အခန်း ၅၅၄
Vol. 47 Ch. 554
အခန်း(၅၅၄)
အာလော့စ် တစ်ဖက်သတ် အသာစီးရပြီလို့ တွေးလိုက်မိတဲ့ အချိန်မှာပဲ၊ လင်းယုန်ကြီးက သူ့ကိုယ်လုံးကြီးကို ပြင်းပြင်းထန်ထန် တစ်ချက် ခါချပစ်လိုက်ပြီး အမွေးအတောင်တွေ အကုန်လုံးကို တစ်ပြိုင်နက်တည်း ကျွတ်ကျပစ်လိုက်တယ်။
အဲဒီ အမွေးအတောင်တွေထဲကနေ လင်းယုန်ပေါက်စလေးပေါင်း ထောင်နဲ့ချီပြီး မွေးဖွားထွက်ပေါ်လာခဲ့ရတယ်။ တစ်ကောင်ချင်းစီက ရှေ့က လင်းယုန်ကြီးအတိုင်းပဲ ရက်စက်ကြမ်းကြုတ်တဲ့ မျက်လုံးမျိုးတွေချည်းပါပဲ။
ထောင်နဲ့ချီတဲ့ လင်းယုန်တွေအကုန်လုံး အာလော့စ်ဆီကို တရဟော ထိုးဆင်းလာပြီး သူ့ရဲ့ တစ်ကိုယ်လုံးကို ဝိုင်းအုံကာ ရက်စက်စွာ တိုက်ခိုက်ကြတော့တယ်။ အာလော့စ်ရဲ့ ခန္ဓာကိုယ်ကို သွေးရောင်ခြယ် ပိတ်ကားကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်ဖို့ သူတို့တွေ အစွမ်းကုန် ကြိုးစားနေကြတာမို့ သူ့အရေပြားပေါ်မှာ ဒဏ်ရာမရတဲ့ နေရာရယ်လို့ လုံးဝ မကျန်တော့ပါဘူး။
အမွေးတွေ ကျွတ်ကုန်လို့ ကတုံးဖြစ်သွားတဲ့ မူလလင်းယုန်ကြီးကတော့ တခြားကောင်တွေထက် ပိုပြီး ဉာဏ်ပြေးပုံရတယ်။ အာလော့စ်ရဲ့ ဗိုက်ပေါ်က ဒဏ်ရာဟောင်းကိုပဲ အမိအရ ရွေးပြီး ထိုးဆိတ်လိုက်တာပေါ့။
"အား..." အာလော့စ်ရဲ့ ဗိုက်ပေါ်က အကိုက်ခံထားရတဲ့ ဒဏ်ရာကို လင်းယုန်ကြီးက ထိုးဆိတ်ခွဲပစ်လိုက်တာမို့ တစ်ကိုယ်လုံး စိမ့်တက်သွားတဲ့ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရင်း သူ ဒေါသတကြီး ညည်းတွားလိုက်မိတော့တယ်။
ဒေါသချောင်းချောင်း ထွက်သွားတဲ့ အာလော့စ်က သူ့ရဲ့ ကြာပွတ်ကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ရူးသွပ်စွာ လွှဲယမ်းလိုက်တော့တာပဲ။ ကြိုးက တစ်ပတ်ပြီး တစ်ပတ် လည်ပတ်တိုင်း သူ့ရဲ့ အရှိန်က ပိုပိုပြီး မြန်လာရာကနေ နောက်ဆုံး ဟယ်လီကော်ပတာတစ်စီး လည်ပတ်နေသလိုမျိုး လေထုဖြတ်သန်းသံတွေတောင် ဟိန်းထွက်လာခဲ့ရတယ်။
