← Chapters

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း ၁၂၀

Vol. 12 Ch. 120

120 01

အပိုင်း 120

အပေါ်ထပ်ရှိ ဆိုဖာပေါ်တွင် ထိုင်နေရင်း We Chat ထဲတွင် စကားပြောနေသည့် ယွင်ယွီသည် ဝမ်ကျစ်ရှင်း၏ မိဘများ သူမကို လာတွေ့ကြောင်း ကြားလိုက်ရသည်။ သူမ၏ကိုယ်ဝန်သည် ငါးလခွဲခန့် ရှိပြီး ကိုယ်ဝန်က သိသာနေပြီ ဖြစ်သည်။ ကြားရက်များထဲတွင် ချင်ယွီစွေက သူမကို အိမ်အလုပ် လုပ်ခွင့် မပေးပေ။ သူမရေချိုးရန် ရေချိုးခန်းသို့ သွားသည့်အချိန်၌ သူက သူမကို တံခါးဝ၌ ရပ်စောင့်နေ၏။ သူမကို အလွန်စိုးရိမ်ပူပန်နေတာပဲ ဖြစ်သည်။

ယွင်ယွီက သူ့ကို ပြောလိုက်လေ၏။

“မကြောက်နဲ့လေ။ ကျွန်မက ကိုယ်ဝန် ငါးလပဲ ရှိသေးတာ။ မွေးဖို့ လိုသေးတယ်။ ပေါ့ပါးနေပါသေးတယ်”

သူမကို ဝိညာဉ်စွမ်းရည် အားဖြည့်ပေးထားသောကြောင့် ကောင်းမွန်သည့် ရုပ်ခန္ဓာရှိသည်။ ဤခန္ဓာကိုယ်၌ ကိုယ်ခံပညာ အောင်ခြေမရှိသော်ငှား သူမသည် ပေါ့ပါးသည့် ကိုယ်ခံပညာအနည်းအကျဉ်း တတ်မြောက်ထားပြီ ဖြစ်ကာ ဘယ်တော့မှ ချော်လဲကျမှာ မဟုတ်ပေ။

အခေါက်တိုင်း၌ ချင်ယွီစွေက ဘာမှ မပြောဘဲ ခေါင်းငုံလျှက် သူမကိုသာ နမ်းခဲ့သည်။

ရာသီဉတုက အုံမှိုင်းနေသောကြောင့် ဆိုဖာပေါ်တွင် ကွေးပြီး တီဗီကြည့်ကာ ဖုန်းသုံး စကားပြောရန် အကောင်းဆုံးအချိန် ဖြစ်သည်။ ယွင်ယွီက ဆိုဖာပေါ်တွင် ထိုင်နေလျှက် စုန့်ချန်းမင်၊ ယွီရှောင်ရှောင်နှင့် ကျန်သည့်သူများကို စာပို့နေလေ၏။

အိမ်ရှိ ပြောင်းနှုန်းက အထွက်နှုန်း ကောင်းမွန်ခဲ့သည်။ ယွင်ယွီက သူတို့၏ လိပ်စာတောင်းပြီး သူတို့ဆီ သူတို့၏အမြည်းကို တစ်အိတ်စီ ပို့ဖို့ ရည်ရွယ်ထားသည်။

လွန်ခဲ့သည့် ရက်ပိုင်းခန့်က ဖန်ချွင်ရှန်ဆီ ပို့ထားသည့် ကီလိုဂရမ် ၂၀၀၀ သည် အမြတ်မတင်ထားသလောက်ပင် ဖြစ်သည်။ ဝိညာဉ်စွမ်းရည်သုံးပြီး စိုက်ပျိုးထားသည့် ပြောင်းဖူးများကို မျိုးစေ့ချထဲက ဝိညာဉ်စွမ်းရည်သုံးပြီး စိုက်ပျိုးထားတာ ဖြစ်၏။ ၎င်းက အရသာကောင်းမွန်ကာ ခန္ဓာကိုယ်အတွက် ကောင်းသည်။ ဧက ၂၀၀ ရိတ်သိမ်းမှုသည် ဘန်းမုန့်ဆိုင် တစ်နှစ်ပတ်လုံး သုံးစွဲရန် လုံလောက်နေပြီးသား ဖြစ်၏။ သူမ ပြင်ပ၌ ရောင်းချရန် ရည်ရွယ်ချက် မရှိပေ။ သို့သော်ငြား ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများကိုမှု မြည်းကြည့်ခိုင်းနိုင်သည်။

