အခန်း ၁၃၅
Vol. 14 Ch. 135
135 01
အပိုင်း 135
“သေချင်နေတာပဲ”
ယွင်ယွီက နှာခေါင်းရှုံ့လျှက် လက်နှစ်ဖက်ကို ပူးကပ်လိုက်သည် လက်မြောက်ကာ ဝေ့ယမ်းလိုက်၏။ ထိုအရာက စူးရှစွာအော်လျှက် ယွင်ယွီကြောင့် လွှင့်သွား၏။ ယွင်ယွီက ကျေနပ်နေသေးသည်။ သူမ၏ လေ့ကျင့်မှုသည် ကိုယ်ဝန်ဆောင် နှောင်းအချိန်ကြောင့် လျော့ကျသွားသော်ငြား သူမ ကျင့်ကြံမှု အဆင့်က မလျော့ကျခဲ့ပေ။
ရာရာစစ အဲဒီဟာကများ သူ့ရဲ့ အရည်အချင်းကို အထင်ကြီးလွန်းနေပြီး ငါ့ကို ထိခိုက်အောင် လုပ်ဖို့ လုပ်နေတယ်။
တံခါးဝတွင် ရပ်နေသည့် ဆရာဝန်နှင့် ပါရဂူသည် စူးရှသည့် အော်သံကို ဝေဝေဝါးဝါး ကြားလိုက်ရ၏။
ပြီးနောက် ခွဲစိတ်ခန်းထဲရှိ ဆရာဝန်က ရုတ်တရက် စိတ်အားထက်သန်စွာ ပြောလိုက်၏။
“ဒေါက်တာကျန်း ကိုယ်ဝန်သည် အမျိုးသမီးက သွေးထွက်လွန်တာ ရုတ်တရက် ရပ်သွားပြီ။ သွေးမထွက်တော့ဘူး… သွေးမထွက်တော့ဘူး”
ဒေါက်တာကျန်းနှင့် ပါရဂူလျို့တို့က ယွင်ယွီကို ကြောက်လန့်တကြား ကြည့်လိုက်လေ၏။ ယွင်ယွီက သူတို့ကို ပြုံးပြကာ ပြောလိုက်တော့သည်။
“သရဲတစ်ကောင်ပါပဲ။ ဒေါက်တာတို့ စိတ်မပူနဲ့ အထဲမှာ အားလုံး အဆင်ပြေတယ်”
ပါရဂူလျှို့ အသက်ကြီးပြီဖြစ်ကာ ဗဟုသုတကြွယ်ဝသည်။ ထို့ကြောင့် သူက ဘာမှ မပြောခဲ့ပေ။
ဒေါက်တာကျန်း၏ လက်က အနည်းငယ် တုန်ယင်နေ၏။ သူက ယွင်ယွီကို နှစ်ကြိမ်ကြည့်ကာ တစ်စုံတစ်ခု ပြောချင်သော်ငြား တားလိုက်လေ၏။ သူမေးခွန်းတချို့ မေးချင်နေတာ ဖြစ်လောက်သည်။ အထဲရှိ သမားတော်က သူမကို စခေါ်လိုက်ပြန်သည်။ ဒေါက်တာကျန်းက ခွဲစိတ်ခန်းတံခါးကို ပိတ်ပြီးနောက် အထဲရှိ မြင်ကွင်းနှင့်အသံကို ပိတ်ဆို့လိုက်လေ၏။ ပါရဂူလျှို့က ယွင်ယွီကို ကြည့်ကာ နောက်ဆုံး၌ ပြောလိုက်၏။
“အစောတုန်းက လုပ်ပေးခဲ့တာအတွက် ကျေးဇူးပါပဲ”
“ရပါတယ်”
ယွင်ယွီက ပြောလိုက်သည် ။
ထိုကဲ့သို့ အရာမျိုးကို မြင်တွေ့သူတိုင်းက ဖျက်ဆီးလိမ့်မည်။ ၎င်းတို့က မကောင်းဆိုးဝါးဖြစ်ကာ လူတို့ကိုသာ ဒုက္ခပေးတတ်၏။
ပါရဂူလျှို့ က ပွင့်ပွင့်လင်းလင်း ပြောလိုက်တော့သည်။
“ဒါဆို ခဏလောက် လမ်းလျှောက်နေလိုက်အုံး။ အလျှင်မလိုနဲ့။ မွေးလမ်းကြောင်း နည်းနည်း ထပ်ပွင့်လာတဲ့ အချိန် လဲပြီး မွေးလို့ရပြီ”