သူ့ရဲ့ စွမ်းရည်ကို အသုံးပြုပြီး ကြာပွတ်ရဲ့ ထိပ်မှာရှိတဲ့ မိကျောင်းအရိုးခေါင်းက ပတ်ဝန်းကျင်က လေထုကို အမိအရ ကိုက်ခဲလိုက်ပြီး ကြိုးလည်ပတ်တဲ့ လမ်းကြောင်းအတိုင်း လေထုကိုပါ လိမ်ပြောင်းပစ်လိုက်တာကိုး။
သိပ်မကြာလိုက်ပါဘူး။ လေပြင်းတွေက ပိုပြီး ပြင်းထန်လာပြီး အာလော့စ်ဟာ ပတ်ဝန်းကျင်မှာ ရှိသမျှ အရာအားလုံးကို ဝါးမြိုပစ်နိုင်တဲ့ ဧရာမ လေဆင်နှာမောင်းကြီး တစ်ခုကို ဖန်တီးလိုက်နိုင်တော့တယ်။ သစ်ပင်ကြီးတွေတောင်မှ ဒီဖျက်ဆီးအားကနေ လွတ်အောင် မရှောင်နိုင်ဘဲ အမြစ်ကနေ ကျွတ်ထွက်ကုန်ကြရတာပေါ့။
ထောင်နဲ့ချီတဲ့ လင်းယုန်တွေက လေဆင်နှာမောင်းထဲကနေ ရုန်းထွက်ဖို့ ကြိုးစားပြီး ပျံသန်းကြပေမဲ့ လေစီးကြောင်းက သူတို့ တွန်းလှန်နိုင်တာထက် ပိုပြီး မြန်ဆန်လွန်းနေခဲ့ရတယ်။ နောက်ဆုံးတော့ လေမုန်တိုင်းရဲ့ ဗဟိုဝဲဂယက်ထဲကိုပဲ ပြန်လည်ဆွဲသွင်းခံလိုက်ရပြီး မျောပါသွားကြရတော့တာပဲ။
ဒါက အမွှေးတုံးနေတဲ့လင်းယုန်ကြီးအတွက်လည်း ထူးမခြားနားပါပဲ။ သူက တောင်ပံတွေကို တဖျတ်ဖျတ်ခတ်ရင်း လေထုထဲမှာရှိတဲ့ လေဒြပ်စင် မှော်စွမ်းအင်တွေကို စုဆောင်းဖို့ ကြိုးစားပေမဲ့ ကံဆိုးချင်တော့ အာလော့စ်ရဲ့ ကြာပွတ်က မိကျောင်းအရိုးခေါင်းက ပတ်ဝန်းကျင်မှာရှိတဲ့ လေဒြပ်စင် မှော်စွမ်းအင်မှန်သမျှကို တစ်စက်မကျန် စုပ်ယူပစ်လိုက်ပြီလေ။
သူက ကောင်းကင်ပြင်ရဲ့ အရှင်သခင် ဖြစ်နေပါစေဦး စွမ်းရည်ရဲ့ အဓိပ္ပာယ်မရှိလောက်အောင် ပြင်းထန်တဲ့ စွမ်းအားကိုတော့ ယှဉ်ပြိုင်နိုင်စွမ်း လုံးဝ မရှိခဲ့ပါဘူး။
လေဆင်နှာမောင်းရဲ့ အလွှာတိုင်းမှာ အာလော့စ်ရဲ့ မြောက်မြားစွာသော မိကျောင်းအရိုးခေါင်းတွေက လမ်းကြောင်းအဖုံဖုံကို လှည့်ပတ်သွားလာနေပြီး လေမုန်တိုင်းတစ်ခုလုံးကို ဧရာမ အသားကြိတ်စက်ကြီး တစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်တာမို့ အထဲကို ရောက်သွားတဲ့ ကံဆိုးသူ မှန်သမျှ အစိမ်းလိုက် အပိုင်းပိုင်း ပြတ်တောက်ကုန်ကြတော့တာပဲ။
အမွေးအတောင်တွေက အမှုန်အမွှားတွေ ဖြစ်ကုန်ရသလို၊ မှော်စွမ်းအင်တွေကလည်း သန့်စင်တဲ့ စွမ်းအင်တွေအဖြစ် ပြောင်းလဲကုန်ရတော့တယ်။ အရာအားလုံးက ညက်ညက်ညောညောနဲ့ တစ်သားတည်း ဖြစ်သွားခဲ့ရပြီ။
