အခန်း ၃၈
Vol. 4 Ch. 38
အခန်း (၃၈) အနက်ရောင်ကျောက်တုံး၏ ကျိန်စာနှင့် မီးခိုးခေါင်းတိုင်ထဲတွင် ပုန်းအောင်းနေသော တစ္ဆေ
ရှန်းယန်မြို့ရှိ နွေနှောင်းပိုင်း၏ ကြွင်းကျန်နေသော အပူရှိန်သည် ယခုလေးတင် ကုန်ဆုံးသွားခဲ့ပြီး ဆက်တိုက်ရွာသွန်းနေသော ဆောင်းဦးမိုးကြောင့် အပူချိန်မှာ ရုတ်တရက် ထိုးကျသွားသည်။
အာဖန်းနန်းတော်ရှိ တိတ်ဆိတ်၍ နွေးထွေးသော မဏ္ဍပ်တစ်ခုအတွင်း၌ လေထုထဲတွင် မီးရှို့ထားသော ဒေါနပင်၏ ခါးသက်သက်ရနံ့သင်းသင်းလေး လွှမ်းမိုးနေ၏။ ပွယောင်းသော အဖြူရောင်ချည်သား ယောဂဝတ်စုံကို ဝတ်ဆင်ထားသည့် ချင်ရှီဟွမ်သည် ယောဂဖျာပေါ်တွင် အလွန်ထူးဆန်းသော ကိုယ်နေဟန်ထားဖြင့် မှောက်လျက်နေလေသည်။ သူ၏ လက်နှစ်ဖက်ကို မြေပြင်ပေါ်တွင် ထောက်ထားပြီး ခါးကို နှိမ့်ချကာ ခေါင်းကို တတ်နိုင်သမျှ နောက်သို့မော့ထားရာ နေပူစာလှုံနေသော လိပ်အိုကြီးတစ်ကောင်နှင့် တူနေ၏။
"ရှူး... ဖူး..."
ချင်ရှီဟွမ်သည် သူ၏ အသက်ရှူရစ်သမ်နှင့် အံဝင်ခွင်ကျဖြစ်စေရန် သူ၏ ကိုယ်နေဟန်ထားကို ဖြည်းညင်းစွာ ချိန်ညှိလိုက်သည်။
"ဟူဟိုက်... ငါကိုယ်တော်ရဲ့ မြွေဟောက်ကိုယ်နေဟန်ထားကို ကြည့်ပြီး မှန်ကန်မှု ရှိမရှိ ကြည့်စမ်း..."
ချင်ရှီဟွမ်က အသက်အောင့်ထားရင်း မေးလိုက်၏။
ဘေးတွင် ဆောင့်ကြောင့်ထိုင်နေသော ဟူဟိုက်သည် တုတ်ချောင်းရုပ်ပုံများ ပါဝင်သည့် မဟာချင်တော်ဝင်ယောဂလမ်းညွှန်ဟု အမည်ရသော စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထားသည်။ ၎င်းကို ခေတ်သစ် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း အချက်အလက်များအပေါ် အခြေခံ၍ ရှောင်ဂျီက ဖန်တီးထားခြင်းဖြစ်သော်လည်း ကျောက်ကောင်း၏ ရုပ်ဆိုးသော ပန်းချီဆွဲစွမ်းရည်ဖြင့် ကူးယူရေးဆွဲပြီးနောက်တွင်မူ အတော်လေး စိတ်ကူးယဉ်ဆန်သွားခဲ့သည်။
"ခမည်းတော်... ခါးကို နည်းနည်းထပ်နှိမ့်ပြီး လည်ပင်းကို နည်းနည်းပိုဆန့်ထုတ်ဖို့ လိုတယ်..."
ဟူဟိုက်က လက်ဟန်ခြေဟန်ဖြင့် ပြသရင်း ပြောလိုက်၏။
"ဆရာရှောင်ဂျီက ဒီလှုပ်ရှားမှုက်ု ခါးကြွက်သား နာကျင်မှုနှင့် လည်ပင်းကျီးပေါင်းတက်ခြင်းအတွက် ကုသနည်းတစ်ခုလို့ ပြောတယ်... ခမည်းတော်က စာလွှာတွေကို စစ်ဆေးတဲ့အခါ အမြဲတမ်း ခေါင်းငုံ့ထားတတ်ပြီး ခမည်းတော်ရဲ့ လည်ပင်းရိုးက နဂါးကြောဖြစ်တဲ့အတွက် အဲဒါကို သေချာဂရုစိုက်ရမယ်..."
ချင်ရှီဟွမ်သည် အဲကိုကြိတ်ကာ သူ၏ နဖူးပေါ်တွင် ချွေးသီးချွေးပေါက်လေးများ ထွက်လာသည်အထိ ခဏမျှ ဆက်လက်လုပ်ဆောင်နေခဲ့သည်။ ထို့နောက်မှသာ သူသည် ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ ဖြေလျှော့လိုက်ပြီး ဖျာပေါ်တွင် လှဲလျောင်းကာ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်၏။
"သက်တောင့်သက်သာရှိလိုက်တာ..."
ထိုနှိပ်စက်ညှဉ်းပန်းတတ်သော ကျောက်ကပ်ကျောက်တည်ခြင်းကို ဖြတ်သန်းပြီးကတည်းက သိပ္ပံနည်းကျ ကျန်းမာရေးစောင့်ရှောက်မှု အပေါ် ချင်ရှီဟွမ်၏ ယုံကြည်မှုသည် မသေဆေးအတွက် သူ၏ ဆန္ဒထက်ပင် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ အဆုံးတွင်တော့ မသေမျိုးဖြစ်လာရန်မှာ အလွန်တရာ စိတ်ကူးယဉ်ဆန်လွန်းသော်လည်း ခါးနာခြင်းနှင့် ခြေထောက်နာခြင်းများမှ သက်သာခွင့်ရခြင်းကမူ အငြင်းပွားဖွယ်မရှိအောင် သက်တောင့်သက်သာရှိလှပေသည်။
"အရှင်မင်းကြီး..."
တံခါးအပြင်ဘက်မှ လီစစ်၏ စိုးရိမ်တကြီး အသံထွက်ပေါ်လာရာ ရှားပါးလှသော တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွင်းလိုက်သည်။
ချင်ရှီဟွမ်၏ မျက်မှောင်များ ကြုတ်သွားပြီး နန်းတွင်းအစေခံမလေးတစ်ဦးက ကမ်းပေးသော ရေနွေးစိမ်တဘက်ကို ယူကာ မျက်နှာကို သုတ်လိုက်ပြီး ထူထဲသော သိုးမွှေးဝတ်ရုံကို ဝတ်ဆင်ကာ နူးညံ့သော ကုတင်ပေါ်တွင် ပြန်ထိုင်လိုက်၏။
"ဝင်ခဲ့... အမှန်တကယ် ဆိုးရွားတဲ့ ကိစ္စတစ်ခုခု မဖြစ်ဘူးဆိုရင် မင်းက ငါကိုယ်တော်နဲ့အတူ ဒီမြွေဟောက်ကိုယ်နေဟန်ထားကို လေ့ကျင့်ဖို့ စောင့်နေလို့ရတယ်..."