အားလုံးက ယွင်ယွီကို လိပ်စာ ပြောပြနေပြီး ယွင်ယွီကမှု မနက်ဖြန်ကျ ပစ္စည်းများ ပို့ပေးမည်ဟု ပြောထားသည်။

[ယွီရှောင်ရှောင် ရှောင်ယွေ့က နေသိပ်ကောင်းတာပဲ။]

[စုန့်ချန်းမင် ရှောင်ယွေ့က တစ်ခါတလေကျ မင်းကို သွားတွေ့ချင်တာ။ မင်းရဲ့ လယ်တောအိမ်အခြေအနေရော ဘယ်လိုလဲ။ ပိုက်ဆံလောက်ရဲ့လား။ မလောက်ရင် ငါတို့ ကူမယ်နော်။]

[ယွင်ယွီ မဟုတ်ဘူး။ ပိုက်ဆံက လောက်တယ်။ ချင်ယွီစွေက သူ့မိတ်ဆွေ မစ္စတာ ရွှီလန်ထင်းကို ဒီဇိုင်းဆွဲခိုင်းထားတယ်။ နောင်လကျ စဆောက်တော့မှာ။ မြေတည်ဆောက်ခွင့်လည်း ကျပြီးပြီ။]

နောင်လတွင် ရက်အများစုက မြေတူးရန် သင့်တော်ပေ၏။ ရွှီလန်ထင်းက ဒီဇိုင်းအစီအစဉ်ကို ပေးပို့ချိန်၌ သူတို့သည် လယ်တောအိမ် တည်ဆောက်ရန်အတွက် လိုအပ်သော ကုန်ကြမ်းများ ဝယ်ယူပြီး တွင်းတူးနိုင်တော့မှာပဲ ဖြစ်သည်။

ယင်းက ပတ်ဝန်းကျင်ဆိုင်ရာ အပန်းဖြေလယ်တောအိမ်ကြီးလည်း ဖြစ်သည်။ အစားအသောက်၊ ဖျော်ဖြေမှုနှင့် တည်းခိုနေထိုင်စရာများ ပေးထားမှာပဲ ဖြစ်၏။ လူတို့ ငါးလာမျှားရန် ရေကန်လည်း ရှိမည်။ ယခုအချိန်၌ လူများစွာက ငါးမျှားရတာ နှစ်သက်နေပြီဖြစ်ကာ အနား၌ လှပသော တောင်တန်းနဲ့ မြစ်များ ရှိ၏။ အပန်းဖြေရန်အတွင် နေရာကောင်းတစ်ခု ဖြစ်သည်။

ယွင်ယွီသည် သူတို့နှင့် ပျော်ရွှင်စွာ စကားပြောနေစဉ် ချင်ယွီစွေက ဝမ်မိသားစုရောက်လာကြောင်း သူမကို ပြောပြလေ၏။

ယွင်ယွီက မတုန့်ပြန်နိုင်ဘဲ မေးလိုက်တော့သည်။

“ဘယ်ဝမ်မိသားစုလဲ”

ချင်ယွီစွေသည် သူမ၏ စိတ်ရှုပ်ထွေးသွားသော အကြည့်ကို မြင်သောအခါ ရယ်မောလိုက်သည်။

120 02

“ဝမ်ကျစ်ရှင်းရဲ့မိသားစု”

“သူတို့ ဒီကို ဘာလာလုပ်တာလဲ”

ယွင်ယွီ စိတ်မပျော်ဖြစ်သွားလေ၏။

“သူက ဖုန်းရွှေပညာရှင်တွေကို အထင်သေးပြီး ကျိုးမိသားစုတံခါးဝက အစောင့်အရှောက်တွေကို အထင်သေးတယ် မဟုတ်လား။ ဒီကို ဘာလို့ ရောက်လာတာလဲ”

