အခန်း ၅၄၁
Vol. 46 Ch. 541
အခန်း(၅၄၁)
ဂေါ်ရီလာကျားကြီးရဲ့ မျက်လုံးတွေက အမဲလိုက်တဲ့အဆင့်ကနေ အမဲလိုက်ခြင်းခံရတဲ့အဆင့်ကို ပြောင်းလဲသွားတယ်။ ရိန်နာ့ကို ဝန်းရံထားတဲ့ အဲဒီအနီရောင်ဖုန်မှုန့်တွေရဲ့ တန်ခိုးနဲ့ ဖျက်ဆီးနိုင်စွမ်းကို ၎င်းက ရိပ်မိသွားတာပါ။
၎င်းက ထွက်ပြေးချင်နေပေမဲ့ သူ့အပေါ် ဖိအားပေးနေတဲ့ မျက်နှာသုံးခုပါတဲ့ ဒီဗာအမျိုးသမီးကြီးကြောင့် ဖြစ်ပေါ်လာတဲ့ ကြောက်စိတ်က သူ့ရဲ့ကြွက်သားတွေကို တင်းကျပ်သွားစေတယ်။
၎င်းရဲ့ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်စွမ်း ရရှိလာတဲ့အချိန်မှာတော့ ရိန်နာက အနီရောင်ဖုန်မှုန့် လေပွေတစ်ခုအဖြစ် အသွင်ပြောင်းလဲလို့ ပြီးဆုံးသွားခဲ့ပြီး မိစ္ဆာကြီးရဲ့ ရင်ဘတ်ဆီကို အရှိန်အဟုန်နဲ့ ဝင်ဆောင့်လိုက်ပြီ ဖြစ်ပါတယ်။
ဂေါ်ရီလာကျားကြီးရဲ့ မီးတောက်အမွှေးအမျှင်တွေက ၎င်းရဲ့သံချပ်ကာအရေပြားကို တဖြည်းဖြည်းချင်း ကြေမွပျက်စီးစေနေတဲ့ ဖုန်မှုန့်တွေကို ပြန်လည်တိုက်ထုတ်ဖို့ ကြိုးစားခဲ့ပေမဲ့ မိစ္ဆာကြီးက ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် မီးရှို့ဖို့ ကြိုးစားပါစေ အနီရောင်ဖုန်မှုန့်တွေကတော့ ဘာမှမဖြစ်ဘဲ ရှိနေခဲ့တယ်။
လည်ပတ်နေတဲ့ ရိန်နာ့ရဲ့ အနီရောင်ဖုန်မှုန့် လေပွေတိမ်တိုက်ကြီးက ဂေါ်ရီလာကျားကြီးကို အလွန်မြင့်မားတဲ့ အရှိန်နှုန်းနဲ့ အနီရောင်ဖုန်မှုန့်တွေ သဲမုန်တိုင်းလို တိုက်ခတ်ပွတ်တိုက်နေခဲ့ပြီး နောက်ဆုံးမှာတော့ သွေးတွေထွက်လာတဲ့အထိ ၎င်းရဲ့ အရေပြားနဲ့ အမွှေးအမျှင်တွေကို ကြေမွပျက်စီးသွားစေခဲ့တယ်။
ပြီးတော့ နောက်ဆုံးလှုပ်ရှားမှုတစ်ခုအနေနဲ့ ရိန်နာက လည်ပတ်နေတာကို ရပ်တန့်လိုက်ပြီး အနီရောင်ဖုန်မှုန့်တွေထဲကနေ ရုတ်တရုတ်ပေါ်လာပြီး လခြမ်းဓားတစ်စုံနဲ့ မိစ္ဆာကြီးကို တစောင်း ပိုင်းဖြတ်လိုက်တယ်။
