← Chapters

အခန်း ၃၇၈

Vol. 38 Ch. 378

အခန်း ၃၇၈

Vol. 38 Ch. 378

အခန်း( ၃၇၈) စစ်မှန်သော မျိုးဆက် တပည့်များ၏ ပြိုင်ပွဲ

​ဆရာဖြစ်သူက ရပ်တန့်ရန် ပြောလိုက်သံကို ကြားသောအခါ ရွှီယွီချုံး သက်ပြင်းချလိုက်မိသည်။ ထို့နောက် ယင်ကျင်းရှင်းက ခန္ဓာကိုယ်မှ ယန်စွမ်းအား မီးလျှံများကို ရုပ်သိမ်းလိုက်သည်။ သူက မကျေမနပ် ဖြစ်နေပုံဖြင့် နှုတ်ခမ်းဆူ၍ အောက်သို့ ဆင်းသက်လိုက်ပြီး….

"ဆရာ... ဘာဖြစ်လို့ သူ့ကိုပဲ သင်ပေးပြီး ကျွန်တော့်ကို မသင်ပေးရတာလဲ..." ဟု စိတ်ဆိုးမာန်ဆိုးဖြင့် မေးလိုက်သည်။

​လီချင်းချိုးက လက်မြှောက်၍ သူ့ ဆံပင်များကို ဖွကာ …

"မင်းက စီနီယာဖြစ်နေပြီလေ... ဂျူနီယာတွေကို ဦးစားပေးရမှာပေါ့..." ဟု ဆိုလိုက်သည်။

​ဤစကားကို ကြားသောအခါ ယင်ကျင်းရှင်း၏ မျက်နှာပေါ်တွင် အပြုံးများ ပေါ်ထွက်လာပြီး အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။

​ရွှီယွီချုံးကတော့ ထိုမျှ ကံမကောင်းလှပေ။ သူသည် လေစွမ်းအင်၏ အနှစ်သာရကို နားလည်သဘောပေါက်ခဲ့သော်လည်း ဤတိုက်ပွဲတွင် လုံးဝ ရှုံးနိမ့်သွားခဲ့ရသည်။

​သူတို့နှစ်ဦးစလုံး မူလအားဖြည့်နယ်ပယ်၏ နဝမအဆင့်တွင် ရှိနေကြပြီး သူက အသက် ဆယ်နှစ် ပိုကြီးသော်လည်း ယင်ကျင်းရှင်းကို လုံးဝ မယှဉ်နိုင်ခဲ့ချေ။

​သူ့ရဲ့ ဂုဏ်ယူဝင့်ကြွားမှုများ အကြီးအကျယ် ပျက်စီးသွားချေပြီ…..

​လီချင်းချိုးက ယင်ကျင်းရှင်းကို စကားအနည်းငယ် ပြောပြီးနောက် တစ်နေရာရာတွင် သွားရောက် ကစားရန် ပြောလိုက်သည်။ ဤကောင်လေးသည် ကစားရသည်ကို နှစ်သက်သော အရွယ်ဖြစ်ပြီး တစ်ယောက်တည်း ကစားရလျှင်ပင် အလွန် ပျော်ရွှင်နိုင်သူ ဖြစ်၏။ ယင်ကျင်းရှင်း အကွာအဝေးတစ်ခုအထိ ရောက်သွားပြီးနောက် လီချင်းချိုးက ရွှီယွီချုံးဘက်သို့ လှည့်ကာ….

"မင်းကို မပြောနဲ့... ဝိညာဉ်အသိအာရုံအဆင့်က တပည့်ဆိုရင်တောင် ဒီကလေးကို ရင်ဆိုင်ရရင် အကျိုးမရှိနိုင်ဘူး... ငါ မင်းကို သူ့နဲ့ ယှဉ်ပြိုင်ခိုင်းရတဲ့ အကြောင်းရင်းက မင်းတို့ မျိုးဆက်ရဲ့ အစွမ်းထက်ဆုံး တပည့်နဲ့ မင်းကြားက ကွာဟချက်ကို နားလည်စေချင်လို့... ပြီးတော့ အနာဂတ်မှာ မင်း ဘယ်လမ်းကြောင်းကို လျှောက်လှမ်းရမလဲ ဆိုတာ သိစေချင်လို့ပဲ..." ဟု ဆိုလိုက်သည်။

​တူညီသော မျိုးဆက်၏ အစွမ်းထက်ဆုံး တပည့်….

