အခန်း ၅၅၂
Vol. 46 Ch. 552
အခန်း(၅၅၂)
"ဘာကြီးလဲဟ"
ဘာတွေလဲ၊ ဘယ်လိုဖြစ်တာလဲ၊ မဖြစ်နိုင်တာဆိုတဲ့ အာမေဋိတ်သံစုံက လူအုပ်ကြီးဆီကနေ ပွက်လောရိုက်ထွက်လာတယ်။ ဂိမ်းထဲက ကစားသမားတွေ လေထဲမှာတန့်နေပြီး အချိန်တွေကလည်း ရပ်တန့်နေသလိုဖြစ်နေတယ်။
အာလော့စ်ကတော့ ဘာဖြစ်သွားမှန်း မယုံကြည်နိုင်ဘဲ ဆွံ့အမှင်တက်နေမိတယ်။ သူက ရက်ပ်တာကို စိုက်ကြည့်နေမိတာ။ ရက်ပ်တာက သူ့ရဲ့ စွမ်းရည်ကို အသက်သွင်းပြီး သားကောင်ကို ကိုက်ခဲလိုက်တဲ့ အချိန်ခဏမှာတင် ရုပ်ထုလို မလှုပ်မယှက် တောင့်တင်းနေတာလေ။
သူ ဘယ်လောက်တောင် လန့်သွားလဲဆိုရင် သူ့ရဲ့ ဒီဗာကတောင် သူ့လှုပ်ရှားမှုကို လိုက်တုပမိတဲ့အထိပဲ။ မိကျောင်းမေးရိုးကြီးက အနည်းငယ် ပွင့်ဟသွားပြီး အာလော့စ်လိုပဲ အံ့ဩမှင်တက်သွားတဲ့ပုံစံမျိုး ဖြစ်နေတယ်။
ကျာပွတ်က ပြေလျော့သွားတာမို့ မိုက်ကယ်က ရုန်းထွက်ပြီး လွတ်မြောက်သွားတယ်။ အခုလို လွတ်လွတ်လပ်လပ် ဖြစ်သွားတာနဲ့ မိုက်ကယ်က ကျာပွတ်ကို လှမ်းဖမ်းကိုင်ပြီး အာလော့စ်ကို ရှိသမျှအားနဲ့ ဆောင့်ဆွဲလိုက်တော့တာပဲ။
အာလော့စ်ခမျာ ဘာဖြစ်လို့ ဖြစ်မှန်းမသိဘဲ ကြောင်အမ်းအမ်း ဖြစ်နေတုန်းမို့ မိုက်ကယ်ဆွဲတဲ့နောက်ကို အားပါပါနဲ့ ပါသွားရှာတယ်။
ဒီကြားထဲ မိုက်ကယ်က သူ့ကိုယ်သူ အပြင်ဘက်ကို တွန်းထုတ်ဖို့ လေထုမန္တန်တစ်ခု သုံးလိုက်တာမို့ အာလော့စ်က ပိုပြီးတော့တောင် ပါလာသေးတယ်။ ခြေထောက်တွေ မြေကြီးကနေ ကြွတက်ပြီး မိုက်ကယ်လိုပဲ မြန်မြန်ဆန်ဆန် လွင့်ပါလာခဲ့ပြီလေ။
တခြားလူတွေကို ကိုယ့်ဆီဆွဲခေါ်ရတာပဲ အကျင့်ဖြစ်နေတာမို့ အာလော့စ်က ကျာပွတ်ကို လွှတ်ဖို့ လုံးဝမေ့သွားပြီး မိုက်ကယ် ခေါ်ချင်တဲ့နေရာဆီကို တန်းတန်းမတ်မတ် ပါသွားတော့တယ်။
အာလော့စ်တစ်ယောက် သတိပြန်ဝင်လာတဲ့အချိန်မှာတော့ ရက်ပ်တာရဲ့ သံမဏိလက်အိတ် မေးရိုးကြီးတွေကြားထဲ တည့်တည့်ရောက်နေပြီး သူ့အပေါ်နဲ့ အောက်မှာ သွားတွေက ကပ်နေပြီဆိုတာ သိလိုက်ရတယ်။
သူ ဘာမှမသိလိုက်ရခင်မှာတင် မိုက်ကယ်နဲ့ သူ အနေအထားချင်း လဲလှယ်သွားခဲ့ကြပြီ။
အခုတော့ မိကျောင်းမေးရိုးကြီးရဲ့ ဝါးမြိုတာကို ခံရတော့မယ့် အန္တရာယ်က သူ့ဆီ ဆိုက်ဆိုက်မြွက်မြွက် ရောက်လာခဲ့ပြီပေါ့။
