← Chapters

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း ၁၂၂

Vol. 13 Ch. 122

122 01

အပိုင်း 122

ယွင်ယွီက အနည်းငယ် စိုးရိမ်ပူပန်နေသေးသည်။ သူမ ချင်ယွီစွေ၏ လက်မောင်းကို မှီလျှက် မေးလိုက်လေ၏။

“ကျွန်မ အမှားလုပ်မိလိုက်တာလားဟင်။ ရှမိသားစုကို အပြစ်တင်ခဲ့ပေ့မဲ့ တစ်ချိန်တည်းမှာလည်း ကြည့်မိသားစုက ကလေးကို ကူညီချင်နေတာ။ ဒါပေမဲ့ မိသားစု နှစ်ခုကြား အခြေခံကွာဟချက်ရှိနေတယ်။ တစ်ယောက်က ချမ်းသာပြီး ရန်ပုံငွေကနေ ပိုက်ဆံရှာနိုင်တယ်။ ကျန်မိသားစုက တကယ် ဆင်းရဲတယ်။ ကျွန်မက ကြည့်ယွင်ကို ကူညီဖို့ ဝေ့ပိုစ့်မှာ ပိုစ့်မတင်ခင် ရှမိသားစုရဲ့ မျက်နှာအမှန်ကို ထပ်ဖော်ထုတ်ခဲ့သင့်တာ အခုကျ ကြည့်မိသားစုကိုတောင် ထိခိုက်စေခဲ့မိပြီ။ သူတို့ ဝေ့ပိုစ့်မရှိလို့ တော်သေးတယ်”

တကယ်တော့ အင်တာနက်ပေါ်ရှိ လူတိုင်းသည် သူမကို ကြိမ်းမောင်းနေကြတာပဲ ဖြစ်သည်။ ကြည့်ယွင်က နေမကောင်းဖြစ်ဟန် တူ၏။ အင်တာနက်အသုံးပြုသူများသည် သူတို့စကားရွေးချယ်ရာ၌ ပိုဂရုစိုက်ရမည်မှန်း သိနေသေးသည်။

ချင်ယွီစွေက သူမ၏ ခါးကို ညှင်သာစွာ ဖက်ထားလျှက် ပြောလိုက်၏။

“မကောင်းတာတော့ မဟုတ်ပါဘူး။ အင်တာနက်အသုံးပြုသူတွေက ရှမိသားစုရဲ့ အခြေအနေကို သိသွားခဲ့မယ်ဆိုရင် သူတို့ ကြည့်ယွင်ကို ပိုအာရုံစိုက်လာလိမ့်မယ်။ နောင်ကျ သူ ရန်ပုံငွေရှာဖို့ ပိုလွယ်သွားမှာ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စရာ မလိုဘူး။ မင်း လုပ်တာ မမှားဘူး”

ယွင်ယွီက ခေါင်းညိတ်လိုက်၏။

ချင်ယွီစွေက သူမ၏ဗိုက်ကို ပွတ်သပ်ကာ ပြောလိုက်တော့သည်။

“သိပ်စိတ်မလှုပ်ရှားနဲ့လေ”

ယွင်ယွီက ပြုံးလျှက် ပြောလိုက်သည်။

“ကျွန်မ စိတ်မလှုပ်ရှားပါဘူး။ ကျွန်မကို ပြောဆိုတဲ့ လူတွေအကြောင်း ဂရုမစိုက်ဘူး”

သူမက အလွန်စိတ်သဘောထား ကြီးမားသည်။ သူတို့နှစ်ယောက်သား စကားပြောနေပြီးနောက် ညနေစောင်းတွင် ညစာစားရန် အဘွားယွင်၏အိမ်သို့ သွားလိုက်၏။

အိမ်အသစ်နားရှိ ခြံဝန်းက ပြုပြင်နေဆဲပင် ဖြစ်ကာ မြက်ခင်းခင်းထားပြီး ငါးကန်လေး တစ်ကန်ရှိကာ ရွှေငါးအနည်းအကျဉ်းနှင့် ကြာပွင့်များ စိုက်ထားလေ၏။

ချင်ယွီစွေသည် အိမ်သစ်၏ ခြံဝန်းထဲတွင် လက်မောင်းလုံးခန့်ထူသည့် ဝါးလုံးများဖြင့် ပွဲကြည့်စင်တစ်ခု တည်ဆောက်ထား၏။ ယင်းက ခြံဝန်းငယ်လေးနှင့် အခင်းအကျင်းတူညီသည့် ယွင်ယွီက ထိုနေရာ၌ နှင်းဆီအမြစ်နှစ်ခုကို ရွေ့ခဲ့သော်ငှား အပင်အစည်အနှစ်ကို မရွေ့ခဲ့ပေ။ ၎င်း၏ ဝိညာဉ်သည် ယခင်က တစ်ခေါက် ထိခိုက်ထားပြီ ဖြစ်ကာ ပြန်လည် ကုစားနေဆဲ ဖြစ်သည်။ အမြစ်ထုတ်လိုက်ပါက ရွေ့ရန် မလွယ်ကူတော့ပေ။ ထိုအပြင် သူမက ယင်းကို သူမမိသားစုထဲတွင် ထားချင်၏။ သို့မှသာ အိမ်ကို ဂရုစိုက်ဖို့ ကူညီပေးနိုင်မှာပဲ ဖြစ်သည်။

ဟေးတ၊ ဝေ့တ၊ ရှောင်ပိုင်တို့ကမှု အိမ်သစ်သို့ လိုက်လာပြီး ခြံဝန်းလေးထဲတွင် သူတို့သုံးယောက်နေရန်အတွက် သစ်သားအိမ်လေးတစ်လုံး တည်ဆောက်ပေးထားသည်။

