← Chapters

အခန်း ၃၇၁

Vol. 38 Ch. 371

အခန်း ၃၇၁

Vol. 38 Ch. 371

​ အခန်း ၃၇၁ - ယင်ကိုးပါးမီးလျှံခန္ဓာ

​ဝုန်း... ဝုန်း...

​ချင်းရှောင်တောင်ထွတ်ထက်ရှိ တုန်ခါမှုများ ပိုမို ပြင်းထန်လာခဲ့ပြီး သစ်ပင်များ တုန်ခါလျက် ငှက်ငယ်များမှာလည်း ထိတ်လန့်တကြား ပျံသန်းသွားကြရာ ချင်းရှောင်ဂိုဏ်းသားများက ကောင်းကင်ယံသို့ ပျံတက်ရင်း ဤတုန်ခါမှု၏ မြစ်ဖျားခံရာကို လိုက်လံ ရှာဖွေနေကြတော့သည်။ ဓားဂိုဏ်း၏ ခြံဝင်းတစ်ခုအတွင်း၌ စုန့်ချန်ရှန်းက အမိုးပေါ်တွင် ရုတ်တရက် ပေါ်ထွက်လာပြီး မျက်မှောင်ကြုတ်၍ ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။

​"ကောင်းကင်ရဲ့ စွမ်းအားပါလား... ဘာကြောင့် ဒီလောက်အထိ လှုပ်ခတ်နေရတာလဲ..."

​စုန့်ချန်ရှန်းက တကိုယ်တည်း တိုးတိုးလေး ရေရွတ်လိုက်ပြီး သူမ၏ ပထမဆုံး အတွေးက လီချင်းချိုးဆီသို့ ရောက်ရှိသွားသည်။

​ကောင်းကင်ယံကို ဤမျှအထိ တုန်ခါစေနိုင်ခြင်းက ကြီးမားလှသော ကံကြမ္မာတစ်ခု ပေါ်ပေါက်လာခြင်း ဖြစ်ရမည် ဖြစ်ကာ လီချင်းချိုး အဆင့်တက်ခြင်း သို့မဟုတ် ကြီးမြတ်သော နတ်ဘုရားစွမ်းရည်တစ်ခုခုကို ရုတ်ခြည်း နားလည်သဘောပေါက်သွားခြင်း ဖြစ်ပေလိမ့်မည်။ မကြာမီမှာပင် သူမ၏ အကြည့်က အခြားသော လမ်းကြောင်းတစ်ခုသို့ ရောက်ရှိသွားခဲ့ပြီး ထိုနေရာမှ အလွန် သိမ်မွေ့သော်လည်း အလွန် ထူးခြားဆန်းပြားသော အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်သည်။

​သူမ တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီးနောက် ထိုအရှိန်အဝါရှိရာဆီသို့ ပျံသန်းသွားတော့သည်။

​တစ်ချိန်တည်းမှာပင်…..

​ကျင့်ကြံရေးခန်းမအတွင်း၌ ဂိုဏ်းသားများစွာက ခြံစည်းရိုးများနှင့် အမိုးများပေါ်တွင် မတ်တတ်ရပ်၍ အရပ်မျက်နှာတစ်ခုတည်းသို့ လှမ်း၍ ကြည့်နေကြရာ ထိုနေရာမှာ ချန်ဟွေ့လန်၏ ဆေးဖော်စပ်ရာ ခန်းမဆောင်ပင် ဖြစ်၏။

ထိုခန်းမဆောင်၏ အမိုး ပေါက်ထွက်သွားခဲ့ပြီ ဖြစ်ပြီး ထူထပ်လှသော မီးခိုးလုံးကြီးများက ကောင်းကင်ယံရှိ မိုးကြိုးတိမ်တိုက်များနှင့် ရောယှက်လျက် တဟုန်းဟုန်း တက်လာနေသည်။

​ချန်ဟွေ့လန်နှင့် လီစစ်ကျင်တို့ တံခါးဝရှေ့တွင် မတ်တတ်ရပ်နေကြ၏။ ခန်းမဆောင်အတွင်း၌ မီးလျှံများ တဖျတ်ဖျတ် လက်နေပြီး ဆေးပေါင်းဖိုကြီးမှာလည်း ပေါက်ကွဲတော့မည့်အလား ရဲရဲနီနေတော့သည်။

​ပထမဦးစွာ ထိတ်လန့်သွားပြီးနောက် ချန်ဟွေ့လန်မှာ ယခုအခါတွင် အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေ၏။ သူမ၏ ဆေးပေါင်းဖိုအတွင်း၌ အလွန် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု လည်ပတ်နေကြောင်း သူမ ခံစားနေရသည်။ ဤအချက်က သူမကို အလွန် စိတ်ရှုပ်ထွေးစေသည်။ ဖြစ်နိုင်သည်မှာ ယင်ကျင်းရှင်းတယောက် တစ်စုံတစ်ခုသော စွမ်းအားကြောင့် ဆေးပေါင်းဖိုထဲသို့ ဆွဲခေါ်ခြင်း ခံလိုက်ရတာများ ဖြစ်မလား။