​ရွှီယွီချုံး၏စိတ်ထဲတွင် ဤအစွမ်းထက်ဆုံးသူက အသက် ခုနစ်နှစ်အရွယ်သာ ရှိသေးသည်ဟု တွေးမိသောအခါ အဓိပ္ပာယ်မရှိသလို ခံစားလိုက်ရသည်။

"သူ့ကို မမီနိုင်မှတော့ ကွာဟချက်ကို မြင်ရတာက ဘာအသုံးကျမှာလဲ..."

​ "မင်း သူ့ကို သေချာပေါက် မမီနိုင်ဘူးလို့ ဘယ်သူပြောလဲ... မင်းက ငါ ရွေးချယ်ထားတဲ့ မြေးတပည့်ပဲ... မင်းမှာ ဖော်ထုတ်လို့ မရသေးတဲ့ အလားအလာတွေ အများကြီး ရှိသေးတယ်..."

ထိုအခါ ရွှီယွီချုံး၏ မျက်လုံးများ ပြူးကျယ်သွားပြီး ရင်ခုန်သံများမှာ မြန်ဆန်လာတော့သည်။

​လီချင်းချိုးက အဓိပ္ပာယ်ပါပါဖြင့်….

"ငါ့ရဲ့ တပည့်တွေနဲ့ မြေးတပည့်တွေအနေနဲ့ မင်းတို့ တစ်ယောက်ချင်းစီတိုင်းမှာ ယုံကြည်မှုအပြည့် ရှိရမယ်... အခက်အခဲအားလုံးကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ရမယ်... ဂိုဏ်းကို ဦးဆောင်ပြီး အတားအဆီးတွေကို ဖြတ်ကျော်နိုင်မယ်လို့ ယုံကြည်ရမယ်..."

​ဤစကားကို ကြားသောအခါ ရွှီယွီချုံးတယောက် ဝမ်းဗိုက်အောက်ပိုင်းမှနေ၍ ခေါင်းထိပ်အထိ အပူလှိုင်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ ခံစားလိုက်ရပြီး စိတ်လှုပ်ရှားနေသည်။

​"ဆရာ... ဆရာ့ရဲ့ သွန်သင်မှုတွေကို မှတ်သားထားပြီး ဆရာ့ကို ဘယ်တော့မှ စိတ်ပျက်အောင် မလုပ်ပါဘူး..."

​ရွှီယွီချုံးက သူသည် ယင်ကျင်းရှင်းအောက်သာ နိမ့်ကျနေသော်လည်း အခြားသူများနှင့် နှိုင်းယှဉ်ပါက သူသည်လည်း စစ်မှန်သော ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်ကြောင်း ချက်ချင်းပင် အာမခံလိုက်သည်။

​လီချင်းချိုးက သူ့ပုခုံးကို ဖက်၍ ဝိညာဉ်တစ်ထောင် သစ်ပင်ဆီသို့ လျှောက်သွားရင်း ရွှီနင်း၏ အတိတ်အကြောင်းကို စတင် ပြောပြနေတော့သည်။

​ရွှီယွီချုံးကလည်း ဆရာဖြစ်သူ၏ အတိတ်အကြောင်းကို အလွန် သိချင်နေခဲ့သည်၊ အကြောင်းမှာ သူ့ ဆရာက သူ့ကို ကျင့်ကြံခြင်းအကြောင်း သင်ကြားပေးခြင်းမှလွဲ၍ အခြား မည်သည့်အရာကိုမျှ မပြောပြသောကြောင့်ပင်။နားထောင်ရင်းနှင့် ဆရာ့အပေါ် လေးစားမှုမှာ ဆရာအဘိုးဖြစ်သူအပေါ် လေးစားမှုထက်ပင် ပိုမို ကြီးမားနေလေသည်။

​နောက်ရက်များတွင် လီချင်းချိုးက ယင်ကျင်းရှင်းကို သင်ကြားပေးတိုင်း ရွှီယွီချုံးကိုပါ ခေါ်ဆောင်လာခဲ့ပြီး သူတို့နှစ်ဦး ရင်းနှီးကျွမ်းဝင်လာစေရန် တမင်သက်သက် ကြိုးစားခဲ့သည်။

​ရွှီယွီချုံးတွင် ထူးခြားသော နောက်ခံနှင့် လျှို့ဝှက်ချက်များ ရှိနေကြောင်း သိသာလှသည်။ သူသည် သာမန်လူများ မယှဉ်နိုင်သော မျက်နှာသွင်ပြင်နှင့် အရှိန်အဝါကို ပိုင်ဆိုင်ထားသော်လည်း မိတ်ဆွေဖွဲ့ရသည်ကို မနှစ်သက်ချေ။ ဤမတိုင်မီက သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းက လီရှို့ကျန်း ဖြစ်သည်။ သို့သော်လည်း လီရှို့ကျန်း တောင်ပေါ်မှ ထွက်ခွာသွားပြီ ဖြစ်သည်။ လီချင်းချိုးက သူ့ကို ဂိုဏ်းအပေါ် ပိုမို ချစ်ခင်မြတ်နိုးစိတ် ဖြစ်ပေါ်လာစေရန် မျှော်လင့်သဖြင့် ဤကဲ့သို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

