အခန်း ၅၄၅
Vol. 46 Ch. 545
အခန်း(၅၄၅)
ပေါက်ကွဲမှုဖြစ်ပွားရာ ဝန်းကျင် ၁၀ မီတာအတွင်းမှာ ရှိသမျှအရာအားလုံးဟာ မှုန့်မှုန့်ညက်ညက် ကြေမွပျက်စီးသွားခဲ့ရတယ်။ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ချိုင့်ခွက်ကြီး ဘေးပတ်ပတ်လည်က အသက်ဘေးကလွတ်သွားတဲ့ သစ်ပင်ကြီးတွေဟာလည်း အပြင်ဘက်ကို လဲပြိုကျကုန်ပြီး တခြားသစ်ပင်တွေကိုပါ ဆင့်ကဲလဲပြိုစေခဲ့တာမို့ တစ်ပြင်လုံး ရစရာမရှိအောင် ပရမ်းပတာ ဖြစ်သွားတော့တာပေါ့။
ကျန်ရစ်ခဲ့တာဆိုလို့ မြေပြင်ပေါ်က ချိုင့်ခွက်ကြီးတစ်ခုပဲ ရှိပါတော့တယ်။ တကယ်လို့သာ ဒီပေါက်ကွဲမှုကြီးက ကြမ်းပြင်ပေါ်မှာ ဖြစ်ပွားခဲ့တာဆိုရင် ဒီထက်မက ပိုပြီးတော့တောင် ကြီးမားကျယ်ပြန့်သွားဦးမှာပါ။
ပွဲကြည့်ပရိသတ်တွေဟာလည်း နေရာကနေ ထရပ်လိုက်ကြပြီး လေလံပွဲအဆောက်အအုံရဲ့ အပေါက်ကနေတစ်ဆင့် အောက်မှာ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာကို ပိုပြီးသဲသဲကွဲကွဲ မြင်တွေ့နိုင်ဖို့ ငုံ့ကြည့်လိုက်ကြတယ်။
မြေပြင်ပေါ်မှာ ဘယ်သူရှိနေလဲဆိုတာကို မြင်လိုက်ရတဲ့အခါမှာတော့ အားလုံးပဲ တအံ့တဩ ရင်သပ်ရှုမော ဖြစ်သွားကြရတယ်။
ရိန်နာဟာ မြေပြင်ပေါ်မှာ ဒူးထောက်လျက်သား လဲကျနေပြီး ပေါက်ကွဲမှုကြောင့်မို့လို့ သူမရဲ့မျက်နှာနဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ညစ်ပေပွတ်သပ်လို့ နေခဲ့ပြီ။
သူမရဲ့လက်ထဲမှာတော့ သူမပိုင်ဆိုင်တဲ့ အနီရောင်ဖုန်မှုန့် ရဲ့ အကြွင်းအကျန်လေးတွေကို ဆုပ်ကိုင်ထားရှာတယ်။
အနီရောင်ဖုန်မှုန့်တွေရဲ့ အားလုံးနီးပါးဟာ ပေါက်ကွဲမှုထဲမှာ ပျက်စီးဆုံးရှုံးသွားခဲ့ရပြီလေ။ အခု ကျန်ရစ်တာဆိုလို့ သူမရဲ့ လက်ဖဝါးပြင်ပေါ်က မြေပုံလေးတစ်ခုစာလောက်ပဲ ရှိပါတော့တယ်။ သူမရဲ့မျက်နှာပေါ်မှာတော့ မယုံကြည်နိုင်လောက်အောင် ဖြစ်နေတဲ့ အရိပ်အယောင်တွေ ထင်းထင်းကြီး ပေါ်လွင်နေခဲ့တယ်။
"ဘာဖြစ်တာလဲ မဖြစ်နိုင်တာ"
"အဲဒီ အနီရောင်ဖုန်မှုန့်တွေက သူမရဲ့ စွမ်းရည် နဲ့ ကာကွယ်ထားရမှာလေ မန္တန်တစ်ခုကနေ ထွက်လာတဲ့ ဘယ်လိုပေါက်ကွဲမှုမျိုးကမှ ဒါကို မဖျက်ဆီးနိုင်ရပါဘူး"
"ဒါက လုံးဝ အဓိပ္ပာယ်မရှိဘူး"
ဘာတွေဖြစ်ပျက်နေလဲဆိုတာကို အတိအကျ သိနေကြတဲ့သူတွေဆိုလို့ မှော်မျှော်စင် အတွက် သီးသန့်ဖယ်ထားပေးတဲ့ အထူးဗီအိုင်ပီခန်းထဲက မှော်ကဝေတွေနဲ့ မှော်ဆရာတွေပဲ ရှိကြတယ်။
"တကယ်ပဲ အမှန်ဖြစ်နေတာပဲ... အဲဒီကောင်လေးက ဒြပ်စင်အားလုံးကို တကယ်ပဲ ကျွမ်းကျင်ပိုင်နိုင်တာပဲ..."
