အခန်း ၅၄၈
Vol. 46 Ch. 548
အခန်း(၅၄၈)
ဧရာမမြေတူးတီကောင်ကြီး ကြောင့် ဖြစ်ရတဲ့ ငလျင်လှုပ်ခတ်မှုတွေက ဆိုးရွားလှတယ်ဆိုရင် အဲဒီလောက်ကောင်ရဲ့ ဗိုက်ထဲက ငလျင်လှုပ်ခတ်မှုတွေကတော့ ပိုလို့တောင် ဆိုးပါသေးတယ်။
မိုက်ကယ် ဆိုရင် တော်တော်နဲ့ မဖြစ်ဖူးဘဲ ခြေလှမ်းတောင် ခိုင်အောင် မနည်းထိန်းလိုက်ရတယ်။
"ဘာတွေ ဖြစ်နေတာလဲ" ရိန်နာ က ပျာပျာသလဲ မေးလိုက်တယ်။
"မြေတူးတီကောင်ကြီး ရွေ့နေပြီ"
သူပြောတဲ့အတိုင်းပါပဲ။ စက္ကန့်ပိုင်းအတွင်း ကီလိုမီတာ သုည ကနေ တစ်ရာအထိ အရှိန်တင်မောင်းနှင်လိုက်တဲ့ ကားတစ်စီးပေါ် ရောက်သွားသလိုမျိုး သူတို့ကို ရှေ့ဆီ တွန်းပို့လိုက်တဲ့ ပြင်းထန်လွန်းတဲ့ တွန်းအားကြီးတစ်ခုကို သူတို့ ခံစားလိုက်ရတယ်။ အရှိန်အဟုန်ကြောင့် သူ့အပါအဝင် အရာအားလုံးဟာ နောက်ဘက်ကို လွင့်စင်ပြီး လောက်ကောင်ရဲ့ အစာခြေလမ်းကြောင်းအတိုင်း အပေါ်ဘက်ကို ဆန်တက်သွားပါတော့တယ်။
"မြဲမြဲကိုင်ထား" လေထဲ လွင့်ထွက်သွားတဲ့ ရိန်နာ ကို လှမ်းဖမ်းပြီး သူ့အနား ဆွဲကပ်ထားရင်း သူက လှမ်းပြောလိုက်တယ်။
သူ့ရဲ့ အကြွင်းမဲ့သဟဇာတအကာအကွယ်က သူတို့လိုပဲ အမြန်နှုန်းမြင့် ရထားတစ်စင်းရဲ့ အရှိန်မျိုးနဲ့ လွင့်ထွက်လာတဲ့ အပျက်အစီး အပိုင်းအစတွေရဲ့ အန္တရာယ်ကနေ သူတို့ကို ကာကွယ်ပေးပါလိမ့်မယ်။
နောက်ဆုံးတော့ အဝေးဆီမှာ နေရောင်ခြည်တွေ တဖြာဖြာ ကျနေတဲ့ အပေါက်ဝအကြီးကြီးတစ်ခုကို သူ မြင်လိုက်ရတယ်။
မြေတူးတီကောင်ကြီးက မြေပြင်ပေါ်ကို ဖောက်ထွက်ပြီး လွန်ခဲ့တဲ့ နာရီအနည်းငယ်က စားထားသမျှတွေကို အန်ထုတ်ပစ်လိုက်တဲ့အခါ သူတို့ကိုပါ ပါးစပ်ထဲကနေ အရှိန်နဲ့ မှုတ်ထုတ်လိုက်တာမို့ သူ ကြိုတင်ပြင်ဆင်ပြီး အားမွေးထားလိုက်တယ်။
မိုက်ကယ် နဲ့ ရိန်နာ တို့ဟာ လေထဲမှာ လွင့်ဝဲသွားပြီး သူတို့နောက်ကနေ လောက်ကောင်ရဲ့ အစာအိမ်အက်ဆစ်တွေကလည်း ထက်ကြပ်မကွာ လိုက်ပါလာတယ်။
အခုဆို လေထုထဲမှာ မှော်စွမ်းအင် တွေ အပြည့်အဝ ပြန်ရနေပြီမို့ သူက ရိန်နာ နဲ့ သူ့ကို အန္တရာယ်ကင်းရာဆီ ရွှေ့ပြောင်းဖို့ အရိပ်တယ်လီပို့စွမ်းရည်ကို ချက်ချင်း အသုံးချလိုက်ပါတယ်။
လောက်ကောင်ရဲ့ ပါးစပ်ထဲကနေ ဧရာမ ကျောက်တုံးကြီးတစ်တုံး အရှိန်နဲ့ ထွက်လာတဲ့ အချိန်မှာပဲ ကြီးမားတဲ့ အရိပ်တစ်ခုက သူတို့နှစ်ယောက်လုံးကို လွှမ်းခြုံသွားပြီး ခိုင်မာတဲ့ မြေပြင်ပေါ်ဆီ ပြန်လည်ပို့ဆောင်ပေးလိုက်တယ်။
