← Chapters

အခန်း (၂၁၅-၂၁၆)

Vol. 22 Ch. 215-216

အခန်း (၂၁၅-၂၁၆)

Vol. 22 Ch. 215-216

အပိုင်း 215

ယွင်ယွီ ခန်းမထဲ၌ ထားရစ်ပြီး သူမဆီ လျှောက်လာသောသူကို သတိထားကြည့်လိုက်လေ၏။

နိုးလာပြီနောက်... အရာအားလုံး ထူးဆန်းနေပုံပေါ်သည်။

သူမ ဘာမှ မပြောသော်ငြား ထိုလူက သူမဆီ ရောက်လာချိန်၌ သိမ်မွေ့စွာ ပြုံးလျက် ပြောလိုက်သည်။ “မင်းသမီးလေး နိုးလာပြီပဲ”

ထိုလူ့ ဝတ်စားထားပုံက ထူးဆန်းပြီး အနက်ရောင် အင်္ကျီရှည်၊ ဘောင်းဘီရှည်ကို ဝတ်ထားပြီး အသားက မထူဘဲ ပါးကာ ဆံပင် အလွန်တိုသည်။

ယင်းက ဝေ့မင်းဆက် ပုံစံမဟုတ်။ ယွင်ယွီက မျက်မှောင်ကြုတ်မိသွား၏။ “ရှင် ဘယ်သူလဲ... ဒါ ဘယ်နေရာလဲ”

တစ်ခုခု ထူးဆန်းနေပေ၏။

ထိုအမျိုးသားသည် သူမဆီ လျှောက်လာပြီး သူမဆီ လက်ဆန့်ထုတ်လိုက်သည့်အခါ သူမအား ဘေးရှိ ညောင်စောင်းပေါ်၌ ထိုင်စေချင်သည့်ပမာပင်။

ယွင်ယွီက အလွန် သတိထားနေလေ၏။ သူမ နောက်တစ်လှမ်းဆုတ်ကာ စကားတစ်ခွန်းမှ မပြောဘဲ သူ့၏ လှုပ်ရှားမှုကို စောင့်ကြည့်နေ၏။

သူမ၏ ရုပ်ရည်သွင်ပြင်ကိုတောင် သူ မဖတ်နိုင်ပေ။

“မင်းသမီးလေး... ကျွန်တော်ပါ”

ထိုအမျိုးသားက ညင်သာစွာ ပြောလိုက်သည်။ “ကျွန်တော် ရှန်လုလီပါ”

ယွင်ယွီက တအံ့တဩ မော့ကြည့်ပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ သူက ဘယ်လိုလုပ် ရှန်လုလီ ဖြစ်နိုင်မှာလဲ။

ဤလူသည် ယွင်ယွီကို ခေါ်သွားသည့် ချင်နန်ချီပင် ဖြစ်သည်။ သူသည် ဤနေရာသို့ သူ၏ လူယုံများကိုသာ ခေါ်လာပြီး ချင်မိသားစုကိုတောင် အကြောင်းမကြားခဲ့ပေ။

သူက ချင်နန်ချီ၏ ခန္ဓာကိုယ်ကို လွှဲယူထားတာဖြစ်ပြီး ချင်မိသားစုအတွက် ခံစားချက်မရှိပေ။

ထိုနေ့ည၌ ဤနေရာသို့ ယွင်ယွီကို ခေါ်လာခဲ့သည်။ ယင်းက နယ်စပ်နေရာဖြစ်ပြီး စီမံရန် အလွန်ခက်ခဲသည့် နေရာလည်းဖြစ်သည်။

ဤနေရာရှိ လူတို့၏ အကျင့်စရိုက်က ခေတ်နောက်ပြန်ဆွဲ၏။

သူက ဤနေရာတွင် သူ့လူများလည်း ရှိသည်။

အိမ်ကို လွန်ခဲ့သည့် နှစ်နှစ်ခန့်က ပြင်ဆင်ထားတာ ဖြစ်သည်။ ထိုစဉ်က သူသည် မင်းသမီးလေး၏ ဝိညာဉ်ကို ပြန်ခေါ်ရန် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် ဤနေရာ၌ ရှေးဟောင်းအိမ်တစ်လုံး၊ တစ်စုံတစ်ရာကို တည်ဆောက်ခိုင်းထားသည်။ သို့သော် မျက်မှောက်ခေတ်ကာလ ဖြစ်သောကြောင့် ယဉ်ကျေးမှုများစွာက ပြောင်းလဲသွား၏။ ထို့ကြောင့် အမျိုးမျိုးသော စက်ပစ္စည်းကိရိယာများကို အိမ်ထဲတွင် ဝှက်ထားရသည်။

အပြင်ပန်းကြည့်လျှင် ရှေးဟောင်းအိမ်နှင့် တူသော်လည်း အတွင်း၌ ခေတ်မီပစ္စည်းများ အပြည့်ရှိနေရာ အနံ့တွေ့ရသည်။ ဤနေရာသို့ ရောက်လာပြီးနောက် သူသည်။

မင်းသမီးလေး၏ မှတ်ဉာဏ်များကို ဖျက်ခဲ့၏။

သူမသည် အတိတ်ဘဝက ကိစ္စများကိုသာ မှတ်မိသည်။ ယခုမှစပြီး သူမက သူ၏ မင်းသမီးလေး ဖုယွီ... မြေခွေးလေး ဖြစ်နေပြီး သူ့ကို အစ်ကိုရှန်ဟု ခေါ်သည့် တတိယမင်းသမီး ဖြစ်နေလိမ့်မည်။