"ဒြပ်စင်တွေကို သူထိန်းချုပ်ပုံက အတော်လေးကို အနုစိတ်လွန်းတယ်။ ဒါမျိုးက အနှစ်တစ်ရာလောက် အတွေ့အကြုံရှိမှသာ ရနိုင်မယ့်အဆင့်မျိုးလေ။ ဒါပေမဲ့ သူက ဆယ်ကျော်သက်လေးပဲ ရှိသေးတာကို"
"မျှော်စင်သခင်ကြီး... သူက အနီရောင်ဖုန်မှုန့်တွေကို ဘယ်လိုမျိုး ဖျက်ဆီးလိုက်တာလဲ။ စွမ်းရည် တွေက မှော်မန္တန်တွေရဲ့ဒဏ်ကို လုံးဝမမှုဘဲ ခံနိုင်ရည်ရှိရမှာ မဟုတ်ဘူးလား"
အားလုံးက သူတို့ရဲ့ ခေါင်းဆောင်ကြီးဆီကို အကြည့်လွှဲပြီး လှည့်ကြည့်လိုက်ကြတယ်။
"သီအိုရီအရ ပြောရရင်တော့ အလင်း၊ အမှောင်၊ အဆိပ်နဲ့ မိုးကြိုးဆိုတဲ့ ဒြပ်စင်လေးခုကို ပေါင်းစပ်လိုက်မယ်ဆိုရင် စစ်မှန်တဲ့ မှော်စွမ်းအင် ပေါက်ကွဲမှုတစ်ခုကို ဖန်တီးနိုင်စွမ်းရှိတယ်။ သူ့ရဲ့ ဖျက်ဆီးနိုင်စွမ်း သဘာဝက တခြားဗုံးမန္တန်တွေနဲ့ လုံးဝကို ကွဲပြားခြားနားတယ်။ အခုကိစ္စမှာလည်း အနီရောင်ဖုန်မှုန့်တွေ ဘာကြောင့် ပျက်စီးသွားရလဲဆိုတာကို ဒါနဲ့ပဲ ရှင်းပြလို့ရလိမ့်မယ်" လို့ မျှော်စင်သခင်ကြီးက ရှင်းပြလိုက်ပါတယ်။
အသက်ကြီးပိုင်း မှော်ကဝေကြီးတွေကတော့ ခေါင်းကိုသာ ရမ်းနေနိုင်ကြတော့တယ်။ သူတို့ကိုယ်သူတို့ ဆန်းကြယ်တဲ့ မှော်ပညာရပ်တွေရဲ့ ထာဝရတပည့်အဖြစ် ဂုဏ်ယူဝင့်ကြွားနေကြပေမဲ့လည်း ဒီလိုမျိုး ပေါက်ကွဲမှုအကြောင်းကိုတော့ ဘာတစ်ခုမှ မသိရှိခဲ့ကြဘူးလေ။
"ဒါကို လူတွေဘာလို့ အများကြီး မသိကြတာလဲ။ ကျွန်တော်တို့ရဲ့ သုတေသနကို ဒီအပေါ်မှာပဲ အာရုံစိုက်သင့်တာပေါ့" လို့ မှော်ဆရာတစ်ယောက်က အကြံပြုစကား ဆိုလာတယ်။
မျှော်စင်သခင်ကြီးက ခပ်ဖွဖွ ရယ်မောလိုက်ရင်း "လူအများကြီး မသိရတဲ့ အကြောင်းရင်းကတော့ ဒါဟာ သီအိုရီအရပဲ တွေးတောထားခဲ့ကြတဲ့ အခြေအနေတွေထဲက တစ်ခုဖြစ်နေလို့ပဲ။ အရင်က ဘယ်သူမှ ဒါကို လက်တွေ့အကောင်အထည် မဖော်နိုင်ခဲ့ကြဘူး။ ငါကိုယ်တိုင်လည်း ဒါဟာ မကြာခင် အနာဂတ်အထိတော့ ပေစာပေါ်က စာသားတွေအဖြစ်ပဲ ကျန်ရှိနေဦးမယ်လို့ ထင်ထားခဲ့တာ"
မိုက်ကယ် ကတော့ ဒါဟာ တကယ်ဖြစ်နိုင်ကြောင်းကို ထင်ထင်ရှားရှား သက်သေပြလိုက်ပြီပဲ။ ဒါတင်မကသေးဘဲ လေလံပွဲရဲ့ တိုက်ခိုက်ပွဲအလယ်ခေါင်မှာတင် သူက ဒါကို ဖန်တီးပြနိုင်ခဲ့တာ။