လီစစ်သည် တံခါးကို တွန်းဖွင့်၍ ဝင်လာရာ သူ၏ မျက်နှာမှာ အပြင်ဘက်ရှိ ဆောင်းဦးမိုးထက်ပင် ပို၍ မှိုင်းညို့နေသည်။ သူ၏ အနောက်တွင်တော့ မျက်နှာတစ်ခုလုံး မီးခိုးခေါင်းတိုင်ထဲမှ ယခုလေးတင် တွားသွား၍ ထွက်လာသည့်အလား ကျောက်ကောင်းက မီးသွေးမှုန့်များ ပေကျံလျက် လိုက်ပါလာ၏။
"အရှင်မင်းကြီး... ကောင်းကင်ကြီး မပြိုကျသေးပေမယ့် မြေကြီးကတော့ နီးပါး ဗလာဖြစ်နေပါပြီ..."
လီစစ်က လေးလံသော လေသံဖြင့် ဦးညွှတ်ကာ ပြောလိုက်သည်။
"ရှန်းယန်မြို့ ပတ်ဝန်းကျင်က သစ်ပင်တွေ အားလုံးနီးပါး ခုတ်လှဲခံလိုက်ရပါပြီ..."
ချင်ရှီဟွမ်မှာ အံ့သြသွားလေသည်။
"သစ်ပင်တွေ ခုတ်လှဲတယ် ဟုတ်လား... ဘယ်သူက ခုတ်လှဲတာလဲ..."
"လူတိုင်းက သစ်ပင်တွေကို ခုတ်လှဲနေကြပါတယ်..."
လီစစ်က သက်ပြင်းချလိုက်၏။
"နန်းတွင်းရေးရာဌာနက ဘိလပ်မြေဖုတ်ဖို့၊ အုတ်လုပ်ဖို့၊ ဆားနဲ့ ဆပ်ပြာကြိုဖို့ ထင်းတွေ လိုအပ်ပါတယ်... ပြီးတော့ ရှန်းယန်မြို့ကို ဝင်ရောက်လာတဲ့ သိန်းနဲ့ချီတဲ့ အလုပ်သမားတွေနဲ့ ကုန်သည်တွေကလည်း ချက်ပြုတ်ဖို့နဲ့ အပူပေးဖို့အတွက် ထင်းတွေ လိုအပ်နေပါတယ်..."
"အခုဆိုရင် ရှန်းယန်မြို့မှာ ထင်းတစ်စည်းကို ဒင်္ဂါးငါးဆယ် ပေးရပါတယ်... ပိုက်ဆံချွေတာဖို့အတွက် လူတွေက သစ်ခေါက်တွေကို ခွာပြီး မြက်မြစ်တွေကို တူးနေကြပါပြီ...ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ဒီနှစ်ဆောင်းရာသီမှာ လူအများအပြား အအေးဒဏ်ကြောင့် သေဆုံးသွားနိုင်ပါတယ်... ဒါမှမဟုတ် ထင်းအတွက် အသေအလဲ တိုက်ခိုက်ကြပါလိမ့်မယ်..."
ချင်ရှီဟွမ်မှာ ရပ်တန့်သွားပြီး အပူထိန်းခွက်ကို ကိုင်ထားသော သူ၏ လက်မှာ ငြိမ်သက်သွားသည်။ စက်မှုလုပ်ငန်းများ၏ ဘေးထွက်ဆိုးကျိုးများက စွမ်းအင်အကျပ်အတည်းဟူသော သူတို့၏ အစွယ်များကို နောက်တစ်ကြိမ် ထပ်မံပြသလိုက်ပြီ ဖြစ်၏။
သူက ကျောက်ကောင်းကို ကြည့်လိုက်သည်။
"ကျောက်ကောင်း... မင်းရဲ့ ဓာတုဗေဒအကယ်ဒမီက လောင်စာအသစ်တွေကို လုပ်နေတာ မဟုတ်ဘူးလား... မြောက်ဘက်မှာ မီးလောင်နိုင်တဲ့ အနက်ရောင်ကျောက်တုံးတစ်မျိုး ရှိတယ်လို့ မင်းပြောခဲ့တာကို ငါကိုယ်တော် မှတ်မိနေသေးတယ်..."
ကျောက်ကောင်းသည် ဒူးထောက်ချလိုက်ရာ အနက်ရောင်ပြာများ ဖုံးလွှမ်းနေသော သူ၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာပြီး အဖြူရောင် မျက်ရည်ကြောင်းနှစ်ကြောင်း ချန်ရစ်ခဲ့သည်။
"အရှင်မင်းကြီး... အဲ့ဒီ အနက်ရောင်ကျောက်တုံးက... မှော်ကျောက်တုံးပါ... ကျွန်တော်မျိုးတို့ အဲဒါကို သုံးလို့ မရပါဘူး..."
"မှော်ကျောက်တုံး ဟုတ်လား..."
ချင်ရှီဟွမ်က မျက်လုံးများကို မှေးစင်းလိုက်၏။
"အဲဒါက ဘယ်လို မှော်ပညာမျိုးကို ပိုင်ဆိုင်ထားလို့လဲ..."
"အရှင်မင်းကြီး... ဆရာရှောင်ဂျီရဲ့ အကြံဉာဏ်အတိုင်း ရှန်းခရိုင်နဲ့ ဟယ်တုံခရိုင်ကို လူလွှတ်ပြီး အဲ့ဒီ ကျောက်မီးသွေးဆိုတာကို တူးခိုင်းခဲ့ပါတယ်... အဲ့ဒီအရာက တကယ့်ကို စွမ်းအားကြီးပါတယ်... အလွယ်တကူ မီးကူးနိုင်ပြီး မီးတောက်ကလည်း မီးသွေးထက်ကို ပိုအားကောင်းပါတယ်... ဘိလပ်မြေကို ဖုတ်တဲ့နေရာမှာ မြန်ဆန်ပြီး ကောင်းမွန်လှပါတယ်..."
ကျောက်ကောင်းက တုန်ရီစွာဖြင့် ပြောလိုက်၏။
"ဒါပေမယ့်..."
ကျောက်ကောင်း၏ မျက်လုံးများတွင် နက်ရှိုင်းသော အကြောက်တရားများ ပေါ်လာလေသည်။
"အဲ့တာက အဆိပ်ပြင်းလှပါတယ်... အဲဒါက ကျိန်စာသင့်နေပါတယ်..."
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က အာဖန်းနန်းတော်တက္ကသိုလ်ရဲ့ ကျောင်းသားအဆောင်တွေက ပိုက်ဆံချွေတာဖို့အတွက် အပူပေးဖို့ ကျောက်မီးသွေးတချို့ကို ယူသုံးခဲ့ကြပါတယ်... ရလဒ်အနေနဲ့ကတော့... ရလဒ်အနေနဲ့ ခုမနက်မှာ ကျောင်းသားနှစ်ယောက် ပြန်မနိုးလာတော့ပါဘူး..."
