အခန်း ၃၇၂
Vol. 38 Ch. 372
အခန်း ၃၇၂ - လူ့လောက၏ ဒဏ္ဍာရီ
"ကိုးပြည်ထောင်နယ်မြေက မြေရိုင်းဖြစ်နေရင်တောင် ဆရာသခင် ရှိနေသရွေ့ ချင်းရှောင်ဂိုဏ်းက ကိုးပြည်ထောင်နယ်မြေမှာပဲ ရပ်တန့်နေမှာ မဟုတ်ဘူး..."
ချင်ယဲ့ကလည်း လေးနက်စွာ ပြန်ဖြေလိုက်သည်။နှစ်ပေါင်းများစွာ လှည့်လည်သွားလာခဲ့ပြီးနောက် ကိုးပြည်ထောင်နယ်မြေကို အဘယ်ကြောင့် ကျင့်ကြံသူများက မြေရိုင်းဟု သတ်မှတ်ကြသည်ကို သူ နားလည်လာခဲ့သည်။ အခြားနေရာများနှင့် နှိုင်းယှဉ်လျှင် ကိုးပြည်ထောင်နယ်မြေမှာ ကောင်းကင်နှင့် မြေကမ္ဘာ၏ ရတနာများ အမှန်တကယ် နည်းပါးလှပြီး ကျင့်ကြံရန် ကောင်းမွန်သော နယ်မြေများလည်း မရှိသလောက် ရှားပါးလှသည်။
သို့သော်လည်း သူ တောင်ဘက်သို့ မထွက်ခွာမီကတည်းက ချင်းရှောင်ဂိုဏ်းကလည်း အပြင်ဘက်သို့ ချဲ့ထွင်ရန် အစီအစဉ်များ ရှိနှင့်ပြီးသား ဖြစ်သည်။
မရေမတွက်နိုင်သော အစွမ်းထက် ကျင့်ကြံသူများနှင့် တွေ့ဆုံခဲ့ရသော်လည်း ဆရာသခင်က ချင်းရှောင်ဂိုဏ်းကို အောင်မြင်မှုဆီသို့ ဦးဆောင်သွားနိုင်မည်ဟု ချင်ယဲ့ အမြဲ ယုံကြည်ထားခဲ့သည်။ အထူးသဖြင့် ဂိုဏ်းအတွင်းရှိ သူ့ကို လွှမ်းမိုးထားနိုင်သော ပါရမီရှင်များကို တွေးမိသောအခါ ရင်ထဲတွင် ပိုမို လှုံ့ဆော်မှုများ ဖြစ်ပေါ်လာတော့သည်။
ထိုပါရမီရှင်များအကြောင်း တွေးမိခြင်းက ချင်ယဲ့၏ စိတ်အားထက်သန်မှုကို မီးထိုးပေးလိုက်သလို ဖြစ်စေသည်။
ယင်ကိုးပါးမီးလျှံခန္ဓာကို ကျွမ်းကျင်စွာ ကျင့်ကြံနိုင်ခဲ့ပြီးနောက် သူသည်လည်း ပါရမီရှင်များနှင့် ယှဉ်ပြိုင်နိုင်မည့် အရည်အချင်းကို နောက်ဆုံးတွင် ရရှိလာခဲ့ပြီ ဖြစ်သည်။
သူ့ရဲ့တစ်ခုတည်းသော နောင်တမှာ ကိုးပြည်ထောင်နယ်မြေသို့ ပြန်ရောက်နိုင်မည်လား မသေချာခြင်းပင် ဖြစ်၏။
ချင်ယဲ့၏ လေးနက်သော အမူအရာကို မြင်သောအခါ ကျန်းချောင်လည်း စကားများများစားစား မပြောတော့ချေ။ သူမက စကားလမ်းကြောင်းလွှဲ၍..
"ငါတို့ ဒီကျွန်းကနေ ဘယ်တော့ ထွက်သွားကြမလဲ..." ဟု မေးလိုက်သည်။
ချင်ယဲ့က မိုးကုတ်စက်ဝိုင်းဆီသို့ မော့ကြည့်လိုက်ပြီး….
"နည်းနည်းလောက် ထပ်စောင့်ရအောင်... ဒီပင်လယ်ပြင်က ငါတို့ မျှော်လင့်ထားတာထက် ပိုပြီး ကျယ်ပြောတယ်... ယင်ကိုးပါးမီးလျှံခန္ဓာကို အရင်ဆုံး ကျွမ်းကျင်အောင် လုပ်ချင်သေးတယ်..."