မိုက်ကယ် မြေပြင်ပေါ် လဲကျသွားတဲ့အခါ ရိန်နာ က သူ့အပေါ်ကနေ ဆင့်လျက်သား လဲကျလာပြီး ဘေးကင်းဖို့အတွက် သူ့အကျီကို မြဲမြဲကြီး ဆုပ်ကိုင်ထားတုန်းပဲ။
"အင်း... အခု အဆင်ပြေသွားပြီ"
ရိန်နာ က မျက်လုံးဖွင့်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်မှ သူတို့ မြေတူးတီကောင်ကြီးထဲကနေ ရုန်းထွက်နိုင်ခဲ့ပြီး မြေပြင်ပေါ် ပြန်ရောက်နေပြီဆိုတာ သတိထားမိသွားတယ်။
"နင် လုပ်နိုင်ခဲ့တာပဲ" သူမက ဝမ်းသာအားရ ရေရွတ်ရင်း မိုက်ကယ် ကို ပြုံးပြလိုက်မိပြီးမှ သူက သူ့အပေါ် တည့်တည့်ကြီး ရောက်နေတုန်းပဲဆိုတာကို သတိပြုမိသွားတယ်။
လည်ပင်းကနေ နဖူးအထိ သူမရဲ့ မျက်နှာတစ်ခုလုံး ခရမ်းချဉ်သီးလို ရဲခနဲ နီမြန်းသွားပါတော့တယ်။ တစ်ကိုယ်လုံးလည်း အပူရှိန်တွေ တက်လာလွန်းလို့ ခေါင်းကနေတောင် အငွေ့တွေ ထွက်မတတ် ဖြစ်လာရတယ်။
ပြီးတော့ နောက်ဆုံးမှာတော့ ဖိအားတွေ အကုန် ပေါက်ကွဲထွက်သွားသလိုမျိုး ရိန်နာ ဟာ ဗုန်းခနဲ ပျောက်ကွယ်သွားပြီး သစ်ပင်တစ်ပင်ရဲ့ အကွယ်မှာ မျက်နှာကြီး နီမြန်းလျက်သားနဲ့ ပြန်ပေါ်လာတယ်။
မိုက်ကယ် ကတော့ လေထုထဲမှာ အောက်ဆီဂျင်တွေ ဒီလောက် အပြည့်အဝ ရှိနေပါရက်နဲ့ သူမ ဘာလို့ ဒီလောက်အထိ ထူးထူးဆန်းဆန်း ဖြစ်နေရတာလဲဆိုပြီး တွေးတောရင်း မတ်တပ်ရပ်လိုက်တယ်။
"ဂရူးးးး"
သူ့အနေနဲ့ ဧရာမမြေတူးတီကောင်ကြီး ကြီးဆီကနေ အသံသြသြနဲ့ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာတာကို ကြားလိုက်ရတယ်။ သူ သေသေချာချာ ကြည့်မိသလောက်ဆိုရင် အဲဒီမြေတူးတီကောင်ကြီး ဟိန်းဟောက်နေတဲ့အချိန်မှာ သူ့ကို တည့်တည့်ကြီး စိုက်ကြည့်နေသလိုပါပဲ။
စက္ကန့်ပိုင်းအကြာမှာတော့ မြေတူးတီကောင်ကြီးဟာ ကိုယ်ကိုလှည့်ပြီး မြေအောက်ထဲကို ပြန်လည် ငုပ်လျှိုးကွယ်ပျောက်သွားတယ်။
အိုကာရီနာ ကြောင့်များလား။
သူက အိတ်ထဲကနေ အိုကာရီနာကို ထုတ်ပြီး သာမန်အလင်းရောင်အောက်မှာ သေသေချာချာ အကဲခတ်ကြည့်လိုက်တယ်။ ဒါကို သူ မှုတ်လိုက်တဲ့အချိန်ကျမှ မြေတူးတီကောင်ကြီးက သူတို့ကို အန်ထုတ်ချင်စိတ် ရုတ်တရက် ပေါ်လာတာမို့ ဒါက တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်နိုင်ပါဘူး။
