← Chapters

အခန်း ၅၄၉

Vol. 46 Ch. 549

အခန်း ၅၄၉

Vol. 46 Ch. 549

အခန်း(၅၄၉)

ဒီအတောအတွင်း အပေါ်စီးကနေ ငေးကြည့်နေတဲ့ ဘာနာဘီကတော့ ဂိမ်းထဲမှာ ဖြစ်ပျက်နေတဲ့ သုံးပွင့်ဆိုင် ထိပ်တိုက်တွေ့ဆုံမှုကို လက်ညှိုးထိုးပြလိုက်ပါတယ်။

“ကဲ... ကြည့်လိုက်ကြပါဦး မိဘပြည်သူတို့ရေ။ ရိန်နာတစ်ယောက် ရက်ပ်တာနဲ့ အာလော့စ်တို့ ထိပ်တိုက်တိုးနေတဲ့နေရာကို ဝုန်းခနဲ ရောက်သွားခဲ့ပြီဗျာ။ သူတို့ကုမ္ပဏီတွေရဲ့ သမိုင်းကြောင်းအရ ဒီကောင်တွေက ရေရှည်ရန်သူဟောင်းတွေဆိုတာ အားလုံးလည်း သိကြတဲ့အတိုင်းပါပဲ။ ဘယ်သူနိုင်မလဲဗျာ။ ခရိုကိုဒိုင်းက သူဟာ ထိပ်သီးအသားစားသတ္တဝါဆိုတာကို သက်သေပြသွားမလား။ ဒါမှမဟုတ် သူ့ရဲ့ ရန်ဘက် အယ်လီဂေတာကပဲ အပေါ်စီးကနေ အောင်ပွဲခံသွားမလား။ ဒါမှမဟုတ် အပြန်အလှန်တိုက်ပြီး အောက်ကလူ နိုင်သွားတာမျိုး မြင်ရမလားပေါ့။ ရိန်နာကိုယ်တိုင်လည်း သူမရဲ့ အနီရောင်ဖုန်မှုန့် စွမ်းရည်မျိုးစုံကို အသုံးချပြီး တခြား မက်ဂ်နက်တစ်တွေကို တော်တော်လေး ကိုင်တွယ်နိုင်စွမ်းရှိတယ်ဆိုတာ သက်သေပြထားပြီးသားလေ”

* * * * * * * *

ရိန်နာဟာ သူတို့ရဲ့ အကြည့်တွေက သူမဆီ တည့်တည့်ကျရောက်နေတာကို သတိပြုမိလိုက်ပြီး ချုံပုတ်ထဲကနေ ကွင်းပြင်အလယ်ဆီ ဖြည်းဖြည်းချင်း လျှောက်ထွက်လာခဲ့တယ်။ သူတို့ ဘာပဲလုပ်လုပ် ဝင်ရောက်စွက်ဖက်ဖို့ ရည်ရွယ်ချက်မရှိကြောင်း ပြသတဲ့အနေနဲ့ သူမရဲ့ လက်နှစ်ဖက်ကို အပေါ်မြှောက်ထားလိုက်တာပေါ့။

“ငါ ဒီအတိုင်း လမ်းကြုံလို့ ဖြတ်လျှောက်လာတာ။ နင်တို့ ရန်ဖြစ်နေတာကို မနှောင့်ယှက်ချင်ပါဘူး” လို့ သူမက ပြောလိုက်တယ်။

ပြီးတော့ ရောက်လာတဲ့ လမ်းအတိုင်း ပြန်ဆုတ်ဖို့ ရည်ရွယ်ပြီး သူတို့ဆီကနေ နောက်ပြန် ဖြည်းဖြည်းချင်း ဆုတ်ခွာလိုက်ပါတယ်။

ထိုလူနှစ်ယောက်က သူမကို ကြည့်ပြီး ပြုံးလိုက်ကြတယ်။

“အို... သွားစရာမလိုပါဘူး။ မင်းက ငါတို့ကို နှောင့်ယှက်နေတာမှ မဟုတ်တာ” လို့ ရက်ပ်တာက သူ့ရဲ့ ကောင်ဘွိုင်ဦးထုပ်ကို ပြင်ဆင်ရင်း ပြောလိုက်တယ်။

