အခန်း ၁၁၉
Vol. 12 Ch. 119
119 01
အပိုင်း 119
ယွင်ယွီသည် ကျိုးရှောင်ရီကို ဘဏ်သို့သွားကာ ပိုက်ဆံကို သူမကတ်ထဲ တိုက်ရိုက်လွှဲခိုင်းလိုက်၏။ ကျိုးရှောင်ရီက ပိုက်ဆံလွှဲရန် ဘဏ်သို့ အမြန်သွားလိုက်သည်။
ယွင်ယွီသည် ရုတ်တရက် သေဆုံးသွားသည့် ကျိုးမိသားစုဝင် ငါးယောက်၏ ဝိညာဉ် နောက်ဘဝ၌ ပြန်လည်မွေးဖွားလာနိုင်အတွက် ကျိုးရှောင်ရီ၏ အိမ်တွင်နေကာ ဆုတောင်းပေးသည်။ သေသူတို့၏ ဝိညာဉ်အတွက် ဆုတောင်းပေးပြီးနောက် ကျိုးရှောင်ရီက မြို့မှ အမြန်ပြန်လာပြီး ယွင်ယွီအတွက် ပိုက်ဆံလည်း ရပြီဖြစ်သည်။
ကိစ္စများ ဖြေရှင်းပြီးသလောက်အချိန်တွင် ယွင်ယွီက ကျိုးမိသားစုကို ရှင်းပြလိုက်သည်။
“ဖုန်းရွှေပညာရှင်က ရှင်တို့မိသားစုတစ်ခုလုံးကို သတ်ချင်တာ။ ရှင်တို့မိသားစုရဲ့ ပါးစပ်ဆိုးတာကြောင့်ပဲ သူက တကယ် ရက်စက်တယ်။ သူ အပြစ်ဒဏ်ခံရမှာပဲ။ ဒါပေမဲ့ ရှင်တို့ရင်ထဲမှာ အကြင်နာတရားရှိဖို့ မှတ်ထား။ မကောင်းတာ မပြောနဲ့။ ကောင်းတာတွေ ပိုလုပ်။ ဒါက ကောင်းမှုကုသိုလ်တွေကို စုဆောင်းနိုင်လိမ့်မယ်”
သူမ အဓိပ္ပာယ်မရှိ ပြောခဲ့တာ မဟုတ်ပေ။ ကြင်နာတတ်သည့်သူများနှင့် ကောင်းမှုကုသိုလ် ပြုလုပ်တတ်သည့် သူတို့သည် ကောင်းချီးများစွာ စုဆောင်းနိုင်၏။ ကျိုးရှောင်ရီ၏ သားအကြီးဆုံးသည်လည်း သူကြင်နာတတ်သော စိတ်နှလုံးကြောင့် ကပ်ဘေးမှ လွှတ်မြောက်ခဲ့တာပဲ ဖြစ်သည်။
ကျိုးရှောင်ရီနှင့် သူ၏ဇနီးက ထပ်တလဲလဲ ခေါင်းညိတ်လိုက်သည်။
“ဆရာသခင်ပြောတာကို နားထောင်ပြီး နောင်ကျ ကောင်းမှုကုသိုလ်တွေ ပိုလုပ်ပါ့မယ်”
ယွင်ယွီက ပြောလိုက်သည်။
“ရှင်တို့တတ်နိုင်တဲ့ ကောင်းမှုကုသိုလ်တွေ ပိုသာလုပ်။ သေးသေးမွှားမွှားလေးဆိုရင်တောင် အဆင်ပြေတယ်။ တစ်ချိန်လုံး သူတော်စင်လို နေခိုင်းနေတာ မဟုတ်ဘူး”
“ဟုတ်ကဲ့ ကျုပ်တို့ နားလည်ပါပြီ”
ယွင်ယွီသည် အခြားသော ပြဿနာ မရှိတော့ဟု ခံစားမိ၏။
“ကောင်းပြီ။ ကျန်တာ ရှင်တို့ဘာသာ ဖြေရှင်းလိုက်တော့ သလဲသီးအပင်ကို နေရာပြောင်းစိုက်ပြီး မူလနေရာမှာ ရေစည်လေးတစ်ခုထား။ ရှင်တို့မိသားစု ကြွယ်ဝချမ်းသာမှုက နှစ်ဝက်အတွင်း တဖြည်းဖြည်း တိုးလာလိမ့်မယ်”
ကျိုးရှောင်ရီနှင့် သူ့သားနှစ်ယောက်လုံးက ကောင်းမွန်သည့် အသွင်အပြင် ရှိသည်။ သူ၏ဇနီးကလည်း သာမန်အမျိုးသမီးတစ်ယောက် ဖြစ်၏။ ချိုတဲ့မှု အနည်းအကျဉ်းရှိသော်ငြား သူမသည် မကောင်းသည့်သူ မဟုတ်ပေ။ သူတို့မိသားစု၏ ကြွယ်ဝချမ်းသာမှုက တဖြည်းဖြည်း တိုးလာလိမ့်မည်။
ယွင်ယွီသည် ပြဿနာအားလုံး ဖြေရှင်းပေးပြီးနောက် ချင်ယွီစွေနှင့် ထွက်သွားလေ၏။
ကျိုးရှောင်ရီနှင့် သူ၏ဇနီးသည် ထိုလူနှစ်ယောက်ကို လိုက်ပို့လိုက်၏။ ထိုစဉ် အဆောက်အအုံငယ်လေးထဲမှ စုံတွဲတစ်တွဲ ထွက်လာပြီး သူတို့က ငါးနှစ်၊ ခြောက်နှစ်အရွယ်ခန့်ရှိသည့် ကလေးများကို ပွေ့ချီထားသည်။ ကောင်လေးက မျက်နှာဖြူဖျော့နေပြီး မျက်လုံးပြာနေ၏။ စိတ်ဝိညာဉ် မရှိသလိုပေ။ သူက ထိုအမျိုးသား၏ ပုခုံးပေါ်၌ အပြစ်မဲ့စွာ လဲနေတော့သည်။
