← Chapters

အခန်း ၅၄၄

Vol. 46 Ch. 544

အခန်း ၅၄၄

Vol. 46 Ch. 544

အခန်း(၅၄၄)

Black Widowကဲ့သို့သော လှုပ်ရှားသက်ဝင်နေတဲ့ မန္တန်တစ်ခုကို ဖန်တီးရတာကတင် တော်တော်လေး ရှုပ်ထွေးလှပနေပါပြီ။ ဒါပေမဲ့ မိုက်ကယ်ကတော့ အားလုံးကို အံ့ဩမှင်တက်သွားစေပြီး အဲဒီမန္တန်ရဲ့ မှော်ကျင့်စဉ်ကို ကောက်ကာငင်ကာ အကုန်ပြောင်းလဲပစ်လိုက်တယ်၊ Black Widow က တကယ့်လက်တွေ့ကမ္ဘာထဲမှာ ထွက်ပေါ်နေဆဲ အချိန်မှာတင်ပဲပေါ့။

(TR Note: Black Widow ပင့်ကူအမျိုးအစားရဲ့ နာမည်ဖြစ်လို့ မူရင်းEnglishလိုပဲသုံးလိုက်ပါတယ်)

ဒီလိုမျိုး စွမ်းဆောင်နိုင်ဖို့ ခက်ခဲမှုအဆင့်ကတော့ မဖြစ်နိုင်သလောက်ကို အဆင့်မြင့်လွန်းပါတယ်။ အတော်ဆုံးနဲ့ အကြမ်းဆုံး မှော်ကဝေကြီးတွေတောင်မှ သူတို့ရဲ့ သက်တောင့်သက်သာရှိလှတဲ့ အိမ်ထဲမှာ အေးအေးဆေးဆေး ကျင့်ကြံနေရင်းနဲ့ ဒီလိုအခြေအနေမျိုးကို ပုံတူကူးချနိုင်ဖို့ မလွယ်ပါဘူး။ အဲဒီလိုအချိန်မှာ မိုက်ကယ်ကတော့ သူ့အဆင့်နဲ့ တစ်တန်းတည်းရှိတဲ့ သံလိုက်စွမ်းအားရှင်တစ်ယောက်နဲ့ အသက်လုတိုက်ပွဲဝင်နေရတဲ့ အသည်းထိတ်ရင်ဖို အခြေအနေကြီးထဲမှာ ဒါကို လုပ်ပြသွားခဲ့တာပါ။

"ဒါဆို သူက ဒြပ်စင်နှစ်ခုကို ကျွမ်းကျင်ပိုင်နိုင်ထားတာပေါ့"

"ရီနေးတားကုမ္ပဏီရဲ့ ခေါင်းဆောင် ဘာလို့ဖြစ်နေလဲဆိုတာ အခုမှပဲ သဘောပေါက်တော့တယ်။ သူက ချမ်းသာရုံတင်မကဘူး၊ မှော်ပညာရပ်တွေမှာလည်း ပါရမီထူးချွန်တာပဲ"

"သူ့ရဲ့ ထူးဆန်းတဲ့ သံလိုက်စွမ်းအားနဲ့သာ ပေါင်းစပ်လိုက်ရင် ဒီအချိန်မှာ ရိန်နာကို အနိုင်ယူဖို့ တကယ့်ကို အခွင့်အရေးရှိသွားပြီလို့ ထင်တယ်"

* * * * * * * *

ဂိမ်းထဲမှာတော့ ရိန်နာဟာ လျှပ်စစ်ဓာတ်တွေ တဖျတ်ဖျတ်တောက်နေတဲ့ အနက်ရောင် Black Widow ပင့်ကူကို မျက်နှာတစ်ခုလုံး အံ့ဩတုန်လှုပ်မှုတွေ အထင်းသားပေါ်ရင်း စိုက်ကြည့်နေမိတယ်။ မိုက်ကယ်ရဲ့ မှော်ပညာရပ် ကျွမ်းကျင်မှုကို သူမ တကယ်ပဲ အထင်သေးခဲ့မိတာကို စတင်သဘောပေါက်လာပြီလေ။

ဒါပေမဲ့ သူမ စိတ်ကို တင်းထားလိုက်တယ်။ နောက်ထပ် ခဏလောက်သာ ထပ်တောင့်ခံနိုင်ရင် သူမ ကိုယ်ထဲက အဆိပ်တွေ ပြယ်သွားတော့မှာပါ။