သူမ ဘာပြောရမှန်း မသိတော့ပေ။ သူမ စိတ်ထဲတွင် စူးရှသည့် အော်သံတစ်ခုသာ ပြည့်နေလေ၏။ ယင်းက လူသားတစ်ယောက် အော်နိုင်သည့် အသံ မဟုတ်တာ သေချာသည်။
ယွင်ယွီက အလေးမထားဘဲ မွေးဖွားရန်သာ ဆက်စောင့်နေလိုက်သည်။
ရံဖန်ရံခါတွင် ဝမ်းဗိုက်နာကျင်မှုက လျော့နည်းလာသည်။ ယွင်ယွီက နောက်ဆုံး၌ စိတ်မသက်မသာဖြစ်မှုကို စတင် ခံစားလာရသည်။ သူမက ချင်ယွီစွေကို နီမြန်းနေသော မျက်လုံးတစ်စုံဖြင့် ကြည့်လိုက်၏။ သူမက နာကျင်စွာ မအော်ခဲ့ဘဲ တောင့်ခံထားသည်။ တကယ်တော့ သူမအတွက် နာကျင်မှု လျော့နည်းစေသည့် အဆောင်တစ်ခု ဆွဲနိုင်သည်။ သို့သော် ကလေးမွေးဖွားမှု၏ နာကျင်မှုသည် မိခင်တိုင်း ဖြတ်ကျော်ရမည့် အရာဖြစ်သည်။ ထို့ကြောင့် သူမ တောင့်ခံထားကာ သူမအတွက် အဆောင်မဆွဲခဲ့ပေ။
နာကျင်မှုက ညနေခင်းအထိ ကြာညောင်းခဲ့ကာ ယွင်ယွီ၏ နှုတ်ခမ်းသည် အနည်းငယ် ဖြူဖျော့လာသည်။
135 02
ယခုတော့ သူမသည် မည်မျှကြီးမြတ်မှန်း ရှင်းရှင်းလင်းလင်း သဘောပေါက်သွားတော့သည်။ မွေးဖွားရခြင်း၏ နှောင်းအစဉ်နာကျင်မှုက သာမာန်လူများအတွက် သည်းမခံနိုင်စရာပင်။
ချင်ယွီစွေ၏ မျက်နှာက ဖြူဖျော့ပြီး တောင့်တင်းလာလေ၏။
ညရှစ်နာရီ ကိုးနာရီခန့်၌ သူမ မွေးဖွားတော့မှာပဲဖြစ်သည်။
ဆရာဝန်က ချင်ယွီစွေကို မောင်းထုတ်လိုက်၏။ အကြောင်းမှာ ချင်ယွီစွေသည် ယွင်ယွီ မွေးဖွားနေစဉ် လိုက်လာချင်သောကြောင့်ဖြစ်သည်။ ယွင်ယွီကလဲ အလိုမရှိပေ။ သွေးသံရဲရဲ ဖြစ်နေပြီး တွေးကြည့်ရုံနှင့်ပင် မခံနိုင်။ ထို့ကြောင့် ချင်ယွီစွေက ဖွားခန်းထဲ ဝင်လာခွင့် မရှိတော့ပေ။
ချင်ယွီစွေကို မွေးဖွားခန်းထဲမှ တွန်းထုတ်ပြီးနောက် သူက အခန်းတံခါးဝ၌ တောင့်တင်းစွာ ရပ်နေ၏ သူက အရပ်မြင့်ကာ ခါးအနည်းငယ် ညွှတ်ထားလျှက် နံရံကို လက်ထောက် ထားကာ ခေါင်းငိုက်စိုက်ကျနေသည်။ သူ၏ မျက်နှာက အရိပ်ထဲ ရောက်နေပြီး ရှင်းရှင်းလင်းလင်း မမြင်ရပေ။
အဖွားယွင်က ရှေ့တိုးလာလျှက် မေးလိုက်လေ၏။
“ရှောင်ချင် ယွင်ယွီက မွေးတော့မှာလား”
ချင်ယွီစွေက လက်ချောင်းများက ကြွက်တက်နေကာ တောင့်တင်းစွာ ခေါင်းညိတ်လျှက် စကားမပြောနိုင်ပေ။
သူ စိုးရိမ်ပူပန်နေတာကို မြင်ပြီး အဖွားယွင်က မမေးရဲတော့ဘဲ တံခါးဝတွင်သာ စောင့်နေလေ၏။ လူတိုင်းက အလွန် စိုးရိမ်ပူပန်နေကြသည်။ ယွင်လန်နှင့် ယွင်ရှန်းက စိတ်မထိန်းနိုင်တော့ဘဲ စင်္ကြန်ထဲ ရှေ့လျှောက်နောက်လျှောက် လျှောက်နေလေ၏။