ယွင်ယွီသည် မိခင်၏ အသွင်အပြင်နှင့် ထိုကောင်ငယ်လေးနောက် လိုက်နေသည့် အရာကို မြင်သောအခါ သူမ မျက်ခုံးပင့်မိသွားပြီး နှုတ်ခမ်းသပ်လိုက်တော့သည်။
ဘေးရှိ အဆောက်အအုံမှ ထွက်လာသည့် မိခင်သည် သူမမိသားစုထဲရှိ သရဲမလေး ဝမ်ကျစ်ရှင်းနှင့် အတော်လေး ဆင်တူသည်။ ထိုသို့ဆိုလျှင် ဘေးအိမ်ရှိ မိသားစုက ဝမ်ကျစ်ရှင်း၏ မိသားစု ဖြစ်မည်။ သူတို့က သူတို့၏သားကို ရတနာတစ်ပါးတစ်ဖွယ် သဘောထား၏။ သူတို့ရင်ခွင်ထဲရှိ ကောင်လေးက ကောင်းစွာ ဝတ်စားထားပြီး ထိုစုံတွဲကလည်း ကောင်းစွာ ဝတ်စားထားသည်။ သို့သော် သူတို့သမီးကိုမှု ရှင်သန်ရန် အခွင့်အရေး မပေးခဲ့ပေ။
ဝမ်ကျစ်ရှင်း၏ ဝေဒနာသည် ရေရှည်ကုသမှု လိုအပ်သည်။ သူမ ဆေးပုံမှန် သောက်နေသ၍ နောင်နှစ် ၂၀၊ ၃၀ အထိ ရှင်သန်နေထိုင်ဖို့ ပြဿနာ မရှိပေ။ နှစ် ၂၀၊ ၃၀ အတွင်း ကမ္ဘာကြီးပြောင်းလဲသွားပြီ ဖြစ်ကာ ဆေးပညာ တိုးတက်လာလိမ့်မည်။ ရောဂါကို အပြည့်အဝ ကုသကောင်း ကုသနိုင်လိမ့်မည်။ သို့သော်ငြား တစ်လလျှင် ယွမ်ထောင်ချီကုန်ကျသော ဆေးဝါးစရိတ်ကြောင့် သူတို့၌ သားရှိသေးသဖြင့် ဝမ်ကျစ်ရှင်းကို လက်လျော့လိုက်၏။
119 02
ယွင်ယွီက ကျစ်ကနဲ စုပ်သပ်လိုက်သည်။ ထိုမိခင်က ယွင်ယွီကို မော့ကြည့်ပြီး မျက်မှောင်ကျုံ့ကာ ပြောလိုက်တော့သည်။
“နင်ဘာပြောတာလဲ။ ဘယ်သူလဲ”
“ဘာမှ မဟုတ်ဘူး”
ယွင်ယွီက တည်ငြိမ်စွာ ပြောလိုက်သည်။
သရဲမလေး ဝမ်ကျစ်ရှင်း၌ အငြိုးအတေး မရှိပေ။ သူမ ဘာမှ မပြောခဲ့။ သို့သော် ဝမ်မိသားစုကသာ နောင်ကျ သူမကို အကူအညီ တောင်းချင်ပါက သဘောတူမှာ မဟုတ်ပေ။
ကလေး၏ မိခင်က ကျိုးရှောင်ရီနှင့် ဇနီးဘက်လှည့်ကာ ဆိုးရွားသော အကြည့်ဖြင့် ပြောလိုက်တော့သည်။
“ကျိုးရှောင်ရီ ဒါရှင်တို့ဧည့်သည်လား။ ဘယ်လိုလုပ် ဒီလောက် ရိုင်းရတာလဲ”
ကျိုးရှောင်ရီ၏ ဇနီး မာဟုန်းမိန်ကမှု ထိုအမျိုးသမီးကို ကြည့်ကာ ပြောလိုက်လေ၏။
“ကျူအိုက်ချင်း ကျေးဇူးပြုပြီး ယဉ်ယဉ်ကျေးကျေး ပြုမှု။ ဒါက ငါတို့ဖိတ်ထားတဲ့ ဆရာသခင်”
မာဟုန်းမိန်က ကျူအိုက်ချင်းကို သဘောမတွေ့ပေ။ သူမ ဘေးအိမ်ရှိ မိသားစုကို သဘောမကျ။ သူတို့သည် သူတို့သားကို ရတနာသဖွယ် သဘောထားပြီး သမီးကို ပေါင်းပင်သဖွယ် သဘောထား၏။ သူတို့သမီး၏ ရောဂါကိုတောင် မကုသပေးခဲ့ပဲ သေစေခဲ့သည်။ မာဟုန်းမိန်၏ သမီးက မတော်တဆ သေသွားသောအခါ သူမရင်နာခဲ့လေ၏။ သူမ တစ်လလုံး မစားနိုင်မသောက်နိုင် ဖြစ်ခဲ့သည်။ သို့သော် ဘေးအိမ်ရှိ မိသားစုကမှု သူတို့သမီးကို လူတစ်ယောက်ဟု သဘောမထား။ ဝမ်ကျစ်ရှင်း သေသွားချိန်၌ သူမ ဝမ်းနည်းခဲ့သည်တိုင် သူမမိရင်းဖရင်းတို့ကမှု မျက်ရည်တစ်စက်တောင် မကျခဲ့ပေ။
ကျူအိုက်ချင်းသည် ယွင်ယွီက ဆရာတစ်ယောက်ဖြစ်ကြောင်း ကြားသောအခါ သူမ ယွင်ယွီကို အကြိမ်တချို့ မကြည့်ဘဲ မနေနိုင်တော့ပေ။ ခဏတာ တုံ့ဆိုင်းနေပြီးနောက် မေးလိုက်သည်။