သူမအပေါ်မှာ ဒြပ်စင်နှစ်မျိုး စပ်ထားတဲ့ Black Widow ပင့်ကူ ရှိနေပေမဲ့လည်း သူမရဲ့ အနီရောင်ဖုန်မှုန့်တွေကို စနစ်တကျ အကာအကွယ်အဖြစ် သုံးနေသရွေ့တော့ ဘာမှသက်ရောက်နိုင်မှာ မဟုတ်ဘူးဆိုတာ သိနေလို့ ဒါက လုပ်နိုင်တဲ့ ကိစ္စတစ်ခုပါပဲ။

Black Widow ပင့်ကူက ရိန်နာ့ဘက်ကို မျက်နှာမူပြီး ၎င်းရဲ့ ပင့်ကူအိမ်ကြိုးတွေကို သူမရှိတဲ့ အရပ်ဆီ သုံးကြိမ်တိုင်တိုင် ဖျန်းကနဲ ပစ်လွှတ်လိုက်တယ်။ အဲဒီအကြိုးတစ်ခုချင်းစီမှာ ဗို့အားတစ်ထောင်နီးပါးရှိတဲ့ လျှပ်စစ်ဓာတ်တွေ ပါဝင်နေပြီး သူမကို လုံးဝ သတိလစ်သွားစေနိုင်လောက်တဲ့အထိ ပြင်းထန်လှပါတယ်။

သူမက ပင့်ကူအိမ်ကြိုးတွေကို ဆေးကြောသုတ်သင်ပစ်ဖို့အတွက် အနီရောင်ဖုန်မှုန့်တွေကို ထူထဲပျစ်ချွဲတဲ့ အရည်လှိုင်းတစ်ခုအဖြစ် စုစည်းဖို့ အမိန့်ပေးလိုက်တယ်။

ပင့်ကူအိမ်ကြိုးတွေက ထူထဲတဲ့ အနီရောင်ဖုန်မှုန့် လှိုင်းလုံးကြီးကို ထိမှန်သွားပြီး ဖောက်ထွက်မသွားနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ Black Widow ပင့်ကူက သစ်ပင်ပေါ်ကနေ ဝုန်းကနဲ ခုန်ချလိုက်ပြီး လွင့်မျောနေတဲ့ မြေမှုန်လှိုင်းအောက်ကနေ လွှဲခနဲ ခိုစီးကာ ရိန်နာ့ဆီ နောက်ထပ် ပင့်ကူအိမ်ကြိုးတစ်ချက် ထပ်မံ ပစ်လွှတ်လိုက်ပြန်တယ်။

သူမက အနီရောင်ဖုန်မှုန့် တွေကို သူမရဲ့ လခြမ်းဓားနှစ်စင်းပေါ်မှာ ရစ်ပတ်လိုက်ပြီး အဲဒီမြေမှုန်တွေနဲ့ပဲ ပင့်ကူအိမ်ကြိုးတွေကို ရိုက်ထုတ်ပစ်ကာ အရင်းအမြစ်ကနေ ဖြတ်တောက်လိုက်တယ်။

ပြတ်တောက်သွားတဲ့ ပင့်ကူအိမ်ကြိုးတွေက မြေပြင်ပေါ်ကို ဖြည်းဖြည်းချင်း လွင့်ကျသွားခဲ့တယ်။ ဒါပေမဲ့ သူမ သတိမထားမိလိုက်တာကတော့ အဲဒီပင့်ကူအိမ်ကြိုးတွေဟာ ဖြတ်တောက်ခံလိုက်ရပေမဲ့ လျှပ်စစ်ဓာတ်တွေ စီးဆင်းနေတုန်းပဲ ဆိုတာပါပဲ။

ပင့်ကူအိမ်ကြိုးတွေက စိုစွတ်နေတဲ့ မြက်ပင်တစ်ပင်နဲ့ ထိမိသွားတာနဲ့ တပြိုင်နက် လျှပ်စစ်စီးကြောင်းတစ်ခု ချက်ချင်း ပေါက်ကွဲထွက်လာပြီး မြေပြင်တစ်ခုလုံးကို လျှပ်စစ်ဓာတ်တွေ ဖြန်းခနဲ ပျံ့နှံ့သွားစေတော့တယ်။

