အခန်း ၅၆၂
Vol. 47 Ch. 562
အခန်း(၅၆၂)
အဲဒီနောက်မှာတော့ ဘိုးက ခြေတစ်လှမ်းမှတောင် မရွေ့ဘဲ ဖင်းမ်နဲ့ တန်ဇင်းကို စနစ်တကျနဲ့ အစအနမကျန် ချေမှုန်းပစ်လိုက်တဲ့ ဖြစ်ရပ်ကြီး ဖြစ်ပွားခဲ့ပါတယ်။
ပွဲက ဘယ်လောက်တောင် တစ်ဖက်သတ်ဆန်သွားလဲဆိုရင် ကြည့်နေတဲ့လူအုပ်ကြီးတစ်စုလုံး ဆွံ့အပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြရတယ်။ လေလံပွဲတုန်းက ဖင်းမ်ဟာ သူမကို အနိုင်ယူဖို့ အခွင့်အရေးအရှိဆုံးလူလို့ အားလုံးက ထင်ထားခဲ့ကြတာလေ။ ဒါပေမဲ့ တကယ်တမ်း ဖြစ်လာတော့ တန်ဇင်းကပါ ဝိုင်းကူပေးတာတောင် ဘိုးရဲ့အသားကို ခြစ်ရာတစ်ချက်လေးတောင် ထင်အောင် မလုပ်နိုင်ခဲ့ကြပါဘူး။
နောက်ဆုံးတော့ နှစ်ယောက်စလုံး တစ်ကိုယ်လုံး ဗူးဗူးစုတ် ဒဏ်ရာဒဏ်ချက်တွေနဲ့ ဖတ်ဖတ်မောပြီး ခြေကုန်လက်ပန်း ကျသွားကြတော့တယ်။ သူတို့ ဘာပဲလုပ်လုပ် သူမရဲ့ အဆုံးမရှိ ထွက်ပေါ်လာနေတဲ့ အစားအသောက်ပုံဖော်စွမ်းရည် သားရဲအုပ်ကြီးကို လုံးဝ မယှဉ်နိုင်ခဲ့ကြဘူး။
ဖင်းမ်နဲ့ တန်ဇင်းတို့ လက်နက်ချ အရှုံးပေးလိုက်ရပါပြီ။ ဘိုးတစ်ယောက် ဘာဆူးဘာငြောင့်မှ မရှိဘဲ မှန်ခုံးကြီးဆီကို ခန့်ခန့်ညားညား လျှောက်လှမ်းသွားပြီး သူမရဲ့ဘေးမှာ ရွှေသော့ချောင်းတွေ တလွင့်လွင့်နဲ့ တွဲလောင်းကျနေတာကို သူတို့ ရင်နာနာနဲ့ ထိုင်ကြည့်နေခဲ့ရတယ်။
သူမတစ်ယောက်တည်းနဲ့တင် ဝိညာဉ်ဆီ ငါးစက်စလုံးကို သိမ်းပိုက်ရရှိတော့မှာပေါ့။
အဲဒီအချိန်မှာပဲ သူတို့ရဲ့အထက် ကောင်းကင်ယံဆီကနေ ဘာနာဘီရဲ့ အသံကြီး ရုတ်တရက် ထွက်ပေါ်လာပါတယ်။
"ကစားသမားတို့ရေ... အခုဆိုရင် ဖင်းမ်နဲ့ တန်ဇင်းတို့ ပွဲသိမ်းသွားပြီဖြစ်လို့ ကွင်းထဲမှာ ကစားသမား နှစ်ယောက်ပဲ ကျန်ပါတော့တယ်... အကယ်၍ အခုအချိန်ထိ သော့မရသေးတဲ့သူတွေ ရှိနေရင် သော့ရထားတဲ့သူတွေ မှန်ကန်ကူပိုကြီးနားကို မချဉ်းကပ်နိုင်အောင် သေချာပေါက် တားဆီးကြဖို့ သတိပေးလိုက်ပါရစေ"
ဘာနာဘီရဲ့ ဒီကြေညာချက်ကို ကြားလိုက်ရတဲ့အခါ ဖင်းမ်၊ တန်ဇင်းနဲ့ ဘိုးတို့တောင် အံ့ဩသွားကြရတယ်။