​ချန်ဟွေ့လန်သည် ယင်ကျင်းရှင်းအတွက် စိုးရိမ်ပူပန်မှုများနှင့် မိမိကိုယ်ကိုယ် အပြစ်တင်မှုများကို ဘေးဖယ်ထားလိုက်ပြီး ဂိုဏ်းအတွင်းသို့ လျှို့ဝှက်ဆန်းကြယ်သော ရန်သူတစ်ဦး ဝင်ရောက်လာခြင်း ဖြစ်နိုင်သည်ဟုပင် သံသယ ဝင်မိတော့သည်။

​လီစစ်ကျင်က မျက်မှောင် ကြုတ်လိုက်ပြီး ယင်ကျင်းရှင်း၏ အခြေအနေကို စစ်ဆေးရန် အတွင်းသို့ ပြေးဝင်ရန် ပြင်လိုက်သော်လည်း သူမ၏ ဘေးတွင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာပြီး လက်မြှောက်ကာ တားဆီးလိုက်၏။ ထိုသူမှာ အခြားသူ မဟုတ်ဘဲ ရှန်ယွဲ့ပင် ဖြစ်သည်။

​"သူ မသေသေးဘူး..."

​ရှန်ယွဲ့က အသံတိုးတိုးဖြင့် ပြောလိုက်သော်လည်း သူ့ရင်ထဲတွင် လှိုင်းထန်နေသည်။

​သူသည် ယင်ကျင်းရှင်း၏ တည်ရှိမှုကို ခံစားမိနေပြီး ထိုကလေးက သူ နားမလည်နိုင်လောက်သည့် အသွင်ပြောင်းလဲခြင်းတစ်ခုကို ကြုံတွေ့နေရခြင်း ဖြစ်၏။

​ဤကလေးမှာ ကြီးမားလှသော ကံကြမ္မာတစ်ခုကို ဖုံးကွယ်ထားတာများလား။

​သူ့တွင် ထူးခြားလှသော ပါရမီ မရှိပါဘဲလျက်နှင့် လီချင်းချိုး သူ့ကို လိုက်လံ ရှာဖွေခိုင်းခဲ့ခြင်းမှာ မဆန်းတော့ချေ။

​ယင်ကျင်းရှင်း၏ လျင်မြန်စွာ မြင့်တက်လာသော အရှိန်အဝါကို အာရုံခံမိလိုက်ချိန်တွင် ရှန်ယွဲ့၏ စိတ်ထဲ၌ အတွေးတစ်ခု ရုတ်တရက် လက်ခနဲ ပေါ်လာသည်။

​ဤသည်က ယင်ကျင်းရှင်းက ယွမ်လီကိုပင် ကျော်လွန်သွားနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်မလား။

​ထို့အပြင် ယင်ကျင်းရှင်းသည် ယွမ်လီထက် စောစီးစွာ နိုးထလာခြင်း ဖြစ်ရာ တူညီသော နယ်ပယ်အတွင်း၌ သူ့ရဲ့အောင်မြင်မှုမှာ ယွမ်လီထက်ပင် သာလွန်နိုင်ပေသည်။

​ဘုန်း...

​ခန်းမဆောင်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော မီးလှိုင်းကြီးတစ်ခု တစ်ဟုန်ထိုး တိုးထွက်လာသဖြင့် ရှန်ယွဲ့ ထိတ်လန့်သွားပြီး မိမိ၏ ကိုယ်ပိုင် ဓားစွမ်းအင်များကို အသုံးပြု၍ တားဆီးလိုက်ရသည်။ သူ့ရှေ့ရှိ အဆောက်အအုံ၏ နံရံများမှာ ခဏချင်းမှာပင် ပြာအတိ ဖြစ်သွားရပြီး မီးခိုးလုံးကြီးများအဖြစ် ပြောင်းလဲသွားတော့၏။

​ရှန်ယွဲ့၏ ကာကွယ်မှုအောက်တွင် ရှိနေသော်လည်း ချန်ဟွေ့လန်နှင့် လီစစ်ကျင်တို့မှာ ပြင်းထန်လှသော အပူရှိန်ကို ခံစားနေရသဖြင့် သူတို့၏ အမူအရာများ အကြီးအကျယ် ပြောင်းလဲသွားသည်။

​ရှန်ယွဲ့ကတော့ ၎င်းကို အပြင်းထန်ဆုံး ခံစားလိုက်ရခြင်း ဖြစ်ပြီး ဤပြင်းထန်လှသော အပူလှိုင်းကြီးက သူ့ရဲ့ဓားစွမ်းအင်များကိုပင် ထွင်းဖောက်လာနိုင်ကြောင်း ထိတ်လန့်တကြား တွေ့ရှိလိုက်သည်။

