← Chapters

အခန်း ၅၄၆

Vol. 46 Ch. 546

အခန်း ၅၄၆

Vol. 46 Ch. 546

အခန်း(၅၄၆)

မိစ္ဆာကြီးရဲ့ အစာခြေလမ်းကြောင်းတစ်လျှောက် ဖြတ်သန်းဆင်းသက်လာစဉ်မှာ မိုက်ကယ်နဲ့ ရိန်နာတို့နှစ်ယောက်ဟာ အနည်းဆုံး တစ်မိနစ်လောက်တော့ အရှိန်နဲ့ ပြုတ်ကျနေခဲ့ကြတာ သေချာသလောက်ပါပဲ။

သူ့ရဲ့ မူလအစီအစဉ်ကတော့ ရိန်နာကို ဆွဲပွေ့ပြီး မိစ္ဆာကြီးရဲ့ ပါးစပ်ထဲကနေ ပျံသန်းထွက်ခွာဖို့ပါပဲ။

ဒါပေမဲ့လည်း သူ့ရင်ထဲမှာ တစ်စုံတစ်ခုက သူ့ကို လှမ်းခေါ်နေသလိုမျိုး ခံစားလိုက်ရတယ်။ အဲဒါက တော်တော်လေး ထူးဆန်းပြီး သူကိုယ်တိုင်လည်း သေသေချာချာ ရှင်းမပြတတ်တဲ့ ခံစားချက်မျိုးပါ။

သူ ဘာကြောင့် ဒီလို ခံစားနေရလဲဆိုတာ မသိပေမဲ့ မိစ္ဆာကြီးရဲ့ အောက်ခြေအဆုံးနား ရောက်မှသာ အဖြေကို ရှာတွေ့နိုင်မယ်ဆိုတာကိုတော့ သူ သိနေခဲ့တယ်။

ဒါက ဘာဖြစ်နိုင်မလဲ။ လေလံပွဲက ချန်ထားခဲ့တဲ့ ရတနာတစ် ခုခုများ ဖြစ်နေမလား။

ဘာနာဘီရဲ့ လေလံပွဲက တစ်နှစ်မှာ တစ်ကြိမ်ပဲ ကျင်းပတာဆိုတာ မိုက်ကယ် သိထားတာကြောင့် ဒါက ဖြစ်နိုင်ခြေရှိတဲ့ ခန့်မှန်းချက်တစ်ခုပါပဲ။ လေလံပြိုင်ပွဲရဲ့ မတူညီတဲ့ ပွဲစဉ်တွေတစ်လျှောက်မှာ ဒီမှော်ကမ္ဘာငယ်လေးကိုပဲ ထပ်ခါတလဲလဲ ပြန်သုံးကြလိမ့်မယ်လို့ တွေးကြည့်တာကလည်း အလွန်အကျွံတော့ မဟုတ်ပါဘူး။

ဒါကြောင့်မို့လို့ အဲဒီအချိန်တုန်းက မိစ္ဆာကြီးက တစ်ခုခုကို မျိုချမိထားတာမျိုး ဖြစ်နိုင်ခြေ ရှိပါတယ်။

ပြီးတော့ အဲဒီအရာကလည်း လေလံပွဲထဲ ထည့်သွင်းပြသနိုင်လောက်တဲ့အထိ ကောင်းမွန်တဲ့အရာ ဖြစ်နေမှာပါ။

ဒါဟာ သူ စွန့်စားပြီးတော့ ဒီ ကြယ်ရှစ်ပွင့်မိစ္ဆာကြီးရဲ့ အောက်ခြေထဲကို ပိုမိုနက်ရှိုင်းစွာ ဆင်းသက်ဖို့အတွက် လုံလောက်တဲ့ အကြောင်းပြချက်တစ်ခု ဖြစ်ခဲ့တယ်။