​နွေရာသီ ကုန်လွန်၍ ဆောင်းဦးရာသီသို့ ရောက်ရှိလာခဲ့ပြန်ပြီ… …

​ကောင်းကင်နှင့် မြေကြီးကြားရှိ အပူချိန်မှာ အရင်ကလို မမြင့်မားတော့ချေ။

​ညဉ့်နက်လာသည်နှင့်အမျှ ချင်းရှောင်ဂိုဏ်း၏ အဆင့်မြင့် ပုဂ္ဂိုလ်များ လင်းရှောင်ဝင်းအတွင်းသို့ တစ်ဦးပြီးတစ်ဦး ဝင်ရောက်လာကြသည်။ ရင်းနှီးကျွမ်းဝင်သောလူများ အားလုံးလည်း စုရုံးရောက်ရှိနေကြ၏။ ဂိုဏ်းက ပိုမို ကြီးထွားလာသည်နှင့်အမျှ သူတို့ အပြင်ထွက်ရန် အခွင့်အရေးများ ပို၍ ပို၍ နည်းပါးလာခဲ့သည်။ လီချင်းချိုးလိုပင် သူတို့သည်လည်း ဂိုဏ်းနှင့် ခွဲမရအောင် ချိတ်ဆက်နေကြပြီ ဖြစ်၏။

​လီချင်းချိုးကတော့ မနက်စောစောကတည်းက ခြံဝင်းအတွင်း၌ စောင့်ဆိုင်းနေခဲ့သဖြင့် အဆင့်မြင့် အရာရှိများ တစ်ဦးပြီးတစ်ဦး ရောက်လာကြပြီး သူ့ကို အရိုအသေပေးကာ ထိုင်လိုက်ကြသည်။

​အားလုံး မရောက်လာမီ သူတို့အားလုံး မိမိတို့၏ ကိုယ်ပိုင် ကိစ္စများအကြောင်း ပြောဆိုနေကြသည်။ ခန်းမဆောင် အသီးသီးကြားတွင် ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသဖြင့် သူတို့မှာ အတင်းအဖျင်း ပြောဆိုရန် အချိန်မရှိကြချေ။

​ဓားမိစ္ဆာကိုလည်း လီချင်းချိုးက ထပ်မံ ဖိတ်ကြားထား၏။ သူသည် ထောင့်တစ်နေရာတွင် တစ်ယောက်တည်း ထိုင်နေပြီး မည်သူနှင့်မျှ စကားမပြောပေ။ ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း အစွမ်းထက် မိသားစုများစွာနှင့် အဆင့်မြင့် အရာရှိများက သူ့ကို မိတ်ဆွေဖွဲ့ရန် ကြိုးစားခဲ့ကြသော်လည်း မည်သူမျှ မအောင်မြင်ခဲ့ကြချေ။ သူတို့အားလုံး စကားအနည်းငယ် ပြောရုံဖြင့် ဓားမိစ္ဆာ၏ အရှိန်အဝါကြောင့် နောက်ဆုတ်သွားခဲ့ကြရသည်။

​ရှန်ယွဲ့က ခြံဝင်းအတွင်းသို့ ဝင်လာပြီး ဓားမိစ္ဆာ၏ ဘေးတွင် သွားရောက် ထိုင်လိုက်သည်။

​ဓားမိစ္ဆာက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး…

"မင်းရဲ့ ဓားဆန္ဒက တော်တော်လေး တိုးတက်လာတာပဲ..."

​ရှန်ယွဲ့က ပြုံးလျက်….

"မင်း သင်ပေးထားတဲ့ အတ္တကင်းမဲ ဓားသိုင်းက တကယ်ကို အစွမ်းထက်တယ်... မင်း သင်ချင်လား... ငါ သင်ပေးမယ်လေ..."

​ဓားမိစ္ဆာက ခပ်တိုးတိုး ညည်းတွားလိုက်ပြီး ပြန်မဖြေခဲ့ချေ။

​လီချင်းချိုးက ရှန်ယွဲ့ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ရာ ရှန်ယွဲ့၏ ဓားဆန္ဒက အလွန် စိတ်ဝင်စားစရာ ကောင်းနေသည်ကို တွေ့လိုက်ရသည်။

​အတ္တကင်းမဲ့ဓားသိုင်းရဲ့ မူလဇစ်မြစ်က ဘာများလဲ…..

