အခန်း ၃၇၉
Vol. 38 Ch. 379
အခန်း( ၃၇၉ ) မသေမျိုးဂိုဏ်းများနှင့် သိုင်းလောက
စစ်မှန်သော မျိုးဆက် တပည့်များ၏ ပြိုင်ပွဲကို ကျင်းပရန် ဆုံးဖြတ်လိုက်ပြီးနောက် ချင်းရှောင်ဂိုဏ်း တစ်ခုလုံး လှုပ်ခတ်သွားခဲ့ပြီး ဓမ္မညီလာခံအတွက် အာရုံစိုက်မှုများကို ချက်ချင်းပင် လုယူသွားတော့သည်။
စစ်မှန်သော မျိုးဆက်များ၏ ပြိုင်ပွဲ စည်းမျဉ်းများကို ထုတ်ဖော်ပြသလိုက်သည်နှင့် ဓမ္မညီလာခံက အရေးမပါတော့သကဲ့သို့ ဖြစ်သွားပြီး ထိုပြိုင်ပွဲကသာ မိမိကိုယ်ကိုယ် သက်သေပြရန် စစ်မှန်သော အခွင့်အရေး ဖြစ်လာခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်း သုံးနှစ် ကုန်လွန်သွားခဲ့သည်……..
ထိုနှစ်တွင် လီချင်းချိုး အသက် ငါးဆယ့်လေးနှစ် ပြည့်တော့မည် ဖြစ်ပြီး နောက်တစ်ကြိမ် ဓမ္မညီလာခံ ကျင်းပရန် နှစ်နှစ်သာ လိုတော့သည်။ထို့ကြောင့် ဂိုဏ်းသားများ၏ အာရုံစိုက်မှုကို နောက်ဆုံးတွင် ပြန်လည် ရရှိလာခဲ့သည်။
ဓမ္မညီလာခံသည် စစ်မှန်သော မျိုးဆက် တပည့်များ၏ ပြိုင်ပွဲလောက် ဂုဏ်သတင်း မကြီးမားသော်လည်း ၎င်းမှာ ဂိုဏ်းသားသစ်များအတွက် အကျိုးအမြတ်များနှင့် ဂုဏ်သတင်းများ ရရှိရန် အကောင်းဆုံးသော အခွင့်အရေးပင် ဖြစ်သည်။ ဓမ္မညီလာခံ စတင်တော့မည်နှင့်တစ်ပြိုင်နက် ဂိုဏ်းသားများစွာက ပါဝင်ယှဉ်ပြိုင်ရန် အဆက်မပြတ် စာရင်းပေးသွင်းကြတော့သည်။
နွေရာသီအစောပိုင်းတွင် ကျန်းယွီချွန်းက လီချင်းချိုးထံသို့ အခြေအနေများကို အစီရင်ခံရန် လင်းရှောင်ဝင်းသို့ ရောက်ရှိလာခဲ့သည်။
သုံးနှစ်ကြာ ပြုပြင်မွမ်းမံပြီးနောက် လင်းရှောင်ခြံဝင်း ပိုမို ကျယ်ဝန်းလာသည်။ ဤနေရာတွင် ရှည်လျားသော စားပွဲသုံးခုကို ထားရှိထားပြီး လီချင်းချိုးက အမြင့်ဆုံးသော အဆောက်အအုံရှေ့တွင် ထားရှိသည့် အဓိက စားပွဲတွင် ထိုင်ကာ ခမ်းနားထည်ဝါမှုကို ထုတ်ဖော်ပြသနေသည်။
သူသည် ထိုင်ခုံတွင် မှီ၍ ညင်သာစွာ လွှဲယမ်းရင်း အလွန် ကျေနပ်နေပုံ ရသည်။
ကျန်းယွီချွန်း၏ အစီရင်ခံစာအရ ချင်းရှောင်ဂိုဏ်း၏ တရားဝင် စာရင်းသွင်းထားသော ဂိုဏ်းသား အရေအတွက် တစ်သိန်းကျော်သွားခဲ့ပြီ ဖြစ်ပြီး စစ်မှန်သော မျိုးဆက် တပည့် အရေအတွက်မှာလည်း တစ်သောင်းရှစ်ထောင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိနေသော ဂိုဏ်းသားပေါင်း ခုနစ်ရာကျော်ပင် ရှိနေပြီ ဖြစ်၏။