တစ်လတာ စောင့်ပြီးနောက် နောက်ဆုံး၌ သူမ နိုးလာ၏။

ချင်နန်ချီက ယွင်ယွီ၏ နူးညံ့သော လက်ကို ဆွဲကိုင်ကာ သူမကို ဆွဲခေါ်သွား၏။ “ထိုင်လိုက်ပါ... ပြီးရင် ဖြစ်ခဲ့တာကို ဖြည်းဖြည်းချင်း ပြောပြမယ်”

ယွင်ယွီသည် သူက သူမလက်ကို ကိုင်ထားချိန်၌ ခုခံလိုမှုကို ခံစားလိုက်ရသည်။ သူမ သည်းခံပြီး မလှုပ်ရှားခဲ့ချေ။

သူက သူမကို ခုံတန်းရှည်သို့ ခေါ်သွားပြီး ထိုင်ချလိုက်ချိန် သူမ မေးလိုက်၏။ “ရှင်က တကယ် ရှန်လုလီလား”

ချင်နန်ချီက ခေါင်းညိတ်လိုက်၏။ “တကယ် ကျွန်တော်ပါ”

215 02

“မင်းသမီးလေး ငယ်ငယ်တုန်းက နန်းတော်အပြင်ကို ပထမဆုံးအကြိမ် ခိုးထွက်ခဲ့တယ်။ အရှင်မင်းကြီးနဲ့ မိဖုရားခေါင်ကြီးက ကြောက်လန့်သွားပြီး မင်းသမီးလေးကို ရှာဖို့ နန်းတော်အပြင် အစောင့်တွေ လွှတ်ခဲ့တာ။ ကျွန်တော် အရင်ဆုံး ရှာတွေ့ခဲ့တာလေ”

“အပြင်မှာ နှစ်ရက် သုံးရက်လောက် နေခဲ့တယ်။ ရာသီဥတု ပြောင်းလဲသွားတာကြောင့် မင်းသမီးလေးက ဖျားနာခဲ့ပြီး သူတောင်းစားတစ်သိုက်... သူတောင်းစားတစ်ဖွဲ့ ကယ်ဆယ်တာ ခံခဲ့ရတယ်။ မင်းသမီးလေးကို ရှာတွေ့တဲ့အချိန် ယိုယွင်းနေတဲ့ ဘုရားကျောင်းမှာ လဲနေပြီး အဲဒီ သူတောင်းစားလေးတွေက မင်းသမီးလေးကို ကောင်းကောင်း ဂရုစိုက်ပေးထားတာ။ နာမကျန်း ဖြစ်တဲ့အချိန် သူတို့က မင်းသမီးလေးကို ကုသပေးဖို့အတွက် ပိုက်ဆံတောင်းဖို့ ထွက်ခဲ့တယ်”

“ကျွန်တော် ရှာတွေ့တဲ့အချိန် သူတို့ မရှိဘူး။ ကျွန်တော့်ကို တွေ့တော့ ပြောတယ်လေ... အစ်ကိုရှန် ခေါင်းနာတယ် တဲ့”

ယွင်ယွီ ဘာမှ မပြောခဲ့ပေ။ သူမ ငယ်စဉ်က ထိုကဲ့သို့ အဖြစ်အပျက် ရှိခဲ့ဖူးသည်။

ထိုစဉ်က သူမသည် အထက်တန်းလွှာ မိသားစုမှ သခင်မလေး၏ သွင်ပြင်မျိုး၊ မင်းသမီးလေး တစ်ပါး၏ အဟန့်အတားမျိုး မရှိခဲ့ဘဲ ဆိုးသွမ်းသည်။

သူမ ထိုစဉ်က အသက်ငါးနှစ်သာ ရှိသေး၏။ နန်းတော်အပြင်သို့ ပထမဆုံး ခိုးထွက်ရသည့် ခံစားချက်က အလွန် လန်းဆန်းသည်။

မထင်မှတ်ထားဘဲ ထိုညက မိုးရွာလာပြီး ရာသီဥတု အေးလာ၏။ သူမ အဝတ်ပါးပါးလေးသာ ဝတ်ထားသောကြောင့် နာမကျန်း ဖြစ်ခဲ့သည်။ သူတောင်းစားလေး လေးယောက်က သူမကို ပြန်ခေါ်သွားခဲ့လေသည်။ ထိုသူတောင်းစားလေးများက လူကောင်းဖြစ်၏။

အဆုံးကျ ရှန်လုလီသည် သူမကို ပထမဆုံး ရှာတွေ့လာသည်။

သူမ ပထမဆုံး ပြောသည့်အရာက “အစ်ကိုရှန် ညီမ ခေါင်းနာတယ်”

နောက်ပိုင်း၌ နန်းတော်သို့ ပြန်ရောက်လာချိန်တွင် သူမ၏ခမည်းတော်နှင့် မယ်တော်က အပြစ်မပေးခဲ့ပေ။

သူမ၏ မိခင်က သူမကို ထွေးပွေ့လျက် ငိုတော့သည်။ သူမ မိသားစုကို စဉ်းစားမိပြီး ယွင်ယွီ၏ မျက်လုံးက အနည်းငယ် နီမြန်းလာ၏။ သူမ ငိုချင်သော်ငြား မျက်ရည် ထိန်းထားလိုက်သည်။

“အခု ဘာဖြစ်နေတာလဲ”... သူမက သူ့ကို မော့ကြည့်လိုက်၏။ “သွင်ပြင်က ဘာလို့ ပြောင်းသွားတာလဲ”

ချင်နန်ချီက ကြင်နာစွာ ပြောလိုက်တော့သည်။ “မင်းသမီးလေး... အခု တစ်ခု ပြောစရာ ရှိတယ်။ မလန့်သွားပါနဲ့။ အားလုံးကို ဖြေရှင်းပေးပါ့မယ်။ ဝေ့မင်းဆက်က မရှိတော့ဘူး”