ဂိမ်းက သူတို့ထင်ထားတာထက် ပိုပြီး ခရီးပေါက်နေခဲ့တာပဲ။ ပုံမှန်ဆိုရင် မှန်ကန်ကူပိုကြီးနားကို အားလုံး စုပြုံရောက်လာတဲ့အချိန်မျိုးမှာ ကစားသမား သုံးလေးယောက်လောက် ကျန်သေးတာ သဘာဝလေ။
ဒါပေမဲ့ အခုတော့ နှစ်ယောက်တည်း ကျန်တော့တယ်။
တစ်ယောက်က ဘိုးဆိုတာ သေချာပေမဲ့ ကျန်တဲ့တစ်ယောက်က ဘယ်သူလဲဆိုတာ သူတို့အတွက် လုံးဝ ပဟေဠိဖြစ်နေခဲ့တယ်။
သူတို့စိတ်ထဲမှာ အမျိုးမျိုး ခန့်မှန်းကြည့်ကြတာပေါ့။ အထင်ရှားဆုံး အဖြေကတော့ ခရိုကိုဒိုင်းလယ်သာကုမ္ပဏီက ရက်ပ်တာ ဖြစ်ဖို့များတယ်။ သူ့ရဲ့ ဒီဗာကျင့်စဉ်က သူတို့ထဲမှာ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ ပဉ္စမအဆင့်မှာ ရှိနေတာဖြစ်ပြီး သူ့ရဲ့ စွမ်းရည်ကလည်း အဖျက်စွမ်းအား အကောင်းဆုံးမို့ တခြားကစားသမားတွေရဲ့ ဒီဗာတွေကို အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိတာကိုး။
သို့သော်လည်း အာလော့စ်ကိုလည်း ချန်ထားလို့မရပြန်ဘူး။ အဲဒီလူက အကွက်မြင်ပြီး သူ့ရဲ့ မိကျောင်းအရိုးစု စွမ်းရည်ကို စိတ်ကူးဆန်းဆန်းတွေနဲ့ အသုံးချနိုင်စွမ်း ရှိသူလေ။
ဘိုးက ခြေလှမ်းတွေကို ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်တယ်။ ဂိမ်းရဲ့ နောက်ဆုံးပြိုင်ဘက်က ဘယ်သူဖြစ်မလဲဆိုတာကို သူမလည်း သိချင်စိတ် ပြင်းပြနေမိတာပေါ့။
"ထွက်လာခဲ့တော့မလေ" ဘိုးက လှမ်းမေးလိုက်ရာ သူမရဲ့အသံက တောအုပ်တစ်ခုလုံးထဲ ဟိန်းထွက်သွားတယ်။
စက္ကန့်ပိုင်းအနည်းငယ်အကြာမှာပဲ ဖင်းမ်နဲ့ တန်ဇင်းတို့ဟာ ဘေးနားက ခြုံပုတ်တစ်ခုဆီကနေ ရွှတ်ရှပ်ရွှတ်ရှပ် အသံတွေကို ကြားလိုက်ရတယ်။
ထို့နောက်မှာတော့ အဲဒီလူက ကွင်းပြင်ထဲကို လေထဲမှာ ဝဲပျံပြီး ထွက်လာတာကို သူတို့ မြင်လိုက်ရတော့တာပဲ။
ရက်ပ်တာလည်း မဟုတ်ဘူး၊ အာလော့စ်လည်း မဟုတ်ဘူး၊ နောက်ဆုံး ရိန်နာတောင် မဟုတ်နေပြန်ဘူး။
သူကတော့ အုပ်စုထဲမှာ တစ်ဦးတည်းသော ထူးထူးခြားခြား ဖြစ်နေပြီး ရိုင်းဇင်းဆစ် အဆင့်အတန်းထဲမှာလည်း မပါဝင်တဲ့ မိုက်ကယ် ဖြစ်နေခဲ့တယ်။