ဒါပေမဲ့လည်း ဒီတူရိယာထဲမှာ ဘယ်လိုမှော်စွမ်းအားမျိုးမှ ကိန်းအောင်းနေတာကို မတွေ့ရတာမို့ မြေတူးတီကောင်ကြီးဆီကနေ ဘာဖြစ်လို့ ဒီလိုမျိုး တုံ့ပြန်မှု ထွက်လာရတာလဲဆိုတာကို သူ စဉ်းစားလို့ မရအောင် ဖြစ်နေရတယ်။
'လောလောဆယ်တော့ ဒါကို ငါ့ဆီမှာပဲ သိမ်းထားလိုက်ရုံပဲ ရှိတာပေါ့'
ပြီးနောက် သူက စိတ်ငြိမ်သွားတဲ့ပုံ ပေါ်နေပြီဖြစ်တဲ့ ရိန်နာ ဘက်ကို လှည့်ကြည့်လိုက်တယ်။
"ဒါနဲ့... ငါတို့ အခု ဘာဆက်လုပ်ကြမလဲ"
ရိန်နာ က ချောင်းတစ်ချက် ဟန့်လိုက်ပြီး "လောလောဆယ်တော့ ငါတို့ လမ်းခွဲကြရင် ကောင်းမယ် ထင်တယ်။ နင့်ကို နောက်ခါ ပြန်တိုက်ဖို့ မကြိုးစားတော့ဘူးလို့ ငါ ကတိပေးပါတယ်။ ငါ့အဖွဲ့ဝင်တွေ သော့တွေ ရလာမယ့်အချိန်ကိုပဲ စောင့်နေလိုက်တော့မယ်" လို့ ပြောတယ်။
အမှန်တော့ သူမ မိုက်ကယ် နဲ့ လမ်းခွဲချင်ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ သူ့ကို ပိုပြီး သဘောကျမိသွားမှာကို စိုးရိမ်နေလို့ပါပဲ။
ဒါမျိုးကတော့ မဖြစ်သင့်ဘူးလေ။ ဘာပဲပြောပြော သူတို့က ဒီလေလံပွဲမှာ ပြိုင်ဘက်တွေ ဖြစ်နေကြတုန်းပဲဥစ္စာ။
"ဒါဆိုလည်း နှုတ်ဆက်ခဲ့ပါတယ်" မိုက်ကယ် က သူမကို ပြောလိုက်တယ်။
ရိန်နာ နဲ့ မဟာမိတ်မဖွဲ့ဖြစ်တာကို သူ စိတ်ထဲမထားပါဘူး။ ဘာလို့လဲဆိုတော့ ဒါမှပဲ သူ့ရဲ့ ဒရုန်း ကို လွတ်လွတ်လပ်လပ် အသုံးချနိုင်မှာမို့လို့ပါ။
ဒရုန်း အမြင်အာရုံကို သုံးပြီး မြေပုံတစ်ခုလုံးကို အပေါ်စီးကနေ ငေးကြည့်နေရတဲ့အခါ သူ့စိတ်ထဲ ပိုပြီး ဘဝင်ကျလှပါတယ်။ အဲဒီလိုဆိုရင် အရာအားလုံးကို တတိယလူ အမြင်မျိုးနဲ့ မြင်ကွင်းကျယ် ကြည့်နိုင်တာပေါ့။
ဒါ့အပြင် ဂိမ်းထဲက အခြားကစားသမားတွေကိုလည်း သူ ချောင်းမြောင်းကြည့်ချင်ပါသေးတယ်။ အခုအချိန်ဆိုရင် သူနဲ့ ရိန်နာ တို့ ဖြစ်ခဲ့ကြသလိုမျိုး တိုက်ပွဲတွေ ဒါမှမဟုတ် ထိပ်တိုက်တွေ့မှုတွေ ရှိနေလောက်ပြီလေ။ သူတို့တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ပြင်ဆင်ထားနိုင်ဖို့အတွက် သူတို့ရဲ့ စွမ်းရည် ကို အကဲခတ်ပြီး ကြိုတင်စီစဉ်ထားနိုင်မယ်လို့ သူ မျှော်လင့်နေမိတယ်။
သူက ဒါတွေကို တွေးတောနေတုန်းမှာပဲ ရိန်နာ က သူ့ဆီကနေ ဖြည်းဖြည်းချင်း လှည့်ထွက်သွားပါတော့တယ်။
လမ်းခွဲဖို့ သူမကိုယ်တိုင် အဆိုပြုခဲ့တာ ဖြစ်ပေမဲ့လည်း မိုက်ကယ် ဘက်ကို တလှည့်ပြန်ကြည့်ဖို့ သူမ စိတ်ကို မထိန်းနိုင်ဖြစ်နေရတယ်။