လူခုနစ်ရာဆိုသည်မှာ ထည့်သွင်းစဉ်းစားရမည့် အရေအတွက်တစ်ခု ဖြစ်ပြီး နှစ်ပေါင်း တစ်ရာ၊ နှစ်ရာခန့် တည်ထောင်ထားသော ကျင့်ကြံရေးဂိုဏ်း အများအပြားနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။ ချင်းရှောင်ဂိုဏ်းက ကိုးပြည်ထောင်နယ်မြေတွင် အခြေစိုက်ထားသော်လည်း အန္တရာယ်များသော အနောက်ဘက် နယ်စပ်နှင့် တောင်ဘက်ရှိ ထျန်းမင်ပင်လယ်တို့မှ ကျင့်ကြံရေး အရင်းအမြစ်များကို အဆက်မပြတ် ရရှိနိုင်ပေသည်။
နေ့စဉ်နေ့တိုင်း အရပ်မျက်နှာ အနှံ့အပြားမှ ချင်းရှောင်ဂိုဏ်းအတွင်းသို့ ဝိညာဉ်ကျောက်တုံး တစ်သန်းကျော် တင်ပို့နေပြီး အခြားသော အရင်းအမြစ်များ၏ ပမာဏမှာလည်း အလွန် များပြားလှသည်။
အကယ်၍ ချင်းရှောင်ဂိုဏ်းက ဂိုဏ်းသားများကို ဆက်လက် မစုဆောင်းတော့လျှင်ပင် ၎င်း၏ လက်ရှိ အရင်းအမြစ်များနှင့် ဝင်ငွေများမှာ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရန် လုံလောက်လှပေသည်။ သို့သော်လည်း လီချင်းချိုးက လက်ရှိ အခြေအနေကိုသာ ထိန်းသိမ်းထားလိုခြင်း မရှိချေ။ သူ့သဘောထားက ချင်းရှောင်ဂိုဏ်း မည်သို့ လည်ပတ်မည်ကို အဆုံးအဖြတ်ပေးပြီး လူတိုင်း အတူတကွ ရှေ့သို့ ချီတက်နေကြခြင်း ဖြစ်သည်။
လီချင်းချိုးကတော့ချင်းရှောင်ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အတော်အတန် ကျေနပ်နေမိသည်။ ချင်းရှောင်ဂိုဏ်းတွင် သာမန် ဂိုဏ်းသားများအဖြစ် သတ်မှတ်ထားသော တရားဝင် စာရင်းသွင်း ဂိုဏ်းသား တစ်သိန်းသာ ရှိသော်လည်း တကယ့် အရေအတွက်မှာ ခြောက်သိန်းအထိ ရောက်ရှိနေပြီ ဖြစ်၏။ အကယ်၍ ဂိုဏ်းသားများက စုဆောင်းနိုင်သော စွမ်းအားများကိုပါ ထည့်သွင်း တွက်ချက်မည်ဆိုပါက အရေအတွက်မှာ ခန့်မှန်း၍ပင် မရနိုင်တော့ချေ။
"မကြာသေးမီက ကိုးပြည်ထောင်နယ်မြေမှာ နည်းနည်း မတည်မငြိမ် ဖြစ်နေတယ်... သိုင်းလောကမှာ လူတစ်ယောက် ပေါ်လာပြီး ဂိုဏ်းငယ်လေးတွေကို ပြဿနာ သွားရှာနေတယ်..."
ကိုးပြည်ထောင်နယ်မြေနှင့် မြောက်ပိုင်းနယ်စပ်တွင် ကျင့်ကြံရေး ဂိုဏ်းငယ်လေးများစွာ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ ဤဂိုဏ်းများအားလုံးက ချင်းရှောင်ဂိုဏ်းမှ မြစ်ဖျားခံလာခြင်း ဖြစ်ပြီး ချင်းရှောင်ဂိုဏ်းကို အရာအားလုံးထက် ပို၍ လေးစားတန်ဖိုးထားကြသည်။ စည်းကမ်းဖောက်ဖျက်သူများကို ချင်းရှောင်ဂိုဏ်းက အရေးယူထားပြီး ဖြစ်သဖြင့် သူတို့မှာ ယေဘုယျအားဖြင့် ဥပဒေကို လိုက်နာကြသူများ ဖြစ်ကြသည်။
လီချင်းချိုးက…
"သူတို့တွေ အပြစ်ကင်းတဲ့ အရပ်သားတွေကို အန္တရာယ် မပေးသရွေ့ ဒါမှမဟုတ် ဂိုဏ်းရဲ့ အကျိုးစီးပွားကို မထိခိုက်သရွေ့တော့ သူတို့ကို ဒီအတိုင်း ဆူပူခွင့် ပေးထားလိုက်ပါ... ချင်းရှောင်ဂိုဏ်းမှာ အဲဒီ ဂိုဏ်းငယ်လေးတွေကို ကာကွယ်ပေးရမယ့် တာဝန် မရှိဘူး..."