ယွင်ယွီက သူ့ကို မျက်မှောင်ကြုတ် ကြည့်လိုက်၏။ “ဘာကို ဆိုလိုတာလဲ”

ချင်နန်ချီသည် ယွင်ယွီကို အတည်ကြည်ဆုံး ကြည့်လိုက်သည်။

“မဟာဝေ့မင်းဆက် လွန်ပြီး နှစ်ပေါင်း ၂၀၀၀ ကျော်သွားပြီ။ ဒါက တရုတ်နိုင်ငံပဲ။ ယွီကျင်းတောင်မှာ မင်းသမီးလေးကို မင်းသမီး ပူဇော်ပြီးတော့ မဟာဝေ့မင်းဆက်က နှစ်ပေါင်း ၁၀၀ ကြီးစိုး ဆက်လက် တည်ရှိခဲ့တယ်။ နောက်ပိုင်း ကျွန်တော် သေသွားတယ်။ ကျွန်တော် သေသွားပြီးတော့ ကိစ္စတချို့ကို လက်မလွှတ်နိုင်ဘူး။ ဒါကြောင့် ပြန်လည်မွေး... လူဝင်စားဖို့ မရဏလောကကို မသွားနိုင်ခဲ့ဘူးလေ။ အဲ့အစား မကောင်းဆိုးဝါး... တစ္ဆေကျင့်ကြံမှု လမ်းစဉ်ကို လျှောက်လှမ်းခဲ့တယ်။ ဒီကျင့်ကြံမှုက နှစ်ပေါင်း ၂၀၀၀ ကြာခဲ့တယ်။ မင်းသမီးလေးကို လွမ်းဆွတ်လွန်းတာကြောင့် ဒီနှစ်ပေါင်း ၂၀၀၀ လုံး မင်းသမီးလေး ရှိတဲ့နေရာကို ရှာခဲ့တယ်။ မရဏလောကမှာ မှတ်တမ်း မရှိဘူး။ ဒါကြောင့် ကျွန်တော် ဒီခန္ဓာကိုယ်ကို ယူပြီး မင်းသမီးလေးရဲ့ ဝိညာဉ်ကို ဆင့်ခေါ်ထားတာ”

တခြားသူ တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ယူတယ်တဲ့လား။

ယွင်ယွီက လက်သီးကျစ်ကျစ် ဆုပ်လိုက်၏။ သူမသည် ‘ရွှမ်းမန်ဂိုဏ်း’မှ ဖြစ်ပြီး သူမ၏ ဆရာသည် သူမခိုင်းလည်း ပထမဆုံး ဝင်ခြင်း... သင်ပေးသည့်အရာက အခြားသူများကို ထိခိုက်နစ်နာအောင် မလုပ်ဖို့ သင်ယူခဲ့ရသည်။ တစ်ပါးသူ၏ ခန္ဓာကိုယ်ကို ပူးကပ်ခြင်းသည် ထိုလူကို သေစေနိုင်သည့် ပြစ်မှုပင် ဖြစ်သည်။

ခန္ဓာကိုယ် ပူးကပ်ခံရသည့် လူက ကျင့်ကြံမှု မရှိ... သူတို့ ဝိညာဉ်က ရှင်သန်နိုင်ခြင်း မရှိဘဲ ပျောက်ကွယ်သွားလိမ့်မည်။

ထို့ကြောင့် သူမ၏ ခန္ဓာကိုယ်နှင့် ရှန်လုလီ၏ ခန္ဓာကိုယ်သည် အခြားသူဆီမှ ယူထားတာ ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ် မလိုချင်လျှင်တောင်...

215 03

သူမကြောင့် ဝိညာဉ် ဖျက်ဆီးခံရပြီ ဖြစ်သည်။

ယွင်ယွီက ခေါင်းငုံ့ထားလိုက်၏။

ချင်နန်ချီက သူမလက်ကို ကိုင်ကာ မေးလိုက်တော့သည်။

“မင်းသမီးလေး... ကျွန်တော့်ကို အပြစ်တင်နေတာလား”

ယွင်ယွီက တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒီလိုလုပ်တာ မှားတယ်”

ချင်နန်ချီက ပြုံးလျက်... “ကျွန်တော် ဒီလို ထပ်မလုပ်တော့ပါဘူး။ ကျွန်တော်တို့ အတိတ်ဘဝတုန်းက ရှိခဲ့တဲ့ ချစ်ခြင်းမေတ္တာကို ဆက်ရှင်သန်ကြရအောင်”

ယွင်ယွီက ပိုတောင် မျက်မှောင်ကြုတ်မိသွား၏။ သူမ ရှန်လုလီကို မော့ကြည့်လိုက်သော်ငြား ဘာမှ မပြောခဲ့ပေ။

သူမ အသက် ၂၀ အရွယ် ရောက်ချိန်၌ ရှန်လုလီကို သူမ၏ကြင်ယာတော်အဖြစ် ထားမည်ဖြစ်ကြောင်း သူမ၏ ခမည်းတော်နှင့် မယ်တော်က ပြောခဲ့ဖူးတာကို မှတ်မိသည်။

သို့သော် ယခုက ဝေ့မင်းဆက် မဟုတ်တော့ပေ။ ခေတ်သစ် ရောက်ပြီး ဖြစ်သောကြောင့် ဤသို့ လုပ်စရာ မလိုအပ်ဟု ခံစားမိသည်။

သူမ တိတ်ဆိတ်နေတာကို မြင်ပြီး ချင်နန်ချီက ပြုံးကာ ပြောလိုက်၏။

“မင်းသမီးလေး နိုးလာခါစ ဆိုတော့ ခန္ဓာကိုယ်က အသားကျဦးမှာ မဟုတ်ဘူး။ နည်းနည်းကြာကြာ အနားယူလိုက်ပါ။ ပြီးရင် ဘာစားချင်လဲ။ စားဖိုဆောင်ကို ပြင်ဆင်ခိုင်းလိုက်မယ်”

