အခန်း ၁၂၇
Vol. 13 Ch. 127
အခန်း (၁၂၇)
သူက ကမ္ဘာမြေကို တစ်အုပ်စုတည်း ဖြစ်အောင် ပေါင်းစည်းချင်နေလားမသိဘူး
ကောင်းယွမ်သည် စင်မြင့်ပေါ်တွင် ရပ်ကာ သူ၏ အကျိုးအမြတ်များကို စောင့်ဆိုင်းနေခဲ့လေသည်။
ပရိသတ်ထဲရှိ ဤလူများအားလုံးသည် ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ သစ္စာရှိသော လုပ်ဖော်ကိုင်ဖက် များနှင့် ငွေတွင်းကြီးများ ဖြစ်လာကြပေလိမ့်မည်။
ထိုအချိန်တွင် လီထိုက်ရှီက မတ်တပ်ရပ်လိုက်လေ၏။
"ဥက္ကဋ္ဌကောင်း... ကျွန်တော့်မှာ မေးစရာ နှစ်ခွန်းရှိပါတယ်..."
ကောင်းယွမ် ပြုံးလိုက်လေသည်။
"မစ္စတာလီ... ကြယ်ကိုးစင်းနဲ့ ငါးရံ့နက် နည်းပညာကုမ္ပဏီက ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်တွေလေ... ဘာလို့ ဒီလောက်တောင် ယဉ်ကျေးနေရတာလဲ... မေးစရာရှိရင် မေးလို့ရပါတယ်..."
ဤစကားများကြောင့် ပရိသတ်ထဲရှိ ရှနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များမှာ ရယ်ချင်စိတ်ကို အောင့် ထားခဲ့ကြရလေသည်။
ပြီးခဲ့သည့် တစ်ခေါက်က ကြယ်ကိုးစင်းသည် ကောင်းယွမ်၏ အလှည့်စားခံခဲ့ရခြင်း ဖြစ်ပေ၏။ ကြယ် ကိုးစင်းမှာ အင်အားတောင့်တင်းသောကြောင့်သာ အရှုံးခံကာ ဆုတ်ခွာနိုင်ခဲ့ခြင်း ဖြစ်လေသည်။ သို့ တိုင်အောင် သူတို့မှာ အကြီးအကျယ် ထိခိုက်နစ်နာခဲ့ရဆဲ ဖြစ်ပေ၏။
ယခုအခါ ကောင်းယွမ်က ဤကိစ္စကို ထုတ်ပြောလိုက်ခြင်းမှာ အနာပေါ် ဆားပက်လိုက်သကဲ့သို့ပင် ဖြစ် နေခဲ့လေတော့သည်။
လီထိုက်ရှီ၏ မျက်နှာမှာ နီရဲသွားခဲ့လေ၏။ သူ၏ စိတ်ထဲတွင် ရှနိုင်ငံ၏ အမျိုးသားရေး စရိုက်လက္ခဏာ ဖြစ်သည့် ဆဲရေးတိုင်းထွာမှုများကိုပင် ထုတ်ပြောချင်နေခဲ့သော်လည်း... သူ မရဲခဲ့ပေ။ နောက်ဆုံးတွင် သူ ထိန်းချုပ်ထားလိုက်ရလေသည်။
"ဥက္ကဋ္ဌကောင်း ပြောတာ မှန်ပါတယ်... ကျွန်တော်တို့ ကြယ်ကိုးစင်းက ငါးရံ့နက် နည်းပညာကုမ္ပဏီနဲ့ အပြည့်အဝ ရိုးသားမှုနဲ့ ပူးပေါင်းဆောင်ရွက်နေတာပါ..."
"ဒါပေါ့... ကြယ်ကိုးစင်းရဲ့ ရိုးသားမှုကို ကျွန်တော် တစ်ခါမှ သံသယ မဝင်ခဲ့ဖူးပါဘူး..."
"ဥက္ကဋ္ဌကောင်း... ခင်ဗျားတို့ရဲ့ အပူချိန်ထိန်းအဝတ်အစားနဲ့ လက်ပတ်ဖုန်းတွေရဲ့ စက်ရုံထုတ် ဈေးနှုန်းက ဘယ်လောက်လဲလို့ မေးချင်ပါတယ်... ပြီးတော့ ခင်ဗျားတို့ရဲ့ ဈေးနှုန်း သတ်မှတ်နိုင်စွမ်းနဲ့ ထုတ်လုပ်မှု စွမ်းရည်ကရော ဘယ်လိုရှိမလဲ..."