ညစာစားပြီးနောက် နှစ်ယောက်သားက အိပ်စက်ရန် အိမ်သစ်သို့ ပြန်သွားလေ၏။ သရဲမလေး ကျစ်ရှင်းကမှု ယွင်ယွီကို ရှာရန် ရောက်လာသည်။ ယွင်ယွီက အရသာရှိသည့် အစားအသောက်များနှင့် သူမ နေ့လည်က ဝယ်လာသည့် အဝတ်အစားလှလှလေးများကို ပေးကာ မေးလိုက်တော့သည်။

“အိမ်မှာ သမီးရဲ့မောင်လေး ဘယ်လိုနေလဲ”

ဝမ်ကျစ်ရှင်းက ခြောက်ခြားဖွယ်မျက်နှာဖြင့် ပြုံးလိုက်တော့သည်။

“အစ်မယွင် သမီးမောင်လေးနဲ့ သမီး အဆင်ပြေတယ်။ သူက ညဘက် ကောင်းကောင်းစားသောက်တယ်။ သူ့ကို မဆဲဖို့နဲ့ လူကြီးတွေကို လေးစားဖို့ အငယ်တွေကို ချစ်ခင်ဖို့ သင်ပေးထားတယ်။ သူ့သမီးကို မြင်ရကြောင်း အဖေနဲ့အမေကို မပြောဖို့ ကတိပေးခိုင်းထားတယ်။ သူ အိပ်အောင် ချော့မော့ပြီးမှ ဒီလာတာ”

သူမ အသက် ရှစ်နှစ် အရွယ် ရောက်နေပြီဖြစ်ကာ ကိစ္စရပ်များစွာကို နားလည်နေပြီ ဖြစ်၏။ သူမ သေလွန်ပြီဖြစ်၏။ လူသားများက သူမကို ကြောက်လန့်နေလိမ့်မည်။ သူမမိဘများသည်လည်း သူမကို ကြောက်လန့်လိမ့်မည်။ သူတို့သာ သူမ၏တည်ရှိမှုကို သိသွားခဲ့လျှင် သူမကို ဖြေရှင်းဖို့ ဆရာတစ်ဆူကိုတောင် ပင့်လာလောက်၏။ သူမမောင်လေးကို ထားမသွားချင်ပေ။ ယွင်ယွီက ယင်းကို ချီးကျူးလိုက်လေ၏။

122 02

“ညီမ လုပ်ခဲ့တာ ကောင်းတယ်”

ဝမ်ကျစ်ရှင်း၏ အကူအညီဖြင့် ဝမ်မိသားစုမှ ကလေးသည် သူ၏ စိတ်နေသဘောထားကို ပြောင်းလဲကောင်း ပြောင်းလဲနိုင်လိမ့်မည်။

ဝမ်ကျစ်ရှင်းက အဝတ်အသစ်အစားအသစ်များ ဝတ်ဆင်ပြီး ယွင်ယွီ ဝယ်ပေးသည့် မုန့်ကို စားကာ ပျော်ရွှင်စွာ ထွက်သွားလေ၏။

နောက်နေ့မနက်တွင် ဖြစ်သည်။

ရှမိသားစု၏ လှူဒါန်းမှု အလှူငွေ လိမ်လည်ခြင်းနှင့် ကြည့်ယွင်တို့ကိစ္စက ဝေ့ပိုစ့်ပေါ်၌ ဆက်လက် နာမည်ကြီးနေသည်။

ဗေ့ဗီ ရှောင်ယွမ်စီက ယွင်ယွီကို တစ်ခွန်းတည်းဖြင့် တုန့်ပြန်ထားသောကြောင့် ဖြစ်သည်။

“လူသားတစ်ယောက်အနေနဲ့ မင်း ကြင်နာတတ်ရမယ်”

ထိုအကြောင်းအရာကို အမြှင့်ဆုံးအထိ ရောက်သွားစေကာ ယွင်ယွီကို ဆူပူကြိမ်းမောင်းသည့် လူပိုများလာ၏။ ယွင်ယွီက သူမ၏ ဝေ့ပိုစ့်ကို စစ်ဆေးကြည့်လိုက်ချိန်တွင် သူမကို လူများစွာက tagတွဲထားပြီး စာပို့လျှက် ဆဲဆိုထားတာ တွေ့လိုက်ရသည်။

သူမက သီးသန့်စာကနေ ဆဲဆိုထားသည့် လူအားလုံးများကို ဘလော့ခ်လိုက်ကာ ထိုလူများကို နောင်ကျ သူမကို အကူအညီ လာမတောင်းရဲ။ ထိုလူများကို ပြောလိုက်လေ၏။

ထိုအပြင် ရှယွီဝမ်၏ မိဘများက ဝေ့ပိုစ့်ပေါ်၌ စာတင်ထားကာ ဖုန်းရွှေဆရာသခင် ရွှမ်းယွီကို tagတွဲထားသည်။