ချင်ယွီစွေက မေးလိုက်၏။

“သူတို့ကို တွေ့ချင်လား။ မတွေ့ချင်ရင် ထွက်သွားခိုင်းလိုက်မယ်လေ”

ယွင်ယွီက ခဏတစ်ဖြုတ်စဉ်းစားပြီးနောက် ပြောလိုက်၏။

“ကျွန်မ တစ်ချက် သွားကြည့်လိုက်မယ်”

သူမသည် ဝမ်ကျစ်ရှင်းကို သွားရှာကာ သူ့အမြင်ကို မေးချင်သည်။

နှစ်ယောက်သားက လှေကားကနေ ဆင်းကာ ခြံဝန်းထဲသို့ သွားလိုက်စဉ် ယွင်ယွီက ဝမ်ကျစ်ရှင်း၏ မိဘများသည် သူတို့သားကို ပွေ့ထားလျှက် တံခါးဝ၌ ရပ်နေတာ တွေ့လိုက်ရ၏။

ကျူအိုက်ချင်း၌ ရွေးချယ်စရာ မရှိတော့ပေ။ သူမ၏ သားကို ဂရုအစိုက်ဆုံး ဖြစ်သည်။ ကလေးသည် အဖျားငွေ့ငွေ့ရှိနေတာ ရက် ၂၀ ကျော် ကြာပြီ ဖြစ်၏။ ဆေးရုံသို့ သွားပြီး ဆေးထိုးပြီး စစ်ဆေးခဲ့တာ အသုံးမဝင်ပေ။ ကလေးက ညအချိန်တွင် ငိုယိုနေကာ အမှောင်ထဲ၌ တစ်စုံတစ်ယောက်ရှိကြောင်း ပြောခဲ့၏။ သူမ ကြောက်လန့်လွန်းသောကြောင့် မျက်နှာ ဖြူဖျော့သွားသည်။ သူမနှင့် သူမခင်ပွန်းသည် ကလေးကို တာအိုဘုရားကျောင်းသို့ ခေါ်သွားပြီး လဝက်အတွင်း ဘုရားကျောင်းများစွာသို့ ရောက်ခဲ့သည်။ သူတို့ ပထမဆုံးသွားသည့် တာအိုဘုရားကျောင်းက ချမ်းရွှေမြို့ထဲတွင် ရှိတာ ဖြစ်၏။ ချမ်းရွှေမြို့ထဲရှိ တာအိုဘုရားကျောင်းက အစဉ်မကုသနိုင်သောကြောင့် တခြားနေရာသို့ သွားခဲ့သည်။ လဝက်ကျော် သွားလာပြီးနောက် ဘာမှ အလုပ်မဖြစ်ခဲ့ပေ။ ကလေးက ချီတိုက်နေကာ ညအချိန်တွင် ကျယ်လောင်စွာ ငိုယိုတတ်၏။ သူတို့ သူ့ကို မည်မျှ ချော့မြူစေကာမှု အသုံးမဝင်ပေ။

သူမသည် ဟယ်ချင်းရွာမှ နာမည်ကြီး ဆရာသခင်ယွင်ကို တွေးမိသွားသည်။

ဘေးအိမ်မှ ကျိုးမိသားစုသည် ထိုဆရာသခင်ဆီကို တစ်ချက်သွားကြည့်ခိုင်းခဲ့၏။ ကျိုးမိသားစုထဲရှိ ကိစ္စရပ်များ အလွန်ထူးဆန်းသည်။ ကုန်လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း လူငါးယောက် သေဆုံးခဲ့ပြီးချည်းက ဒုက္ခရောက်လုနီးပါး ဖြစ်ခဲ့သည်။ ထိုဆရာသခင်ကို လာကြည့်ခိုင်းပြီးနောက် ကျိုးမိသားစုသည် လွန်ခဲ့သည့် လဝက်လုံး ငြိမ်းချမ်းနေခဲ့၏။ သူမက မာဟုန်းမိန်ဆီ သွားကာ လိပ်စာတောင်းခဲ့လေ၏။

