အခန်း ၅၄၇
Vol. 46 Ch. 547
အခန်း(၅၄၇)
သူ့အဖေ ပြောခဲ့တဲ့ စကားတွေက ခေါင်းထဲမှာ လာပြီး ပဲ့တင်ထပ်နေတာဟာ တကယ်ကို အချိန်အခါမတော်ပါပဲ။
'သူ့နှလုံးသားကို ဖမ်းစားဖို့ ဒါ နင့်အတွက် အခွင့်အရေးပဲ သမီး။ မိအောင်ဖမ်းထား'
ရိန်နာဟာ ဒီလို အဓိပ္ပာယ်မရှိတဲ့ အတွေးတွေကို မောင်းထုတ်ဖို့ သူမခေါင်းကို သူမ ပြန်ရိုက်လိုက်တယ်။ မိုက်ကယ်အပေါ်ထားတဲ့ သူမရဲ့ အမြင် ပြောင်းလဲသွားရုံနဲ့ သူမက သူ့ကို လက်ထပ်ဖို့ အသင့်ဖြစ်နေပြီလို့ မဆိုလိုသလို သူကလည်း သူမကို လက်ထပ်ဖို့ အသင့်ဖြစ်နေပြီလို့ မပြောနိုင်ဘူးလေ။
"မင်း အဆင်ပြေရဲ့လား။ အောက်စီဂျင် လိုအပ်နေလို့လား" မိုက်ကယ်က သူမနားကို တိုးကပ်လာပြီး စစ်ဆေးရင်း မေးလိုက်တယ်။
သူမက သူ့ဆီကနေ ချက်ချင်း နောက်ဆုတ်လိုက်ပြီး လက်ကို ယမ်းပြကာ ငြင်းလိုက်တယ်။
"ငါ အဆင်ပြေတယ်။ အဆင်ပြေတယ်။ နင် အဲဒီမှာပဲ နေလို့ရတယ်"
ပတ်ဝန်းကျင်မှာရှိတဲ့ အောက်စီဂျင်ပမာဏက အန္တရာယ်ရှိလောက်အောင် နည်းပါးနေတာကို သတိထားမိလို့သာ မိုက်ကယ်က စိတ်ပူသွားတာပါ။ ရိန်နာ တစ်ယောက် ထူးထူးဆန်းဆန်း ဖြစ်ပျက်နေတာက ဒါကြောင့် ဖြစ်မှာပဲလေ။
သူမ အသက်ရှူရလွယ်ကူအောင် ကူညီပေးနိုင်မယ့် တစ်ခုခုကို သူ လုပ်ပေးဖို့ လိုအပ်လာပြီ။
သူဟာ လက်ကို မြှောက်လိုက်ပြီး လက်ဖဝါးထဲမှာ မှော်စက်ဝိုင်းတစ်ခု ဖန်တီးလိုက်တယ်။ မှော်စွမ်းအင်တွေက သူ့သွေးကြောတွေထဲကနေ တစ်ဆင့် မှော်စက်ဝိုင်းထဲကို စီးဆင်းသွားပြီး မမြင်နိုင်တဲ့ စွမ်းအင်လှိုင်းတစ်ခုက အပြင်ဘက်ကို ပျံ့နှံ့သွားတယ်။
ဒါက ရိုးရှင်းတဲ့ ရှာဖွေရေးမန္တန်တစ်ခု ဖြစ်ပြီး မြေကြီးထဲက သတ်မှတ်ထားတဲ့ ဒြပ်စင်တွေကို ရှာဖွေဖို့ ရည်ရွယ်တာပါ။ အဲဒီလှိုင်းတွေက သူ ရှာချင်တဲ့အရာကို တွေ့ပြီဆိုတာနဲ့ မြင်နိုင်တဲ့ အလင်းတန်းအဖြစ် နောက်ပြန် ရိုက်ခတ်လာမှာ ဖြစ်တယ်။
မကြာခင်မှာပဲ မြေတူးတီကောင်ကြီးရဲ့ မှောင်မည်းနေတဲ့ အစာအိမ်ထဲမှာ လင်းထိန်နေတဲ့ ကျောက်တုံးနဲ့ မြေကြီး ကွက်လပ်တွေက သူ့ရဲ့ အမြင်အာရုံထဲ ပြည့်နှက်လာခဲ့တယ်။