"မှုခင်းဆရာဝန်က စစ်ဆေးကြည့်တော့ ဒဏ်ရာတွေ၊ အဆိပ်သင့်တဲ့ လက္ခဏာတွေ မရှိပါဘူး... သူ့ရဲ့ မျက်နှာက ပန်းရောင်သန်းနေပြီး နှုတ်ခမ်းမှာ အပြုံးတစ်ခု ရှိနေပါတယ်... သူတို့က အိပ်ပျော်နေရင်း သေဆုံးသွားတာပါ... လူတိုင်းက ပြောကြတာတော့... မြေအောက်ကနေ အနက်ရောင်ကျောက်တုံးကို တူးဖော်လိုက်တာက မရဏနိုင်ငံက တစ္ဆေတွေနဲ့ နတ်ဘုရားတွေကို အနှောင့်အယှက်ဖြစ်စေပြီး သူတို့ရဲ့ အသက်ကို လာနှုတ်သွားတာလို့ ဆိုကြပါတယ်..."
ခန်းမအတွင်းရှိ အပူချိန်မှာ ချက်ချင်းပင် ဒီဂရီများစွာ ထိုးကျသွားသကဲ့သို့ ထင်မှတ်ရသည်။ ဤခေတ်ကာလတွင် မသိနားမလည်သောအရာသည် အကြောက်တရားပင်ဖြစ်၏။ လူတို့ ယခုလေးတင် တည်ဆောက်ထားခဲ့သော အရာဝတ္ထုများကို စူးစမ်းလေ့လာခြင်းအပေါ် ယုံကြည်မှုအနည်းငယ်သည် တစ္ဆေများနှင့် နတ်ဘုရားများ အသက်လာနှုတ်သည် ဟူသော ကောလာဟလများ၏ ရှေ့မှောက်တွင် မယုံနိုင်လောက်အောင် အားနည်းလွယ်ကြောင်း သက်သေပြလိုက်သည်။
"မျက်နှာက ပန်းရောင်သန်းနေတယ် ဟုတ်လား... အိပ်ပျော်နေရင်း သေဆုံးသွားတယ် ဟုတ်လား..."
ချင်ရှီဟွမ်က ထိုစကားလုံးများကို ထပ်မံရွတ်ဆိုလိုက်ရာ သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်။ သူသည် တစ္ဆေများနှင့် နတ်ဘုရားများကို မယုံကြည်ကြောင်း ပြောဆိုခဲ့သော်လည်း သူသည် နှစ်ထောင်ပေါင်းများစွာက ရှေးဟောင်းလူသားတစ်ဦးဖြစ်ပြီး ဤကဲ့သို့ ထူးဆန်းသော သေဆုံးမှုမျိုးတွင် အလိုအလျောက် အကြောက်တရားကို ခံစားခဲ့ရသည်။
"ရှောင်ဂျီ... အဲ့တာက တစ္ဆေသရဲလား..."
ချင်ရှီဟွမ်က ဩရှသောအသံဖြင့် မေးလိုက်၏။
[တစ္ဆေသရဲ မဟုတ်ပါဘူး... ဒါက ဓာတုဗေဒပါ...]
[အရှင်မင်းကြီး... ဤအရာကို ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်းလို့ ခေါ်ပါတယ်...]
[ကျောက်မီးသွေးများ လောင်ကျွမ်းမှု မပြည့်စုံခြင်းကြောင့် အရောင်မရှိ၊ အနံ့မရှိသော ဓာတ်ငွေ့ကို ထွက်ပေါ်စေလေသည်။ ရှူရှိုက်မိသောအခါ ဤဓာတ်ငွေ့သည် သွေးကြောထဲရှိ ဟေမိုဂလိုဘင်များကို သော့ခတ်လိုက်ပြီး အောက်ဆီဂျင် သယ်ဆောင်ခြင်းကို တားဆီးကာ နောက်ဆုံးတွင် အောက်ဆီဂျင် ချို့တဲ့မှုကြောင့် သေဆုံးစေပါသည်။]
[အောက်ဆီဂျင် ချို့တဲ့ပြီးနောက် ဟေမိုဂလိုဘင်က ချယ်ရီသီးအနီရောင်အဖြစ် ပြောင်းလဲသွားတဲ့အတွက် သေဆုံးသူတွေရဲ့ မျက်နှာက ချိုမြိန်တဲ့ အိပ်မက်တစ်ခု မက်နေသလို ပန်းရောင်သန်းနေတာပါ...]
[ဤသည်က မမြင်ရသော လူသတ်သမား ဖြစ်ပါတယ်...]
ရှောင်ဂျီ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ချင်ရှီဟွမ်၏ တင်းမာနေသော အာရုံကြောများ ပြေလျော့သွားကာ အသိဉာဏ်ကင်းမဲ့မှုအပေါ် ဒေါသတကြီး ဖြစ်ပေါ်လာသည်။
"အဓိပ္ပာယ်မရှိတာ..."
ချင်ရှီဟွမ်သည် စားပွဲကို လက်ဖြင့် ရိုက်ချလိုက်ရာ ခွက်ထဲရှိ ဂိုဂျီဘယ်ရီသီးများပင် ခုန်ပေါက်သွားသည်။
"တစ္ဆေတွေ..နတ်ဘုရားတွေက အသက်လာနှုတ်တယ် ဟုတ်လား... အဲဒါက အဆိပ်ဓာတ်ငွေ့ကွ... မင်းတို့ အရူးကောင်တွေက အဲဒါကို ဘယ်လို မီးရှို့ရမလဲဆိုတာ မသိကြတာပဲ..."
သူက ကျောက်ကောင်းကို လက်ညှိုးထိုးကာ အော်ငေါက်လိုက်၏။
"ဓာတုဗေဒအကယ်ဒမီရဲ့ ညွှန်ကြားရေးမှူးအနေနဲ့ မင်းက ဒါကိုတောင် သဘောမပေါက်ဘူးလား... ငါကိုယ်တော် အလွတ်ကျက်ခိုင်းထားတဲ့ ဒြပ်စင်အလှည့်ကျဇယားကို မင်း လုံးဝမေ့သွားပြီလား..."
"အဲဒါက ကာဗွန်ကွ... ကာဗွန်က လောင်ကျွမ်းမှု မပြည့်စုံလို့ ကာဗွန်မိုနောက်ဆိုဒ်အဖြစ် ပြောင်းသွားတာ... အဲဒါက အဆိပ်ပဲ..."
ကျောက်ကောင်းနှင့် လီစစ်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့သည် ကာဗွန်မိုနောက်ဆိုဒ်ဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်းကို နားမလည်ကြသော်လည်း အရှင်မင်းကြီး၏ ယုံကြည်မှုရှိသော မျက်နှာအမူအရာကို ကြည့်ရသည်မှာ အခြားဖြေရှင်းနည်းတစ်ခု ရှိနေပုံရလေသလော။
"လီစစ်... တရားရေးဝန်ကြီးဌာကို အခင်းဖြစ်ပွားရာနေရာကို ချိပ်ပိတ်ဖို့ အမိန့်ပေးလိုက်... ကောလာဟလတွေကို ထပ်ပြီး မပြန့်နှံ့ပါစေနဲ့..."
