← Chapters

အခန်း ၃၇၃

Vol. 38 Ch. 373

အခန်း ၃၇၃

Vol. 38 Ch. 373

အခန်း (၃၇၃ ) တုနှိုင်းမဲ့ယန်ဓာတ်ခန္ဓာကိုယ်နှင့် အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာ

​နေဝင်ဆည်းဆာ ရောက်ရှိလာပြီး နေမင်းကြီး အနောက်ဘက်သို့ ဝင်ရောက်သွားလေပြီ။

​နောက်ဆုံးကျန်ရှိနေသော အစွမ်းထက် ယန်စွမ်းအားမီးလျှံ နှစ်ခု ယင်ကျင်းရှင်း၏ မျက်ဝန်းများအတွင်းသို့ ဝင်ရောက်သွားသည်နှင့် နဖူးပေါ်တွင် နီရဲသော မီးလျှံပုံစံ အမှတ်အသားတစ်ခု ပေါ်ထွက်လာပြီး အဝတ်အစားများ ပြာအဖြစ် ပြောင်းလဲသွားတော့သည်။

မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည့်အခါ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာသည်။

​သူသည် မိမိရရှိထားသော စွမ်းအားများကြောင့် အံ့အားသင့်ခြင်း မရှိဘဲ ဤသည်မှာ ဖြစ်သင့်ဖြစ်ထိုက်သော အရာများဟုသာ ခံစားနေရသည်၊ အကြောင်းမှာ သူသည် အိပ်မက်များထဲတွင် ဤကဲ့သို့သော စွမ်းအားမျိုးကို တွေ့ကြုံခံစားဖူးသောကြောင့်ပင်။ သူ့အတွက် တစ်ခုတည်းသော နောင်တမှာ ထိုဆေးပေါင်းဖိုထဲသို့ စောစီးစွာ မခုန်ဆင်းခဲ့မိခြင်းပင် ဖြစ်၏။

​အကယ်၍ မိခင် အသက်ရှင်နေစဉ်က ဝိညာဉ်သတ္တုတွင်းရှိ မီးကျင်းထဲသို့ ခုန်ဆင်းခဲ့လျှင် အရာအားလုံး ကွဲပြားသွားမလားဟုပင် သူ တွေးမိသေးသည်။

​သူသည် မိမိ၏ အာရုံလွင့်ပါးစေသော အတွေးများကို အလျင်အမြန် ဘေးဖယ်ထားလိုက်သည်။ မိခင်ဖြစ်သူ ထွက်ခွာသွားခြင်းက ဝမ်းနည်းစရာ ကောင်းသော်လည်း ပြောင်းလဲ၍ မရနိုင်သော အရာတစ်ခုသာ ဖြစ်သည်။ ငယ်စဉ်ကတည်းက ကြီးပြင်းလာသည်အထိ မိခင်ဖြစ်သူက သူ့ကို အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နေရန်နှင့် စိုးရိမ်ပူပန်မှုများ မထားရှိရန် သင်ကြားပေးခဲ့သည်။ ဤစကားလုံးများမှာ သူ အများဆုံး ကြားခဲ့ရသည့် စကားလုံးများ ဖြစ်ပြီး သူကလည်း အမြဲတမ်း မှတ်သားထားခဲ့သည်။

​"အမေ... သားရဲ့ ဘဝက စတင်နေပြီ... သား အမေ့ကို စိတ်ပျက်အောင် မလုပ်ပါဘူး..."

​ဤစကားများကို ရေရွတ်လိုက်ရင်း ယင်ကျင်းရှင်း ဖြည်းညင်းစွာ မတ်တတ်ထရပ်လိုက်သည်။ ထို့နောက် ခန္ဓာကိုယ်ကို ကိုင်းညွှတ်၍ အောက်သို့ ခုန်ဆင်းလိုက်ရာ လင်းရှောင်ဝင်းအတွင်းသို့ ရောက်ရှိသွားတော့သည်။

​"ဆရာ!"

