အခန်း ၃၇၇
Vol. 38 Ch. 377
အခန်း( ၃၇၇ )မိစ္ဆာ နယ်မြေ
ပူပြင်းလှသော နေရောင်အောက်တွင် မြေရိုင်းလွင်ပြင်ကြီးမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး မည်သည့် အပင်မျှ ပေါက်ရောက်နေခြင်း မရှိချေ။
စိမ်းပြာရောင် ပုစဉ်းရင်ကွဲ တစ်ကောင်က ချောက်ကမ်းပါးတစ်ခု၏ ရှေ့တွင် မတ်တတ်ရပ်လျက် ဓားသွားကဲ့သို့သော လက်နှစ်ဖက်ကို လျင်မြန်စွာ ဝှေ့ယမ်းနေ၏။ ၎င်းမှာ လီချင်းချိုး၏ လက်အောက်ခံ မိစ္ဆာတစ်ကောင် ဖြစ်သော ရွှေသူငယ် ပင် ဖြစ်သည်။ နှစ်ကာလများ ကြာမြင့်ခဲ့ပြီးနောက် ရွှေသူငယ်သည် အိမ်မွေးကြောင် အရွယ်အစားမှနေ၍ ပေတစ်ဝက်ခန့်အထိ ကြီးထွားလာခဲ့ပြီး လက်ရှိ ပုံစံက ပိုမို ခမ်းနားထည်ဝါနေသည်။ သူ့ရဲ ဓားသွားကဲ့သို့သော လက်နှစ်ဖက်မှာ ယခုအခါ ရှည်လျားသော ဓားရှည်ကြီးများနှင့် တူညီနေပြီး နေရောင်အောက်တွင် အေးစက်ပြီး ထက်မြက်သော အလင်းတန်းများကို ရောင်ပြန်ဟပ်နေသည်။
၎င်းက လေပြင်းဓားသွားများကို တရစပ် ဖန်တီးလိုက်ရာ ချောက်ကမ်းပါးနှင့် မျက်နှာချင်းဆိုင်ရှိ အလင်းတံတိုင်းကြီးကို ပြင်းထန်စွာ တိုက်ခိုက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အက်ကြောင်းကြီးများကို ချန်ရစ်ခဲ့သည်။
ပေတစ်ရာခန့် အကွာရှိ ပိုမို မြင့်မားသော ချောက်ကမ်းပါးတစ်ခုပေါ်တွင် လူပုံရိပ် နှစ်ခုက ရွှေသူငယ်ကို စောင့်ကြည့်နေကြသည်။ ထိုနှစ်ဉီးကဆံပင်ဖြူနှင့် အဘိုးအိုတစ်ဦးနှင့် မြေခွေးခေါင်း ရှိသော မိစ္ဆာအမျိုးသမီး တစ်ဦးတို့ ဖြစ်ကြ၏။
"မိစ္ဆာသခင်... ဒီမိစ္ဆာလေးက အရှင့်ကို စိတ်ပျက်အောင် မလုပ်ခဲ့ဘူး မဟုတ်လား..."
မြေခွေးမချင်ယွီက သူမ၏ ပါးစပ်ကို ကွယ်၍ ရယ်မောလိုက်ရင်း အဘိုးအိုကို မေးလိုက်သည်ေယ သူမတွင် ကောက်ကျစ်သော မြေခွေးခေါင်းတစ်ခု ရှိနေသော်လည်း သူမ၏ ရယ်မောသံက အလွန် ဆွဲဆောင်မှု ရှိပြီး ချစ်စရာ ကောင်းနေလေသည်။
မိစ္ဆာသခင်ဟု ခေါ်ဆိုကြသော ဆံပင်ဖြူ အဘိုးအိုက အရပ်ရှည်ပြီး လွှမ်းမိုးမှု အပြည့်ရှိကာ ဆံပင်ဖြူများကို လှပသေသပ်သော ကျောက်စိမ်းသရဖူ အဖြူရောင်အောက်တွင် သပ်ရပ်စွာထုံးဖွဲ့ထားသည်။ သူသည် ရွှေကြိုးများဖြင့် စီချယ်ထားသော မိုးပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး မြင့်မြတ်ပြီး ခမ်းနားထည်ဝါသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူသည် မိစ္ဆာတစ်ကောင်နှင့် မတူဘဲ လောကီကမ္ဘာ၏ အပြင်ဘက်တွင် ပုန်းအောင်းနေသော တရားသိမြင်ပြီးသည့် မသေမျိုးတစ်ပါးနှင့် ပို၍ တူနေလေသည်။
မိစ္ဆာသခင်က ရွှေသူငယ်ကို အေးစက်သော အကြည့်ဖြင့် စူးစိုက်ကြည့်ကာ …"မဆိုးပါဘူး... ဒါပေမဲ့ သိပ်တော့ မဆိုးရုံလောက်ပါပဲ..." ဟု ဆိုလေသည်။
ချင်ယွီက မချိပြုံး ပြုံးလိုက်ပြီး….