"ကျောက်ကောင်း... အဲ့ဒီသေဆုံးသွားတဲ့လူရဲ့ အခန်းကို ငါကိုယ်တော့်အတွက် သွားချိပ်ပိတ်ထားလိုက်... အဲ့တစ္ဆေက လူတွေကို ဘယ်လိုသတ်ခဲ့သလဲဆိုတာကို ငါကိုယ်တိုင် သွားကြည့်ချင်တယ်..."
အာဖန်းနန်းတော်တက္ကသိုလ်၊ ကျောင်းသားအဆောင် ဧရိယာ။
တစ်ချိန်က ကျောင်းသားများ၏ စာအံသံများဖြင့် ပြည့်နှက်နေခဲ့သော ဤနေရာသည် ယခုအခါ မှိုင်းညို့သော လေထုထဲတွင် ဖုံးလွှမ်းနေသည်။ ကျောင်းသားများသည် ခြံဝင်းထဲတွင် အုပ်စုငယ်များဖွဲ့ကာ အနက်ရောင် သံချပ်ကာဝတ်စုံဝတ် အစောင့်များ ထူထပ်စွာ ဝန်းရံထားသော အိမ်ကို အကြောက်တရားဖြင့် စိုက်ကြည့်နေကြ၏။
"မင်းတို့ ကြားပြီးကြပြီလား... အဲ့ဒါကျန်းရှန်း နဲ့ ဝမ်ရှန်းတို့လေ... သူတို့က မနေ့ညက ဘိလပ်မြေ အချိုးကျဖျော်စပ်ခြင်းနည်းလမ်းကို ရွတ်ဆိုနေခဲ့ကြတာ... ခုမနက်ကျတော့ သူတို့ မရှိကြတော့ဘူး..."
"ကြောက်စရာကောင်းလိုက်တာ... အဲ့ဒီ အနက်ရောင်ကျောက်တုံးထဲမှာ မီးတစ္ဆေတစ်ကောင် ပုန်းအောင်းနေတယ်လို့ ငါ ကြားတယ်..."
"ဟေ့... ဒါကအရာဝတ္ထုများကို စူးစမ်းလေ့လာခြင်းက သဘာဝတရားရဲ့ အစီအစဉ်ကို ဆန့်ကျင်နေတယ်ဆိုတာ ငါ သိသားပဲ... ဂန္ထဝင်စာပေတွေကို ဖတ်တာက ပိုပြီးလုံခြုံတယ်..."
ကောလာဟလများသည် တောမီးကဲ့သို့ ပြန့်နှံ့သွားခဲ့ပြီး အချို့သော သတ္တိကြောင်သည့် ကွန်ဖြူးရှပ်ဝါဒီ ပညာရှင်များသည် သူတို့၏ အိတ်များကိုပင် ထုပ်ပိုးကာ ကျောင်းထွက်ရန် ပြင်ဆင်နေကြလေသည်။
"အရှင်မင်းကြီး ကြွလာပါပြီ..."
ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ သူ၏ အမှတ်အသားဖြစ်သော ပိုးသားနှာခေါင်းစည်းကို တပ်ဆင်ထားသည့် ချင်ရှီဟွမ်သည် ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာသည်။ သူ၏ အနောက်တွင်တော့ လီစစ်၊ ကျောက်ကောင်း နှင့် မှန်ဘီလူးကို စိတ်အားထက်သန်စွာ ကိုင်ဆောင်ထားသော နန်းတွင်းသမားတော်တို့ လိုက်ပါလာ၏။
ချင်ရှီဟွမ်သည် အခင်းဖြစ်ပွားရာ အခန်း၏ တံခါးဝသို့ တည့်တည့်လျှောက်သွားလိုက်သည်။
ကျောက်မီးသွေးမှိုင်း၏ စူးရှသော အနံ့တစ်မျိုးက လွင့်ပျံလာသည်။ လေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက်များကို ဖွင့်ထားသော်လည်း အနံ့မှာ နံရံများနှင့် အိပ်ရာခင်းများပေါ်တွင် ကျန်ရစ်နေဆဲဖြစ်၏။
အတွင်းဘက်ရှိ ပရိဘောဂများမှာ ရိုးရှင်းလှသည်။ ကုတင်နှစ်လုံး၊ စားပွဲတစ်လုံးနှင့် အလယ်တွင် ရိုးရှင်းသော ရွှံ့မီးဖိုတစ်ခုရှိပြီး ၎င်းထဲတွင် မီးခိုးရောင်သန်းနေသော ကျောက်မီးသွေးပြာများ ရှိနေသေး၏။
ချင်ရှီဟွမ်သည် သူ၏ ပါးစပ်နှင့် နှာခေါင်းကိုအုပ်ကာ မီးဖိုကို တစ်ပတ်လှည့်ကြည့်လိုက်သည်။
"တံခါးတွေနဲ့ ပြတင်းပေါက်တွေကို လုံအောင် ပိတ်ထားတာလား..."
ချင်ရှီဟွမ်က မေးလိုက်၏။
"အရှင်မင်းကြီး... မနေ့ညက လေနဲ့ မိုးက ပြင်းထန်ပြီး ကျောင်းသားတွေက အအေးဒဏ်ကို ကြောက်လို့ ပြတင်းပေါက်က အက်ကွဲကြောင်းတွေ အားလုံးကို စက္ကူနဲ့ ပိတ်ထားခဲ့ကြတာပါ..."
အဆောင်တာဝန်ခံ စာရေးတစ်ဦးက တုန်ရီစွာဖြင့် ပြန်ဖြေလိုက်လေသည်။
"မီးဖိုမှာ မီးခိုးခေါင်းတိုင် မရှိဘူးလား..."
"မီးခိုးခေါင်းတိုင် ဟုတ်လား... အဲဒါက ဘာလဲ..."
စာရေးမှာ ကြောင်အမ်းအမ်းဖြစ်သွား၏။
"ကျွန်တော်မျိုးတို့က အဲ့ဒီလိုမျိုးပဲ မီးသွေးဖုတ်လေ့ရှိတာပါ... ဇလုံတစ်လုံးရှိရင် ရပါပြီ..."
ချင်ရှီဟွမ်က လှောင်ပြုံးပြုံးလိုက်သည်။
"အဲ့တာက သေဆုံးရတဲ့ အကြောင်းရင်းပဲ..."
သူသည် မီးဖိုကို လက်ညှိုးထိုးလိုက်ပြီးနောက် မျက်နှာကျက်ကို လက်ညှိုးထိုးပြလိုက်၏။
"မီးသွေးက မီးခိုးထွက်နည်းပြီး အဆိပ်နည်းတယ်... ဒီကျောက်မီးသွေးက ပိုပြီး အားကောင်းသလို ပိုပြီးတော့လည်း အဆိပ်ပြင်းတယ်... မင်းတို့က အဆိပ်ဓာတ်ငွေ့တွေနဲ့အတူ အခန်းထဲမှာ တစ်ညလုံး သော့ခတ်ထားခဲ့တာဆိုတော့ သေတာက အံ့သြစရာတော့ မဟုတ်ဘူး..."