ပစ္စည်း ကိရိယာတွေ လုံလောက်အောင် မရှိမှာကို သူ အနည်းငယ် စိုးရိမ်ခဲ့ပေမဲ့ ကံကောင်းထောက်မစွာပဲ မြေတူးတီကောင်ကြီးဟာ သူ လိုအပ်တဲ့ ကြေးနီနဲ့ သွပ်လိုမျိုး သတ်မှတ်ထားတဲ့ သတ္တုတွေ အားလုံး ပါဝင်နေတဲ့ မြေအောက် အတော်လေး နက်နက်အထိ မျိုချထားခဲ့တာပဲ။
ရိန်နာက နောက်ဆုံးတော့ မော့ကြည့်လိုက်ပြီး သူက ရှုပ်ထွေးတဲ့ မှော်မန္တန်တွေကို သုံးပြီး သတ္တုရိုင်းတွေကို ကြေးနီနဲ့ လုပ်ထားတဲ့ ဆလင်ဒါတစ်ခု၊ သွပ်နဲ့ လုပ်ထားတဲ့ ဆလင်ဒါတစ်ခု စုစုပေါင်း သေးသွယ်တဲ့ ဆလင်ဒါ နှစ်ခုဖြစ်အောင် ပုံဖော် တွန့်ကွေးနေတာကို မြင်လိုက်ရတယ်။
"နင် ဘာလုပ်နေတာလဲ" သူမက သူ့ကို မေးလိုက်တယ်။
မိုက်ကယ်က ပြုံးလိုက်တယ်။ "ဒါတွေကို လျှပ်ခေါင်းတွေလို့ ခေါ်တယ်"
အဲဒီ လျှပ်ခေါင်းတွေ ပြီးသွားတာနဲ့ သူ နောက်ထပ် ပါဝင်ပစ္စည်း နှစ်ခုပဲ လိုတော့တယ်။ တစ်ခုက ရေ ဖြစ်ပြီး ရိုးရှင်းတဲ့ ရေလုံးမန္တန် ကနေတစ်ဆင့် အလွယ်တကူ လုပ်ဆောင်နိုင်ခဲ့တယ်။
နောက်တစ်ခုကတော့ အက်ဆစ်ရည် ဖြစ်ပြီး မြေတူးတီကောင်ကြီးရဲ့ အစာအိမ်ထဲမှာ အများကြီး ရှိနေပါတယ်။
ဒီလိုနဲ့ အဲဒီအရာတွေ အားလုံးကို ပေါင်းစပ်လိုက်ပြီး မိုက်ကယ်ဟာ လောလောဆယ် အသက်ရှူလို့ရမယ့် အောက်စီဂျင်ကို ထုတ်လုပ်ပေးနိုင်တဲ့ ယာယီ ရေလျှပ်ခွဲစနစ်တစ်ခုကို ဖန်တီးနိုင်ခဲ့တယ်။
သူက သစ်သားကို သုံးပြီး ရိုးရှင်းတဲ့ အသက်ရှူမျက်နှာဖုံးတစ်ခု လုပ်လိုက်ကာ သစ်ရွက်ပိုက်တွေကနေတစ်ဆင့် သတ္တုကန်နဲ့ ချိတ်ဆက်လိုက်တယ်။
အဲဒီ သတ္တုကန်ထဲမှာ ရေလျှပ်ခွဲတဲ့ ကိရိယာ ပါဝင်တာကြောင့် မျက်နှာဖုံးကို သုံးပြီး အသက်ရှူနိုင်တဲ့ အောက်စီဂျင်ဓာတ်ငွေ့တွေ ပြည့်နေစေတာပေါ့။
"ရော့ ဒါကို တပ်ကြည့်လိုက်ဦး" သူက သူမဘက်ကို ကိုင်းညွတ်ရင်း ပြောလိုက်တယ်။
"နင် ဘာလုပ်---"
ရိန်နာဟာ ပျာပျာသလဲ ဖြစ်သွားပြီး မိုက်ကယ်ရဲ့ မျက်နှာဖုံးဆီကနေ မရှောင်နိုင် ဖြစ်သွားခဲ့ရတယ်။
"အသက်ရှူသွင်း..."