“ဘာပဲဖြစ်ဖြစ်ပါ”

ယွင်ယွီက ခေါင်းကိုက်နေသေး၏။ ဒါ တခြားခန္ဓာကိုယ်ကို ပူးကပ်ခြင်းရဲ့ နောက်ဆက်တွဲလား။

သူမ ပြောလိုက်သည်။ “ကျွန်မ အခန်းပြန်သွားပြီး အနားယူချင်တယ်”

“ကောင်းပါပြီ”

ချင်နန်ချီသည် သူမ အနားယူရန် သူမအခန်းသို့ ပြန်ပို့ပေးပြီး သူမကို ညွှန်ကြားချက် တချို့ပေးကာ သူမသဘော သူမ ဂရုစိုက်ရန်နှင့် အတွေးမလွန်ရန် မှာခဲ့၏။ အရာအားလုံးကို သူ ဂရုစိုက်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

သူ ထွက်သွားပြီးနောက် ယွင်ယွီ သက်ပြင်းချလိုက်သည်။

သူမက အစ်ကိုရှန်နှင့် မရင်းနှီးသလို အမြဲတစေ ခံစားနေရသည့် အကြောင်းရင်းကို မသိပေ။ ပြောရလျှင် သူနှင့် သူမက ခွဲခွာ ကာစ ဖြစ်၏။ ထို့ကြောင့် သူတို့၏ ခြားနားချက် မလေ့... ဤမျှ ကွာခြားစရာ မရှိသင့်ပေ။

ထို့စဉ်က သူမနှင့် အရင်းနှီးဆုံးလူများထဲတွင် သူမ၏ဖခင်၊ မိခင်နှင့် အစ်ကိုတော်များမှလွဲလျှင် အရင်းနှီးဆုံးလူက အစ်ကိုရှန် ဖြစ်သည်။ သူမ အဘယ်ကြောင့် ဤသို့ ခံစားနေရသနည်း။

ခဏအကြာ၌ ယွင်ယွီသည် ခေါင်းထဲ၌ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။

ဒါက ပူးကပ်ခြင်းရဲ့ နောက်ဆက်တွဲလား။

မူလခန္ဓာကိုယ် ပိုင်ရှင်... တခြားတစ်ယောက် ယူခဲ့သောကြောင့် ဖြစ်မည်။ ယွင်ယွီ သက်ပြင်းချလိုက်၏။ ဤအကြွေးကို မဆပ်နိုင်တော့ချေ။

ယွင်ယွီက အိပ်ပျော်သွားပြန်၏။

ချင်နန်ချီက အခန်းထဲမှ ထွက်လာပြီး အပြင်ဘက်ရှိ စာကြည့်ခန်းသို့ သွားလိုက်သည်။ သူ၏ အမူအရာက အေးစက်နေ၏။

သူက ရိချန်းကို လာခိုင်းပြီး မေးလိုက်၏။ “ဟယ်ချင်းကျေးရွာက အခြေအနေ ဘယ်လိုရှိလဲ”

ရိချန်းက သူ၏ လူယုံတော်ဖြစ်ပြီး သူ့ကို ကိစ္စများစွာ ကူညီဆောင်ရွက်ပေးဖူးသည်။

သူက ပြောလိုက်၏။ “အထူးတပ်ဖွဲ့က သခင်လေးရှိတဲ့ နေရာကို ရှာနေတုန်းပဲ။ ယွင်မိသားစု သခင်မကြီးက နေမကောင်း ဖြစ်နေတယ်။ ချင်ယွီစွေက ဟယ်ချင်းကျေးရွာကို ပြန်သွားပြီ”

215 04

ချင်နန်ချီက နှာခေါင်းရှုံ့လိုက်၏။ “ယွင်မိသားစုကို သူ့ကို တကယ် ဂရုစိုက်တာပဲ”

ရိချန်းက တုန်လှုပ်စွာ မေးလိုက်သည်။ “သခင်လေးချင်... ဆရာချင်... ကျွန်တော်တို့ သူ့ကို တိုက်ခိုက်သင့်လား”

ချင်နန်ချီက တည်ငြိမ်စွာ ပြောလိုက်၏။ “သူ ဟယ်ချင်းကျေးရွာမှာ နေနေတယ်ဆိုရင် သူ့ကို စိတ်ပူစရာ မလိုဘူး”

ဆိုရလျှင် ဟယ်ချင်းကျေးရွာက မင်းသမီးလေး၏ ဘဝ၌ ဂရုစိုက်ရသည့်အရာ ဖြစ်သည်။ ချင်ယွီစွေအတွက်မူ သူက ထိုလူတစ်စုကို ကာကွယ်ရန် ဟယ်ချင်းကျေးရွာ၌ နေနေလျှင် အဆင်ပြေ၏။

သူတို့က မင်းသမီးလေးကို တွယ်ကပ်ရဲပါက ချင်ယွီစွေကို ရှင်းပစ်ရန် နည်းလမ်းတစ်ခု ရှိထားပြီးသား ဖြစ်သည်။

အချိန်အတိုင်းအတာ တစ်ခုအထိ ထိုကိစ္စကို သူ ဂရုမစိုက်ချင်ပေ။ သူ၏ ကျင့်ကြံမှု နှစ်ပေါင်းတစ်ထောင်စား ဆုံးရှုံးခဲ့ပြီး အင်အားများစွာ လျော့ကျသွား၏။

