အခန်း ၅၆၄
Vol. 47 Ch. 564
အခန်း(၅၆၄)
မိုက်ကယ်ရဲ့ မှော်သားရဲတွေဟာ ဘိုးရဲ့ တည်ဆောက်မှုစွမ်းရည်တွေအတွက် စိတ်ကြိုက်စားသောက်စရာ ဘူဖေးအဖြစ် ပြောင်းလဲသွားတာကို မြင်လိုက်ရတဲ့အခါမှာတော့ လူအုပ်ကြီးက စိတ်ပျက်လက်ပျက်နဲ့ ညည်းတွားလိုက်ကြရုံကလွဲလို့ ဘာမှမတတ်နိုင်တော့ဘူး။
"တောက်။ ဘိုးက ဆန်းကြယ်အနုပညာ အသုံးချသူတွေအပေါ် လုံးဝအသာစီးရထားတာ မိုက်ကယ်ရဲ့ ကံဆိုးမှုပဲ"
"ဟုတ်ပ။ သူ့ရဲ့မန္တန်တွေက ဘယ်လောက်ပဲ အစွမ်းထက်ထက်၊ ဘယ်လောက်ပဲ သန်မာသန်မာ အဆုံးသတ်မှာတော့ အဲဒီအစားအစာ တည်ဆောက်မှုတွေအတွက် အာဟာရဖြစ်သွားတာချည်းပဲလေ"
"အဲဒါက စွမ်းရည်တွေရဲ့ သဘာဝပဲ။ သူတို့က မှော်စွမ်းအင်ရဲ့ သဘာဝရန်သူတွေလေ။ ဘိုးရဲ့စွမ်းရည်က တစ်ချက်ထိလိုက်ရုံနဲ့ မိုက်ကယ်ရဲ့ မန္တန်တွေကို သူမပိုင်သလိုမျိုး လုံးဝထိန်းချုပ်သွားနိုင်တာ"
မှော်မျှော်စင်က မှော်ဆရာတွေတောင်မှ ဘိုးရဲ့ လွှမ်းမိုးချုပ်ကိုင်လွန်းတဲ့ စွမ်းရည်ကို မြင်ပြီး သူတို့ရဲ့မကျေနပ်မှုကို မထုတ်ဖော်ဘဲ မနေနိုင်ကြတော့ဘူး။
"ဒါကြောင့်မို့လို့ ငါက စွမ်းရည်တွေကို မုန်းတာ။ သူတို့က ပုံမှန်စံနှုန်းတွေကို လုံးဝလိုက်နာတာမဟုတ်ဘူး။ မှော်စွမ်းအင်ကို အဲဒီလိုမျိုး အလွယ်တကူ ဘယ်လိုလုပ်ပြီး ထိန်းချုပ်သွားနိုင်ရတာလဲ"
"အကယ်၍ သူက ဘိုးရဲ့ စွမ်းရည်အကြောင်းကို စကတည်းက သိထားရင် မှော်မန္တန်တွေ သုံးတာကို ရှောင်လွှဲနိုင်ခဲ့မှာပေါ့။ ဒါပေမဲ့ နှမြောစရာကောင်းတာက ဒါက ဒီလေလံပွဲကို သူပထမဆုံးအကြိမ် လာဖူးတာဆိုတော့ ဘာမှမသိဘဲ လုံးဝအူလည်လည် ဖြစ်နေတာလေ"
"မျှော်စင်သခင်...ဒါပြီးရင် ကျွန်တော်တို့ မိုက်ကယ်နဲ့ ချက်ချင်း စကားပြောရမယ်။ ဘိုးကို ရှုံးနိမ့်သွားပြီးတဲ့နောက် သူ စိတ်ဓာတ်ကျပြီး နှလုံးကြေကွဲနေမှာ သေချာတယ်။ ဒီအခွင့်အရေးကို သုံးပြီး သူ့ကို ကျွန်တော်တို့ဘက်ပါအောင် စည်းရုံးနိုင်မလားပဲ"