နောက်ဆုံးစက္ကန့် အပိုင်းအစလေးမှာတင် ရိန်နာက အနီရောင်ဖုန်မှုန့် တွေနဲ့ ဘွတ်ဖိနပ်တစ်စုံကို အမြန်ဖန်တီးလိုက်လို့သာ လျှပ်စစ်ဓာတ်ရဲ့ သက်ရောက်မှုကို မခံလိုက်ရတာဖြစ်ပါတယ်။

သူမအနေနဲ့ မိမိကိုယ်ကို ကာကွယ်ဖို့အတွက် အချိန်မီ တုံ့ပြန်နိုင်စွမ်း မရှိတော့မယ့် အခြေအနေက အချိန်ကိစ္စပဲဆိုတာ သိနေတာကြောင့် မိုက်ကယ်ရှိရာဆီ တည့်တည့်မတ်မတ် အပြေး တိုက်ခိုက်လိုက်တော့တယ်။ ဒါက မှော်ဆရာတစ်ယောက်ကို ရင်ဆိုင်ဖို့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုပဲလေ။

သူမ သူ့ဆီ ပြေးဝင်လာတာနဲ့ မိုက်ကယ်က အပေါ်ကို ဝုန်းကနဲ ခုန်တက်လိုက်ပြီး လေထဲမှာ ဝဲပျံနေခဲ့တယ်။

ဒါပေမဲ့ ရိန်နာက အဲဒီအကွက်ကို စောင့်နေပုံရပြီး သူမရဲ့ လခြမ်းဓားတွေကို အနီရောင်ဖုန်မှုန့် တွေနဲ့ အထပ်ထပ် ဖုံးအုပ်လိုက်တဲ့အခါမှာတော့ ပုံမှန်ထက် အဆပေါင်း နှစ်ဆယ်လောက် ပိုကြီးမားသွားပါတော့တယ်။

သူမရဲ့ ဧရာမ လက်နက်ကြီးတွေနဲ့အတူ လေထုကို ဖြတ်သန်းပြီး မိုက်ကယ်ရှိရာဆီ အရပ်မျက်နှာအမျိုးမျိုးကနေ အလျားလိုက် လွှဲခနဲ လွှဲခနဲ ပိုင်းဖြတ်လိုက်တယ်။

သူမရဲ့ ဧရာမ ဓားသွားကြီး လေထဲမှာ ဖြတ်သန်းသွားတဲ့အခါ သစ်ပင်ပေါင်း ဆယ်ဂဏန်းလောက်ဟာ ထက်ပိုင်း ပြတ်တောက်သွားခဲ့ရတယ်။

ဒါပေမဲ့ မိုက်ကယ်ကတော့ ထိတ်လန့်တုန်လှုပ်သွားမယ့်အစား သူ့ရှေ့မှာ ဧရာမ မှော်အစီရင်စက်ဝိုင်းကြီး နှစ်ခုကို ဖန်တီးလိုက်တယ်။ တစ်ခုက တောက်ပတဲ့ အဖြူရောင်အလင်းတန်းတွေ ထွက်ပေါ်နေပြီး နောက်တစ်ခုကတော့ အရိပ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမှောင်ထုကြီး ဖြစ်နေတယ်။

မိုက်ကယ် ဘာလုပ်ဖို့ ကြိုးစားနေလဲဆိုတာကို ရိန်နာ သဘောပေါက်သွားတဲ့အခါ သူမရဲ့ မျက်လုံးတွေ ကျဉ်းမြောင်းသွားခဲ့တယ်။

သူမက လခြမ်းဓားပေါ်က အနီရောင်ဖုန်မှုန့် တွေကို အမြန်ပြန်ရုပ်သိမ်းလိုက်ပြီး သူမရဲ့ နောက်ကျောဘက်မှာ ဧရာမ ဒိုင်းကာကြီးတစ်ခုအဖြစ် အသွင်ပြောင်းလဲလိုက်တယ်။

သူမ ကိုယ်ကို လှည့်ကြည့်လိုက်တဲ့အခါ သူမရဲ့ အာရုံခံစားမှုက မှန်ကန်နေတယ်ဆိုတာ သိလိုက်ရတယ်။ Black Widow ပင့်ကူက သူမရဲ့ နောက်တည့်တည့်မှာ ရောက်နေပြီး လျှပ်စစ်ပင့်ကူအိမ်ကြိုးတွေကို ထပ်ပြီး ဖျန်းကနဲ ပစ်လွှတ်တော့မယ့် အနေအထား ဖြစ်နေတာပေါ့။