“ဒီဆရာက ဘယ်တာအိုဘုရားကျောင်းကလဲ”
မာဟုန်းမိန်က ပြောလိုက်သည်။
“ဘာတာအိုဘုရားကျောင်းလဲ။ ဒါက ဟယ်ချင်ကျေးရွာက ဆရာသခင် ယွင်ယွီပဲ။ သူက အင်မတန် အစွမ်းထက်တာ”
“သူ့ကို အစွမ်းထက်တဲ့ ပညာရှင်လို့ ထင်နေတာ”
ကျူအိုက်ချင်းက အထင်တသေး ပြောလိုက်၏။
“ရှင်တို့တွေက အဲဒီပညာရှင်တွေနဲ့ အစောင့်အရှောက်တွေကို ယုံကြည်နေကြတယ်။ ကျွန်မသာဆိုရင် မြို့ထဲက တာအိုဘုရားကျောင်းကိုသွားပြီး ဆရာတော်တစ်ပါးကို ပင့်ပြီး လာကြည့်ခိုင်းမှာပဲ။ ဒီလို ပညာရှင်တွေနဲ့ နတ်ဘုရားတွေကို ယုံနေတာ ယုတ်တိမရှိဘူး”
မာဟုန်းမိန်သည် ဒေါသထွက်လွန်းသောကြောင့် ယွင်ယွီ သူမတို့ မိသားစုကို ကူညီပေးခဲ့သည့် ထူးဆန်းသော ကိစ္စကို ပြောပြချင်ခဲ့သည်။ သို့သော် သူမ တစ်ခွန်းမှ မပြောရသေးခင် ကျူအိုက်ချင်း၏ ခင်ပွန်းက စိတ်မရှည်ဖြစ်လာကာ ပြောလိုက်လေ၏။
“ဘာတွေပြောနေတာလဲ။ ကလေးကို မြို့ခေါ်သွားရအောင်။ အချိန်မဖြုန်းနဲ့”
သူမသားအကြောင်း ကြားတော့မှ ကျူအိုက်ချင်းသည် အသိစိတ် ပြန်ကပ်လာလျှက် သူမခင်ပွန်း၏လက်မောင်းပေါ်မှ သားကို အမြန်ယူလိုက်သည်။ ပြီးမှ ခင်ပွန်းသည် ခြံဝန်းအပြင်ဘက်သို့ ကားမောင်းထွက်လျှက် သုံးယောက်သား ထွက်သွားတော့သည်။
မာဟုန်းမိန်က မြေပြင်ပေါ် တံတွေးထွေးလိုက်လေ၏။
“ဒီရက်စက်တဲ့ မိသားစု ဝဠ်လည်မှာ မကြောက်ဘူးလား”
ကျိုးရှောင်ရီသည် သူ့ဇနီးကို ခေါ်လျှက် ပြောလိုက်သည်။
“ဟုတ်ပြီ။ တခြားသူ ကိစ္စကို ဆွေးနွေးတာ တော်တော့။ ဆရာသခင်ကို အရင်ဆုံး ပြန်ပို့ရအောင်”
119 03
ချင်ယွီစွေ၏ကားကို အနီး၌ ရပ်ထားတာ ဖြစ်သည်။ သူက ယွင်ယွီကို ကားထဲ ခေါ်သွားလိုက်၏။ ယွင်ယွီက ကျိုးရှောင်ရီကို လှည့်မေးလိုက်တော့သည်။
“ဘေးအိမ်က ကလေးတစ်ခုခု ဖြစ်လို့လား”
ကျိုးရှောင်ရီက မပြောရသေးခင် မာဟုန်းမိန်က ပြောလိုက်၏။
“ဆရာသခင်က တကယ် အံဩဖို့ကောင်းတာပဲ။ ဘေးအိမ်က လူရဲ့မျိုးရိုးနာမည်က ဝမ်လေ။ သူနဲ့သူ့ဇနီးမှာ ကလေးနှစ်ယောက်ရှိတယ်။ ဒါပေမဲ့ သူတို့တွေက သားယောက်ျားလေးကို ပိုဦးစားပေးတယ်။ သူတို့သမီး နေမကောင်းဖြစ်တုန်းက မကုပေးပဲ သူသေတာကို ကြည့်နေကြတယ်။ အခု သူတို့သားလည်း ဒုက္ခရောက်နေပြီ။ အရင်ရက်တွေတုန်းက အဖျားရှိနေတာ။ သူတို့ ဆေးရုံသွားစစ်ဆေးခဲ့ပေ့မဲ့ ဘာမှ ရှာမတွေ့ခဲ့ဘူး။ ကလေးက သူ့ကို ညသန်းခေါင်မှာ တစ်စုံတစ်ခု နှောင့်ယှက်နေခဲ့တယ်လို့ ပြောခဲ့တာ။ သူ ပူးကပ်ခံရတာ ဖြစ်ကောင်း ဖြစ်မှာပေါ့။ အရင်ရက် နှစ်ရက်တုန်းက မြို့ထဲက တာအိုဘုရားကျောင်းဆီကို သွားကြပြီးပြီ”
ယွင်ယွီက ခေါင်းညိတ်လျှက် မေးလိုက်သည်။
“လက်တလော ရှင်တို့ရွာထဲမှာ သေသွားတဲ့လူရှိလား။ အဘိုးအိုက ပိန်ပိန်ပါးပါး၊ ဆံပင်ဖြူဖြူ၊ မုတ်ဆိတ်မွှေးနဲ့ သူသေတဲ့အချိန်မှာ အညိုရင့်ရောင်ပိုးသားကို ဝတ်ထားတာလေ”
မာဟုန်းမိန်က တုန်ယင်သွားလေ၏။