ဒီလိုနဲ့ သူ့ဘေးမှာ ရိန်နာကို ခေါ်ဆောင်ရင်း မိစ္ဆာကြီးရဲ့ ခန္ဓာကိုယ်အောက်ပိုင်းဆီကို ဆင်းသက်လာခဲ့ကြပြီး နောက်ဆုံးမှာတော့ အစာအိမ်ထဲကို အသာအယာ ကျရောက်သွားခဲ့ပါတော့တယ်။ အစာအိမ်ထဲမှာတော့ စိမ်းကျောက်ကျောက် အရောင်ရှိတဲ့ အက်စစ်ရည်တွေ လွှမ်းနေပြီး အဲဒီအက်စစ်တွေက မိစ္ဆာကြီး မြေပြင်ပေါ်မှာရှိစဉ်တုန်းက မျိုချခဲ့တဲ့ မြေစာခဲကြီးတွေနဲ့ လဲကျနေတဲ့ သစ်ပင်ကြီးတွေကို ဖြည်းဖြည်းချင်း တိုက်စားခြေဖျက်နေတာပါ။

သူဟာ မြေပြင်မှာ အမြစ်တွယ်ကျန်နေသေးတဲ့ ဝက်သစ်ချပင်တစ်ပင်တည်းသာ ရှိတဲ့ မျောပါနေတဲ့ ကျွန်းငယ်လေးတစ်ကျွန်းပေါ်ကို ဆင်းသက်မိလိုက်တယ်။

သူက ရိန်နာကို မြေပြင်ပေါ်သို့ အသာအယာ ချပေးလိုက်တယ်။ သူမကတော့ သတိမေ့မြောပြီး အိပ်ပျော်နေဆဲဖြစ်ပြီး ခန္ဓာကိုယ်ကတော့ သူမကိုယ်တိုင်ရဲ့ အဆိပ်ဒဏ်ကနေ ဖြည်းဖြည်းချင်း ပြန်လည်သက်သာလာအောင် ကြိုးစားနေရတုန်းပါပဲ။

သူတို့နှစ်ယောက် ဘေးကင်းသွားပြီဆိုတာနဲ့ သူက ပတ်ဝန်းကျင်ကို တစ်ချက် လှည့်ပတ်ကြည့်ရှုလိုက်တယ်။

'ဟူး... ဒီနေရာက တော်တော်လေး အေးတာပဲ' လို့ သူက မှတ်ချက်ချလိုက်မိတယ်။

မိစ္ဆာကြီးရဲ့ အစာအိမ်ထဲမှာ ရောက်နေတာတောင်မှ သူ့ပါးစပ်ကနေ လေမှုတ်ထုတ်လိုက်ရင် အငွေ့တွေ ထွက်လာတဲ့အထိ အပူချိန်က နိမ့်ဆင်းနေတာပါ။ ဒီလောက်အထိ အေးစိမ့်နေတာကြောင့် တစ်နေရာရာမှာ ရေခဲတုံးကြီး တစ်တုံးလောက် သွားရှာတွေ့ရင်တောင် သူ အံ့ဩမိမှာ မဟုတ်ပါဘူး။

ဒီပတ်ဝန်းကျင်မှာရှိတဲ့ မှော်စွမ်းအင် သိပ်သည်းဆကလည်း နိမ့်လွန်းတယ်။ လေထုမှော်စွမ်းအင်ကလည်း သိပ်မရှိဘူး။

ဒီနေရာမှာသာ အချိန်အကြာကြီး ပိတ်မိနေမယ်ဆိုရင် အသက်ရှူကြပ်ပြီး သေဆုံးသွားနိုင်တဲ့ တကယ့်အန္တရာယ်ကြီး ရှိနေတာပါ။ သူ့မှာကတော့ သူ့ရဲ့ အမြုတေတွေဆီကနေ ရတဲ့ လေထုမှော်စွမ်းအင် ထောက်ပံ့မှုရှိနေလို့ ဘေးကင်းနိုင်မှန်း သူသိပေမဲ့ ရိန်နာ့မှာတော့ ဘာမှ ရှိမနေပါဘူး။