​ယင်ကျင်းရှင်းက ဆရာဖြစ်သူကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်ရာ သူ့ မျက်ဝန်းများမှာ အနည်းငယ် နီရဲနေသည်။

​သူသည် ချင်းရှောင်ဂိုဏ်းသို့ ရောက်ရှိနေသည်မှာ နှစ်နှစ်ကျော်သာ ရှိသေးသော်လည်း လီချင်းချိုး သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံမှုများကို ခံစားသိရှိနိုင်ခဲ့သည်။ ဆရာဖြစ်သူကို ကျေးဇူးတင်ကြောင်း မဖော်ပြခဲ့ရသေးခြင်းသာ ဖြစ်၏။ အရင်က သူ့တွင် အရည်အချင်း မရှိခဲ့သော်လည်း ယခုအခါတွင်မူ အရည်အချင်း ပြည့်မီသွားပြီ ဖြစ်သည်။

​လီချင်းချိုးက သိုလှောင်အိတ်ထဲမှ ဝတ်ရုံတစ်ထည်ကို ထုတ်ယူ၍ ယင်ကျင်းရှင်းထံသို့ ပစ်ပေးလိုက်ပြီး…

"အရင်ဆုံး ဒါလေး ဝတ်ထားလိုက်ဦး... ပြီးမှ စကားပြောကြတာပေါ့..." ဟု ပြုံး၍ ဆိုလိုက်သည်။

​ယင်ကျင်းရှင်းက ဝတ်ရုံကို လှမ်းဖမ်းလိုက်ပြီးနောက်မှ သူ အဝတ်မပါဘဲ ဖြစ်နေကြောင်း သတိပြုမိသွားသဖြင့် ချက်ချင်းပင် ရှက်ရွံ့သွားပြီး မျက်နှာတစ်ခုလုံး နီရဲသွားကာ အဝတ်အစားများကို ကမန်းကတန်း ဝတ်ဆင်လိုက်တော့သည်။ သူ အဝတ်ဝတ်ပြီးသွားသောအခါ လီချင်းချိုးက သူ့ကို အနားသို့ လာရန် လက်ယပ်ခေါ်လိုက်ပြီးနောက် ကောက်ချီကာ ပေါင်ပေါ်တွင် တင်ထားလိုက်ရာ ဆရာတပည့် နှစ်ဦး ပထမဆုံးအကြိမ် တွေ့ဆုံစဉ်ကအတိုင်းပင် ဖြစ်နေတော့သည်။

​".. ဆရာ... ဘာဖြစ်လို့ ဒီလို လုပ်ရတာလဲ..."

​ယင်ကျင်းရှင်း၏ မျက်ဝန်းများ ပြူးကျယ်သွားပြီး မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပေါ်လွင်နေသည်။

​သူသည် လီချင်းချိုးထံမှလည်း တူညီသော ပြင်းထန်သည့် အပူရှိန်ကို ခံစားလိုက်ရပြီး ထိုအပူရှိန်မှာ သူ့အတွက် နွေးထွေးမှုနှင့် ဆွဲဆောင်မှုများကို ဖြစ်ပေါ်စေသည်။

​ ဆရာသခင်ကလည်း သူ့လို တူညီသော မီးလျှံများကို ပိုင်ဆိုင်ထားသလော…

​ထိုအခိုက်တွင် ယင်ကျင်းရှင်း ရုတ်တရက် သဘောပေါက်သွားတော့၏။

​ဆရာဖြစ်သူက သူ့ကို အိပ်မက်မက်ခဲ့ခြင်း၊ မီးလျှံများကို ပိုမို အာရုံစိုက်ရန် သတိပေးခဲ့ခြင်းများမှာ မဆန်းတော့ချေ။ တကယ်တော့ ဆရာဖြစ်သူကလည်း သူ့လို ဖြစ်နေသောကြောင့်ပင်။

​ထိုအခါ သူ့မျက်လုံးများတွင် လီချင်းချိုးကို လေးစားအားကျမှုများဖြင့် ပြည့်နှက်နေ၏။ သူသည် တုနှိုင်းမဲ့ယန်ဓာတ်ခန္ဓာကိုယ်၏ စွမ်းအား မည်မျှ ကြီးမားကြောင်းကို သိရှိထားပြီး ဆရာသခင်က သူ့ထက် အသက်ပိုကြီးကာ သူ မမီနိုင်လောက်အောင် အောင်မြင်မှုများ ရရှိထားပြီး ဖြစ်သည်။

"ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောပြနဲ့နော်... ဒါက တို့နှစ်ယောက်ပဲသိတဲ့ လျှို့ဝှက်ချက်ပဲ..." ဟု လီချင်းချိုးက ပြုံးလျက် အသံတိုးတိုးဖြင့် ပြောလိုက်ပြီး ယင်ကျင်းရှင်း၏ ပါးပြင်လေးကိုပင် လှမ်း၍ ဆွဲလိမ်လိုက်သေးသည်။

​ယင်ကျင်းရှင်းက ခေါင်းကို စောင်း၍ နားမလည်နိုင်သော အမူအရာဖြင့် …

"ဆရာ... ဘာလို့ ဘယ်သူ့ကိုမှ ပြောပြလို့ မရတာလဲ... ဆရာ ပိုပြီး အစွမ်းထက်လေ ဂိုဏ်းအတွက် ပိုကောင်းလေ မဟုတ်ဘူးလား..."