မာဟုန်းမိန်က ပြောလိုက်တော့သည်။

“ဆရာသခင်ယွင်ကို ဆက်သွယ်ဖို့ အချက်အလက် မပေးနိုင်ဘူး။ ပြီးခဲ့တဲ့အခေါက်က ရှင်တို့က ဆရာသခင်ယွင်ရှေ့မှာ သူ့အကြောင်း မကောင်းတာတွေ ပြောခဲ့တာ။ သူတို့ ရှင့်ကို သဘောကျမှာ မဟုတ်ဘူး။ ဆရာသခင်ယွင်ကို ရှာချင်တယ်ဆိုရင် ကိုယ့်ဘာသာကိုယ်သာ သွားမေးသင့်တယ်”

ထိုစကားများသည် ကျူအိုက်ချင်းကို ဒေါသထွက်စေခဲ့သော်ငှား သူမ ကူကယ်ရာမဲ့နေလေ၏။ နောက်ဆုံးအခေါက်က သူမ လွန်ခဲ့မှန်း သူမလည်း သိသည်။

ထိုကြောင့် ဟယ်ချင်းရွာသို့ သွားမေးခဲ့သည်။ ယွင်ယွီက ဟယ်ချင်းရွာ၌ အလွန်နာမည်ကြီးသောကြောင့် လူတိုင်းနီးပါး သူမကို သိ၏။ သူမက လူတစ်ယောက်ကို ကြုံရာကျပန်း မေးလိုက်ရာ ထိုလူက ပြောပြလာသည်။

နောက်တစ်နေ့တွင် သူမ၏ခင်ပွန်း၊ ကလေးနှင့်အတူ အိမ်သို့ ရောက်လာသည်။

ကျူအိုက်ချင်းနှင့် သူ၏ခင်ပွန်းသည် သစ်သီးဝလံများနှင့် နို့များအပါအဝင် လက်ဆောင်တချို့ကို သယ်လာလေ၏။

သူမက ယွင်ယွီဆင်းလာတာကို မြင်သောအခါ တောင်းပန်ရန် ရှေ့တိုးလိုက်သည်။

“ဆရာသခင်ယွင် ပြီးခဲ့တဲ့အခေါက်က ကျွန်မ မှားခဲ့ပါတယ်။ ကျွန်မ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကလေးကို ကယ်ပါအုန်း။ ဆရာသခင် ယွင်”

ယွင်ယွီက လှည့်ပတ်ကြည့်လိုက်ရာ ဝမ်ကျစ်ရှင်းကို မတွေ့ရပေ။ ထိုကြောင့် သူမက တိုက်ရိုက် ပြောလိုက်၏။

“ဒီလိုဆိုရင်‌ရော ဒီနေ့ ကျွန်မ လုပ်စရာ ကိစ္စရှိသေးလို့ မနက်ဖြန်ကျမှ လာခဲ့ပါ”

120 03

ကျူအိုက်ချင်းက စိတ်မပျော်ဖြစ်သွား၏။ သူတို့အိမ်သို့ ရောက်လာချိန်တွင် ဘာတစ်ခွန်းမှတောင် မပြောရသေးဘဲ မောင်းထုတ်ခံလိုက်ရ၏။

သူမက ပြောလိုက်သည်။

“ဆရာသခင် ကျွန်မ ပြီးခဲ့တဲ့အခေါက်က မှားခဲ့မှန်း သိပါတယ်။ ဒါပေမဲ့ ကလေးက အပြစ်ကင်းတယ်။ ကျွန်မတို့ ကလေး ခြောက်ခြားနေတာ လဝက်ကျော် ကြာပါပြီ။ သူ မစားမသောက်ပဲ ဝိတ်ကျသွားတယ်။ ဆရာသခင် ကျေးဇူးပြုပြီး ကျွန်မ တကယ် မှားမှန်း သိပါတယ်”