​သူက ဘယ်လက်ကို ဝှေ့ယမ်းကာ နောက်သို့ ပုတ်ထုတ်လိုက်ပြီး ဓားစွမ်းအင်များကို အသုံးပြု၍ လီစစ်ကျင်နှင့် ကျန်အမျိုးသမီး နှစ်ဦးကို ခြံဝင်းအပြင်ဘက်ရှိ အမိုးတစ်ခုပေါ်သို့ ရောက်ရှိသွားအောင် ကမန်းကတန်း ပို့ဆောင်ပေးလိုက်သည်။

​ထို့နောက် ဘေးသို့ ခုန်ပျံ ရှောင်တိမ်းလိုက်ပြီးနောက် ခန်းမဆောင်အတွင်းမှ ထွက်ပေါ်လာသော မီးလှိုင်းများ အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့နှံ့သွားကာ မြေပြင်ရှိ ကျောက်ခဲများနှင့် သစ်စများကိုပါ လောင်ကျွမ်းဖျက်ဆီးပစ်တော့သည်။

​ကျင့်ကြံရေးခန်းမရှိ ဂိုဏ်းသားအားလုံး ဤမီးပင်လယ်ကြီးကြောင့် ဆွဲဆောင်ခြင်း ခံလိုက်ရသည်။ ချန်ဟွေ့လန်၏ ဆေးပေါင်းဖိုကြီးမှာ မီးတောင်ပေါက်ကွဲသကဲ့သို့ ပြင်းထန်သော မီးလျှံများကို အဆက်မပြတ် မှုတ်ထုတ်နေပြီး ၎င်း၏ စွမ်းအားမှာလည်း ပိုမို ပြင်းထန်လာနေဆဲ ဖြစ်သည်။

"အဖွဲ့ခွဲကြ.. ကျင့်ကြံရေးခန်းမကို သီးသန့် ခွဲထုတ်လိုက်ပြီး ခန်းမဆောင် အသီးသီးက သက်ဆိုင်ရာ ဆေးလုံးတွေကို ကာကွယ်ကြစမ်း..."

​လီစစ်ကျင် ကျယ်လောင်စွာ အော်ဟစ် ညွှန်ကြားလိုက်မှသာ ထိတ်လန့်နေသော ဂိုဏ်းသားများ သတိပြန်ဝင်လာကြပြီး ချက်ချင်းပင် လှုပ်ရှားဆောင်ရွက်ကြတော့သည်။

​ထိုအခိုက်တွင် ချန်ဟွေ့လန်၏ အဆောက်အအုံ ပတ်ပတ်လည်မှ ဓားစွမ်းအင်များ ရုတ်တရက် မြင့်တက်လာပြီး မီးလှိုင်းများကို ပိတ်ဆို့၍ အပြင်ဘက်သို့ ပျံ့နှံ့မသွားအောင် တားဆီးပေးလိုက်သည်။ ရှန်ယွဲ့ ခေါင်းလှည့်ကြည့်လိုက်တော့ မလှမ်းမကမ်းရှိ အမိုးပေါ်တွင် ရပ်နေသော စုန့်ချန်ရှန်းကို တွေ့လိုက်ရပြီး သူမက ဓားစွမ်းအင်များကြားရှိ မီးပင်လယ်ကို စူးစိုက်ကြည့်နေသည်။

​ဓားမိစ္ဆာသည်လည်း စုန့်ချန်ရှန်း၏ ဘေးတွင် ရုတ်တရက် ပေါ်လာပြီး သူမနှင့် ပုခုံးချင်းယှဉ်လျက် မီးပင်လယ်ကြားက ဆေးပေါင်းဖိုကို မှင်တက်စွာ စိုက်ကြည့်နေကြသည်။

​"မင်းလည်း ဒါကို သတိထားမိတာပဲလား..." ဟု ဓားမိစ္ဆာက မေးလိုက်သည်။

​စုန့်ချန်ရှန်းက ရှေ့ကို စူးစိုက်ကြည့်ရင်း….

"အလွန်တရာ ပြင်းထန်တဲ့ မီးလျှံတွေပဲ... လောကမှာ တွေ့ရခဲတယ်... ဒါက..."

​"ဒါက ဘာဖြစ်လို့လဲ..."

​"ကောင်းကင်ယံက တောက်ပတဲ့ နေမင်းကြီးပဲ ဒီမီးတောက်နဲ့ နှိုင်းယှဉ်နိုင်လိမ့်မယ်..."