"ဂိုဏ်းဆိုတာ အမြဲတမ်း လျှို့ဝှက်ချက်တချို့ ထားရှိရတယ်လေ... အကယ်၍ အခြားသူတွေကို ပြောပြလိုက်ရင် ရန်သူတွေ သိသွားနိုင်တယ်... ပြီးတော့ ဆရာကလည်း အရမ်း ထင်ပေါ်ချင်တဲ့သူ မဟုတ်ဘူး..."

ယင်ကျင်းရှင်းက နားလည်သွားသလို ရှိသော်လည်း ဆရာဖြစ်သူက ဤသို့ ပြောပြီးပြီ ဖြစ်ရာ သူသည် သဘာဝကျကျပင် မည်သူ့ကိုမျှ ပြောပြမည် မဟုတ်ချေ။

ဤသို့ဖြင့် ​ဆရာတပည့် နှစ်ဦးသား တုနှိုင်းမဲ့ယန်ဓာတ်ခန္ဓာကိုယ်အကြောင်း စတင် ပြောဆိုကြရာ ယင်ကျင်းရှင်းမှာ ဤကိစ္စအပေါ် အလွန် စိတ်ဝင်စားနေပုံ ရသည်။

​အခြားတစ်ဖက်တွင်မူ လီချင်းချိုးက အနာဂတ်အတွက် တွေးတောနေခဲ့သည်။

​ယင်ကျင်းရှင်း၏ ကောင်းကင်က စေလွှတ်လိုက်သူ ဟူသော ကံကြမ္မာမှာ ခေါင်းဆောင်နေရာတွင် တာဝန်ယူရန် အလွန် သင့်တော်ပေသည်။ ချင်းရှောင်ဂိုဏ်းအတွက် ခြိမ်းခြောက်မှု အရှိဆုံး အင်အားစုမှာ ဝမ့်ယင်းဂိုဏ်း သို့မဟုတ် ဇီယန်ကျွန်း မဟုတ်ဘဲ မြောက်ဘက်ရှိ မိစ္ဆာနယ်မြေသာ ဖြစ်သည်။

​အနာဂတ်တွင် ယင်ကျင်းရှင်းက မိစ္ဆာများကို တွန်းလှန်ရန် ကြီးမားလှသော တာဝန်များကို ထမ်းဆောင်နိုင်လိမ့်မည်ဟု သူ မျှော်လင့်မိသည်။

​မှန်ပေသည်၊ ယင်ကျင်းရှင်းက ယခုအချိန်တွင် အလွန် ငယ်ရွယ်သေးသဖြင့် လီချင်းချိုး သူ့ကို မည်သည့် တာဝန်မျှ ပေးအပ်ဦးမည် မဟုတ်ချေ။

​လီချင်းချိုးက သူ့ကို အပြင်သို့ မလွှတ်မီ ကောင်းကင်နေမင်းနယ်ပယ်သို့ ရောက်ရှိသည်အထိ ကျင့်ကြံခွင့် ပေးရန် စီစဉ်ထားသည်။

​စုန့်ချန်ရှန်းထက် ပိုမို မြင့်မားသော ကျင့်ကြံခြင်း ပါရမီကို ပိုင်ဆိုင်ထားသည့် ယင်ကျင်းရှင်းမှာ အသက် ငါးဆယ် မတိုင်မီမှာပင် ကောင်းကင်နေမင်းနယ်ပယ်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။

မဟုတ်သေးပေ။ ထို့ထက်ပင် ပိုမို မြန်ဆန်စွာ ရောက်ရှိနိုင်ပေမည်၊ ဖြစ်နိုင်သည်မှာ နှစ်သုံးဆယ် သို့မဟုတ် ထို့ထက်ပင် ပို၍ တိုတောင်းသော အချိန်အတွင်း ဖြစ်နိုင်ပေသည်။

