← Chapters

အခန်း ၅၆၁

Vol. 47 Ch. 561

အခန်း ၅၆၁

Vol. 47 Ch. 561

အခန်း(၅၆၁)

"မိုက်ကယ်က သူတို့နှစ်ယောက်လုံးကို တစ်ချိန်တည်းမှာ ဘယ်လိုတောင် အနိုင်ယူသွားနိုင်တာလဲဆိုတာ ငါ တကယ်ကို စဉ်းစားလို့မရနိုင်လောက်အောင်ပဲ"

"ပြီးတော့ သူ့ရဲ့ ထူးဆန်းတဲ့ မီသရယ်လက်နက်ကိုကော မြင်လိုက်ကြလား။ ငါဆို လူကိုယ်တိုင် သွားကြည့်ချင်မိတဲ့အထိပဲ"

"နေဦး ဟိုဘက်ကို လှည့်ကြည့်လိုက်ကြပါဦး"

မိုက်ကယ်ရဲ့ တိုက်ခိုက်ပွဲမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကြောင့် လူတိုင်း ရင်သပ်ရှုမောလို့ မဆုံးနိုင်သေးခင်မှာပဲ မြေပုံရဲ့ မြောက်ဘက်အခြမ်းမှာ လုံးဝဥဿုံ သစ်လွင်တဲ့ အလှည့်အပြောင်းသစ်တစ်ခု ထပ်မံပေါ်ပေါက်လာပြန်တယ်။

ဘာနာဘီက ဒီအဖြစ်အပျက်အသစ်ဆီကို လူတိုင်းရဲ့ အာရုံရောက်သွားအောင် ချက်ချင်းပဲ ဆွဲဆောင်လိုက်တယ်။

"လူကြီးမင်းတို့... စိတ်ဝင်စားဖို့ကောင်းတဲ့ တိုက်ခိုက်ပွဲကို မြင်တွေ့ရတာ ဒါ နောက်ဆုံးမဟုတ်သေးတဲ့ပုံပဲ။ အခု ဒီမှာဆိုရင် ပွဲရဲ့ ရေပန်းအစားဆုံး ဖြစ်တဲ့ ဘိုးက ရိုင်းဇင်းဆစ်ထဲက ကျန်တဲ့ နှစ်ယောက်နဲ့ ရင်ဆိုင်နေရပြီဗျို့"

ကျန်ရှိနေတဲ့ နောက်ဆုံး ကစားသမား လေးယောက်ထဲက သုံးယောက်ဟာ မှန်ခုံးနဲ့ မြေပုံရဲ့ ကျန်တဲ့အပိုင်းတွေကို ပိုင်းခြားထားတဲ့ အပြင်ဘက် နယ်နိမိတ်အနီးမှာ စုမိနေကြတာပါ။

သူတို့ရဲ့ အပေါ်စီးကနေ ကြည့်လိုက်မယ်ဆိုရင်တော့ သုံးယောက်လုံးဟာ ဘယ်သူမှ မှန်ခုံးဆီကို တစ်လှမ်းမှ တိုးမလာရဲအောင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ထိန်းချုပ်အကဲခတ်နေကြတဲ့ သုံးပွင့်ဆိုင် အကြပ်အတည်း အခြေအနေမျိုး ဖြစ်နေတာကို တွေ့ရတယ်။

ဒါပေမဲ့ အမှန်တကယ်တော့ သူတို့ထဲက နှစ်ယောက်ဟာ ကျန်တဲ့တစ်ယောက် ရှေ့တိုးမလာနိုင်အောင် ပူးပေါင်းပြီး တားဆီးနေကြတာပဲ ဖြစ်တယ်။

အဲဒီတစ်ယောက်ကတော့ တခြားသူမဟုတ်ဘဲ ရိုင်းဇင်းဆစ်ထဲမှာ အားအကောင်းဆုံးလို့ အားလုံးက တစ်ထည်တည်း သတ်မှတ်ထားကြတဲ့ ဘိုးရီဂိုးပဲ ဖြစ်ပါတယ်။