​စုန့်ချန်ရှန်း၏ ပြန်လည် ဖြေကြားမှုက ဓားမိစ္ဆာကို ဆွံ့အသွားစေသည်၊ အကြောင်းမှာ သူ ပြန်လည် စဉ်းစားကြည့်လိုက်သောအခါ ဤသည်မှာ အမှန်ပင် ဖြစ်နေသောကြောင့်တည်း။

​သူ လောကီကမ္ဘာတွင် လှည့်လည်ခဲ့သော နှစ်ပေါင်းများစွာအတွင်း ဤမျှ ပြင်းထန်လှသော မီးလျှံမျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ရဘဲ အရေးကြီးဆုံးမှာ ဤမီးလျှံများက ပို၍ ပို၍ ပြင်းထန်လာနေခြင်းပင် ဖြစ်၏။

​ဒါက တကယ်ပဲ ထိုကလေးဆီကနေ ထွက်လာတာလား။

​ဓားမိစ္ဆာသည် ယင်ကျင်းရှင်းအပေါ် နက်နဲသော အထင်အမြင် မရှိသော်လည်း ယင်ကျင်းရှင်း ရောက်ရှိလာခြင်းက ဂိုဏ်းအတွင်း၌ လှုပ်ခတ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ သူသည် ဓားဂိုဏ်းတွင်သာ နေထိုင်သော်လည်း ဂိုဏ်းသားများ ပြောဆိုနေကြသည်ကို ကြားသိခဲ့ရ၏။

ချင်းရှောင်ဂိုဏ်းသားများက လီချင်းချိုးအပေါ် ချီးမွမ်းနေကြသည်ကို လီချင်းချိုးက မိမိကိုယ်ကိုယ် နတ်ဘုရားသဖွယ် ကိုးကွယ်ခံရအောင် လုပ်ဆောင်နေသည့် နည်းဗျူဟာတစ်ခုဟုသာ ထင်မြင်ခဲ့သည်။

​သို့သော်လည်း အခုအချိန်တွင်…

​သူ အံ့ဩတုန်လှုပ်သွားရပြီ ဖြစ်၏။

​အသက် ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦးက ဤမျှသော စွမ်းအားကို ပိုင်ဆိုင်ထားသည်လား...

​သူ့ရဲ့ လက်ရှိ စွမ်းအားဖြင့်ပင် ယင်ကျင်းရှင်း၏ ပြင်းထန်လှသော မီးလျှံအရှိန်အဝါကြောင့် ထိတ်လန့်နေရဆဲပင်။

​စုန့်ချန်ရှန်း၏ အံ့ဩတုန်လှုပ်မှုမှာလည်း ဓားမိစ္ဆာထက် မနည်းလှဘဲ ပို၍ပင် ပြင်းထန်နိုင်သည်။

​လီချင်းချိုး၏ စွမ်းအားက သူမအတွက် နားမလည်နိုင်လောက်အောင် ဖြစ်နေရသည့် အထဲတွင် ယခုအခါ လီချင်းချိုး၏ တပည့်ငယ်လေးကပါ ပိုမို ကြီးမားသော ပါရမီကို ပြသလာပြန်သည် မဟုတ်ပါလော။

ထိုစဉ် ​သူမ၏ စိတ်ထဲတွင် နာမည်တစ်ခု ရုတ်တရက် လက်ခနဲ ပေါ်လာခဲ့သည်။

​ရှေးဟောင်း နတ်ဆိုးခန္ဓာကိုယ်….

​မိုးပြာနဂါးနယ်မြေ၏ သမိုင်းကြောင်းတစ်လျှောက်တွင် ရှေးဟောင်း နတ်ဆိုးခန္ဓာကိုယ်နှင့် ပတ်သက်သော ဒဏ္ဍာရီများ ရှိခဲ့ဖူးသည်။ ထိုထိပ်တန်း အင်အားစုများနှင့် ရှေးဟောင်း ဂိုဏ်းကြီးများက အတိတ်ကာလက ရှေးဟောင်း နတ်ဆိုးခန္ဓာကိုယ်များနှင့် မသေမျိုး ဝိညာဉ်အမြစ်များကို ပိုင်ဆိုင်ထားခဲ့ကြသဖြင့် ထိပ်တန်းသို့ ရောက်ရှိလာခဲ့ကြပြီး နှစ်ပေါင်းထောင်ချီ၍ ရပ်တည်နိုင်ခဲ့ကြခြင်း ဖြစ်သည်။

​ချင်းရှောင်ဂိုဏ်းကလည်း ရှေးဟောင်း နတ်ဆိုးခန္ဓာကိုယ်တစ်ခုကို ထပ်မံ ပိုင်ဆိုင်ရတော့မည်လား။

​စုန့်ချန်ရှန်းသည် အစောပိုင်းက သူမ၏ ဘိုးဘိုး ပြောပြခဲ့ဖူးသော ရှေးဟောင်း နတ်ဆိုးခန္ဓာကိုယ်နှင့် ပတ်သက်သည့် ဒဏ္ဍာရီများကို ချဲ့ကားပြောဆိုထားခြင်း ဖြစ်မည်ဟု ထင်မြင်ခဲ့ဖူးသည်။