ကောင်းယွမ် ခေါင်းညိတ်လိုက်လေသည်။ ဤသည်မှာ အလွန်ကောင်းသော မေးခွန်းတစ်ခုပင် ဖြစ်ပေ ၏။
"အပူချိန်ထိန်းအဝတ်အစားနဲ့ လက်ပတ်ဖုန်းတွေရဲ့ စက်ရုံထုတ် ဈေးနှုန်းက ရှနိုင်ငံ ဈေးကွက်ထဲက ဈေးနှုန်းနဲ့ အတူတူပါပဲ... ထုတ်လုပ်မှု စွမ်းရည်နဲ့ ပတ်သက်ပြီး ပြောရရင်တော့ လုံလောက်တာထက်ကို ပိုတယ် လို့ပဲ ပြောချင်ပါတယ်... ဒါပေမဲ့ ထုတ်ကုန် အားလုံးအတွက် ပစ္စည်းမပို့ခင် ငွေကြိုရှင်းရပါမယ်... ခင်ဗျားတို့ လိုအပ်တဲ့ အရေအတွက်ကို သုံးရက်အတွင်း ပို့ပေးနိုင်ဖို့ ကျွန်တော်တို့ အာမခံပါတယ်... "
"ဈေးနှုန်း သတ်မှတ်မှုကတော့ ရှနိုင်ငံကလွဲပြီး ကျန်တဲ့ ကမ္ဘာတစ်ဝန်းက ဒေသတွေအားလုံးအတွက် ဖြန့်ချီရေးကိုယ်စားလှယ်တွေကပဲ တာဝန်ယူရမှာပါ... ဒါ့အပြင် ဖြန့်ချီရေးကိုယ်စားလှယ်တွေကို သတ်မှတ်ဒေသ ကျော်လွန်ပြီး ရောင်းချတာမျိုးကို ငါးရံ့နက် နည်းပညာကုမ္ပဏီက တားမြစ်ထားပါတယ် ... စစ်ဆေးတွေ့ရှိတာနဲ့ ကိုယ်စားလှယ်ခွင့်ကို ရုပ်သိမ်းသွားမှာပါ... ကဲ မေးစရာများ ရှိပါသေးလား..."
ကောင်းယွမ်၏ စကားများကို ကြားသောအခါ လူအုပ်ထဲတွင် တီးတိုး ရေရွတ်သံများ ထွက်ပေါ်လာခဲ့ လေသည်။
လီထိုက်ရှီ မျက်မှောင်ကြုတ်လိုက်လေ၏။
"အခြားကိစ္စတွေကို ကျွန်တော် ကန့်ကွက်စရာ မရှိပါဘူး... ဒါပေမဲ့ စက်ရုံထုတ် ဈေးနှုန်းက အရမ်းမများ လွန်းဘူးလား... ရှနိုင်ငံ ဈေးကွက်ထဲက ရောင်းဈေးအတိုင်း ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒါက ယုတ္တိ မတန်နေဘူးလေ..."
"ယုတ္တိမတန်စရာ ဘာရှိလို့လဲ... အမေရိကန်ရဲ့ ဈေးနှုန်းအတိုင်း သွားကြမလား..."
ဤစကားကို ကြားသောအခါ လီထိုက်ရှီမှာ မှင်သက်သွားခဲ့ရလေသည်။
အမေရိကန်ရှိ ဈေးနှုန်းမှာ ရှနိုင်ငံနှင့် တူညီသော်လည်း ယူနစ်မှာ အမေရိကန် ဒေါ်လာဖြစ်ပေသည်။ မကြာသေးမီက အမေရိကန် ဒေါ်လာဈေး ကျဆင်းနေသော်လည်း ငွေလဲနှုန်းမှာ (၆.၅) အချိုး (၁) ရှိနေ သေးရာ ဈေးနှုန်းမှာ (၆.၅) ဆ တိုးလာသည်ဟု ဆိုလိုခြင်းပင် ဖြစ်လေ၏။
ဤရှုထောင့်မှ ကြည့်လျှင် ရှနိုင်ငံ ဈေးကွက်ပေါက်ဈေးဖြင့် သွားခြင်းက တွက်ခြေကိုက်နေဆဲပင် ဖြစ် ပေသည်။
"တောင်းပန်ပါတယ် ဥက္ကဋ္ဌကောင်း... ကျွန်တော် နားလည်ပါပြီ..."