အာလော့စ်က သူ့ရဲ့ ကြာပွတ်အရှိန်ကို ဖြည်းဖြည်းချင်း လျှော့ချလိုက်ပြီး နောက်ဆုံးမှာတော့ လေဆင်နှာမောင်းကြီးကနေ ရိုးရိုး လေပြေလေညင်းလေးအဖြစ် ပြောင်းလဲသွားစေခဲ့တယ်။ လင်းယုန်တွေထဲက တစ်ကောင်မှ အသက်မရှင်ကျန်ခဲ့ပါဘူး။
ဒါပေမဲ့လည်း အာလော့စ် တစ်ယောက် ဒဏ်ရာအနာတရ မရှိဘဲ လွတ်မြောက်ခဲ့တာတော့ မဟုတ်ပါဘူး။ သူ့တစ်ကိုယ်လုံးမှာ ကုတ်ခြစ်ရာတွေ ဗလပွနဲ့ ဖြစ်နေပြီး ဗိုက်က အကိုက်ခံထားရတဲ့ ဒဏ်ရာကလည်း အမွှေးတုံးလင်းယုန်ကြီးကြောင့် ပိုပြီး ဆိုးရွားသွားခဲ့ရတာပေါ့။ အခုဆိုရင် တစ်ကိုယ်လုံးကို စူးစူးရှရှ နာကျင်မှုတွေက အမြဲတမ်း တက်တက်လာနေတာမို့ သူ တည့်တည့်တောင် မတ်တတ်မရပ်နိုင်တော့ပါဘူး။
သူ့ရဲ့ ဒေါသတွေကို ဖြေဖျောက်တဲ့အနေနဲ့ မြေပြင်ပေါ်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ မြွေကို ခြေထောက်နဲ့ ပိတ်ကန်လိုက်ပြီး တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်လိုက်တော့တယ်။
* * * * * * * *
အာလော့စ်နဲ့ ရက်ပ်တာတို့က မိုက်ကယ်ရဲ့ မှော်သားရဲတွေကို ရှင်းလင်းပြီးသွားတဲ့အခါမှာတော့ အလှည့်က ပြောင်းသွားပြီး မိုက်ကယ်ကို ပြန်တိုက်ခိုက်ဖို့ အချိန်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။
အာလော့စ်က ရက်ပ်တာရဲ့ ခါးကို သူ့ကြာပွတ်နဲ့ လျှပ်ခနဲ ပတ်လိုက်ပြီး လေထဲမှာ သူ့ခန္ဓာကိုယ်ကို အားပြင်းပြင်းနဲ့ လွှဲယမ်းလိုက်တယ်။ ဒီလို ပုံမှန်မဟုတ်တဲ့ နည်းလမ်းကြောင့် ရက်ပ်တာဟာ သူကိုယ်တိုင် ဘယ်လိုမှ မရနိုင်မယ့် အရှိန်နှုန်းမျိုးကို ရရှိသွားခဲ့ရတယ်။ အရှိန်အဟုန် လုံလောက်ပြီဆိုတာနဲ့ အာလော့စ်က မိကျောင်းအရိုးခေါင်းရဲ့ အရှိန်ကို လွှတ်လိုက်ပြီး ရက်ပ်တာကို မိုက်ကယ်ဆီကို မယုံနိုင်စရာ အရှိန်နှုန်းနဲ့ ဒုံးကျည်တစ်စင်းလို ပစ်လွှတ်လိုက်တော့တာပဲ။
သူ့ရဲ့ လက်အိတ်တွေက မိကျောင်းမေးရိုးလို ကိုက်ခဲဖို့ အသင့်ဖြစ်နေတာမို့ သူက မိုက်ကယ်ဆီကို အနီးကပ်ဆုံး အကွာအဝေးကို ရောက်မယ့်အချိန်ကို စောင့်ဆိုင်းနေခဲ့တယ်။