'ငါ လိုက်ရှာဖွေကြည့်ချင်ပေမဲ့ သူမကို ဒီမှာ တစ်ယောက်တည်း စိတ်ချလက်ချ ထားခဲ့လို့မရဘူး'

မိုက်ကယ်ဟာ မိစ္ဆာကြီး မျိုချထားတဲ့ လဲကျနေတဲ့ သစ်ပင်တွေအကုန်လုံးကို အသုံးပြုပြီး သူ့အတွက် ယာယီအိမ်လေးတစ်လုံး ဆောက်ဖို့ ဆုံးဖြတ်လိုက်တယ်။

နိုဗာဆီကနေ ရထားတဲ့ ရိုးရှင်းတဲ့ သစ်လုံးအိမ် ပုံစံငယ်အတိုင်း သစ်လုံးတွေကို စတုဂံပုံစံ လိုက်စီပြီး သူ စတင်ဆောက်လုပ်ပါတော့တယ်။

မိမိလက်နဲ့ကိုယ်တိုင် တစ်ခုခုကို ထပ်ပြီး ဆောက်လုပ်ရတာက သူ ငယ်ငယ်တုန်းက ဗန်ဒါဘစ် အိမ်တော်မှာ အိမ်လေးတွေ ဆောက်ခဲ့ရတဲ့ အချိန်တွေကို ပြန်လည်လွမ်းဆွတ်သွားစေခဲ့တယ်။ အခုဆိုရင် သူက တော်တော်လေးကို ခရီးပေါက်ခဲ့ပြီပေါ့။

အမိုးကို ဆောက်ပြီးတဲ့နောက်မှာတော့ သူ့ကိုယ်သူ နွေးထွေးနေအောင် လုပ်ပေးမယ့် မီးဖိုတစ်ခု ဖန်တီးဖို့ သူ ဆက်လက်လုပ်ဆောင်တယ်။

သူ စိတ်ကြိုက်ဖြတ်တောက်ထားတဲ့ ထင်းအချို့ကို သုံးပြီး ရိုးရှင်းတဲ့ မီးဒြပ်စင်မန္တန်တစ်ခုနဲ့ မီးပုံပွဲလေးတစ်ခုအဖြစ် မီးရှို့ညှိလိုက်တယ်။

ဒီအချိန်မှာပဲ သူ့ဘေးနားကနေ တစ်စုံတစ်ခု လှုပ်ရှားလာတာကို သူ သိလိုက်ရတယ်။

ရိန်နာဟာ နောက်ဆုံးတော့ အိပ်စက်ခြင်းကနေ နိုးထလာခဲ့ပြီး သူမ ဘယ်နေရာကို ရောက်နေလဲဆိုတာကို အခုမှ စတင်သတိပြုမိလာတာပါ။ မိစ္ဆာကြီးရဲ့ အစာအိမ်ထဲက အဆုံးမရှိတဲ့ အမှောင်ထုကြီးကို မြင်လိုက်ရတဲ့အခါ သူမရဲ့ မျက်နှာမှာ စိတ်ပျက်အားငယ်ရိပ်တွေ ယှက်သန်းသွားခဲ့တယ်။ ဒါပေမဲ့လည်း သစ်လုံးအိမ်လေးရဲ့ အပြင်ဘက်မှာ မီးပုံဘေးမှာ လက်လှုံနေတဲ့ မိုက်ကယ်ကို မြင်လိုက်ရတဲ့အခါမှာတော့ သူမရဲ့ မျက်ဝန်းတွေက ချက်ချင်းဆိုသလို နူးညံ့သွားခဲ့ပါတော့တယ်။

"နိုးလာပြီလား။ လာလေ၊ ကိုယ်ကို နွေးအောင်လုပ်ပါ။ အပြင်မှာ တော်တော်အေးတယ်" လို့ သူက သူမကို ပြောလိုက်တယ်။

ရိန်နာ တုန်တုန်ရင်ရင် ဖြစ်သွားတယ်။ သူပြောသလိုပဲ ဒီနေရာက အပူချိန်က ဆောင်းတွင်းအလယ်ခေါင်နဲ့တောင် တူနေတာပါ။