သူမကို မျက်နှာဖုံး ဘယ်လိုသုံးရမလဲဆိုတာ သူ လမ်းညွှန်ပေးနေပေမဲ့ သူမရဲ့ အတွေးတွေထဲမှာ ကိုယ့်ဘာသာကိုယ် အငြင်းပွားမှုတွေ ပြည့်နှက်နေတာကြောင့် သူ ဘာပြောဖို့ ကြိုးစားနေလဲဆိုတာကို သူမ သေချာ မခွဲခြားနိုင် ဖြစ်နေတယ်။
သူမဟာ ဒီအချိန်တစ်လျှောက်လုံး သူမအဖေ ပြောနေခဲ့တဲ့ စကားတွေကို ငြင်းပယ်ဖို့ ကြိုးစားနေတာပါ။
နောက်ဆုံးတော့ သူမ တောင့်မခံနိုင်တော့ဘဲ ပင်ကိုယ်သိစိတ်အတိုင်း အသက်ကို ဝဝရှူသွင်းလိုက်တယ်။
မျက်နှာဖုံးထဲက သန့်ရှင်းလတ်ဆတ်တဲ့ လေကို ခံစားလိုက်ရတာနဲ့တစ်ပြိုင်နက် သူမရဲ့ ခေါင်းက ချက်ချင်း ကြည်လင်သွားခဲ့တယ်။ အချိန်အတော်ကြာမှ ပထမဆုံးအကြိမ် သတိ ပြန်ရလာသလိုမျိုးပါပဲ။
အခုတော့ သူမက မျက်နှာဖုံးကို ကိုယ်တိုင် ကိုင်ထားပြီး ဆက်တိုက် ရှူသွင်းနေမိတော့တယ်။
"ရှူသွင်း... ဒါက ဘာကြီးလဲ... ရှူသွင်း..."
"ဒါကို အောက်စီဂျင်မျက်နှာဖုံးလို့ ခေါ်တယ်။ ဒီနေရာထဲမှာ မင်း ဒီလောက် ခေါင်းမူးနေရတဲ့ အကြောင်းရင်းက အောက်စီဂျင် လုံလောက်အောင် မရှိလို့ပဲ။ အဲဒီ သတ္တုကန်ရှိရင် မင်း အသက်ရှူဖို့ ဘာပြဿနာမှ ရှိမှာ မဟုတ်တော့ဘူး"
"တစ်ခါတလေ သူတစ်ပါးဆီက အကူအညီတောင်းတာက ဘာမှမဖြစ်ပါဘူး။ အဲဒါက မင်းရဲ့ လက်ရှိ အမျိုးသမီးတစ်ယောက် ဂုဏ်သိက္ခာကို လျော့ကျမသွားစေပါဘူး" သူက သူမကို ပြောလိုက်တယ်။
မိုက်ကယ် ဘာအကြောင်း ပြောနေလဲဆိုတာ ရိန်နာ မသိပေမဲ့ ရလဒ်ကတော့ ရှင်းနေတာပဲ။ သူမ ဘယ်အချိန်မှာမဆို မေ့လဲတော့မလို ခံစားချက်မျိုး မရှိတော့ဘူး။
သူမဟာ မိုက်ကယ်ကို အံ့ဩတကြီးနဲ့ မကြည့်ဘဲ မနေနိုင်ခဲ့ပါဘူး။ သူက ဒြပ်စင်လေးခုကို တစ်ပြိုင်နက် ထိန်းချုပ်နိုင်တဲ့ မှော်အတတ်ပညာရပ်မှာ ပါရမီရှင်တစ်ဦး ဖြစ်ရုံတင်မကဘဲ တီထွင်ဖန်တီးမှုနဲ့ ဆန်းသစ်မှုအပိုင်းမှာလည်း ပါရမီရှင်တစ်ဦး ဖြစ်နေတာပဲ။ ကန့်သတ်ထားတဲ့ ပစ္စည်းပမာဏအနည်းငယ်လေးနဲ့တင် ဒီလို လူနေမှုဘဝကို ပြောင်းလဲစေနိုင်တဲ့ စက်ပစ္စည်းမျိုးကိုတောင် သူ လုပ်ဆောင်နိုင်ခဲ့တယ်လေ။