သူက ဒီအန္တရာယ်ရှိတဲ့ အခြေအနေကနေ ရုန်းထွက်ဖို့ မျှော်လင့်ချက်နဲ့ သူ့ကျာပွတ်ကို အနီးဆုံးသစ်ပင်ဆီ လှမ်းရိုက်ပြီး ဆွဲယူဖို့ အမြန်ပဲ ကြိုးစားလိုက်တယ်။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ တိတ်ဆိတ်နေတဲ့ တောအုပ်ကြီးထဲမှာ 'ကလစ်' ဆိုတဲ့ အသံတစ်ချက် ထွက်ပေါ်လာခဲ့တယ်။
ရက်ပ်တာက ပြန်လည်လှုပ်ရှားလာပြီး သူ့ရဲ့ သံမဏိလက်အိတ်ကြီးက မူလဦးတည်ချက်အတိုင်း ဆက်သွားတော့တယ်။
မိကျောင်းဒီဗာကြီးက သူ့ရဲ့ သားကောင်ကို ဧရာမအားအင်ကြီးနဲ့ ညှပ်ပစ်လိုက်တာမို့ အရိုးတွေနဲ့ အသားတွေ ကြေမွသွားတဲ့ ခံစားချက်ကြီးက ကျေနပ်စရာကောင်းလောက်အောင် ပေါ်ထွက်လာခဲ့ပြီ။
"အား" အာလော့စ် အော်ဟစ်လိုက်ရတယ်။ သူ့ရဲ့ ဘယ်ဘက်ဝမ်းဗိုက်တစ်ခုလုံးက သံမဏိလက်အိတ်နဲ့ တည့်တည့်မိသွားတာ။ သူ အမြန်မရှောင်နိုင်ခဲ့ဘူး။
"ဟားဟားဟား။ ဒါ ငါ့မိကျောင်းရဲ့ စွမ်းအားပဲ မိုက်ကယ်။" ရက်ပ်တာက အမဲလိုက်မှု အောင်မြင်သွားတဲ့ စိတ်အရှိန်အဟုန် တက်ကြွနေတုန်းမို့ ဝင့်ကြွားစွာ ကြုံးဝါးလိုက်တယ်။
ဖြောင်း... ဖြောင်း... ဖြောင်း...
မိုက်ကယ်က ဘေးနားက သစ်ပင်တစ်ပင်ကို မှီရပ်ပြီး ရက်ပ်တာရဲ့ စွမ်းရည်ကို တကယ်ပဲ ချီးကျူးတဲ့အနေနဲ့ လက်ခုပ်တီးပေးလိုက်တယ်။
"ဟူး... တော်တော်လေး ကောင်းတာပဲ။ အဲဒီဒဏ်ကနေ ဘယ်သူမှ ဒဏ်ရာမရဘဲ မလွတ်နိုင်ဘူးဆိုတာ ငါ မြင်လိုက်ရပြီ။" လို့ သူက ရက်ပ်တာကို ပြောလိုက်တယ်။
ဒီတော့မှ ရက်ပ်တာက သူ့ရှေ့က မိုက်ကယ်ကို သတိပြုမိသွားတယ်။ မိကျောင်းမေးရိုးကြားထဲကနေ သူက ဘယ်လိုလုပ် ဒီလောက်မြန်မြန် ဒဏ်ရာမရဘဲ ထွက်လာတာလဲဆိုတာ တွေးရင်း မျက်နှာတစ်ခုလုံး ဇဝေဇဝါ ဖြစ်သွားတာပေါ့။ သူ ဝါးမြိုလိုက်တာက လူပွားများ ဖြစ်နေမလား။
"အား... လွှတ်စမ်းပါဦး သောက်ပြိန်းရဲ့။"
ရက်ပ်တာ ငုံ့ကြည့်လိုက်တော့မှ သူ့မေးရိုးကြားထဲ ရောက်နေတာ မိုက်ကယ်မဟုတ်ဘဲ အာလော့စ် ဖြစ်နေတာကို သိလိုက်ရတယ်။
သူက လက်အိတ်ကို အမြန်ပြန်ရုတ်လိုက်တာမို့ အာလော့စ်လည်း ဘယ်ဘက်ဝမ်းဗိုက်မှာ မိကျောင်းကိုက်ထားတဲ့ ဒဏ်ရာကြီးကနေ သွေးတွေ စီးကျရင်း မြေကြီးပေါ် ခွေကျသွားတော့တယ်။
"ဘာဖြစ်သွားတာလဲ"