“ရှိတယ်။ ရှိတယ်။ ဆရာသခင်။ ကျွန်မတို့ရွာက အဘိုးအိုတစ်ယောက် လွန်ခဲ့တဲ့ လဝက်ကပဲ နေမကောင်းဖြစ်ပြီး သေသွားတာ။ ဒီနှစ်ခု တိုက်ဆိုင်မှု ရှိလား”
“ဒီအတိုင်း မေးရုံပါပဲ”
ယွင်ယွီက ရယ်မောလိုက်၏။
“ဘေးအိမ် မိသားစုက အဲဒီဆုံးသွားတဲ့ အဘိုးနဲ့ အငြိုးအတေးများ ရှိလား”
မာဟုန်းမိန်က ကျောစိမ့်သွားသော်ငြား ဖြေလိုက်သေး၏။
“အငြိုးအတေး ကြီးကြီးမားမားတော့ မရှိပါဘူး။ အိမ်နီးချင်းတွေက ဆိုးဝါးတဲ့ စိတ်ထားကောင်းတာ မရှိတော့ အနားက အိမ်နီးနားချင်းတွေနဲ့ မတည့်ဘူးလေ။ ဒါပေမဲ့ အငြိုးအတေး ကြီးကြီးမားမား မရှိဘူး။ သေးသေးမွှားမွှားလေးတွေပဲ”
“ဟုတ်ပြီ။ ကျွန်မ သဘောပေါက်ပြီ”
ယွင်ယွီက ခေါင်းညိတ်လိုက်၏။
“ရှင်တို့လည်း ပြန်သွားလို့ ရပြီ”
သူမ ဖြစ်ပျက်ပုံကို အကြမ်းမျဉ်း ခန့်မှန်းခဲ့ပြီးပြီ ဖြစ်သည်။ ကလေးက ဆိုးသွမ်းပြီး ဆုံးပါးသွားသည့် အဘိုးအိုနှင့် တွေ့မိတာပဲ ဖြစ်သည်။ အဘိုးအိုသည် သေလွန်ပြီးနောက် သူ လက်မလွှတ်နိုင်သည့် အငြိုးအတေးတချို့ ရှိလိမ့်မည်။ ကလေးက သူနှင့် တွေ့သွား၏။ ထိုစဉ် အဘိုးအိုက ကလေးနောက်လိုက်လာပြီး ကလေးကို ခြောက်ချင်တာ ဖြစ်လောက်သည်။ အဘိုးအိုနား၌ ဆိုးယုတ်သည့် အငွေ့အသက်ကို မတွေ့ရခဲ့ပေ။ ချင်ယွီစွေက ယွင်ယွီနှင့်အတူ ကားမောင်းထွက်လာ၏။ သူတို့နှစ်ယောက်သား ဟယ်ချင်ကျေးရွာဆီသို့ ပြန်သွားကြတော့သည်။
ကျိုးရှောင်ရီနှင့် မာဟုန်းမိန်တို့သည် ကားထဲဝင်သွားသည့် လူနှစ်ယောက်ကို ကြည့်လိုက်၏။ မာဟုန်းမိန်ကမှု ပြောလိုက်သည်။
“ဆရာသခင် တစ်ခုခုကို ရှာတွေ့သွားတယ်လို့ ထင်လား”
ကျိုးရှောင်ရီသည် ဘာမှ မပြောခဲ့ပေ။ ဆရာသခင်က ဝမ်မိသားစုမှ ကလေးအဖြစ်အပျက်ကို သိလောက်သည်ဟု ခံစားမိသည်။ သို့သော် သူရှင်းပြဖို့ မပြင်ဆင်ထားပေ။
“ဒီကိစ္စကို မဆွေးနွေးကြရအောင်။ ဆရာသခင်က နှုတ်ကြောင့် ပြဿနာတွေ တတ်တယ်လို့ ပြောခဲ့တာပဲ။ ဒီကိစ္စက ငါတို့နဲ့ ဘာမှ မဆိုင်ဘူး”
မာဟုန်းမိန်က ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့၏။
သူတို့စုံတွဲသည် သလဲသီးအပင်ကို တူးထုတ်ရန် အလုပ်များနေပြီးနောက် ဆရာသခင်ယွင် သတ်မှတ်ပေးထားသည့် နေရာဆီသို့ ရွေ့လိုက်ကြသည်။
ချင်ယွီစွေနှင့် အိမ်ပြန်လမ်း၌ ယွင်ယွီက ထိုင်မနေပင်။ သူမသည် ကလေးနောက်လိုက်နေသည့် အဘိုးအိုကို မြင်တွေ့ခဲ့ကြောင်း ပြောလေ၏။
119 04
သူမက သူ့ကို အားလုံးပြောပြပြီး သက်ပြင်းချလိုက်သည်။
“ဝမ်ကျစ်ရှင်းက တော်တော် သနားဖို့ကောင်းတယ်”
ထိုသရဲမလေးသည် တစ်ချိန်လုံး ဝမ်ယုလင်နှင့်အတူနေ၏။ သရဲနှစ်ကောင်သည် တစ်ယောက်နှင့်တစ်ယောက် အတော်လေး ရင်းနှီးနေကြပြီဖြစ်သည်။ ယွင်ယွီက ဝမ်ကျစ်ရှင်းကို ယင်ဖူပေးထားပြီး နေ့အချိန်တွင် သူမ လွတ်လွတ်လပ်လပ် သွားလာခွင့်ပေး၏။ သို့သော် နေ့အချိန်၌ သရဲတစ္ဆေများ အပြင်ထွက်ခြင်းက အဆင်မပြေ။ အများသောအားဖြင့် သူတို့သည် နေ့အချိန်ဘက်၌ ပုန်းခိုနေကြပြီး တိမ်ထူသော နေ့ကြမှ သွားလာနေကြ၏။