"ဒီအရာက ကုန်းမြင့်ဒေသမှာ နေထိုင်တဲ့ လူတွေအတွက် တကယ်ကို အသုံးဝင်တယ်။ သူတို့ အောက်စီဂျင် ပြတ်လတ်မှု မဖြစ်စေဖို့ အနာဂတ်မှာ သူတို့အတွက် ထုတ်ကုန်အသစ်တစ်ခု ငါ ဖန်တီးဦးမှာပါ" သူက သူ့ရဲ့ စိတ်ကူးတွေကို ရုတ်တရက် ထုတ်ပြောလိုက်တယ်။
"ဒါက အံ့ဩစရာပဲ... နင် တကယ် တော်တာပဲ" သူမက တိုးတိုးလေး ရေရွတ်လိုက်တယ်။
"ကျေးဇူးပဲ။ ကဲ... ငါ ဟိုးအပြင်ဘက်မှာ တစ်ခုခု သွားရှာနေတုန်း မင်း ဒီမှာပဲ နေခဲ့လို့ ရတယ်"
ရိန်နာက သူ့လက်မောင်းကို ချက်ချင်း လှမ်းဆွဲလိုက်တယ်။ "နင် ဘာတွေ ပြောနေတာလဲ။ ငါလည်း နင်နဲ့အတူ လိုက်ချင်တယ်"
မိုက်ကယ်က တစ်ယောက်တည်း သွားဖို့ စဉ်းစားခဲ့ပေမဲ့ သူ့ကို ကူညီပေးမယ့် အဖော်တစ်ယောက် ဘေးမှာ ရှိနေတာကလည်း မဆိုးပါဘူး။ "မင်း သေချာလို့လား။ ဒီမှာနေတာက ပိုပြီး ဘေးကင်းလိမ့်မယ်လို့ ငါ ထင်တယ်"
ဒါပေမဲ့ သူ ဘာပဲပြောပြော သူမကတော့ ဆုံးဖြတ်ချက် ပြတ်သားနေခဲ့တယ်။
"မင်းက ငါရဲ့ မဟာမိတ်လည်း မလုပ်ချင်ဘူး၊ သူငယ်ချင်းလည်း မဖြစ်ချင်ဘူးလို့ ငါ ထင်ထားတာ။ ဘာက မင်းရဲ့ စိတ်ကူးကို ပြောင်းလဲစေလိုက်တာလဲ။ ငါက အခု ပိုပြီး လန်းသွားတယ်လို့ မင်း ထင်လို့လား" သူက ပြက်လုံးထုတ်ရင်း မေးလိုက်တယ်။
"ဘာကြီး... မ... မဟုတ်ပါဘူး"
ရိန်နာဟာ အောက်စီဂျင်မျက်နှာဖုံးကို ပိုပြီး မြန်မြန်ဆန်ဆန် ရှူသွင်းမိသွားတယ်။
"စိတ်အေးအေးထားပါ၊ ငါ နောက်လိုက်တာပါ။ သွားကြစို့"
သူက မြေတူးတီကောင်ကြီး အစာအိမ်ရဲ့ လွင့်မျောနေတဲ့ ကျွန်းငယ်အမျိုးမျိုးဆီကို စတင် ခုန်ကူးသွားခဲ့တယ်။ ရိန်နာက သစ်သားမျက်နှာဖုံးကို သူမပါးစပ်နား ကပ်ကိုင်ထားရင်း သူ့နောက်ကနေ ထပ်ချပ်မကွာ လိုက်ပါလာခဲ့တယ်။