ကျန်းယွီချွန်းက ခေါင်းညိတ်လိုက်ပြီး ထိုကိစ္စကို သိပ်အာရုံမစိုက်တော့ပေ။
လက်ရှိအဆင့်တွင် လူနည်းစု၏ အဖြစ်ဆိုးများကို သနားညှာတာနေနိုင်စွမ်း မရှိတော့ချေ။ ထို့အပြင် ကျေးဇူးတရားနှင့် နာကြည်းမှု ကိစ္စများတွင် မည်သူက အမှန်၊ မည်သူက အမှား ဆိုသည်ကို မည်သို့ ခွဲခြားနိုင်မည်နည်း။
ထို့နောက် ချက်ချင်းပင် ကျန်းယွီချွန်းက နှုတ်ဆက်၍ ထွက်ခွာသွားခဲ့သည်။
မကြာမီမှာပင် ချူကျင်း ရောက်ရှိလာသည်။
"ဂိုဏ်းချုပ်... ထိုက်ယာ စံအိမ်တော်က ကျွန်တော်တို့ကို အလည်အပတ် လာဖို့နဲ့ ကျွန်တော်တို့ ဂိုဏ်းနှစ်ခုကြားက ဆက်ဆံရေးကို ပိုမို ခိုင်မာအောင် လုပ်ဖို့ ဖိတ်ကြားထားပါတယ်..."
ထိုက်ယာ စံအိမ်တော်ဆိုသည်မှာ အန္တရာယ်များသော အနောက်ဘက် နယ်မြေနှင့် မိုးပြာနဂါးနယ်မြေကြားတွင် တည်ရှိသော ကျင့်ကြံရေး ဂိုဏ်းများထဲမှ တစ်ခု ဖြစ်သည်။ ထိုကျယ်ပြောလှသော နယ်မြေတွင် ကျင့်ကြံရေး ဂိုဏ်းများစွာ အခြေစိုက်ထားကြ၏။
ချင်းရှောင်ဂိုဏ်းက ဝမ့်ယင်းဂိုဏ်းကို အနိုင်ယူလိုက်ကြောင်း ကြားသိရသောအခါ ထိုက်ယာ စံအိမ်တော်က ချင်းရှောင်ဂိုဏ်းကို ကိုယ်တိုင်ကိုယ်ကျ လာရောက် ရှာဖွေခဲ့ပြီး ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကာ အရင်က ဝမ့်ယင်းဂိုဏ်းကြောင့် သူတို့ အများကြီး ဒုက္ခရောက်ခဲ့ရကြောင်း ပြောဆိုခဲ့ကြသည်။ ချင်းရှောင်ဂိုဏ်း၏ အောင်ပွဲက သူတို့အတွက် ဒေါသဖြေစရာ နည်းလမ်းတစ်ခု ဖြစ်ခဲ့ပေသည်။
အခြားသူများက ငွေကြေးများဖြင့် လမ်းခင်းပေးသည်ကို လီချင်းချိုးကလည်း သဘာဝကျကျပင် ကြိုဆိုခဲ့သည်။
ကြိုဆိုသော်ငြားလည်း ကျင့်ကြံရေးလောကတွင် လုံးဝ ကောင်းမွန်ခြင်း သို့မဟုတ် ဆိုးရွားခြင်း ဆိုသည်မှာ မရှိကြောင်း ခံစားနေရဆဲပင်။ ထိုက်ယာ စံအိမ်တော်က မည်သို့သော အကြံအစည်များကို ဖုံးကွယ်ထားသည်ကို သူ မသိသော်လည်း သတိထားရမည်သာ ဖြစ်၏။
"ယန်ကျွယ်တိန်ကို လူတချို့ ခေါ်သွားခိုင်းလိုက်... တတိယညီငယ်နဲ့ နင်းအာတို့ကိုလည်း သူ့နဲ့အတူ လိုက်သွားခိုင်းလိုက်..."