ကလေးချီထားသည့် အမျိုးသားကလည်း ဝင်ပြောလိုက်၏။

“ဆရာသခင် အရင်အခေါက်က ကျွန်တော့်ဇနီးရဲ့ အမှားပါ။ ကျွန်တော်တို့ တောင်းပန်ပါတယ်။ ကျွန်တော့်ဇနီးပြောသလိုပဲ ကလေးက အပြစ်ကင်းပါတယ်။ ကလေးကို ကယ်ပါအုန်းဗျာ။ ကျွန်တော်တို့ ပိုက်ဆံပေးပါ့မယ်”

ယွင်ယွီသည် ဝမ်ကျစ်ရှင်း၏မောင်လေးကို တစ်ချက်ကြည့်လိုက်၏။ ကလေးသည် လဝက်အတွင်း ဆိုးဆိုးရွားရွား ပိန်သွားပြီး မျက်ကွင်းဟောက်ပတ် ဖြစ်နေပြီး အဘိုးအိုက သူ့နောက်လိုက်နေသေးဆဲ ဖြစ်၏။

သူက ခြံအပြင်ဘက်၌ ရပ်ရုံသာ ရပ်နေပြီး အထဲသို့ ဝင်မလာရဲချေ။

ယွင်ယွီက ပြောလိုက်လေ၏။

“ဒီနေ့ တကယ် လုပ်စရာ ရှိနေတယ်။ ရှင်တို့ မနက်ဖြန် လာလို့ရတယ်”

ကျူအိုက်ချင်းက ဒေါသထွက်သွားသော်ငှား ယွင်ယွီ မြင်သာအောင် မပြရဲချေ။ သူမ တောင့်တင်းစွာ ပြောလိုက်၏။

“ဒါဆို မနက်ဖြန် ကလေးကို ခေါ်လာပါ့မယ်”

ထိုစုံတွဲသည် ကလေးကို ပွေ့ချီလျှက် ထွက်သွား၏။ ကားထဲဝင်ပြီးနောက် ကျူအိုက်ချင်းက ဒေါသတကြီး ပြောလိုက်တော့သည်။

“ဘာတွေ ဒီလောက် ကြီးမြတ်နေလို့လဲ။ ဘာလို့ ဒီလောက် မောက်မာထောင်လွှားနေရတာလဲ”

ကျူအိုက်ချင်း၏ ခင်ပွန်း ဝမ်ရွှမ်က မျက်မှောင် ကြုတ်ကာ ပြောလိုက်တော့သည်။

“ဘာမှ မပြောနဲ့ မင်းသာ ဒီလို ကြမ်းတမ်းတဲ့ စကားတွေ မပြောခဲ့ဘူးဆိုရင် သူတို့က ငါတို့ကို မောင်းထုတ်ပါ့မလား”

“ဒီလိုဖြစ်မယ်မှန်း ကျွန်မ ဘယ်သိပါ့မလဲ။ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဒီလောက် အရည်အချင်း ရှိလိမ့်မယ်လို့ မထင်ထားဘူးလေ။ အရင်တုန်းက ဖြစ်ခဲ့တာတွေက တိုက်ဆိုင်သွားဖြစ်ရင်ဖြစ် မဟုတ်ရင် သူ့လှည့်ကွက်တွေ ထုတ်နေတာပဲ နေမယ်။ အလုပ်မဖြစ်ရင် ကျွန်မတို့ တခြားတစ်နေရာ သွားကြည့်လို့ ရတာပဲ။ ဆရာသခင်တစ်ယောက် မရှာနိုင်ဘူးဆိုတာ မယုံဘူး”

ကျူအိုက်ချင်းက ဒေါသတကြီး ပြောလိုက်သည်။

“ကျူအိုက်ချင်း တော်လောက်ပြီ”

ဝမ်ရွှမ်သည် ဒေါသထွက်လာပြီး သူ့ကို တင်းမာခက်ထန်စွာ ကြည့်လိုက်သည်။

“အိမ်မှာ ကလေးကို ဂရုစိုက်နေတာ သမီးကလည်း နေမကောင်းဖြစ်ပြီး သေသွားတယ်။ အခု မင်းရဲ့သားကိုလည်း ဒုက္ခရောက်ပြန်ပြီ။ ငါ မင်းကို ဘာလို့ လက်ထပ်ခဲ့မိပါလိမ့်။ ငါတို့ ဝမ်မိသားစုဆီ ကပ်ဘေးပဲ မင်းယူလာတာ”