"မိစ္ဆာသခင်က အရမ်း စည်းကမ်းတင်းကျပ်လွန်းတယ်... လောကမှာ လူသားတွေထက် မိစ္ဆာတွေက ပိုများပေမဲ့ ပါရမီအပိုင်းမှာ လူသားတွေကို တကယ် ယှဉ်နိုင်တဲ့ မိစ္ဆာဆိုတာ အရမ်း ရှားပါးတယ်လေ..." ဟု ဆိုသည်။
ရွှေသူငယ်ကို သူမ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ ရွှေသူငယ်က မိစ္ဆာအမြုတေကို သန့်စင်ပြီး မိစ္ဆာခန္ဓာကိုယ် အသစ်စက်စက်တစ်ခုကို ဖန်တီးခဲ့သည်ကို သူမ စောင့်ကြည့်ခဲ့ရသဖြင့် ရွှေသူငယ်အပေါ် သူမ၏ မျှော်လင့်ချက်များ ကြီးမားလာခဲ့ခြင်း ဖြစ်သည်။
မိစ္ဆာသခင်က တိုးညှင်းသော အသံဖြင့်…
"အကယ်၍ သူသာ လွန်ခဲ့တဲ့ နှစ်ငါးရာက မွေးဖွားခဲ့ရင် အသုံးဝင်ကောင်း ဝင်နိုင်လိမ့်မယ်... အခုတော့ သူက ကိုးပြည်ထောင်နယ်မြေရဲ့ လောကကြီးကို မထိန်းချုပ်နိုင်သလို မင်းလည်း မထိန်းချုပ်နိုင်တော့ပါဘူး..." ဟု ဆို၏။
ချင်ယွီက သူမ အရင်က တောင်ဘက်သို့ သွားရောက်ခဲ့စဉ်က အတွေ့အကြုံများကို ပြန်တွေးမိပြီး အံကြိတ်ကာ …
"မိစ္ဆာသခင်... ချင်းရှောင်ဂိုဏ်းက အရမ်း မြန်မြန် ကြီးထွားလာနေတယ်... သူတို့ကို ဘယ်တော့လောက် ရှင်းပစ်ရမလဲ..." ဟု မေးလိုက်သည်။
"အရှင်မင်းကြီး မနိုးသေးဘူးလေ... ဒါကြောင့် သူတို့ကို ဆက်ပြီး ဖွံ့ဖြိုးတိုးတက်ခွင့် ပေးထားလိုက်ပါဦး..."
"အကယ်၍ အရှင်မင်းကြီး နိုးလာပြီးရင် ချင်းရှောင်ဂိုဏ်းက နောက်ဆုတ်သွားရင်ကော..."