ချူကျင်းက ခေါင်းညိတ်လိုက်ပြီး လှည့်၍ ထွက်ခွာရန် ပြင်လိုက်ချိန်တွင် လီချင်းချိုးက ရုတ်တရက်… "လူပြောင်းလိုက်... နင်းအာ့ အစား ရွှယ်ကျင်းကို သွားခိုင်းလိုက်..." ဟု အမိန့်ပေးလိုက်သည်။
ချူကျင်းက ကောလာဟလ တစ်ခုကို တွေးမိသွားပြီး တစ်မျိုးတစ်ဖုံ ဖြစ်သွားကာ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
လီချင်းချိုးက လင်းရှောင်ဝင်းသို့ မည်သူမျှ မလာကြောင်း သေချာစေရန် ဝိညာဉ်အသိအာရုံဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ပြီးနောက်မှ ထ၍ ထွက်ခွာသွားခဲ့သည်။
သူသည် အထွတ်အထိပ် လှုပ်ရှားမှု ပညာရပ်ကို အသုံးပြု၍ ဝိဉာဉ်တစ်ထောင်သစ်ပင် အောက်ခြေသို့ ချက်ချင်း ရောက်ရှိသွားကာ သစ်ပင်အောက်တွင် တင်ပျဉ်ခွေ ထိုင်နေသော ယင်ကျင်းရှင်းအပေါ်သို့ အကြည့်ရောက်သွားသည်။
သုံးနှစ်အကြာတွင် ယင်ကျင်းရှင်းတယောက် ဝိညာဉ်အသိအာရုံအဆင့်သို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်ပြီး ချင်းရှောင်ဂိုဏ်း သမိုင်းတွင် အသက်အငယ်ဆုံး ဝိညာဉ်အသိအာရုံအဆင့် ဂိုဏ်းသား ဖြစ်လာခဲ့သည်။ လီချင်းချိုးက ဤကိစ္စကို လူသိရှင်ကြား ဖြစ်စေရန် သတိပေးစာများ ကပ်ခိုင်းခြင်းဖြင့် သူ့ကို ရာထူးတိုးပေးခဲ့သဖြင့် ယင်ကျင်းရှင်းလည်း ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် ဟူသော ဘွဲ့အမည်ကို ရရှိသွားတော့သည်။
စစ်မှန်သော မျိုးဆက် တပည့်များ၏ ပြိုင်ပွဲတွင် သူ မည်မျှအထိ ခရီးရောက်မည်ကို လူတိုင်းက စတင် တွေးတောလာကြသည်။
ယင်ကျင်းရှင်းသည် ယခုအခါ အသက် ဆယ်နှစ်သာ ရှိသေးသည်။
ယင်ကျင်းရှင်း အရွယ်ရောက်လာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်အတွင်းရှိ ယန်စွမ်းအား မီးလျှံများ တိုးပွားလာမှုနှုန်း ပို၍ ပို၍ မြန်ဆန်လာပြီး ယန်စွမ်းအား မီးလျှံများအပေါ် ကျွမ်းကျင်မှုကလည်း အံ့မခန်း တိုးတက်လာကြောင်း လီချင်းချိုး တွေ့ရှိလိုက်ရသည်။
သူသည် လက်သီးများနှင့် ခြေထောက်များကိုသာ အသုံးပြုနေဆဲ ဖြစ်သော်လည်း ယင်ကျင်းရှင်း၏ တိုက်ခိုက်ရေး စွမ်းရည်မှာ ချဲ့ကားပြောရလောက်အောင်ပင် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ခဲ့ရသည်။
လီချင်းချိုးက ရွှီယွီချုံးကို မည်မျှပင် သွန်သင်ပေးပါစေ၊ ရွှီယွီချုံးနှင့် ယင်ကျင်းရှင်းကြားက ကွာဟချက်က ပို၍ ပို၍ သိသာထင်ရှားလာခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ရွှီယွီချုံးက ဤအကြောင်းကြောင့် ယုံကြည်မှု ပျောက်ဆုံးသွားခြင်း မရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် ချင်းရှောင်ဂိုဏ်းအပေါ် သစ္စာစောင့်သိမှုမှာ ပိုမို အားကောင်းလာခဲ့သည်။
သုံးနှစ်ကြာ ကြီးထွားလာပြီးနောက် ယင်ကျင်းရှင်းတယောက် အရပ်ပိုရှည်လာပြီး ပိုမို ချောမောလာသည်။
သူ မျက်လုံးဖွင့်လိုက်တော့ ဆရာဖြစ်သူ ချဉ်းကပ်လာသည်ကို မြင်သောအခါ ပြုံးလိုက်ပြီး ချက်ချင်းပင် သွားရောက် နှုတ်ဆက်လိုက်သည်။
"ဆရာ... ဒီနေ့ ကျွန်တော့်ကို အထွတ်အထိပ် လှုပ်ရှားမှု ပညာရပ် သင်ပေးရမှာ မဟုတ်ဘူးလား..."