​လီချင်းချိုးက ယင်ကျင်းရှင်းကို မျှော်လင့်ချက် ကြီးစွာဖြင့် ကြည့်ရှုနေပြီး ကြည့်လေလေ ပို၍ သဘောကျလေလေ ဖြစ်နေတော့သည်။

​ညဉ့်နက်သော်လည်း ထိုက်ခွန်းတောင်တန်းမှာ ငြိမ်သက်သွားခြင်း မရှိသေးပေ။

​ယင်ကျင်းရှင်း၏ ကောင်းကင်အတိဒုက္ခအကြောင်း သတင်းများ ပျံ့နှံ့သွားခဲ့ပြီး ဂိုဏ်းသားများစွာက ဤသတင်းကို ပြောဆိုနေကြသည်။ ယနေ့ ကောင်းကင်အတိဒုက္ခ၏ ဖိအားကြီးက ထိုက်ခွန်းတောင်တန်း တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပြီး လူများစွာက ကောင်းကင်မိုးကြိုးများကို ဝါးမျိုနေသည့် ပြင်းထန်လှသော မီးလျှံများကို မြင်တွေ့ခဲ့ရသဖြင့် ယင်ကျင်းရှင်းနှင့် ပတ်သက်၍ အလွန် စူးစမ်းလိုစိတ်များ ဖြစ်ပေါ်နေကြသည်။

​ယင်ကျင်းရှင်း ဘာကြောင့် ဤမျှ စောစီးစွာ ကောင်းကင်အတိဒုက္ခကို ဖြတ်ကျော်နိုင်ခဲ့သနည်း။

​တစ်နာရီခန့် စကားပြောပြီးနောက် လီချင်းချိုးက ရှောင်ဝူချင်းကို ယင်ကျင်းရှင်းအား အနားယူရန် ပြန်ခေါ်သွားခိုင်းလိုက်သည်။

​သူသည် နေမင်းကြီး၏ စွမ်းအားများကို စုပ်ယူချင်သော စိတ်ဆန္ဒကို အရင်ဆုံး ဖိနှိပ်ထားလိုက်ပြီး လှိုဏ်ဂူအတွင်း၌သာ ဆက်နေလိုက်သည်။

​နောက်ပိုင်းရက်များတွင် ယင်ကျင်းရှင်း သွားလေရာရာ၌ ဂိုဏ်းသားများစွာ၏ ဝန်းရံခြင်းကို ခံရသည်။ လီချင်းချိုးက ယင်ကျင်းရှင်း၏ လှုပ်ရှားမှုများကို ကန့်သတ်ထားခြင်း မရှိချေ။ တုနှိုင်းမဲ့ယန်ဓာတ်ခန္ဓာကိုယ် နိုးထလာပြီးနောက် ယင်ကျင်းရှင်းက စစ်မှန်သော ဗီဇကို ထုတ်ဖော်ပြသလာပြီး အလွန် သက်ဝင်လှုပ်ရှားလာခဲ့သည်။သူသည် အခြားသူများ၏ စူးစမ်းလိုစိတ်များကို ရင်ဆိုင်ရချိန်တွင် အစွမ်းထက် ယန်စွမ်းအား မီးလျှံများကိုပါ ထုတ်ဖော်ပြသလေ့ ရှိသဖြင့် မီးလျှံများအကြောင်း လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။

​ယင်ကျင်းရှင်းသည် သူ့ ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်လှသော မီးလျှံများကို ထုတ်လုပ်ပေးနိုင်သည့် ခန္ဓာကိုယ်တစ်ခုကို နိုးထလာခဲ့ကြောင်း လူများစွာက ပိုမို သိရှိလာကြသည်။

​ယွင်ချိုင်က နောက်တစ်နေ့တွင် ယင်ကျင်းရှင်းကို လာရောက် တွေ့ဆုံခဲ့သည်။ ဤသည်မှာ သူမ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ရှုံးနိမ့်မှုကို ခံစားလိုက်ရခြင်း ဖြစ်ပြီး အလွန် စိတ်ပျက်အားငယ်နေမိသည်။