ယွင်ယွီက ဆယ်နာရီ တစ်မိနစ်၌ မွေးခဲ့သည်။ ချင်ယွီစွေသည် မွေးဖွားခန်း တံခါးဝ၌ မလှုပ်မယှက် ရပ်နေလေ၏။ ဆရာဝန်က မိသားစုဝင်များကို ခေါ်သံကြားတော့မှ သူသည် အခန်းထဲဝင်သွားတော့သည်။
ဆရာဝန်က ပြုံးလျှက် ပြောလိုက်တော့သည်။
“ဂုဏ်ပြုပါတယ် သားယောက်ျားလေးပါ။ ကလေးကို အနှီးထုတ်ပြီးရင် ခင်ဗျားတို့ကြည့်ဖို့ လူနာဆောင်ကို ခေါ်လာပါမယ်”
ချင်ယွီစွေက တွန့်ရှုံ့နေသည့် ကလေးကို တစ်ချက်ကြည့်လိုက်၏။ သူက မျက်မှောင်ကြုတ်ကာ မီးဖွားခန်း ကုတင်ဆီ လျှောက်သွားလိုက်ရာ ယွင်ယွီ ချွေးများ ရွှဲနစ်နေတာကို တွေ့လိုက်ရသည်။
သူက ယွင်ယွီ၏ လက်ကို ကိုင်ထားလျှက် အက်ကွဲသံဖြင့် ပြောလိုက်တော့သည်။
“ယွီအာ အဆင်ပြေရဲ့လား”
ဆရာဝန်သည် ကလေးကို သန့်ရှင်းရေးလုပ်ပြီးနောက် နောက်မှဝင်လာသော အဖွားယွင်အား ပေးလိုက်ကာ ပြုံးလျှက် ပြောလိုက်သည်။
“မိခင်ရဲ့ အခြေနေက ကောင်းပါတယ်။ မွေးရတာ ချောချောမွေ့မွေ့ မြန်မြန်ဆန်ဆန်ပဲ။ သူ နှစ်ရက်သုံးရက် အနားယူပြီးရင် ဆေးရုံဆင်းလို့ရပါပြီ။ wheel stretcherနဲ့ သူမကို ခေါ်သွားပြီး လူနာဆောင်ထဲ ခေါ်သွားလို့ ရပါပြီ”
ပြင်ဆင်ပြီးနောက် ချင်ယွီစွေသည် လူကို ဂရုတစိုက် ပွေ့ချီကာ သူ့ကို wheel stretcherပေါ် တင်လိုက်သည်။ထို့နောက် လူနာဆောင်သို့ ပို့လိုက်၏။
ဗီအိုင်ပီခန်းက ထိပ်ဆုံးထပ်တွင် ရှိသည် သားဖွားမီးယပ်ဌာနက ဓာတ်လှေကား သွယ်ထားတော့သည် ကျန်သည့်အထပ်များက သာမာန် အဆောင်များဖြစ်သည်။
ဆရာဝန်သည် ကုတင်ကို ဓာတ်လှေကားဆီ တွန်းသွားပေး၏။ ချင်ယွီစွေက ဘေးက ရပ်နေကာ အဖွားယွင်နှင့် ကျန်သည့်သူများက ကလေးကို ချီထားလျှက် လိုက်ပါလာသည်။ သူတို့နောက်တွင် ဓာတ်လှေကားထဲ လိုက်ပါလာသည့် သားအမိနှစ်ယောက်လဲ ရှိသည်။ ယွင်ယွီသည် အစ၌ သူတို့ကို အာရုံမစိုက်ခဲ့ပေ။
135 03
အိပ်ယာပေါ်တွင် ငိုက်မြည်းစွာ လဲနေပြီး ကလေးကိုတောင် မကြည့်နိုင်တော့ပေ။
ဓာတ်လှေကား ဖြည်းဖြည်းချင်းတက်သွားစဉ် ယွင်ယွီက အသက်ကြီးကြီး အမျိုးသမီး၏ အထင်တသေးအသံကို ကြားလိုက်ရသည်။