သူ ထွက်ပြေးလို့မရအောင် သေချာစေဖို့အတွက် အာလော့စ်က မိုက်ကယ်ဆီကို သူ့ကြာပွတ်ကို ပစ်လွှတ်လိုက်ပြီး စွမ်းရည်နဲ့ အမိအရ ဖမ်းချုပ်ထားလိုက်တယ်။ အခုဆိုရင် သူက သူ့ရဲ့ ကြီးမားလှတဲ့ ဆန်းကြယ်မှော်စွမ်းအားတွေကို သုံးပြီး ထွက်ပြေးဖို့ လုံးဝ မဖြစ်နိုင်တော့ပါဘူး။
မိုက်ကယ်ရဲ့ ရှေ့မှာ မှော်စက်ဝိုင်းတစ်ခု ဝုန်းခနဲ ပေါ်လာပြီး မီးနဲ့ လျှပ်စီးတွေ ပေါင်းစပ်ထားတဲ့ ခြင်္သေ့ တစ်ကောင်ကို ဖန်တီးလိုက်ပြန်တယ်။ ရက်ပ်တာက အဲဒီ ခြင်္သေ့ကို အပိုင်းပိုင်း ကိုက်ဖြတ်ပစ်လိုက်ပြီး အလွယ်တကူပဲ ဖျက်ဆီးပစ်လိုက်တာပေါ့။ သူ ဘယ်လို သားရဲမျိုးကိုပဲ သုံးသုံး၊ ဘယ်လို ဒြပ်စင်မျိုးနဲ့ပဲ တွဲဖက်ပါစေ ရက်ပ်တာရဲ့ မိကျောင်းမေးရိုးတွေရှေ့မှာတော့ အားလုံးက ပျက်စီးသွားရတာချည်းပါပဲ။
အားလုံးက မိုက်ကယ်အတွက်တော့ နောက်ဆုံးအချိန် ရောက်ပြီလို့ ထင်မှတ်နေကြတော့တယ်။
ဒါပေမဲ့ အဲဒီနောက်ဆုံးစက္ကန့်ပိုင်းလေးမှာပဲ မိုက်ကယ်က သူ့လက်ကို မြှောက်လိုက်ပြီး ရက်ပ်တာဆီကို ရိုးရိုးရှင်းရှင်းလေးပဲ ညွှန်ပြလိုက်တာပေါ့။ သူ့ရဲ့ လက်ညှိုးထိပ်မှာ စူးရှတဲ့ အလင်းဖြူတစ်ခုက အားပြင်းပြင်းနဲ့ စုဆောင်းလာခဲ့ရတယ်။
ရက်ပ်တာက သူ ဘာလုပ်နေလဲဆိုတာ မသိပေမဲ့ စကတည်းက စိတ်ထဲမှာ မကောင်းတဲ့ အငွေ့အသက်တစ်ခုကိုတော့ ပြင်းထန်စွာ ခံစားနေရတာကိုး။ သူက မိုက်ကယ် ဘာလုပ်ဖို့ ကြိုးစားနေပါစေ အဲဒါကို မပြီးဆုံးခင်မှာ ကိုက်ခဲပစ်ဖို့ သူ့ရဲ့ လက်အိတ်က မိကျောင်းမေးရိုးတွေကို ပိုပြီး ကျယ်ကျယ် ဟလိုက်တယ်။
သူက မိုက်ကယ်ရဲ့ လက်ညှိုးကို ကိုက်ခဲတော့မယ့် အချိန်မှာပဲ အလင်းတန်းက ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
သဟဇာတသေနတ် တစ်ချက်က သူ့ရဲ့ လက်ညှိုးကနေ ပွင့်ထွက်သွားပြီး ရက်ပ်တာရဲ့ ရင်ဘတ်တည့်တည့်ကို ထိမှန်သွားခဲ့တာပေါ့။ ရက်ပ်တာ ခံစားလိုက်ရတာကတော့ ထုံကျင်သွားတဲ့ ခံစားမှုတစ်ခုတည်းပါပဲ။ ဒါပေမဲ့ စက္ကန့်ပိုင်းအကြာမှာတော့ နာကျင်မှုက သူ့ရဲ့ တစ်ကိုယ်လုံးကို ရုတ်တရက် ဖြတ်သန်းသွားတာမို့ သူ တွန့်လိမ်သွားရတော့တယ်။