​သို့သော်လည်း ယခုအခါ ဆေးပေါင်းဖိုအတွင်းရှိ ယင်ကျင်းရှင်း၏ ပုံရိပ်ကို မြင်တွေ့နေရပြီ ဖြစ်၏။ ထိုကလေးမှာ တဟားဟား ရယ်မောနေဆဲ ဖြစ်ပြီး မည်သည့် နာကျင်မှုကိုမျှ ခံစားရပုံ မပေါ်ချေ။

လောကရှိ အရာအားလုံးကို ပြာချနိုင်လောက်သည့် မီးလျှံများက သူ့အပေါ်တွင် မည်သည့် သက်ရောက်မှုမျှ မရှိချေ။

​သိသာထင်ရှားလှသည်မှာ ဤကြောက်မက်ဖွယ်ကောင်းသော မီးလျှံများက သူ့ခန္ဓာကိုယ်ထဲမှ အမှန်တကယ် ထွက်ပေါ်လာခြင်းပင်။

​လေ့ကျင့်ရေးခန်းမအတွင်း၌ လူပုံရိပ်များ ပိုမို ပေါ်ထွက်လာပြီး ချန်ဟွေ့လန်နှင့်အတူ ဒုတိယ ခန်းမသခင်ဖြစ်သည့် လီစစ်ဖုန်း သည်လည်း လီစစ်ကျင်၏ ဘေးတွင် ပေါ်လာခဲ့သည်။

​လီစစ်ဖုန်း စကားပြောရန် ပြင်လိုက်ချိန်မှာပင် သူ့ခြေအောက်ရှိ အဆောက်အအုံမှာ ထပ်မံ၍ ပြင်းထန်စွာ တုန်ခါသွားပြီး တစ်စုံတစ်ခု ပေါက်ကွဲသွားသည့် အသံကို သူ ကြားလိုက်ရ၏။ သူ ခေါင်းလှည့်ကြည့်လိုက်တော့ စုန့်ချန်ရှန်း ပြုလုပ်ထားသော ဓားအစီအရင်ကြားက ပြင်းထန်လှသော မီးပင်လယ်ထဲမှ သေးငယ်သော လူပုံရိပ်တစ်ခု မြင့်တက်လာသည်ကို မြင်တွေ့လိုက်ရပြီး မီးလှိုင်းများက သူ့ကို ဗဟိုပြု၍ ပြင်းထန်စွာ လည်ပတ်နေသည်။

​ဝုန်း…ဝုန်းးးး

​မိုးကြိုးများ မြည်ဟည်းလာပြီး လောကကြီးတခွင်လုံး မှောင်မိုက်သွားကာ လေ့ကျင့်ရေးခန်းမတစ်ခုလုံး မီးလျှံများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ လူများစွာက တိုးညှင်းသော ရယ်မောသံတစ်ခုကို ကြားလိုက်ရပြီး ၎င်းအသံက ပို၍ ပို၍ ကျယ်လောင်လာသည်။

​တောင်ထိပ်ရှိ ချောက်ကမ်းပါး အစွန်းတွင်…..

လိပ်ပြာတောင်ပံခတ်သကဲ့သို့ လှိမ့်တက်လာသော မိုးကြိုးတိမ်တိုက်များအောက်မှနေ၍ လီချင်းချိုးတယောက် ကျင့်ကြံရေးခန်းမဆောင်ဆီသို့ ငုံ့ကြည့်နေခဲ့ပြီး သူ့အကြည့်မှာ ယင်ကျင်းရှင်းထံတွင် စူးစိုက်နေပြီ ဖြစ်သည်။

​ယင်ကျင်းရှင်း မီးပင်လယ်ကြားထဲ၌ ရူးသွပ်စွာ ရယ်မောနေသည်ကို မြင်သောအခါ လီချင်းချိုးအဖို့ ထိုကလေး ဆေးပေါင်းဖိုထဲသို့ ရည်ရွယ်ချက်ရှိရှိ ခုန်ဆင်းခဲ့ခြင်း ဖြစ်ကြောင်း ပိုမို သေချာသွားခဲ့သည်။

​"ဒီကလေးကတော့..."