ကျူအိုက်ချင်းသည် သူ့ခင်ပွန်း၏ ဆူပူပြောဆိုသော စကားများကြောင့် မှင်သက်သွားတော့သည်။

“ဝမ်ရွှမ် ရှင်လွန်တာပဲ။ ကျွန်မ ရှင်တို့မိသားစုထဲ ဘာလို့ လက်ထပ်ခဲ့ရမှာလဲ။ ရှင့်မိသားစုက ဆင်းရဲပြီး ရှင့်ယောက္ခမက စောစောစီးစီး သေသွားတာလေ။ ဒီနှစ်တွေထဲ ကျွန်မက ရှင့်အတွက် ကလေးမွေးပေးခဲ့တယ်။ ဒါပေမဲ့ ဘယ်သူမှ မကူညီခဲ့ဘူး။ ကျွန်မသာ ရှင့်ကို ခန်းဝင်ပစ္စည်း မပေးခဲ့ရင် ရှင်မြို့ထဲမှာ ဆိုင်ဖွင့်နိုင်မှာတဲ့လား။ ရှင်ရဲ့မိသားစုက အိမ်ဆောက်ပြီး ကားဝယ်နိုင်မှာတဲ့လား။ ရှင်ကို ပြောလိုက်မယ်။ ကျွန်မ ရှင်တို့ ဝမ်မိသားစုကို ဘာမှ အကြွေးမတင်ထားဘူး။ ကျွန်မသမီး နေမကောင်းဖြစ်တုန်းက ဆေးဝါးစရိတ်က တစ်လကို ယွမ် ထောင်ချီကျတယ်။ ရှင်နဲ့ ဆွေးနွေးပြီးတော့ ရှင်က လက်လျော့ဖို့ သဘောတူလိုက်တာလေ။ အခုကျတော့ အားလုံး ကျွန်မ အမှားတဲ့”

ဝမ်ရှန်က အံကြိတ်ထားပြီး ပြောလိုက်တော့သည်။

120 04

“ပါးစပ်ပိတ်ထား”

ထိုအကြောင်း ပြောချိန်တွင် သူ ဒေါသထွက်တတ်၏။ အကြောင်းမှာ သူတို့သည် သူ့သမီးကို ဆက်လက် ကုသဖို့ လက်လျော့ခဲ့သောကြောင့် ဖြစ်သည်။ ဤကိစ္စက ရွာထဲတွင် ပြန့်သွားပြီး လူတိုင်းက သူတို့ကို သဘောမတွေ့စွာ ကြည့်ကြလေ၏။ ရွာသူရွာသားများက သူတို့ကို မြင်ချိန်၌ သူတို့ကို တံတွေးတောင် ထွေးတတ်သည်။

ထိုလင်မယား စကားစများပြီး ကလေးက ပြတင်းပေါက်အပြင်ဘက်ကို ရုတ်တရက် စိုက်ကြည့်ပြီး မျက်ရည်များကျလာတော့သည်။ ထိုစုံတွဲက စကားမများတော့ပေ။ တစ်ယောက်က ကလေးချော့လျှက် တစ်ယောက်က ကားမောင်းထွက်သွားသည်။

ယွင်ယွီသည် သူတို့နှစ်ယောက် ထွက်သွားသည့်အချိန်အထိ စောင့်ပြီးနောက် သက်ပြင်းချကာ ချင်ယွီစွေကို ပြောလိုက်၏။

“ဒီအကြောင်း ဝမ်ကျစ်ရှင်းကို ပြောမှ ရမယ်။ ကျွန်မ တစ်ချက်သွားကြည့်အုန်းမယ်”

“ကိုယ် မင်းနဲ့ လိုက်ခဲ့ပေးမယ်”