"သူက တကယ့် ပါရမီရှင်အစစ်ပဲ" လို့ မျှော်စင်သခင်ကြီးက တိုးတိုးလေး ရေရွတ်လိုက်မိတယ်။ "တောက်... ဘရက်စတန် မင်းကလည်း ဘာလို့ ဒီနေရာမှာ ရှိမနေပြီး ဒါကို မမြင်ရတာလဲ"
အချိန်ဇယား အပြောင်းအလဲကြောင့်မို့လို့ ဘရက်စတန် ဟာ အခုအချိန်အထိ လေလံပွဲကို လာရာလမ်းမှာပဲ ရှိနေသေးတာဖြစ်ပြီး ဂိမ်းထဲမှာ ဖြစ်ပျက်နေသမျှ အရာအားလုံးကို လွဲချော်နေခဲ့ရတာပေါ့။
ဒီမှာတင် သူ့ရဲ့ အတွေးစတွေဟာ တစ်စုံတစ်ခုကို လက်ညှိုးထိုးပြပြီး အော်ဟစ်နေကြတဲ့ မှော်ဆရာတွေနဲ့ မှော်ကဝေအချို့ကြောင့် ရုတ်တရက် ပြတ်တောက်သွားခဲ့ရတယ်။
သူတို့တင် မကပါဘူး။ လေလံပွဲမှာရှိတဲ့ လက်တွေ့ကျကျ လူတိုင်းနီးပါးဟာလည်း နေရာကနေ မတ်တတ်ထရပ်နေကြပြီ။
မိုက်ကယ် နဲ့ ရိန်နာ ရှိနေတဲ့နေရာကနေ ကီလိုမီတာ အနည်းငယ်အကွာမှာပဲ ဧရာမ မီးခိုးလုံးကြီးတစ်ခုက သူတို့ဆီကို အရှိန်အဟုန်အပြင်းနဲ့ ဦးတည်လာနေတာကို လူတိုင်း မြင်တွေ့လိုက်ရတယ်။
အချို့သောလူတွေကတော့ အဲဒါ ဘာလဲဆိုတာကို ချက်ချင်း သိရှိသွားကြတယ်။
"မဖြစ်နိုင်တာ သူတို့ ဘာလို့ ဒီလောက်တောင် ကံဆိုးရတာလဲ"
"အဲဒါ ဘာကြီးလဲ"
ဘာနာဘီ လည်းပဲ ဒီလိုအခြေအနေမျိုးကို ဒီလောက်အစောကြီး ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားတာမို့ တအံ့တဩ ဖြစ်သွားခဲ့ရတယ်။ ဒါပေမဲ့ လေလံပွဲအစီအစဉ်တင်ဆက်သူ တစ်ဦးဖြစ်တဲ့အတွက်ကြောင့် သူက အသံလွှင့်ပြီး အားလုံးကို ဘာတွေဖြစ်နေလဲဆိုတာ အသိပေးရမှာပဲလေ။
"ပရိသတ်ကြီးခင်ဗျာ ထိုင်ခုံတွေကို မြဲမြဲဆုပ်ကိုင်ထားကြပါဦး။ ကျွန်တော်တို့ရဲ့ ကစားသမားတွေဖြစ်တဲ့ မိုက်ကယ် နဲ့ ရိန်နာ တို့တော့ ဒုက္ခအကြီးအကျယ် တွေ့နေရပြီ ထင်ပါရဲ့။ သူတို့ရဲ့ တိုက်ခိုက်မှုက မြေအောက်ထဲမှာ အိပ်ပျော်နေတဲ့ မိစ္ဆာကြီးတွေကို နှိုးလိုက်သလို ဖြစ်သွားပုံရတယ်။
အခုတော့ သူတို့ဟာ ဧရာမ မြေတူးတီကောင်ကြီး ရဲ့ အမဲလိုက်ခြင်းကို ခံနေရပါပြီ။ အဲဒါကတော့ မှော်ကမ္ဘာငယ်လေး ထဲမှာ မှီတင်းနေထိုင်ကြတဲ့ ၈ ပွင့်အဆင့် မိစ္ဆာ တွေထဲက တစ်ကောင်ပဲ ဖြစ်ပါတယ်"
* * * * * * * *
မိုက်ကယ် ကတော့ ရိန်နာ့ ကို ကြည့်ရင်း သူမ လက်နက်ချလိမ့်မယ်လို့ မျှော်လင့်နေခဲ့တယ်။ သူက သူမရဲ့ တစ်ခုတည်းသော လက်နက်ကို လက်တွေ့ကျကျ ဖျက်ဆီးပစ်လိုက်ပြီလေ။