"ကောင်းပြီ... အားလုံးပဲ လေလံပွဲကို ဆက်သွားလိုက်ကြတာပေါ့..."
ဤစီးပွားရေး ကိုယ်စားလှယ်များသည် ဝက်ဝံကြီး ဒေသတွင် အလားအလာရှိသော အသုံးပြုသူ မည်မျှ ရှိနိုင်ပြီး နှစ်စဉ် အကျိုးအမြတ် မည်မျှ ရရှိနိုင်မည်ကို စတင် တွက်ချက်လာကြလေသည်။
အပူချိန်ထိန်းအဝတ်အစားကို တစ်သက်လုံး ဝတ်ဆင်နိုင်သည်ဟု ဆိုကြသော်လည်း အဝတ်အစား တစ်စုံတည်းကို တစ်သက်လုံး မည်သူက ဝတ်ဆင်နိုင်မည်နည်း။ မည်သို့ပင်ဆိုစေကာမူ ဖက်ရှင်ဒီဇိုင်း များကို ပြောင်းလဲရန် လိုအပ်သေးပေ၏။
အကောင်းဆုံး အဝတ်အစားများပင်လျှင် အချိန်ကြာမြင့်စွာ ဝတ်ဆင်ပြီးပါက ငြီးငွေ့လာမည်သာ ဖြစ် လေသည်။
ထို့အပြင် ဈေးနှုန်း သတ်မှတ်နိုင်စွမ်းမှာ ဖြန့်ချီရေးကိုယ်စားလှယ်များ၏ လက်ထဲတွင် ရှိနေပြီး ၎င်းတို့ အားလုံးမှာ သီးသန့် ကိုယ်စားလှယ်များ ဖြစ်ကြသဖြင့် အကျိုးအမြတ် ပမာဏမှာ အတော်လေး ကြီးမား လှပေသည်။
အကယ်၍ ရောင်းအားကောင်းပါက ငါးရံ့နက် နည်းပညာကုမ္ပဏီထက်ပင် ပို၍ ရရှိနိုင်ပေ၏။
"လုပ်ငန်း စွမ်းဆောင်ရည် တိုးတက်စေဖို့အတွက် ဒေသတစ်ခုစီအတွက် လေလံဆွဲဖို့ အချိန် ငါးမိနစ် ရပါ မယ်... အချိန်စေ့သွားလို့ လေလံမဆွဲတဲ့သူတွေကို သူတို့ရဲ့ လေလံကို စွန့်လွှတ်လိုက်တယ်လို့ သတ်မှတ် သွားပါမယ်..."
...
မကြာမီမှာပင် ပထမဆုံး ဒေသအတွက် လေလံဆွဲမှု ပြီးဆုံးသွားခဲ့ပြီး ကျန်းပိုင်ရီသည် ကိုယ်စားလှယ် အမျိုးမျိုးထံမှ လေလံဈေးများကို နောက်ကွယ်မှ တွေ့မြင်နေရလေသည်။
အမြင့်ဆုံး လေလံဈေးကို ရွေးချယ်ရန်မှာ လွယ်ကူလှပေ၏။
"ဒေသ နံပါတ်တစ်အတွက် ကိုယ်စားလှယ်ကို ရွေးချယ်ပြီးပါပြီ... ရှနိုင်ငံရဲ့ တန်းဆန့် ကုမ္ပဏီကို ဂုဏ်ပြု ပါတယ်..."
အခန်းထဲတွင် အားမလိုအားမရ လက်ခုပ်တီးသံများ ထွက်ပေါ်လာခဲ့ပြီး တန်ဆင့် ဒုတိယဥက္ကဋ္ဌ လင်းကျိုးဖျင်က မတ်တပ်ရပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့လေသည်။
တန်ဆင့်က မည်မျှ ပေးခဲ့သနည်း ဟု လှမ်းမေးလိုက်သူမှာ အလီမှ ကိုယ်စားလှယ်ပင် ဖြစ်လေ၏။
ကျန်းပိုင်ရီက ပြုံးကာ ပြောလိုက်လေသည်။
"တောင်းပန်ပါတယ်... ဖြန့်ချီရေးကိုယ်စားလှယ်တွေအတွက် ဈေးနှုန်းတွေကို ကျွန်တော်တို့ ထုတ်ဖော် ပြောကြားမှာ မဟုတ်ပါဘူး..."