သူ့အမြင်မှာတော့ အရာအားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်သွားတာလေ။ သူ စွမ်းရည်ကို အသက်သွင်းလိုက်တဲ့ အချိန်တုန်းက မိုက်ကယ်က သူ့မေးရိုးကြားထဲမှာ။ ဒါပေမဲ့ ကိုက်ခဲမှုပြီးသွားတဲ့အချိန်ကျတော့ သူ ကိုက်မိလိုက်တာက ရုတ်တရက်ကြီး အာလော့စ် ဖြစ်နေပြန်ရော။
အဲဒီအချိန်မှာပဲ သူ့လက်မောင်းတွေထဲကနေ တစ်ခုခု ကျသွားတာကို သူ ခံစားလိုက်ရတယ်။
သူ့ဆီမှာ တပ်ဆင်ထားတဲ့ သံခလုတ်တစ်ခု မြေကြီးပေါ်ကျပြီး လိမ့်သွားလိုက်တာ တန့်သွားတဲ့အထိပဲ။
အဲဒါ ဘာလဲဆိုတာ သူ မသိပေမဲ့ ဒါဟာ မိုက်ကယ်ရဲ့ တန်ခိုး ဖြစ်ရမယ်ဆိုတာ သူ သိနေတယ်။ သူ့ရဲ့ စွမ်းရည်ပေါ့။ သူ့ခေါင်းအထက်မှာ လင်းလက်နေတဲ့ သတ္တုလက်မောင်းနှစ်ဖက်က အဲဒါကို သက်သေပြနေတာပဲ။
"ဒါ မင်းရဲ့ ဒီဗာပဲမလား။" ရက်ပ်တာက ညည်းတွားလိုက်တယ်။
အာလော့စ်က ဒဏ်ရာရထားတဲ့ သူ့ဝမ်းဗိုက်ကို ဖိထားရင်း ထရပ်လိုက်ပြီး မိုက်ကယ်ရဲ့ ထူးဆန်းတဲ့ စွမ်းရည်ကို လှမ်းကြည့်လိုက်တယ်။
မိုက်ကယ်က အဲဒီစွမ်းရည်ကို သုံးပြီး ရက်ပ်တာရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို အချိန်တွေ အေးခဲသွားသလိုမျိုး လုံးဝရပ်တန့်ပစ်ခဲ့တာ။ အချိန်ရပ်တန့်တဲ့ တန်ခိုးဆိုတာတော့ သေချာသလောက်ရှိပြီ။ ဒါပေမဲ့ တခြားလူတွေ မယုံနိုင်သေးတဲ့ အချက်က သူတို့နှစ်ယောက် အဆင့်တစ်ခု ကွာခြားနေတာတောင် မိုက်ကယ်ရဲ့ ဒီဗာက ရက်ပ်တာရဲ့ ဒီဗာကို ဘယ်လိုဖြစ်ပြီး လွှမ်းမိုးသွားနိုင်ရတာလဲ ဆိုတာပဲ။
ဒီပွဲကို ကြည့်နေကြတဲ့ တခြား အင်အားကြီးအစုအဖွဲ့တွေ အပါအဝင် လူအုပ်ကြီးတစ်ခုလုံး မျက်စိပျက်မျက်နှာပျက် ဖြစ်ကုန်ကြပြီ။
"ဒါ မဖြစ်နိုင်တာ။" ဘော်ဘီက ရှေ့ကို ကိုင်းပြီး မိုက်ကယ် သုံးလိုက်တဲ့ သံခလုတ်ကို မျက်တောင်မခတ် စိုက်ကြည့်ရင်း ပြောလိုက်တယ်။ "ရက်ပ်တာရဲ့ ဒီဗာက ပိုအားနည်းတဲ့ ဒီဗာအပေါ်မှာ အသာစီးရရမှာလေ။"
ဒစ်ကီက ခေါင်းပဲ ငြိမ့်ပြနိုင်တော့တယ်။ "ဒါက မိုက်ကယ် တိုက်ခိုက်တာကို ငါ နောက်ဆုံးမြင်ခဲ့တုန်းက အခြေအနေမျိုးပဲ။ သူက သူ့ထက် အဆင့်တစ်ဆင့် မြင့်တဲ့သူကို အနိုင်တိုက်နိုင်ခဲ့တာ။"