ယွင်ယွီသည် နေ့အချိန်၌ သူတို့သည် ကျိုင်းပင်နား၌ ရှိတတ်ကြောင်း သိပေ၏။ ထိုနေရာရှိ စွမ်းရည်က သိပ်သည်းသောကြောင့် သရဲတစ္ဆေများသည် ထိုနေရာကို သဘောကျတတ်ကြသည်။

နှစ်ယောက်သားက မိနစ်အနည်းငယ်ကြာ ရှာပြီးနောက် အပင်များဆီ ရောက်သွားတော့သည်။ ထင်အတိုင်းပင် ပင်စည်တုတ်သည် ကျိုင်းပင်ပေါ်တွင် ဝမ်ယုလင်နှင့် ဝမ်ကျစ်ရှင်းကို တွေ့သွား၏။

ယွင်ယွီက သူတို့ကို လက်ဝှေ့ရမ်းပြလိုက်သည်။

“ကျစ်ရှင်း ဆင်းလာအုန်း။ ငါ ပြောစရာရှိတယ်”

သရဲနှစ်ကောင်က ပျော်ရွှင်စွာ မျောလွင့်လာလျှက် ဝမ်ယုလင်ကမှု ယွင်ယွီနားတစ်ဝိုက်၌ ပျော်ရွှင်စွာ လှည့်ပတ်နေတော့သည်။

“ဆရာသခင်ယွင် ဘာကိစ္စလဲ”

ရွာထဲ၌ အခြားသော အထီးကျန်ဝိညာဉ်များ ရှိသော်ငှား အနည်းအကျဉ်းသာ ရှိပြီး သူတို့က ရွာထဲ၌ လှည့်ပတ်သွားရတာ မကြိုက်ပေ။ သူတို့က တောင်ပေါ်သို့ သွားရတာ လိုလား၏။ သူတို့နှစ်ယောက်ကမှု ဟယ်ချင်းရွာကို သဘောကျပြီး တောင်ပေါ်တက်ရတာ မကြိုက်။

ယွင်ယွီက ခေါင်းငုံလျှက် မေးလိုက်သည်။

“အစ်မ ကျစ်ရှင်းကို မေးစရာရှိလို့ အစ်မ‌ မေးမယ်။ ညီမရဲ့မိဘတွေက ညီမရဲ့မောင်လေးကို အစ်မဆီ ခေါ်လာပြီး ညီမရဲ့မောင်လေးကို ကယ်ခိုင်းမယ်ဆိုရင် ကယ်ပေးရမလား”

ဝမ်ကျစ်ရှင်း၏မျက်နှာက ပိုတောင် ဖြူဖျော့သွားတော့သည်။

“အစ်မ သမီးမောင်လေး ဘာဖြစ်လို့လဲ”

ယွင်ယွီက အမှန်တိုင်း ပြောပြလိုက်သည်။

“သမီးမောင်လေးက ငယ်သေးတယ်။ သူက ညီမတို့ရွာထဲက ဆုံးသွားတဲ့ အဘိုးအိုတစ်ယောက်နဲ့ တွေ့သွားတာ ဖြစ်လောက်တယ်။ သူက ညီမရဲ့ မောင်လေးနောက် လိုက်နေတယ်။ အခု ညီမ့မိဘတွေက အစ်မဆီ အကူအညီ လာတောင်းတာ မောင်လေးကို ကူညီပေးစေချင်လား”

သူမသည် ကလေးမိဘများက ကလေးကို အလိုလိုက်ပြီး ဆိုးသွမ်းသော ကလေးတစ်ယောက်အဖြစ် ပြောင်းလဲလိုက်တာကို တွေ့မြင်ခဲ့ရသည်။ ဤအတိုင်း ဆက်သွားနေပါက ကလေးသည် နောင်ကျ ပိုဆိုးယုတ်လာပြီး လူမိုက်လေး ဖြစ်လာလိမ့်မည်။

ဝမ်ကျစ်ရှင်းက ဘာမှ မပြောရသေးခင် ဝမ်ယုလင်က ပြောလိုက်၏။

“ညီမလေး ငါသာဆိုရင် မင်းရဲ့မောင်လေးကို ကယ်ဖို့ ဂရုစိုက်တော့မှာ မဟုတ်ဘူး။ မင်းရဲ့ မိဘတွေက တိရစ္ဆာန်တွေထက်တောင် ဆိုးတယ်။ သူတို့ကို ဘာလို့ ဂရုစိုက်နေအုန်းမှာလဲ”