အားလုံးကတော့ မိုက်ကယ်တစ်ယောက် ဘိုးဆီမှာ ဘယ်အချိန် လက်နက်ချမလဲဆိုတဲ့ အချိန်ကိုပဲ ရေတွက်နေကြပြီ။
ဘာပဲဖြစ်ဖြစ် ဘိုးရဲ့ စွမ်းရည်ကြောင့် သူ့ရဲ့ ဆန်းကြယ်အနုပညာပါရမီက လုံးဝအရာမထင်တော့ဘူးလေ။ ဒါပြီးရင် သူဘယ်လိုမန္တန်ပဲသုံးသုံး အလဟဿဖြစ်မှာဖြစ်ပြီး သူမရဲ့ တည်ဆောက်မှုတွေကို ပိုပြီးအစွမ်းထက်အောင် လုပ်ပေးသလိုပဲ ဖြစ်တော့မှာပါ။
သို့သော်လည်း မျှော်စင်သခင်ကတော့ ဒါက ပြီးဆုံးသွားပြီလို့ အခုထိ မထင်သေးဘူး။ သူ့ရဲ့မှော်ဆရာတွေက ဒီလေလံပွဲအပြီးမှာ ဘာဖြစ်လာမလဲဆိုတာကို ဆွေးနွေးနေကြပေမဲ့ သူ့မျက်လုံးတွေကတော့ မှော်ကမ္ဘာငယ်လေးဆီမှာပဲ စိုက်ကြည့်နေဆဲပဲ။
သူက မိုက်ကယ်ကို ကြည့်နေတာပါ။ မိုက်ကယ်ရဲ့ မျက်နှာပေါ်မှာ ရှုံးနိမ့်ခြင်းနဲ့ စိတ်ပျက်အားလျော့ခြင်း အရိပ်အယောင်တွေ မရှိဘဲ အဲဒီအစား သူ့ရဲ့နှုတ်ခမ်းထောင့်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အပြုံးတစ်ခုက ပိုပြီးတော့ ထင်ရှားလာနေတယ်။
ခဏအကြာမှာတော့ အားလုံးမျှော်လင့်ထားတဲ့ လက်နက်ချခြင်းက ရောက်မလာခဲ့ပါဘူး။
"ဘာနာဘီ။ သူက ဘာလို့ အပြင်ကို ပို့ဆောင်မခံရသေးတာလဲ"
"သူ အပြင်းအထန် ဒဏ်ရာမရစေနဲ့ဦး။ သူ့ရဲ့ ဆန်းကြယ်အနုပညာပါရမီက သိပ်ကိုတန်ဖိုးရှိတာ"
"မင်း သူ့စကားကို မကြားလိုက်လို့နေမှာ"
လူတွေက မိုက်ကယ်အပေါ် ဒီလောက်အထိ ကာကွယ်ပေးချင်နေကြလိမ့်မယ်လို့ ဘာနာဘီ မမျှော်လင့်ထားမိဘူး။ သို့ပေမဲ့ ရက်ပ်တာနဲ့ အာလော့စ်အပေါ် ပြသခဲ့တဲ့ သူ့ရဲ့စွမ်းဆောင်ရည်က ဘိုးဆီမှာ ထပ်ပြီးရှုံးနိမ့်တာကို မမြင်ချင်ကြတဲ့ အားပေးဝန်းရံသူ အမြောက်အမြားကို ရရှိစေခဲ့တာပဲလေ။
သူက အခြေအနေကို အမြန်ပဲ ရှင်းပြလိုက်ရတယ်။
"လူကြီးမင်းတို့...ကျွန်တော့်လက်တွေက ချည်နှောင်ခံထားရပါတယ်။ မိုက်ကယ်က လက်နက်ချမယ့် အရိပ်အယောင် လုံးဝမပြသေးပါဘူး" လို့ သူက ကြေညာလိုက်တဲ့အခါ လူအုပ်ကြီးမှာ အံ့ဩတုန်လှုပ်ပြီး ဇဝေဇဝါ ဖြစ်သွားကြရတယ်။