“ဒီဖုန်းရွှေဆရာသခင်က တကယ် အရည်အချင်းရှိလားတော့ ကျွန်မ မသိပေမဲ့ ရှင်ပိုပြီး ကြင်နာတတ်ဖို့ မျှော်လင့်ပါတယ်။ ကျွန်မသမီးလေးက မနာမကျန်း ဖြစ်နေတာ။ ကျွန်မတို့ ဘယ်တော့မှ လက်မလျော့ဘဲ သူ့ကို အကောင်းဆုံး ကုသမှုတွေ အမြဲတမ်း ပေးပြီး သူ့ဘဝမှာ ဆန်းကြယ်မှုဖြစ်လာပြီး ရောဂါဝေဒနာကို သူကျော်လွှားနိုင်ဖို့ မျှော်လင့်နေခဲ့တာ။ သူက ကျွန်မတို့ရဲ့ အချစ်ရဆုံးသမီးပဲ။ သူ့အဖေနဲ့ ကျွန်မက သူ အသက်ရှင်သန်နိုင်ဖို့ မျှော်လင့်နေတာ။ ဒါပေမဲ့ သူ နိုဝင်ဘာလလယ်တောင် မလွန်ဘူးလို့ ရှင်ပြောခဲ့တယ်။ ဒါက အမေတစ်ယောက်အတွက် ဘယ်လောက်နာကျင်စေလဲဆိုတာကို သိလား။ အင်တာနက်ပေါ်က သံသယတွေက ကျွန်မ့သမီးကို ဘယ်လောက်ထိခိုက်စေလဲ သိလား။ ကျွန်မ့သမီးက ဒါကို သိပြီး ဝမ်းနည်းသွားတယ်။ ဖုန်းရွှေဆရာသခင် ရွှမ်းယွီ ကျွန်မရဲ့သမီးကို တောင်းပန်ဖို့ မျှော်လင့်ပါတယ်”

ထိုဝေ့ပိုစ့်စာသည် အတော်လေး အဓိပ္ပာယ်ပါ၏။ ၎င်းသည် ယွင်ယွီပြောသွားသည့် ရန်ပုံငွေ လိမ်လည်သည့်အကြောင်းအရာကို ရှောင်ဖယ်လျှက် ရှမိသားစု၏ အခြေအနေ ကောင်းမွန်သည့် အကြောင်းကို လှီလွယ် ပြောဆိုထားသည်။ ယွင်ယွီက ရှယွီဝမ်၏ ကံကြမ္မာကို တွက်ချက်ပေးသည့်အချက်ကိုသာ ထည့်ပြောထားလေ၏။

ယွင်ယွီကို စော်ကားပြောဆိုခြင်း၊ ယွင်ယွီကို တောင်းပန်ခိုင်းခြင်းနှင့် ထိုရင်ထဲထိသည့် စကားများပြောခြင်းက တခြား အသေးအမွှားများကို ရှောင်ကြဉ်ရန်ပဲ ဖြစ်သည်။

ထင်သည့်အတိုင်းပင် အင်တာနက်အသုံးပြုတချို့က လှုံဆော်ခံလိုက်ရပြီး သူတို့က ရှမိသားစုကို နှစ်သိမ့်ကြကာ ယွင်ယွီကို ဆဲဆိုကြတော့သည်။

“အမေရှ အားတင်းထားပါအုန်း။ ကျွန်တော်တို့က ခင်ဗျားရဲ့အသန်မာဆုံး ပံ့ပိုးမှုပါပဲ။ ရှယွီဝမ်က ဒီလောက် ချစ်ဖို့ကောင်းတာ။ သူ သေချာပေါက် နေပိုကောင်းလာမှာပါ”

“အဖေရှ အမေရှ ကျေးဇူးပြုပြီး ဝမ်းမနည်းပါနဲ့။ ဒီဖုန်းရွှေပညာရှင်က ဒီလောက် ရက်စက်တာ။ သေသင့်တာ သူပဲ။ ရှယွီဝမ် မဟုတ်ဘူး။ ရှယွီဝမ်က သေချာပေါက် ပိုကောင်းလာမှာ”

“ဟုတ်တယ်။ ထွက်လာပြီး တောင်းပန်ပါ”

ဆင်ခြေတုံတရားရှိသည့် အင်တာနက်အသုံးသူတချို့လည်း ရှိသေးသည်။

“ရှမိသားစုက ဖုန်းရွှေပညာရှင်က သူတို့မိသားစုဘဏ္ဏာရေးအခြေအနေကို မေးထားတာကျ ဘာလို့ မဖြေရဲလဲ အံဩနေတာ။ သူတို့သမီးရဲ့နေမကောင်းဖြစ်တဲ့ အကြောင်းပဲ ရှောင်ပြောပြီး ဖုန်းရွှေဆရာသခင်ရဲ့ မှန်းဆချက်ကိုပဲ ပြောခဲ့တယ်။ ငါသိသလောက် ရှယွီဝမ်ရဲ့ မနာမကျန်းဖြစ်မှုက နောက်ဆုံးအဆင့် ရောက်နေပြီ။ သူ ဒီအခြေအနေကနေ ကျော်လွှားနိုင်ဖို့ အင်မတန် ခက်ခဲမှာ။ ဒီဟာက လှုံဆော်မှုလို့ မထင်ဘူးလား။ သေချာ စဉ်းစားကြပါ”

122 03

ယွင်ယွီက သက်ပြင်းချလိုက်မိ၏။ သူမ အနည်းငယ် စိတ်လိုက်မာန်ပါ ရှိကာ မိန်းကလေး၏ ကံကြမ္မာကို တိုက်ရိုက် ဟောပြောခဲ့မိသည်။ ယင်းက အတန်ငယ် မှားပေ၏။ သူမသည် သေရေးရှင်ရေးကို တွေ့မြင်နေကြဆိုသော်ငှား လူအများစုက ယင်းကို မမြင်နိုင်ပေ။