လူအုပ်ထဲက သံလိုက်စွမ်းအားရှင်တိုင်းကော၊ အထက်တန်းလွှာတွေပါ မိုက်ကယ် ဘယ်လိုလုပ်လိုက်တာလဲဆိုတာကို တွေးမရ ဖြစ်နေကြပြီး သာမန်လူတွေကတော့ ပိုလို့တောင် ဇဝေဇဝါ ဖြစ်နေကြတယ်။
"အဲဒီ သတ္တုပစ္စည်းက သူ့ရဲ့ စွမ်းရည် ဟုတ်တယ်မလား။ သူ သုံးလိုက်တာတောင် ငါ မမြင်လိုက်ဘူး။"
"သူ့လက်တွေက ကျာပွတ်နဲ့ အချည်ခံထားရတာ ထင်ထင်ရှားရှားကြီးလေ။ သူ့လက်မောင်း တစ်ချက်လေးတောင် လှုပ်သွားတာ မမြင်မိပါဘူးလို့ ငါ ကျိန်ပြောရဲတယ်။"
"ငါ မြင်လိုက်သလိုပဲ။ အဲဒီဖြစ်ရပ် ဖြစ်သွားတဲ့ အချိန်ခဏမှာ ဝါးတားတား အရိပ်တစ်ခု ပေါ်လာတာ။ အဲဒီ သတ္တုတုံးက အဝေးကြီးကနေ အရှိန်နဲ့ ထွက်လာသလိုမျိုးပဲ။"
တစ်ဖက်မှာတော့ ရက်ပ်တာက မိုက်ကယ် ဘယ်လိုလုပ်လိုက်လဲဆိုတာကို နည်းနည်းလေးမှ ဂရုမစိုက်ဘူး။ သူ့အတွက် အရေးကြီးတာက သူ ရှုံးသွားတာပဲ။
သူ မှားသွားတာကို ပြန်ပြင်ချင်တဲ့စိတ်နဲ့ ရက်ပ်တာက သူ့ရဲ့ သံမဏိလက်အိတ်တွေကို မြှောက်ပြီး မိုက်ကယ်ဆီကို ထိုးစိုက်ပစ်လိုက်တယ်။
ချက်ချင်းဆိုသလိုပဲ ရက်ပ်တာက ပျောက်ကွယ်သွားပြီး မိုက်ကယ်ရဲ့ ရှေ့တည့်တည့်မှာ ပြန်ပေါ်လာတယ်။ သူက သူတို့ကြားက ဟင်းလင်းပြင်ကို ကိုက်ဖြတ်ပစ်လိုက်ပြီး အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ဖျောက်ဖျက်ပစ်လိုက်တာပဲ။
ရက်ပ်တာက မိုက်ကယ်ကို ချေမှုန်းဖို့ သံမဏိလက်အိတ်နဲ့ မိချောင်းမေးရိုးကြီးတွေကို ထပ်ဖွင့်လိုက်ပေမဲ့ အဲဒီ စွမ်းရည်ရဲ့ ခဏတာ အားပြန်ဖြည့်ရတဲ့ အချိန်လေးမှာတင် မိုက်ကယ်က နောက်ဆုံးစက္ကန့်ကျမှ ဘေးကို ခုန်ပြီးရှောင်နိုင်ခဲ့တယ်။
"တောက်။ အာလော့စ်... မင်း တိုက်နိုင်သေးရဲ့လား။" ရက်ပ်တာက နောက်လှည့်ကြည့်လိုက်တယ်။
အာလော့စ်က သွားကို ကြိတ်ပြီး သူ့လက်တွေနဲ့ ဝမ်းဗိုက်က ဒဏ်ရာကို ဖိထားလိုက်တယ်။ သူ့လက်သီးဆုပ်ထဲမှာ နှာတံရှည် အရိုးစုမိကျောင်းပုံရိပ်တစ်ခု ပေါ်လာပြီး ဒဏ်ရာကို ကိုက်ခဲလိုက်တော့တယ်။ အချိန်ခဏအတွင်းမှာတင် သူ့ဒဏ်ရာတွေက သွေးထွက်တာ ရပ်တန့်သွားခဲ့ပြီ။
ဒါက သူ့ရဲ့ စွမ်းရည်ရဲ့ ကောင်းကွက်တွေထဲက တစ်ခုပဲ။ အဲဒါက သွေးထွက်လွန်တာကို လျှော့ချပေးနိုင်တာလေ။