ယင်ကျင်းရှင်းက လီချင်းချိုး၏ အင်္ကျီလက်ကို ဆွဲ၍ လှုပ်ယမ်းကာ တောင်းဆိုလိုက်သည်။
သူသည် အခြားသော မှော်ပညာများကို စိတ်မဝင်စားသော်လည်း လီချင်းချိုး၏ ခြေရာခံရခက်သော နေရာရွှေ့ပြောင်းခြင်း ပညာရပ်ကို အလွန် နှစ်သက်သည်။
လီချင်းချိုးက ထိုအတွေးကလည်း ကောင်းမွန်သည်ဟု ထင်မြင်မိသည်။ အကယ်၍ သူသာ ဤလှုပ်ရှားမှု ပညာရပ်ကို ကျွမ်းကျင်သွားပါက ရန်သူ၏ အနီးသို့ ချဉ်းကပ်သွားရုံဖြင့် ရန်သူကို သတ်ဖြတ်နိုင်မည် ဖြစ်ရာ ဤသည်မှာ အလွန် ထိရောက်မှု ရှိလှပေသည်။
လီချင်းချိုးက ခေါင်းညိတ်ပြပြီး …
"အထွတ်အထိပ် လှုပ်ရှားမှု ပညာရပ်က အဲဒီလောက် မရိုးရှင်းဘူးနော်... ကြိုတင် ပြင်ဆင်ထား..."
"ကျွန်တော်က ငယ်ပါသေးတယ်... ဆယ်နှစ် မလုံလောက်ရင် အနှစ်နှစ်ဆယ်ပေါ့.. အဲဒါကို သေချာပေါက် တတ်အောင် သင်မှာပါ... စစ်မှန်တဲ့ မျိုးဆက်တွေရဲ့ ပြိုင်ပွဲ စတင်တဲ့အခါ ဆရာ့အတွက် သေချာပေါက် ဂုဏ်ဆောင်ပေးမှာပါ..."
စစ်မှန်သော မျိုးဆက်များ၏ ပြိုင်ပွဲ ကျင်းပရန် ဆယ့်နှစ်နှစ် လိုသေးသည်။ အကယ်၍ အခြားသူတစ်ယောက်ယောက်က ဤစကားကို ပြောပါက လီချင်းချိုး ယုံကြည်မည် မဟုတ်သော်လည်း ဤကလေးအပေါ်တွင်တော့ အမှန်တကယ်ပင် မျှော်လင့်ချက် ကြီးကြီးမားမား ရှိနေမိသည်။
လီချင်းချိုးသည် အဓိကအားဖြင့် တုနှိုင်းမဲ့ယန်ဓာတ်ခန္ဓာကိုယ်နှင့် ဖျက်ဆီးမရသောအရှင်သခင်ခန္ဓာကိုယ်တို့ ထိပ်တိုက် တွေ့ဆုံပါက မည်သို့ ဖြစ်လာမည်ကို သိချင်နေခြင်း ဖြစ်ပြီး ၎င်းမှာ သေချာပေါက် အလွန် စိတ်လှုပ်ရှားစရာ ကောင်းပေလိမ့်မည်။
ရိုးရိုးသားသား ပြောရလျှင် ယွမ်လီနှင့် ယင်ကျင်းရှင်းတို့ကြားတွင် ပြောပြ၍မရသော ပြိုင်ဆိုင်မှုတစ်ခု ရှိနေကြသည်။
ယွမ်လီသည် ကျင့်ကြံရာတွင်သာ အလုပ်ရှုပ်နေပြီး ယင်ကျင်းရှင်းကို တွေ့ရခဲသလို ယင်ကျင်းရှင်းကလည်း အခြားသော စီနီယာ အစ်ကို၊ အစ်မများထံသို့ သွားရောက် လည်ပတ်တတ်သော်လည်း ယွမ်လီထံသို့ မသွားခဲ့ချေ။
ရှေးဟောင်း သန့်စင်သော ခန္ဓာကိုယ်များကြားတွင် ဆက်သွယ်မှု တစ်ခုခုများ ရှိနေသလော…
လီချင်းချိုး ဤကိစ္စကို တွေးတောနေစဉ် ယင်ကျင်းရှင်းနောက်သို့ လိုက်၍ မြက်ခင်းပြင်ဆီသို့ သွားကာ အထွတ်အထိပ် လှုပ်ရှားမှု ပညာရပ်၏ ကျင့်ကြံရေး နည်းလမ်းကို စတင် သင်ကြားပေးခဲ့သည်။
တစ်ချိန်တည်းမှာပင်…..