ချင်ယွီကလည်း မိစ္ဆာနယ်မြေ၏ ဒဏ္ဍာရီများကို သိရှိထားသည်။တောင်ဘက် တိုက်ကြီးသည် မိစ္ဆာဧကရာဇ်၏ နယ်မြေ ဖြစ်သည်။ သူမလို မိစ္ဆာများက တောင်ဘက်သို့ သွားရောက်၍ အမဲလိုက်နိုင်သော်လည်း အများကြီးတော့ မရနိုင်ချေ။
"သူတို့ရဲ့ ကံကြမ္မာက သတ်မှတ်ပြီးသားပါ... သူတို့ နောက်ဆုတ်မှာ မဟုတ်ပါဘူး..." ဟု မိစ္ဆာသခင်က တည်ငြိမ်စွာ ဆိုလိုက်ပြီး သူ့မျက်ဝန်းများက အနာဂတ်ကို ကြိုတင် မြင်တွေ့နေရသည့်အလား နက်ရှိုင်းနေသည်။
ဤစကားကို ကြားပြီးနောက် ချင်ယွီ တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီးမှ….
"လောကီကမ္ဘာက သန့်စင်တဲ့ ခန္ဓာကိုယ် ပိုပြီး အစွမ်းထက်လာမှာကို မကြောက်ဘူးလား..." ဟု မေးလိုက်သည်။
"လူသားတွေရဲ့ သန့်စင်တဲ့ ခန္ဓာကိုယ်က အစွမ်းထက်တာ မှန်ပေမဲ့ ဒီလူသားရဲ့ သန့်စင်တဲ့ ခန္ဓာကိုယ်က ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာဖို့အတွက် အရမ်း နောက်ကျပြီးမှ မွေးဖွားလာတာပါ... ဒါပေမယ့်..."
"ဒါပေမဲ့ ဘာဖြစ်လို့လဲ..."
"လောကမှာ နောက်ထပ် သန့်စင်တဲ့ ခန္ဓာကိုယ် တစ်ခု ရှိနေနိုင်သေးတယ်..."
ဤစကားကို ကြားသောအခါ ချင်ယွီ အံ့အားသင့်သွားပြီး သူမ၏ မျက်နှာပေါ်တွင် မယုံနိုင်မှုများ ပေါ်လွင်နေတော့သည်။
မိစ္ဆာသခင်က တဖက်လှည့်၍ အဝေးသို့ လျှောက်သွားလိုက်ပြီး….
"သူ့ကို ကိုးပါးသော ငရဲလေပြင်း ချောက်ကမ်းပါးဆီ ခေါ်သွားလိုက်ပါ..." ဆိူသော စကားတစ်ခွန်း ချန်ထားရစ်ခဲ့သည်။
ချင်ယွီ အံ့ဩဝမ်းသာ ဖြစ်သွားပြီး မိစ္ဆာသခင်ကို ချက်ချင်း အရိုအသေပေး၍ ကျေးဇူးတင်လိုက်သည်။
အခြား တစ်ဖက်တွင်…
ရွှေသူငယ်ကတော့ ဓားသိုင်းများကို လေ့ကျင့်နေဆဲပင်။ သူသည် ချင်းရှောင်ဂိုဏ်းတွင် ရှိနေစဉ်ကလို ဇွဲလုံ့လကြီးမားပြီး တိတ်ဆိတ်ငြိမ်သက်နေကာ ဓားသိုင်းလေ့ကျင့်ခြင်းကသာ သူ့ ဘဝအတွက် တစ်ခုတည်းသော အဓိပ္ပာယ် ဖြစ်နေသကဲ့သို့ပင်။
…………………
လီချင်းချိုး ပြန်လည် ရောက်ရှိလာပြီး တတိယမြောက်နေ့တွင် ကျင့်ကြံရေးခန်းမက ဝိညာဉ်အမြစ် စမ်းသပ်မှုကို စတင်လိုက်သည်။ဝိညာဉ်အမြစ် စမ်းသပ်ရန်အတွက် တာအိုကံကြမ္မာ နှစ်မှတ် လိုအပ်ပြီး ၎င်းကို စတင်လိုက်သည်နှင့် ဂိုဏ်းသားများစွာကို စမ်းသပ်ရန် ဆွဲဆောင်နိုင်ခဲ့သည်။
ဝိညာဉ်အမြစ်များနှင့် ပတ်သက်သည့် ဆွေးနွေးမှုများက ဂိုဏ်းအတွင်း၌ ရေပန်းအစားဆုံး အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။
သြဂုတ်လကုန်ခါနီးတွင်….