“နင့်ရဲ့ ယောင်းမက ကြောင်သူတော် ဆန်လိုက်တာ။ ဆရာဝန်က သူ သွေးထွက်လွန်နေတယ် ပြောပြီး ငါတို့အတွက် သားအိမ်ထုတ်ဖို့အတွက် လက်မှတ်ထိုးခိုင်းတာ။ နင့်ရဲ့ အကိုနဲ့ငါ သဘောမတူခဲ့ဘူးလေ။ ဒါပေမဲ့ အဆုံးကျ အဆင်ပြေနေတာပဲ။ ဒီဆေးရုံက လိမ်နေတာ။ သူတို့က သားအိမ်ဖယ်ပြီး ပိုက်ဆံရှာချင်နေတာ။ ခွဲစိတ်ရင် အသက်မရှင်နိုင်ဘူး။ သဘာဝအတိုင်း မွေးရမှာပေါ့။ နောက်နှစ်ကျ ဝဝဖြိုးဖြိုး သားယောက်ျားလေး ရလိမ့်မယ်”
အမျိုးသမီးငယ်လေးကလဲ ဝင်ပြောတော့သည်။
“အဟုတ်ပဲ သူက ကလေးမွေးဖို့ ဆေးရုံလာမယ်ချည်း ခေါင်းမာနေတာ။ အခု မြို့ပေါ်က ဆေးရုံရောက်နေပြီ သူဟန်ဆောင်နေတာပဲ”
ထိုအဖွားအိုက ပြောလိုက်၏။
“မေ့လိုက်တော့ မေ့လိုက်တော့ ဘယ်လိုပဲဖြစ်ဖြစ် ကလေးအတွက် သူပေးရမှာပဲ”
ယွင်ယွီသည် ထိုသားမိနှစ်ယောက်ကို ကြည့်လိုက်ရာ သူတို့သည် မီးဖွားခန်းသရဲကြောင့် အသတ်ခံရလုနီးပါးဖြစ်ခဲ့သည့် ကိုယ်ဝန်သည် အမျိုးသမီး၏ ယောက္ခမနှင့်ယောင်းမ ဖြစ်လောက်မှန်း သိလိုက်သည်။ သွေးထွက်လွန်ပြီး သေလုနီးပါးဖြစ်ခဲ့သည့် ကိုယ်ဝန်သည် အမျိုးသမီးကို တွေးမိချိန်၌ သက်ပြင်းချမိသွားတော့သည်။ ဆေးရုံကုတင်ပေါ်တွင် လဲနေစဉ် ယွင်ယွီက ပင်ပန်းလွန်းသောကြောင့် မျက်လုံးဖွင့်ရန်တောင် ခက်ခဲနေသည်။
အဖွားယွင်က အိမ်တွင် ချက်ပြုတ်ထားသည့် ကြာစေ့နှင့် သိုးသားဆန်ပြုတ်ကို ထုတ်လာလေ၏။ ချင်ယွီစွေအား ယွင်ယွီ ဗိုက်ဝသွားသည်အထိ ကျွေးမွေးခိုင်းလိုက်သည်။ ပြီးနောက် သူမက ယွင်ယွီကို သန့်ရှင်းရေးလုပ်ပေးကာ အိပ်ခိုင်းလိုက်တော့သည်။ ချင်ယွီစွေသည် မြို့တော်မှ နို့ထိန်းတစ်ဦးကို ငှားရမ်းထားပြီးသားဖြစ်သည်။ အနည်းဆုံးတော့ အစပိုင်းလများအတွင်း ကလေးကို မည်သို့ ဂရုစိုက်ရမည်မှန်း မသိတတ်ကြပေ။ ထို့ကြောင့် ကျွမ်းကျင်သူ၏နို့ထိန်းတစ်ယောက် ကလေးထိန်းတစ်ယောက် ရှိခြင်းက ပိုကောင်းပေ၏။ ကလေးကို ကလေးထိန်းက ဂရုစိုက်မည်ဖြစ်သောကြောင့် စိုးရိမ်ပူပန်စရာ သိပ်မရှိပေ။
ယွင်ယွီ အိပ်ပျော်သွားပြီးနောက် ချင်ယွီစွေက ဘေးကုလားထိုင်ပေါ်တွင် ထိုင်ကာ သူမနှင့် လိုက်လာသည့် သူက မတ်မတ်ရပ်လျှက် ယခုဆို အနည်းငယ်တောင် တောင့်တင်း နေပြီဖြစ်သည်။
သူ နှစ်ပေါင်း သုံးဆယ် ရှင်သန်နေထိုင်လာခဲ့ပြီး ယနေ့က စိတ်အဖိစီးရဆုံးနေ့ ဖြစ်သည်။ သူက ယွင်ယွီ၏ လက်ကို ကိုင်ကာ လက်ဖမိုးကို နမ်းလျှက် သူ့မျက်လုံးက စိုစွတ်နေလေ၏။