* * * * * * * *
"မင်းရဲ့ ဆန်းကြယ်အနုပညာပါရမီက တကယ်ကို အံ့ဩချီးကျူးစရာပဲ" လို့ ဘိုးက ချီးမွမ်းလိုက်တယ်။ "ငါ့ရဲ့ တည်ဆောက်မှုတွေက ဒီလောက်အထိ တစ်ခါမှ အစွမ်းမထက်ဖူးဘူး။ ငါ့ရဲ့ အဖွဲ့သားတစ်ယောက်အဖြစ် ဝင်ရောက်ဖို့ မင်းစိတ်ကူးရှိလား။ ငါ မင်းကို အခကြေးငွေ အများကြီး ပေးပါ့မယ်"
မှော်သားရဲတွေက သူမကို ပေးစွမ်းတဲ့ တန်ခိုးကို သူမ သိပ်သဘောကျသွားတာကြောင့် မိုက်ကယ်ကို သူမရဲ့ ကုမ္ပဏီမှာ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ထည့်သွင်းထားချင်မိတဲ့အထိပါပဲ။ အဲဒီလိုဆိုရင် သူမရဲ့ တည်ဆောက်မှုတွေကို ဒီနေ့လိုမျိုး အမြဲတမ်း အစွမ်းထက်အောင် လုပ်နိုင်မှာလေ။
ဒါပေမဲ့ သေချာတာပေါ့...မိုက်ကယ်က သူမရဲ့လက်အောက်မှာ အလုပ်လုပ်ဖို့ စိတ်ကူး လုံးဝမရှိပါဘူး။
"ဒါတွေအားလုံး ပြီးသွားပြီလို့ မင်းကို ဘယ်သူက ပြောလဲ" လို့ သူက သူမကို ပြောလိုက်တယ်။
ဘိုးက သူမမျက်လုံးတွေကို မှေးစင်းလိုက်ပြီး မိုက်ကယ်က သူ့လက်နှစ်ဖက်ကို အကျယ်ကြီး ဆန့်တန်းလိုက်တာကို မြင်လိုက်ရတယ်။
သူ ဘာလုပ်နေလဲဆိုတာ သူမ မသိပေမဲ့ လေထုထဲက ပြောင်းလဲမှုတစ်ခုကို သူမ ချက်ချင်း ခံစားလိုက်ရတယ်။ မိုက်ကယ်ဆီကို တစ်စုံတစ်ခု စုဝေးရောက်ရှိနေပေမဲ့ အဲဒါက ဘာလဲဆိုတာ သူမ မသိဘူးဖြစ်နေတယ်။
ပြီးတော့ သူမရဲ့ ကိတ်မုန့်စစ်သည်တော်တစ်ယောက်ကို သူ့ဆီ သွားစစ်ဆေးဖို့ အမိန့်ပေးမလို့ လုပ်နေတုန်းမှာပဲ သူမရဲ့ တည်ဆောက်မှုတွေဆီမှာ တစ်ခုခု ဖြစ်ပျက်နေတာကို ရုတ်တရက် သတိပြုမိသွားတယ်။
သူမရဲ့ စစ်သူကြီးတွေဖြစ်တဲ့ ပျံသန်းနေတဲ့ နှစ်ထပ်ကိတ်မုန့်ကြီးတွေက လေထဲမှာ ဝဲပျံနေရင်း တုန်ခါလာကြတယ်။