အခုထိတိုင်အောင် သူမဟာ သူ့အနားမှာပဲ ကပ်နေရမလား ဒါမှမဟုတ် ကိုယ့်ဘာသာပဲ ဆက်သွားရမလားဆိုတာကို ဝေခွဲမရဘဲ တုံ့ဆိုင်းနေတုန်းပဲ။
တစ်ဖက်ကကြည့်ရင် မိုက်ကယ် နဲ့ တွဲလိုက်မယ်ဆိုရင် အခြားသူတွေထက်စာရင် ပစ္စည်းတွေ ရရှိဖို့ အခွင့်အရေး ပိုများတာပေါ့။
ပြီးတော့ ဘိုး လို လူမျိုးကို အနိုင်ယူနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းဟာ သူမကို အုပ်စုဖွဲ့ တိုက်ခိုက်တာပဲ ဖြစ်လိမ့်မယ်လို့လည်း သူမ တွေးမိပါသေးတယ်။
ဒါပေမဲ့လည်း သူမရဲ့ ခေါင်းမာမှုကြောင့်ပဲ မိုက်ကယ် နဲ့ လမ်းခွဲပြီး ရှေ့ကိုပဲ ဇွတ်ဆက်လျှောက်သွားမိပါတော့တယ်။
တစ်ဖက်မှာတော့ မိုက်ကယ် တစ်ယောက်တည်း ကျန်ရစ်ခဲ့တဲ့အချိန်မှာ တောအုပ်ရဲ့ ဆိတ်ငြိမ်တဲ့ ထောင့်တစ်နေရာမှာ ထိုင်လိုက်ပြီး သူ့ရဲ့ ဒရုန်း ကို နောက်တစ်ကြိမ် ပြန်ထုတ်လိုက်တယ်။
ခလုတ်ကို အသာလေး နှိပ်လိုက်ရုံနဲ့ ဘူးကလေး ပွင့်ထွက်လာပြီး ဒရုန်း အမြင်အာရုံအတွက် မျက်မှန်ကို သူ တပ်ဆင်လိုက်ပါတယ်။
တပ်ဆင်ပြီးသွားတာနဲ့ သူကိုယ်တိုင် ဒရုန်း ကို မောင်းနှင်နေရသလို ခံစားလိုက်ရတယ်။
ဒရုန်းကို အပေါ်ဘက် ကောင်းကင်ယံဆီ ပျံတက်ဖို့ သူ အမိန့်ပေးလိုက်တဲ့အခါ ပန်ကာတွေဟာ တဝုန်းဝုန်းနဲ့ လည်ပတ်သွားပါတော့တယ်။
သူက ပတ်ဝန်းကျင်နယ်မြေကို ချက်ချင်းပဲ ဝေ့ပတ်ကြည့်ရှုလိုက်တယ်။
မြေပုံအနှံ့မှာ တိုက်ပွဲဖြစ်ပွားထားတဲ့ အရိပ်အယောင်တွေကို သူ သတိထားမိလိုက်တယ်။ တောအုပ်ကြီး တစ်ပြင်လုံး ကတုံးတုံးထားသလို ကွင်းပြင်ကြီး ဖြစ်သွားတဲ့ နေရာအကျယ်ကြီးတွေလည်း ရှိနေတာပဲ။ လေထုထဲမှာ ကျန်ရစ်နေတဲ့ မှော်စွမ်းအင် အကြွင်းအကျန်တွေကြောင့် သူတို့ ဘယ်လောက်အထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြတယ်ဆိုတာကို သူ မြင်တွေ့နိုင်ပါတယ်။
ဒီလောက်အထိ ပြင်းထန်တဲ့ တန်ခိုး ကတော့ ရိုင်းဇင်းဆစ် ထဲမှာ အင်အားအကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ ဘိုး ဆီကပဲ ဖြစ်နိုင်ပါလိမ့်မယ်။
'ငါ လွတ်သွားပြီပဲ' လို့ သူ တွေးလိုက်မိတယ်။
သူမမှာ ဘယ်လို စွမ်းရည် မျိုး ရှိလဲဆိုတာကို သူ တကယ်ကို မြင်ဖူးချင်ခဲ့တာပါ။
နောက်တော့ သူက မြေပုံရဲ့ အခြားတစ်နေရာဆီ အကြည့်ကို ပို့လိုက်တယ်။ ဒီတစ်ကြိမ်မှာတော့ အလင်းဓာတ် မှော်စွမ်းအင် အမှတ်အသား နှစ်ခု ထိပ်တိုက်ရင်ဆိုင်နေကြတာကို သူ အထင်အရှား မြင်လိုက်ရပါတယ်။
'သူတို့ ချနေကြပြီပဲ...'