နောက်ဆုံးတော့ သူတို့ဟာ မြေတူးတီကောင်ကြီးရဲ့ အစာအိမ်ထဲမှာ တောင်ငယ်တစ်လုံးလောက် ကြီးမားတဲ့ ဧရာမ အမှိုက်ပုံကြီးဆီ ရောက်ရှိသွားကြတယ်။ အဲဒါက မြေတူးတီကောင်ကြီး သူ့သက်တမ်းတစ်လျှောက် မျိုချခဲ့တဲ့ အနည်းငယ် ဆွေးမြည့်နေတဲ့ သစ်သားတွေ၊ မြေကြီးတွေနဲ့ အခြား သဘာဝ ပါဝင်ပစ္စည်းတွေနဲ့ ဖွဲ့စည်းထားတာပါ။ မြေတူးတီကောင်ကြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မျိုချခဲ့ပုံရတဲ့ သံချပ်ကာ အပိုင်းအစတချို့၊ အဝတ်အစားတွေနဲ့ လက်နက်တွေလည်း အနည်းငယ် ရှိနေသေးတယ်။
ဒီလို အမှိုက်ပုံကြီး ရှိနေလင့်ကစား မိုက်ကယ်က ဒီတောင်ကြီးကို ကြည့်လိုက်တဲ့အခါ သူ့နှလုံးသားထဲက ခေါ်သံက ပိုပြီး နက်ရှိုင်းလာတာကို ခံစားလိုက်ရတယ်။
ဒီမှာ ရှိနေတာပဲ။
သူက အမှိုက်ပုံဆီကို အမြန် ပြေးသွားပြီး စတင် မွှေနှောက်ရှာဖွေတော့တယ်။
"နင် ဘာကို ရှာဖို့ ကြိုးစားနေတာလဲ" ရိန်နာက သူ့ကို မေးလိုက်တယ်။ သူမအနေနဲ့ လုပ်စရာမလိုဘဲနဲ့တောင် လက်တွေကို အညစ်အကြေး ပေကျံခံပြီး မိုက်ကယ် ရှာဖို့ ကြိုးစားနေတဲ့ အရာက ဘာပဲဖြစ်ဖြစ် ဝိုင်းကူရှာဖွေပေးခဲ့တယ်။
နီးနေပြီ။
သူက မျက်လုံးတွေကို မှိတ်လိုက်ပြီး အဲဒီအရာရှိတဲ့ တည်နေရာကို သူ့ခန္ဓာကိုယ်ကနေတစ်ဆင့် ခံစားသိရှိစေလိုက်တယ်။ သူ့ရဲ့ အာရုံစူးစိုက်မှုကို အပြည့်အဝ ထိန်းထားရင်း ခန္ဓာကိုယ်ကို အဲဒီအရာဆီ ဦးတည် လှုပ်ရှားစေလိုက်တယ်။
မှော်ပညာကို သုံးပြီး သူက ဆွေးမြည့်နေတဲ့ သစ်သားနဲ့ မြေကြီး ကီလိုဂရမ် ထောင်ပေါင်းများစွာကို ဖယ်ရှားလိုက်တယ်။ ဒါပေမဲ့လည်း အမှိုက်ပုံရဲ့ ထုထည်ကြီးမားမှုကြောင့် ရှာဖွေဖို့ နေရာတွေ အများကြီး ကျန်ရှိနေသေးတယ်လေ။
နောက်ဆုံးတော့ သူ တစ်ခုခုကို ရှာတွေ့သွားခဲ့တယ်။
ခပ်လှမ်းလှမ်း မြေကြီးထဲကနေ တစ်ခုခု ပြူးထွက်နေတာကို သူ မြင်လိုက်ရတယ်။ အဲဒီအရာရဲ့ ထူးခြားတဲ့ အဖြူရောင်ကြောင့် ဒီတောင်ငယ်ကို ဖွဲ့စည်းထားတဲ့ အမည်းရောင်နဲ့ အညိုရောင် ဆွေးမြည့်အမှိုက်တွေကြားထဲမှာ အလွယ်တကူ သတိထားမိစေခဲ့တာပဲ။