ကျန်းချောင် ပြုံးလိုက်မိသည်။ ချင်ယဲ့ အရင်ကထက် ပိုမို တည်ငြိမ်လာပြီး စိတ်လိုက်မာန်ပါ မလုပ်တော့ကြောင်း သူမ ခံစားမိသဖြင့် ဤသည်မှာ ကောင်းသော လက္ခဏာပင် ဖြစ်၏။
တလိမ့်လိမ့် တက်လာသော မိုးကြိုးတိမ်တိုက်များက ထိုက်ခွန်းတောင်တန်းကို ဖုံးလွှမ်းသွားခဲ့သည်။ နှစ်နာရီကြာမြင့်ခဲ့သော ကောင်းကင်အတိဒုက္ခလည်း နောက်ဆုံးတွင် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။ ထိုက်ခွန်းတောင်တန်းရှိ တောင်ထွတ်များအားလုံး အစီအရင်များဖြင့် ဖုံးလွှမ်းခံထားရသော်လည်း အစီအရင်များ၏ ကာကွယ်မှု မရှိသော တောင်များမှာ ရစရာမရှိအောင် ပျက်စီးနေပြီး ကြမ်းတမ်းလှသော လေပြင်းများကြောင့် ဖျက်ဆီးခံထားရသည့် မြင်ကွင်းများကို တွေ့မြင်နေရသည်။
အခြား တောင်ထွတ်များရှိ ဂိုဏ်းသားများက ကောင်းကင်အတိဒုက္ခအကြောင်း ဆွေးနွေးနေကြဆဲ ဖြစ်သော်လည်း ချင်းရှောင်တောင်ကတော့ တိတ်ဆိတ်ငြိမ်သက်နေသည်။
ဂိုဏ်းသားအားလုံး တောင်ထိပ်ဆီသို့ မော့ကြည့်သည့်အခါ ထိုနေရာတွင် မီးလုံးကြီးတစ်လုံး တဟုန်းဟုန်း တောက်လောင်နေကိုမြင်နေရသည်။ ဖိနှိပ်မှုများ ပြည့်နှက်နေသော မိုးကြိုးတိမ်တိုက်များအောက်တွင် ၎င်းမှာ နေမင်းငယ်လေး တစ်စင်းနှင့် ဆင်တူနေပြီး မီးလျှံများကြားတွင် လူပုံရိပ်တစ်ခု တရားမှတ်နေသည်ကို တွေ့မြင်နေရသည်။
ထိုသူမှာ ယင်ကျင်းရှင်းပင် ဖြစ်သည်။
တုနှိုင်းမဲ့ယန်ဓာတ်ခန္ဓာကိုယ်ကို အောင်မြင်စွာ နိုးထလာစေခဲ့သော ယင်ကျင်းရှင်းသည် ဟွမ်ယွမ်ကျမ်းစာကို လည်ပတ်၍ ချင်းရှောင်တောင်အတွင်းရှိ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ချီများကို အလုအယက် စုပ်ယူနေခဲ့ရာ တောင်အောက်ခြေမှ လေပြင်းများ တိုက်ခတ်လာပြီး သစ်တောများမှာ အစိမ်းရောင် လှိုင်းလုံးများသဖွယ် ယိမ်းနွဲ့နေကြသည်။
ဂိုဏ်းသားအားလုံး၏ မျက်လုံးထဲတွင် ယင်ကျင်းရှင်းမှာ လောကီသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေသည်။ သူတို့သည် ယင်ကျင်းရှင်း၏ ကောင်းကင်အတိဒုက္ခ ဖြတ်ကျော်နေမှုကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး ဤသည်မှာ တစ်ခါမျှ မမြင်ဖူးသော မြင်ကွင်းမျိုး ဖြစ်၏။ အခြားသော ဂိုဏ်းသားများမှာ ကောင်းကင်အတိဒုက္ခ ဖြတ်ကျော်ရာတွင် ကောင်းကင်မိုးကြိုးများကိုသာ သည်းခံနိုင်ကြသော်လည်း ယင်ကျင်းရှင်းမှာမူ ပြင်းထန်လှသော မီးလျှံများဖြင့် မိုးကြိုးများကိုပါ ဝါးမျိုပစ်လိုက်ခြင်း ဖြစ်သည်။
ယင်ကျင်းရှင်း၏ ကောင်းကင်အတိဒုက္ခက ယွမ်လီ နိုးထစဉ်ကထက်ပင် ပိုမို ခမ်းနားကြီးကျယ်လှပေသည်။
ဤကောင်းကင်အတိဒုက္ခကို မြင်တွေ့လိုက်ရသူတိုင်းက ဂိုဏ်းအတွင်း၌ အစွမ်းထက်ဆုံးသော ပါရမီရှင်သစ်တစ်ဦး မွေးဖွားလာခဲ့ပြီဟု ခံစားလိုက်ကြရသည်။
ဂိုဏ်း၏ အဆင့်မြင့် ပုဂ္ဂိုလ်များ လင်းရှောင်ဝင်းရှေ့တွင် စုရုံးနေကြပြီး ယင်ကျင်းရှင်းကို မော့ကြည့်ရင်း စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးနေကြသည်။
"ယင်ကျင်းရှင်းက တကယ်ကို ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်ပဲ... ဒီလောက် ပြင်းထန်တဲ့ မီးလျှံတွေနဲ့ဆိုရင် ဝိညာဉ်အသိအာရုံအဆင့်မှာ ဘယ်သူကမှ သူ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး..."