"ငါ... ငါ့ဘာသာ အဆင်ပြေပါတယ်" လို့ သူမက ခေါင်းမာမာနဲ့ ခေါင်းလွှဲပြီး ပြောလိုက်တယ်။ "ငါ့ဘာသာ... ကောင်းကောင်း ဂရုစိုက်နိုင်တယ်"

သူမက ခန္ဓာကိုယ်ကို အနွေးထည်တစ်ခုလို ဖုံးအုပ်ပေးဖို့အတွက် သူမရဲ့ အနီရောင်ဖုန်မှုန့်ကို အမိန့်ပေးဖို့ ကြိုးစားလိုက်တယ်။ ဒါပေမဲ့လည်း သူမရဲ့ စွမ်းရည်တွေထဲက ကျန်ရှိနေတာဆိုလို့ မှုန့်ပြာအနည်းငယ်ပဲ ရှိတော့တယ်ဆိုတာကို သူမ ပြန်သတိရသွားခဲ့တယ်။

သူမရဲ့ ခန္ဓာကိုယ်ကတော့ ဆက်ပြီး တုန်ရီနေတုန်းပါပဲ။ ဒီအအေးဒဏ်ကို သူမ အကြာကြီး မခံနိုင်ပါဘူး။ ဒါတင်မကဘဲ ဒီထဲမှာ အောက်ဆီဂျင် နည်းပါးတာကြောင့် သူမကို အနည်းငယ် ပျို့အန်ချင်သလိုနဲ့ ခေါင်းမူးနောက်နောက် ဖြစ်စေတယ်။ တောင်ထိပ်ပေါ်မှာ လမ်းလျှောက်နေရသလိုမျိုးကို ခံစားနေရတာပါ။

"သူစိမ်းလို လုပ်မနေပါနဲ့" လို့ မိုက်ကယ်က အော်ပြောလိုက်တယ်။ "မီးပုံဘေးမှာ လာထိုင်၊ မဟုတ်ရင် အအေးပတ်ပြီး ခြေလက်တွေ ထုံကျင်သွားလိမ့်မယ်"

သူမ နှုတ်ခမ်းကို ကိုက်လိုက်မိပြီး စိတ်ထဲမှာ ဗျာများသွားတယ်။ သူမရဲ့ စိတ်ထဲမှာတော့ အမှီအခိုကင်းကင်းနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ချင်တဲ့ ခေါင်းမာမှုတွေ ရှိနေတုန်းပါပဲ။ ဒါပေမဲ့ ပတ်ဝန်းကျင်ရဲ့ အေးစိမ့်ဖြတ်တောက်နေတဲ့ အပူချိန်က သူမကို ပြန်လည်စဉ်းစားဖို့ ဖိအားပေးလာခဲ့တယ်။

"မင်း ဒီမီးပုံကို တစ်ယောက်တည်း သုံးချင်ရင် သုံးနိုင်ပါတယ်၊ ကိုယ်ကတော့ အိမ်ထဲပဲ ဝင်သွားလိုက်မယ်" လို့ သူက သူမကို ပြောလိုက်တယ်။

သူမက လက်ကို အမြန်ကာပြလိုက်တယ်။ "ဟင့်အင်း၊ ရပါတယ်... ငါ မီးပုံဘေးမှာပဲ ထိုင်ပါ့မယ်"

သူမက မီးပုံဘေးက သစ်လုံးတုံးဆီကို ဖြည်းဖြည်းချင်း တိုးကပ်လာခဲ့တယ်။ "ငါ... ငါက မင်းရဲ့ မီးပုံကို ယာယီပဲ ငှားသုံးတာနော်။ နောက်မှ ပြန်ပေးဆပ်ပါ့မယ်" လို့ မိုက်ကယ်ကို ကျောခိုင်းပြီး ခေါင်းလွှဲကာ ပြောလိုက်တယ်။