အောက်ဘက်ရှိ လူများက မြေခွေးအိုကြီးဟု တီးတိုး ကျိန်ဆဲလိုက်ကြပြီး ဈေးနှုန်းကို မကြေညာပါက ရည်ညွှန်းဈေးနှုန်းပင် ရှိလာမည် မဟုတ်ကြောင်း ညည်းညူနေခဲ့ကြလေသည်။
"အခု ဒေသ နံပါတ်နှစ်ကို ရောက်ပါပြီ... အားလုံးပဲ မြေပုံကို ကြည့်လိုက်ကြပါ... လေလံ စတင်ပါပြီ..."
လေလံပွဲမှာ ချောမွေ့စွာ ဆက်လက် ကျင်းပနေခဲ့လေသည်။
အောက်ဘက်တွင် ထိုင်နေသော ချင်ထျဲ့ကျွင်းနှင့် ဝူလျန်တို့သည် တီးတိုး ဆွေးနွေးလာခဲ့ကြပေ၏။
"ကောင်းယွမ်ရဲ့ အကွက်ရွှေ့မှုတွေက တော်တော်ကို ရက်စက်လွန်းတယ်..."
"ဒါက သာမန်ပါပဲ... အကျိုးအမြတ် အများဆုံး ရရှိဖို့ဆိုတာ ကုမ္ပဏီတိုင်းက ကြိုးစားနေကြတဲ့ အရာ လေ... တခြားသူတွေနဲ့ ယှဉ်ရင် ငါးရံ့နက် နည်းပညာကုမ္ပဏီက တော်တော်လေး သက်ညှာနေပါသေး တယ်... ဘာပဲဖြစ်ဖြစ်... သူတို့က တိုက်ရိုက်တောင်မှ..."
ဝူလျန် စကားပြော၍ မဆုံးသေးပေ။
သို့သော် ချင်ထျဲ့ကျွင်း နားလည်လိုက်လေ၏။
ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ အရင်းအမြစ်များအရ သူတို့သာ ငွေလိုချင်လျှင် လုယူလိုက်၍ ရနေပြီ ဖြစ်သည်။ မည်သူက သူတို့ကို တားဆီးနိုင်မည်နည်း။ သို့သော် ကောင်းယွမ်က ယခုအခါ သူတို့အား ကြီးပွားချမ်းသာရန် အခွင့်အရေး ပေးထားခဲ့လေသည်။
ဤသည်မှာ အမှန်တကယ် ရှားပါးသော ကြင်နာမှု တစ်ရပ်ပင် ဖြစ်ပေ၏။
ကောင်းယွမ်က သူတို့ကို အဘယ်ကြောင့် အထူးတလည် ဖိတ်ကြားခဲ့သနည်း ဆိုသည်ကို ဤအချိန်တွင် ချင်ထျဲ့ကျွင်း နားလည်သွားပုံရလေသည်။
ကောင်းယွမ် မည်သည်တို့ကို လုပ်ဆောင်ရန် ကြိုးစားနေသည်ကို ချင်ထျဲ့ကျွင်း ဘယ်သောအခါကမျှ နားမလည်ခဲ့ပေ။
သို့သော်လည်း ဖြန့်ချီရေးကိုယ်စားလှယ်များ လေလံပွဲ ကျင်းပနေစဉ်အတွင်း ချင်ထျဲ့ကျွင်းသည် အချို့ အရာများကို တဖြည်းဖြည်း နားလည်လာခဲ့လေ၏။
ကောင်းယွမ်သည် ကမ္ဘာတစ်ဝန်းရှိ အင်အားကြီး ကုမ္ပဏီများကို ဆွဲဆောင်ကာ သူတို့နှင့် အကျိုးစီးပွား တူညီသော အသိုက်အဝန်း တစ်ခုကို ဖွဲ့စည်းနေခြင်း ဖြစ်လေသည်။ ထို့နောက် သူသည် ဤငွေများကို အသုံးပြု၍ ပြည်တွင်းရှိ အင်အားကြီး ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံလေ၏။ ဤနည်းအားဖြင့် ကမ္ဘာ့ ထိပ်တန်း ကုမ္ပဏီ ငါးရာ၏ ထက်ဝက်နီးပါးမှာ ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ အပြင်ဘက် ခံတပ်များ ဖြစ်လာခဲ့သည်ဟု ဆိုနိုင်ပေသည်။