သူမက ပြောလိုက်လေ၏။

“ကလေးက အပြင်းအထန် မနာမကျန်း ဖြစ်နေပြီး ကျွန်မစကားက တကယ် မသင့်တော်ဘူး။ ဒါပေမဲ့ မိဘတွေက သာဓကကောင်း ဖြစ်ပေးဖို့ မျှော်လင့်တယ်။ ကလေး ကြုံတွေ့ခဲ့ရတာတွေအတွက် ကျွန်မ စိတ်မကောင်းပါဘူး။ ကလေး ဘေးကင်းဖို့လည်း မျှော်လင့်ပါတယ်”

ကလေးက တကယ် အပြစ်ကင်း၏။ သို့သော် ကလေးက လက်ရှိတွင် အရေးပေါ်ဌာန၌ ရောက်နေပြီး သူမမိဘများကမှု အွန်လိုင်းသတင်းကို လိုက်ဖတ်ကြည့်နေသေး၏။ သူမ ဘာမှ ထပ်မပြောချင်တော့ပေ။

ရှန့်ယုံသည် တစ်ညလုံး အင်တာနက် အသုံးပြုသူများကို ရှင်းပြရန် အလုပ်ကြိုးစားခဲ့သည်။ သူ ဒေါသထွက်လွန်းသဖြင့် ယွင်ယွီဆီ စာတစ်စောင်တောင် ပို့လိုက်သေးသည်။

ယွင်ယွီက သူ့ကို ပြောလိုက်လေ၏။

“အဲဒါကို အာရုံမစိုက်နဲ့။ အင်တာနက်အသုံးပြုသူတွေက ရှင့်ကို ဆဲဆိုနေလို့လည်း အမှန်အမှား ပြောင်းလဲသွားမှာ မဟုတ်ဘူး။ ရှင်းလင်းတဲ့ အသိစိတ်ရှိနေသ၍ ရပြီ”

ရှင်းလင်းတဲ့ အသိစိတ်ရှိသော ယွင်ယွီကလည်း ဟွမ်ရှန်းဆီမှ စာတစ်စောင်ရလိုက်သည်။

ဟွမ်ရှန်းသည် ယခင်က စွန့်စားခန်းတင်ဆက်သူတစ်ယောက် ဖြစ်၏။ ယခုဆို သူက ရှုမြော်ခင်းများနှင့် အစားအသောက်များကို တိုက်ရိုက်ထုတ်လွှင့်နေတာပဲ ဖြစ်သည်။

သိပ်မကြာသေးခင်တုန်က ဘန်းမုန့်ဆိုင်တွင် သူနှင့် တွေ့ခဲ့ဖူးလေ၏။ သူက ယွင်ယွီဆီ စာပို့ထားသည်။

“ဆရာသခင်ယွင် အင်တာနက်ပေါ်က ဖုန်းရွှေဆရာသခင် ရွှမ်းယွီက ခင်ဗျားလား”

ဤကိစ္စက အတော်လေး နာမည်ကြီးသွားပြီး ဝေ့ပိုစ့်အသုံးပြုရတာ နှစ်ခြိုက်သည့်သူ အားလုံးနီးပါးက ထိုကိစ္စကို အာရုံစိုက်မိ၏။ ဖုန်းရွှေဆရာသခင် ရွှမ်းယွီဟူသောအမည်သည် သူ့ကို ရင်းနှီးနေစေပြီး ဆရာသခင်ယွင်နှင့်တူနေသောကြောင့် သူစာပို့လိုက်ကာ မေးလိုက်တာပဲ ဖြစ်သည်။

ယွင်ယွီက ကူကယ်ရာမဲ့စွာ ပြန်ပြောလိုက်လေ၏။

“ကျွန်မပါပဲ”

ဟွမ်ရှန်းသည် ချွေးပြန်နေသော အီမိုဂျီပို့လိုက်လေ၏။

“ဆရာသခင်ယွင် စိတ်မပူပါနဲ့။ ကျွန်တော် ကူညီပေးမယ်”

ဟွမ်ရှန်းသည် ယွင်ယွီကို တပ်မ့်တွဲလျှက် ပိုစ့်တင်လိုက်၏။

“ဖုန်းရွှေဆရာသခင် ရွှမ်းယွီကို ထောက်ခံပါတယ်။ အရင်တုန်းက ကျွန်တော်ရဲ့စွန့်စားခန်း တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ဖူးတဲ့ ပရိသတ်တွေက ဒီဖုန်းရွှေဆရာသခင်ကို ရင်းနှီးနေမှာပေါ့။ ဟုတ်တယ်။ ကျွန်တော် တိုက်ရိုက်ထုတ်လွှင့်မှုလုပ်တုန်းက တွေ့ခဲ့တဲ့ ဆရာသခင်ပါပဲ။ ဒီဖုန်းရွှေဆရာသခင်က တကယ်အရည်အချင်းရှိတာလား။ လူလိမ်လားဆိုတာ။ ခင်ဗျားတို့အားလုံး ဆုံးဖြတ်ကြည့်လို့ ရပါတယ်”

ဟွမ်ရှန်း၏ ပရိသတ်များသည် သရဲခြောက်သည့်အိမ်ဖြစ်ရပ်ကို ကွက်ကွက်ကွင်းကွင်း မှတ်မိနေသေးကာ သူတို့ဘဝ၌ ယင်းကို ဘယ်တော့မှ မေ့မှာ မဟုတ်ပေ။

အောက်ရှိ လူတိုင်းက ယွင်ယွီကို ထောက်ခံကြောင်း ပြောလာကြသည်။

“ဘုရားရေ အဲဒီတိုက်ရိုက်ထုတ်လွှင့်မှုက မိန်းမလှလေးလား”