“အမှန်တော့ ငါတို့က မင်းကို လိုက်ရှာတော့မလို့ပဲ” လို့ အာလော့စ်က ဆိုပါတယ်။

ဒီအချိန်မှာပဲ အာလော့စ်ရဲ့ ကာကီရောင် ဘောင်းဘီတိုနဲ့ အင်္ကျီဟာ တစ်စက်ကလေးမှ မပေမပွဘဲ သန့်ရှင်းစင်ကြယ်နေတာကို ရိန်နာ သတိထားမိသွားတယ်။ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုကြောင့် စုတ်ပြဲနေတာမျိုးလည်း မရှိသလို ဖုန်တွေ၊ သွေးတွေလည်း ပေကျံမနေဘူး။ စွန်းထင်းမှု လုံးဝမရှိတာပဲ။

ဒါက သူမအတွက်တော့ ချက်ချင်းပဲ သံသယဝင်စရာ အချက်ပြမှုတစ်ခု ဖြစ်လာခဲ့တယ်။ ရက်ပ်တာနဲ့ အာလော့စ်တို့ တွေ့ကြပြီဆိုရင် အမြဲတမ်း တစ်ခုမဟုတ်တစ်ခု ထိပ်တိုက်တွေ့မှု ရှိတတ်တယ်ဆိုတာ သူမ သိနေတာပေါ့။ သူတို့က သွေးရင်းရန်သူတွေလေ။ တစ်ယောက်ကိုတစ်ယောက် အသာစီးရဖို့ အမြဲ ကြိုးစားနေကြသူတွေ။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ တစ်ခုခု ထူးခြားနေတယ်။ သူတို့က ရန်သူတွေလို တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်မနေကြဘူး။

သူတို့က သူမကို ရန်သူလို သဘောထားပြီး မျက်နှာချင်းဆိုင်လာကြတာ။

“နင်တို့... နင်တို့ ပူးပေါင်းလိုက်ကြပြီပေါ့” လို့ သူမ ရိပ်မိသွားတယ်။

ရက်ပ်တာက သူ့ရဲ့ ကောင်ဘွိုင်ဖိနပ်က ဒေါက်ချွန်လေးတွေ တဂျိဂျိနဲ့ အသံမြည်အောင် မြေကြီးကို ခြေထောက်နဲ့ တစ်ချက် ဆောင့်လိုက်တယ်။ “ကွက်တိပဲပေါ့”

ရိန်နာဟာ ခုခံကာကွယ်တဲ့အနေနဲ့ ချက်ချင်းပဲ ကိုယ်နေဟန်ထားကို နှိမ့်ချလိုက်တယ်။ ရန်သူဟောင်းနှစ်ယောက်က သူတို့ရဲ့ ပဋိပက္ခကို ဘေးဖယ်ပြီး ပူးပေါင်းလိုက်ကြတယ်ဆိုတာ ဘယ်လိုမှ ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလေ။

“မင်းသိတဲ့အတိုင်းပဲ ရိန်နာ။ ငါတို့တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေမယ့် ခွန်အားတွေကို တခြားသူတွေကို တိုက်ခိုက်တဲ့နေရာမှာပဲ အကုန်ပုံအောသုံးလိုက်ရင် ဝိညာဉ်ဆီ ရဖို့ အခွင့်အရေး ပိုများမယ်ဆိုတာ ငါတို့ သဘောပေါက်သွားလို့ပါ။ ငါတို့လည်း ဘိုးကို တစ်ယောက်တည်းနဲ့ ဘယ်လိုမှ မနိုင်နိုင်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား ဝန်ခံရမယ်လေ။ တစ်ခါတလေကျရင်တော့ အသင်းဖွဲ့ရတာပေါ့” လို့ အာလော့စ်က သားကောင်ကို မလန့်စေချင်ဘဲ ဖြည်းဖြည်းချင်း ချဉ်းကပ်သလိုမျိုး သူမဆီ သတိထားပြီး လျှောက်လာရင်း ပြောလိုက်တယ်။