"ဒါက ဂိုဏ်းချုပ်ရဲ့ အိပ်မက်ထဲက တပည့်ပဲလေ... အကြီးအကဲရှန်က သူ့ကို ရှာဖို့ လေးနှစ်တောင် အချိန်ယူခဲ့ရတာ..."
"ငါ သိသားပဲ... သူ့ရဲ့ ပါရမီက ဘယ်လိုလုပ် ညံ့ဖျင်းနေနိုင်မှာလဲ..."
"ဂိုဏ်းချုပ်က တကယ်ကို အံ့ဩစရာ ကောင်းတာပဲ... နောက်ထပ် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ကို ထပ်ရှာတွေ့ခဲ့ပြန်ပြီ... အနာဂတ်မှာ သူနဲ့ ယွမ်လီက ချင်းရှောင်ဂိုဏ်းကို ပံ့ပိုးပေးနိုင်လိမ့်မယ်..."
"နောက်တစ်ကြိမ် ဓမ္မညီလာခံရဲ့ အောင်နိုင်သူက သေချာသွားပြီ... သူက သမိုင်းမှာ အငယ်ဆုံး အောင်နိုင်သူ ဖြစ်လာလိမ့်မယ်..."
ကျူးယန်၊ ယန်ကျွယ်တိန်၊ ချင်းရှောင်ဘိုးဘေး၊ ချန်ချန်းဟိုင်၊ ကျန်းယွီချွန်း၊ လီတုန်းယွဲ့နှင့် အခြားသူများက အပြန်အလှန် ဆွေးနွေးနေကြသည်။
ဝေထျန်းရှုံး၏ ယင်ကျင်းရှင်းအပေါ် ကြည့်ရှုနေသော အကြည့်များတွင် ရှုပ်ထွေးလှသော ခံစားချက်များ ပြည့်နှက်နေပြီး အင်္ကျီလက်ထဲတွင် ဖုံးကွယ်ထားသော လက်များပင် တုန်ယင်နေတော့သည်။
ယွမ်လီ နိုးထလာခြင်းက သူ့ကို အံ့အားသင့်စေခဲ့ပြီး မယုံနိုင်စရာပင် ဖြစ်ခဲ့ရသည်။ ယခုအခါတွင် ချင်းရှောင်ဂိုဏ်းက ယွမ်လီထက်ပင် ပိုမို အစွမ်းထက်သော ပါရမီရှင်တစ်ဦးကို မွေးထုတ်ပေးနိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
မှန်ပေသည်၊ ယင်ကျင်းရှင်း၏ ပါရမီက ယွမ်လီထက် ပိုမို ကြီးမားသည်ဟု သူ ယုံကြည်ထားသည်။
ယွမ်လီ၏ ခန္ဓာကိုယ်မှာ ခွန်အားကို အဓိက အခြေခံထားခြင်း ဖြစ်ပြီး ယင်ကျင်းရှင်း၏ ခန္ဓာကိုယ်ကတော့ တောက်ပသော နေမင်းကြီးနှင့် နှိုင်းယှဉ်နိုင်လောက်သည့် မီးလျှံများကို အဆက်မပြတ် ထုတ်လွှတ်ပေးနိုင်သဖြင့် ဤသည်ကပင် ကြီးမားလှသော ကွာဟချက်ဖြစ်နေသည်။
အနည်းဆုံးတော့ ဝေထျန်းရှုံး၏ အမြင်တွင် မီးစွမ်းအင်ကို လေ့လာခြင်းက ခန္ဓာကိုယ်ကျင့်ကြံခြင်းကို လေ့လာခြင်းထက် ပိုမို မျှော်လင့်ချက် ရှိပေသည်။
ယင်ကျင်းရှင်း၏ ပါရမီက ယွမ်လီထက် မညံ့ဖျင်းကြောင်း လူအများက သူ့ကို ပြောခဲ့ဖူးသည်ကို သူ ပြန်တွေးမိတော့ ထိုအချိန်က နှာမှုတ်၍ အထင်သေးခဲ့မိသည်။ သို့သော်လည်း ယခုအခါတွင် လူတိုင်းက ယင်ကျင်းရှင်းကို လျှော့တွက်ထားမိကြောင်း သူ ဝန်ခံရတော့မည် ဖြစ်သည်။
မဟုတ်သေးဘူး၊ ဤအရာအားလုံးကို ကြိုတင် သိမြင်ခဲ့သူ တစ်ယောက် သေချာပေါက် ရှိနေရမည်။
ထိုသူမှာ ဂိုဏ်းချုပ်ပင် ဖြစ်သည်။
ဝေထျန်းရှုံး၏စိတ်ထဲတွင် လီချင်းချိုးအပေါ် လေးစားအားကျမှုများ ပြင်းထန်စွာ ဖြစ်ပေါ်လာခဲ့ပြီး ရှန်းယွမ်ဂိုဏ်း၏ ယခင် ဂိုဏ်းခေါင်းဆောင်ပင်လျှင် သူ့ကို ဤမျှအထိ လေးစားမှု မဖြစ်စေခဲ့ချေ။ယခုအခါ လက်စားချေဖို့ ပိုမို မျှော်လင့်ချက် ရှိလာပြီဖြစ်ကြောင်း သူ အမှန်တကယ် ခံစားလိုက်ရပြီး သူ တစ်ခါမျှ အိပ်မက်မမက်ရဲခဲ့သော ဘဝမျိုးဖြင့် ရှင်သန်နိုင်ကာ တစ်ခါမျှ မရောက်ဖူးသော နယ်ပယ်များအထိ ရောက်ရှိသွားနိုင်ပေလိမ့်မည်။