​သူမ ယင်ကျင်းရှင်းကို ရင်ဆိုင်ရချိန်တွင် သူမ မြင်တွေ့ခဲ့ရသည်မှာ ကောင်းကင်ယံက နေမင်းကြီးသဖွယ် အစွမ်းထက်သော ပြင်းထန်သည့် မီးလျှံကြီးတစ်ခု ဖြစ်ပြီး အလွန်တရာ ပူပြင်းကာ အဆုံးအစမရှိ ဖြစ်နေသည်ကိုသာ ဖြစ်၏။ ယင်ကျင်းရှင်းမှာ အသက် ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦးသာ ဖြစ်သော်လည်း သူ့ထံ၌ မည်သည့် အားနည်းချက်ကိုမျှ မတွေ့မြင်နိုင်ခဲ့ပေ။

​ဤသည်က သူမ နောက်ကွယ်မှ ချောင်းမြောင်း တိုက်ခိုက်လျှင်ပင် ယင်ကျင်းရှင်း၏ ခန္ဓာကိုယ်အတွင်းရှိ မီးလျှံများက သူ့ကို ကာကွယ်ပေးထားလိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။

​သူမ ယင်ကျင်းရှင်း၏ အနီးသို့ ချဉ်းကပ်သွားပါက ကုန်ဆုံးခြင်းမရှိသော မီးလျှံများ၏ ဝါးမျိုခြင်းကို ခံရလိမ့်မည်ဟုပင် သူမ ခံစားလိုက်ရသည်။

​ဤအဖြစ်အပျက်ကြောင့် ယွင်ချိုင်တယောက် အချိန်အတော်ကြာအောင် သီးသန့် ကျင့်ကြံနေခဲ့လေသည်။

​လီချင်းချိုးမှာကတော့ ဤကိစ္စကို မသိရှိခဲ့ချေ။ သူသည် မိမိ၏ အစွမ်းထက် ယန်စွမ်းအား မီးလျှံများကို အာရုံခံရာတွင်သာ အလုပ်ရှုပ်နေခဲ့သည်။

​ရက်အနည်းငယ် အကြာတွင် ဝေထျန်းရှုံးက ကျောက်ကျိန်း၊ ကျိယာ၊ ဟူယန်နှင့် ဂိုဏ်းသား ရာဂဏန်းခန့်ကို ခေါ်ဆောင်၍ တောင်ဘက်သို့ ထွက်ခွာသွားခဲ့ပြီး ကျန်းယွီချွန်းနှင့် ကျူးယန်တို့ကတော့ မင်းမျိုးမင်းနွယ် မိသားစုများကို စည်းရုံး၍ ဇီယန်ကျွန်းကို သိမ်းပိုက်မည့် အစီအစဉ်ကို စတင်ရန်အတွက် တောင်ဘက်သို့ အတူတကွ သွားရောက်ကြသည်။

​ထိုအချိန်တွင် လီချင်းချိုးက တိတ်တဆိတ် တောင်ဘက်သို့ ဦးတည်၍ ဝေထျန်းရှုံးတို့ထက်ပင် စောစီးစွာ ထွက်ခွာသွားခဲ့သည်။

​ဤသည်မှာ လီချင်းချိုး ပထမဆုံးအကြိမ် ပင်လယ်ပြင်သို့ ထွက်ခွာခြင်း ဖြစ်သည်။ သူသည် နေ့တစ်ဝက်နီးပါး အမြန်ဆုံးနှုန်းဖြင့် ပျံသန်းပြီးနောက် နောက်ဆုံးတွင် လူသူကင်းမဲ့သော ကျွန်းတစ်ကျွန်းပေါ်သို့ ဆင်းသက်လိုက်သည်။

​သူသည် ချောက်ကမ်းပါးပေါ်တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး နေမင်းကြီး၏ စွမ်းအားများကို စတင် စုပ်ယူကာ အစွမ်းထက် ယန်စွမ်းအား မီးလျှံများကို ပိုမို ဖန်တီးလိုက်သည်။

​အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာကလည်း စွမ်းအားများကို ပြသလာသဖြင့် လီချင်းချိုးအနေဖြင့် သူ့ ခန္ဓာကိုယ်အတွင်း၌ အစွမ်းထက် ယန်စွမ်းအား မီးလျှံများဖြင့် ဖြည့်ဆည်းရန် လိုအပ်သော ဖြည့်ဆည်း၍မရနိုင်သည့် နေရာလွတ်ကြီးတစ်ခု ရှိနေကြောင်း ခံစားလိုက်ရသည်။