​ရှန်ယွဲ့ထံမှ ဓားမိစ္ဆာနှင့် စုန့်ချန်ရှန်း အပါအဝင် အခြား မည်သူ့ထံတွင်မျှ မရှိသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်ကို သူ အာရုံခံမိလိုက်သည်။

​သို့သော်လည်း သူသည် ယခုအချိန်တွင် ကျင့်ကြံရန် ပညာရပ်များ များလွန်းနေသဖြင့် ပညာရပ်အသစ်တစ်ခုကို သင်ယူရန် အားအင်မရှိတော့ချေ။

​ယွမ်လီနှင့် ယွင်ချိုင်တို့လည်း တစ်ဦးပြီးတစ်ဦး ရောက်လာကြသည်။ လီတုန်းယွဲ့က ယွင်ချိုင်ကို လက်ယပ်ခေါ်၍ သူ့ဘေးတွင် ထိုင်ရန် အချက်ပြလိုက်သည်။

​စုန့်ချန်ရှန်းလည်း ရောက်လာသည်။ သူမက လီချင်းချိုးကို မကျေမနပ်ဖြင့် စူးရဲစွာ ကြည့်လိုက်ပြီး လီချင်းချိုးက သူမ၏ ကျင့်ကြံခြင်းကို အနှောင့်အယှက်ပေးနေသည်ဟုသာ ခံစားနေရသည်။

​သူမက ဓားဂိုဏ်းကို တစ်လလျှင် တစ်ကြိမ်သာ လမ်းညွှန်မှုပေးမည်ဟု သဘောတူထားသော်လည်း ယခုအခါ အစည်းအဝေးများပင် တက်ရောက်ရန် အဘယ်ကြောင့် အခေါ်ခံနေရသနည်း။

​လီချင်းချိုး ဘာတွေးနေသည်ကို သူမ မြင်နိုင်ပြီး သူ့ကို တိုက်ရိုက် ငြင်းပယ်ခဲ့ပြီး ဖြစ်သည်။ သူမအနေဖြင့် ကောင်းကင်ဓားဂိုဏ်းကို လုံးဝ သစ္စာဖောက်မည် မဟုတ်ချေ။ လီချင်းချိုးက သူမ အများကြီး တွေးနေသည်ဟုသာ ပြောခဲ့သော်လည်း ယခုလို လုပ်ရပ်များက သူမ၏ အထင်ကို သက်သေပြနေသည်။

​အားလုံး ရောက်ရှိလာပြီးနောက် လီချင်းချိုးက …

"ဒီ စားပွဲတောင် အပြည့်နီးပါး ဖြစ်သွားပြီပဲ..."

​ကျန်းယွီချွန်းက ရယ်မော၍….

"စီနီယာအစ်ကို... လင်းရှောင်ဝင်းကိုလည်း ပြုပြင်မွမ်းမံသင့်ပြီလို့ ကျွန်တော် ထင်တယ်... ရွှမ်ရှင်းခန်းမက ပိုပိုပြီး ကြီးလာနေပြီဆိုတော့ လင်းရှောင်ဝင်းလည်း နောက်ကောက်ကျန်ခဲ့လို့ မဖြစ်ဘူးလေ..."

ဤအကြံပြုချက်ကို အခြားသူများကလည်း သဘောတူကြပြီး သူတို့၏ အမြင်များကို ဝင်ရောက် ဆွေးနွေးကြတော့သည်။

​ရွှမ်ရှင်းခန်းမမှာ တရားဝင် ဂိုဏ်းသားများ၏ စိတ်ဓာတ်ကို မြှင့်တင်ရန်အတွက် အသုံးပြုသော ကောင်စီနန်းတော်တစ်ခု ဖြစ်သည်။ ၎င်းကို ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှု အကျဉ်းချုပ်နှင့် တိုက်ပွဲမတိုင်မီ စိတ်ဓာတ်မြှင့်တင်ခြင်းများအတွက်သာ အသုံးပြုလေ့ ရှိသည်။

​သာမန်ရက်များတွင် ဂိုဏ်း၏ ကိစ္စရပ်များကို ဆွေးနွေးရန်အတွက် လူများက လင်းရှောင်ဝင်းသို့သာ လာရောက်လေ့ ရှိကြသည်။ သူတို့ မသိလိုက်ဘဲ လင်းရှောင်ဝင်းမှာ ချင်းရှောင်ဂိုဏ်း၏ အာဏာဖွဲ့စည်းပုံတွင် အမြင့်ဆုံး နေရာတစ်ခု ဖြစ်လာခဲ့ပြီး ရည်မှန်းချက်ကြီးမားသော ဂိုဏ်းသားများ အိပ်မက်မက်ကြသည့် နေရာတစ်ခု ဖြစ်လာခဲ့သည်။

​"ဒါဆိုရင် ဒီကိစ္စကို ခန်းမသခင်ကျန်းနဲ့ ခန်းမသခင်ကျူးတို့ပဲ ဆုံးဖြတ်လိုက်ကြပါ..."