"ဟေ့…"
ဒါပေမဲ့ အဲဒီအချိန်မှာတင် မြေပြင်ကြီးက ပြင်းထန်လှတဲ့ အရှိန်အဟုန်နဲ့ တုန်ခါလာတာကို သူ ခံစားလိုက်ရတယ်။ မြေပြင်ကနေ သစ်ပင်တွေကိုပါ အမြစ်ကနေ ကျွတ်ထွက်သွားစေတဲ့အထိ ဖြစ်နေတာမို့ ဒါဟာ ပြင်းအား ၉ အဆင့်ရှိတဲ့ ငလျင်တစ်ခုနဲ့တင် တူညီနေလိမ့်မယ်။
ဒီအသံရဲ့ ရင်းမြစ်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို သိနိုင်ဖို့ သူက အဆင့်မြင့်စွမ်းရည် ကို ချက်ချင်း အသုံးပြုလိုက်တယ်။
ပြီးတော့ ဖြစ်တည်မှုရဲ့ မှော်စွမ်းအင် လွှာကို ဖြတ်ပြီး သူ လှမ်းကြည့်လိုက်တဲ့အခါမှာတော့ သူကိုယ်တိုင်တောင် အံ့အားသင့်ပြီး သတိလက်လွတ် ဖြစ်သွားခဲ့ရတယ်။
သူကတော့ အရင်တုန်းက ရိန်နာ့ ကို လိုက်လံအမဲလိုက်ခဲ့တဲ့ မိစ္ဆာလိုမျိုးကို မြင်ရလိမ့်မယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ သူ မြင်လိုက်ရတာကတော့ ထိုအရာထက် အဆမတန် ပိုမိုကြီးမားလှတဲ့ အရာကြီးတစ်ခု ဖြစ်နေခဲ့တယ်။
မြေပြင်အထက်မှာတော့ သစ်ပင်တွေထက် မဆိုစလောက်လေးပဲ ပိုကြီးတဲ့ မြေပုံတစ်ခုရဲ့ အလင်း မှော်စွမ်းအင် အမှတ်အသားကို သူ မြင်လိုက်ရတယ်။ ဒါပေမဲ့ မြေအောက်ထဲကို ဆက်ပြီး လှမ်းကြည့်လိုက်တဲ့အခါမှာတော့ အဲဒီမြေပုံ သေးသေးလေးဟာ အဲဒီသတ္တဝါကြီးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးနဲ့စာရင် အစအနလေးတစ်ခုပဲ ရှိသေးတယ်ဆိုတာ သူ သိလိုက်ရတော့တယ်။
ဒါဟာ မြေတူးတီကောင်ကြီးတစ်ကောင်ပဲ။ ရိုးရိုးပုံမှန် လောက်ကောင်မျိုး မဟုတ်ဘဲ တောင်တန်းတွေနဲ့ မိုးမျှော်တိုက်ကြီးတွေကိုတောင် ဝါးမြိုစားသောက်တတ်တဲ့ မိစ္ဆာ ကြီးတစ်ကောင်။
သူ့ရဲ့ အရင်ကမ္ဘာက နာမည်ကြီး သိပ္ပံစိတ်ကူးယဉ် ဝတ္ထုတစ်ပုဒ်ထဲက ဧရာမ မြေတူးတီကောင်ကြီးတွေနဲ့ အတော်လေးကို ဆင်တူလှပါတယ်။
(TR Note: Duneရုပ်ရှင်ထဲက Sandwormတွေလိုမျိုး)
အဲဒီ ဖန်တစီ မြေတူးတီကောင်ကြီးတွေလိုပဲ ကြီးမားပုံရတယ်။ သို့သော်လည်း ဒီကောင်ကတော့ သူ့ရဲ့ခန္ဓာကိုယ်အနှံ့မှာ ထူထပ်လှတဲ့ မှော်စွမ်းအင် အမှုန်အမွှားတွေ ရှိနေတာမို့ ပိုပြီးတော့တောင် ထိတ်လန့်စရာ ကောင်းနေသေးတယ်။
