ့ဝင်ကတ် ရှိနေတာလား'

All Chapters