ချင်ယွီစွေက စတီယာရင်ကို ကိုင်ထားပြီး ပြောလိုက်တော့သည်။
“တစ်ခါတလေ လူတွေရဲ့ စိတ်နှလုံးက သရဲတစ္ဆေတွေထက် ပိုကြောက်ဖို့ ကောင်းတယ်”
ယွင်ယွီသည် ထောက်ခံကြောင်း ခေါင်းညိတ်လိုက်သည်။ အများသောအားဖြင့် ငရဲက ရှင်းလင်းနေပြီး နတ်ဆိုးတို့က ကမ္ဘာမြေပေါ်တွင် ရှိနေ၏။
အိမ်ပြန်ရောက်ပြီးနောက် ယွင်ယွီသည် တစ်ရက်တာ ကောင်းမွန်စွာ အနားယူလိုက်သည်။ သူတို့ မိသားစုသည် လယ်ယာစိုက်ပျိုးရေးဖြင့် အလုပ်များနေလေ၏။ သူမ စိုက်ပျိုးထားခဲ့သည့် ပြောင်း ဧက ၂၀ သည် ရိတ်သိမ်းနိုင်တော့မှာပဲ ဖြစ်သည်။ ဘန်းမုန့်ဆိုင်သည် ယခင်ရက်များက နူးညံ့သည့် ပြောင်းဖူးများ ရောင်းချနိုင်ခဲ့၏။ နူးညံ့သော ပြောင်းဖူးများက တော်တော်လေး ကောင်းမွန်သည်။ တစ်ချောင်းကို လေးယွမ် ဖြစ်ပြီး ပြုတ်ပြီးသားဆို ငါးယွမ်ဖြင့် ရောင်းသည်။ ဘန်းမုန့်ဆိုင်သို့ လာကာ ပြောင်းဖူးများ ဝယ်ပြီး ဟင်းချိုချက်ကြသည်။ မိဘများနေ့တိုင်း ရောက်လာ၏။ ကလေးများက ၎င်းကို နှစ်သက်သည်။ တန်ကြေးက ဟင်းသီးဟင်းရွက်ဈေးထဲကထက် ပိုများသော်ငြား ဝယ်သည့်လူများစွာ ရှိနေသေးသည်။
ယခု တစ်လကျော် ကုန်လွန်သွားပြီ ဖြစ်ကာ ပြောင်းများ စတင် ရင့်လာပြီ ဖြစ်၏။ ပြောင်းဖူးနုနုကို စား၍ မရတော့ပေ။ ထိုကြောင့် ခူးပြီး ချွေကာ အခြောက်လှန်းထားရမည်။
ပြောင်းဖူးက ကောင်းမွန်၏။ ၎င်းသည် ကင်ဆာကို ကာကွယ်ပေးနိုင်ကာ သရက်ရွက်ကို ခွန်အားမြှင့်တင်ပေးပြီး စားသောက်ချင်စိတ် ဖြစ်ပေါ်လျှက် ကိုလက်စထရောဓာတ်ကို လျော့ချပေးကာ ရောဂါများစွာကို ကာကွယ်ပေးသည်။ ထိုအပြင် ၎င်းကို ဝိညာဉ်ဖြင့် စိုက်ထားတာ ဖြစ်၏။ ထို့ကြောင့် ဈေးကွက်ထဲတွင် ယဉ်နိုင်မည်သူရှိလာမှာကို စိုးရိမ်စရာ မလိုအပ်ပေ။ ပြောင်းဖူးမုန့်၊ ပြောင်းဖူးပေါက်စီ၊ ပြောင်းဖူးကိတ်၊ ပြောင်းဖူးနှစ် စသည့် စားကောင်းသောက်ဖွယ်မျိုးစုံ ပြုလုပ်နိုင်သည်။
ဧက ၂၀၀ က အတော်လေး များ၏။ ယွင်မိသားစုက အားလုံးကို ရိတ်သိမ်းနိုင်သည်။
ယွင်ယွီသည် စိုက်ပျိုးရေး၌ ကူညီပေးရန် ရွာသားများကို ဖိတ်ကြားခဲ့၏။ နှစ်ရက်၊ သုံးရက်အတွင်း အားလုံးကို ရိတ်သိမ်းခဲ့သည်။ သူမက ရာသီဉတု ကောင်းနေချိန်၌ ပြောင်းဖူးများကို အခြောက်လှန်းလိုက်သည်။
အဘွားယွင်သည် ပြောင်းဖူးမုန့် ကီလိုဂရမ် ထောင်ချီကို မှာယူပြီးနောက် ဘန်းမုန့်ဆိုင်၌ ဘန်းမုန့်အသစ်တစ်မျိုး ထပ်ထည့်လိုက်သည်။
ပြောင်းပေါင်မုန့်နှင့် ပြောင်းဖူးဆန်ပြုတ်။
ပြောင်းဖူးဘန်းမုန့်နှင့် ပြောင်းဆန်ပြုတ်။
ပြောင်းဖူးဘန်းမုန့်က နှစ်ယွမ်ကျသင့်ပြီး ပြောင်းဆန်ပြုတ်က သုံးယွမ်ကျသည်။ ယွင်ယွီ၏ ပြောင်းဖူးဘန်းမုန့်နှင့် ပြောင်းဆန်ပြုတ်တို့က အခြားသော မနက်စာဆိုင်များထက် အနည်းငယ် ဈေးပိုကြီး၏။ သို့သော်ငြား လာရောက်စားသုံးသည့် လူများစွာ ရှိနေပြီး မနက်တိုင်း၌ လူတန်းစီကြီး ရှိနေတတ်သည်။