"ရှောင်ဂျီ... ငါကိုယ်တော့်ကို ပုံကြမ်းတွေ ပေးစမ်း..."
[လက်ခံရရှိပါပြီ... "အိမ်တွင်း ကျောက်မီးသွေးသုံး အပူပေးဘွိုင်လာများနှင့် မီးခိုးခေါင်းတိုင်များ တပ်ဆင်ခြင်း လမ်းညွှန်" ဖိုင်ကို ပေးပို့လိုက်ပါပြီ...]
[ထို့ပြင် ဤအံ့သြဖွယ်ကောင်းသော ကိရိယာဖြစ်သည့် ပျားလပို့ ကျောက်မီးသွေးတုံးများကိုလည်း အကြံပြုအပ်ပါသည်...]
[ကျောက်မီးသွေးမှုန့်နှင့် လွှတ်မြေတို့ကို သတ်မှတ်ထားသော အချိုးအစားဖြင့် ရောစပ်ပြီး အပေါက်ပါသော ဆလင်ဒါပုံစံများအဖြစ် ဖိသိပ်ထားပါသည်... ဤသည်က အပြည့်အဝ လောင်ကျွမ်းစေပြီး မီးခိုးမထွက်၊ အနံ့မရှိဘဲ လောင်ကျွမ်းချိန် ကြာရှည်ခံစေပါသည်...]
ချင်ရှီဟွမ်သည် ကျောက်ကောင်းကို လှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးများက ဓားများကဲ့သို့ စူးရှနေသည်။
"ကျောက်ကောင်း... ငါကိုယ်တော် မင်းကို နောက်ထပ်သင်ခန်းစာတစ်ခု သင်ပေးမယ်..."
"ဒီအနက်ရောင်ကျောက်တုံးက ရတနာတစ်ခုဖြစ်ပေမယ့် အဲဒါက မြင်းရိုင်းတစ်ကောင်ပဲ... မင်း အဲဒါကို စီးဖို့အတွက် ဇက်ကြိုးလိုတယ်..."
"သွား... နန်းတွင်းရေးရာဌာနက ပန်းပဲဆရာတွေကို သံပြားပိုက်တစ်ခု လုပ်ခိုင်းလိုက်... အဲဒါကို မီးဖိုနဲ့ ဆက်ပြီး ပြတင်းပေါက်ကနေ အပြင်ကို ထုတ်ထားလိုက်..."
"တစ္ဆေက ပိုက်လိုင်းတစ်လျှောက် တွားသွားပြီး ထွက်သွားတယ်လို့ တစ်ကမ္ဘာလုံးကို ပြောလိုက်... ပိုက်လိုင်းမရှိရင် တစ္ဆေက လူတွေကို စားလိမ့်မယ်လို့ ပြောလိုက်..."
"ပြီးတော့ ကျောက်တုံးတွေကို တိုက်ရိုက် မီးမရှို့နဲ့... ကျောက်တုံးတွေကို အမှုန့်ကြိတ်၊ လွှတ်မြေတချို့နဲ့ရောပြီး... အပေါက်တွေပါတဲ့ ကျောက်မီးသွေးတုံးတွေအဖြစ် ပြုလုပ်လိုက်..."
ချင်ရှီဟွမ်သည် ပျားလပို့ ကျောက်မီးသွေးတုံးပုံစံကို ညွှန်ပြရန် လက်ဟန်ဖြင့် ပြသလိုက်၏။
"အဲ့တာကို ပျားလပို့ ကျောက်မီးသွေးတုံးလို့ ခေါ်တယ်... ဒါနဲ့ဆိုရင် မီးခိုးခေါင်းတိုင်ပါ ထပ်ပေါင်းလိုက်ရင် နွေးထွေးမှုပဲရှိပြီး တစ္ဆေတွေ မရှိဘူးလို့ ငါကိုယ်တော် အာမခံတယ်..."
ကျောက်ကောင်းသည် သူ၏ မှတ်စုစာအုပ်ကို အမြန်ဆွဲထုတ်ကာ မှတ်သားလိုက်ရာ သူ၏ ပခုံးပေါ်မှ ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု လွတ်ကျသွားသည်။ ဒါကြောင့် ဤသို့ ဖြစ်ရတာကိုး။ အမှန်တကယ် သရဲခြောက်တာ မဟုတ်သရွေ့တော့ ကိစ္စတွေက ပိုလွယ်ကူသွားပြီ ဖြစ်သည်။
အမှုက ဖြေရှင်းပြီးသွားပုံရလေသည်။ ၎င်းသည် အသိဉာဏ်ကင်းမဲ့မှုနှင့် မမှန်ကန်သော လုပ်ဆောင်မှုတို့ကြောင့် ဖြစ်ပေါ်လာသည့် အဖြစ်ဆိုးတစ်ခုသာ ဖြစ်၏။
ချင်ရှီဟွမ် ထွက်ခွာတော့မည့်ဆဲဆဲတွင် သူ၏ အကြည့်သည် ရွှံ့မီးဖို၏ အောက်ခြေသို့ ရုတ်တရက် ကျရောက်သွားလေသည်။
အပြည့်အဝ မလောင်ကျွမ်းရသေးသော ပြာပုံတစ်ပုံ ရှိနေသော်လည်း ပြာများ၏ အစွန်းတွင် မတူညီသော အရောင်ရှိသည့် အမှုန့်အနည်းငယ် ရှိနေပုံရလေသည်။ ၎င်းမှာ အဝါနုရောင်ဖြစ်ပြီး အနက်ရောင် ကျောက်မီးသွေးပြာများထဲတွင် သတိပြုမိရန် ခက်ခဲလှ၏။
ချင်ရှီဟွမ်သည် သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ဧကရာဇ်တစ်ပါးအဖြစ် သူ၏ နှစ်ကာလများနှင့် နက်ရှိုင်းစွာ အမြစ်တွယ်နေသော သံသယစိတ်များ ပေါင်းစပ်ကာ မည်သည့် ပုံမှန်မဟုတ်မှု မျိုးကိုမဆို အလွန်တရာ အကဲဆတ်စေခဲ့သည်။
"နန်းတွင်းသမားတော်..."
ချင်ရှီဟွမ်က လက်ဝှေ့ယမ်းလိုက်၏။
"အမိန့်ရှိပါ အရှင်မင်းကြီး..."
"ဒါက ဘာလဲဆိုတာ လာကြည့်စမ်း..."
ချင်ရှီဟွမ်က အဝါရောင်အမှုန့်ကို လက်ညှိုးထိုးပြလိုက်သည်။
နန်းတွင်းသမားတော်သည် အနီးသို့ တိုးကပ်သွားပြီး ငွေအပ်တစ်ချောင်းဖြင့် အနည်းငယ် ကော်ယူကာ နှာခေါင်းဝတွင် နမ်းကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် သိသိသာသာ ပြောင်းလဲသွားလေသည်။
"အရှင်မင်းကြီး... ဒါက... ဒါက ပဒိုင်းပွင့် ဝတ်မှုန်တွေပါ..."