ဝေထျန်းရှုံး၏ ခံစားချက်များက အခြားသူများ၏ ခံစားချက်များကိုပါ ထင်ဟပ်နေပြီး ယင်ကျင်းရှင်း နိုးထလာခြင်းက လီချင်းချိုး၏ အနာဂတ်ကို ကြိုတင်မြင်နိုင်စွမ်းအား နောက်တစ်ဖန် သက်သေပြလိုက်ပြန်သည်။
ယွမ်လီ၏ ပုံပြင်က စိတ်အားထက်သန်ဖွယ် ကောင်းသည်ဆိုပါက ယင်ကျင်းရှင်း၏ ပုံပြင်မှာ ပို၍ပင် ဒဏ္ဍာရီဆန်လှပေသည်။
ဂိုဏ်းချုပ်က လူများကို လေးနှစ်တိုင်တိုင် စေလွှတ်ရှာဖွေခဲ့ပြီးမှ သူ့ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ တွက်ချက်မှုများအရ ဆိုလျှင် ဂိုဏ်းချုပ်သည် ယင်ကျင်းရှင်း မွေးဖွားလာသည်နှင့်တစ်ပြိုင်နက် မွေးဖွားမှုနှင့် ပါရမီကို ကြိုတင် သိမြင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိနိုင်သည်။ ဤသည်က နတ်ဘုရားတို့၏ ကြားဝင်စွက်ဖက်မှုမှလွဲ၍ အခြား ဘာများဖြစ်နိုင်ဉီးမည်နည်း။
အကယ်၍ လီချင်းချိုးသာ ဤအချိန်တွင် ဂိုဏ်းသားများ၏ သစ္စာစောင့်သိမှုကို စစ်ဆေးကြည့်မည်ဆိုပါက သူ့အပေါ် သစ္စာစောင့်သိမှု မြင့်တက်လာသော ဂိုဏ်းသားများစွာကို တွေ့ရမည် ဖြစ်သည်။
ဤအခိုက်တွင် လီချင်းချိုးက မသေမျိုးဂူအတွင်း၌ တုနှိုင်းမဲ့ယန်ဓာတ်ခန္ဓာကိုယ်၏ အမွေအနှစ်ကို လက်ခံရယူနေခဲ့သည်။
မှန်ပေသည်၊ သူသည် ယင်ကျင်းရှင်း၏ တုနှိုင်းမဲ့ယန်ဓာတ်ခန္ဓာကိုယ် ကံကြမ္မာကို ကူးယူ၍ အသွင်ပြောင်းလဲနေခြင်း ဖြစ်သည်။
လီချင်းချိုး၏ အသိစိတ်က ပုံရိပ်ယောင် လောကတစ်ခုအတွင်းသို့ ကျရောက်သွားခဲ့ပြီး မီးလျှံများထဲတွင် မွေးဖွား၍ မီးပင်လယ်ထဲတွင် ကြီးပြင်းလာရသကဲ့သို့ ခံစားနေရကာ ထိုလောကရှိ သူ့ရဲ့ ဘဝမှာ မီးလျှံများနှင့်သာ သက်ဆိုင်နေတော့သည်။ ယင်ကျင်းရှင်း ကောင်းကင်အတိဒုက္ခကို အောင်မြင်စွာ ဖြတ်ကျော်ပြီးနောက် လီချင်းချိုး ထိုကံကြမ္မာကို ချက်ချင်းပင် ကူးယူလိုက်ခြင်း ဖြစ်သော်လည်း ယင်ကျင်းရှင်းအနေနှင့် ကျင့်ကြံခြင်းကို တည်ငြိမ်အောင် ပြုလုပ်ရန် အချိန်လိုအပ်သေးသည်။ ထိုက်ခွန်းတောင်တန်း တစ်ခုလုံးရှိ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ချီများ သူ့ထံသို့ လှိမ့်ဝင်လာနေပြီး လူတိုင်း၏ အာရုံစိုက်မှုမှာလည်း သူ့အပေါ်တွင်သာ ရှိနေသဖြင့် လီချင်းချိုး၏ လှိုဏ်ဂူအတွင်းရှိ ပုံမှန်မဟုတ်သော အခြေအနေကို မည်သူမျှ သတိမပြုမိကြချေ။
ကံကြမ္မာ ရွေးချယ်မှု ချက်ချင်း ပြီးမြောက်သွားသော်လည်း လီချင်းချိုးအနေဖြင့် ကူးယူပြီးနောက် ကံကြမ္မာ၏ စွမ်းအားများကို အပြည့်အဝ ရရှိရန် အချိန်အနည်းငယ် ယူရဦးမည် ဖြစ်သည်။
တစ်နာရီခန့် ကုန်လွန်သွားခဲ့ပြီးနောက်….