'ဒါကိုပဲ လူတွေက ဆွန်းဒဲရဲလို့ ခေါ်ကြတာလား' လို့ သူက ကိုယ့်ဘာသာ ပြန်မေးမိတယ်။

(TR Note: Tsundere ဆွန်းဒဲရဲ ဆိုတဲ့ Animeတွေထဲမှာပါတဲ့ စကားလုံးပါ။ မာနခဲလေးပေါ့ဗျာ)

"ကျေးဇူးတင်ပါတယ်လို့ပဲ ပြောလိုက်ရင် ရနေတာကို"

ရိန်နာကတော့ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေခဲ့တယ်။

မီးခိုးငွေ့တွေ တဖြောက်ဖြောက် မြည်သံနဲ့အတူ သူတို့နှစ်ယောက်ဟာ ခန္ဓာကိုယ်တွေ နွေးထွေးလာစဉ် မိနစ်အနည်းငယ်လောက် တိတ်ဆိတ်စွာ အချိန်ကုန်လွန်ခဲ့ကြတယ်။

"နင် ငါ့ကို ဘာလို့ ကယ်ခဲ့တာလဲ" လို့ သူမက မျက်ဝန်းတွေကို အောက်ချရင်း မီးပုံကို ငေးကြည့်ကာ မေးလိုက်တယ်။ "နင်တစ်ယောက်တည်း လွတ်အောင် ပြေးနိုင်ခဲ့သားပဲကို"

မိုက်ကယ်က ပခုံးတွန့်ပြလိုက်တယ်။ "မင်း ကယ်တင်ဖို့ လိုအပ်နေတဲ့ပုံ ပေါက်နေလို့ပါ"

ရိန်နာက ကိုယ့်ကိုယ်ကိုယ် လှောင်ပြုံးတစ်ချက် ပြုံးလိုက်တယ်။ "ငါက နင့်ကို အရင်ဆုံး တိုက်ခိုက်ခဲ့တဲ့သူပါ၊ ဒါတောင် နင်က ငါ့ကို ကယ်သေးတယ်ပေါ့"

"ဒါဆို ငါက မင်းကို တစ်ခုလောက် မေးပါရစေ။ မင်းက ဘာဖြစ်လို့ စပိုက်စ်ဗိုက်စ်ကို အဓိက ဂိုဏ်းအုပ်စုကြီးတွေထဲမှာ ပါဝင်စေချင်ရတာလဲ"

သူမက သူ့ကို ခဏလောက်တော့ နောက်ပြောင်နေတယ်လို့ ထင်သွားမိတယ်။ "ဒါက သိသာနေတာပဲ မဟုတ်ဘူးလား။ ငါတို့ ကုမ္ပဏီကို အောင်မြင်စေချင်လို့ပေါ့"

"အဲဒီနောက်မှာကော ဘာဆက်ဖြစ်မှာလဲ" လို့ သူက သူမကို ထပ်မေးတယ်။ "မင်း ဘာကို အောင်မြင်ချင်တာလဲ"

သူ့ရဲ့ မေးခွန်းက သူမကို စကားမဲ့သွားစေခဲ့တယ်။ ကြီးကျယ်မြင့်မြတ်မှုကို လိုက်လံရှာဖွေနေစဉ်အတွင်း သူမဟာ ဘာကြောင့် ဒါတွေကို လုပ်နေရသလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် တစ်ကြိမ်တစ်ခါမျှ မမေးခဲ့ဖူးပါဘူး။

သူမက ပိုမိုကြိုးစားအားထုတ်ဖို့နဲ့ အရင်ကထက် ပိုမိုတော်ပြည့်စုံလာဖို့ကိုပဲ အာရုံစိုက်ခဲ့တာပါ။ သူမရဲ့ ကြိုးစားမှုတွေကြောင့်လည်း စပိုက်စ်ဗိုက်စ်ကို ရိုင်းဇင်းဆစ်ထဲမှာ ပါဝင်လာအောင် လုပ်ဆောင်နိုင်ခဲ့တယ်။