​အစွမ်းထက် ယန်စွမ်းအား မီးလျှံများကို ကျင့်ကြံနေစဉ် လီချင်းချိုးက တာအိုစနစ်ကိုဆင့်ခေါ်၍ ကိုယ်ပိုင် ကံကြမ္မာကို စစ်ဆေးကြည့်လိုက်သည်။

​အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာ - ကျင့်ကြံခြင်း လမ်းကြောင်းပေါ်သို့ ခြေချပြီးနောက် သင် တောင့်ခံနိုင်သော စွမ်းအားမှာ တူညီသော ကျင့်ကြံခြင်းအဆင့်ရှိ အခြားသူများထက် အဆတစ်ရာ ပိုမို ကြီးမားသည်။】

​အရာအားလုံး၏ စွမ်းအား အဆတစ်ရာ…

​ဤသည်က ဖျက်ဆီးမရသောအရှင်သခင်ခန္ဓာကိုယ် နှင့်တုနှိုင်းမဲ့ယန်ဓာတ်ခန္ဓာကိုယ်နှစ်ခုစလုံးက တူညီသော နယ်ပယ်ရှိ အခြားသူများထက် အဆတစ်ရာ ပိုမို ကြီးမားသော အဆင့်တစ်ခုသို့ ရောက်ရှိနိုင်ကြောင်း ဆိုလိုနေသည်။

​တစ်နည်းအားဖြင့် ဆိုရသော် ထိုနှစ်ဦးတွင် အခြားသော ထူးခြားသည့် အခွင့်အရေးများ မရှိသရွေ့ လီချင်းချိုးအနေနှင့် ယွမ်လီနှင့် ယင်ကျင်းရှင်းတို့ထက် တူညီသော ကံကြမ္မာအပိုင်း၌ အမြဲတမ်း အဆတစ်ရာ ပိုမို အစွမ်းထက်နေမည် ဖြစ်သည်။

​လီချင်းချိုးကလည်း ဤကဲ့သို့ ကံကြမ္မာများကို စုဆောင်းရသည့် ခံစားချက်ကို နှစ်သက်သဘောကျနေသည်။

​အတိတ်ဘဝ ဂိမ်းကစားစဉ်က စကားလုံးကို အသုံးပြုရလျှင် သူသည် စွမ်းရည်တန်ဖိုးများကို ရူးသွပ်စွာ မြှင့်တင်နေခြင်း ဖြစ်ပြီး ကန့်သတ်ချက်ကို ကျော်လွန်သွားရန် ဦးတည်နေခြင်းပင် ဖြစ်သည်။

​လူသူကင်းမဲ့သော ကျွန်းပေါ်သို့ ရောက်ရှိပြီးနောက် နေ့ရောညပါ နှစ်ရက်တိတိ အချိန်ယူခဲ့သော်လည်း သူ့ ခန္ဓာကိုယ်အတွင်းရှိ ယန်စွမ်းအား မီးလျှံကို အပြည့်အဝ အခြေအနေသို့ မရောက်ရှိစေနိုင်သေးချေ။ သို့သော်လည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်နေပြီဖြစ်ကြောင်းကိုတေယ့ခံစားနေရပြီ ဖြစ်သည်။

​သူသည် ပိုမို မြင့်မားသော နယ်ပယ်များကို စိန်ခေါ်နိုင်မည့် မိမိ၏ စွမ်းရည်ကိုပင် သံသယ ဝင်လာမိတော့သည်။

​မွန်းတည့်ချိန်၌….

​လီချင်းချိုး ချောက်ကမ်းပါးပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေစဉ် ရုတ်တရက် မျက်မှောင် ကြုတ်လိုက်၏။ သူသည် အစွမ်းထက်သော အရှိန်အဝါ နှစ်ခု ချဉ်းကပ်လာနေသည်ကို အာရုံခံမိလိုက်သည်။

​မှန်ပေသည်၊ အစွမ်းထက်သောဟူသည့် စကားလုံးကို အသုံးပြုရခြင်းမှာ ဤလူနှစ်ဦးသည် အဆင့်မြင့်မားသော်လည်း သူ့ကို ကြောက်ရွံ့သွားစေလောက်သည့် အတိုင်းအတာအထိ မရှိသောကြောင့်ပင်။

​ တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီး မျက်လုံးများကို ဖွင့်ကာ အောက်ဘက်ရှိ တောအုပ်ထဲသို့ ခုန်ဆင်းသွားပြီး တည်ရှိမှုကို ဖုံးကွယ်ထားလိုက်သည်။

​

All Chapters