"ပြီးတော့ ပမာဏကလည်း နည်းနည်းလေး မဟုတ်ပါဘူး... ဒါက ပြင်းထန်တဲ့ မေ့ဆေးအာနိသင် ရှိပါတယ်... ကျောက်မီးသွေးမှိုင်းနဲ့ ရောပြီး ရှူရှိုက်မိရင် လူတစ်ယောက်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး ပြန်နိုးလာမှာ မဟုတ်ပါဘူး... အသက်ရှူကျပ်တဲ့ နာကျင်မှုကိုတောင် ခံစားရမှာ မဟုတ်ပါဘူး..."
ချင်ရှီဟွမ်၏ မျက်လုံးအိမ်များမှာ ချက်ချင်းပင် ကျဉ်းမြောင်းသွားလေသည်။ ကာဗွန်မိုနောက်ဆိုဒ်က အမှန်တကယ်ပင် သတိလစ်ခြင်းနှင့် သေဆုံးခြင်းကို ဖြစ်စေနိုင်၏။ သို့သော် ပဒိုင်းပွင့်ကိုပါ ပေါင်းထည့်လိုက်မည်ဆိုလျှင် ၎င်းက နှစ်ဆ သေချာစေရန် ကာကွယ်မှုပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့က လုံးဝ သေဆုံးမသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။ ဤသည်မှာ မတော်တဆမှု မဟုတ်ပေ။
ဤသည်က လူသတ်မှုပဲ။ ချင်ရှီဟွမ်သည် ရိုးရှင်းသော ကျောင်းသားအဆောင်ကို ပတ်လည် လှည့်ကြည့်လိုက်လေသည်။
"လီစစ်..."
ချင်ရှီဟွမ်၏ အသံမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိုးညင်းနေသည်။
"စုံစမ်းစစ်ဆေးစမ်း..."
"ဒီကျောင်းသားနှစ်ယောက်ရဲ့ နောက်ခံကို စုံစမ်းစစ်ဆေး... မနေ့ညက ဘယ်သူတွေ ဒီနေရာမှာ ရှိနေခဲ့သလဲဆိုတာကို စုံစမ်းစစ်ဆေး... ဒီမီးဖိုဆီကို ဘယ်သူက ကျောက်မီးသွေး လာပို့သလဲဆိုတာကို စုံစမ်းစစ်ဆေး..."
"တချို့လူတွေက ငါကိုယ်တော့်ကို အနက်ရောင်ကျောက်တုံး အသုံးပြုတာကို မလိုလားကြဘူး... တချို့လူတွေက တစ္ဆေတွေနဲ့ နတ်ဘုရားတွေဆိုတဲ့ စကားကို အသုံးပြုပြီး ငါကိုယ်တော်ရဲ့ သိပ္ပံအကယ်ဒမီနဲ့ စက်မှုလုပ်ငန်းတွေကို အမြစ်ကနေ ဆွဲနှုတ်ပစ်ချင်နေကြတယ်..."
"ဘယ်လိုနတ်ဘုရားမျိုးက ငါကိုယ်တော့်ရဲ့ မျက်စိအောက်မှာ လှည့်ကွက်တွေ သုံးရဲသလဲဆိုတာကို ငါကိုယ်တော် ကြည့်ချင်သေးတယ်..."
သုံးရက်ကြာပြီးနောက်၊ တရားရေးဝန်ကြီးဌာန အကျဉ်းထောင်အတွင်း၌။
အစေခံဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ညှဉ်းပန်းနှိပ်စက်သည့် စင်ပေါ်တွင် ချည်နှောင်ခံထားရပြီး ရိုက်နှက်ခံရမှုကြောင့် သူ၏ အရေပြားများ စုတ်ပြဲကာ သွေးများ ယိုစီးနေလေသည်။ လီစစ်သည် ဆားရည်စိမ်ထားသော ကြာပွတ်ကို လက်တွင် ကိုင်ထားပြီး သူ့ကို အေးစက်စွာ ကြည့်နေ၏။
"ဖြောင့်ခံစမ်း... မင်းရဲ့ ကြံရာပါတွေက ဝန်ခံပြီးသွားပြီ... အဲဒါက ပဒိုင်းပွင့်အမှုန့်ဖြစ်ပြီး အနောက်ဘက်ဒေသက ကုန်သည်ယာဉ်တန်းဆီကနေ ခိုးယူလာခဲ့တာပဲ..."
"ဒီကိစ္စရဲ့ နောက်ကွယ်က ကြိုးကိုင်သူကို မင်း ဖော်ထုတ်မယ်ဆိုရင် ငါ မင်းကို မြန်မြန်ဆန်ဆန် သေခွင့်ပေးမယ်... ဒါမှမဟုတ်ရင်တော့..."
လီစစ်သည် ကျောက်ကောင်း ယခုလေးတင် ပို့ပေးလိုက်သော လျှပ်စစ်ကုထုံးကိရိယာဆိုသည့် လက်လှည့်မီးစက်၏ အဆင့်မြှင့်တင်ထားသော ဗားရှင်းကို လက်ညှိုးထိုးပြလိုက်သည်။
"အဲ့ဒီခံစားချက်က သေရတာထက် ပိုဆိုးလိမ့်မယ်..."
အစေခံသည် ခေါင်းကို မော့လိုက်ရာ သူ၏ မျက်နှာတွင် သွေးများ ဖုံးလွှမ်းနေသော်လည်း သူသည် ထူးဆန်းသော အပြုံးတစ်ခုကို ပြသလိုက်သည်။
"ရက်စက်ကြမ်းကြုတ်တဲ့ ချင်မင်းဆက်က... ပျက်စီးဖို့ သတ်မှတ်ခံထားရပြီးသားပဲ..."
"မင်းတို့က အဲ့ဒီထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ နည်းပညာတွေနဲ့ ကံကြမ္မာကို အံတုပြီး ကံကြမ္မာကို ပြောင်းလဲနိုင်မယ်လို့ ထင်နေတာလား... အိပ်မက်မက်နေလိုက်..."
"ပေါ်လန်ရှားက တူက သူ့ကို မသတ်နိုင်ခဲ့ဘူး... ပြီးတော့ ဒီတစ်ကြိမ် အဆိပ်ငွေ့ကလည်း သူ့ကို မသတ်နိုင်ခဲ့ဘူး... ဒါပေမယ့် နောက်တစ်ကြိမ်ဆိုတာ ရှိလာဦးမှာပဲ... ရေတွက်လို့မရနိုင်တဲ့ အကြိမ်ရေတွေ ရှိလာလိမ့်မယ်..."
"သခင်လေးကျန်းလျန်က... မင်းတို့ ပျက်စီးခြင်းဆီကို တစ်ဆင့်ပြီးတစ်ဆင့် လျှောက်လှမ်းနေတာကို... စောင့်ကြည့်နေလိမ့်မယ်..."