“အဲဒီမိန်းကလေးက တကယ် အံဩဖို့ကောင်းလွန်းတယ်။ အဝေးကနေ ဝန်ခံလိုက်ပါတယ်။ ကျွန်တော် ခင်ဗျားကို ချစ်တယ်။ ဒါကြောင့် သူပြောသမျှက အမှန်ပဲလို့ ယုံတယ်။ မိသားစုမှာ စုဆောင်းငွေ ဘယ်လောက်ရှိလဲ။ သူတို့မှာ အိမ်ဘယ်လောက်ရှိလဲ ပြောပြပေးနိုင်မလား။ ဒီလောက်တောင် ဆင်းရဲနေပြီး သမီးရဲ့ကုသစရိတ်အတွက် ပေးချေဖို့ ပိုက်ဆံ မရှိဘူးဆိုရင် ဘာလို့ ပိုက်ဆံတွေ တိုးလာတာလဲ”

“နောက်တစ်ယောက် ဒီမိန်းကလေးကို ထောက်ခံပါတယ်။ ရှမိသားစုက ဒီမေးခွန်းကို ဖြေဖို့ မျှော်လင့်ပါတယ်”

အင်တာနက်အသုံးပြုသူတချို့သည် ဇဝေဇဝါ ဖြစ်သွားကြကာ တိုက်ရိုက်ထုတ်လွှင့်မှုအကြောင်း မေးကြလေ၏။ ဟွမ်ရှန်း၏ပရိသတ်များကမှု ဖြေရန် ကြိုးစားခဲ့သော်ငြား ကံဆိုးသည်မှာ ထိုတိုက်ရိုက်ထုတ်လွှင့်မှု၏ ဗီဒီယိုကို အင်တာနက်တစ်ခုလုံး၌ ပိတ်ထားပြီး ရှာ၍ မရတော့ပေ။ လိုရင်း ပြောရလျှင် အချိန်တိုအတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားလေ၏။

122 04

ယွင်ယွီကမှု အလွန် တည်ငြိမ်နေသည်။ သူမက အချိန်တန်စား အိပ်ချိန်တန် အိပ်ပြီး ဇိမ်ကျနေတော့သည်။

ထိုတွင်သာမက အင်တာနက်ပေါ်၌ ကိစ္စရပ်များက ဆက်လက် ဆိုးရွားနေသည်။

ပထမအနေဖြင့် ကွေ့ယွမ်မန်၏ တရားဝင် ဝေ့ပိုစ့်အကောင့်က ယွင်ယွီကို tagတွဲလျှက် စာတစ်စောင်တင်ထားသည်။

“ဖုန်းရွှေဆရာသခင် ရွှမ်းယွီကို ထောက်ခံပါတယ်။ အမှန်အမှား၊ အကောင်းအဆိုးကို ဆုံးဖြတ်နိုင်မှာပါ။ ကလေးနှစ်ယောက် ဘေးကင်းဖို့ မျှော်လင့်ပါတယ်။ သူတို့နှစ်ယောက်လုံးက အလွန် သန်မာတယ်”

ပြီးနောက် ချန်ချွင်းဂိတ် ဝေ့ပိုစ့် ပိုစ့်ပေါ်လာသည်။

“ကျေးဇူးပြုပြီး ရန်ပုံငွေ ပလက်ဖောင်းကို မြှင့်တင်ပြီး ပိုကောင်းတဲ့ ဖလက်ဖောင်းဖြစ်အောင် လုပ်ပေးပါ။ ဒါမှ အင်တာနက် အသုံးပြုသူတွေရဲ့ချစ်ခြင်းမေတ္တာကို စိတ်မပျက်စေမှာ”

ဖုန်းလေ့ကွမ်းဂိုဏ်း

“ဖုန်းရွှေဆရာသခင် ရွှမ်းယွီ ကြိုးစားထား ကြိုးစားထား ကလေးတွေရောပဲ အားတင်းထား”

မော့ရွှမ်ဂိုဏ်း

“ကျေးဇူးပြုပြီး ဆင်ခြေတုံတရားရှိကြပါ။ အင်တာနက်အသုံးပြုသူတို့။ ဒီကိစ္စရဲ့အမှန်တရားကို အမြန်ဆုံး ဖော်ထုတ်နိုင်ဖို့ မျှော်လင့်ပါတယ်”

အင်တာနက်အသုံးပြုသူများက စတင်ပေါက်ကွဲ ကုန်လေ၏။

“ဘာတွေ ဖြစ်ကုန်တာလဲ။ ဒီဂိုဏ်းတွေ ဘာတွေဖြစ်နေတာလဲ။ ဂိုဏ်းအားလုံးမှာ ဝေ့ပိုစ့်အကောင့် ရှိတယ်လား”

“လခွမ်း ဖုန်းရွှေဆရာသခင် ရွှမ်းယွီက ဘယ်သူလဲ။ သူက ဒီအဓိက ဂိုဏ်းကြီးတွေ သူ့အတွက် ပြောပေးအောင် ဘယ်လိုများ လုပ်နိုင်တာလဲ။ ဒီဂိုဏ်းတွေက နိုင်ငံထဲမှာ ရှေးယခင်ကတည်းက ရှိခဲ့ပြီး တကယ်အရည်အချင်းရှိတယ်ဆိုတာ ငါသိတယ်”

“ဒီတော့ ဒါရဲ့ဦးတည်ချက်က ဘာလဲ။ ရှမိသားစုရဲ့ ဘဏ္ဏာရေးအခြေအနေကို တစ်ယောက်ယောက်ကို စစ်ဆေးခိုင်းရင်ရော ဘယ်လိုလဲ။ ရှမိသားစုက တကယ် ချမ်းသာပြီး ရန်ပုံငွေကနေ ပိုက်ဆံရှာနေတယ်ဆိုရင် အမှန်တကယ် လွန်လွန်းတာပဲ”