သူတို့က ကိုယ့်အလိုအလျောက် တုန်ခါနေတာ မဟုတ်ဘူး။ သူမကလည်း အဲဒီလိုလုပ်ဖို့ အမိန့်မပေးထားဘူး။ သူမရဲ့ တည်ဆောက်မှုတွေက သူမရဲ့ လုံးဝဥဿုံ ထိန်းချုပ်မှုအောက်မှာ ရှိနေရမှာဖြစ်ပြီး သူမရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်လိုမျိုး ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်ရမှာလေ။
သူမ ပတ်ပတ်လည်ကို ကြည့်လိုက်တဲ့အခါမှာတော့ ဒီထူးဆန်းတဲ့ တုန်ခါမှုကို ခံစားနေရတာက သူမရဲ့ စစ်သူကြီး ကိတ်မုန့်တွေတင် မဟုတ်ဘူးဆိုတာ သတိပြုမိသွားတယ်။ ဒါက သူမရဲ့ အစားအစာ စစ်တပ်တစ်ခုလုံးပဲ။
သူတို့ထဲက တစ်ခုချင်းစီက ထိန်းချုပ်မရဘဲ တုန်ရီနေကြပြီး စက္ကန့်တွေ ကုန်လွန်သွားတာနဲ့အမျှ ပိုပြီးတော့ ပြင်းထန်လာတယ်။
ထိတ်လန့်သွားတဲ့ ဘိုးက သူတို့ကို သူမဆီ ပြန်လာဖို့ အမိန့်ပေးလိုက်တယ်။
ဒါပေမဲ့ ဒီအချိန်မှာပဲ သူမရဲ့ စစ်တပ်တစ်ခုလုံးက သူတို့ကို သူမဆီကနေ ဆွဲထုတ်နေတဲ့ အားတစ်ခုကို ခံစားလိုက်ရတယ်။ ပေါင်မုန့်ဒိုင်းလွှားတွေရဲ့ အပေါ်ယံအလွှာတွေက စုတ်ပြဲထွက်သွားပြီး ရှေ့ကို စုပ်ယူခြင်း ခံလိုက်ရတယ်။ ကိတ်မုန့်လေးတွေပေါ်က သကြားလုံးလေးတွေက ခရင်မ်တွေထဲကနေ ထွက်လာပြီး ပစ်ထွက်သွားကြတယ်။ ဂိုလမ်စွပ်ပြုတ်ကြီးတွေတောင်မှ စွပ်ပြုတ်စက်တွေက စုပ်ယူခံလိုက်ရတာကြောင့် ဖြည်းဖြည်းချင်း သေးသိမ်သွားရတယ်။
အရာအားလုံးက သတ်မှတ်ထားတဲ့ လားရာတစ်ခုဆီကိုပဲ ဦးတည်ပြီး ပစ်ထွက်သွားကြတယ်။ အဲဒါကတော့ မိုက်ကယ်ပဲ။
ဘိုးက အရာအားလုံး ပျက်စီးယိုယွင်းနေတာကို မြင်နေရပေမဲ့ ဘာမှမတတ်နိုင်ဘဲ လုံးဝ လမ်းပျောက်နေခဲ့ရတယ်။
ရုတ်တရက် ပေါင်မုန့်ဒိုင်းလွှားတစ်ခုထဲကနေ တကယ့် ရေဒြပ်စင်မှော်စွမ်းအင်တန်းတစ်ခု ပန်းထွက်လာပြီး မိုက်ကယ်ကို နေအဖွဲ့အစည်းရဲ့ နေမင်းကြီးလိုမျိုး ဗဟိုပြုပြီး လှည့်ပတ်ပါတော့တယ်။
မကြာခင်မှာပဲ ဘိုးရဲ့ တည်ဆောက်မှုတွေထဲကနေ သန့်စင်တဲ့ မှော်စွမ်းအင်လုံးလေးတွေ ပိုပြီးတော့ ထွက်ပေါ်လာပြီး မိုက်ကယ်ရဲ့ ထိန်းချုပ်မှုအောက်ကို ပြန်လည်ရောက်ရှိလာကြတယ်။