သူ အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါ သူ့ရင်ဘတ်မှာ လက်သည်းခွံထက် သေးငယ်တဲ့ အပေါက်တစ်ပေါက်ကို မြင်လိုက်ရပြီး သွေးတွေက သူ့ခန္ဓာကိုယ်ထဲကနေ တဒိတ်ဒိတ်နဲ့ ပန်းထွက်လာခဲ့ရတော့တယ်။
ဒါပေမဲ့ နောက်ဆုံး စက္ကန့်ပိုင်းလေးမှာပဲ မိုက်ကယ်ရဲ့ ခန္ဓာကိုယ်က အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့မျက်စိရှေ့ကနေ လုံးဝ ပျောက်ကွယ်သွားခဲ့တော့တယ်။
"မဖြစ်ရဘူး..." ရက်ပ်တာ ဒေါသတကြီးနဲ့ အော်ဟစ်လိုက်မိတာပေါ့။ ရင်ဘတ်ကို သေနတ်နဲ့ အပစ်ခံလိုက်ရလို့ ပြင်းပြင်းထန်ထန် နာကျင်နေရတဲ့အပြင် မိုက်ကယ်က အချိန်တိုင်း သူ့လက်ထဲကနေ လွတ်လွတ်သွားတာကိုလည်း သူ စိတ်ပျက်မိနေတာ ဖြစ်တယ်။
သူက အောက်ကို ငုံ့ကြည့်လိုက်ပြီး အာလော့စ်ရဲ့ ပေါ့ဆတဲ့ အလုပ်လုပ်ပုံကို ပြစ်တင်ပြောဆိုလိုက်ရာ၊ အာလော့စ်ရဲ့ ရင်ဘတ်ကလည်း သူ့လိုပဲ သွေးတွေ ထွက်နေတာကို မြင်လိုက်ရပြန်တယ်။
အာလော့စ်က ပြင်းပြင်းထန်ထန် နာကျင်နေရတာမို့ သူ့ရဲ့ ကြာပွတ်ကိုတောင် ဆက်ပြီး မကိုင်ထားနိုင်တော့ပါဘူး။ ဒီလို အားနည်းသွားတဲ့ အခြေအနေကြောင့်ပဲ မိုက်ကယ်က ရက်ပ်တာရဲ့ လက်ထဲကနေ လွတ်မြောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
"မင်းလည်း အပစ်ခံလိုက်ရတာလား..." ရက်ပ်တာ သဘောပေါက်သွားခဲ့ပြီ။ ဒါပေမဲ့ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ သူ မြင်လိုက်တာက မိုက်ကယ်က သူ့ကို ထိမှန်ခဲ့တဲ့ အဲဒီ အလင်းတန်းတစ်ခုတည်းကိုပဲ သုံးခဲ့တာလေ။ အောက်က အာလော့စ်ဆီကို ပစ်ဖို့လည်း အချိန်မရှိခဲ့ပါဘူး။
ပွဲကြည့်ပရိသတ်ထဲက မျက်စိရှင်လှပါတယ်ဆိုတဲ့ လူတွေတောင်မှ မိုက်ကယ်က အဲဒီ အလင်းတန်းနှစ်ခုကို ဘယ်အချိန်မှာ ပစ်လွှတ်လိုက်လဲဆိုတာကို အတိအကျ မပြောနိုင်ကြပါဘူး။
အဲဒီအချိန်မှာပဲ တောအုပ်တစ်ခုလုံးထဲမှာ တဝီဝီနဲ့ မြည်ဟည်းနေတဲ့ စက်မှုအသံကြီးတစ်သံ ဟိန်းထွက်ကာ ပဲ့တင်ထပ်သွားခဲ့တော့တာပဲ။
* * * * * * * *
စာစဉ်(၄၇)