အဝေးရှိ ထျန်းချင်းမသေမျိုးဂိုဏ်းတွင် လင်းရွှင်းဖုန်းတယောက် အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုနှင်ြ ရင်ဆိုင်နေရသည်။
ချောက်ကမ်းပါးပေါ်တွင် တရားမှတ်နေသော ဖန်းရွှမ် ကို နာကျင်နေသော အမူအရာဖြင့် လင်းရွှင်းဖုန်း ကြည့်နေခဲ့သည်။
အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ဖန်းရွှမ်က သူ့ကို ကျောခိုင်း၍ မတ်တတ်ရပ်နေပြီး သူမ၏ ပေါင်ပေါ်တွင် ကြီးမားသော စောင်းတစ်လက်ကို တင်ထားသည်။ မျက်လုံးများကို မှိတ်ထားလျက် သူမက စောင်းကြိုးများကို ညင်သာစွာ ပွတ်သပ်ရင်း….
"အကယ်၍ ငါ့ရဲ့ အကာအကွယ်သာ မရှိခဲ့ရင် နင် ထျန်းချင်းမသေမျိုးဂိုဏ်းကနေ နှင်ထုတ်ခံရပြီး ယွမ်မိသားစု လိုက်လံ သတ်ဖြတ်တာကို ခံနေရလောက်ပြီ... အခု နင် လုပ်ရမှာက ခေါင်းငုံ့ပြီး နင်ရဲ့ အမှားကို ဝန်ခံဖို့ပဲ... ဒါဆိုရင် ဒီကိစ္စက ပြီးသွားလိမ့်မယ်... ယွမ်မိသားစုလည်း မျက်နှာပန်း လှဖို့ လိုတယ်လေ..."
လင်းရွှင်းဖုန်းက အံကြိတ်၍ …
"သူတို့က ကျွန်တော့်ကို အနိုင်ကျင့်ပြီး စော်ကားခဲ့တာလေ... ထျန်းချင်းမသေမျိုးဂိုဏ်းက ဖြောင့်မတ်တဲ့ ဂိုဏ်းတစ်ခု မဟုတ်ဘူးလား..."
သူ့ပါးစပ်ထဲတွင် ခါးသက်သော အရသာကို ခံစားနေရသည်။ မှန်ကန်သော ကျင့်ကြံရေး ဂိုဏ်းတစ်ခုဟု ယူဆရသည့် ထျန်းချင်းမသေမျိုးဂိုဏ်းက သာမန် သိုင်းလောကနှင့် မည်သို့မျှ မကွာခြားဘဲ ပို၍ပင် ဟန်ဆောင်ကောင်းကြောင်းကို သူ မထင်မှတ်ထားခဲ့ချေ။
"သူများတွေရဲ့ ကံကြမ္မာကို ဝင်မစွက်ဖက်ဖို့ ငါ နင့်ကို ပြောထားတယ် မဟုတ်လား... နင်က ဒီကလေးလေးကို သနားစရာကောင်းတယ်လို့ မြင်ပေမဲ့ သူ့မိဘတွေ ဘာလုပ်ခဲ့လဲဆိုတာ နင် မသိဘူး... နင် သူ့ကို မကယ်တင်နိုင်ဘူး... နင့်ကိုယ်နင်တောင် ကယ်တင်နိုင်တာ မဟုတ်ဘူး..."