တကယ်တော့ သူ မင်းသမီးလေးကို ရှာတွေ့သရွေ့ ဘာမှ ဂရုမစိုက်ပေ။ ဤဘဝ၌ သူ၏ လက်ကျန်ဘဝကို မင်းသမီးလေးနှင့် ကုန်ဆုံးနိုင်လျှင် လုံလောက်ပြီဖြစ်သည်။

ညနေခင်းတွင် သူက မင်းသမီးလေး နှစ်သက်သည့် အစားအသောက်များကို ပြင်ဆင်ရန် စားဖိုဆောင်ကို ပြောလိုက်သည်။ ယွင်ယွီ ညအချိန် နိုးလာသောအခါ များများစားစား မစားခဲ့ပေ။

တကယ်တော့ အားလုံးက သူမ နှစ်သက်သည့် ဟင်းလျာများ ဖြစ်သော်ငြား အကြောင်းရင်း တချို့ကြောင့် အရသာ ပြောင်းလဲသွားပြီး ဖယောင်းကို ဝါးနေရသလိုပင်။

“သဘောမတွေ့ဘူးလား”

ချင်နန်ချီက သူမကို မေးလေ၏။

ယွင်ယွီက ခေါင်းခါလိုက်သည်။ “ခေါင်းနည်းနည်း ကိုက်နေလို့ပါ”

“ဒါဆို နည်းနည်းလောက် ထပ်နားလိုက်ဦး။ မနက်ဖြန်ကျ ပေါ့ပေါ့ပါးပါးလေး ပြင်ဆင်ဖို့ စားဖိုဆောင်ကို ပြောလိုက်မယ်”

ယွင်ယွီက ခေါင်းညိတ်ပြီး ဘာမှ မပြောတော့ပေ။

ညစာစားပြီးနောက် သူမ အခန်းသို့ ပြန်သွားသည်။ ချင်နန်ချီက သူမကို တစ်စုံတစ်ခု ပြောစရာရှိပုံ ပေါ်သဖြင့် ပြောလိုက်၏။

“ကျွန်မ နေမကောင်းသေးဘူး။ နားချင်တယ်”

“ကောင်းပြီ... ကောင်းကောင်း နားသင့်တယ်။”

ယွင်ယွီက အရင်ဆုံး ကိုယ်လက်သန့်စင်ရန် အခန်းသို့ ပြန်သွားသည်။

သူမ၏ လက်ရှိအခြေအနေ၌ စိတ်ရှုပ်ထွေးစရာ တချို့ ရှိနေ၏။ ဥပမာအနေဖြင့် ဤသန့်စင်ခန်း။

သန့်စင်ခန်းသည် ကြွေထည်ဖြင့် ပြုလုပ်ထားပုံပေါ်ပြီး ထိုပေါ်၌ ထိုင်နိုင်၏။

လက်ဆေးသည့် စက်လည်း ရှိသည်။ ဖိလိုက်သည့်အချိန်၌ ရေများ စီးကျလာ၏။ ရေအပူချိန်ကိုလည်း အလိုအလျောက် ချိန်ညှိနိုင်သည်။

ရေချိုးခန်းထဲ၌ အချိန်တော်ကြာ နေနေပြီးနောက် သူမကို မည်သူမျှ သင်ပေးရန်တောင် မလိုဘဲ ထိုအရာများကို အသုံးပြုနိုင်ကြောင်း သိသွား၏။

သန့်စင်ပြီးနောက် သူမ လဲဝတ်ရန် အဝတ်အစားတချို့ ရှာလိုက်သည်။ ထိုအဝတ်အစားများက ရှုပ်ထွေးသည့် ကြိုးမျှင်များ မရှိ... ဝတ်ဆင်ရ လွယ်ကူသည်။

သူမ အပြင်ခန်းရှိ မှန်ဆီသို့ လျှောက်သွားလိုက်သည်။ သူမ ဤနေရာသို့ ဝင်လာကာစ၌ ဂရုတစိုက် မကြည့်မိပေ။ သို့သော် ဤခေတ်ကာလရှိ ကြေးမုံများက အင်မတန် ကြည်လင်တာကို တွေ့လိုက်ရသည်။

သူမ၏ သွင်ပြင်ကို ရှင်းရှင်းလင်းလင်း မြင်ရ၏။ မင်းသမီး ဖုယွီနှင့် တစ်ထပ်တည်း တူနေကာ ကွာဟချက် မရှိပေ။

ယွင်ယွီက မျက်မှောင်ကြုတ်လျက် ကြေးမုံထဲရှိ သူမပုံကို ထိလိုက်သည်။

မျက်ခုံး၊ မျက်လုံးတို့က တစ်ရာရာခိုင်နှုန်းတူပြီး အသားအရေတောင် တူနေ၏။

215 05

တစ်စုံတစ်ခုကို သူမ ရုတ်တရက် တွေးမိသွားပြီး မျက်လုံးမှိတ်ကာ အာရုံခံမိလိုက်သည်။ သူမ ယခင်ဘဝမှ ဝိညာဉ်စွမ်းအင်ရည် ရှိနေသေးတာ တွေ့လိုက်ရသည်။ ဝိညာဉ်စွမ်းအင်ရည်က သူမနဲ့ တကယ် ပါလာတာလား။

ယွင်ယွီသည် သူမကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်ကို တွက်ချက်ကြည့်လိုက်ရာ မအံ့ဩပဲနိုင်တော့ပေ။ ဒီခန္ဓာကိုယ်က ဘာလို့ ကျင့်ကြံနိုင်စွမ်း ရှိသေးတာလဲ။

ဝိညာဉ်စွမ်းအင်ရည်က ဝိညာဉ်နဲ့ ပါလာရင် ကျင့်ကြံစဉ်ကတော့ သေချာပေါက် ပါမလာနိုင်ဘူးလေ။