သူတို့ရဲ့ မျက်နှာတွေပေါ်မှာ အံ့ဩတုန်လှုပ်ခြင်းနဲ့ ဝေခွဲမရခြင်းတွေ တစ်ပြိုင်နက် ဖြတ်ပြေးသွားကြတယ်။ ဂိမ်းရဲ့ ဒီလိုနောက်ဆုံးအဆင့်အထိ အားလုံးထဲမှာမှ အဲဒီလူကို မြင်တွေ့ရလိမ့်မယ်လို့ သူတို့ လုံးဝ မျှော်လင့်မထားခဲ့မိဘူး။
ဒီအချိန်မှာပဲ ဖင်းမ်နဲ့ တန်ဇင်းတို့ရဲ့ ခန္ဓာကိုယ်တွေက လေထဲမှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်လာပါတော့တယ်။ ဘိုးကို ရှုံးနိမ့်ပြီး လက်နက်ချခဲ့ရတဲ့အတွက် အခုဆိုရင် သူတို့ဟာ ဂိမ်းထဲကနေ လေလံပွဲကျင်းပရာနေရာဆီကို ပြန်လည် ပို့ဆောင်ခြင်း ခံနေရတာပဲ ဖြစ်တယ်။
စက္ကန့်အနည်းငယ်အကြာမှာတော့ သူတို့ဟာ စင်မြင့်ထက်ဆီ ပြန်ရောက်သွားကြပြီး ကြိုးစားခဲ့မှုကို ချီးကျူးတဲ့အနေနဲ့ လူအုပ်ကြီးရဲ့ လက်ခုပ်ဩဘာပေးသံတွေကို ကြားလိုက်ရတယ်။
သူတို့တွေ သီးသန့်ခန်းတွေထဲ ပြန်ဝင်ဖို့ ပြင်နေတုန်းမှာပဲ ရက်ပ်တာနဲ့ အာလော့စ်တို့က သူတို့ဆီ လျှောက်လာကြတယ်။
"ငါတို့နဲ့အတူ ဂိမ်းကို လာကြည့်ပါလား" အာလော့စ်က အကြံပြုလိုက်တယ်။
သူတို့အားလုံးက သူငယ်ချင်းတွေဖြစ်ကြလို့ ဒါက လေလံပွဲဂိမ်းမှာ ရှုံးပြီးတိုင်း နှစ်စဉ်လုပ်နေကျ အလေ့အထတစ်ခုလို ဖြစ်နေခဲ့ပြီ။ သူတို့တွေ စုမိပြီး ဂိမ်းအတွင်း ဘာတွေဖြစ်ခဲ့လဲဆိုတာကို စကားစမြည်ပြောရင်း နောက်တစ်ကြိမ်မှာ ဘယ်သူနိုင်မလဲဆိုတာကို ဆွေးနွေးလေ့ရှိကြတာကိုး။
"ငါ လိုက်ခဲ့မယ်။ မင်းတို့နှစ်ယောက်စလုံး ဘယ်လိုဖြစ်ပြီး ဂိမ်းထဲကနေ ထွက်သွားရတာလဲဆိုတာ ငါ တကယ် သိချင်နေတာ" ဖင်းမ်က သူ့ရဲ့ နဖူးဆံပင်တွေကြားကနေ စူးစမ်းချင်တဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်ရင်း ပြောလိုက်တယ်။
"မင်းတို့နှစ်ယောက် ပြီးခဲ့တဲ့အကြိမ်ကလိုပဲ အချင်းချင်း ပြန်ချရင်း ပွဲပြတ်သွားကြတာလား" တန်ဇင်းက ရက်ပ်တာရဲ့ ပုခုံးကို လှမ်းဖက်ပြီး နောက်ပြောင်ကာ မေးလိုက်တယ်။
အာလော့စ်က တဟဟ ရယ်မောလိုက်ပြီး "အတိအကျကြီးတော့ မဟုတ်ဘူး။ ငါ့ရဲ့ သီးသန့်ခန်းထဲရောက်ရင် အကျိုးအကြောင်း ရှင်းပြမယ်" လို့ ပြောလိုက်တယ်။