ယွင်ယွီက ဆယ်နာရီကြာ အိပ်ခဲ့သည်။ သူမ နိုးလာသောအခါ မည်သည့်နေရာ မည်သည့်အချိန်ကို ရောက်နေမှန်းမသိ ဖြစ်သွားတော့သည်။ သူမဘေးရှိ အရပ်မြင့်မြင့် လူကို မြင်သောအခါ သူမ သားဖွား မီးယပ်ဌာနတွင် ရောက်နေပြီး ကလေးမွေးပြီးပြီဖြစ်ကြောင်း သဘောပေါက်သွားလေ၏။
ကလေးထိန်းက ကလေးကို သူမဆီ ခေါ်လာပေးသည်။ ယွင်ယွီက နီရဲ တွန့်ရှုံနေလျှက် နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်နေသော ကလေးကို ကြည့်ကာ နှလုံးသားက နူးညံ့သွားပြီး ချင်ယွီစွေကို မျက်ရည်ဝဲသော အကြည့်ဖြင့် ပြောလိုက်သည်။
“ကလေးလေး”
ချင်ယွီစွေက ကလေးကို ကြည့်ပြီး ‘အင်း’ဟုသာ ပြောလိုက်သည်။
“တော်တော် ရုပ်ဆိုးတယ်”
135 04
ယွင်ယွီက သူ့ကို မျက်စောင်းထိုးကာ ပြောလိုက်သည် ။
“ကလေးက ငယ်သေးလို့လေ။ ဒါပေမဲ့ သူက မျက်ရစ်နှစ်ထပ်ရှိတယ်။ ဒါကြောင့် သူက သေချာပေါက် အလှလေး ဖြစ်လာမှာ”
“မင်းက ကြည့်ကောင်းတာပဲ။ သူက နောက်ကျ သေချာပေါက် မင်းနဲ့တူမှာ”
သူ၏ အသံက တိုးလျှ နက်ရှိုင်းက အင်မတန် နူးညံ့နေသည်။
ကလေးထိန်းက ယွင်ယွီကို နို့တိုက်ရမည့်ပုံ သင်ပေးတော့သည်။
ယွင်ယွီ နလန်ထတာ မြန်ကာ သုံးရက်အတွင်း ဆေးရုံမှ ဆင်းလျှက် ယွင်အိမ်သို့ အတူပြန်သွားကြသည်။
ကလေးထိန်းသည် အသက်ငါးဆယ်အရွယ်ခန့်ရှိသည့် အမျိုးသမီးတစ်ယောက်ဖြစ်၏။ သူမက အလွန်ကြင်နာတတ်ကာ အလွန်နူးညံ့ကြင်နာသည့် မျက်နှာထားရှိသည်။ သူမသည် ကလေးကို ဂရုစိုက်ရာ၌ အလွန်စိတ်ရှည်၏။ ကလေးထိန်း၏ မျက်နှာကို တွေ့ပြီးနောက် ယွင်ယွီသည် သူမထံ ကလေးကို စိတ်ချလက်ချ အပ်ထားလိုက်သည်။
ချင်ယွီစွေကမူ ယွင်မိသားစုအား ဤကလေးထိန်းက အလွန်နာမည်ကြီးကြောင်း မပြောပြခဲ့ပေ။ သူတို့ အသိုင်းအဝိုင်း၌ ငှားရမ်းဖို့တောင် အလွန်ခက်ခဲ၏။ ထို့ကြောင့် ငှားရမ်းပေးခဲ့သူက ဗိုလ်ချုပ်လုံပဲဖြစ်သည်။ ယွင်ယွီနည်းတူ မိသားစုတစ်စုမှာ ကလေးမွေးတော့မည့် ချွေးမတစ်ယောက်ရှိသည်။ သို့သော် သူတို့က ဤအမျိုးသမီးကို မငှားရမ်းနိုင်ခဲ့ဘဲ ဗိုလ်ချုပ်လုံက ရသွားလေ၏။
ယနေ့ခေတ်တွင် လူတို့သည် နောက်ဆက်တွဲကို သိပအာရုံစိုက်လေ့ မရှိပေ။ သို့သော်ငြား ယွင်ယွီဆေးရုံမှ ဆင်းသည့်နောက် အတိအကျ သုံးရက်မြောက် ဖြစ်သည်။ သူမအဖွားက ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများဆီ အထူးတလည်သွားလျှက် ကလေး၏ တတိယနေ့ မွေးနေ့အတွက် ကျင်းပပေးခဲ့သည်။
ကလေး၏နာမည်က ချင်ကျင်းယွီဖြစ်သည် ။