ဘာတွေ ဖြစ်နေတာလဲ။

ဒီမူလခန္ဓာက ရွှမ်းမန်ဂိုဏ်းသား အပိုင်ဖြစ်နေတာလား။

နောက်တစ်နေ့တွင် ယွင်ယွီက ချင်နန်ချီကို ထိုမေးခွန်း မေးလိုက်သည်။

“ဒီခန္ဓာကိုယ်က ကျင့်ကြံမှု ဘာလို့ ရှိနေတာလဲ”

ချင်နန်ချီက တည်ငြိမ်သွားကာ ညင်သာသော အသံဖြင့် ပြောလိုက်၏။

“သူက ရွှမ်းမန်ဂိုဏ်းကပဲလေ။ မင်းသမီးလေးနဲ့ တစ်ထပ်တည်း တူတယ်။ ဒါကြောင့် မင်းသမီးလေးရဲ့ ဝိညာဉ်ကို ဆင့်ခေါ်ဖို့ သူ့ကို ဒီထဲမှာ ထားလိုက်တာ။ သူ့ရဲ့ နာမည်က ယွင်ယွီပဲ။ မင်းသမီးလေးနဲ့ တူတယ်။ ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်အကြောင်း သိချင်လား။ အားလုံး ပြောပြပေးနိုင်ပါတယ်”

ယွင်ယွီက တုန်ဆိုင်းသွားလေ၏။ တကယ်တော့ သူမ ပိုသိချင်သော်ငြား မသိဝံ့ပေ။

ဤခန္ဓာကိုယ်ကို ယူထားပြီးသားဖြစ်ကာ မူလခန္ဓာကိုယ်၏ အတိတ်ကို ဝင်စွက်ဖက်ရန် ရည်ရွယ်ချက် မရှိပေ။

သို့သော် အဆုံးကျ သူမ မှားခဲ့လေ၏။ မူလပိုင်ရှင်ကို လျော်ကြေးတချို့ ပေးရန် လိုအပ်သည်။

ပြီးနောက် သူမက ပြောလိုက်၏။ “ဒါဆိုရင် ရှင့်ရဲ့ မူလခန္ဓာအကြောင်း ပြောပြ”

******

216 01

အပိုင်း 216

“ကောင်းပါပြီ... မင်းသမီးလေး သိချင်တာ အားလုံး ပြောပြမယ်” ချင်နန်ချီက ယွင်ယွီဘေး၌ ထိုင်ကာ ညင်သာစွာ ပြောလိုက်၏။ “မင်းသမီးလေးရဲ့ မူလခန္ဓာကိုယ်က မျိုးရိုးတူတယ်။ သူက ဒီနှစ် အသက် ၂၄ နှစ်၊ တော်ဝင်မြို့တော် မီဒီယာ တက္ကသိုလ်ကနေ ဘွဲ့ရလာတာ။ ဒါပေမဲ့ သူက ဆင်းရဲတဲ့ ဂိုဏ်းတစ်ခုထဲ ဝင်ခဲ့ပြီး ရွာက ဆရာနောက် လိုက်ခဲ့ပြီး ပညာတချို့ တတ်ခဲ့တယ်။ တက္ကသိုလ်ကနေ ဘွဲ့ရပြီးတော့ အလုပ်လုပ်ဖို့ မြို့တော်မှာ မနေဘူး။ အဲ့အစား မွေးရပ်မြေကို ပြန်ပြီး တောင်ပေါ်မှာ အပန်းဖြေ စခန်းတစ်ခု လုပ်ခဲ့တယ်။ သူ့မှာ ခင်ပွန်းတစ်ယောက်ရှိပြီး အသက် ၂ နှစ် စွန်းစွန်းပဲ ရှိသေးတဲ့ သားတစ်ယောက်လည်း ရှိတယ်။ သူ့ရဲ့ ခင်ပွန်းက ကျွန်တော့်ရဲ့ လက်ရှိ ခန္ဓာကိုယ်ရဲ့ အစ်ကို လည်း ဟုတ်တယ်။ ဒီလို တော်စပ်နေတာပဲ”

“အင်း... ဆက်ဆံရေးက ရှုပ်ထွေးလွန်းသည်” ဟု ယွင်ယွီ တွေးမိသွားသည်။ သို့သော်ငြား ဤခန္ဓာကိုယ်က သူမနှင့် တစ်ထပ်တည်း တူနေတာ အနည်းငယ် ထူးဆန်း၏။

ကမ္ဘာပေါ်မှာ တစ်ထပ်တည်း တူတဲ့ လူ ၂ ယောက် တကယ် ရှိနိုင်လို့လား။

ချင်နန်ချီသည် ပြောပြီးနောက် တိတ်ဆိတ် သွားတော့သည်။

ယွင်ယွီက ဆက်ပြောလိုက်သည်။ “နောက်ထပ်ရော...”