သူမရဲ့ နှစ်ထပ်ကိတ်မုန့် စစ်သူကြီးတွေက မျိုချထားတဲ့ မှော်လင်းယုန်တွေကို အတင်းအကျပ် ထိန်းသိမ်းထားဖို့ ကြိုးစားခဲ့ပေမဲ့ အဆုံးမှာတော့ အတောင်ပံပါတဲ့ သတ္တဝါသဏ္ဍာန်နဲ့ လေဒြပ်စင်မှော်စွမ်းအင်က ကိတ်မုန့်ရဲ့ ခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲထွက်လာပြီး မိုက်ကယ်ဆီကို ပြန်လည်ပျံသန်းသွားခဲ့တယ်။
တစ်ခုပြီးတစ်ခု ဘိုးရဲ့ တည်ဆောက်မှုတွေဟာ မိုက်ကယ်ရဲ့ မန္တန်တွေကို ဝါးမြိုခြင်းကနေ ရရှိထားတဲ့ မှော်စွမ်းအားတွေကို ဆုံးရှုံးလာကြရတယ်။
သူမရဲ့ ပေါင်မုန့်ရှည်စစ်သည်တွေထဲကနေ လျှပ်စီးကြောင်းတွေ ထွက်ခွာသွားကြတယ်။ သူမရဲ့ ဘီစကစ်တွေထဲကနေ မီးတွေ ငြိမ်းသတ်ခံလိုက်ရတယ်။ ပြီးတော့ သူမရဲ့ တာ့တ်မုန့်တွေကလည်း သူတို့ရဲ့ အစာသွတ်တွေထဲက အဆိပ်တွေကို ဆုံးရှုံးသွားကြရတယ်။
"ဒါ မဖြစ်နိုင်တာ..."
သူမ ဘာဖြစ်နေလဲဆိုတာ သိပေမဲ့ ဘာဖြစ်လို့ ဒီလိုဖြစ်နေရလဲဆိုတာကိုတော့ နားမလည်နိုင်ဘူး။
ဒါက မဖြစ်နိုင်ရုံတင်မကဘူး။ အဲဒီမှော်မန္တန်တွေကို သူမရဲ့ စွမ်းရည်က ဝါးမြိုထားတာဖြစ်ပြီး သူမရဲ့ ကိုယ်ပိုင်ဒီဗာရဲ့ တန်ခိုးအောက်မှာ အလုပ်လုပ်နေတာလေ။
ဘယ်မှော်မန္တန်ကမှ အဲဒါကို ပြန်မယူနိုင်ရဘူး။ မိုက်ကယ်က ဆန်းကြယ်အနုပညာမှာ ဘယ်လောက်ပဲ ပါရမီရှိရှိ၊ ဘယ်လောက်ပဲ ဒြပ်စင်တွေကို ကျွမ်းကျင်ကျွမ်းကျင် အဲဒါတွေက သူမရဲ့ စွမ်းရည်နဲ့ ဖုံးအုပ်ထားတယ်ဆိုတဲ့ အချက်ကိုတော့ ပြောင်းလဲနိုင်မှာမဟုတ်ဘူး။
သူမရဲ့ တိုက်ပွဲအတွင်းမှာ သူ့ရဲ့ဒီဗာက တစ်ကြိမ်မှ ထွက်မလာသေးတာကြောင့် ဒါက မိုက်ကယ်ရဲ့ စွမ်းရည်မဟုတ်ဘူးဆိုတာ သူမ သိတယ်။ ပြီးတော့ သူက အခုလည်း အဲဒါကို သုံးမနေဘူး။
အမှန်တော့ သူက သူ့ရဲ့ မှော်စွမ်းအင်ကို ပြန်ယူဖို့ မှော်မန္တန်တစ်ခု သုံးနေတဲ့ပုံစံတောင် မပေါက်ဘူး။