ရိန်နာက လက်တွေကို နောက်ပစ်ထားပြီး သူမရဲ့ ဓါးတွေကို ဖြည်းဖြည်းချင်း လှမ်းကိုင်လိုက်တယ်။ သူမရဲ့ ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေသေးတဲ့ အနီရောင်ဖုန်မှုန့် အမှုန်အမွှားလေးတွေက အသုံးချဖို့ အသင့်ဖြစ်နေတဲ့ပုံစံနဲ့ လက်ဖဝါးတွေဆီ ဖြည်းဖြည်းချင်း စုစည်းလာတာပေါ့။

“အခုတော့ နင်တို့က ငါ့ကို ပြုတ်အောင် လုပ်ချင်နေတာပေါ့” လို့ သူမက သူတို့ကို ကြည့်ပြီး နှာခေါင်းရှုံ့ရင်း ပြောလိုက်တယ်။

ရက်ပ်တာက သူ့ရဲ့ ကောင်ဘွိုင်ဦးထုပ်ကို သူမဆီ အသာလေး ညွှတ်ပြလိုက်တယ်။ “မဟုတ်တာ မဟုတ်တာ၊ အခု အချိန်မှာတော့ မဟုတ်သေးပါဘူး။ ငါတို့ သိလာကြတာလည်း တော်တော်ကြာပြီပဲဟာ။ ငါတို့က ရီနေးတားက အဲဒီကောင်ကို အနိုင်ယူဖို့ စီစဉ်နေတာ။ အားနည်းတဲ့သူကနေ အရင်စတာ ပိုကောင်းတာပေါ့၊ သူ့ကို စော်ကားတာတော့ မဟုတ်ဘူးနော်”

အာလော့စ်ကလည်း သဘောတူပါတယ်။ “ဒါက ငါတို့ လုပ်နိုင်တဲ့ အကောင်းဆုံး အကွက်ပဲလေ။ အဲဒီကောင်အပေါ်မှာ ငါတို့ ဘာရန်ငြိုးမှ မရှိပါဘူး။ သူ လေလံပွဲမှာ လုပ်ပြသွားတာကိုတောင် ငါတို့ ချီးကျူးမိသေးတယ်။ ဒါပေမဲ့ လက်ခံလိုက်စမ်းပါ။ ဒါက ပြိုင်ပွဲလေ၊ မိတ်ဆုံစားပွဲမှ မဟုတ်တာ။ တစ်ယောက်ယောက်ကတော့ နည်းလမ်းတစ်ခုခုနဲ့ ပြုတ်သွားရမှာပဲ။ ပြီးတော့ ငါတို့ကတော့ အပြုတ်မခံချင်ဘူးလေ”

ရိန်နာဟာ သွားကြိတ်လိုက်မိတယ်။ သူတို့က မိုက်ကယ်ကို ပစ်မှတ်ထားနေကြတာကို သိတာကြောင့် သူမက မိုက်ကယ်ရှိတဲ့ ဘက်ဆီကို အကြည့်မရောက်အောင် ထိန်းထားလိုက်တယ်။

“ဒါဆိုရင်လည်း ငါ့ကို ထွက်သွားခွင့်ပေးလိုက်၊ နင်တို့ဘာသာ နင်တို့ နေကြတော့” လို့ သူမက လိမ်ညာပြီး ပြောလိုက်တယ်။ သူမက ပြန်သွားပြီး မိုက်ကယ်ကို သူတို့ ဘာစီစဉ်နေလဲဆိုတာ သတိပေးဖို့ ရည်ရွယ်ထားတာလေ။

“လုပ်မနေပါနဲ့ ရိန်နာရာ။ မင်း အဲဒီကောင်လေးနဲ့ တွေ့ခဲ့တာကို ငါတို့ သိပြီးသားပါ။ မင်း သူ့ကို တိုက်ခိုက်ခဲ့တာလည်း ငါတို့ သိတယ်။ အဲဒါကြောင့်ပဲ ငါတို့ ဒီနေရာကို ရောက်လာတာပေါ့” လို့ အာလော့စ်က ဝန်ခံလိုက်တယ်။