ဂေါ်ရီလာကျားကြီးက အရှိန်ပြင်းပြင်းနဲ့ နောက်ဘက်ကို လွင့်ထွက်သွားတယ်။ ၎င်းရဲ့ ဧရာမခန္ဓာကိုယ်က သစ်ပင်အများအပြားကို ဝင်တိုက်ပြီး အပိုင်းပိုင်းအစစ ဖြစ်သွားစေခဲ့ကာ နောက်ဆုံးမှာတော့ သစ်လုံးပုံကြီးပေါ်ကို သတိလစ်လျက်သား ပြုတ်ကျသွားခဲ့တယ်။
ရိန်နာက ခြေနှစ်ဖက်လုံးနဲ့ မြေပြင်ပေါ်ကို အမိအရ သက်ဆင်းလိုက်ပြီး ဓားသွားပေါ်မှာ တင်ကျန်နေတဲ့ သွေးတွေကို ခါထုတ်ဖို့အတွက် သူ့ရဲ့လခြမ်းဓားတွေကို လေထဲမှာ ပေါ့ပေါ့ပါးပါးပဲ ဝေ့ယမ်းလိုက်တယ်။
ဒါကို ကြည့်ရင်း မိုက်ကယ်က သူမရဲ့ အံ့ဩစရာကောင်းတဲ့ စွမ်းရည်ကို လက်ခုပ်တီးပေးချင်စိတ် ဖြစ်ပေါ်လာမိတယ်။ သူမရဲ့ ဒီဗာနဲ့ စွမ်းရည်က အလွန်အမင်း ဖျက်ဆီးအားပြင်းတဲ့ပုံပဲလို့ မိုက်ကယ်က တွေးမိပြီး အထူးသဖြင့် အဲဒီအနီရောင်ဖုန်မှုန့်တွေ တစ်ခုချင်းစီဟာ စိန်တစ်ပွင့်လို မာကျောလိမ့်မယ်လို့ သူ ခန့်မှန်းမိတယ်။
"ကြည့်ရတာ မင်းအတွက် ငါ့အကူအညီလည်း မလိုပါဘူး" လို့ သူက သူမကို စနောက်ပြီး ပြောလိုက်တယ်။
ရိန်နာက မိုက်ကယ့်ဘက်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်လာတယ်။ ပြီးတော့ ထူးဆန်းတာက သူမရဲ့ မျက်နှာပေါ်မှာ ဖော်ရွေတဲ့ အရိပ်အယောင် လုံးဝရှိမနေတာပဲ။
"အာ... ဟယ်လို" လို့ သူက သူမကို လှမ်းမေးလိုက်တယ်။
သူမက ခေါင်းကို စောင်းလိုက်ပြီး လက်ထဲက လခြမ်းဓားတွေကို တိုက်ခိုက်တော့မယ့်အလား ဖြည်းဖြည်းချင်း မြှောက်လိုက်တယ်။
ဒီအချိန်မှာတော့ မိုက်ကယ်က သူမဟာ သူ့ကို တိုက်ခိုက်ဖို့ ဆံခြည်တစ်မျှင်ပဲ လိုတော့မှန်း သိလိုက်တယ်။ သူက သူမအပေါ် ရန်လိုတဲ့ဆန္ဒမရှိကြောင်း အချက်ပြတဲ့အနေနဲ့ လက်နှစ်ဖက်ကို အမြန်မြှောက်ပြလိုက်တယ်။
"ငါက ရန်လိုစိတ်နဲ့ လာတာမဟုတ်ဘူးနော်" လို့ သူက သူမကို သတိပေးလိုက်တယ်။