ဗိုလ်ချုပ်လုံက နာမည်ပေးထားတာဖြစ်သည်။ ထိုနာမည်သည် ယောက်ျားလေးများရော မိန်းကလေးများအတွက်ပါ သင့်တော်၏။ ဗိုလ်ချုပ်လုံသည် မမွေးခင်ကတည်းက နာမည်ပေးထားပြီးသားဖြစ်ကာ သူတို့ နှစ်ယောက်လုံးကလဲ နာမည်ကောင်းသည်ဟု ထင်ကြသည်။
ကျင်းယွီသည် ကောင်းမှုကုသိုလ်အတွက် ပြရုပ်ဖြစ်၏။ ရဲ့မျိုးနွယ်မှ ရဲ့ကျစ်သွေ့၏မိသားစုညွှန်ကြားချက်မှလာသည်။ မြောက်ပိုင်းချီမင်းဆက်ထဲ၌ ဆိုရိုးစကားရှိ၏။ ယနေ့ခေတ်လောကကြီး၌ သူတို့၏လက်ထဲတွင် ကျင်းယွီကို ကိုင်ဆောင်ကာ လက်ထဲတွင် သစ်ခွကို ကိုင်ဆောင်ထားသည်များ အရှက်ရလိမ့်မည်။
ယင်းက လှပသည့် ကျောက်စိမ်းကို ရည်ညွှန်းတာလဲဖြစ်သည်။ ယောက်ျားလေးများရော မိန်းကလေးများအတွက်ပါ အသုံးပြုနိုင်သည့် နာမည်ကောင်းတစ်ခုလဲ ဖြစ်သည်။
ယွင်ယွီသည် နာမည်ပေးရာ၌ မတော်ပေ။ ဗိုလ်ချုပ်လုံပေးထားသည့် နာမည်က အလွန်ကောင်းသည်ဟု သူမထင်သည်။ အဖွားယွင်တို့နှင့် ဆွေးနွေးပြီးနောက် သူမ၏အဖွားနှင့် မိခင်တို့ကလဲ နာမည်က ကောင်းသည်ဟု ထင်ကြသည်။ ထို့ကြောင့် နာမည်အရင်းက ချင်ကျင်းယွီဖြစ်သွား၏။ အိမ်ခေါ်နာမည်က မရွေးရသေးပေ။ အဖွားယွင်က ယွင်ယွီကို မေးလိုက်၏။
“သမီက ကျင်းယွီရဲ့ အမေပဲ။ သူ့ကို အိမ်ခေါ်နာမည်ပေးပါလား”
ယွင်ယွီသည် ဆိုဖာပေါ်တွင် အေးအေးလူလူလှဲနေသည့် ရှောင်ပိုင်ကို ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏ ။
“သူ့ကို မီမီ လို့ခေါ်ရအောင်”
“ဒီကလေးကတော့”
အဖွားယွင်သည် သူမကို မျက်စောင်းထိုးလျှက် ချင်ယွီစွေဘက် လှည့်လိုက်သည်။
135 05
“ရှောင်ချင်က အိမ်ခေါ်နာမည်ပေးလိုက်”
ချင်ယွီစွေက ခဏတဖြုတ်စဉ်းစားပြီးနောက်ပြောလိုက်သည်။
“သူ့ကို မူမူလို့ခေါ်ရအောင်လား။ မူက နွေဦး အသက်ရဲ့ အရင်းအမြစ်လဲ ဟုတ်တယ်။ သူ နွေဦးလိုမျိုး စည်ပင်ဝပြောလာဖို့ မျှော်လင့်တယ်”
အဖွားယွင်နှင့် ကျန်သည့်သူများကလည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။
“မူမူက ကောင်းတယ်။ နားထောင်လို့ကောင်းတယ်။ ဒါဆို သူ့ကို မူမူလို့ ခေါ်ကြတာပေါ့”
ချင်ကျင်းယွီ၏ နာမည်ပြောင်က မူမူ ဖြစ်သွားတော့သည်။
သူ၏ နာမည်အရင်းနှင့် အိမ်ခေါ်နာမည်က အတော်လေး နူးညံ့သောကြောင့် ယွင်ယွီသည် သူ့သား နူးညံ့သိမ်မွေ့တာ ကောင်းသည်ဟုထင်သည်။