ဝိညာဉ်တစ်ထောင် သစ်ပင်အောက်ရှိ ဝိညာဉ်တစ်ထောင် ကောင်းချီးပေး နယ်မြေ၌……..
လီချင်းချိုးက ယင်ကျင်းရှင်းနှင့် ရွှီယွီချုံးတို့ ယှဉ်ပြိုင်နေသည်ကို စောင့်ကြည့်နေသည်။
အသက် ခုနစ်နှစ်အရွယ် ယင်ကျင်းရှင်းက အသက် ဆယ့်ခြောက်နှစ်အရွယ် ရွှီယွီချုံးနှင့် တန်းတူရည်တူ ယှဉ်ပြိုင်နိုင်နေပြီ ဖြစ်သည်။ သူတို့နှစ်ဦးစလုံး မူလအားဖြည့်နယ်ပယ်၏ နဝမအဆင့်တွင် ရှိနေကြပြီး မျိုးဆက်သစ်များ၏ အစွမ်းထက်ဆုံး ပါရမီရှင်များကို ကိုယ်စားပြုနေကြသည်။
ဤတိုက်ပွဲကို တစ်ဦးတည်းသော ကြည့်ရှုသူမှာ လီချင်းချိုးသာ ဖြစ်သည်။
မဟုတ်သေးဘူး… ဝိညာဉ်တစ်ထောင် သစ်ပင်လည်း ရှိနေသေးတယ်….
ရွှီနင်း၏ အကြီးဆုံး တပည့်ဖြစ်သော ရွှီယွီချုံးတွင် ထူးကဲသော ကျင့်ကြံခြင်း ပါရမီကို ပိုင်ဆိုင်ထားသည်။ ရွှီနင်းက သူ့အတွက် ကျင့်ကြံရေး အရင်းအမြစ် များစွာကို ရင်းနှီးမြှုပ်နှံထားသဖြင့် ကျင့်ကြံခြင်း အမြန်နှုန်းက အခြားသူများအားလုံးထက် သာလွန်နေပြီး မျိုးဆက်သစ်များ၏ နံပါတ်တစ် နေရာသို့ ရောက်ရှိလာမည့် လက္ခဏာများကို ပြသနေပြီ ဖြစ်၏။
ကံမကောင်းစွာဖြင့် ယင်ကျင်းရှင်း ရုတ်တရက် ပေါ်ထွက်လာပြီး ရွှီယွီချုံး၏ ထင်ပေါ်ကျော်ကြားမှုများကို လုယူသွားခဲ့သည်။
ရွှီယွီချုံးကတော့ ယင်ကျင်းရှင်းအပေါ် မနာလို ဖြစ်ခြင်း မရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူ့အပေါ် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေသည်။
"ဆရာတူဉီးလေးရဲ့ ပါရမီက တကယ်ကို ကြောက်စရာ ကောင်းတာပဲ... ပင်လယ်ပြင်က အဲဒီ ပြိုင်ဘက်ကင်း ပါရမီရှင်တွေနဲ့ ယှဉ်ရင်တောင် ချဲ့ကားပြောဆိုလွန်းတယ်လို့ ထင်ရတယ်..."