“သူ ဘယ်မှာလဲဆိုတာသာ ငါတို့ကို ပြောပြလိုက်၊ ဒါဆိုရင် မင်း လမ်းမင်း ဆက်သွားလို့ရပြီ”

သူမသာ မိုက်ကယ်ရှိတဲ့နေရာကို ပြောပြလိုက်ရင် ဒီဂိမ်းထဲမှာ ပိုပြီး အကြာကြီး ဆက်နေနိုင်မှာ ဖြစ်တယ်။ ဟိုဘက်အခြမ်းက သူမရဲ့ အသင်းဖော်က သော့ကို ရှာတွေ့ပြီး မှန်ကန်တဲ့နယ်မြေထဲက ဝိညာဉ်ဆီ တစ်ခုခုကို ယူခွင့်ရဖို့ အခွင့်အရေးတောင် ရှိလာနိုင်သေးတယ်။

ဒါက သူမ အလိုချင်ဆုံး အရာပဲလေ။ စပိုက်စ်ဗိုက်စ်ကို ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းထဲ ဝင်အောင် လုပ်ဖို့ ဘာမဆို လုပ်မယ်လို့ သူမကိုယ်သူမ ပြောခဲ့ဖူးတာပဲ။

ပြီးတော့ အဲဒီလိုလုပ်ဖို့ နည်းလမ်းက မိုက်ကယ်ကို သစ္စာဖောက်ရမှာ ဖြစ်တယ်။

‘ငါတို့က မဟာမိတ်တွေလို့တောင် မပြောရသေးတာပဲ၊ ဒါကြောင့် သူ့ကို သစ္စာဖောက်တာ မဟုတ်ပါဘူး’ လို့ သူမက အကြောင်းပြချက် ရှာနေမိတာပေါ့။

ဒါပေမဲ့ သူမ ဘယ်လိုပဲ တွေးတွေး၊ ခြေလှမ်းလှမ်းဖို့ ခန္ဓာကိုယ်က လှုပ်ရှားမလာခဲ့ဘူး။

ဒီအချိန်မှာပဲ မိုက်ကယ် တီကောင်ရဲ့ ဝမ်းဗိုက်ထဲတုန်းက သူမကို ပြောခဲ့တဲ့ စကားတွေကို ချက်ချင်း သတိရသွားတယ်။

‘လူတွေ စိတ်ချမ်းသာစေဖို့အတွက် ငါ ဒါကို လုပ်နေတာ...’

သူ့ရဲ့ စကားလုံးတွေက သူမရဲ့ စိတ်ထဲမှာ မိုးကြိုးပစ်ချလိုက်သလိုမျိုး ဖြစ်သွားခဲ့တယ်။ အမှန်တော့ သူမကော ဒါကို ဘာအတွက် လုပ်နေတာလဲ။

သူမဟာ ကွယ်လွန်သူ မိခင်ဖြစ်သူရဲ့ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ချက်ပြုတ်ခဲ့တဲ့ အမှတ်တရတွေကို တန်ဖိုးထားလို့သာ ဖခင်ဖြစ်သူရဲ့ ကုမ္ပဏီမှာ စတင်လုပ်ကိုင်ခဲ့တာ ဖြစ်တယ်။ အဲဒီလို အမွှေးအကြိုင်တွေနဲ့ ချက်ပြုတ်တဲ့အခါမှာ သူမ ခံစားခဲ့ရတဲ့ ပျော်ရွှင်မှုမျိုးကို တခြားလူတွေကိုလည်း ခံစားစေချင်ခဲ့လို့ပဲ။