ဒါပေမဲ့လည်း ရိန်နာက လက်ထဲမှာ လခြမ်းဓားတွေကို ကိုင်ထားရင်း သူ့ဆီကို လျှောက်လာနေဆဲဖြစ်ပြီး သူမရဲ့အထက်မှာ ဒီဗာက ပေါ်ထွက်နေတုန်းပဲ။ အဲဒီအနီရောင်ဖုန်မှုန့်တွေက သူမ လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းနဲ့အတူ စည်းချက်ညီညီ တုန်ခါနေရင်း သူမရဲ့ဘေးပတ်လည်မှာ ဆက်လက်လည်ပတ်နေခဲ့တယ်။
"ကဲပါ... ဒီလိုလုပ်ဖို့ မလိုပါဘူး" လို့ သူက သူမကို သတိပေးလိုက်တယ်။ "ငါတို့ မဟာမိတ်တွေ၊ သူငယ်ချင်းတွေတောင် ဖြစ်နိုင်တာပဲလေ"
ဒါက အလုပ်မဖြစ်ခဲ့ဘူး။ သူမက သူမရဲ့ဒီဗာရဲ့ ဘယ်ဘက်မျက်နှာပြင်နဲ့ ဆင်တူတဲ့ ဒေါသထွက်နေတဲ့ မျက်နှာပေးနဲ့ သူ့ဆီကို ဆက်ပြီး တိုးကပ်လာခဲ့တယ်။
သူမအပေါ် တစ်ခုခု မှားယွင်းလုပ်မိလို့လားလို့ သူ တွေးမိနိုင်ပေမဲ့ သူမက 'သူ့' ကို တန်းတန်းမတ်မတ် ဒေါသထွက်နေတာ မဟုတ်မှန်း သူ သတိပြုမိလိုက်တယ်။ သူမက တစ်စုံတစ်ခုကို ဒေါသထွက်နေတာဖြစ်ပြီး သူက လမ်းမှာ ပိတ်ရပ်နေမိရုံသက်သက်ပဲ ဖြစ်ပါတယ်။
"ကောင်းပြီလေ... မင်းက သူငယ်ချင်း မလုပ်ချင်ဘူးဆိုရင်လည်း ရပါတယ်။ ငါတို့ ရိုးရိုးပဲ သိကျွမ်းသူတွေအဖြစ် နေလို့ရတာပဲ... ဒါမှမဟုတ်လည်း မဟုတ်ဘူးပေါ့။ ငါတို့ ကိုယ့်လမ်းကိုယ် သွားကြတာ ပိုကောင်းမယ် ထင်တယ်။ ဘယ်လိုလဲ"
သူက သူမနဲ့ လုံးဝမတိုက်ခိုက်ချင်ဘူး။ သူက လူသိမခံဘဲ နေချင်တာကြောင့် သာမက ရိန်နာက သူ့ရဲ့ဆိုဒါလုပ်ငန်းအတွက် အဓိက သကြားထုတ်လုပ်ပေးသူဖြစ်တဲ့ ဗစ်ရှ်နာရဲ့ သမီးဖြစ်နေလို့ပဲ။ ဘာအကျိုးကျေးဇူးမှ ရမှာမဟုတ်တဲ့ အလကားတိုက်ခိုက်မှုတစ်ခုကြောင့် အဲဒီဆက်ဆံရေးကို အပျက်စီးမခံချင်ဘူး။
ဒါပေမဲ့ သူ ဘာပဲပြောပြော ရိန်နာက နားမထောင်ခဲ့ဘူး။ သူမက မိုက်ကယ့်ဆီကို ဆက်လျှောက်လာပြီး နောက်ဆုံးမှာတော့ ရပ်လိုက်တယ်။
"စပိုက်စ်ဗိုက်စ်ကို ငါ့ဘာသာတစ်ယောက်တည်း ထိပ်ဆုံးကို ရောက်အောင် ပို့နိုင်တယ်ဆိုတာ အဖေ သိအောင် ငါ သက်သေပြရမယ်" လို့ သူမက တိုးတိုးလေး ရေရွတ်လိုက်တယ်။