သူတို့တွေ အာလော့စ်ရဲ့ အခန်းထဲကို ဝင်လိုက်တဲ့အခါ ဖင်းမ်နဲ့ တန်ဇင်းတို့ဟာ ရိန်နာတစ်ယောက် အခန်းထဲမှာ ရောက်နှင့်နေပြီး အောက်က မှော်ကမ္ဘာငယ်လေးဆီကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတာကို မြင်လိုက်ရတယ်။ သူမက ရှက်သွေးဖြန်းနေပြီး ဒါက ပုံမှန်ဆို မျက်နှာဖုံးအောက်မှာ ခံစားချက်ကို ဖုံးကွယ်ထားတတ်တဲ့ သူမအတွက်တော့ မြင်ရခဲတဲ့ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုပေါ့။
"အဲဒီ ရီနေးတားကောင်လေးက နောက်ဆုံးအထိ ကျန်ခဲ့တဲ့သူ ဖြစ်နေလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားဘူး" တန်ဇင်းက ကုလားထိုင်တစ်လုံးပေါ် ထိုင်ချရင်း ပြောလိုက်တယ်။
"ဘိုးကတော့ ဝိညာဉ်ဆီ ငါးစက် ထပ်ရတော့မှာပဲ။ ဒါဆို ငါတို့နဲ့ သူမကြားက ကွာဟချက်က ပိုပြီး ကြီးမားသွားတော့မှာပေါ့"
ဖင်းမ်ကလည်း သူ့ရဲ့ အမြင်ကို သဘောတူလိုက်တယ်။ "စိတ်မကောင်းစရာပဲ။ ဒါပေမဲ့ ငါအကဲခတ်ရသလောက်တော့ အဲဒီကောင်လေးက ကိုယ်ခန္ဓာအသွင်ပြောင်းခြင်းရဲ့ စတုတ္ထအဆင့်မှာပဲ ရှိသေးတာ။ သူက မင်းကိုတောင် နိုင်မှာမဟုတ်ဘူး ရက်ပ်တာ"
ဒီနေရာအရောက်မှာတော့ အာလော့စ်နဲ့ ရက်ပ်တာတို့ဟာ ကိုယ့်ကိုယ်ကိုယ် လှောင်ပြုံးပြုံးရင်း တဟားဟား ရယ်မောလိုက်ကြတော့တယ်။
"တကယ်တော့…"
အဲဒီအချိန်မှာပဲ လူအုပ်ကြီးရဲ့ အံ့ဩတုန်လှုပ်ပြီး အော်ဟစ်လိုက်တဲ့ အသံကြီးကို သူတို့ ကြားလိုက်ရတယ်။ သူတို့ မှော်ကမ္ဘာငယ်လေးဆီ အမြန်လှမ်းကြည့်လိုက်တဲ့အခါ မိုက်ကယ်နဲ့ ဘိုးတို့ရဲ့ တိုက်ပွဲက စတင်နေပြီဆိုတာ မြင်လိုက်ရတော့တာပဲ။
မျှော်လင့်ထားတဲ့အတိုင်း ဘိုးက သူမရဲ့ ရာနဲ့ချီတဲ့ သက်ရှိအစားအသောက် မုန့်ပဲသရေစာတွေကို အမိန့်ပေးပြီး မိုက်ကယ်ကို လူအင်အားနဲ့ ဖိနှိပ်ဖို့ ကြိုးစားနေခဲ့တယ်။
ဧရာမ ကိတ်မုန့်လေးတွေက ချွန်ထက်တဲ့ သကြားပွင့်တွေကို ပစ်လွှတ်တဲ့ ကြယ်လက်နက်တွေလို ပစ်ပေါက်နေကြပြီး ရှည်လျားတဲ့ ပြင်သစ်ပေါင်မုန့်ကြီးတွေက မြက်ခင်းပြင်နဲ့ သစ်ပင်တွေကြားထဲမှာ မြွေတွေလို တွားသွားနေကြတယ်။ ပုံသဏ္ဌာန်မရှိတဲ့ ဆန်ပြုတ်တွေကလည်း မိုက်ကယ်ဆီကို စလိုင်းမ်တွေလို ခုန်အုပ်နေကြတာပေါ့။