အချိန်ပေးလိုက်မည်ဆိုပါက ကောင်းယွမ်သည် ကမ္ဘာ့စီးပွားရေး အာဏာရှင်ပင် ဖြစ်လာနိုင်ပေတော့ သည်။
စီးပွားရေးကို ထိန်းချုပ်ခြင်းဆိုသည်မှာ ကမ္ဘာပေါ်ရှိ နိုင်ငံအများစုကို ထိန်းချုပ်ထားခြင်းပင် ဖြစ်လေ သည်။ ကောင်းယွမ်၏ ပြိုင်ဘက်ကင်း စစ်ရေးအင်အားနှင့် ပေါင်းစပ်လိုက်ပါက သူသည် ကမ္ဘာကြီးတွင် ဩဇာလွှမ်းမိုးမည့်သူ ဖြစ်လာပေလိမ့်မည်။
*သူက... ကမ္ဘာမြေကို တစ်အုပ်စုတည်း ဖြစ်အောင် ပေါင်းစည်းချင်နေတာလားမသိဘူး…*
ချင်ထျဲ့ကျွင်းသည် သူ၏ ကိုယ်ပိုင် ခန့်မှန်းချက်ကြောင့်ပင် လန့်ဖြန့်သွားခဲ့ရလေသည်။
ကမ္ဘာကြီးကို အုပ်စိုးရန် ဆိုသည်မှာ အတိတ်နှင့် အနာဂတ်တွင် ပြိုင်ဘက်ကင်းသော ရည်မှန်းချက် တစ်ခုပင် ဖြစ်ပေ၏။
ချင်ထျဲ့ကျွင်း ချွေးများ ပျံလာခဲ့လေသည်။ ယခင်က ကောင်းယွမ်တွင် ရည်မှန်းချက် မရှိဟု သူ ပြောခဲ့ဖူး ပေ၏။
သူသည် သူ၏ ချွေးများကို သုတ်လိုက်လေသည်။
သူ၏ဘေးတွင် ရပ်နေသော ဝူလျန်က မျက်လုံးကို မှေးစင်းကာ မေးလိုက်လေ၏။
"လောင်ချင်... ခင်ဗျား သဘောပေါက်သွားပြီလား..."
"အင်း..."
"ကောင်းယွမ်က... သူ့မှာ ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိနေတယ်..."
"ဟုတ်တယ်..."
"လောလောဆယ်တော့ အနည်းဆုံး ရှနိုင်ငံ အစိုးရက သူ့ကို မဟာမိတ် တစ်ယောက်အနေနဲ့ မြင်ထားတာ ပဲ..."
"ဒါက တစ်ခုတည်းသော သတင်းကောင်းပါပဲ..."
...
ဖြန့်ချီရေးကိုယ်စားလှယ်များ လေလံပွဲ ဆက်လက် ကျင်းပနေခဲ့လေသည်။
မွန်းတည့်ချိန်တွင် လေလံပွဲကို ခေတ္တရပ်နားခဲ့ပြီး စက်ရုပ်များသည် ကိုယ်စားလှယ်များနှင့် ဧည့်သည်များ အားလုံးထံသို့ အာဟာရအနှစ်များ လာရောက် ပို့ဆောင်ပေးခဲ့ပေသည်။
ထိပ်သီးပုဂ္ဂိုလ် တစ်စုသည် သူတို့၏ အရှေ့ရှိ သွားတိုက်ဆေးကဲ့သို့သော အရာကို ကြည့်ကာ လုံးဝကို ဇဝေဇဝါ ဖြစ်နေခဲ့ကြလေသည်။
ကောင်းယွမ်သည် အာဟာရအနှစ်ကို ကောက်ကိုင်လိုက်လေ၏။
"အားလုံးပဲ ခင်ဗျားတို့ရဲ့ နေ့လယ်စာကို မြင်ကြပြီ မဟုတ်လား... ဒီသွားတိုက်ဆေးနဲ့ တူတဲ့အရာက အာဟာရအနှစ် ဖြစ်ပြီး လေထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ဘက်တီးရီးယားတွေကို အသုံးပြုပြီး ထုတ် လုပ်ထားတာပါ... အဲဒီမှာ လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သဲလွန်စ ဒြပ်စင် နှစ်ဆယ့်ရှစ်မျိုး ပါဝင်ပြီး တစ်ကျူပ်ကို စွမ်းအင် ကီလိုကယ်လိုရီ ခုနစ်ရာနဲ့ ပရိုတင်း ငါးဆယ် ဂရမ် ပေးစွမ်းနိုင်ပါတယ်..."