“ဒါပေမဲ့ သမီးမောင်လေးက အဆင်ပြေတယ်လေ”

သရဲမလေးက ခေါင်းငုံလျှက် အလွန်စိတ်မသက်မသာ ဖြစ်နေပုံပေါ်၏။

120 05

“သမီးအသက်ရှင်နေတုန်းက သမီးမောင်လေးက လိမ္မာပြီး သမီးပြောတာ နားထောင်တယ်။ မောင်လေး အဆင်ပြေဖို့ မျှော်လင့်တယ်။ အစ်မ သမီးမောင်လေးကို ကူညီပေးပါ။ ဒါပေမဲ့ သူတို့ကို အလွယ်တကူ ကူညီလို့ မရဘူး။ သမီးမိဘတွေဆီက ယွမ်တစ်သိန်း တောင်းလိုက်”

သူမသည် တကယ်တော့ ယွမ်တစ်သိန်းက ဘာမှန်း မသိပေ။ သို့သော်ငှား ယွမ်တစ်သိန်းသည် အလွန်များပြားသည့် ပမာဏဖြစ်ကာ ကားတစ်စီးဝယ်ရန် လုံလောက်မှန်းတော့ သိ၏။ သူမ ဆေးရုံတက်နေစဉ်က သူနာပြုများသည် နောက်ကွယ်၌ သူတို့မိသားစု ပိုင်ဆိုင်မှုကို ဆွေးနွေးခဲ့၏။ ကားက ယွမ်တစ်သိန်းတန်သည်ဟု ပြောတာ ကြားသည်။ သူမမိဘများသည် ကားဝယ်ရန် ပိုက်ဆံရှိသော်ငှား သူတို့ကလေးကို အကောင်းဆုံး ကုသပေးရန် ဆန္ဒမရှိကြပေ။

ထိုကြောင့် ယွမ်တစ်သိန်းက အလွန်များမှန်း သိနေသည်။ သူမ အသက်ရှင်စဉ်က သူမမိဘများသည် ဆေးဖိုးဝါးခ ပိုက်ဆံမပေးချင်ပေ။ အခု သေသွားပြီဖြစ်သောကြောင့် သူမမိဘများကို အနည်းငယ် မကြေမချမ်း ဖြစ်နေသေးကာ ထိုပိုက်ဆံ သုံးဖို့ မျှော်လင့်မိသည်။

ယွင်ယွီက ခေါင်းညိတ်လိုက်၏။

“ဒါဆို ကောင်းပြီလေ။ ညီမရဲ့မိဘတွေ မနက်ဖြန် ရောက်လာရင် မောင်လေးကို မကူညီခင် ယွမ်တစ်သိန်း တောင်းလိုက်မယ်။ ယွမ်တစ်သိန်းရဲ့တစ်ဝက်ကို ညီမလို နေမကောင်းဖြစ်နေတဲ့ ကလေးတွေအတွက် လှူဒါန်းပေးမယ်။ ကျန်တဲ့တစ်ဝက်ကိုတော့ ညီမစားချင်တာစား၊ ဝတ်ချင်တာ ဝတ်၊ ကစားချင်တာ ကစားလို့ ရအောင် ပစ္စည်းဝယ်ပေးမယ် ဟုတ်ပြီလား”

သူမသည် ပိုက်ဆံသိမ်းဖို့ မရည်ရွယ်ထားပေ။ ထိုကြောင့် ကျစ်ရှင်းကို ကုသိုလ်တစ်ဝက် မျှပေးရန် ရဉ်ရွယ်ထားပြီး ကျန်သည့်တစ်ဝက်ကို ကျစ်ရှင်းကို သုံးခိုင်းမှာပဲ ဖြစ်သည်။

“ကျေးဇူးပါ အစ်မ”

သရဲမလေးက ပိုပျော်ရွှင်သွားလေ၏။

++++++

All Chapters