ဖန်းရွှမ်က မည်သည့် စိတ်ခံစားမှုမျှ မပါဝင်သော လေသံဖြင့် တည်ငြိမ်စွာ ပြောလိုက်တော့ လင်းရွှင်းဖုန်းက ဒူးထောက်ချလိုက်ပြီး အံကြိတ်ကာ…
"စီနီယာ... စီနီယာက ကျွန်တော့်ကို ထျန်းချင်းမသေမျိုးဂိုဏ်းထဲ ခေါ်လာခဲ့တာပါ... စီနီယာသာ သူမကို ကယ်တင်ဖို့ ကူညီပေးနိုင်ရင် ဘယ်လို တန်ဖိုးမျိုးကိုမဆို ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်... ဒီကလေးလေးက အရမ်း သနားစရာ ကောင်းလွန်းပါတယ်... သူမက အသက် ငါးနှစ်ပဲ ရှိသေးပြီး ဘာမှလည်း နားမလည်သေးပါဘူး..."
ဖန်းရွှမ်က စောင်းတီးနေခြင်းကို ရပ်တန့်လိုက်ပြီး မပျော်မရွှင်ဖြစ်နေသော လေသံဖြင့်….
"ငါ ပြောတာ မရှင်းသေးဘူးလား... နင့်ရဲ့ စွမ်းအားက နင့်ရဲ့ တရားမျှတမှု ခံစားချက်ကို ပံ့ပိုးပေးဖို့ မလုံလောက်ဘူး... ပြီးတော့ နင့်ရဲ့ တန်ဖိုးကလည်း နင့်အတွက် ငါ ဒီလောက်အထိ အနစ်နာခံပေးဖို့ မလုံလောက်ဘူး…”
လင်းရွှင်းဖုန်း ပါးစပ် အဟောင်းသား ဖြစ်သွားပြီး မျက်နှာဖြူရော်သွားသည်။
"ယွမ် မိသားစုကို အခုချက်ချင်း သွားပြီး တောင်းပန်လိုက်... အကယ်၍ နင် မသွားရင် အဲဒီ ကောင်မလေးကို ငါ့လက်နဲ့ ကိုယ်တိုင် သတ်ပစ်မယ်..."
ဤစကားများကို ကြားသောအခါ လင်းရွှင်းဖုန်း၏ အမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး တုန်ယင်စွာဖြင့်သာ မတ်တတ်ရပ်လိုက်နိုင်တော့သည်။
"ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ... ဒါက နင်နဲ့ မတူဘူးနော်..."
ထိုစဉ် ညင်သာသော ရယ်မောသံတစ်ခု ထွက်ပေါ်လာသဖြင့် လင်းရွှင်းဖုန်းက မော့ကြည့်လိုက်သောအခါ ခရမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးတစ်ဦး တိမ်တိုက်များစီး၍ ရောက်လာသည်ကို တွေ့လိုက်ရသည်။ သူမကို သူ မှတ်မိသည်။
ထျန်းချင်းမသေမျိုးဂိုဏ်း၏ ဂိုဏ်းချုပ် သမီးဖြစ်သူ ကျိုးလင်ဟွမ်း…..
ကျိုးလင်ဟွမ်း ရောက်လာသည်ကို မြင်သောအခါ ဖန်းရွှမ်က အလျင်အမြန် မတ်တတ်ရပ်၍ သူမကို အရိုအသေပေးလိုက်သည်။
ကျိုးလင်ဟွမ်း ချောက်ကမ်းပါးပေါ်သို့ ဆင်းသက်လိုက်သည်နှင့်တစ်ပြိုင်နက် လင်းရွှင်းဖုန်းက ထပ်မံ၍ ဒူးထောက်လိုက်ပြီး ….
"နတ်သမီး လင်ဟွမ်း... ကျေးဇူးပြုပြီး ဂိုဏ်းသားတွေအတွက် တရားမျှတမှုကို စောင့်ရှောက်ပေးပါ..." အော်ဟစ် အသနားခံလိုက်သည်။
ဖန်းရွှမ်က မျက်မှောင် ကြုတ်၍ လင်းရွှင်းဖုန်းဘက်သို့ ခေါင်းလှည့်ကြည့်လိုက်ရင်း ရန်လိုသည့်အရိပ်အယောင်များဖြစ်ပေါ်လာသည်။