သူ့ရဲ့ ရှေ့တည့်တည့်မှာ ရှိနေတာကတော့ အိန်ဂျယ်လစ်ခရပ်ဖ်စ်က ဖင်းမ်နဲ့ မောင်တိန်မူးဗားစ်က တန်ဇင်းတို့ပဲ ဖြစ်တယ်။

ဖင်းမ်က အသက်နှစ်ဆယ်ကျော်အရွယ် ဖြစ်ပေမဲ့ မိုက်ကယ်ထက် တစ်နှစ်လောက်ပဲ ကြီးတဲ့ပုံစံမျိုးနဲ့ အတော်လေး နုပျိုတဲ့ ရုပ်ရည်ရှိသူပါ။ သူက အဖြူရောင် မိုးကာအင်္ကျီအရှည်ကြီးကို တစ်ကိုယ်လုံး ပတ်ပတ်လည် ဝတ်ဆင်ထားတာကြောင့် ပိုပြီးတော့တောင် ကလေးဆန်တဲ့ ပုံစံပေါက်နေသေးတယ်။

ပြီးတော့ ဖင်းမ်ရဲ့ နဖူးပေါ်က ဆံပင်တွေကြောင့် ဘိုးကို သေသေချာချာ မမြင်ရလောက်ဘူးလို့ ထင်ရပေမဲ့ တကယ်တော့ သူက သူ့ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို အပြည့်အဝ သိရှိနေတာပါ။ ဘိုးရဲ့ မဆိုစလောက် အသေးအမွှား လှုပ်ရှားမှုလေးတွေကိုတောင် ဖြစ်ပွားတဲ့ စက္ကန့်ပိုင်းအတွင်းမှာတင် သူက ကောင်းကောင်းကြီး ရိပ်မိနေခဲ့တယ်။

ဒီလို မြင်ကွင်း အာရုံခံနိုင်စွမ်းကြောင့်ပဲ သူက ရိုင်းဇင်းဆစ်ရဲ့ အဆင့်သတ်မှတ်ချက်မှာ ဘိုးရဲ့ အောက်တင် ရှိတဲ့ အဆင့်နှစ်နေရာကို ရရှိထားတာ ဖြစ်တယ်။

တန်ဇင်းကို ကြည့်ရတာတော့ ညိုမှိုင်းတဲ့ အသားအရေနဲ့ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ကိုယ်လုံးကိုယ်ထည်ကြောင့် အားနည်းတဲ့ပုံစံမျိုး ထင်ရနိုင်ပေမဲ့ အမှန်တရားကတော့ လုံးဝ ဆန့်ကျင်ဘက်ပါပဲ။ စင်စစ် ခွန်အားသက်သက်ကိုပဲ ယှဉ်မယ်ဆိုရင် ဘိုးတောင်မှ သူ့ကို ယှဉ်နိုင်ဖို့ ဝေးစွပေါ့။

သူက အဆင့်သတ်မှတ်ချက်မှာတော့ ရိန်နာ့အထက်၊ အာလော့စ်ရဲ့ အောက်ကနေ အဆင့်ငါး နေရာကို ယူထားတယ်။

ပွဲကြည့်ပရိသတ် တစ်ခဲနက်လုံးလည်း ဘာဖြစ်မလဲဆိုတာကို ရင်တဖိုဖိုနဲ့ မျှော်လင့်စောင့်စားနေကြတယ်။ လူတိုင်းက ဘိုး နိုင်လိမ့်မယ်လို့ ထင်ကြေးပေးထားကြပေမဲ့ ဖင်းမ်နဲ့ တန်ဇင်းတို့ နှစ်ယောက်ပေါင်းပြီး ပိတ်ဆို့ထားတဲ့ အခြေအနေကတော့ ဒီတစ်ကြိမ်မှာ သူ့အတွက် ရှုံးနိမ့်မှု ဖြစ်သွားစေနိုင်တယ်။

ဒါပေမဲ့ ဘာနာဘီနဲ့ ကျန်တဲ့ ပရိသတ်တွေက ဖြစ်ပျက်နေတဲ့ အခြေအနေကို သေသေချာချာ စိုက်ကြည့်လိုက်တဲ့အခါမှာတော့ တိုက်ပွဲက အခုမှ စတာမဟုတ်ဘူးဆိုတာကို ရိပ်မိသွားကြတယ်။ ဒါက အဆုံးသတ်ဖို့ နီးကပ်နေပြီပဲ ဖြစ်တယ်။