တတိယမြောက်နေ့ပြီးနောက် ဗိုလ်ချုပ်လုံက ရောက်မလာသေးပေ။ ဆွေမျိုးသားချင်း အားလုံးကမူ ချင်ကျင်းယွီ တစ်လပြည့်သည်အထိ စောင့်ပြီးမှ လာလည်ရန် ပြင်ဆင်နေကြသည်။ ဆိုရလျှင် ယွင်ယွီသည် ကလေးမွေးဖွားပြီးနောက် မီးနေခန်းထဲတွင် နေရအုံးမည်ဖြစ်ကာ လူတိုင်းက သူမကို ဂရုစိုက်ရင်း အလုပ်များနေကြ၏။ ဘန်းမုန့်ဆိုင်ကလဲ ရှိနေသေးသည်။ ထို့ကြောင့် အိမ်သို့ ဧည့်သည်လာလျှင် အလုပ်များ လိမ့်မည်။
ယွင်ယွီအတွက် လုပ်စရာကျန်သည်က အနားယူရန်နှင့် မီးနေသည် ကာလ၌ သူမကိုယ်သူမ ဂရုစိုက်ရန်ပင် ဖြစ်သည်။ ယခု မတ်လလယ်ဖြစ်ကာ သူမသည် မီးနေသည်ကာလတွင် အလွန် ဇိမ်ကျနေသေး၏။
ကလေးထိန်းက သူမကို ရေချိုးသန့်စင်ပေးပြီး ခေါင်းလျှော်ပေးကာ အမြန်ခြောက်အောင် လုပ်ပေးလိုက်သည်။
လဝက်ခန့်သာ ရှိသေးသော်ငြား ယွင်ယွီသည် သူမ၏ အခြေအနေ ပြန်ကောင်းလာရုံသာမက အသားအရည်ကလဲ ပိုပြီးကောင်းမွန်လာ၏။
သူမအတွက် ကလေးမွေးရသည်မှာ လွယ်ကူလှပေသည်။ ကလေးထိန်းက မပြောဘဲ မနေနိုင်တော့ပေ။
“မိခင်တစ်ယောက်က ဒီလောက် မြန်မြန်ဆန်ဆန် နလန်ပြန်ထနိုင်တာကို မြင်ရတာ ပထမဆုံးအကြိမ်ပဲ”
ယွင်ယွီက သူမဗိုက်ကို ကြည့်လိုက်၏။ သူမ ဝိဉာဉ်စမ်းရည်ထဲ နေ့စဉ်စိမ်သောကြောင့် ဖြစ်ဟန် တူသည်။ ဗိုက်၌ ရှုံ့တွမှုများမရှိပေ။ နှင်းကဲ့သို့ ဖြူဖွေးနေကာ လှပသည့်ခါးနှင့် ဖြူဖွေးသော အသားအရည်ရှိ၏။ သူမဗိုက်ကို ကြည့်မိလျှင် လွန်ခဲ့သည့် လဝက်ခန့်က ကလေးတစ်ယောက် မွေးဖွားထားသည်ဆိုတာ မည်သူမှ ယုံမှာ မဟုတ်ပေ။
ယွင်ယွီက အလွန် စိတ်ကျေနပ်နေသည်။ ဝိဉာဉ်စမ်းရည်က အလွန်အသုံးဝင်သည်ဟု တွေးမိသွားသည်။ လူတိုင်းက အလှတရားကို ချစ်မြတ်နိုးကြသည်။ မည်သူက မလှချင်ဘဲ ရှိမည်နည်း။
ဧပရယ် လလယ်ထိ စောင့်ရမည်။ ယွင်ယွီ မီးနေကာလပြီးနောက် နို့ထိန်းကလေးထိန်းလဲ ဟယ်ချင်းရွာမှ ထွက်သွားကာ မြို့တော်သို့ ပြန်သွားတော့သည် ။
ထွက်သွားချိန်တွင် ကလေးထိန်းက မပြောဘဲ မနေနိုင်တော့ပေ။
“ယွီအာ သမီးရဲ့ နေရာက လှပြီး နေလို့ကောင်းလိုက်တာ။ အန်တီအနားယူရင် သမီးတို့ ကျေးရွာမှာ အခြေချမယ်”
ကလေးထိန်းတစ်ယောက်အနေဖြင့် သူမ၌ အချိန်ဇယား ပုံမှန်မရှိဘဲ ခေါင်းကိုက်ဝေဒနာကို ခံစားရတတ်သည်။ ဟယ်ချင်းကျေးရွာ၌ တစ်လတာ နေထိုင်ပြီးနောက် သူမ ခေါင်းမကိုက်တော့ပေ။ ထို့အပြင် ယွင်မိသားစုက စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်များက အရသာရှိပြီး ပါဝင်ပစ္စည်များကလဲ ထိပ်တန်းပဲ ဖြစ်သည်။ သူမက မီးနေသည်အတွက် အစားအသောက်များပြင်ဆင်ပေးရတာ အလွန်ဝမ်းသာခဲ့၏။