​လီချင်းချိုးသည် ပုံမှန်အချိန်နှင့် လုံးဝ ကွဲပြားနေသော ယင်ကျင်းရှင်းအပေါ် စိတ်ဝင်စားသွားမိသည်။

​သူက ဂိုဏ်းမျိုးဆက် စာရင်းကို ဆွဲထုတ်၍ ယင်ကျင်းရှင်း၏ အချက်အလက်များကို စောင့်ကြည့်နေခဲ့၏။ ယင်ကျင်းရှင်း၏ တုနှိုင်းမဲ့ယန်ဓာတ်ခန္ဓာကိုယ်ကို နိုးထလာစေသည်နှင့်တစ်ပြိုင်နက် ချက်ချင်းပင် ကူးယူမည် ဖြစ်သည်။ ရှေးဟောင်း နတ်ဆိုးခန္ဓာကိုယ် နိုးထလာခြင်းက ကမ္ဘာမြေကို လှုပ်ခတ်သွားစေနိုင်သဖြင့် လီချင်းချိုးအနေနှင့် စောစီးစွာ မကူးယူပါက ပြဿနာတက်မည်ကို စိုးရိမ်နေမိသည်။

​တောင်အောက်ခြေမှ တက်လာသော ပြင်းထန်လှသည့် အပူရှိန်ကို ခံစားမိလိုက်ချိန်တွင် လီချင်းချိုး၏ ရင်ခုန်သံများ မြန်ဆန်လာသည်။

​ကြီးမားကျယ်ပြန့်လှသော မူလချီစွမ်းအင်၊ အထွတ်အထိပ် ခွန်အားနှင့်ပြင်းထန်လှသော မီးလျှံများ...

​ယင်ကျင်းရှင်း၏ ပြိုင်ဘက်များအတွက် လီချင်းချိုး စိတ်မကောင်း ဖြစ်မိသည်၊ သူ့ကို ရန်မူသူ မှန်သမျှသည် တကယ်ကို ကံဆိုးသူများ ဖြစ်ကြပေလိမ့်မည်။

​တစ်ချိန်တည်းမှာပင်…

​ရွှီနင်း၊ ယွမ်လီ၊ ကျောက်ကျိန်း၊ ကျိယာနှင့် ဟူယန်တို့က မတူညီသော နေရာများတွင် မတ်တတ်ရပ်လျက် ဤပြင်းထန်လှသော အပူရှိန်ကို ခံစားနေကြရသည်။ သူတို့လည်း ထိတ်လန့်သွားကြပြီး ကောင်းကင်ယံရှိ မိုးကြိုးတိမ်တိုက်များကို ကြည့်ရှုရင်း ဤသည်က မိုးကြိုးအတိဒုက္ခတစ်ခု ဖြစ်ကြောင်း သိရှိလိုက်ရသည်။

​ဤသည်က အဆင့်တက်ခြင်း မဟုတ်ချေ။

​ဆန့်ကျင်ဘက်အနေဖြင့် ဤသည်က အရင်က ယွမ်လီ နိုးထစဉ်အချိန်က ပေါ်ပေါက်ခဲ့သော ကောင်းကင်အတိဒုက္ခနှင့် ဆင်တူနေပေသည်။

​ဒါက ဘယ်သူ ဖြစ်နိုင်မလဲ…..

​ယွမ်လီက ထိုသူမှာ မည်သူဖြစ်ကြောင်း သိရှိသော်လည်း အခြားသူများကို ထုတ်ပြောခြင်း မပြုဘဲ ယင်ကျင်းရှင်း၏ မီးလျှံများကိုသာ အသေအချာ အာရုံခံနေခဲ့သည်။

​ကျန်းကျောက်ရှားနှင့် ကျန်းယွီချွန်းတို့က ဘေးချင်းယှဉ် မတ်တတ်ရပ်လျက် တောင်အောက်သို့ ငုံ့ကြည့်နေကြပြီး သူတို့၏ အမူအရာများမှာလည်း ထို့အတူပင် ရှုပ်ထွေးလှ၏။

​"ဂိုဏ်းအတွင်းက ပါရမီရှင်တွေ တကယ်ကို တစ်ဦးထက်တစ်ဦး ပိုပြီး အစွမ်းထက်လာကြတာပဲ..." ဟု ကျန်းယွီချွန်းက စိတ်ရင်းမှန်ဖြင့် ရေရွတ်လိုက်သည်။

​ကျန်းကျောက်ရှား၏ အမူအရာ ရှုပ်ထွေးနေပြီး ပါရမီရှင်ဟူသော ဘွဲ့အမည်နှင့် ပို၍ ပို၍ ဝေးကွာသွားသကဲ့သို့ ခံစားနေရသည်။ သူသည် အရင်က မိမိအစ်ကိုကြီး၏ အားကိုးရဆုံးသော လက်ထောက်တစ်ဦး ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလော။

​နောက်ပိုင်းတွင် သူသည် ရွှီနင်း၊ ရှန်ယွဲ့၊ ယွမ်လီနှင့် ဓားမိစ္ဆာတို့၏ ဆက်တိုက် ကျော်တက်ခြင်းကို ခံခဲ့ရသည်။

​ ချင်းရှောင်ဂိုဏ်းအတွက် ဝမ်းသာမိသော်လည်း စိတ်ထဲတွင် မကျေနပ်မှုအချို့ ရှိနေဆဲပင်။

​သူအနေနှင့် ဤကဲ့သို့သော အခြေအနေမျိုးကို မလိုလားချေ။

…………………

ဝုန်း...