ချင်နန်ချီက ပြောလိုက်၏။ “ဒါက မူလခန္ဓာကိုယ် လွန်ခဲ့တဲ့ ၂ နှစ်အတွင်း တွေ့ကြုံခဲ့ရတဲ့ အရာတွေပါ။ အသေးစိတ်ကျတဲ့ အချက်အလက် တချို့လည်း ရှိပါသေးတယ်။ သူ့မှာ အစ်မတစ်ယောက်၊ မောင်တစ်ယောက်၊ အဖွားတစ်ယောက်နဲ့ အမေတစ်ယောက်လည်း ရှိပါတယ်။ သူ့ရဲ့အဖေကတော့ ဆန်ကုန်မြေလေး တစ်ယောက်ပဲ။ အပြင်မှာ နောက်မိန်းမထားပြီး မူလခန္ဓာရဲ့ အမေကို ကွာရှင်းပြီး ထားခဲ့တာ။ လောလောဆယ်မှာတော့ အဆက်အသွယ် မရဘူး။ မူလခန္ဓာက အကျင့်စာရိတ္တ ကောင်းပြီး ဉာဏ်ကောင်းတယ်။ ကိစ္စရပ်တွေကို မြန်မြန်ဆန်ဆန် သင်ယူနိုင်တယ်။ သူက မင်းသမီးလေးနဲ့ တော်တော်တူတာ။ ဒါကြောင့် သူ့ကို တွေ့တဲ့ အချိန်မှာပဲ ဝိညာဉ်ရှာတွေ့ပြီး သူ့ရဲ့ ခန္ဓာကိုယ်ကို လုယူခဲ့မိတာ။ ဖုယွီ... ကိုယ့်ကို ခွင့်လွှတ်မလား”

ယွင်ယွီက မျက်လွှာချထား၏။ “ခွင့်လွှတ်ဖို့... ခွင့်လွှတ်တာ မလွတ်တာတွေ မလိုဘူး။ ဖြစ်တာက ဖြစ်ပြီးပြီ။ သူ့ရဲ့ ဝိညာဉ်က မရှိတော့ဘူး။ ဒီလိုဆိုရင် သူ့ရဲ့ ဝိညာဉ်ကို လျော်ကြေးပေးရမယ်”

ချင်နန်ချီက ဒီလို ပြောလိုက်၏။ “ကောင်းပါပြီ... ကိုယ် သူတို့ကို ကူညီလိုက်မယ်။ ဘာပဲ လိုချင်လိုချင်...”

ယွင်ယွီက ခေါင်းခါလိုက်၏။ “မလိုဘူး... ကျွန်မဘာသာ အစီအစဉ်ရှိတယ်”

ကိစ္စရပ်များက ဤအနေအထားထိ ရောက်လာပြီ ဖြစ်သောကြောင့် သူမ၏ အနာဂတ်ဘဝ ရှေ့ဆက်လျှောက်ရမည့် ခရီးကို ဂရုတစိုက် စဉ်းစားရမည်။

သူမ ခင်ပွန်းနှင့်ကလေးတို့ကဲ့သို့ မူလခန္ဓာ အကြောင်း အသေးစိတ် အချက်အလက် မသိချင်တော့ပေ။ သူမ ဆက်နားထောင်နေပါက အပြစ်ရှိသလို ခံစားရလိမ့်မည်။ မူလခန္ဓာကိုယ်သည် ပျော်ရွှင်သည့် မိသားစုတစ်စု ရှိခဲ့သော်ငြား ရှန်လုလီ၏ တကိုယ်ကောင်းဆန်သော ဆန္ဒကြောင့် ဖျက်ဆီးခံခဲ့ရ၏။ တကယ်တော့ သူမ အမှားလည်း ဟုတ်သည်။ သူမက အစအဦးထဲ၌ သူမ ကို သူမ စတေးခဲ့ပြီး ရှန်လုလီ ၏ ခံစားချက်များကို ထည့်မစဉ်းစားခဲ့ခြင်းက ဆိုးရွားသည့် ဆက်ဆံရေးကို ဖြစ်သွားစေသည်။

ယွင်ယွီက ဧည့်သည်ဆောင် သီးသန့်အခန်းသို့ ပြန်သွားသည်။

ရှန်လုလီ သည် သူမက ဤခန္ဓာကိုယ်ကို ယူပြီး တစ်လခန့် သတိလစ်မျောခဲ့ကြောင်း ပြောထား၏။ သူမ ကျန်းမာရေးက သိပ်မကောင်းပေ။ ထို့ကြောင့် ကောင်းကောင်း အနားယူဖို့ လိုသည်။

နောက်ပိုင်း၌ ယွင်ယွီသည် အပြင် သိပ်မထွက်ဘဲ အိမ်ထဲနေကာ ဤခေတ်ကာလ အကြောင်း သင်ယူပြီး သူမ ၌ စိတ်ခံစားချက် မျိုးစုံ ဖြစ်ပေါ်လာသည်။

ဤခေတ်သစ်သည် ဝေ့မင်းဆက် နှင့် လုံးဝ ကွဲပြားခြားနား နေပေ၏။ အမျိုးမျိုးသော နည်းပညာမြင့်မားမှုသည် သူမကို မျက်စိပွင့်စေသည်။ မရေမတွက်နိုင်သော ယဉ်ကျေးမှု နှင့် အမျိုးသမီးတို့၏ အဆင့်အတန်းကလည်း သူမကို ဤခေတ်ကာလအား အလွန် နှစ်သက်စေ၏။

သူမ ခမည်းတော်နှင့်မယ်တော ကို ရန်ဖန်ရံခါ အိပ်မက်မက်သော်လည်း အချိန်အများစု၌ သူမသည် ဤခေတ်ကာလ၏ ဗဟုသုတများအကြောင်း ကြိုးစားပမ်းစား သင်ယူနေသည်။

ဤခေတ်ကာလ အကြောင်း အကြမ်းဖျင်း သိရုံလေ့လာခံချိန်ယူလိုက်ရသည်။ ချင်နန်ချီကလည်း သူမကို ဖုန်းတစ်လုံး ဝယ်ထားပေးပြီး ကွန်ပျူတာတစ်လုံး ဝယ်ပေး၏။ သူမ ထိုအရာများကို အလွန်ကျွမ်းကျင်စွာ သုံးနိုင်နေပြီ ဖြစ်သည်။ သို့သော် သူမ ဤခေတ်ကာလ၌ ရှန်လုလီသာ သိ၏။ ထို့ကြောင့် သူမ၏ ဖုန်းထဲ၌ သူ့နံပါတ်သာ မှတ်ထားရသည်။ သူမ၏ ရက်များ အတွင်း အပြည့်အဝကောင်းလွန်းနီးနီး ရှိပြီ ဖြစ်သည်။