ဖင်းမ်နဲ့ တန်ဇင်းတို့ဟာ တစ်ကိုယ်လုံးမှာ သွေးသံရဲရဲတွေ၊ ဒဏ်ရာဒဏ်ချက်တွေနဲ့ အတော်လေးကို အရှိန်ကုန် ခမ်းခြောက်နေကြပြီ။ အခုအချိန်မှာ သူတို့ မနည်းမနော မတ်တတ်ရပ်နေရတဲ့ အခြေအနေပါ။

သူတို့နဲ့ ယှဉ်လိုက်ရင် ဘိုးကတော့ အကောင်းပကတိ အခြေအနေမှာ ရှိနေဆဲပဲ။ သူက ပန်းရောင် ဂါဝန်လေးမှာ ဘာခြစ်ရာတစ်ခုမှ မရှိ၊ ဖုန်တစ်စမှ မပေဘဲ သူ့ရဲ့ ကိတ်မုန့်စစ်သည်တော် စစ်တပ်ကြီးရဲ့ အလယ်မှာ ဘေးကင်းလုံခြုံစွာ ရှိနေတယ်။

"ဖင်းမ်နဲ့ တန်ဇင်းတို့ နှစ်ယောက်လုံး ပူးပေါင်းနေတာတောင် ဘိုးကို ရှုံးနေတုန်းပဲလား"

"ဖင်းမ်ရဲ့ ခွန်အားက ဘိုးထက် မဆိုစလောက်လေးပဲ လျော့တာ မဟုတ်ဘူးလား။ ပြီးခဲ့တဲ့နှစ် အဲဒီ လေလံပွဲတုန်းကတောင် သူက ဘိုးကို အနိုင်ရလုနီးပါး ဖြစ်ခဲ့တာလေ။ အခု တန်ဇင်းပါ ရှိနေတာတောင် ဘိုးကို အနိုင်မတိုက်နိုင်ကြဘူးလား"

"ဒါဆို ဘိုးက အရင်ကထက် ပိုပြီးတော့တောင် အားကောင်းလာတယ်လို့ ဆိုလိုတာလား"

တကယ်တော့ ဖင်းမ်နဲ့ တန်ဇင်းတို့ဟာ အစကတည်းက ပူးပေါင်းဖို့ လုံးဝ စိတ်မကူးခဲ့ကြပါဘူး။ တကယ်ဆို ပွဲအစောပိုင်းတုန်းက သူတို့ချင်း တိုက်ခိုက်နေခဲ့ကြသေးတာ။

ဒါပေမဲ့ သူတို့က ဘိုးနဲ့ မမျှော်လင့်ဘဲ ကံဆိုးစွာ တိုးမိသွားကြတယ်။ ပြီးတော့ သူတို့ မြင်လိုက်ရတဲ့အရာကြောင့် ဘိုးကို တားဆီးဖို့အတွက် ချက်ချင်းပဲ လက်တွဲပူးပေါင်းလိုက်ကြရတာ ဖြစ်တယ်။

ခပ်ထွားထွား ကောက်ကောက်ကွေးကွေး ရွှေဝါရောင် ဆံပင်တွေနဲ့ ဘိုးဟာ တိုက်ပွဲနဲ့ လုံးဝ မအပ်စပ်တဲ့ သူမရဲ့ ပုံမှန် ပန်းရောင် ဂါဝန်လေးကို ဝတ်ဆင်ပြီး ရောက်ရှိလာခဲ့တာပါ။

သူ့ရဲ့ အနောက်မှာတော့ ကိတ်မုန့်တွေ၊ ခရင်မ်တွေနဲ့ လုပ်ထားတဲ့ လှုပ်ရှားသက်ဝင်နေတဲ့ အရုပ်စစ်တပ်ကြီး ရှိနေတယ်။ အဲဒီထဲမှာ ဧရာမ ဝက်ဝံရုပ် စစ်သည်တော်တွေ၊ တကယ့် သတ္တုနဲ့ လုပ်ထားတဲ့ ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်နေတဲ့ ဓားမြှောင်တွေနဲ့ သူ ဖန်တီးနိုင်သမျှ ချစ်စရာကောင်းပြီး ထိတ်လန့်စရာကောင်းတဲ့ သတ္တဝါတွေ အကုန် ပါဝင်နေတာပဲ။