135 06
“အမဖန်း အပန်းဖြေစခန်း တည်ဆောက်ပြီးတာနဲ့ လာကစားလေ။ အခန်းတစ်ခန်း ချန်ထားပေးမယ်”
မစ္စဖန်းကြောင့် သူမ၏ မီးနေသည်ကာလက အလွန်ဇိမ်ကျခဲ့ခြင်းဖြစ်သည်။ အရေးအကြီးဆုံးက ဤလပြီးနောက် သူမသည် ညအချိန်တွင် ကလေးကို နို့ချိုတိုက်ကျွေးကာ ချင်ကျင်းယွီ၏ ဒိုက်ပါကို လဲပေးရမည့် အရည်အချင်း ပြည့်မှီသော မိခင်တစ်ယောက် ဖြစ်လာတော့မည်။ တကယ်တော့ ကလေးက ဂရုစိုက်ရ လွယ်ကူလွန်းသောကြောင့်လဲ ဖြစ်မည်ဟု ထင်သည်။ သူက မငိုတတ်ပေ။ ညအချိန် ဗိုက်ဆာလာသည့်အခါ အင်းအဲဟု အသံပြုလျှက် ယွင်ယွီကို နိုးတတ်၏။ ယွင်ယွီက သူ့ကို နို့တိုက်သည်။ လေးနာရီခန့် ကြာပြီးနောက် သူက အင်းအဲ အသံပြုလိမ့်မည်ဖြစ်ကာ သူက ဗိုက်ဆာနေပြီမှန်း သိလိုက်၏။
ထိုကာလအတွင် ချင်ကျင်းယွီ၏ နေ့စဉ်ဘဝကလဲ အလွန်ကောင်းမွန်သည်။ သူ မနက်စောစောနိုးကာ ခဏတဖြုတ် သူ့ဘာသာသူ ဆော့ကစားပြီး မျက်လုံးဖွင့်သည်နှင့် ဘေးဘယ်ညာကို ကြည့်တတ်သည်။
ယွင်ယွီကို မြင်ချိန်၌ ပြုံးပြမည်ဖြစ်ကာ နေ့လည်၌ နို့သောက်ပြီး အိပ်၏။ ညနေခင်း၌ ခဏတဖြုတ် စားကာ ဆယ်နာရီထိုးပြီးနောက် အိပ်ယာဝင်သည်။
ဂရုစိုက်ရတာ အလွန်လွယ်ကူ၏ ။မီးနေကာလပြီးနောက် တစ်လပြည့်ပွဲ ကျင်းပမှာပဲဖြစ်သည် ။
ယွင်မိသားစုသည် အိမ်၌ စားသောက်ပွဲကျင်းပရန် ပြင်ဆင်ထားပြီး ဆွေမျိုးသားချင်း မိတ်ဆွေများကို ဖိတ်ကြားလိုက်သည်။ မြို့တော်၌ ဖန်ရှန်းရှန်း စုန့်ကျင်းကျင်းတို့အပြင် လုံမိသားစုဝင်များလဲရှိသည်။ ယခုအခါ လုံမိသားစုဝင်များ ရောက်မလာနိုင်ခဲ့ဘဲ ယခုအခါ ဗိုလ်ချုပ်လုံ၊ လုံချီရှောင်၊ လုံချီချန်၊ လုံဝမ့်ရင်းနှင့် ရုပ်လွန်နယ်ပယ်မှ စုန့်ချင်းမင်၊ လီကျိုးနှင့် လုယွမ်တို့ကဲ့သို့ မိတ်ဆွေများသာ ရောက်လာသည်။
ယွီရှောင်ရှောင်နှင် ချန်းဝမ်ရူတို့က မြို့တော်မှ မဟုတ်ဘဲ အခြားနေရာမှ လာမှာဖြစ်သည်။
သူမက ယွင်ယွီကို မြင်သောအခါ သူ့မျက်လုံးသူ မယုံနိုင်ပေ။ သူမက ယွင်ယွီကို နှစ်ပတ်ခန့် လှည့်ပတ်ကြည့်ပြီးနောက် တအံ့တဩမေးလိုက်၏။
“ရှောင်ယွီအာ နင်တကယ် ကလေးမွေးထားတာလား”
******