မိုက်ကယ် ရဲ့ ခန့်မှန်းချက်အရတော့ ဒီကောင်ဟာ ၈ ပွင့်အဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေတာမို့ သူ့အတွက်ပါ တကယ်ပဲ အန္တရာယ်ပေးနိုင်တဲ့အရာ ဖြစ်နေခဲ့ပြီ။
ဘာပဲဖြစ်ဖြစ် သူကတော့ အဲဒီမြေတူးတီကောင်ကြီးကို ရှောင်ကွင်းနိုင်မယ့် နည်းလမ်းတွေကို ချက်ချင်းပဲ စတင်ရှာဖွေလိုက်တော့တယ်။ တကယ်လို့သာ သူ ဒီအတိုင်း ငြိမ်ငြိမ်လေး နေနေမယ်ဆိုရင် မြေတူးတီကောင်ကြီးရဲ့ ဝါးမြိုခြင်းကို ခံရမှာ အသေအချာပဲ။
သူ့ရဲ့ ခြေထောက်တွေမှာ လေထု မှော်စွမ်းအင် တွေကို စုစည်းလိုက်ပြီး ကောင်းကင်ယံထဲကို ပျံတက်ဖို့ စွန့်စားရဲတဲ့ ဆုံးဖြတ်ချက်ကို သူ ပြင်ဆင်လိုက်တယ်။ မြေတူးတီကောင်ကြီးက အရှိန်အဟုန်နဲ့ ရွေ့လျားနေတာမို့ ရောက်လာဖို့အတွက် စက္ကန့်အနည်းငယ်သာ လိုပါတော့တယ်။
ပြီးတော့ သူ ထွက်ပြေးတော့မယ့် အချိန်မှာတင် ကိုယ်ပိုင်အသိစိတ်နဲ့ ရပ်တန့်လိုက်ပြီး မြေပြင်ဆီကို ပြန်လည်လှည့်ကြည့်မိတယ်။
ရိန်နာ ကတော့ မြေပြင်ပေါ်မှာ ဒူးထောက်လျက်သား ငြိမ်သက်နေပြီး သူမရဲ့ အနီရောင်ဖုန်မှုန့်တွေကို ကြည့်ရင်း အခုထက်ထိ မယုံကြည်နိုင်သေးဘဲ ရှိနေတုန်းပဲ။
သူမရဲ့ မျက်နှာပေါ်မှာတော့ အရာအားလုံးကို လက်လျှော့အရှုံးပေးလိုက်တဲ့ ပုံစံမျိုးနဲ့ စိတ်ပျက်အားငယ်မှု အရိပ်အယောင်တွေ ပေါ်နေခဲ့တယ်။
"ထစမ်း" လို့ သူက သူမကို အော်ဟစ်ပြောဆိုလိုက်တယ်။
ဒါပေမဲ့ သူမကတော့ ဘာတစ်ခုမှ လှုပ်ရှားမလာခဲ့ဘူး။
မြေပြင်ရဲ့ တုန်ခါမှုက ပိုမိုပြင်းထန်လာပြီး နောက်ဆုံးမှာတော့ ဆူးချွန်တွေ အပြည့်ရှိနေတဲ့ မြေတူးတီကောင်ကြီးရဲ့ ဧရာမ ပါးစပ်ပေါက်ကြီးက မြေပြင်ကနေ ပေါ်ထွက်လာပြီး သူ့ရဲ့ သားကောင်ကို ဝါးမြိုဖို့ အဆင်သင့် ဖြစ်နေခဲ့ပြီ။
သူက မြေပြင်ပေါ်ကို စက္ကန့်အနည်းငယ်လောက် ပေါ်လာပြီးမှ သူနဲ့ ရိန်နာ ရှိရာဆီကို ဦးတည်ပြီး ငုံ့ဆင်းလာခဲ့တယ်။
သူကတော့ ဒီအခြေအနေမှာတောင် ထွက်ပြေးလွတ်မြောက်နိုင်သေးပေမဲ့ ရိန်နာ ကတော့ လုံးဝ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး။ သူမကတော့ အရှုံးကို လက်ခံလိုက်ပြီး သူမရဲ့ ဇာတ်သိမ်းကို ကြိုဆိုနေသလိုမျိုး မြေတူးတီကောင်ကြီးကို ငေးကြည့်နေခဲ့တယ်။