(TR Note: ဒါက One Piece Animeထဲက Big Mom ကို inspire ယူထားပုံပဲ)

ဒါပေမဲ့ ဒါတွေက ဖင်းမ်နဲ့ တန်ဇင်းတို့ကို ပူးပေါင်းစေခဲ့တဲ့ အဓိက အကြောင်းရင်းတော့ မဟုတ်ပါဘူး။

သူမရဲ့ ခါးမှာ ချိတ်ဆွဲထားတဲ့ အရာကသာ သူတို့ကို အစကတည်းက သတိကြီးကြီး ထားမိသွားစေတာ ဖြစ်တယ်။

သူမရဲ့ အနီရောင် ဖဲပြားခါးပတ်မှာ တောက်ပနေတဲ့ ရွှေရောင်သော့ ငါးချောင်းက ဘေးဘက်မှာ တွဲလောင်း ကျနေတာပါ။

ဒါတွေက ဒီပွဲရဲ့ သော့တွေပဲ ဖြစ်တယ်။ သူ့ရဲ့ အသင်းဖော်တွေက သော့ငါးချောင်းလုံးကို စုဆောင်းပေးထားပြီးသား ဖြစ်နေခဲ့ပြီ။

ဒီလိုဆိုရင် သူ လုပ်ရမှာက ဖန်ပေါင်းချောင်ဆီ သွားပြီး ဝိညာဉ်ဆီ ငါးစက်လုံးကို သူ့ဘာသာ သိမ်းပိုက်ဖို့ပဲ ကျန်တော့တာပေါ့။

ဖင်းမ်နဲ့ တန်ဇင်းတို့မှာတော့ သော့ နှစ်ချောင်းစီပဲ ရှိကြတာပါ။ ဘယ်လောက်ပဲ မလိုလားအပ်ပေမဲ့ လက်ရှိအချိန်မှာတော့ သူတို့ကြားက သဘောထားကွဲလွဲမှုတွေကို ခေတ္တဘေးဖယ်ထားပြီး ဘိုးတစ်ယောက်တည်း ဝိညာဉ်ဆီတွေ အကုန်လုံး အပိုင်စီးမသွားအောင် တားဆီးဖို့ လိုအပ်နေပြီဆိုတာ သိသာထင်ရှားနေပါတယ်။

"လမ်းကလေး နည်းနည်းလောက် ဖယ်ပေးလို့ ရမလားရှင်" ဘိုးက သူ့ခေါင်းလေးကို စောင်းပြီး ချစ်စရာကောင်းအောင် ဟန်ဆောင်ရင်း ပြောလိုက်တယ်။

ဒါပေမဲ့ ဖင်းမ်နဲ့ တန်ဇင်းတို့ကတော့ သူ့ရဲ့ လှည့်ကွက်တွေထဲ လုံးဝ မကျရောက်ခဲ့ပါဘူး။

ဖင်းမ်က တုန်ရင်နေတဲ့ လက်တွေနဲ့ သူ့ရဲ့ မီသရယ် အမွေအနှစ်ဓားကို တင်းတင်းဆုပ်ကိုင်ထားပြီး သူ့အထက်မှာ ပျံလွင့်နေတဲ့ အတောင်ပံပါတဲ့ အဖြူရောင် လူသားသဏ္ဌာန် ပုံရိပ်တစ်ခုကို ပေါ်ထွက်လာစေတယ်။ ဒါက သူ့ရဲ့ ဒီဗာပဲ ဖြစ်တယ်။

တန်ဇင်းကတော့ သူ့ရဲ့ လှံခြေရင်းကို မြေပြင်ပေါ် ထောက်စိုက်ပြီး ကိုယ်ကို ငြိမ်အောင် ထိန်းထားလိုက်တယ်။ သူကလည်း သူ့အထက်မှာ ဧရာမ နှင်းဖုံးတောင်ကြီးတစ်လုံးကို ဒီဗာအဖြစ် ဖော်ထုတ်ပြသလိုက်တယ်။