"အဲဒါ သူတို့ ငါတို့ကို နှိပ်ကွပ်ခဲ့တဲ့ အကွက်ပဲ" ဖင်းမ်က ပြောလိုက်တယ်။
"သူမရဲ့ အစားအသောက်တွေက မနှစ်ကထက်စာရင် အဆင့်တွေ ပိုတက်လာတာပဲ။ ပိုပြီးတော့လည်း ပါးနပ်လာသလို အများကြီးလည်း ပိုသန်မာလာတယ်"
"ဒီနေရာမှာတင် အဲဒီကောင်လေးရဲ့ ပွဲက ပြီးဆုံးသွားလိမ့်မယ် ထင်တယ်" တန်ဇင်းက သက်ပြင်းချရင်း ဆိုလိုက်တယ်။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ မိုက်ကယ်ရဲ့ အထက် ကောင်းကင်ယံမှာ မှော်ကွင်းပြင် ရှစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ပါတယ်။
"ရှစ်ခုတောင်လား... သူက မှော်ပညာရပ်မှာ တကယ်ကို ထူးချွန်တဲ့သူ ဖြစ်ရမယ်" တန်ဇင်းက သဘောကျတဲ့ ခေါင်းညိတ်မှုနဲ့ ပြောလိုက်တယ်။
"ဒါပေမဲ့ ဒါက မလုံလောက်သေးဘူး... သူမမှာက ရာနဲ့ချီရှိတာ... သူကတော့ အခုမှ…"
တောအုပ်ထဲမှာ နောက်ထပ် အလင်းတန်းများစွာ ဝုန်းခနဲ ထွက်ပေါ်လာတာကို မြင်လိုက်ရတဲ့အခါ ဖင်းမ်ရဲ့ စကားလုံးတွေ ဆွံ့အသွားခဲ့ရတယ်။ မိုက်ကယ်ဟာ သူ့ရဲ့နောက်ကျောဘက်မှာ မှော်ကွင်းပြင်တွေကို တစ်ခုပြီးတစ်ခု အဆက်မပြတ် ဖန်တီးနေခဲ့ပြီး တစ်ခုချင်းစီက မတူညီတဲ့ ဒြပ်စင်တွေကို ကိုယ်စားပြုတဲ့ အရောင် ရှစ်ရောင်အဖြစ် အလှည့်ကျ ပြောင်းလဲနေခဲ့ကြတယ်။
နောက်ဆုံးမှာတော့ အဲဒီမှော်ကွင်းပြင်တွေရဲ့ အရေအတွက်ဟာ ရာနဲ့ချီတဲ့အထိ ရှိလာခဲ့ပါတော့တယ်။
"တစ်ပြိုင်နက်တည်းမှာ ရာနဲ့ချီ တည်ဆောက်နိုင်တယ် ဟုတ်လား"
"သူ့မှာ အဆုံးမရှိတဲ့ မှော်စွမ်းအင် အရင်းအမြစ်တွေ ရှိနေတာလား... ဒါကို သူ ဘယ်လိုလုပ်လိုက်တာလဲ"
တစ်ဖက်မှာတော့ ရက်ပ်တာနဲ့ အာလော့စ်တို့က မှော်ကွင်းပြင်တွေထဲကနေ ထွက်ပေါ်လာတဲ့ မှော်သားရဲမျိုးစုံကို ကြည့်ပြီး ခေါင်းတငြိမ့်ငြိမ့် လုပ်နေကြတယ်။ သားရဲတစ်ကောင်ချင်းစီမှာ သက်ဆိုင်ရာ သားရဲရဲ့ သီးခြားထူးခြားချက်ကို ပိုမိုအားကောင်းစေတဲ့ သတ်မှတ်ထားတဲ့ ဒြပ်စင်အစွမ်းတွေ အသီးသီး ပါရှိနေကြတာကိုး။