သူက ဒရုန်းကို သူတို့အနားဆီ ပိုတိုးကပ်လိုက်ပေမဲ့ ပန်ကာသံကို သူတို့ မကြားနိုင်လောက်မယ့် အကွာအဝေးမှာပဲ ရှိနေအောင် သတိထားထိန်းကျောင်းလိုက်တယ်။
သူတို့ခေါင်းပေါ် တည့်တည့်ကို ရောက်သွားတဲ့အခါကျမှ သူတို့ရဲ့ မျက်နှာတွေကို သူ သေသေချာချာ မြင်လိုက်ရတော့တယ်။
လူတစ်ယောက်က သားရေ ကောင်းဘွိုင်ဦးထုပ်ကို ဆောင်းထားပြီး လူမိုက်စတိုင် အပြည့် ရှိနေတယ်။ နောက်တစ်ယောက်ကတော့ ကာကီရောင် ဘောင်းဘီနဲ့ အကျီကို ဆင်တူ ဝတ်ဆင်ထားတာပါ။
'ငါ မှတ်မိသလောက်ဆိုရင် အဲဒီကောင်းဘွိုင်နာမည်က ရက်ပ်တာ ဖြစ်ပြီး ခရိုကိုဒိုင်းလယ်သာကုမ္ပဏီ က ဖြစ်မယ်။ ဒါဆိုရင် သူ့တစ်ဖက်ကလူက သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ အယ်လီဂေတာက အာလော့စ် ဖြစ်ရမှာပေါ့'
သူတို့နှစ်ယောက်ရဲ့ အနေအထားက တော်တော်လေး တင်းမာနေပြီး တစ်ယောက်ယောက်က စလိုက်တာနဲ့ ကမ္ဘာပျက်တော့မယ့်အတိုင်း အခြေအနေကို စောင့်ကြည့်နေကြသလိုပါပဲ။
သူတို့ချင်း အပြန်အလှန် တိုက်ခိုက်မိသွားအောင် သဟဇာတသေနတ် နဲ့ လှမ်းပစ်လိုက်ချင်စိတ်တောင် ပေါ်လာမိတယ်။ သူတို့နှစ်ယောက်လုံးက ရိုင်းဇင်းဆစ် ထဲမှာ အဆင့် သုံး နဲ့ လေး နေရာမှာ ရှိနေကြတာမို့ အချင်းချင်း သတ်ပြီး အပြတ်ရှင်းသွားကြရင် ပိုကောင်းတာပေါ့။
ဒါပေမဲ့ မိုက်ကယ် ဘယ်လောက်ပဲ စောင့်နေပါစေ သူတို့နှစ်ယောက်ကတော့ အခွင့်ကောင်းကို စောင့်နေကြသလိုမျိုး ငြိမ်သက်စွာပဲ မတ်တပ်ရပ်နေကြတုန်းပဲ။
အဲဒီနောက်မှာတော့ ရုတ်တရက်ဆိုသလို သူတို့နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း ခေါင်းလှည့်လိုက်ကြတယ်။
သူတို့က အဝေးက တစ်စုံတစ်ယောက်ကို စိုက်ကြည့်နေကြတာပါ။
သူတို့ ဘာကို ကြည့်နေတာလဲဆိုတာ သိရအောင် မိုက်ကယ် က သူ့ရဲ့ ဒရုန်း မြင်ကွင်းကို လှည့်ကြည့်လိုက်တယ်။
ကြည့်လိုက်တော့ သူတို့ စိုက်ကြည့်နေတဲ့သူက အခြားသူမဟုတ်ဘဲ သူတို့ရှိရာနယ်မြေထဲကို အမှတ်မထင် ရောက်ရှိလာတဲ့ ရိန်နာ ကိုယ်တိုင် ဖြစ်နေပါတော့တယ်။
* * * * * * * *
စာစဉ်(၄၆)