ယွင်ယွီသည် ဝေ့ပိုစ့်ပေါ်တွင် သူမအတွက် ပြောပေးသည့်သူများကို ကြည့်လိုက်ရာ အားလုံးက သူမ၏မိတ်ဆွေများ ဖြစ်ကြောင်း သိလိုက်ရသည်။

သူမရင်ထဲ အလွန်ထိသွားကာ ဤကိစ္စ အလွန်လျင်မြန်စွာ အဆုံးသတ်ဖို့ မျှော်လင့်နေမိ၏။ ထိုမှသာ ကြည့်ယွင်အတွက် ရန်ပုံငွေ ရှာနိုင်မည်ဖြစ်ကာ ထိုကျန်သည့်ကလေးသည်လည်း နောက်ဆုံးနေ့ရက်များ၌ အချိန်ကောင်း ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်သည်။

ယွင်ယွီက ဖုန်းကိုင်ထားလျှက် အောက်ထပ်ဆင်းသွားစဉ် ချင်ယွီစွေ ဖုန်းခေါ်နေတာ တွေ့လိုက်ရ၏။ သူက ဖုန်းချပြီးနောက် သူမ ဆင်းလာတာကို မြင်သောအခါ ကူတွဲပေးရန် ရောက်လာတော့သည်။

“ဒီည ဘာစားချင်လဲ။ မင်းအတွက် ချက်ပေးမယ် ဟုတ်ပြီလား။ အွန်လိုင်းပေါ်မှာ ဖြစ်နေတာတွေကို ဂရုမစိုက်နဲ့။ ဒါကို ဖြေရှင်းဖို့ တစ်ယောက်ယောက်ကို ခေါ်လိုက်မယ်”

သူသည် သူမ၏ရည်ရွယ်ချက်ကို သိသော်ငှား အင်တာနက်က ရှုပ်ထွေးပွေလီလွန်း၏။ ယွင်ယွီသည် စိတ်အခြေအနေ သက်ရောက်ခံရမှာ သူစိုးရိမ်မိ၏။

ည ၈ နာရီ၌ အဖြစ်အပျက်က တစ်ပြန်လှည့်သွားတော့သည်။

နောက်လိုက်သန်း ၂၀ ကျော်ရှိသည့် ဗေဗီသည် ဝေ့ပိုစ့်၌ စာတစ်စောင်တင်ခဲ့လေ၏။

“လွန်ခဲ့တဲ့ နှစ်ရက်တုန်းက ရန်ပုံငွေကိစ္စအတွက် နှစ်ရက်လုံးရှာဖွေခဲ့ပြီး စုံစမ်းစစ်ဆေးဖို့ တစ်ယောက်ယောက်ကို အကူအညီတောင်းခဲ့ပါတယ်။ အခု သက်သေတစ်ခု ပေးနိုင်ပြီ။ ရှယွီဝမ်ရဲ့ မိဘတွေက ပိုင်ဆိုင်မှု လေးမျိုးရှိတယ်။ သူတို့ လက်ရှိ ရှန်ဟိုင်းမှာ နေပြီး ဈေးကွက်တန်ဖိုး ယွမ်သန်း ၂၀ ကျော် တန်ကြေးရှိတယ်။ အိမ်က ဒုတိယအဆင့်မြို့ကြီး သုံးမြို့မှာလည်း ရှိပါတယ်။ ဒါ ပိုင်ဆိုင်မှုအထောက်အထားပါ။ ရှယွီဝမ်က နိုင်ငံခြားမှာ စာလေ့လာနေတဲ့ အစ်ကိုတစ်ယောက်လည်း ရှိတယ်။ သူရဲ့ နှစ်စဉ် ပညာသင်ကြားရေးစရိတ်နဲ့ နေထိုင်ရေးစရိတ်က ၁.၅ သန်း ရှိပါတယ်။ ရှယွီဝမ်က နေမကောင်းဖြစ်နေတာတော့ တကယ် သနားဖို့ကောင်းလှပါရဲ့။ သူက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ အရေးပေါ်ကုသမှု ဌာနကို အပို့ခံလိုက်ရတယ်။ အခုအချိန်အထိ မနိုးသေးပါဘူး။ ဒီတော့ သူ့အခြေအနေက သက်ရောက်မခံရဘူး။ ရှယွီဝမ်ရဲ့မိဘတွေ ပြောသလို အွန်လိုင်းမှတ်ချက်ကို ဖတ်ပြီး အလွန်ဝမ်းနည်းသွားတယ်ဆိုတဲ့ အဖြစ်အပျက်မျိုး မရှိပါဘူး”

122 05

အောက်၌ ဓာတ်ပုံများပါရှိနေပြီး အားလုံးသည် ရှမိသားစု ကြွယ်ဝချမ်းသာကြောင်း သက်သေပြနေလေ၏။