အစတုန်းကတော့ မိုက်ကယ်နဲ့ နီးနီးကပ်ကပ်နေပြီး သူ့ရဲ့နှလုံးသားကို ဖမ်းစားဖို့ သူမအဖေ ခိုင်းစေခဲ့တာတွေကို မလုပ်ချင်တာကြောင့် မိုက်ကယ်နဲ့ လုံးဝ ဝေးဝေးနေဖို့ သူမ စိတ်ကူးခဲ့တာပါ။
ဒါပေမဲ့ အခုတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ လူတွေအားလုံးထဲကနေ သူက သူမ ပထမဆုံး မြင်လိုက်ရတဲ့သူ ဖြစ်နေခဲ့တယ်။
မိုက်ကယ်က သူမနဲ့ မဟာမိတ်ဖွဲ့ချင်ပေမဲ့ ဒါက သူမ အလိုရှိတဲ့အရာနဲ့ လုံးဝဆန့်ကျင်ဘက် ဖြစ်နေတယ်။ သူမက မိမိဘာသာ အားကိုးနိုင်လောက်အောင် သန်မာကြောင်းနဲ့ အောင်နိုင်ဖို့အတွက် သူ သို့မဟုတ် တခြားဘယ်သူ့အကူအညီမှ မလိုကြောင်း သက်သေပြချင်နေတာပါ။
သူမရဲ့ အနီရောင်ဖုန်မှုန့်တွေက သူမရဲ့လက်ဖဝါးနားမှာ စုစည်းရင်း လည်ပတ်လာခဲ့တယ်။ ၎င်းက စုစည်းသွားပြီး ငှက်ငယ်လေးတစ်ကောင်အဖြစ် ခဲသွားခဲ့တယ်။
ပြီးတော့ အံ့ဩစရာကောင်းတာက ငှက်ကလေး ပုံသဏ္ဌာန်ပေါ်လာတာနဲ့အမျှ ၎င်းရဲ့အတောင်ပံတွေက သက်ရှိထင်ရှားအတိုင်း စတင်ခတ်ခတ်လာတာပဲ။ ၎င်းရဲ့နှုတ်သီးက မွေးကင်းစကလေးငယ်တစ်ဦး ငိုကြွေးသလိုမျိုး ကျယ်ကျယ်လောင်လောင် ပွင့်ဟသွားခဲ့တယ်။ ထို့နောက် သူမက အဲဒီငှက်ကလေးကို လေထဲကို ပစ်လွှတ်လိုက်ရာ အတောင်ပံတွေကို ခတ်ပြီး စတင်ပျံသန်းသွားခဲ့တယ်။
ရိန်နာက သူမရဲ့ပတ်ပတ်လည်က အနီရောင်ဖုန်မှုန့်တွေကနေ ချိုးငှက်တွေကို ဆက်တိုက် ဖန်တီးနေခဲ့ပြီး နောက်ဆုံးမှာတော့ သူမရဲ့ပတ်လည်နဲ့ သူမရဲ့အထက်မှာ ပျံသန်းနေတဲ့ ပုံစံတူငှက် အကောင်နှစ်ဆယ်အထိ ရှိလာခဲ့တယ်။
'သူမရဲ့ ဖုန်မှုန့်တွေက ပစ္စည်းတွေနဲ့ သတ္တဝါတွေကို ဖန်တီးနိုင်တာပဲ' လို့ မိုက်ကယ်က မှတ်သားလိုက်တယ်။ 'သူမ စိတ်ကူးထဲက ဘာမဆို ဖန်တီးနိုင်တဲ့ပုံပဲ'
သူက သူမရဲ့ စွမ်းရည်ကို လေ့လာနေစဥ်မှာပဲ ရိန်နာက အဲဒီချိုးငှက်တွေကို မိုက်ကယ့်ဆီ ဦးတည်သွားဖို့ အမိန့်ပေးလိုက်တယ်။