​လီချင်းချိုးက အတည်အလင်းညွှန်ကြားနေပြီဖြစ်သောကြောင့် ကျန်းယွီချွန်းနှင့် ကျူးယန်တို့က သဘာဝကျကျပင် လက်ခံလိုက်ကြသည်။

​ချက်ချင်းပင် လီချင်းချိုး၏ အပြုံးမှာ ပျောက်ကွယ်သွားပြီး လူအုပ်ကြီးကို စူးစိုက်ကြည့်ကာ….

"မိစ္ဆာနယ်မြေနဲ့ ပတ်သက်ပြီး ငါတို့ အမြန်ဆုံး အစီအစဉ်တွေ လုပ်သင့်တယ်..."

​မိစ္ဆာနယ်မြေ!

ထိုအခါ ​လူတိုင်း၏ အပြုံးများ ပျောက်ကွယ်သွားပြီး သူတို့၏ အမူအရာများ လေးနက်သွားကြတော့သည်။

​သူတို့သည် ဝမ့်ယင်းဂိုဏ်းနှင့် ဇီယန်ကျွန်းတို့ကို အနိုင်ယူနိုင်ခဲ့သော်လည်း မိစ္ဆာနယ်မြေက သူတို့၏ ခေါင်းပေါ်တွင် ချိတ်ဆွဲထားသော ဓားတစ်လက်ကဲ့သို့ ဖြစ်နေဆဲပင်။မကြာသေးမီ နှစ်များအတွင်း ဂိုဏ်းကို တိုးချဲ့လာခဲ့ပြီး သူတို့တွင် ရွေးချယ်စရာများ ပိုမို များပြားလာသော်လည်း မိစ္ဆာနယ်မြေကို တွေးမိတိုင်း ဖိအားများကို ခံစားနေရဆဲပင်။

​မိစ္ဆာနယ်မြေမှ ထွက်လာသော မိစ္ဆာအချို့နှင့် မကောင်းဆိုးဝါး အချို့ပင် မြောက်ပိုင်းနယ်စပ်နှင့် ကိုးပြည်ထောင်နယ်မြေကို ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်ပေသည်။ အကယ်၍ မိစ္ဆာနယ်မြေကသာ တောင်ပိုင်းကို အလုံးအရင်းဖြင့် ကျူးကျော်ဝင်ရောက်လာပါက မည်မျှ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းမျိုး ဖြစ်လာမည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။

​လီချင်းချိုးက ရှောင်ဝူချင်းကို အချက်ပြလိုက်တော့ သူ့နောက်တွင် မတ်တတ်ရပ်နေသော ရှောင်ဝူချင်းက ချက်ချင်းပင်….

"မိစ္ဆာတစ်သောင်း တောင်တန်းရှေ့က ဂိုဏ်းသားတွေဆီက သတင်းအရ မိစ္ဆာတစ်သောင်း တောင်တန်းရဲ့ အနောက်ဘက်မှာ ထူးခြားတဲ့ လှုပ်ရှားမှုတွေ ရှိနေပါတယ်... လျှို့ဝှက်ဆန်းကြယ်တဲ့ မိစ္ဆာကြီးတစ်ကောင် ကောင်းကင်အတိဒုက္ခ ဖြတ်ကျော်နေပုံ ရပြီး အတိဒုက္ခရဲ့ စွမ်းအားက အင်မတန် ကြောက်မက်ဖွယ်ကောင်းပါတယ်..." ဟု လျှောက်တင်လိုက်သည်။

​မိစ္ဆာတစ်သောင်း တောင်တန်းမှာ မြောက်ဘက်ရှိ ခမ်းနားထည်ဝါသော တောင်တန်းကြီးတစ်ခု ဖြစ်ပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေသော ကောင်းကင်တံခါးကြီးတစ်ခုနှင့် ဆင်တူသည်ဖ။ ၎င်းသည် ကိုးပြည်ထောင်နယ်မြေနှင့် အလွန်တရာ ဝေးကွာလှပြီး သာမန်လူများအနေဖြင့် တစ်သက်တာလုံး အချိန်ယူ၍ သွားရောက်ရန်ပင် ခက်ခဲလှပေသည်။

​မိစ္ဆာတစ်သောင်း တောင်တန်း၏ အခြားတစ်ဖက်တွင် မိစ္ဆာများနှင့် မကောင်းဆိုးဝါးများ၏ နယ်မြေ ရှိနေပြီး ထိုနေရာမှ ထွက်ပေါ်လာသော မိစ္ဆာများနှင့် တစ္ဆေများ၏ အရှိန်အဝါများက ချင်းရှောင်ဂိုဏ်း၏ သတင်းပေး ဂိုဏ်းသားများကို အနီးသို့ မချဉ်းကပ်ဝံ့အောင် ဟန့်တားထားသည်။

​ရွှယ်ကျင်းက မျက်မှောင် ကြုတ်၍….