လီချင်းချိုး မျက်လုံးများကို ဖွင့်လိုက်ရာ သူ့မျက်ဝန်းများမှ အစွမ်းထက်သော ယန်စွမ်းအား မီးလျှံတန်းများ ဖြာထွက်လာသည်။ သူ့နဖူးပေါ်တွင် မီးလျှံပုံစံ အမှတ်အသားတစ်ခု မှိန်ဖျော့စွာ ပေါ်ထွက်လာပြီး သူ့ကို နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရစေသည်။
သူ့ခန္ဓာကိုယ်က အစွမ်းထက်သော ယန်စွမ်းအား မီးလျှံများကို ထုတ်လုပ်ပေးနိုင်ကြောင်း တွေ့ရှိလိုက်ရပြီး အရပ်မျက်နှာ အနှံ့အပြားရှိ မီးစွမ်းအင် မြစ်ဖျားခံရာအရင်းမြစ် အားလုံးကိုပါ အာရုံခံနိုင်ကာ ၎င်းတို့ထံမှ စွမ်းအားများကို စုပ်ယူ၍ အစွမ်းထက်သော ယန်စွမ်းအား မီးလျှံများအဖြစ် ပြောင်းလဲနိုင်ကြောင်းကိုလည်း သိရှိလိုက်ရသည်။ သူသည် ကောင်းကင်ယံရှိ နေမင်းကြီးထံမှပင် စွမ်းအားများကို စုပ်ယူနိုင်စွမ်း ရှိသည်။
ဤသည်မှာ တုနှိုင်းမဲ့ယန်ဓာတ်ခန္ဓာကိုယ်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားပင် ဖြစ်သည်။ ၎င်းက အစွမ်းထက်သော ယန်စွမ်းအား မီးလျှံများကို ထုတ်လုပ်ပေးနိုင်ရုံသာမက လောကရှိ မီးလျှံအားလုံးကို မိမိ၏ ကိုယ်ပိုင် စွမ်းအားအဖြစ် ပြောင်းလဲပေးနိုင်စွမ်း ရှိပေသည်။
မီးလျှံတစ်သောင်း၏ အရှင်သခင်…
ဤသည်က အတုအယောင် မဟုတ်ချေ။
လီချင်းချိုး မနေနိုင်ဘဲ တာအိုစနစ်ကို ဆင့်ခေါ်၍ ယင်ကျင်းရှင်း၏ ပုံရိပ်ကို ရှာဖွေကာ တစ်ဖန် ပြန်လည် စစ်ဆေးကြည့်လိုက်သည်။
【နာမည် - ယင်ကျင်းရှင်း】
【ကျား/မ - ကျား】
【အသက် - ၇ နှစ်】
【သစ္စာစောင့်သိမှု (ဂိုဏ်းချုပ်/ဂိုဏ်း) - ၉၁/၈၂ (အများဆုံး တန်ဖိုး ၁၀၀)】
【ကျင့်ကြံခြင်း ပါရမီ - လူ့လောက၏ ဒဏ္ဍာရီ】
【နားလည်နိုင်စွမ်း - ထူးခြားဆန်းပြား】
【ကံကြမ္မာ - အစွမ်းထက် ယန်ခန္ဓာကိုယ်၊ အသွင်ပြောင်းလဲခြင်း၊ ကောင်းကင်က စေလွှတ်လိုက်သူ】
【တုနှိုင်းမဲ့ယန်ဓာတ်ခန္ဓာကိုယ် - လောကီကမ္ဘာရှိ မြင့်မြတ်သော ခန္ဓာကိုယ်များထဲမှ တစ်ခု ဖြစ်ပြီး ကောင်းကင်နှင့် မြေကမ္ဘာ၏ ကြီးမားလှသော ဖန်တီးမှုများ ပါဝင်ကာ နေမင်းကြီးကဲ့သို့ တောက်ပသော ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားပြီး မီးလျှံအားလုံး၏ အရှင်သခင် ဖြစ်သည်... မီးစွမ်းအင် တာအိုပညာရပ်များနှင့် နတ်ဘုရားစွမ်းရည်များအပေါ် ထူးကဲသော နားလည်နိုင်စွမ်း ရှိသည်... ဒဏ္ဍာရီများအရ လောကီကမ္ဘာရှိ နေမင်းကြီးမှာ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိသွားသော တုနှိုင်းမဲ့ယန်ဓာတ်ခန္ဓာကိုယ်တစ်ခုမှ ပြောင်းလဲဖြစ်တည်လာခြင်း ဖြစ်သည်ဟု ဆိုကြသည်။】
【အသွင်ပြောင်းလဲခြင်း - မျှော်လင့်ချက်မဲ့သော အကျပ်အတည်းများ ကြုံတွေ့ရပြီး သေလုမျောပါး ဒဏ်ရာများ ရရှိတိုင်း သင်၏ စွမ်းအားနှင့် တိုက်ပွဲလမ်းစဉ်အပေါ် နားလည်နိုင်စွမ်းများ တိုးတက်လာမည် ဖြစ်သည်။】
【ကောင်းကင်က စေလွှတ်လိုက်သူ - အလွန် ကြီးမားသော တာဝန်ယူစိတ် ရှိပြီး တာဝန်များ ကြီးမားလေလေ၊ ဖိအားများ ပြင်းထန်လေလေ တိုက်ပွဲဝင်စိတ်ဓာတ်က ပိုမို အားကောင်းစွာ လှုံ့ဆော်ခံရလေလေ ဖြစ်သည်။】
လူ့လောက၏ ဒဏ္ဍာရီ….