သူက အဲဒါကို အမြန် ကောက်ယူလိုက်ပြီး ဘေးပတ်ပတ်လည်က မြေကြီးတွေကို ဖုန်ခါလိုက်တယ်။
အဲဒါက မှုတ်ရတဲ့ နေရာတစ်ခု ပါဝင်ပြီး ဘောင်တစ်လျှောက်မှာ ညီတူညီမျှ ကွာဝေးတဲ့ အပေါက် အပြည့်ပါတဲ့ ဘဲဥပုံ သဏ္ဌာန် အရာတစ်ခု ဖြစ်တယ်။
သူက အဲဒါကို အိုကာရီနာ လို့ မှတ်မိလိုက်တယ်။
(TR Note: Ocarina အိုကာရီနာ လို့ခေါ်တဲ့ The Legend of Zelda ဂိမ်းထဲမှာပါတဲ့ ပုလွေတစ်မျိုး)
တူရိယာတစ်ခုလား။ အဲဒါက သူ့ကို ခေါ်နေခဲ့တာလား။
ဒါပေမဲ့ အနီးကပ် ပိုပြီး စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ ဒါက ရိုးရှင်းတဲ့ တူရိယာတစ်ခုတင် မဟုတ်ဘူးဆိုတာ သူ သဘောပေါက်သွားတယ်။ ဒါက မီသရယ် မှော်ဝင်ပစ္စည်း တစ်ခုပဲ။
အတိတ်ကာလရဲ့ ဒီလို ထူးခြားတဲ့ အကြွင်းအကျန်မျိုးကို တွေ့ရလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။
ဒါက မြေတူးတီကောင်ကြီးရဲ့ သက်တမ်းက နှစ်ပေါင်း ထောင်ချီနေပြီဆိုတဲ့ အဓိပ္ပာယ်လား။
ဒါမှမဟုတ်လည်း အိုကာရီနာက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ ခေတ်သစ်လူသားတစ်ယောက် ချန်ထားခဲ့တာလည်း ဖြစ်နိုင်တာပေါ့။
ဒါက ဘာလုပ်နိုင်လို့လဲ။
သူ့ရဲ့ စုစူးစမ်းစမ်း စိတ်ကြောင့် မှုတ်ရမယ့် နေရာကို ဖြည်းဖြည်းကလေး မှုတ်ကြည့်လိုက်မိတယ်။
သူက ဂီတတူရိယာတွေ တီးမှုတ်တဲ့နေရာမှာ မကျွမ်းကျင်မှန်း သိနေပေမဲ့လည်း အဲဒါကို မှုတ်လိုက်တဲ့အခါ တစ်စုံတစ်ခုသော အသံ ထွက်လာလိမ့်မယ်လို့တော့ မျှော်လင့်ထားခဲ့တာပဲ။
ဒါပေမဲ့ အစားထွက်လာတာက ဘာသံမှ မရှိဘဲ တိတ်ဆိတ်နေမှု သက်သက်ပါပဲ။
ဒါ ပျက်စီးသွားပြီ ထင်တယ်...
ဒါပေမဲ့ အဲဒီ အချိန်မှာတင် မြေတူးတီကောင်ကြီး တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ခါသွားခဲ့တော့တယ်။
* * * * * * * *
စာစဉ်(၄၆)