"ဂိုဏ်းချုပ်... ကျွန်တော်တို့ အရင် စတင် တိုက်ခိုက်ဖို့ စဉ်းစားထားပါသလား..."

​လီချင်းချိုး စကားမပြောနိုင်မီ ချူကျင်းက အရင် ဝင်ဖြေလိုက်သည်။

"မလုပ်သင့်ဘူး... မိစ္ဆာတစ်သောင်း တောင်တန်းအတွင်းက မိစ္ဆာစွမ်းအင်တွေက ပုံမှန် မဟုတ်ဘူး... ဝမ့်ယင်းဂိုဏ်းရဲ့ စစ်တပ်တောင် မယှဉ်နိုင်တဲ့ အရှိန်အဝါမျိုးပဲ... ချင်းရှောင်ဂိုဏ်းရဲ့ လက်ရှိ အခြေခံအုတ်မြစ်နဲ့ဆိုရင် ထိပ်တိုက် ရင်ဆိုင်ဖို့ မလုံလောက်သေးဘူး..."

​စုန့်ချန်ရှန်းက နှာမှုတ်၍….

"အရင် စတင် တိုက်ခိုက်မယ် ဟုတ်လား... နင်တို့က သေချင်နေတာပဲ... နင်တို့ရဲ့ ချင်းရှောင်ဂိုဏ်းမှာ ကောင်းကင်နေမင်းနယ်ပယ်က ကြီးမြတ်တဲ့ ကျင့်ကြံသူ နှစ်ယောက်ကလွဲရင် တခြား ဘာရှိသေးလို့လဲ..." ဟု ဆိုလိုက်ရာ ဤစကားများက အနည်းငယ် အနေရခက်သွားစေသည်။

​ချင်းရှောင်ဂိုဏ်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ပါရမီရှင်များစွာ လျင်မြန်စွာ ကြီးထွားလာခဲ့သော်လည်း ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှု အချိန်က အမှန်တကယ်ပင် တိုတောင်းလွန်းလှ၏။ ပါရမီရှင်များပင်လျှင် ဤမျှ တိုတောင်းသော အချိန်အတွင်း ကောင်းကင်နေမင်းနယ်ပယ်သို့ မရောက်ရှိနိုင်ကြသေးချေ။

​လူအများ မသိလိုက်ဘဲ ကောင်းကင်နေမင်းနယ်ပယ်မှာ ချင်းရှောင်ဂိုဏ်းတွင် တိုက်ပွဲဝင်စွမ်းအားကို တိုင်းတာသည့် အတိုင်းအတာတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်၏။

​လီချင်းချိုးက….

"အရင် စတင် တိုက်ခိုက်တာက မသင့်တော်ပေမဲ့ ဒီအတိုင်း ထိုင်စောင့်နေဖို့ကလည်း မဖြစ်နိုင်ဘူး... မင်းတို့ အားလုံး တန်ပြန် တိုက်ခိုက်မယ့် အစီအစဉ်တွေကို စဉ်းစားကြပါ... အဆုံးအစမရှိတဲ့ မိစ္ဆာတွေ တောင်ဘက်ကို ချီတက်လာပြီဆိုရင် နေရာအနှံ့အပြားမှာ ဒုက္ခရောက်ကြရမှာ သေချာတယ်..."

​လီချင်းချိုး သတ်မှတ်ပေးပြီးနောက် လူတိုင်း လမ်းကြောင်းတစ်ခု ရရှိသွားပြီး သူတို့၏ အကြံပြုချက်များကို စတင် တင်ပြကြတော့သည်။

​စုန့်ချန်ရှန်းက ဤအရာများကို ပျင်းစရာကောင်းသည်ဟု ထင်မြင်နေပြီး လီချင်းချိုး အဘယ်ကြောင့် ချင်းရှောင်ဂိုဏ်းကို ဤနေရာတွင် တည်ထောင်ရန် ရွေးချယ်ခဲ့သည်ကို သူမ လုံးဝ နားမလည်နိုင်ချေ။