လီချင်းချိုး ဤစကားလုံးများကို အခြား မည်သူ့ထံတွင်မျှ မမြင်ဖူးခဲ့ချေ။
အရင်က အမြင့်ဆုံး အဆင့်မှာ ထူးကဲ သော အဆင့် ဖြစ်သော်လည်း ယခုအခါတွင်မူ အဆင့်သစ်တစ်ခု ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
ယင်ကျင်းရှင်း၏ အချက်အလက်များက စုန့်ချန်ရှန်းထက်ပင် သာလွန်နေတော့သည်။
လီချင်းချိုးသည် တုနှိုင်းမဲ့ယန်ဓာတ်ခန္ဓာကိုယ် ၏ မိတ်ဆက်ချက် အသစ်ကို လေးစားအားကျစွာ ကြည့်ရှုနေခဲ့ပြီး အထူးသဖြင့် ဒုတိယပိုင်းရှိ စကားလုံးများကို သတိပြုမိသွားသည်။ ကောင်းကင်ယံရှိ နေမင်းကြီးမှာ တုနှိုင်းမဲ့ယန်ဓာတ်ခန္ဓာကိုယ်တစ်ခုမှ ပြောင်းလဲဖြစ်တည်လာသည် ဟူသော ကောလာဟလမှာ အမှန်ပင် ဖြစ်နိုင်ကြောင်း ခံစားလိုက်ရသည်။
သူသည်လည်း ယခုအခါ တုနှိုင်းမဲ့ယန်ဓာတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီ ဖြစ်ရာ အနာဂတ်တွင် သူကိုယ်တိုင်လည်း နေမင်းကြီးအဖြစ် အသွင်ပြောင်းလဲသွားနိုင်ကြောင်း သက်သေပြနေသည် မဟုတ်ပါလော။
ဥပဒေသတစ်သောင်းဝိညာဉ်မျက်လုံးကို ရရှိစဉ်ကကဲ့သို့ပင် အရာအားလုံး ပြောင်းလဲသွားပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။
အစွမ်းထက်သော ယန်စွမ်းအား မီးလျှံများက သူ့ခန္ဓာကိုယ်အတွင်း၌ အဆက်မပြတ် ကြီးထွားလာနေပြီး အသားစများနှင့် ကလီစာများ နေရာအနှံ့အပြားသို့ ပြည့်နှက်သွားသည်။ အစွမ်းထက်သော ယန်စွမ်းအား မီးလျှံများနှင့် သူ့ရဲ့ကိုယ်ပိုင် မူလချီစွမ်းအင်များက တစ်ခုနှင့်တစ်ခု တွန်းကန်ခြင်း မရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် အသွေးအသား ဆက်ဆံရေးကဲ့သို့ သဟဇာတဖြစ်ကာ ပြီးပြည့်စုံသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။
သူ အလိုရှိပါက ခန္ဓာကိုယ်အတွင်းရှိ အစွမ်းထက်သော ယန်စွမ်းအား မီးလျှံများကို ပိုမို မြန်ဆန်စွာ မြှင့်တင်နိုင်သော်လည်း ယင်ကျင်းရှင်းကို တွေးမိသောအခါ လှိုဏ်ဂူထဲတွင် အမြဲတမ်း ပုန်းအောင်းနေ၍ မဖြစ်ကြောင်း ခံစားလိုက်ရသည်။တုနှိုင်းမဲ့ယန်ဓာတ်ခန္ဓာကိုယ်က သူ့ရဲ့ လျှို့ဝှက်လက်နက် ဖြစ်လာမည် ဖြစ်ပြီး အလွယ်တကူ ထုတ်ဖော်ပြသမည် မဟုတ်ချေ။
ယခုအချိန်သည် ယင်ကျင်းရှင်း၏ ဂုဏ်ကျက်သရေ အတောက်ပဆုံး အချိန် ဖြစ်ပြီး ဆရာသခင်အနေဖြင့် ဤနေရာတွင် ရှိနေပေးရမည် ဖြစ်၏။
သူ မတ်တတ်ထရပ်၍ ဂလှိုဏ်ဂူ၏ ကျောက်တံခါးဆီသို့ လျှောက်သွားလိုက်သည်။
နန်ကုန်းအာက နံရံထဲမှ ထွက်လာပြီး ဝိညာဉ်ရေကန်ဘေးတွင် တင်ပျဉ်ခွေ ထိုင်နေသော လင်းချွမ်ကို ကြည့်ကာ….