ထုတ်ကုန်သစ်နှစ်မျိုးသည် ထွက်လာလျှင် ထွက်လာခြင်း ချီးကျူးမှုများစွာ ရရှိလာတော့သည်။
အိမ်သစ်ဘေး၌ သိုလှောင်ရုံတစ်ခုရှိ၏။ ၎င်းက ကောက်ပဲသီးနှံများ သိုလှောင်ရန် ပြင်ဆင်ထားတာပဲ ဖြစ်သည်။ နေရာ မလုံလောက်ပါက ရွာထဲ၌ ကျီတစ်ခု ရှိလေသည်။ ယင်း၌ ယွင်ယွီက ကောက်ပဲသီးနှံသိုလှောင်ရန် ထိုနေရာကို ငှားရမ်းထားသည်။ ရွာသူရွာသားများဆီမှ ဝယ်ယူထားသည့် ဂျုံ့က နောက်နှစ်အထိ ဘန်းမုန့်ဆိုင်အတွက် အသုံးပြုရန် လုံလောက်သည်။ ပြောင်းဖူးဧက ၂၀၀ ကျော် ပေါင်းလိုက်ချိန်တွင် မိသားစုက သိုလှောင်စရာ နေရာ မရှိတော့ ထိုကျီကို ငှားရတော့သည်။
ဤကျီကို အစောပိုင်းနှစ်များ၌ ရွာက တည်ဆောက်ထားတာ ဖြစ်ပြီး စွန့်ပစ်ထားတာ ကြာပြီ ဖြစ်သည်။ ယွင်ယွီသည် ကျေးရွာကော်မတီကနေ ၎င်းကို ငှားရမ်းထား၏။ ပိုက်ဆံက မများပြားပေ။ ထိုကြောင့် အိမ်နီးချင်းကော်မတီဆီ ပေးချေကာ နောင်ကျ ရွာသူရွာသားအတွက် အသုံးစရာ ဖယ်ထားပေးသည်။
119 05
စပါးကျီက ခိုင်ခံပြီး သစ်သားတံခါးဖြင့် ပြုလုပ်ထားတာ ဖြစ်ကာ ၎င်းကို တွန်းဖွင့်ရန် အားစိုက်ထုတ်ရသည်။ မင်တုံးနှစ်ခု ချထားသောကြောင့် သူခိုးရန်ကို စိုးရိမ်စရာ မလိုအပ်ပေ။
ထိုအပြင် သရဲနှစ်ကောင် ရှိနေ၏။ သန်းခေါင်ယံအချိန်တွင် မကြာခဏ မျောလွှင့်တတ်သည့် ဝမ်ယုလင်နှင့် ဝမ်ကျစ်ရှင်းတို့ကလည်း ရှိနေသောကြောင့် ယွင်ယွီ စိတ်ပူစရာ မရှိပေ။
ပြောင်းများကို ပြောင်းမှုန့်ဖြစ်အောင် ကြိတ်ပြီးနောက် ယွင်ယွီသည် ကီလိုဂရမ် ၂၀၀၀ ကို ဖန်ချွင်ရှန်ဆီသို့ ပို့လိုက်သည်။ ဖန်ချွင်ရှန်က ဖန်ရှန်းရှန်း၏ ဖခင်ဖြစ်ပြီး သူ့မိသားစုက ကြယ်ငါးပွင့် ဟိုတယ်ကို ဦးစီးနေ၏။ ယွင်ယွီသည် သူမသူငယ်ချင်းကောင်း၏ ဖခင်နှင့် မြို့တော်တွင် တွေ့ဆုံခဲ့ဖူးပြီး နှစ်ယောက်သား အဆင်ပြေ၏။ သူမ ပြောင်းစိုက်ပျိုးသည့်အချိန်တွင် ဖန်ရှန်းရှန်းက ပြောင်းမှုန့် ကီလိုဂရမ် ၂၀၀၀ နှစ်ထောင်ပို့ခိုင်းထားသည်။ သူက ပို့ဆောင်ခ ပေးချေမှာ ဖြစ်သည်။ ယွင်ယွီက တစ်ကီလိုဂရမ်ကို ဆယ်ယွမ်နှုန်း တောင်းလိုက်၏။ ၎င်းသည် ဈေးကွက်တန်ကြေးထက် အဆပေါင်းများစွာ ဈေးကြီးသော်ငြား ပေးရကျိုး နပ်ပေသည်။
ပြောင်းမှုန့် ကီလိုဂရမ် ၂၀၀၀ ကို မြို့တော်သို့ ပို့ပြီးနောက် ဖန်ချွင်ရှန်သည် သူ့ကိုယ်တိုင် စားသောက်ရန် ကီလိုဂရမ် ၁၀၀ ယူထား၏။ ကျန်သည့်ကို ဟိုတယ်သို့ သယ်သွားသည်။
ဟိုတယ်၏ ခေါင်းဆောင်စာဖိုမှုးသည် အသက် ၄၀ ခန့်အရွယ်ခန့်ရှိသည့် ကျုသက်ယွဲ့ဟု အမည်ရသည့် ပြည့်ပြည့်ဖြိုးဖြိုး လူလတ်ပိုင်း အမျိုးသားဖြစ်သည်။ သူက အချက်အပြုတ် တော်၏။ သူ၏ဆရာသည် နိုင်ငံပိုင် စားသောက်ဆိုင်၏ စားဖိုမှုး ဖြစ်ခဲ့ဖူးပြီး ယခုဆို အနားယူသွားပြီ ဖြစ်သည်။
ကျုသက်ယွဲ့နှင့် ဖန်ချွင်ရှန်တို့က သူငယ်ချင်းများ ဖြစ်၏။ ကျုသက်ယွဲ့၏ အကြီးမားဆုံး ဝါသနာက စားသောက်ခြင်းပဲ ဖြစ်သည်။