"ဒါကို ငါ မင်းတို့ကို ပြောဖို့ ကြိုးစားနေတာ... မင်းတို့ မမြင်လိုက်ရဘဲ လွတ်သွားတဲ့ အရာတွေ အများကြီး ရှိသေးတယ်" အာလော့စ်က ပြောလိုက်တယ်။
"ငါတို့ ဘာလို့ ဒီလောက် စောစောစီးစီး ဂိမ်းထဲက ထွက်ခဲ့ရလဲ မင်းတို့ သိချင်လား... အဲဒါ သူ့ကြောင့်ပဲ... အဲဒီ မှော်သားရဲတွေနဲ့ သူ့ရဲ့ စွမ်းရည်က ငါတို့ကို အနိုင်ယူသွားခဲ့တာ" ရက်ပ်တာက ဝန်ခံလိုက်တယ်။
သူတို့က ရက်ပ်တာနဲ့ အာလော့စ်တို့ကို မယုံကြည်နိုင်တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေမိကြပြီး ဒါက နောက်ပြောင်နေတာလို့ ပြောမယ့်အချိန်ကို စောင့်နေသလိုမျိုး ဖြစ်နေခဲ့တယ်။
"သူ အာလော့စ်ကို နိုင်တာကတော့ ငါ လက်ခံနိုင်ပါတယ်... စိတ်မရှိပါနဲ့ အာလော့စ်... ဒါပေမဲ့ သူ မင်းကို နိုင်တယ်ဆိုတာတော့ ငါ လုံးဝ စဉ်းစားလို့မရဘူး ရက်ပ်တာ... မင်းက သူ့ထက် ကျင့်စဉ်အဆင့် တစ်ဆင့်တောင် ပိုမြင့်တာလေ" ဖင်းမ်က ငြင်းခုံလိုက်တယ်။
ရက်ပ်တာက ပုခုံးတွန့်ပြရင်း "ဟုတ်တယ်... သူ ငါ့ကို တရားမျှတစွာနဲ့ အနိုင်ယူသွားခဲ့တာ... သူ့ရဲ့ စွမ်းရည်နဲ့ သူ့ရဲ့ လက်နက်က တကယ်ကို ကြောက်စရာကောင်းလွန်းတယ်... ငါတို့တွေ အစွမ်းချင်း ပေါင်းစပ်ပြီး တိုက်ခိုက်တာတောင် သူ့ကို မနိုင်ခဲ့ဘူး" လို့ ဆိုလိုက်တယ်။
ဒီတစ်ကြိမ်မှာတော့ ဖင်းမ်နဲ့ တန်ဇင်းတို့ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ပြန်စေ့လို့တောင် မရတော့ပါဘူး။ အခုလေးတင် ကြားလိုက်ရတဲ့ သတင်းအချက်အလက်တွေကို ဦးနှောက်ထဲမှာ လက်ခံနိုင်ဖို့ ကြိုးစားရင်း စက္ကန့်အနည်းငယ်လောက် ကြောင်အမ်းအမ်းကြီး ဖြစ်သွားကြရတယ်။
"မင်းတို့ပြောချင်တာက မင်းတို့နှစ်ယောက်စလုံး သူ့ကို တစ်ပြိုင်နက်တည်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလား" တန်ဇင်းက မျက်မှောင်ကြုတ်ရင်း မေးလိုက်တယ်။
"ဟုတ်တယ်"
"ပြီးတော့ အဲဒီတိုက်ပွဲအတွင်းမှာ မင်းတို့ အစွမ်းချင်း ပေါင်းစပ်နိုင်ခဲ့ကြတယ် ဟုတ်လား... ဒါတောင်မှ မင်းတို့ ရှုံးသွားခဲ့တာပေါ့လေ"
"အဲဒါ အမှန်ပဲ"
* * * * * * * *
စာစဉ်(၄၇)