"လင်းချွမ်... စောစောက ဆရာသခင် အရမ်း ပူနေတယ်လို့ မခံစားရဘူးလား..." ဟု မေးလိုက်သည်။
လင်းချွမ်က မျက်လုံးပိတ်ထားရင်း …"အပြင်မှာလည်း အရမ်း ပူနေတာပဲလေ..." ဟု ဆိုသည်။
နန်ကုန်းအာက သူ့ကို ကြည့်ရင်း သူ အရာအားလုံးကို သိနေသည်ဟု ခံစားရသော်လည်း မေးခွန်းများ မေးမြန်းရန် ပို၍ ပို၍ ဝန်လေးလာကြောင်း သတိပြုမိလိုက်သည်။
အခြား တစ်ဖက်တွင်…..
လီချင်းချိုး လင်းရှောင်ဝင်းသို့ ရောက်ရှိလာခဲ့ရာ ဂိုဏ်း၏ အဆင့်မြင့် ပုဂ္ဂိုလ်များ ထိုနေရာတွင် စုရုံးနေကြပြီ ဖြစ်သည်။ ယင်ကျင်းရှင်းမှာ ကောင်းကင်မြင့်တွင် တင်ပျဉ်ခွေ ထိုင်နေဆဲ ဖြစ်ပြီး သူ့ရဲ့ တုနှိုင်းမဲ့ယန်ဓာတ်ခန္ဓာကိုယ်ကလည်း သိသိသာသာ သေးငယ်သွားခဲ့ပြီ ဖြစ်ရာ ဤသည်က ဂိုဏ်းအပေါ် သက်ရောက်မည့် ပျက်စီးဆုံးရှုံးမှုများကို သူ သတိထား၍ လျှော့ချနေခြင်း ဖြစ်ကြောင်း ပြသနေသည်။
လီချင်းချိုး ရောက်လာသည်ကို မြင်သောအခါ လူအုပ်ကြီးက ချက်ချင်းပင် သူ့ကို ဝန်းရံသွားကြသည်။
"စီနီယာအစ်ကို... တကယ်ပဲ ဂူထဲမှာ ကျင့်ကြံနေခဲ့တာလား... ဒါက နည်းနည်းတော့ လွန်လွန်းနေတာ မဟုတ်ဘူးလား..."
လီစစ်ကျင်က မနေနိုင်ဘဲ ညည်းညူလိုက်၏။ ချန်ဟွေ့လန်၏ ဆေးပေါင်းဖိုထဲသို့ ယင်ကျင်းရှင်း ပြုတ်ကျသွားကြောင်း သူမ ကြားသိခဲ့ရသည့်အချိန်က သူမသည်လည်း ချန်ဟွေ့လန်ကဲ့သို့ပင် ကောင်းကင်ကြီး ပြိုကျလာသလို ခံစားခဲ့ရသည်။ ယခုအချိန်ထိ ပြန်တွေးကြည့်တိုင်း ရင်တုန်နေရဆဲပင်။
ကျန်းယွီချွန်းက ….