မြေတူးတီကောင်ကြီးရဲ့ ဧရာမ မျက်နှာကြီးက မြေပြင်ထဲကို တိုးဝင်သွားပြီး ရှိသမျှအရာအားလုံးကို ဝါးမြိုပစ်လိုက်တော့တယ်။
ကျန်ရစ်ခဲ့တာဆိုလို့ မြေပြင်ပေါ်က ဧရာမ ချောက်ကမ်းပါးကြီးတစ်ခုပဲ ရှိပါတော့တယ်၊ အဲဒါကတော့ မြေတူးတီကောင်ကြီး မြေအောက်ထဲမှာ ဖန်တီးသွားခဲ့တဲ့ လိုဏ်ခေါင်းဆီကို ဦးတည်နေတာပေါ့။
အပေါ်ကနေ ကြည့်နေကြတဲ့ ပွဲကြည့်ပရိသတ်တွေဟာလည်း စိုးရိမ်ပူပန်မှုတွေနဲ့အတူ သူတို့ရဲ့ ထိုင်ခုံတွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကြတယ်။
"ဘာဖြစ်သွားတာလဲ"
"သူတို့ အသက်ရှင်သေးရဲ့လား"
စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ အရာအားလုံးက ငြိမ်သက်သွားခဲ့ပြီ။ မြေတူးတီကောင်ကြီး မြေအောက်ထဲကို ပြန်လည်ပျောက်ကွယ်သွားတာမို့ မြေငလျင်တုန်ခါမှုတွေလည်း ရပ်တန့်သွားခဲ့ရပြီး သူ့ရဲ့ ဆာလောင်မှုလည်း အခုတော့ ပြေပျောက်သွားခဲ့ပြီပေါ့။
လူတိုင်းက မြေပြင်ပေါ်က ဧရာမ ချောက်ကမ်းပါးကြီးရဲ့ အနီးအနားမှာ အသက်ရှင်ကျန်ရစ်တဲ့ အရိပ်အယောင် ရှိမရှိ လိုက်လံရှာဖွေကြည့်ကြတယ်။
ဒါပေမဲ့ သူတို့ ဘယ်နေရာမှာပဲ ရှာရှာ ဘယ်သူ့ကိုမှ မတွေ့ရတော့ဘူး။ မိုက်ကယ် ကိုတောင်မှ ရှာမတွေ့တော့ပါဘူး။
* * * * * * * *
ရိန်နာ ဟာ မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး သူမရဲ့ အမြင်အာရုံတွေကို အမှောင်ထုက လွှမ်းမိုးသွားစေလိုက်တယ်။ သူမကတော့ အရာအားလုံးကို လက်လျှော့လိုက်ပြီး မြေတူးတီကောင်ကြီးရဲ့ ဝါးမြိုခြင်းကို ခံယူဖို့ အဆင်သင့် ဖြစ်နေခဲ့ပြီ။
ဒါပေမဲ့ မြေတူးတီကောင်ကြီးရဲ့ ပါးစပ်ပေါက်ဖြစ်တဲ့ မှောင်မိုက်လှတဲ့ ချောက်ကမ်းပါးကြီးထဲကို သူမ ကျဆင်းသွားခါနီး အချိန်မှာတင် တစ်စုံတစ်ယောက်က သူမရဲ့ ခန္ဓာကိုယ်ကို ဖမ်းဆွဲလိုက်တာကို ရုတ်တရက် ခံစားလိုက်ရတယ်။
သူမ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ မိုက်ကယ် က သူမရဲ့ ခါးကို ဆွဲကိုင်ထားပြီး မြေတူးတီကောင်ကြီးရဲ့ အစာအိမ်ထဲကို သူတို့ ကျဆင်းနေတဲ့ အရှိန်ကို လျှော့ချပေးနေတာကို မြင်တွေ့လိုက်ရတော့တယ်။
* * * * * * * *
စာစဉ်(၄၆)