"ကောင်းပြီလေ... နင်တို့က ဒီလိုပဲ လုပ်မယ်ဆိုရင်တော့ ငါကလည်း အတင်းအဓမ္မပဲ ဖြတ်ကျော်သွားရတော့မှာပေါ့" ဘိုးက သူမရဲ့ ဆံပင်တွေကို ဂရုမစိုက်သလို ခါယမ်းရင်း ပြောလိုက်တယ်။ "သွား တိုက်ခိုက်ကြစမ်း"

သူ့ရဲ့ အဲဒီ စကားအနည်းငယ်အဆုံးမှာတင် သူ့ရဲ့ စစ်တပ်ကြီးဟာ ဖင်းမ်နဲ့ တန်ဇင်းတို့ဆီကို အုန်းခနဲ ဦးတည် ပြေးဝင်သွားကြပါတော့တယ်။

ပန်းရောင်နဲ့ အဖြူရောင် ရောယှက်နေတဲ့ ဧရာမ ကိတ်မုန့်တစ်ချပ်က ဖင်းမ်ဆီကို ပြေးဝင်လာတယ်။

ဖင်းမ်က ဓားကို အသင့်ပြင်ပြီး ကိတ်မုန့်ကို နှစ်ပိုင်း ပြတ်သွားအောင် အောက်ကနေ အထက်ကို ပင့်ခုတ်လိုက်တယ်။

ပြတ်သွားတဲ့ ကိတ်မုန့်နှစ်ပိုင်းဟာ ဖင်းမ်ရဲ့ ဘေးမှာ သက်မဲ့အတိုင်း ကျသွားတယ်။ ဒါပေမဲ့ ခဏအကြာမှာတော့ အရွယ်အစား ပိုသေးငယ်သွားတဲ့ သီးခြား ကိတ်မုန့်နှစ်ချပ်အဖြစ် ပြန်လည် အသက်ဝင်လှုပ်ရှားလာပြန်တယ်။

ပြီးတော့ အဲဒီကိတ်မုန့်တွေက ဖင်းမ်ဆီကို အတင်းတိုးဝှေ့လာပြီး သူ့ကို မြေပြင်ပေါ် လဲကျသွားအောင် ဖိနှိပ်လိုက်ကြတယ်။

ဖင်းမ်က သူ့ရဲ့ စွမ်းရည်ကို အသုံးပြုပြီး လက်ဖဝါးကနေ အလင်းတန်းတစ်ခုကို ဖန်တီးလိုက်တယ်။ သူက အဲဒီ အလင်းတန်းကို ဆုပ်ကိုင်ပြီး ကိတ်မုန့်တွေဆီ လွှဲယမ်းကာ ပြင်းထန်တဲ့ အပူရှိန်နဲ့ အပူချိန်တွေနဲ့ အုန်းခနဲ မြိုက်ပစ်လိုက်တယ်။

ဖင်းမ်တစ်ယောက် ပြန်ထနိုင်ပြီလို့ ထင်လိုက်တဲ့ အချိန်မှာတင် နောက်ထပ် ကိတ်မုန့်ချပ်တွေက သူ့ဆီ ထပ်မံပြေးဝင်လာပြီး အရပ်မျက်နှာအနှံ့ကနေ သူ့ကို အုပ်မိုး ပိတ်ဆို့လိုက်ပြန်တယ်။

ဖင်းမ်က အဲဒီကိတ်မုန့်ချပ်တွေကို တိုက်ထုတ်ဖို့ နောက်ထပ် အလင်းတန်းတွေကို ထပ်မံ ဖန်တီးလိုက်တဲ့အခါမှာတော့ အဲဒီကိတ်မုန့်တွေက သူ့ရဲ့ အလင်းတန်းကို အတင်းလှမ်းဆွဲပြီး နှစ်ပိုင်း ချိုးဖျက်ပစ်လိုက်ကြတယ်။