ဒါက သူမ ဒါကို လုပ်နေရတဲ့ အကြောင်းရင်း ဖြစ်တယ်။

သူမဟာ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းထဲ ဝင်ချင်ရုံသက်သက်နဲ့ လုပ်နေတာ မဟုတ်ဘူး။ သူမရဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကတစ်ဆင့် ကမ္ဘာတစ်ဝန်းလုံးကို ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်မှုတွေ ပြန့်နှံ့သွားစေချင်ရုံတင်ပဲလေ။

ဒီလိုမျိုး စိတ်အမြင် ပွင့်လင်းသွားတာနဲ့တင် ရိန်နာဟာ သူမ ဘာလုပ်ရမလဲဆိုတာ သိသွားခဲ့ပါပြီ။

“စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ နင်တို့ အဲဒီလိုလုပ်ဖို့ ငါ ခွင့်မပြုနိုင်ဘူး”

ထိုလူနှစ်ယောက်က သူမကို ကြည့်ပြီး အံ့ဩသွားကြတယ်။ သူမက မိုက်ကယ်ရဲ့ တည်နေရာကို ပြောပြဖို့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူးလို့ သူတို့ ထင်ထားခဲ့တာလေ။

“အိုကေလေ” လို့ အာလော့စ်က သက်ပြင်းချလိုက်တယ်။ “ဒါဆိုရင် ငါတို့ဘာသာ ငါတို့ပဲ လိုက်ရှာတော့မယ်”

သူတို့နှစ်ယောက်ဟာ သူမနဲ့ မိုက်ကယ်တို့ လမ်းခွဲခဲ့တဲ့ ဘက်ဆီကို ဖြည်းဖြည်းချင်း လျှောက်သွားကြတယ်။

ပြီးတော့ သူမရဲ့ ဘေးကနေ ဖြတ်လျှောက်သွားတဲ့ အချိန်မှာပဲ သူတို့နှစ်ယောက်ဟာ ရုတ်တရက် ခြေလှမ်းတွေ တုန့်ခနဲ ရပ်တန့်သွားခဲ့တယ်။

“မင်း…… တကယ်ပဲလား” လို့ ရက်ပ်တာက သူ့ရဲ့ ကောင်ဘွိုင်ဦးထုပ်ကို ကိုင်ရင်း မေးလိုက်တယ်။ “မင်း တကယ်ပဲ ဒါကို လုပ်နေတာလား”

အာလော့စ်က သူ့ရဲ့ ခြေထောက်တွေကို ငုံ့ကြည့်လိုက်တဲ့အခါမှာတော့ အနီရောင်ဖုန်မှုန့် ကြိုးတစ်ချောင်းက သူ့ရဲ့ ခြေကျင်းဝတ်နားမှာ ကွင်းထိုးချည်နှောင်ထားပြီး သူ့ကို မလှုပ်ရှားနိုင်အောင် တားဆီးထားတာကို မြင်လိုက်ရတယ်။ အကယ်၍ သူသာ လှုပ်ရှားလိုက်ရင် သူ့ခြေထောက်တွေကို နှုတ်ဆက်လိုက်ရတော့မှာ ဖြစ်တယ်။

ရက်ပ်တာလည်း အလားတူ အခြေအနေမျိုးနဲ့ ကြုံတွေ့နေရတာကြောင့် သူတို့နှစ်ယောက်စလုံး မလွှဲမရှောင်သာ ရပ်တန့်သွားရတာပေါ့။

“မင်းသာ မသိချင်ယောင်ဆောင်ပြီး မင်းလမ်းမင်း တိတ်တိတ်ဆိတ်ဆိတ် သွားခဲ့ရင် ဒီဂိမ်းထဲမှာ နောက်ထပ် ခဏလောက် ဆက်ကစားလို့ ရဦးမှာပဲကို” လို့ အာလော့စ်က ခါးကနေ ကြိုးတစ်ချောင်းကို ထုတ်ပြီး လေထဲမှာ တဖြန်းဖြန်း မြည်အောင် ရိုက်ရင်း ပြောလိုက်တယ်။