​နောက်ဆုံး မိုးကြိုးချက် ကျရောက်ပြီးနောက် မိုးကြိုးတိမ်တိုက်များ ကွဲကွာသွားခဲ့ပြီး နေရောင်ခြည်တန်းများက တိမ်တိုက်များကို ထွင်းဖောက်၍ လူသူကင်းမဲ့သော ကျွန်းတစ်ကျွန်းပေါ်သို့ ဖြာကျလာရာ ကျွန်းပတ်ပတ်လည်ရှိ လှိုင်းလုံးကြီးများက ပြင်းထန်စွာ လှုပ်ခတ်နေကြသည်။

​အစိမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးက ကမ်းခြေတွင် မတ်တတ်ရပ်လျက် ကျွန်းထိပ်ဆီသို့ မော့ကြည့်နေခဲ့ပြီး ထိုနေရာ၌ လူပုံရိပ်တစ်ခုက လေထဲတွင် တင်ပျဉ်ခွေ ထိုင်နေသည်။

​အစိမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးမှာ လှပသော မျက်နှာသွင်ပြင် ရှိပြီး ခြေဗလာ ဖြစ်သည်။ သူမ၏ ခြေသလုံးများက နေရောင်ခြည်အောက်တွင် ဝင်းပနေသည်။ သူမ လက်မြှောက်၍ ဆံပင်အချို့ကို နားနောက်သို့ သပ်လိုက်ရင်း တောက်ပစွာ ပြုံးလိုက်သည်။

​"နောက်ဆုံးတော့ ငါလည်း ဒဏ္ဍာရီလာ ယင်ကိုးပါးမီးလျှံခန္ဓာကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပြီပဲ..."

​ကျန်းချောင်က မိမိကိုယ်ကိုယ် တိုးတိုးလေး ရေရွတ်လိုက်ပြီး သူမ၏ စကားလုံးများတွင် ဝမ်းမြောက်မှုများ ပြည့်နှက်နေသည်။

​သူမ ဆက်လက်၍ စောင့်ဆိုင်းနေခဲ့ပြီး

​အချိန်များက လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီးနောက် ကောင်းကင်ယံရှိ မိုးကြိုးတိမ်တိုက်များ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ တောင်ထိပ်ရှိ လူပုံရိပ်က လေထဲသို့ ပျံတက်သွားခဲ့ပြီး တောအုပ်ကို ကျော်ဖြတ်လျက် ကျန်းချောင်၏ ရှေ့မှောက်သို့ ကြိုးကြာဖြူတစ်ကောင်ကဲ့သို့ ညင်သာစွာ ဆင်းသက်လိုက်၏။

​ထိုသူမှာ စုတ်ပြဲနေသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေကာ ခန္ဓာကိုယ်၏ နေရာအတော်များများတွင် အနက်ရောင် မီးလျှံများ.လောင်ကျွမ်းနေဆဲ ဖြစ်သည်။

​ထိုသူမှာ အခြားသူ မဟုတ်ဘဲ ချင်ယဲ့ပင် ဖြစ်၏။

​ယင်ကိုးပါးမီးလျှံခန္ဓာကို ကျွမ်းကျင်စွာ ကျင့်ကြံနိုင်ခဲ့ပြီးနောက် ချင်ယဲ့သည် ပိုမို ချောမောလာခဲ့သော်လည်း ကိုယ်အလေးချိန် အနည်းငယ် ကျဆင်းသွားပုံ ရသည်။

​"မဆိုးဘူး... မဆိုးဘူး... ရှေးဟောင်း နည်းလမ်းအတိုင်း ဒီလောက် ရှားပါးတဲ့ ခန္ဓာကိုယ်မျိုးကို တကယ် ကျင့်ကြံနိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... နင် ဒီနေ့ကစပြီး လုံးဝ အသွင်ပြောင်းလဲသွားပြီပဲ..." ဟု ကျန်းချောင်က သူ့ကို စေ့စေ့စပ်စပ် ကြည့်ရှုရင်း ချီးကျူးလိုက်သည်။

​ချင်ယဲ့က မိုးကုတ်စက်ဝိုင်းဆီသို့ မော့ကြည့်လိုက်ပြီး….