သူမက မြေပြင်ပေါ်က လျှပ်စစ်ဓာတ်တွေရဲ့ အန္တရာယ်ကနေ ကင်းဝေးအောင် အနီရောင်ဖုန်မှုန့် တွေကို သုံးပြီး သူမခြေဖဝါးအောက်မှာ အကာအကွယ်တစ်ခု ဖန်တီးကာ လေထဲမှာ ရပ်တန့်နေလိုက်တယ်။

အဲဒီနောက် မိုးကြိုးပစ်ခတ်သံကို စောင့်နေမိပေမဲ့ ဘာသံမှ ထွက်မလာခဲ့ပါဘူး။

အတိအကျ ပြောရရင် အဲဒီအချိန်မှာတင် အဖြူရောင် မှော်အစီရင်စက်ဝိုင်းကြီးထဲကနေ အလင်းတန်းတစ်ခု ဝုန်းကနဲ ထွက်ပေါ်လာပြီး Black Widow ပင့်ကူကို နေရောင်ခြည် တိုက်ရိုက်ကျရောက်လိုက်သလိုမျိုး သွားရောက်ထိမှန်လိုက်တာပါ။

ပင့်ကူကြီးက အဲဒီအလင်းရောင်အားလုံးကို အဝဝ စုပ်ယူလိုက်ပြီး နောက်ဆုံးမှာတော့ တန်ခိုးအရှိန်အဝါတွေနဲ့ တဖျတ်ဖျတ် တောက်ပြောင်လာပါတော့တယ်။

"ဘာလဲ... နောက်ထပ် တစ်ခုလား" သူမ ယောင်ယောင်မှားမှား ရေရွတ်မိသွားတယ်။

ပင့်ကူကြီးပေါ်က အလင်းရောင်က တဖြည်းဖြည်းနဲ့ ပိုပြီး ပြင်းထန်လာရာကနေ နောက်ဆုံးမှာတော့ လူတိုင်းရဲ့ မျက်စိကို ခဏတာ ကွယ်သွားစေလောက်တဲ့ ဝုန်းကနဲ အလင်းပွင့်ကွဲမှုကြီးတစ်ခု ဖြစ်သွားခဲ့တယ်။

ရိန်နာက Black Widow ပင့်ကူ ဘာဖြစ်သွားလဲဆိုတာကို ကြည့်ဖို့အတွက် သူမမျက်လုံးရှေ့က အနီရောင်ဖုန်မှုန့် တွေကို ဖြည်းဖြည်းချင်း ဖယ်ရှားလိုက်တယ်။

သူမရှေ့မှာတော့ ဒီပွဲစကတည်းက တိုက်ခိုက်လာခဲ့တဲ့ ပင့်ကူကြီး ရှိနေတုန်းပါပဲ။ ဒါပေမဲ့ အခုတော့ ၎င်းရဲ့ ဘေးနားတင် ပင့်ကူအိမ်ကြိုးလေးတစ်ခုမှာ တွဲလောင်းခိုနေတဲ့ ပိုပြီး သေးငယ်လှတဲ့ ပင့်ကူအကောင်သေးသေးလေး နှစ်ကောင် ထပ်တိုးနေတာကို မြင်လိုက်ရတယ်။

သူမ ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်တဲ့အခါမှာတော့ ဒါက ပင့်ကူအသေးလေး နှစ်ကောင်တည်း မဟုတ်ဘဲ စုစုပေါင်း ရှစ်ကောင်တောင် ဖြစ်နေပြီး သူမကို ဝိုင်းရံပိတ်ဆို့ထားတာကို တွေ့လိုက်ရပါတော့တယ်။

အဆိုးဆုံးကတော့ အဲဒီအကောင်လေးတွေအားလုံးက သူတို့ရဲ့ မိခင်ပင့်ကူကြီးလိုပဲ လျှပ်စစ်ဓာတ်တွေ တဖျတ်ဖျတ်နဲ့ တောက်လောင်နေတာပါပဲ။

စက္ကန့်ပိုင်းမျှတောင် မဆိုင်းဘဲ ပင့်ကူတွေအားလုံးက သူမရှိရာဘက်ကို မျက်နှာမူပြီး လျှပ်စစ်ဓာတ်တွေ ပါဝင်နေတဲ့ ပင့်ကူအိမ်ကြိုးတွေကို ဖျန်းကနဲ အပြိုင်အဆိုင် မှုတ်ထုတ်လိုက်ကြတော့တယ်။