ဒီငှက်တွေက ကြည့်ရတာ အပြစ်ကင်းပုံရပေမဲ့ ၎င်းတို့ရဲ့နှုတ်သီးတွေက စိန်သွားလို မာကျောလှတယ်။ အဲဒီငှက်တွေက မှော်စွမ်းအင်တွေနဲ့ ဖန်တီးထားတာ လုံးဝမဟုတ်ဘဲ သူမရဲ့ ဒီဗာကနေ ထုတ်လုပ်ထားတာဖြစ်လို့ မိုက်ကယ်အနေနဲ့ ပိုပြီးတော့တောင် သတိထားရမယ်။
"ငါ မင်းကို လက်ထပ်မှာ မဟုတ်ဘူး" လို့ ရိန်နာက အော်ဟစ်လိုက်တယ်။
ဒါကို ကြားလိုက်ရတဲ့ မိုက်ကယ်က အလစ်အငိုက်မိသွားပြီး ငှက်တစ်ကောင်က သူ့ခေါင်းဘေးနားကနေ သီသီလေး ဖြတ်သန်းသွားလုနီးပါး ဖြစ်သွားခဲ့တယ်။
"ဘာ... မင်းကို လက်ထပ်ဖို့ ဘယ်သူက ပြောလို့လဲ" လို့ သူက သူမကို ပြန်အော်ပြောလိုက်တယ်။
ဒါပေမဲ့ သူမကတော့ ဂရုစိုက်ပုံမရဘဲ လက်ထဲက လခြမ်းဓားနှစ်စုံလုံးနဲ့ သူ့ကို နှစ်ပိုင်းပိုင်းပစ်ဖို့ အသင့်ပြင်ကာ သူ့ဆီကို ပြေးဝင်လာခဲ့တယ်။ ဒါတင်မကသေးဘဲ မိုက်ကယ့်အထက်မှာ ချိုးငှက်အကောင်နှစ်ဆယ်ခန့်က ဝဲပျံနေပြီး သူ့တစ်ကိုယ်လုံးကို ထိုးဆိတ်ဖို့ အချိန်ကောင်းကိုပဲ စောင့်ဆိုင်းနေကြတယ်။
* * * * * * * *
တစ်ချိန်တည်းမှာပဲ လေလံပွဲအပြင်ဘက်မှာတော့ လူအုပ်ကြီးရဲ့ အာရုံက မှော်ကမ္ဘာငယ်လေးရဲ့ ဘယ်ဘက်အောက်ခြေနားက လှုပ်ရှားမှုတွေဆီကို ရောက်ရှိနေကြတယ်။
"လူကြီးမင်းတို့ခင်ဗျာ... ပြိုင်ပွဲနယ်မြေထဲမှာ ပထမဆုံး တိုက်ပွဲကို မြင်တွေ့နေရပါပြီ။ ရီနေးတားကုမ္ပဏီက မိုက်ကယ်နဲ့ စပိုက်စ်ဗိုက်စ်က ရိန်နာတို့ တစ်ယောက်နဲ့တစ်ယောက် ရင်ဆိုင်နေကြပါပြီ" လို့ ဘာနာဘီက ကြေညာလိုက်တယ်။
လူအုပ်ကြီးက အပေါက်ကနေတစ်ဆင့် မိုက်ကယ်နဲ့ ရိန်နာတို့ကို လှမ်းကြည့်ဖို့အတွက် သူတို့ရဲ့ အဝေးကြည့်မှန်ပြောင်းတွေကို အသုံးပြုလိုက်ကြတယ်။
အဲဒီနေရာမှာတော့ ရိန်နာက သူမရဲ့လခြမ်းဓားတွေကို မိုက်ကယ့်ဆီ ဆက်တိုက် ဝေ့ယမ်းတိုက်ခိုက်နေတာကြောင့် မိုက်ကယ်က ကာကွယ်ရေးအနေအထားနဲ့ ဆုတ်ခွာနေရတာကို သူတို့ မြင်တွေ့လိုက်ရတယ်။ ဒါတင်မကဘဲ သူမရဲ့ အနီရောင်ဖုန်မှုန့် ချိုးငှက်တွေကလည်း မိုက်ကယ့်အထက်မှာ ဝဲပျံနေရင်း အခွင့်အရေးရတိုင်း မိုက်ကယ့်ကို နှောင့်ယှက်ဖို့ အရှိန်အဟုန်နဲ့ ထိုးဆင်းနေခဲ့ကြတယ်။