ဒါပေမဲ့ သူမ ကိုယ့်ကိုယ်ကိုယ် ရိုးသားစွာ ဝန်ခံရမယ်ဆိုရင်တော့ သူမ ဒါကို ဘာကြောင့် လုပ်နေမိမှန်း လုံးဝ မသိပါဘူး။

"ငါ... မသိဘူး..." လို့ သူမက တိုးတိုးလေး ရေရွတ်လိုက်မိတယ်။

"ငါကတော့ လူတွေကို သက်တောင့်သက်သာ ရှိစေချင်လို့ ငါ့ကုမ္ပဏီကို စတင်ခဲ့တာပါ။ ဒီကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းရဲ့ လူနေမှုဘဝကို မြှင့်တင်ပေးနိုင်မယ့် တီထွင်မှုတွေကို ဖန်တီးချင်ခဲ့တာ။

ဒီလေလံပွဲမှာ နိုင်ချင်ရုံသက်သက်နဲ့ မင်းကို ဒီအတိုင်း ပစ်ထားပြီး အသေခံခိုင်းလိုက်မယ်ဆိုရင် ဒါဟာ ငါ ပထမဆုံး စတင်လုပ်ဆောင်ခဲ့တဲ့ အခြေခံအကြောင်းပြချက်ကို ချိုးဖောက်ရာ ရောက်သွားလိမ့်မယ်"

ရိန်နာက မော့ကြည့်လိုက်ပြီး မိုက်ကယ်ကို စိုက်ကြည့်မိတယ်။

သူမက သူ့ရဲ့ မျက်ဝန်းတွေထဲက စစ်မှန်မှုကို မြင်တွေ့လိုက်ရတယ်။ အဲဒါက သူ့လို ကလေးတစ်ယောက်ဆီကနေ သူမ မျှော်လင့်ထားခဲ့တဲ့ နုနယ်ပြီး အပြစ်ကင်းစင်တဲ့ မျက်ဝန်းမျိုး မဟုတ်ပါဘူး။ အဲဒီအစား သူ့ရဲ့ အကြည့်တွေထဲမှာ တည်ကြည်မှုနဲ့ စိတ်ပိုင်းဖြတ်ထားမှုတွေကို သူမ မြင်လိုက်ရတာပါ။

အဲဒီအခိုက်အတန့်မှာပဲ သူမ မြင်နေကျ မိုက်ကယ်ရဲ့ ပုံရိပ်ဟာ ဘာလုပ်နေမှန်းမသိတဲ့ ကလေးတစ်ယောက်အဖြစ်ကနေ သူ ဘာလုပ်ချင်လဲဆိုတာ တိတိကျကျ သိပြီး အဲဒါကို အောင်မြင်အောင် လုပ်ဆောင်မယ့် လူတစ်ယောက်အဖြစ် လုံးဝ ပြောင်းလဲသွားခဲ့ပါတော့တယ်။

"ဟင်။ ငါပြောတာ တစ်ခုခု မှားသွားလို့လား" လို့ မိုက်ကယ်က သူမ ဘာကြောင့် စိုက်ကြည့်နေမှန်း မသိဘဲ မေးလိုက်တယ်။

ရိန်နာ့ရဲ့ ပါးပြင်တွေ နီမြန်းသွားခဲ့ပြီး သူမရဲ့ အကြည့်တွေကို အမြန်လွှဲဖယ်လိုက်ကာ သူ့ကို လုံးဝ ကျောခိုင်းလိုက်ပါတော့တယ်။

'ငါ ဘာတွေ လုပ်နေမိတာလဲ။ တော်တော်ဆိုးတဲ့ အဖေကြီး။ သမီးဖြစ်သူရဲ့ ခေါင်းထဲကို ဒီလို အတွေးအခေါ်တွေ အကုန် ရိုက်သွင်းခဲ့တာ သူပဲ'

* * * * * * * *

စာစဉ်(၄၆)

All Chapters