ဗေဗီက ဆက်ပြောလိုက်သည်။

“ဖုန်းရွှေဆရာသခင် ပြောခဲ့တဲ့ နောက်ထပ်မိန်းကလေး ကြည့်ယွင်ကိုလည်း စစ်ဆေးခဲ့ပါတယ်။ သူရဲ့မိဘတွေက လယ်သမားဖြစ်ပြီး အဖေက ကျန်းမာရေး မကောင်းဘူး။ အမေက အပြင်မှာ အလုပ်လုပ်ပြီး ကလေးကို ဂရုစိုက်နေရတာ။ ကလေး နေမကောင်းဖြစ်နေချိန်မှာ လက်မလျော့ခဲ့ဘူး။ လစဉ် ဆေးဝါးကုသစရိတ်က ယွမ်ထောင်ချီ ရှိပြီး သူတို့နေတဲ့အိမ်ကို ရောင်းခဲ့ပြီး သူ့သမီးရဲ့ကုသမှုအတွက် ငွေပေးခဲ့တာပါ။ အခု မိသားစုလေးယောက်က အိမ်ငှားနေပါတယ်။ ကြည့်ယွင်မှာ မောင်လေးတစ်ယောက် ရှိတယ်။ ဒါ သူ့မိသားစုအခြေအနေပါပဲ။ ဒါအပြင် ကြည့်ယွင်က အကျင့်စရိုက်ကောင်းမွန်ပြီး စာတော်တယ်။ ဒါက တစ်ပတ်လစဉ် စာမေးပွဲရလဒ်ပါ။ ကြည့်ယွင်အပေါ် အတန်းပိုင် ဆရာမက စစ်ဆေးပေးထားတဲ့ အကဲဖြတ်ရလဒ်ပါပဲ”

ဓာတ်ပုံများကို အသုံးပြုပြီး သက်သေအမျိုးအမျိုးကို ချပြထားသည်။

“ဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် ရန်ပုံ‌ငွေပလက်ဖောင်းက ပိုတင်းကြပ်ပြီး ပိုမျှတဖို့ မျှော်လင့်မိပါတယ်။ အင်တာနက်အသုံးပြုသူတွေရဲ့ ချစ်ခြင်းမေတ္တာကို အလဟာဿမဖြစ်ပါစေနဲ့။ တစ်ချိန်တည်းမှာလည်း မိန်းကလေးနှစ်ယောက်လုံး ပိုကောင်းလာပြီး ရောဂါကို တိုက်ဖျက်နိုင်ဖို့ မျှော်လင့်မိပါတယ်”

သက်သေများ ပေါ်ထွက်လာချိန်တွင် အင်တာနက်အသုံးပြုသူများက ထိတ်လန့်သွားလေ၏။

ပိုက်ဆံလှူခဲ့ကြသည့် အင်တာနက်အသုံးပြုသူများက ဒေါသထွက်ကုန်ကြတော့သည်။

“ဖက်စ့် ယွမ် ၁၀ သန်း သူတို့သမီးရဲ့ ဝေဒနာကို ကုသဖို့အတွက် ရန်ပုံငွေ လိုနေသေးတယ်ပေါ့။ ငါ ဘာမှ ပြောစရာမရှိတော့ဘူး”

“ငါ တကယ် ဒေါသထွက်လိုက်တာ။ အစတုန်းက ရှမိသားစုအတွက် ပြောပေးနေတာ။ မိန်းကလေး ရှယွီဝမ် နေမကောင်းဖြစ်နေတဲ့အချိန်က ဘာမှ မပြောခဲ့ဘူး။ သူ နေပိုကောင်းလာဖို့ မျှော်လင့်ရုံပဲ။ ရှယွီဝမ်ရဲ့မိဘတွေကိုပဲ မေးချင်တာ မင်းတို့မှာ အရှက်ရှိရဲ့လား”

“ဒါကို လှူဒါန်းငွေလိမ်လည်မှုလို့ သတ်မှတ်လို့ ရတာလား။ ပြောရရင် လူတိုင်းသိကြတဲ့အတိုင်း ရန်ပုံငွေ ပလက်ဖောင်းက လိုအပ်တဲ့ ငွေကြေးအခက်အခဲ ရှိတဲ့လူတွေကို ကူညီပေးဖို့ ထူထောင်ထားတာလေ။ ရှမိသားစုရဲ့မိဘတွေက ထွက်လာပြီး ဖြေရှင်းချက်ပေးဖို့ မျှော်လင့်တယ်။ ရှယွီဝမ်နဲ့ ကြည့်ယွင်တို့ နေကောင်းလာဖို့လည်း မျှော်လင့်တယ်။ ရှယွီဝမ်အတွက် နည်းနည်း စိုးရိမ်နေပေ့မဲ့ပေါ့လေ”

“ရှယွီဝမ်အတွက် ပိုက်ဆံလှူခဲ့ပေမဲ့ အခု ရှမိသားစုက အခြေအနေကောင်းနေပြီး လှူဒါန်းငွေ မလိုအပ်ဘူး။ ဒါကြောင့် ရန်ပုံငွေ ပလက်ဖောင်းက ပိုက်ဆံတွေကို လူတိုင်းဆီ ပြန်ပေးဖို့ မျှော်လင့်မိတယ်။ ငါရဲ့ လစာက မမြင့်ဘူး။ တစ်လကို ယွမ် ၃၀၀၀ ကျော်ပဲ ရတာ။ ငါ ယွမ် ၅၀၀ လှူဒါန်းခဲ့တယ်။ ငါ ဒီ ယွမ် ၅၀၀ ကို တကယ် လိုအပ်နေတဲ့ လူတွေဆီ လှူချင်တယ်”

“ရန်ပုံငွေ ပလက်ဖောင်းကို တပ်မ့်တွဲပြီး ရည်ရွယ်ချက်ရဖို့ မျှော်လင့်မိတယ်။ ရှမိသားစုသည် တုန့်ပြန်ဖို့ မျှော်လင့်ပါတယ်”

“ရှမိဘတွေရဲ့ ဝေ့ပေါ်မှာ မှတ်ချက်ရေးလို့ မရတော့တာ ငါ သတိထားမိတယ်”