ထိုသို့ပြောပြီးနောက် အစေခံသည် သွားကိုကြိတ်လိုက်ရာ သူ၏ နှုတ်ခမ်းထောင့်မှ အမည်းရောင် သွေးများ စီးကျလာပြီး ခေါင်းမှာ ဘေးသို့ ကျသွားကာ သေဆုံးသွားလေသည်။
"လုပ်ကြံသူပဲ..."
လီစစ်က သေဆုံးသူ၏ ပါးစပ်ကို စစ်ဆေးလိုက်သည်။
"သူ့ရဲ့ သွားတွေထဲမှာ အဆိပ် ဖွက်ထားတာပဲ..."
သူသည် လက်ကိုသုတ်ကာ မှိုင်းညို့နေသော မျက်နှာအမူအရာဖြင့် အကျဉ်းခန်းထဲမှ ထွက်လာခဲ့သည်။
"ကျန်းလျန်..."
မဟာချင်ပြည်နယ် အတွက်တော့ ဤအမည်နာမသည် ကာလကြာရှည်စွာ မေ့ပျောက်နေခဲ့သော အိပ်မက်ဆိုးတစ်ခုဖြစ်သည်။ ထိုစဉ်က ပေါ်လန်ရှားတွင် ချင်ဧကရာဇ်ကို သတ်ဖြတ်လုနီးပါး တိုက်ခိုက်နိုင်ခဲ့သော ခွန်အားကြီးသူသည် ဤလူ၏ လှုံ့ဆော်မှုကြောင့်ဖြစ်သည်။ ထို့နောက်တွင် သူသည် ပျောက်ကွယ်သွားခဲ့သော်လည်း မထင်မှတ်ဘဲ ယခုအခါတွင် တစ္ဆေတစ်ကောင်ကဲ့သို့ ပြန်လည်ပေါ်လာခဲ့သည်။
ချီလင်ခန်းမအတွင်း၌။
ချင်ရှီဟွမ်သည် လီစစ်၏ အစီရင်ခံစာကို ကြားပြီးနောက် ဒေါသတကြီး ဖြစ်မလာခဲ့ပေ။ ပြတင်းပေါက် အပြင်ဘက်ရှိ မှိုင်းညို့နေသော ကောင်းကင်ကြီးကိုသာ သူသည် တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။
"ကျန်းလျန်..."
"ဟန်ပြည်နယ်က မှူးမတ်ဟောင်းတစ်ယောက်... မိန်းမတစ်ယောက်နဲ့တူပေမယ့် သံမဏိထက် ပိုမာကျောတဲ့ နှလုံးသားရှိတဲ့ အဲ့ဒီကောင်..."
ချင်ရှီဟွမ်သည် သူ၏ လက်ထဲရှိ သစ်ကြားသီးကို လှည့်လိုက်၏။
"သူက လက်မလျော့သေးဘူး... တကယ်တော့ သူက အရာဝတ္ထုများကို စူးစမ်းလေ့လာခြင်းကိုတောင် စတင်နေပြီပဲ..."
"သူက အဆိပ်ငွေ့ကို ဘယ်လိုသုံးရမလဲဆိုတာနဲ့ လူတွေရဲ့ မသိနားမလည်မှုအပေါ် အကြောက်တရားကို ဘယ်လို အသုံးချရမလဲဆိုတာသိတယ်... ဒါက ငါကိုယ်တော့်ရဲ့ ရန်သူတွေလည်း ဆင့်ကဲပြောင်းလဲနေတယ်ဆိုတာကို ပြသနေတာပဲ..."
"အဲဒါကအရမ်းကောင်းတယ်..."
ချင်ရှီဟွမ်၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
"ကိုယ့်ရဲ့ ပြိုင်ဘက်က အရမ်းမိုက်မဲနေရင် ကစားပွဲက ပျော်စရာမကောင်းဘူး..."
"အမိန့်ချမှတ်လိုက်..."
"ပထမအချက်... ပျားလပို့ ကျောက်မီးသွေးတုံးတွေနဲ့ သွပ်မီးခိုးခေါင်းတိုင်တွေ အသုံးပြုမှုကို မြှင့်တင်ရမယ်... ၎င်းတို့ကို လျူပန်ရဲ့ မဟာချင် ဓာတ်ငွေ့ကုမ္ပဏီက သီးသန့် ထောက်ပံ့ပေးလိမ့်မယ်... ဆောင်းရာသီမတိုင်ခင် ရှန်းယန်မြို့က အိမ်ထောင်စုတိုင်းမှာ ၎င်းတို့ ရှိနေစေဖို့ ငါကိုယ်တော်တို့ ရည်ရွယ်တယ်..." (ကုမ္ပဏီဆိုတဲ့အသုံး စသုံးပါပြီနော်။ စစ်မှုတော်လှန်ရေးစလာတည်းက ယနေ့ခေတ်အသုံးအနှုန်းတွေ စတင်နေပါပြီ)
"သူ့ရဲ့ ယုတ်မာတဲ့ အကြံအစည်တွေက နောက်ဆုံးမှာ ပြည်သူတွေကို အကျိုးပြုတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲသွားလိမ့်မယ်ဆိုတာကို ကျန်းလျန်ကို ငါကိုယ်တော် ပြချင်တယ်..."
"ဒုတိယအချက်... ဟေးပင်းအဖွဲ့အစည်းကို အပြည့်အဝ လှုပ်ရှားခိုင်းလိုက်... အဲ့ကျန်းလျန်ကို ငါကိုယ်တော့်အတွက် အထက်အောက် ရှာဖွေရမယ်..."
"ရှန်းယွီကို ပြောလိုက်... သူ့ရဲ့ သံမဏိစေတီ တွေက မြက်ခင်းပြင်တွေပေါ်မှာ ပြေးလွှားနေတာကို ရပ်တန့်သင့်ပြီ... သူတို့က ကွမ်ကျုံးလွင်ပြင်နဲ့ ပြည်နယ်ခြောက်ခုရဲ့ နယ်မြေဟောင်းတွေကို ကင်းလှည့်သင့်တယ်လို့ ပြောလိုက်..."
"သံသယဖြစ်ဖွယ်ပြုမူနေတာ ဒါမှမဟုတ် တစ္ဆေတွေနဲ့ နတ်ဘုရားတွေအကြောင်း ကောလာဟလတွေဖြန့်နေတာတွေ့ရင် အရင်ဖမ်းထားလိုက်..."
"သူ့ရဲ့ အကြံအစည်တွေနဲ့ လှည့်ကွက်တွေက ပိုမြန်သလား ဒါမှမဟုတ် ငါကိုယ်တော်ရဲ့ စက်မှုဘီးလုံးတွေက ပိုမြန်သလားဆိုတာ ငါကိုယ်တော် ကြည့်ချင်သေးတယ်..."