"ငါ အစောပိုင်းက ကျရှုံးတော့မလို ဖြစ်ခဲ့တာ... ယင်ကိုးပါးရဲ့ စွမ်းအားက ငါ့ရဲ့ ဝိညာဉ်ကို ဝါးမျိုဖို့ ကြိုးစားနေခဲ့တာလေ... ဒါပေမဲ့ ရုတ်တရက် အဝေးကနေ ပြင်းထန်တဲ့ အပူရှိန်တစ်ခု ရောက်လာခဲ့တယ်... ဒီအပူရှိန်က ငါ့ခန္ဓာကိုယ်ထဲက ယင်ကိုးပါးရဲ့ စွမ်းအားတွေကို ပျယ်ဖျက်ပေးလိုက်လို့ ငါ့အတွက် အခြေအနေကို ပြောင်းလဲပစ်ဖို့ အခွင့်အရေး ရရှိခဲ့တာပဲ..." ဟု ဆိုသည်။

​ဤအကြောင်းကို ပြောမိချိန်တွင် မနေနိုင်ဘဲ မျက်မှောင် ကြုတ်မိလိုက်သည်။

​ကျန်းချောင်က အံ့ဩတကြီးဖြင့်….

"ဒါဆိုရင်... နင့် ကူညီပေးခဲ့တဲ့ စွမ်းအားတစ်ခု ရှိနေတာပေါ့... ဒါက ဒဏ္ဍာရီလာ ကံကြမ္မာများလား..."

​ချင်ယဲ့ကိုယ်တိုင်လည်း ဤအချက်ကို နားမလည်နိုင်သဖြင့် ကျန်းချောင်၏ ခန့်မှန်းချက်ကိုသာ ယုံကြည်လိုက်ရသည်၊ အကြောင်းမှာ ထိုထူးဆန်းလှသော အပူရှိန်က သူ့ကို အမှန်တကယ် ကူညီပေးခဲ့ခြင်းကြောင့်ပင်။

​သူသည် ရှေးဟောင်း အစီအရင်တစ်ခုမှတစ်ဆင့် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး သေခြင်းတရားမှ လွတ်မြောက်ကာ ရှေးဟောင်း အမွေအနှစ်တစ်ခုကို ရရှိခဲ့ခြင်း ဖြစ်သည်။ အတိတ်ကို ပြန်ကြည့်လိုက်လျှင် အိပ်မက်တစ်ခုမှ နိုးထလာခဲ့သလို ခံစားနေရသည်။ အကယ်၍ သူသာ နောင်တွင် မွေးရပ်ဌာနေသို့ ပြန်လည် ရောက်ရှိသွားနိုင်ပါက ဆရာသခင်နှင့် ဂိုဏ်းသားများကို သေချာပေါက် အံ့အားသင့်သွားစေမည် ဖြစ်သည်။

​ချင်ယဲ့ လက်နှစ်ဖက်ကို မြှောက်လိုက်တော့ လက်ချောင်းဆယ်ချောင်းပေါ်တွင် အနက်ရောင် မီးလျှံများ တောက်လောင်လာခဲ့သည်။ သူသည် ဤစွမ်းအားကို ခံစားရင်း မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာသည်။

​"ငါ နောက်ဆုံးတော့ အသွင်ပြောင်းလဲနိုင်ခဲ့ပြီ... ဆရာ... ကျွန်တော် ပြန်လာတာကို စောင့်နေပါ... ကျွန်တော် ဆရာ့ကို သေချာပေါက် ဂုဏ်ယူစေရပါ့မယ်..."

​ချင်ယဲ့က တိုးတိုးလေး ရေရွတ်လိုက်ပြီး သူ့လေသံတွင် ပြတ်သားမှုများ ပြည့်နှက်နေ၏။

​ဤစကားကို ကြားသောအခါ ကျန်းချောင်က မျက်စောင်းထိုး၍…

"ဘာလို့ ပြန်သွားမှာလဲ... လောကကြီးက ကျယ်ပြောတာကို ငါတို့အတွက် နေစရာ နေရာ မရှိဘဲ နေပါ့မလား... ဘာပဲဖြစ်ဖြစ် ငါကတော့ ပြန်မသွားချင်ဘူး..." ဟု ဆိုသည်။

ချင်ယဲ့က သူမကို ပြုံး၍ ကြည့်ကာ ….

"ငါ့ရဲ့ ဂိုဏ်းက ထျန်းမင်ပင်လယ်မှာ ရှိတာ မဟုတ်ဘူး... ကိုးပြည်ထောင်နယ်မြေမှာ ရှိတာ... မင်း ငါနဲ့အတူ ပြန်လိုက်ခဲ့လို့ ရပါတယ်..."

"ကိုးပြည်ထောင်နယ်မြေ ဟုတ်လား... အဲဒီနေရာက ဘယ်လောက်တောင် မြေရိုင်းဆန်လဲ... နင့်ရဲ့ လက်ရှိ ပါရမီအရ ဆိုရင် နင့်ရဲ့ ဂိုဏ်းက နင့်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုပဲ ဖြစ်လာလိမ့်မယ်..." ဟု ကျန်းချောင်က အလေးအနက် ပြောလိုက်လေသည်။

​

All Chapters