"ရိန်နာ့ရဲ့ စွမ်းရည်ထိန်းချုပ်မှုက တကယ့်ကို ထူးချွန်တာပဲ။ သူမက တိုက်ခိုက်နေရင်းနဲ့ တစ်ချိန်တည်းမှာပဲ အဲဒီငှက် အကောင်နှစ်ဆယ်လုံးကို ထိန်းချုပ်ထားနိုင်တာလေ"
"သူမက မနှစ်ကထက် ပိုသန်မာလာတာပဲ။ ဒီလေလံပွဲအတွင်းမှာ သူမရဲ့ အဆင့်က ပိုမြင့်တက်လာဖို့ အခွင့်အရေးရှိမယ် ထင်တယ်"
"ငါကတော့ ဒီမိုက်ကယ်ဆိုတဲ့ ကောင်လေးကို လေးစားမိတယ်။ သူက ချမ်းသာရုံတင်မကဘဲ ရိန်နာ့ကို ဒီလောက်အထိ တောင့်ခံထားနိုင်တာ တကယ့်ကို အထင်ကြီးစရာပဲ"
လူအများစုက မိုက်ကယ့်ရဲ့ ချမ်းသာကြွယ်ဝမှုကို အံ့ဩနေကြပြီး လေလံပွဲမှာ သူ ဒီထက်မက ကြာကြာတောင့်ခံနိုင်ဖို့ တောင် ဆုတောင်းပေးနေကြတယ်။ ဒါပေမဲ့လည်း ပွဲအစောပိုင်းမှာတင် ရိန်နာနဲ့ လာတိုးတာကတော့ သူ့ရဲ့ကံဆိုးမှုပဲလို့ သူတို့ ယူဆထားကြတယ်။
မိုက်ကယ်အနေနဲ့ ပစ္စည်းတွေကို ရရှိဖို့ အခွင့်အရေးရှိမယ့် တစ်ခုတည်းသောနည်းလမ်းက ပွဲတစ်ခုလုံးမှာ လူမသိအောင် ပုန်းအောင်းနေပြီး သော့တွေ ရရှိသွားတာနဲ့ ဖန်ပေါင်းချောင်ဆီကို တိတ်တဆိတ် သွားရောက်ယူငင်တာပဲလို့ သူတို့ တွေးထားကြတာပါ။
ဒါပေမဲ့ အခုတော့ ရိန်နာက သူ့ကို တိုက်ခိုက်နေပြီဖြစ်လို့ သူမကို ယှဥ်ဖို့ သူ့မှာ အခွင့်အရေးရှိလိမ့်မယ်လို့ သူတို့ မထင်ကြတော့ဘူး။
ဒါပေမဲ့ ရိန်နာ့ကြောင့် နောက်ဆုတ်ပေးနေရပေမဲ့လည်း မိုက်ကယ်က ဘယ်လိုအန္တရာယ်မျိုးမှ ကြုံတွေ့နေရတာ မဟုတ်မှန်း သတိပြုမိတဲ့ အမြင်စွဲမြဲသူ အနည်းငယ်လည်း ရှိနေခဲ့တယ်။
သူက ရိန်နာ့ရဲ့ စွမ်းရည်နဲ့ ပတ်သက်ပြီး တတ်နိုင်သမျှ အရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်လေ့လာနေတဲ့ပုံပဲ။
* * * * * * * *
စာစဉ်(၄၆)