သူဌေးသည် ဂျုံ့မှုန့်များ သယ်လာတာကို မြင်သောအခါ သူက မေးလိုက်၏။
“လောင်ဖန် ဒီလောက်များတဲ့ ဂျုံ့မှုန့်တွေ ဘာလို့ သယ်လာတာလဲ”
ဖန်ချွင်ရှန်က ပြုံးပြီး ပြောလိုက်တော့သည်။
“ငါ့မိတ်ဆွေဆီက အထူးတလည် ရလာတာလေ။ သယ်ယွဲ့ ပြောင်းမှုန့်အရည်အသွေးကို လာကြည့်ကြည့်အုန်း”
ပြောပြီးသည့်နှင့် သူသည် မီးဖိုချောင် ကောင်တာထဲမှ ဓားထက်ထက်တစ်လက်ကို ထုတ်ပြီး အိတ်ကို ဖွင့်လိုက်ရာ ရနံက ထွက်ပေါ်လာတော့သည်။
ကျုသယ်ယွဲ့၏ မျက်လုံးက လက်သွားလေ၏။ သူက လျှောက်သွားလျှက် ပြောင်းမှုန့်ကို အရသာခံရန် အိတ်ထဲ လက်နှစ်လိုက်သည်။ သူက အနံခံကြည့်လိုက်၏။
“လောင်ဖန် ဒါဘယ်က ရတာလဲ။ ပစ္စည်းကောင်းပဲ။ ဒီပါဝင်ပစ္စည်းတွေက ထိပ်တန်းအဆင့်ပဲ။ နေအုန်း ငါ ပြောင်းမုန့် လုပ်လိုက်အုန်းမယ်။ ဟင်းခတ်အမွှေးအကြိုင် မရောတာက ပါဝင်ပစ္စည်းရဲ့ အရည်အသွေးကို စမ်းသပ်ဖို့ အကောင်းဆုံး နည်းလမ်းပဲ”
သူတို့အလုပ်၌ သူတို့ဂရုအစိုက်ဆုံးက ပါဝင်ပစ္စည်း၏ အရည်အသွေးပဲ ဖြစ်သည်။
ဖန်ချွင်ရှန်က ဟိုတယ်ကို ဦးစီးနေသောကြောင့် သူသည် အစားအသောက်ကို အလေးထား၏။
မီးခိုချောင်ထဲတွင် ရပ်နေလျှက် ကျုသယ်ယွဲ့ မုန့်သားနှယ်နေတာကို ကြည့်နေသည်။
တစ်နာရီခန့် ကြာပြီးနောက် မီးဖိုချောင်တစ်ခုလုံး ပြောင်းရနံများ ပြည့်လာတော့သည်။ ၎င်းသည် အစောတုန်းက အိတ်ကို ဖွင့်လိုက်စဉ်ကထပ် အနံက အဆ ၁၀၀ ပိုပြင်းထန်၏။ ကျုသယ်ယွဲ့က စိတ်လှုပ်ရှားနေပြီဖြစ်သည်။
“လောင်ဖန် ဒီပါဝင်ပစ္စည်းက တကယ်ကောင်းတယ်။ အနံက အစစ်အမှန်ပဲ”
သူ ပါဝင်ပစ္စည်းကို စမ်းသပ်နေ၏။ ထိုကြောင့် သူ မုန့်များများစားစား မလုပ်ခဲ့ဘဲ လက်သီးဆုပ်အရွယ်အစားခန့်ရှိ ဘန်းမုန့် ၈ ခုသာ ပြုလုပ်ခဲ့သည်။
၁၀ မိနစ်ခန့်ကြာပြီးနောက် ပြောင်းဖူးမုန့်ကို ဖိုထဲမှ ထုတ်လိုက်လေ၏။ ရွှေဝါရောင်သန်းနေလျှက် ရွရွလေးဖြစ်နေကာ နွေးနွေးလေးဖြစ်နေသေး၏။ နှစ်ယောက်သားက အနည်းငယ် အေးသွားမည်ကို စောင့်ပြီးနောက် တူယူကာ မြည်းကြည့်လိုက်၏။ ပထမဆုံးအလုတ်က ပြောင်းရနံ့များ သင်းပျံ့နေသည်။ သကြား မထည့်ထားသော်ငြား ပြောင်းဖူးမုန့်သည် ချိုမြပြီး အနည်းငယ် ဝါးရကောင်း၏။ ပါဝင်ပစ္စည်း၏ အသန့်စင်ဆုံးနှင့် အစစ်မှန်ဆုံး အရသာသည် ခံတွင်းထဲ ထိလာတော့သည်။ ၎င်းကို မြိုချပြီးနောက် လည်ချောင်းကနေ ဝမ်းဗိုက်ဆီအထိ သက်တောင့်သက်သာ ဖြစ်မှုကို ခံစားလိုက်ရ၏။ သင်းပျံ့သော ရနံ့က ခံတွင်းထဲ ကျန်ရစ်နေသည်။
119 06
ထိုလူနှစ်ယောက်က ဘာမှ မပြောပဲ တစ်ယောက်ကို ဘန်းမုန့်လေးခုစီ စားလိုက်ပြီး သက်ပြင်းချလိုက်တော့သည်။
ကျုသယ်ယွဲ့က အနည်းငယ် စိတ်လှုပ်ရှားနေလေ၏။
“လောင်ဖန် ဒီပါဝင်ပစ္စည်းက တကယ်ကောင်းတယ်။ ဘယ်ကနေ ရတာလဲ။ တခြားပါဝင်ပစ္စည်းတွေ ပံ့ပိုးပေးမှာလား”
ဖန်ချွင်ရှန်က သက်ပြင်းချလိုက်၏။