ရွှီယွီချုံး ထိုသို့ တွေးလိုက်မိသည်။ သူသည် ထျန်းမင်ပင်လယ်မှ လာကြောင်းကို မည်သူ့ကိုမျှ မပြောပြခဲ့ချေ။ လီချင်းချိုးနှင့် ရွှီနင်းတို့ကလည်း သူ့နောက်ခံအကြောင်းကို များများစားစား မမေးမြန်းခဲ့ကြဘဲ သူ့ကို ဂိုဏ်းက ရွေးချယ်ထားသော ပါရမီရှင်တစ်ဦးအဖြစ်သာ အမှန်တကယ် ယုံကြည်ထားပုံ ရသည်။
ဤသဘောထားက ရွှီယွီချုံးကို စိတ်အေးသွားစေသလို အနည်းငယ် စိတ်ဓာတ်ကျသွားစေပြီး ဤခံစားချက်က ယင်ကျင်းရှင်း နိုးထလာချိန်တွင် ပိုမို ပြင်းထန်လာခဲ့သည်။
သူသည် ဂိုဏ်းချုပ်၏ အကြီးဆုံး မြေးတပည့်ဟူသော အဆင့်အတန်းက ထိုမျှအထိ တောက်ပခြင်း မရှိကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ အကယ်၍ သူသာ ပါရမီလုံလောက်ခဲ့လျှင် ယခုအခါတွင် ယင်ကျင်းရှင်းလို ပိုမို မြင့်မားသော မျိုးဆက်တစ်ခုတွင် ရှိနေမည် ဖြစ်၏။
ယခုအခါ ယင်ကျင်းရှင်း၏ လုံးလုံးလျားလျား ဖိနှိပ်ခြင်းကို ခံရသဖြင့် သူ့ကို ပို၍ စိတ်ပျက်အားငယ်သွားစေသည်။
မှန်ပေသည်၊ စိတ်ပျက်အားငယ်မှုအပြင် အများစုမှာ လေးစားအားကျမှုကို ခံစားနေရခြင်း ဖြစ်၏။
ယင်ကျင်းရှင်း၏ ပါရမီက တကယ်ကို မယုံနိုင်စရာပင်။
ယန်စွမ်းအား မီးလျှံများဖြင့် လွှမ်းခြုံထားသော ခန္ဓာကိုယ်ရှိသည့် ယင်ကျင်းရှင်းက အလှပြ မှော်ပညာများကို လုံးဝ အသုံးမပြုဘဲ ရွှီယွီချုံးကို ဖိနှိပ်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များကိုသာ အပြည့်အဝ အားကိုးနေခဲ့သည်။
ထို့ကြောင့်ရွှီယွီချုံး၏ မှော်ပညာများမှာ ယင်ကျင်းရှင်းအပေါ် မည်သည့် သက်ရောက်မှုမျှ မရှိချေ။ သူသည် ယင်ကျင်းရှင်း၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်လျှင်ပင် အလွန်အမင်း နီးကပ်သွားပါက ကြောက်မက်ဖွယ်ကောင်းသော အပူရှိန်က သူ့ကို လောင်ကျွမ်းစေမည်သာ။
ရွှီယွီချုံးခင်မျာ အံကြိတ်၍ ဆရာဖြစ်သူက ရပ်တန့်ခိုင်းသည်အထိ ဆက်လက် တောင့်ခံနေရုံမှလွဲပြီး ရွေးချယ်စရာ မရှိတော့ချေ။
"ယွီချုံး... လေရဲ့ စွမ်းအားကို အသုံးပြုလိုက်..."