သူက သူတို့ကို အိမ်ပြန်လာဖို့ ကြိုဆိုတဲ့အနေနဲ့ သူ့လက်မောင်တွေကို ဖွင့်ပေးထားရုံတင်ပဲ။
"ဘာတွေ ဖြစ်နေတာလဲ"
* * * * * * * *
သံလိုက်စွမ်းအားနဲ့ ဒီဗာပိုင်းဆိုင်ရာ အခြားကျွမ်းကျင်သူတွေတောင်မှ ဇဝေဇဝါ ဖြစ်ကုန်ကြတယ်။
သူတို့က တခြားသူတွေထက် ပိုသိကြပြီး မိုက်ကယ်ရဲ့ ဒီဗာက အချိန် ဒါမှမဟုတ် အရှိန်အဟုန်ကို အေးခဲစေတာနဲ့ ပတ်သက်နေတယ်ဆိုတာ သူတို့ သိကြတယ်။ မှော် ဒါမှမဟုတ် မှော်စွမ်းအင်တွေကို ပြန်လည်ရယူတာနဲ့ မပတ်သက်ဘူးလေ။
ဒါပေမဲ့ တစ်နည်းနည်းနဲ့ သူက ဘိုးရဲ့ စွမ်းရည်ကို လွှမ်းမိုးသွားနိုင်ပြီး သူ့ရဲ့ ကိုယ်ပိုင်မှော်မန္တန်တွေကို ဘာမှမဟုတ်သလိုမျိုး အတင်းအကျပ် ပြန်လည်ရယူနိုင်ခဲ့တယ်။
အကယ်၍ သူက စွမ်းရည်တစ်ခု သုံးခဲ့တယ်ဆိုရင်တောင် အဲဒါက အဓိပ္ပာယ်မရှိသေးဘူး။ သူမက အဆင့်ခြောက်မှာ ရှိနေတာဖြစ်ပြီး သူကတော့ အဆင့်လေးမှာပဲ ရှိသေးတာ။ ကွာခြားချက်က သိပ်ကို ကြီးမားလွန်းတယ်။
"မျှော်စင်သခင်...စွမ်းရည်တစ်ခုကို ကျော်ဖြတ်နိုင်တဲ့ မှော်မျိုးကို သင်သိပါသလား"
"သူက ကြယ်ကိုးပွင့်မန္တန်ကို သုံးနေတာလား"
ဘယ်သူမှ ဒီမေးခွန်းတွေကို မဖြေနိုင်ကြဘူး။ မျှော်စင်သခင်ကတော့ တိတ်ဆိတ်စွာနဲ့ မိုက်ကယ်ကို ဆက်ပြီး စိုက်ကြည့်နေတယ်။
သူ့အနေနဲ့ ဘာဖြစ်နေလဲဆိုတာကို လုံးဝ အစအန မရတာတော့ မဟုတ်ပါဘူး။
ဒါအတွက် ရှင်းပြချက်တစ်ခုပဲ ရှိနိုင်တယ်ဆိုတာ သူသိပေမဲ့ အဲဒါက အကျယ်ကြီး ထုတ်ပြောဖို့တောင် သိပ်ကို အံ့ဩဖို့ကောင်းလွန်းနေတယ်။
"ဒါ...ဒါ ဖြစ်နိုင်ပါ့မလား"
* * * * * * * *
တစ်ချိန်တည်းမှာပဲ မြို့စားကတော်က သူမရဲ့ ထိုင်ခုံကနေ ထရပ်ပြီး မိုက်ကယ်ကို သူမရဲ့ မျက်လုံးတွေထဲမှာ အံ့ဩခြင်းတွေနဲ့ စိုက်ကြည့်နေမိတော့တယ်။
"ဟားဟားဟား။ ငါ သိသားပဲ။ သူက အထွတ်အထိပ်ပါရမီကို ပိုင်ဆိုင်ထားတာပဲ"
* * * * * * * *