အနက်ရောင်ကျောက်တုံးအပေါ် ကြံစည်မှုတစ်ခုကို ချင်ရှီဟွမ်က မီးခိုးခေါင်းတိုင်များနှင့် ပျားလပို့ ကျောက်မီးသွေးတုံးများ ကို အသုံးပြု၍ ဟန့်တားနိုင်ခဲ့သည်။ ထိုဆောင်းရာသီတွင် ရှန်းယန်မြို့ ပေါ်ရှိ ကောင်းကင်ကြီးမှာ အနည်းငယ် မီးခိုးရောင်သန်းနေသော်လည်း အိမ်များမှာမူ ယခင်ကထက် ပို၍ နွေးထွေးနေခဲ့၏။
ပြည်သူများသည် ဈေးပေါပြီး တာရှည်ခံသော ပျားလပို့ ကျောက်မီးသွေးတုံးများကို အသုံးပြုကာ သံဖြူမီးဖိုနားတွင် မိမိကိုယ်ကိုယ် နွေးထွေးစေရင်း သူတို့အားလုံးကို သတ်ချင်နေသော ကျန်းလျန်ဆိုသူကို ကျိန်ဆဲနေကြသည်။
"မင်းတို့ ကြားပြီးကြပြီလား... အဲ့ဒီကျန်းလျန်က ဘီလူးတစ်ကောင်ပဲ... သူက ငါတို့ရဲ့ ကောလိပ်ကျောင်းသားတွေကို အဆိပ်ငွေ့တွေနဲ့ အဆိပ်ခတ်ဖို့ ကြိုးစားနေတာ..."
"ဟွန့်... မီးခိုးခေါင်းတိုင်ကို တီထွင်နိုင်ခဲ့တာက အရှင်မင်းကြီးရဲ့ ဉာဏ်ပညာကြောင့်ပါပဲ... ဒီမီးခိုးခေါင်းတိုင်ကို စိုက်ထူလိုက်တော့ ဘီလူးရဲ့ မှော်ပညာက အလုပ်မလုပ်တော့ဘူး..."
ချင်ရှီဟွမ်သည် ပြည်သူ့အမြင်၏ မြင့်မားသော နေရာကို နောက်တစ်ကြိမ် ခိုင်မာစွာ နေရာယူနိုင်ခဲ့ပြန်သည်။
အမည်မသိ ဂူတစ်ခုအတွင်း၌။
လွမ်းဆွေးနေသော မျက်လုံးများရှိသည့် ချောမောသော လူငယ်တစ်ဦးသည် သူ၏ လက်ထဲရှိ ပျားလပို့ကျောက်မီးသွေးတုံးမျာနှင့် ပတ်သက်သော အချက်အလက်များကို ကြည့်ကာ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်သည်။
"ချင်ရှီဟွမ်... မင်းက တကယ်တော့ ဘယ်လိုလူမျိုးလဲ..."
“ဘာဖြစ်လို့ ငါ့ရဲ့ အကြံအစည်တိုင်းက မင်းလက်ထဲမှာ လက်နက်တစ်ခု ဖြစ်လာရတာလဲ…”
ကျန်းလျန်သည် ထောက်လှမ်းရေးသတင်းကို မီးဖိုထဲသို့ ပစ်ထည့်လိုက်၏။ မီးရောင်က သူ၏ ဉာဏ်ပညာကြီးမားသော်လည်း အနည်းငယ် နွမ်းနယ်နေသော မျက်နှာကို လင်းထိန်သွားစေသည်။
"လုပ်ကြံတာက အလုပ်မလုပ်တော့တဲ့အတွက် အဆိပ်ခတ်တာကလည်း အလုပ်ဖြစ်မှာ မဟုတ်ဘူး..."
"ဒါဆိုရင် တခြားနည်းလမ်းကို စမ်းကြည့်ရအောင်…”
ကျန်းလျန်က အနောက်ဘက်သို့ ကြည့်လိုက်သည်။
"ရှန်းနုံတို့ရဲ့မောက်တွန်းက အခု အနောက်ဘက်ဒေသမှာ ဘုရင်အဖြစ် အုပ်စိုးနေတယ်လို့ ငါ ကြားတယ်..."
"ကိုယ့်ရန်သူရဲ့ရန်သူက ကိုယ့်ရဲ့မိတ်ဆွေပဲ..."
"ချင်ရှီဟွမ်... ဒီစစ်တုရင်ကစားပွဲက မပြီးသေးဘူး..."
ရှန်းယန်နန်းတော်အတွင်း၌ ချင်ရှီဟွမ်သည် ထိုနေ့အတွက် သူ၏ ကြိုးခုန်ခြင်း အစီအစဉ်ကို ယခုလေးတင် ပြီးဆုံးသွားခဲ့သည်။ သူသည် ချွေးများကို သုတ်လိုက်ပြီး ဖန်သားပြင်ပေါ်ရှိ အနည်းငယ် အတက်အကျရှိနေသော စက်မှုလုပ်ငန်း အညွှန်းကိန်းကိုကြည့်ကာ စိတ်ခံစားချက် ကောင်းမွန်နေ၏။
"ရှောင်ဂျီ..."
"ငါကိုယ်တော်တို့မှာ ကျောက်မီးသွေးရှိတယ်၊ သံ ရှိတယ်၊ ပြီးတော့ ရော်ဘာက ယူကွန်းမီယာအစေးကနေ အကြမ်းဖျင်း ပေါင်းစပ်ထားတာဖြစ်ပေမယ့် ငါကိုယ်တော်တို့မှာ ဒါက ရှိနေတုန်းပဲ..."
"ငါကိုယ်တော်တို့ ရေနွေးငွေ့အင်ဂျင်ကို စတင်လုပ်ဆောင်သင့်ပြီ မဟုတ်ဘူးလား..."
"မြင်းမပါဘဲ ပြေးနိုင်တဲ့ ရထားလုံးနဲ့ ရွက်မပါဘဲ ရွက်လွှင့်နိုင်တဲ့ သင်္ဘောက ဘယ်လိုပုံစံလဲဆိုတာကို ငါကိုယ်တော် ကြည့်ချင်တယ်..."
[အရှင်မင်းကြီး... နောက်ဆုံး တွန်းအားတစ်ခုကလွဲပြီး အရာအားလုံး အဆင်သင့်ဖြစ်နေပါပြီ...]
[အရှေ့လေကတော့တိုက်ခတ်လာပါပြီ... ကျောက်ကောင်းရဲ့ ချိပ်ပိတ်နည်းပညာနဲ့ မိုဟစ်ဂိုဏ်းရဲ့ ပစ္စတင်ဖန်တီးတဲ့ နည်းပညာပါပဲ...]
[ဤအရာနှစ်ခုကို ဖြေရှင်းပြီးတာနဲ့ မဟာချင်ရဲ့ ရေနွေးငွေ့ခေတ်က အမှန်တကယ် ရောက်ရှိလာပါလိမ့်မယ်...]
ချင်ရှီဟွမ်သည် ပြတင်းပေါက် အပြင်ဘက်တွင် ကျဆင်းလာသော ပထမဆုံး နှင်းပွင့်လေးကို ကြည့်နေရာ သူ၏ မျက်လုံးများတွင် ကျောက်မီးသွေးထက် ပိုမိုပူပြင်းသော မီးတောက်တစ်ခုက တောက်လောင်နေသည်။
"အဲဒါဆိုရင် အဲ့မီးတောက်ကို ပိုပြီး တောက်ပအောင် လောင်ကျွမ်းစေလိုက်..."