လီချင်းချိုး၏ အသံက ရုတ်တရက် ထွက်ပေါ်လာချေပြီ။ ၎င်းကို ကြားသောအခါ ရွှီယွီချုံးက လေစွမ်းအင် မှော်ပညာတစ်ခုကို ချက်ချင်း အသုံးပြုလိုက်ပြီး လက်ဝါးနှစ်ဖက်ဖြင့် လက်ကွက်များ ပုံဖော်ကာ ကြီးမားလှသော လေလှိုင်းကြီးတစ်ခုကို ဖန်တီးလိုက်သည်။ ဤလေပြင်းက ယင်ကျင်းရှင်း၏ ခန္ဓာကိုယ်ပေါ်ရှိ ယန်စွမ်းအား မီးလျှံများကို ပျောက်ကွယ်သွားစေခြင်း မရှိဘဲ ၎င်းတို့ကို နောက်သို့ လွင့်ပါသွားစေရုံသာ ဖြစ်သဖြင့် ရွှီယွီချုံးအပေါ် သက်ရောက်သည့် အပူရှိန်ကို လျော့ကျသွားစေသည်။
ရွှီယွီချုံး ဤနည်းလမ်းကို အရင်က ကြိုးစားကြည့်ခဲ့ဖူးသော်လည်း အသုံးမဝင်သည်ကို တွေ့ရသဖြင့် လက်လွှတ်လိုက်ခြင်း ဖြစ်သည်။
ယခု ဆရာဖြစ်သူက ပြောလာပြီဖြစ်ရာ သူသည် လေစွမ်းအင် မှော်ပညာများကို ဆက်လက် အသုံးပြုနေရုံမှလွဲပြီး ရွေးချယ်စရာ မရှိတော့ချေ။ မှော်ပညာ အတော်များများကို ကျွမ်းကျင်စွာ တတ်မြောက်ထားလို့သာ တော်ပေတော့သည်။
လီချင်းချိုးက တာအိုမျိုးဆက်စနစ်ကို ဆင့်ခေါ်၍ ရွှီယွီချုံး၏ ပုံရိပ်ကို ရှာဖွေကာ ကံကြမ္မာကို တစ်ဖန် ပြန်လည် စစ်ဆေးကြည့်လိုက်သည်။
ကိုးကောင်းကင် လေအရှင်သခင် - ရှေးဟောင်း မသေမျိုးများ၏ ကံကြမ္မာ ကောင်းချီးပေးမှုကို ခံရပြီး လေစွမ်းအင် တာအိုပညာရပ်များအပေါ် ထူးကဲသော နားလည်နိုင်စွမ်း ရှိသည်။
တားဆီးမရသော အင်အား - သူ ဘာလုပ်လုပ် ယုံကြည်မှု ရှိလာပြီဆိုတာနဲ့ ဤယုံကြည်မှုက သူ့ကို ပိုမို အစွမ်းထက်လာစေပြီး မည်သည့်အရာမျှ မတားဆီးနိုင်။
မွေးရာပါ နတ်ဘုရားတမျှ လှပခြင်း - သူသည် မွေးကတည်းက နတ်ဘုရားတမျှလှပကျက်သရေရှိသဖြင့် လူများကို သူ့အပေါ် အလွယ်တကူ သဘောကျစေကာ သူ့အနီးသို့ ချဉ်းကပ်ချင်စိတ် ဖြစ်ပေါ်စေသည်။
ကိုးကောင်းကင် လေအရှင်သခင်ကံကြမ္မာက စွမ်းအားများကို ပြသနေပြီ ဖြစ်၏။ လေအားလုံးက ယန်စွမ်းအား မီးလျှံများအပေါ် သက်ရောက်မှု မရှိသော်လည်း ရွှီယွီချုံး၏ လေစွမ်းအင် မှော်ပညာများက လက်ရှိ အဆင့်ထက် ပိုမို အစွမ်းထက်နေသည်။
လီချင်းချိုးက သူ့ကိုယုံကြည်မှုရှိစေရန် မည်သို့ ပြုစုပျိုးထောင်ပေးရမည်ကို စဉ်းစားနေခဲ့သည်။အကယ်၍ သူသည် ယင်ကျင်းရှင်းကို ရင်ဆိုင်ရချိန်တွင် ယုံကြည်မှု ရှိလာနိုင်ပါက အနာဂတ်တွင် အခြားသူများကို ရင်ဆိုင်ရချိန်၌ ပို၍ပင် တည်ငြိမ်လာပေလိမ့်မည်။တားဆီးမရသော ကံကြမ္မာက သူ့ကို ပိုမို ယုံကြည်မှု ရှိစေရုံသာမကဘဲ ရွှီယွီချုံး၏ ခွန်အားကိုပါ တိုးတက်စေမည် ဖြစ်သည်။