​သူမတို့၏ ကောင်းကင်ဓားဂိုဏ်းပင် ကိုးပြည်ထောင်နယ်မြေမှ ထွက်ပြေးလာခဲ့ပြီး မိုးပြာနဂါးနယ်မြေသို့ ရောက်ရှိပြီးနောက် ပြန်လည် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။

​မည်သည့် ရှုထောင့်မှ ကြည့်စေကာမူ ကိုးပြည်ထောင်နယ်မြေမှာ မိုးပြာနဂါးနယ်မြေကို မယှဉ်နိုင်ချေ။

​စုန့်ချန်ရှန်း၏ အမြင်တွင် မိုးပြာနဂါးနယ်မြေမှာ ဤကျယ်ပြောလှသော တိုက်ကြီး၏ စစ်မှန်သော ဗဟိုချက် ဖြစ်ပြီး လီချင်းချိုးလို ပါရမီရှင်တစ်ဦး ထိုနေရာသို့ မသွားခြင်းမှာ တကယ်ကို နှမြောစရာ ကောင်းလှပေသည်။

ကျန်းယွီချွန်းက မြောက်ပိုင်းနယ်စပ်၏ မြောက်ဘက်တွင် တံတိုင်းကြီးတစ်ခု တည်ဆောက်ရန်၊ ၎င်းပေါ်တွင် မြောက်ပိုင်းနယ်စပ်ကို ကာကွယ်ရန်အတွက် အစီအရင်များ ထားရှိရန်နှင့် တစ်ဆက်တည်းမှာပင် ရွှမ်မင်းဆက်အတွက် အကာအကွယ်နယ်မြေတစ်ခု ဖန်တီးပေးရန် အကြံပြုလိုက်သည်။

တံတိုင်းကြီး တည်ဆောက်ရာတွင် ချင်းရှောင်ဂိုဏ်း၏ အကူအညီ မလိုအပ်ဘဲ ရွှမ်မင်းဆက်နှင့် မြောက်ပိုင်းနန်းတော်တို့ ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်ပေသည်။

​ထိုအကြံပြုချက်ကို အဆင့်မြင့် အရာရှိများစွာက သဘောတူခဲ့ကြသည်။ မည်သို့ပင်ဆိုစေ နယ်မြေ ကျယ်ပြောလှပြီး ရှေ့တန်း ကာကွယ်ရေးလိုင်းတစ်ခု မရှိပါက မိစ္ဆာနယ်မြေကို ထိပ်တိုက် ရင်ဆိုင်လျှင်တောင် မိစ္ဆာများစွာက အရပ်သားများကိုဆီသို့ ကျူးကျော်ဝင်ရောက်လာနိုင်သေးသည်။

​လီချင်းချိုးက ထိုသို့ ပြုလုပ်ခြင်းမှာ အရင်းအမြစ်များနှင့် လူအင်အားကို ဖြုန်းတီးရာရောက်သည်ဟု ခံစားရသော်လည်း အနာဂတ်တွင် မိစ္ဆာနယ်မြေကို ရင်ဆိုင်ရန်အတွက် အချို့သော စွန့်လွှတ်အနစ်နာခံမှုများ လိုအပ်ပေသည်။ ဤသည်က ပြည်သူများအတွက်လည်း ဖြစ်သည်။

ထို့ကြောင့် သူက သဘောတူလိုက်ပြီး ချူကျင်းကို ဤကိစ္စအတွက် တာဝန်ခံအဖြစ် ခန့်အပ်လိုက်သည်။

​အခြားသူများကလည်း အသုံးဝင်သော အကြံပြုချက်များစွာကို တင်ပြခဲ့ကြပြီး လီချင်းချိုးက ၎င်းတို့ကို တစ်ခုပြီးတစ်ခု လက်ခံခဲ့သည်။

​မိစ္ဆာနယ်မြေအကြောင်း ဆွေးနွေးပြီးနောက် လီချင်းချိုးက….

"ဓမ္မညီလာခံအပြင် စစ်မှန်တဲ့ မျိုးဆက် တပည့်တွေအတွက် ပြိုင်ပွဲတစ်ခုကိုလည်း တည်ထောင်ဖို့ ငါ စီစဉ်ထားတယ်... တရားဝင် ဂိုဏ်းသားတွေနဲ့ သဘာဝလွန် စွမ်းရည်ရှိတဲ့ ဂိုဏ်းသားတွေ အားလုံးက အစွမ်းထက်ဆုံးသူကို ရွေးချယ်ဖို့ ဒီသိုင်းပညာပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်တယ်... ဆုချီးမြှင့်မယ့် စနစ်ကိုတော့ ဆွေးနွေးရဦးမယ်... စစ်မှန်တဲ့ မျိုးဆက် တပည့်တွေရဲ့ ပြိုင်ပွဲကို အနှစ်ငါးဆယ်မှာ တစ်ကြိမ် ကျင်းပမယ်... မင်းတို့ ဘယ်လို ထင်လဲ..."