"စီနီယာအစ်ကို... ယင်ကျင်းရှင်းကို ထိန်းချုပ်ရေးခန်းမမှာ စာရင်းသွင်းလိုက်ကြရအောင်..." ဟု ဆို၏။
ဤစကားကို ကြားသောအခါ အခြား ခန်းမဆောင် အကြီးအကဲများ ထိတ်လန့်သွားကြပြီး လုယက်ရန် ပြင်ဆင်ကြတော့သည်။
"ကောင်းပြီ... ယင်ကျင်းရှင်းက ဘယ်ခန်းမဆောင်ကိုမှ မသွားဘူး... ငါက သူ့ကို ယွမ်လီနဲ့ တူညီတဲ့ နေရာမှာပဲ ထားမယ်... နောက်ပိုင်းမှာ သူက စစ်ရေးစစ်ရာတွေကို တာဝန်ယူရလိမ့်မယ်..." ဟု လီချင်းချိုးက ဆွေးနွေးမှုများကို ကြားဖြတ်၍ ပြောလိုက်သည်။
ဝေထျန်းရှုံး၏ လီချင်းချိုးကို ကြည့်နေသော အကြည့်များက အလွန် ပြင်းထန်လွန်းသဖြင့် လီချင်းချိုးကို အနည်းငယ် အနေရခက်သွားစေသည်။
"ကောင်းပြီ... မင်းတို့ အားလုံး ပြန်သွားပြီး ဂိုဏ်းကို တည်ငြိမ်အောင် လုပ်ကြပါ... အမှန်တရားကို ဖြန့်ဝေပေးလိုက်ပါ၊ ဒါမှ ဂိုဏ်းသားတွေ အများကြီး မတွေးမိကြမှာ..."ဟု လီချင်းချိုးက အမိန့်ပေးလိုက်တော့ အားလုံးက ချက်ချင်းပင် အမိန့်ကို နာခံ၍ ထွက်ခွာသွားကြသည်။
မကြာမီမှာပင် လင်းရှောင်ဝင်းအတွင်း၌ လီချင်းချိုး တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။
ထို့နောက် ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်ပြီး ယင်ကျင်းရှင်း၏ ပုံရိပ်ကို လေးစားအားကျစွာ ကြည့်ရှုနေလိုက်သည်။
ယင်ကျင်းရှင်း၏ ရုပ်ခန္ဓာ ပုံပန်းသဏ္ဌာန်မှာ နိုးထလာပြီးနောက် ပြောင်းလဲသွားခြင်း မရှိသော်လည်း ကျင့်ကြံခြင်းအဆင့်ကတော့ လျင်မြန်စွာ မြင့်တက်လာနေကြောင်း လီချင်းချိုး မြင်တွေ့နေရသည်။
ဤကလေးသည် ယခုအခါ မူလအားဖြည့်နယ်ပယ်၏ အဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အသက် ခုနစ်နှစ်အရွယ်နှင့် မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်….
လူ့လောက၏ ဒဏ္ဍာရီအဆင့်ရှိ ကျင့်ကြံခြင်း ပါရမီဆိုသည်မှာ ဘာကိုဆိုလိုကြောင်း လီချင်းချိုး နောက်ဆုံးတွင် နားလည်သွားတော့သည်။
ဤသည်မှာ ပါရမီရှင်ဆိုသည်ကို အသစ်တစ်ဖန် အဓိပ္ပာယ် ဖွင့်ဆိုလိုက်ခြင်းပင် ဖြစ်ပေသည်။
ယင်ကျင်းရှင်းတယောက် လာမည့် ဓမ္မညီလာခံတွင် ပါဝင်ယှဉ်ပြိုင်နိုင်မည် မဟုတ်ကြောင်း သိသာနေပြီ။
ဝိညာဉ်အသိအာရုံအဆင့်ရှိ ဂိုဏ်းသားများကိုလည်း သူတို့၏ စွမ်းဆောင်ရည်များ ပြသခွင့် ပေးသင့်ကြောင်း လီချင်းချိုး ခံစားမိသည်။ အကြောင်းမှာ ဂိုဏ်းသားများစွာက အသိပညာနှင့် စွမ်းရည်များကို စုဆောင်းထားပြီးမှ ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိချိန်တွင် သူတို့၏ အလားအလာများကို ရုတ်တရက် ပေါက်ကွဲထွက်လာစေတတ်သော အမျိုးအစားများ ဖြစ်သောကြောင့်တည်း။
ဝိညာဉ်အသိအာရုံအဆင့်ရှိ ဂိုဏ်းသားများ မိမိတို့၏ အရည်အချင်းများကို အပြည့်အဝ ပြသနိုင်စေရန် မည်သို့သော စည်းမျဉ်းများ ရေးဆွဲရမည်ကို သူ စတင် တွေးတောနေခဲ့သည်။
ကျင့်ကြံခြင်း အဆင့်များကို ကန့်သတ်ထားသည့် စည်းမျဉ်းများ ရေးဆွဲ၍ မရကြောင်းလည်း ရုတ်တရက် သဘောပေါက်သွားသည်။ အကြောင်းမှာ ထိုသို့ ပြုလုပ်ခြင်းက ဓမ္မညီလာခံနှင့် မည်သို့မျှ ကွာခြားမည် မဟုတ်သောကြောင့်ပင်။
ကျင့်ကြံခြင်း အဆင့် ကွာဟမှုမှာ ကျင့်ကြံသူများကြားက ကွာဟချက်များတွင် သဘာဝအတိုင်း ပါဝင်နေခြင်း ဖြစ်၏။ ကျင့်ကြံရေးလောကတွင် ရန်သူများက ကျင့်ကြံခြင်းအဆင့် နိမ့်ကျနေရုံနှင့် သင့်ကို အလွတ်ပေးလိုက်မည် မဟုတ်ချေ။