ကိတ်မုန့်တစ်ခုက ချိုးဖျက်ခံလိုက်ရတဲ့ အလင်းတန်းကို လှမ်းယူပြီး သူ့ရဲ့ ကိုယ်ထည်ထဲ ထည့်သွင်း ပုံဖော်လိုက်တဲ့အခါမှာတော့ ဖယောင်းတိုင်တစ်ခုလို ပုံစံမျိုးနဲ့ အလင်းတန်းတစ်ခု ပေါ်ထွက်လာပါတော့တယ်။

အခြားတစ်ဖက်မှာတော့ တန်ဇင်းဟာ ခရင်မ်ဝတ်စုံတွေကို ချပ်ဝတ်တန်ဆာလို ဝတ်ဆင်ထားတဲ့ ဝက်ဝံရုပ် စစ်သည်တော် လေးယောက်နဲ့ ရင်ဆိုင်နေရတယ်။

စစ်သည်တော်တစ်ယောက်က ဧရာမ ငါးအရိုးကြီးနဲ့ သူ့ကို ထိုးစိုက်ဖို့ ပြေးဝင်လာတဲ့အခါမှာတော့ တန်ဇင်းက သူ့လှံကို မြေပြင်ပေါ် ရိုက်ချလိုက်ပြီး ဝက်ဝံရုပ်ရဲ့ ခေါင်းကို မဆိုစလောက်လေးပဲ လွဲချော်ပြီး ခြစ်မိသွားစေတယ်။

အဲဒီ ထိခိုက်မိတဲ့ စက္ကန့်ပိုင်းအတွင်းမှာတင် သူ့ရဲ့ စွမ်းရည်က ပေါက်ကွဲထွက်သွားပြီး ဝက်ဝံရုပ်ရဲ့ အထက်မှာ နှင်းတောင်ပုံရိပ်တစ်ခု ပေါ်လာတယ်။ ရုတ်တရက်ဆိုသလို ဧရာမ အောက်ဘက်ဆွဲအားကြီးက ဝက်ဝံရုပ်ရဲ့ ကိုယ်ထည်ကို လွှမ်းမိုးသွားပြီး တောင်တစ်လုံးလုံးရဲ့ အလေးချိန်က သူ့ကျောပေါ် ရောက်လာသလိုမျိုး ကိုယ်ထည်တစ်ခုလုံးကို ချက်ချင်း ခြေမွပစ်လိုက်ပါတော့တယ်။

သူက သူ့ဆီ ပြေးဝင်လာတဲ့ ကျန်တဲ့ ဝက်ဝံရုပ်တွေဆီကိုလည်း လှံကို ဆက်တိုက် လွှဲယမ်း တိုက်ခိုက်လိုက်ရာ တစ်ကောင်ချင်းစီဟာ တောင်ကြီးရဲ့ ဖိသိပ်မှုဒဏ်ကြောင့် စက္ကန့်ပိုင်းအတွင်းမှာတင် အစအနမကျန် ပျက်စီးသွားကြတယ်။

ဒါပေမဲ့ ဖင်းမ်ဆီမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေအတိုင်းပဲ ဘိုးရဲ့ ဖန်တီးမှုတွေဟာ တန်ဇင်းရဲ့ နှင်းတောင်စွမ်းရည်ကို ရုတ်တရက် လှမ်းယူပြီး သူတို့ရဲ့ ကိုယ်ထည်တွေထဲ အံဝင်ခွင်ကျ ဖြစ်အောင် ပုံသွင်းလိုက်ကြတယ်။ ရုတ်တရက်ဆိုသလို အဲဒီ ဝက်ဝံရုပ်တွေ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း မြေပြင်ပေါ်မှာ အက်ကြောင်းတွေ ထင်ကျန်ရစ်ခဲ့ပါတော့တယ်။

ဒါကြောင့်မို့လည်း ဘိုးကို ရိုင်းဇင်းဆစ်ထဲမှာ အကောင်းဆုံး မက်ဂ်နက်တစ်အဖြစ် အားလုံးက ကြောက်ရွံ့နေကြတာ ဖြစ်တယ်။

* * * * * * * *

စာစဉ်(၄၇)

All Chapters