ရိန်နာက စိတ်ကို တင်းထားပြီး အနီရောင်ဖုန်မှုန့် တွေကို သုံးကာ သူမရဲ့ ပတ်ပတ်လည်တစ်ခုလုံးကို လုံးဝ ပိတ်ဆို့ကာကွယ်ထားတဲ့ ပိုးအိမ်ကြီးတစ်ခုအဖြစ် အသွင်ပြောင်းလဲလိုက်တယ်။

ဒီလို အကာအကွယ်မျိုးနဲ့ဆိုရင် ပင့်ကူတွေ ဘယ်လောက်ပဲ များများ၊ သူမရဲ့ အနီရောင်ဖုန်မှုန့် တွေကို ဘာမှ သက်ရောက်နိုင်မှာ မဟုတ်ပါဘူး။

အခုတော့ သူမ ဘေးကင်းသွားပြီမို့ မျက်လုံးကို မှိတ်လိုက်ပြီး ကိုယ်ထဲက အဆိပ်တွေ ပြယ်သွားအောင် အာရုံစိုက်လိုက်တယ်။ ဒီလို ခိုင်ခံ့တဲ့ အကာအကွယ် ပိုးအိမ်ကြီးထဲမှာဆိုရင် သူမ လိုအပ်သလောက် အချိန်ကို အေးအေးဆေးဆေး ယူလို့ရပြီလေ။

* * * * * * * *

လူတိုင်းကတော့ မိုက်ကယ်က ပင့်ကူကြီးကို နောက်ထပ် ဒြပ်စင်တစ်ခု ထပ်ပြီး ပေါင်းစပ်ထည့်သွင်းလိုက်တာကို မြင်ပြီး နောက်တစ်ကြိမ် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ အလင်းဒြပ်စင် ဖြစ်ပြီး အဲဒီဒြပ်စင်က ပင့်ကူကြီးကို ကိုယ်ပွားတွေ ဖန်တီးနိုင်စွမ်း ပေးစွမ်းလိုက်တာပါ။

"သူက ဒြပ်စင် သုံးခုတောင် ကျွမ်းကျင်တာလား... ဒါတင်မကသေးဘူး၊ အဲဒါတွေက ကမ္ဘာပေါ်မှာ အရှားပါးဆုံး ဒြပ်စင်လေးခုထဲက သုံးခုတောင် ဖြစ်နေတာပဲ"

"ဒီလို မှော်ပညာရပ် ပါရမီရှင်ကြီးက ဘာလို့ ဒီလောက်အကြာကြီး ပုန်းကွယ်နေနိုင်ရတာလဲ... သူက မှော်ပညာရှင်အစည်းအရုံးကများ လာတာလား"

"နေဦး... သူ့မှာ နောက်ထပ် မှော်အစီရင်စက်ဝိုင်းတစ်ခု ရှိနေသေးတယ်... မဟုတ်မှလွဲရော..."

သူတို့ ခန့်မှန်းထားတဲ့အတိုင်းပါပဲ၊ မိုက်ကယ်ရဲ့ အမှောင်မှော်အစီရင်ခံစာစက်ဝိုင်းကြီးထဲကနေ အရိပ်အလင်းတန်းတစ်ခု ဝုန်းကနဲ ထွက်ပေါ်လာပြီး မူလ Black Widow ပင့်ကူကို သွားရောက်ထိမှန်လိုက်တယ်။

ပျစ်ချွဲတဲ့ အနက်ရောင် ဒြပ်ပစ္စည်းတစ်ခုက အဲဒီမှော်ပင့်ကူကြီးကို စတင်ဖုံးလွှမ်းသွားပြီး ၎င်းရဲ့ လုံးဝန်းတဲ့ ကိုယ်ထည်နဲ့ ခြေထောက် ရှစ်ချောင်းလုံးကို သန့်စင်တဲ့ အမှောင်မှော်စွမ်းအင်တွေနဲ့ လုံးဝ လွှမ်းခြုံပစ်လိုက်ပါတော့တယ်။

အရိပ်တွေကို လုံးဝဥဿုံ စုပ်ယူပြီးသွားတဲ့အခါမှာတော့ Black Widow ပင့်ကူဟာ လက်တွေ့ကမ္ဘာထဲမှာ ဖျတ်ခနဲ ဖျတ်ခနဲ ပျောက်ကွယ်လိုက် ပေါ်လာလိုက် ဖြစ်နေပြီး ဒါက ဒြပ်စင်လေးခုလုံးကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်စွမ်းရှိသွားပြီဆိုတာကို ပြသနေတာပါပဲ။