“အံဩဖွယ် စစ်ဆင်ရေးပဲ။ ငါ အထင်ကြီးမိပါရဲ့”

“ရှယွီဝမ်မှာ ဒီလိုမိဘတွေ ရှိနေတာတော့ သနားကောင်းတယ်။ ဘာပဲဖြစ်ဖြစ် မိန်းကလေးနှစ်ယောက်လုံး ဘေးကင်းဖို့ မျှော်လင့်တယ်။ အရင်ဆုံး ကြည့်ယွင်ဆီ ပိုက်ဆံလှူလိုက်မယ်”

ညတွင်းချင်းပင် ကြည့်ယွင်၏ လှူဒါန်းငွေက ငါးသိန်းကျော်သွားတော့သည်။ ယွင်ယွီက မနက်ခင်းတွင် နိုးလာပြီးမှ အဖြစ်အပျက်ကို ရှာတွေ့တာဖြစ်၏။ သူမ ဘာမှ မပြောဘဲ သက်ပြင်းသာ ချလိုက်မိသည်။

ရှယွီဝမ်၏ မိဘနှစ်ပါးသည် ဝေ့ပိုစ့်အကောင့်ပြောင်းပြီး သေချင်ယောင် ဆောင်နေကြသည်။ ရွှမ်ယွမ်စီသည် ယွင်ယွီဆီ တောင်းပန်စကားပြောရန် စာပို့၏။ သူမ အခြေအနေကို မသိဘဲ ဘက်မလိုက်ခဲ့သင့်ကြောင်း ပြောထားလေ၏။

122 06

ယွင်ယွီက အဆင်ပြေကြောင်း ပြောလိုက်၏။ ရွှမ်ယွမ်စီက စိတ်ရင်းကောင်းမှန်း သူမ သိသည်။

ဤအဖြစ်အပျက်က အတော်လေး မွှေနှောက်နိုင်ခဲ့ကာ ရန်ပုံငွေ ပလက်ဖောင်းကလည်း ထွက်လာပြီး သက်သေပြခဲ့၏။ ရှမိသားစုက ရန်ပုံ‌ငွေ မလိုအပ်ပေ။ ထိုအပြင် ဤရန်ပုံငွေများကို ဆိုင်းငံ့ထားမည် ဖြစ်ပြီး ယခင် ရန်ပုံငွေများကိုလည်း ပြန်လွှဲပေးရမည်။ နောင်ကျ ပလက်ဖောင်းကို ပိုတင်းကြပ်မည်ဖြစ်ကြောင်းနဲ့ ဂရုတစိုက် စစ်ဆေးမည်ဖြစ်ကြောင်း ပြောထားလေ၏။

အဆုံးသတ်ရောက်ခါနီးပြီးတော့ လူတိုင်းသည် ကြည့်ယွင်ထံ နောက်ထပ် ယွမ် ငါးသိန်း လှူဒါန်းခဲ့ကြကာ မိန်းကလေး၏အခြေအနေ ပိုမို ကောင်းမွန်လာပြီး စာကြိုးစားလေ့လာနိုင်ရန်နှင့် ဆေးဖိုးဝါးခ မလိုရန် မျှော်လင့်နေကြသည်။

တစ်ချိန်တည်းတွင် အရေးပေါ်ကုသရေးဌာနတွင် ရှိနေသည့် ရှယွီဝမ်အတွက် ကြင်နာတတ်သော အင်တာနက်အသုံးပြုသူများက ဤအတားအဆီးကနေ ဖြတ်ကျော်နိုင်ဖို့ ဆုတောင်းပေးခဲ့ကြသည်။ သို့သော် ရှယွီဝမ်လေးသည် အသက် မရှင်ခဲ့။ သုံးရက်အကြာ၌ သေသွားလေ၏။ သူမ အရေးပေါ်ကုသရေးဌာနထဲ ဝင်သွားပြီးချိန်မှစပြီး နိုးမလာတော့ပေ။ လောကကြီးကို ထပ်မံ မြင်တွေ့ခွင့် မရတော့ချေ။ ရှမိဘများက ဘာမှ မပြောခဲ့ပေ။ သူတို့သမီးက ဆက်ရှင်သန်မှာ မဟုတ်မှန်း ကောင်းစွာ သိနေ၏၊ ဆရာဝန်များက ပြောထားပြီးသား ဖြစ်သည်။ သို့သော် သူတို့သည် ဤရန်ပုံငွေကနေ ပိုက်ဆံတချို့ ရှာချင်တာပဲ ဖြစ်၏။ သူတို့ ဖော်ထုတ်ခံရလိမ့်မည်ဟု မထင်ထားပေ။

လူများစွာသည် ယွင်ယွီကို တောင်းပန်ရန်အတွက် စာပို့ကြ၏။

ယွင်ယွီက မတုန့်ပြန်ခဲ့ပေ။ ရှယွီဝမ် ဆုံးပါးသွားပြီး ခုနှစ်ရက်အကြာ၌ သူမသည် ချင်ယွီစွေကို ရှယွီဝမ်၏ မွေးနေ့ ရှာခိုင်းခဲ့သည်။ ကလေးက ငယ်ရွယ်လွန်းပြီး မနာမကျန်းမှုကြောင့် သေဆုံးသွား၏။ ထိုကြောင့် သူမအဖို့ လမ်းပြပေးမည့်သူ မရှိဘဲ ပြန်လည်မွေးဖွားဖို့က လူဝင်စားဖို့က ခက်ခဲနေလိမ့်မည်။ ထိုကြောင့် သူမက ဤမိန်းကလေး လူဝင်စားနိုင်အောင် ကူညီပေးခဲ့၏။

******

All Chapters