"ငါ တောင့်ခံနိုင်ပါသေးတယ်။" လို့ အာလော့စ်က ပြောလိုက်တယ်။ "ငါ့ရဲ့ နတ်ဘုရားပန်းပဲဖိုက မင်း ကိုက်လိုက်တဲ့ ဒဏ်ကနေ ကာကွယ်ပေးလိုက်လို့။ ဒါပေမဲ့ ငါ့ရဲ့ အမောခံနိုင်စွမ်းတော့ ကုန်သွားတာပေါ့။"
အာလော့စ်က သူ့ကျာပွတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး မိုက်ကယ်ဆီ လှမ်းရိုက်လိုက်တယ်။ ကျာပွတ်ကြိုးက မိုက်ကယ်ကို ဖမ်းဖို့ ရှည်ထွက်သွားပေမဲ့ မိုက်ကယ်က ခိုင်မာတဲ့ မြေဒြပ်စင်လုံး တစ်ခုကို ဖန်တီးပြီး ကာကွယ်ရေးအတွက် သုံးလိုက်တယ်။
ကျာပွတ်က မြေဒြပ်စင်လုံးကို ရိုက်ခွဲပြီး မိုက်ကယ်ဆီ ဆက်သွားပေမဲ့ မိုက်ကယ်က ပျောက်ကွယ်သွားခဲ့ပြီ။
သူတို့နှစ်ယောက်စလုံး မိုက်ကယ်ကို ဖမ်းဖို့ အပေါ်ကို မော့ကြည့်လိုက်ကြတယ်။ ဒါပေမဲ့ သူတို့တစ်သက်မှာ မမြင်ဖူးမယ်လို့ ထင်ထားတဲ့ အရာတစ်ခုကို မြင်လိုက်ရတော့တာပဲ။
မိုက်ကယ်က ကောင်းကင်ယံမှာ မှော်ကွင်း တစ်ခုတည်းလည်း မဟုတ်၊ နှစ်ခုလည်း မဟုတ်၊ လေးခုလည်း မဟုတ်ဘဲ... ကိုယ်စီ အရောင်တွေနဲ့ လင်းလက်နေတဲ့ မှော်ကွင်း ရှစ်ခုအထိ ဆင့်ခေါ်ထားတာ။
"ဒြပ်စင်ရှစ်ခု တတ်မြောက်ထားတာလား" သူတို့နှစ်ယောက်စလုံး အလန့်တကြား အော်ဟစ်လိုက်မိတယ်။
တကယ်တော့ လေလံပွဲက လူအုပ်ကြီးတစ်ခုလုံးလည်း မိုက်ကယ် အဲဒီမှော်ကွင်းတွေကို ဆင့်ခေါ်လိုက်တာ မြင်တဲ့အချိန်မှာ ဒီလိုပဲ အော်ဟစ်လိုက်ကြတာ။
အံ့ဩမသွားတဲ့ တစ်ဦးတည်းသောသူကတော့ မှော်မျှော်စင်သခင်ပဲ ဖြစ်တယ်။
"ဒါဆို တကယ်ပဲပေါ့။" သူက ရေရွတ်လိုက်တယ်။ "အဲဒီ လူယုတ်မာ ဆီဘက်စတီယန်က မိုက်ကယ်အကြောင်း ပြောတုန်းက နည်းနည်းလေးမှ ပိုမပြောခဲ့ဘူးပဲ။"
မှော်ပညာရပ်မှာ ဒီလို ပါရမီမျိုးက တစ်ခါမှ မရှိဖူးသေးဘူး။ မိုက်ကယ်က ဒြပ်စင်လေးခုကို ထိန်းချုပ်နိုင်တာတင် တော်တော်လေး စွမ်းအားကြီးလွန်းနေပြီလို့ သူတို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ ရှစ်ခုတောင်ဆိုတော့... ဒါက မတရားလွန်းရာ ကျနေပြီလေ။
"ဒီကောင်လေးက ဘယ်သူမို့လို့လဲ"
"ငါ ဘာလို့ သူ့အကြောင်း အရင်က မကြားဖူးရတာလဲ။ သူက အမြဲတမ်း ဒီလို ကျွမ်းကျင်နေခဲ့တာလား။"
"ပြီးတော့ သူက မှော်ကွင်း ရှစ်ခုတောင် ဆင့်ခေါ်နိုင်တယ်ဆိုကတည်းက သူ့ရဲ့ မှော်စွမ်းအင် ပမာဏက အတိုင်းအဆမရှိ ကြီးမားနေရမယ်။"
* * * * * * * *