​စစ်မှန်သော မျိုးဆက်များ၏ ပြိုင်ပွဲ!

​အဆင့်မြင့် ပုဂ္ဂိုလ်များ စိတ်အားထက်သန်သွားကြသည်။ သူတို့တွေ ကြိုတင်၍ ကောလာဟလများ ကြားခဲ့ရသော်လည်း လီချင်းချိုး အမှန်တကယ် ကြေညာလိုက်ချိန်တွင် စိတ်လှုပ်ရှားနေကြဆဲပင်။

ဓမ္မညီလာခံကိုမူလအားဖြည့်နယ်ပယ်ရှိ ဂိုဏ်းသားများအတွက်သာ ကျင်းပခြင်း ဖြစ်ပြီး သုံးကြိမ် ကျင်းပပြီးနောက်တွင် ငြီးငွေ့လာကြပြီး ကလေးကစားစရာကဲ့သို့ ခံစားလာကြသည်။ သို့သော်လည်း စစ်မှန်သော မျိုးဆက် တပည့်များ၏ ပြိုင်ပွဲကတော့ ကွာခြားသည်။ တရားဝင် ဂိုဏ်းသားများအားလုံး ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ရာ ဤသည်မှာ စစ်မှန်သော ဉာဏ်ပညာနှင့် ခွန်အားတို့၏ တိုက်ပွဲတစ်ခု ဖြစ်လာပေမည်။

​ဂိုဏ်း၏ စစ်မှန်သော နံပါတ်တစ် တပည့်က ဘယ်သူ ဖြစ်မလဲ။

​ယွင်ချိုင်၏ မျက်လုံးများ အရောင်လက်သွားပြီး စိတ်လှုပ်ရှားလာသည်။

​လီစစ်ကျင်က မနေနိုင်ဘဲ… "အနှစ်ငါးဆယ် ဆိုတာ အရမ်း မကြာလွန်းဘူးလား..." ဟု မေးလိုက်သည်။

​ဘယ်တော့မှ စာရင်းသွင်းခွင့် မရနိုင်သော ဂိုဏ်းသားများအတွက် အနှစ်ငါးဆယ်ဆိုသည်မှာ သူတို့၏ ဘဝသက်တမ်း တစ်ဝက် သို့မဟုတ် ဘဝတစ်လျှောက်လုံးပင် ဖြစ်နေနိုင်ပေသည်။

​လီချင်းချိုးက သူမကို ကြည့်ကာ …

"ငါတို့က ကျင့်ကြံရေးဂိုဏ်း တစ်ခုပါ၊ သာမန် သိုင်းပညာဂိုဏ်း မဟုတ်ဘူး... ငါတို့ ဂိုဏ်းသားတွေရဲ့ အချိန်အပေါ် အမြင်ကို ပြောင်းလဲပစ်ရမယ်... ပြီးတော့ အနှစ်ငါးဆယ်အတွင်းမှာ ပိုပြီး ကြီးမားတဲ့ ပြောင်းလဲမှုတွေ ရှိလာမှာမို့လို့ ဒီပြိုင်ပွဲက ပိုပြီး အဓိပ္ပာယ်ရှိလာလိမ့်မယ်..."

​ထိုစကားကို အားလုံးကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြပြီး ဓမ္မညီလာခံကို ဆယ်နှစ်တစ်ကြိမ် ကျင်းပခဲ့သဖြင့် စစ်မှန်သော မျိုးဆက်များ၏ ပြိုင်ပွဲကို အချိန်ပိုမို ကြာမြင့်စွာ ကျင်းပသင့်ကြောင်း ပြောဆိုကြသည်။

​ယန်ကျွယ်တိန်က စူးစမ်းလိုစိတ်ဖြင့်… "ပထမဆုံး ပြိုင်ပွဲက ဘယ်တော့ စမှာလဲ..."

​ "နောက်ထပ် ဆယ့်ငါးနှစ် နေရင်ပေါ့..."

လီတုန်းယွဲ့က မျက်ခုံးပင့်ကာ….

"ဆယ့်ငါးနှစ် နေရင်ဆိုတာ အစ်ကို ချင်းရှောင်ဂိုဏ်းကို လွှဲပြောင်းရယူခဲ့တာ အနှစ်ငါးဆယ် တိတိ ပြည့်တဲ့ အချိန် မဟုတ်ဘူးလား..." ဟု မေးလိုက်လေသည်။

​

All Chapters