"ဒြပ်စင် လေးခု ကျွမ်းကျင်မှုကြီးပါလား"

"နေဦး... မိုက်ကယ်က သတင်းတွေထဲက ပါရမီရှင်ကောင်လေး ဖြစ်ရမယ်... အပ်ပါးဝုဒ်နယ်မြေ ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ တစ်ယောက်လေ"

"မဖြစ်နိုင်တာ... အဲဒီပါရမီရှင်ကောင်လေးက ရေ၊ လေ၊ မြေ၊ မီး ဒြပ်စင်တွေကို ထိန်းချုပ်တာလို့ လူတွေပြောတာ ငါမှတ်မိသားပဲ... ငါ ကြားတာ မှားသွားတာ ထင်တယ်..."

အခုလို တကယ့်ကို အံ့မခန်းစရာကောင်းလှတဲ့ မှော်ပြကွက်ကြီးကို မြင်နေရပေမဲ့လည်း မိုက်ကယ် ရင်ဆိုင်နေရတဲ့သူက မှော်စွမ်းအင်တွေကို လုံးဝ သက်ရောက်မှုမရှိအောင် လုပ်နိုင်စွမ်းရှိတဲ့သူ ဖြစ်နေတာကြောင့် လူတွေကတော့ နှမြောတသ ဖြစ်နေကြရုံပဲ ရှိပါတယ်။ အကယ်၍ အခြား တိုက်ခိုက်ရေးသမားတစ်ဦးသာဆိုရင် သူက ဒီပွဲကို ဒီအချိန်မှာတင် အပြတ်အသတ် အနိုင်ယူပြီးလောက်ပါပြီ။

"ရိန်နာက အနီရောင်ဖုန်မှုန့် တွေနဲ့ ဖုံးအုပ်ထားသရွေ့တော့ မိုက်ကယ်က သူမကို ဘယ်လိုမှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး"

ဒါပေမဲ့ အဲဒီအချိန်မှာတင် Black Widow ပင့်ကူတွေအားလုံးက အနီရောင်ဖုန်မှုန့် ပိုးအိမ်ကြီးဆီကို တရွေ့ရွေ့ တက်လှမ်းသွားကြပါတော့တယ်။

"သူတို့ ဘာလုပ်နေကြတာလဲ... စွမ်းရည်တစ်ခုနဲ့ ဖန်တီးထားတဲ့အရာကို သူတို့ ဘာမှ သက်ရောက်နိုင်မှာ မဟုတ်ပါဘူး"

မှော်ပင့်ကူ ကိုးကောင်လုံးက အနီရောင်ဖုန်မှုန့် ပိုးအိမ်ကြီးပေါ်မှာ နေရာယူပြီးသွားတဲ့အခါ သူတို့ရဲ့ ကိုယ်ထည်တွေက အလင်းတန်းတွေနဲ့အတူ တုန်ခါလာခဲ့တယ်။

စက္ကန့်တွေ ကုန်ဆုံးသွားတာနဲ့အမျှ အဲဒီတုန်ခါမှုက တစ်စထက်တစ်စ ပိုပြီး မြန်ဆန်လာကာ တစ်စုံတစ်ခုကို စုစည်းနေသလိုမျိုး ဖြစ်လာတော့တယ်။

သူတို့ရဲ့ ကိုယ်ထည်တွေက ဖျတ်ခနဲ ဖျတ်ခနဲ အဆက်မပြတ် လင်းထိန်နေရင်းကနေ နောက်ဆုံးမှာတော့ လုံးဝ ဖြူဆွတ်သွားပါတော့တယ်။

ထိုအချိန် ပြီးနောက်မှာတော့ သူတို့ရဲ့ ကိုယ်ထည်တွေကနေ ပြင်းထန်လှတဲ့ တန်ခိုးအရှိန်အဝါတွေနဲ့အတူ ဝုန်းကနဲ ပေါက်ကွဲထွက်သွားပြီး ပတ်ပတ်လည်က အရာအားလုံးကို ပြာကျပျက်စီးသွားစေတော့တယ်။

* * * * * * * *

စာစဉ်(၄၆)

All Chapters