အကယ်၍ ယင်ကျင်းရှင်းသာ ဆက်လက် ကြီးထွားလာပါက သူသည် ယွမ်လီလို ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်လာရန် သေချာနေပြီး ဖြစ်သည်။ထို့ကြောင့် သူ့အတွက် သိပ်ပြီး စိုးရိမ်စရာ မရှိချေ။
သူသည် ရွှီယွီချုံး၏ အလားအလာများကို ဖော်ထုတ်ပေးလိုပြီး ဂိုဏ်းချုပ်၏ တတိယမြောက် မျိုးဆက် တပည့်များ၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးလိုခြင်း ဖြစ်သည်။
"မှော်ပညာတွေကို သုံးနေရုံ သက်သက် မလုပ်နဲ့... ဖြစ်စဉ်ကို ခံစားကြည့်စမ်း..." ဟု လီချင်းချိုးက ထပ်မံ သတိပေးလိုက်သည်။
ရွှီယွီချုံးက အတော်အသင့် ကောင်းမွန်သော နားလည်နိုင်စွမ်း အဆင့်ကို ပိုင်ဆိုင်ထားသည်။ ထူးချွန်လှသည် မဟုတ်သော်လည်း လီချင်းချိုး၏ အဓိပ္ပာယ်ကို သူ နားလည်သင့်ပေသည်။
မျှော်လင့်ထားသည့်အတိုင်း ဤစကားများကို ကြားသောအခါ ရွှီယွီချုံးက မိမိကိုယ်ကိုယ် ချက်ချင်း တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး ဆက်လက် ရှောင်တိမ်းနေခဲ့သော်လည်း မှော်ပညာများကို အလျင်စလို အသုံးမပြုတော့ပေ။ မကြာမီမှာပင် ယင်ကျင်းရှင်းက ရွှီယွီချုံး၏ လှုပ်ရှားမှုများ ပိုမို လျင်မြန်လာသည်ကို သတိပြုမိသွားသဖြင့် သူ့ကို စိတ်ရှုပ်ထွေးသွားစေသည်။
"ခင်ဗျားမှာ ဘယ်လိုလုပ် စွမ်းအင်တွေ ဒီလောက် အများကြီး ကျန်နေသေးတာလဲ..."
ရွှီယွီချုံး၏ နောက်သို့ လိုက်ရင်း ယင်ကျင်းရှင်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်မိသည်။
ဤစကားများကို ကြားသောအခါ တည်ငြိမ်အောင် အနိုင်နိုင် ထိန်းချုပ်ထားရသော ရွှီယွီချုံးမှာ ပြိုလဲသွားလုနီးပါး ဖြစ်သွားတော့သည်။
မင်းကများ ငါ့ကို အဲဒီလို မေးရဲသေးတယ်ပေါ့…..
ရွှီယွီချုံးက မေးခွန်းပြန်မေးချင်သော ဆန္ဒကို ဖိနှိပ်လိုက်ပြီး မိမိကိုယ်ကိုယ် နောက်တစ်ဖန် တည်ငြိမ်အောင် ပြုလုပ်လိုက်ရသည်။
ယင်ကျင်းရှင်းက ငယ်ရွယ်သေးသဖြင့် ရွှီယွီချုံးက စကားမပြောသည်ကို မြင်သောအခါ မပျော်မရွှင် ဖြစ်နေသည်ဟု ထင်မှတ်လိုက်ပြီး ဆက်မမေးတော့ဘဲ တိုက်ခိုက်မှုများကိုသာ ဆက်လက် လုပ်ဆောင်နေလိုက်သည်။
ဤသည်မှာ ဆရာဖြစ်သူက သူ့ကို သင်ကြားပေးထားခြင်း ဖြစ်သည်၊
မည်သည့် ပြိုင်ဘက်ကိုမဆို အစွမ်းကုန် တိုက်ခိုက်ရမည်…….