ရက်ပ်တာက ကိုယ်ကို လှည့်ပြီး ရိန်နာကို မျက်နှာချင်းဆိုင်လိုက်တယ်။ “အမျိုးသမီးတစ်ယောက်ကို လက်ပါရတာ ငါ့ရဲ့ စတိုင်လ်တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒါက ပြိုင်ပွဲလေ။ အဲဒီတော့ မင်းရဲ့ ခွင့်လွှတ်မှုကို နောက်မှပဲ တောင်းပန်တော့မယ်နော် မမလေး”

ချက်ချင်းဆိုသလိုပဲ ဧရာမ အယ်လီဂေတာ ခေါင်းကြီးတစ်ခုရဲ့ ပုံရိပ်ယောင်က ရက်ပ်တာရဲ့ အပေါ်မှာ ပေါ်လာပြီး သူ့ရဲ့ သွားတွေကို ဖြဲပြကာ ဘာကိုမဆို ကိုက်ဖြတ်ဖို့ အသင့်ဖြစ်နေခဲ့တယ်။

သူ့ရဲ့ မီသရယ် မှော်ဝင်ပစ္စည်း သံမဏိလက်အိတ်တွေက အမှောင်ရောင် အစိမ်းဖျော့ မှော်စွမ်းအင်တွေနဲ့ တောက်ပလာပြီး သူက လက်နှစ်ဖက်လုံးကို အသုံးပြုကာ သူ့ခြေကျင်းဝတ်မှာ ချည်နှောင်ထားတဲ့ အနီရောင်ဖုန်မှုန့် ကြိုးကို ဖြတ်တောက်ပစ်လိုက်တယ်။

ခရိုကိုဒိုင်းရဲ့ မေးရိုးပုံရိပ်ယောင်က သူ့ရဲ့ လက်မောင်းတွေနဲ့ ထပ်တူကျသွားပြီး ကြိုးကို ကိုက်ဖြတ်လိုက်တာကြောင့် ချက်ချင်းပဲ ပြတ်တောက်သွားပြီး စင်ကြယ်တဲ့ အနီရောင်ဖုန်မှုန့် အမှုန်အမွှားတွေအဖြစ် လွင့်စင်သွားခဲ့တယ်။

သို့သော်လည်း ရက်ပ်တာရဲ့ သံမဏိလက်အိတ်တွေက နောက်ထပ်တစ်ကြိမ် ထပ်မံထိုးခွဲလိုက်တာကြောင့် အဲဒီ အနီရောင်ဖုန်မှုန့် အမှုန်အမွှားတွေတောင်မှ ချက်ချင်းပဲ အမှုန့်အဖြစ် ကြေမွသွားခဲ့ရတယ်။

ရိန်နာက သွားကြိတ်လိုက်မိတယ်။ သူမရဲ့ နည်းပါးလှတဲ့ အနီရောင်ဖုန်မှုန့် စုဆောင်းမှုတွေက ပိုပြီးတော့တောင် ကုန်ဆုံးသွားခဲ့ပြီလေ။

သူမ ကြိုသိထားသင့်တာပဲ။ သူက ဘာပဲဖြစ်ဖြစ် ခန္ဓာကိုယ်ဖွဲ့စည်းမှု အဆင့်ငါးမှာ ရှိနေတဲ့သူ မဟုတ်လား။

သူ တစ်ယောက်တည်းနဲ့ တိုက်ခိုက်ရရင်တောင် သူမအတွက် ခက်ခဲမှာဖြစ်တယ်။ ဒါတင်မကဘဲ အဆင့်လေး အထွတ်အထိပ်မှာ ရှိနေတဲ့ အာလော့စ်ကိုပါ သူမ စိတ်ပူနေရသေးတယ်။

ဒါပေမဲ့ သိသာလှတဲ့ ခွန်အားချင်း ကွာခြားချက် ရှိနေလင့်ကစား ရိန်နာကတော့ ကြံ့ကြံ့ခံထားဆဲ ဖြစ်တယ်။ မိုက်ကယ်ကို သူတို့ ရှာမတွေ့အောင် သူမ တားဆီးရမှာပဲလေ။

* * * * * * * *

စာစဉ်(၄၆)

All Chapters