ချင်ထျဲ့ကျွင်းသည် အာဟာရအနှစ်ကို ကိုင်ထားရင်း စတင် တွေးတောလာခဲ့လေသည်။
*ကောင်းယွမ်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ…*
"အရသာနဲ့ ပတ်သက်ပြီးတော့က အမြင်တွေ ကွဲပြားနိုင်ပါတယ်... ဒါပေမဲ့ အာဟာရ ပြည့်ဝလုံလောက် တဲ့အတွက် အားလုံးပဲ မြည်းစမ်းကြည့်သင့်ပါတယ်..."
အိုယော့ခ်သည် အာဟာရအနှစ် တစ်ခုကို ဖောက်ကာ သူ၏ ပါးစပ်ထဲသို့ တစ်ကိုက်စာ ညှစ်ထည့်လိုက် လေ၏။
သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ရှုံ့မဲ့သွားခဲ့လေသည်။
ဟိုဘက်ကို ကြည့်လိုက်သောအခါ... ဟန်းစ်က တစ်ဝက်လောက်တောင် စားပြီးနေပြီ ဖြစ်ပေ၏။
"ဒီဂျာမန်ခွေးကောင်..."
သူက ကျိန်ဆဲလိုက်သော်လည်း ညည်းညူသံကို မြိုချလိုက်လေသည်။ တစ်ခါ စစားကြည့်ပြီးသည်နှင့် အမှန်တကယ်ပင် ဆိုးရွားမနေခဲ့ပေ။
ဤထိပ်သီးပုဂ္ဂိုလ်များ အာဟာရအနှစ် စားနေသည်ကို ကြည့်ကာ ကောင်းယွမ် ပြုံးလိုက်လေသည်။ ခွေး များပင် ဤအရာကို စားမည် မဟုတ်သော်လည်း ဤထိပ်သီးပုဂ္ဂိုလ်များ အားလုံးကတော့ စားမြုံ့ဝါးနေ ကြပေသည်။
ဤသည်က အဘယ်အရာကို ဖော်ပြနေသနည်း။
ကောင်းယွမ်က ယခု အာဟာရအနှစ်ကို ထုတ်ယူလာရသည့် အဓိက အကြောင်းရင်းမှာ နေ့လယ်စာ ပြင်ဆင်ထားခြင်း မရှိသောကြောင့်ပင် ဖြစ်လေသည်။ သိပ္ပံဥယျာဉ်ရှိ ကန်တင်းမှာ အမှန်တကယ်ပင်... အာဟာရအနှစ်ထက် သိပ်ပြီး ပိုမကောင်းလှပေ။
သို့သော် ဝူလျန်က ထိုသို့ မထင်ထားခဲ့ပေ။
ထိုအချိန်တွင် သူက ချင်ထျဲ့ကျွင်းနှင့် ဆွေးနွေးနေခဲ့လေ၏။
"ကောင်းယွမ်က ဒီအာဟာရအနှစ်ကို ထုတ်လာတာက တခြား ရည်ရွယ်ချက်တွေ ရှိနေလို့ပဲ..."
"ဘာရည်ရွယ်ချက်လဲ..."
"ဒါက ကောင်းယွမ်မှာ ရိုးရာ စိုက်ပျိုးရေး ပုံစံကနေ ခွဲထွက်နိုင်တဲ့ စွမ်းရည် ရှိနေပြီဆိုတဲ့ သဘောပဲ... အဲဒါက အာကာသကို နယ်ချဲ့ဖို့အတွက် ပြင်ဆင်နေတာလေ..."
ချင်ထျဲ့ကျွင်း ခေါင်းညိတ်လိုက်လေသည်။
"ဒါလည်း ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ ကျွန်တော့်အထင် နောက်ထပ် အဓိပ္ပာယ် တစ်ခု ရှိနေနိုင်သေးတယ်... စဉ်းစားကြည့်လေ... အပူချိန်ထိန်းအဝတ်အစားနဲ့ အာဟာရအနှစ်သာ ပေါင်းလိုက်ရင်... ဒီကမ္ဘာပေါ်မှာ ငတ်မွတ်ခေါင်းပါးမှု ဒါမှမဟုတ် အပူဒဏ်ဆိုတာ ရှိလာတော့မှာ မဟုတ်ဘူး... ကောင်းယွမ်က သူရှိနေရင် လူတိုင်း အေးအေးချမ်းချမ်း နေထိုင်နိုင်တယ်လို့ ကမ္ဘာတစ်ဝန်းလုံးကို ပြောပြနေတာ ဖြစ်နိုင်တယ်... ဒါက အရှိန်အဟုန်ကို ဖန်တီးနေတာပဲ..."