“သူ သီးပင်တချို့ စိုက်ပျိုးနေတယ်။ ဒါပေမဲ့ နောက်နှစ်မှ အသီးတွေ စသီးမှာ။ ဟင်းသီးဟင်းရွက် စိုက်ခင်းလည်းရှိတယ်။ သူ့ဉယျာဉ်ထဲက ဟင်းသီးဟင်းရွက်တွေနဲ့ လုပ်ထားတဲ့ ဆားရည်စိမ်ကို မြည်းဖူးတယ်။ အရသာက တကယ်ကောင်းတာ။ ပမာဏအများအပြား မထောက်ပံ့နိုင်တာ နှမြောစရာပဲ။ ဒါပေမဲ့ ပြောင်းမှုန့် ကီလိုဂရမ် ၂၀၀၀ နဲ့ လုံလောက်နေပြီ။ သူက အခု စတင်ဆဲ အခြေအနေဆိုတော့ အလုပ်ချောမွတ်ဖို့ မျှော်လင့်နေရတာ”
ကျုသယ်ယွဲ့က ပြောလိုက်သည်။
“နှမြောစရာပဲ။ ပြောင်းမှုန့်ကို ဒါမျိုး စိုက်ပျိုးနိုင်တာ သူက စိုက်ပျိုးရေး တော်တာပဲ ဖြစ်ရမယ်”
ဖန်ချွင်ရှန်က ရယ်မောနေပြီး သူသည် ဝါဒနာအရ စိုက်ပျိုးနေချင်တာ ဖြစ်ပြီး သူ၏အလုပ်က ဖုန်းရွှေပညာရှင်ဆိုတာ ပြောပြရမှာ ရှက်ရွံ့လွန်းနေ၏။
ကျုသက်ယွဲ့က ထိုအကြောင်း များများစားစား မတွေးတော့ဘဲ ဆက်ပြောလိုက်၏။
“ပြောင်းမှုန့် ကီလိုဂရမ် ၂၀၀၀ က လူတိုင်းစားဖို့ မလုံဘူး။ နေ့တိုင်း ပါဝင်ပစ္စည်း ဝယ်ယူနိုင်ဖို့ အကန့်အသတ်ရှိတယ်။ ဈေးကလည်း ထိပ်တန်းစားသုံးသူတွေကို ဆွဲဆောင်နိုင်လောက်အောင် နည်းနည်းမြင့်တယ်”
ဆိုရလျှင် သူတို့က ကြယ်ငါးပွင့် ဟိုတယ်ကို ဦးစီးနေတာ ဖြစ်၏။ ထိုကြောင့် တန်ကြေးက မြင့်နေပြီးသား ဖြစ်သည်။ ထိုအပြင် မြို့တော်၌ အင်အားကြီးသည့် လူများစွာ ရှိ၏။ ထိုကြောင့် ပြောင်းမုန့်တစ်ပန်းကန် ယွမ် ၁၈၈ ဆိုလျှင်တောင် လာစားချင်သည့်သူများ ရှိနေလိမ့်မည်။
ရလဒ်အနေဖြင့် ပြောင်းမုန့်ကို အကန့်အသတ်ဖြင့် ဝယ်ယူနိုင်မှုသည် ဖန်ချွင်ရှန်၏ ဟိုတယ်ကို နာမည်ကျော်သွားစေသည်။ သူဌေးများစွာက လာရောက်ကြပြီး ဘန်းမုန့်ကို မြည်းကြည့်ကြ၏။ ကျုသယ်ယွဲ့ကလည်း အံဩနေတော့သည်။ ပြောင်းမုန့်၏တန်ဖိုးကို တွက်ချက်ခဲ့၏။ ထိုကဲ့သို့ ပါဝင်ပစ္စည်းက ဟင်းခတ်အမွှေးအကြိုင် မလိုအပ်ပေ။ တခြားအရာထည့်လိုက်ခြင်းက ပါဝင်ပစ္စည်း၏အရသာကို ပျက်စီးစေလိမ့်မည်။
သားကြီးငါးကြီးနှင့် တောင်တန်းများပေါ်မှ စားကောင်းသောက်ဖွယ်များ စားသောက်နေကြ သူဌေးများသည် ထိုကဲ့သို့ အခြေခံကျသည့် ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် အစားအသောက်ကြောင့် အံဩမှင်သက်နေကြသည်။ သူဌေးတချို့ကဆို နေ့စဉ်နေ့တိုင်း ဟိုတယ်၌ စားသောက်နေချင်ကြောင်း သွေးဖိအားမြင့်တက်ကာ သွေးချိုတက်ကြပြီး ကိုလက်စထရော မြင့်လေ၏။ ပေါ့ပေါ့ပါးပါး ရနံ့မွှေးသည့် ဆန်ပြုတ် စားသောက်ပြီးနောက် သူတို့ နေပိုကောင်းလာသည်။ ချုံပြောရလျှင် ပြောင်းဆန်ပြုတ်နှင့် ပြောင်းဖူးမုန့်တို့က မြို့တော်၌ နာမည်ကြီးလာ၏။
ယွင်ယွီသည် သူမမိသားစုက နှစ်ယွမ်ဖြင့် ရောင်းချသည့် ပြောင်းဖူးမုန့်များက မြို့တော်၌ အလွန်ဈေးကြီးနေပြီမှန်း မသိခဲ့ပေ။
ပြောင်းခင်းထဲ၌ အလုပ်လက်စသတ်ပြီးချိန်၌ အောက်တိုဘာလကုန်ခံနီးပြီ ဖြစ်သည်။ သူမနိုးလာချိန်တွင် ဝမ်ကျစ်ရှင်း၏ မိဘနှစ်ပါးက သူတို့သားဖြင့် အိမ်သို့ ရောက်လာလေ၏။
******