တုနှိုင်းမဲ့ယန်ဓာတ်ခန္ဓာကိုယ် နိုးထလာပြီးကတည်းက အရမ်း မောက်မာလွန်းနေကြောင်း လီချင်းချိုး တွေ့ရှိခဲ့သဖြင့် သူ့ကို ဤနည်းလမ်းဖြင့် သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။
မှန်ပေသည်၊ ဤကဲ့သို့သော သင်ကြားမှုမျိုးတွင် အားနည်းချက်များလည်း ရှိသဖြင့် လီချင်းချိုးက သူ့ကို တပည့်များနှင့် အလျင်စလို ယှဉ်ပြိုင်ခွင့် မပေးချေ။ အကယ်၍ သူတို့ ယှဉ်ပြိုင်ဖြစ်ခဲ့လျှင်ပင် သူ တစ်ယောက်ယောက်ကို မသတ်မိစေရန် လီချင်းချိုး ကိုယ်တိုင် စောင့်ကြည့်ပေးမည် ဖြစ်၏။
အချိန်ကုန်လွန်လာသည်နှင့်အမျှ ရွှီယွီချုံး၏ လေစွမ်းအင်ထိန်းချုပ်နိုင်စွမ်း ပိုမို အားကောင်းလာခဲ့သည်။
သူသည် လေစွမ်းအင် မှော်ပညာများအတွက် ထူးခြားသော ပါရမီတစ်ခု ရှိနေကြောင်း အချိန်အကြာကြီးကတည်းက တွေ့ရှိခဲ့သော်လည်း လေဓာတ်ကို ဤကဲ့သို့ ခံစားဖူးသည်မှာ ဤအကြိမ်က ပထမဆုံးအကြိမ်ပင် ဖြစ်၏။
တိုက်ပွဲအတွင်း လေစွမ်းအားများက သူ့အတွက် အဟန့်အတားတစ်ခု မဟုတ်ဘဲ အကူအညီတစ်ခု ဖြစ်နေလေသည်။
သူသည် ယန်စွမ်းအား မီးလျှံများကို မတောင့်ခံနိုင်သော်လည်း လေဓာတ်ကို အသုံးပြု၍ ၎င်း၏ တိုက်ခိုက်မှု လမ်းကြောင်းကို ပြောင်းလဲပစ်နိုင်သည်။
ဤတွေ့ရှိမှုက သူ့ကို အလွန် စိတ်လှုပ်ရှားသွားစေပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
သူ ပြုံးနေသည်ကို မြင်သောအခါ ယင်ကျင်းရှင်း အနည်းငယ် မကျေမနပ် ဖြစ်သွားတော့သည်။
ရွှီ!
ထိုအခါ ယင်ကျင်းရှင်း၏ ခန္ဓာကိုယ်ပေါ်ရှိ ယန်စွမ်းအား မီးလျှံများ မြင့်တက်လာပြီး အမြန်နှုန်းလည်း ရုတ်တရက် တိုးတက်လာသည်။
ရွှီယွီချုံး၏ မျက်ဝန်းအိမ်များ ရုတ်တရက် ကျုံ့ဝင်သွားပြီး ယင်ကျင်းရှင်း၏ ကြီးမားလှသော အရှိန်အဝါကြောင့် လုံးဝ ထိတ်လန့်သွားသဖြင့် အေးခဲသွားတော့သည်။
ဖျတ်!
လီချင်းချိုးက ယင်ကျင်းရှင်း၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ရာ ကောင်လေး၏ လက်သီးက ရွှီယွီချုံး၏ မျက်နှာနှင့် စင်တီမီတာ နှစ်ဆယ်အကွာတွင် ရပ်တန့်သွားပြီး ရွှီယွီချုံး၏ မျက်နှာပင် မီးလောင်ထားသကဲ့သို့ လျင်မြန်စွာ နီရဲသွားတော့သည်။
ရွှီယွီချုံး တစ်ခဏမျှ မှင်တက်သွားပြီးနောက် အလျင်အမြန် နောက်သို့ ဆုတ်ကာ မျက်နှာကို ပွတ်သပ်လိုက်သည်။
လီချင်းချိုးက ရွှီယွီချုံးကို တစ်ချက် ကြည့်လိုက်ပြီး မွေးရာပါ နတ်ဘုရားသဖွယ်အလှတရားများ ယင်ကျင်းရှင်း၏ ဖျက်ဆီးမှုကို ခံလိုက်ရဖို့ သီသီလေးသာလိုတော့ကြောင်း တွေးတောရင်း စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
ဒီနေ့တော့ ဒီလောက်ပါပဲ……