216 02

ဝိညာဉ်စွမ်းအင်အတွက်မူ သူမက ၎င်းကို တိတ်တဆိတ် သောက်ပြီးနောက် ဒဏ်ရာများ လျင်မြန်စွာ ကောင်းရန်အတွက် စိမ်ချိုးသည်။ အနည်းဆုံးတော့ ဤရက်များအတွင်း သူမ မူးနောက်နောက် မဖြစ်တော့ပေ။ သို့သော် သူမ စားသောက်ချိန် သောက်ချိန်တိုင်း၌ သူမ ဗိုက်က မသက်မသာ ဖြစ်နေပြီး ပျို့အန်ချင်လာ၏။

ထိုည ညစာစားချိန်တွင် သူမနှင့် ချင်နန်ချီ အတူတကွ စားသောက်နေ၏။ ကြက်သားစွပ်ပြုတ် ကို တစ်ဇွန်းခန့် သောက်ပြီးနောက် သူမ၏ဗိုက်က မသက်မသာ ဖြစ်လာသည်။ သူမ ထိန်းထားရန် ကြိုးစားသော်ငြား အဆုံးကျ မထိန်းနိုင်တော့ဘဲ နှစ်ကြိမ်ခန့် ပျို့လေ၏။ ချင်နန်ချီက ထရပ်လိုက်ရာ သူမဆီ လျှောက်လာကာ ကျောကို သပ်ပေးသည်။

“ဘာဖြစ်လို့လဲ... ဘာလို့ မအီမသာ ဖြစ်နေတာလဲ”

ယွင်ယွီက မပြောနိုင်ဘဲ ပျို့နေလေ၏။ သူမ ကိုယ်ကိုမတ်လိုက်ရုံ လက်ကိုင်ပဝါဖြင့် နှုတ်ခမ်းထောင့်ကို သုတ်ကာ ဖျော့တော့စွာ ပြောလိုက်တော့သည်။ “ဘာတွေ ဖြစ်နေမှန်း မသိဘူး... ဗိုက်ထဲ နေလို့မကောင်းဘူး”

“ဆရာဝန် ပင့်မေးမယ်”

ယွင်ယွီက မကန့်ကွက်ခဲ့ပေ။

ချင်နန်ချီ ၏ လူများက ဆေးဝါးအကြောင်း မသိ။ ထို့ကြောင့် သူသည် ရိပ်ခြံကို အနီးရှိ ဆရာဝန်တစ်ယောက် ပင့်ခိုင်းလိုက်သည်။ ရိပ်ခြံက သူနဲ့အတူ တရုတ်တိုင်းရင်းဆေးသမားတော် တစ်ယောက် ခေါ်လာ၏။ သူက တုန်ယင်နေသော လက်ဖြင့် လျှောက်လာကာ အသက် ၇၀ ရှိပြီ ဖြစ်ပုံပေါ်သည်။

တရုတ်တိုင်းရင်းဆေးသမားတော်သည် ယွင်ယွီကို မြင်သောအခါ သွေးကြောစမ်းပြီး အချိန်အတော်ကြာ၌ ပြုံးလိုက်၏။ သူက ထရပ်ပြီးနောက် ချင်နန်ချီကို ပြောလိုက်တော့သည်။ “ဂုဏ်ပြုပါတယ်... မင်းရဲ့ဇနီးက ကိုယ်ဝန်ရှိနေပြီ။ ကိုယ်ဝန် ၂ လ ကျော် သွားပြီ။ အလွန်ကျန်းမာတယ်။ မနက်ပိုင်း ပျို့အန်တာ နည်းနည်းပဲ ရှိတာပါ။ မပြင်းထန်ဘူး”

ယွင်ယွီက သူ့ကို မော့ကြည့်ပြီး ပြောလိုက်၏။ “ကျွန်မက သူ့ဇနီး မဟုတ်ဘူး”

သမားတော်က ထပ်မပြောရဲတော့ပေ။

ယွင်ယွီလည်း ထိတ်လန့်ပြီး စိတ်ရှုပ်ထွေးသွားလေ၏။ သူမရဲ့ မူလခန္ဓာက ကိုယ်ဝန်လွယ်ထားရတာလား။

ချင်နန်ချီ ၏ အမူအရာကလည်း သိပ်မကောင်းတော့ပေ။ သူက ရိပ်ခြံကို အေးစက်သော အသံဖြင့် ပြောလိုက်၏။ “သမားတော်ကို ပို့ပေးလိုက်”

ရိပ်ခြံသည် ဘာမှ မပြောရဲပေ။ သူက သမားတော်ကို လိုက်ပို့ပေးပြီး ဆုပေးလိုက်၏။

ဧည့်ခန်းထဲတွင် ယွင်ယွီက တိတ်ဆိတ်သွားတော့သည်။ ချင်နန်ချီက သူမ ဘေး၌ ထိုင်ကာ မေးလိုက်လေ၏။ “မင်းသမီးလေး... ဘာစီစဉ်ထားလဲ”

ယွင်ယွီက စိတ်ရှုပ်ထွေးစွာ မေးလိုက်တော့သည်။ “ဒါက မူလပိုင်ရှင်နဲ့ သူ့အမျိုးသားရဲ့ ကလေးလား...”

ချင်နန်ချီက ခဏကြာ၌ ဖြေလိုက်သည်။ “ဟုတ်ပါတယ်”

ယွင်ယွီ ကိုယ်ဝန်လွယ်ထားရလိမ့်မည်ဟု သူ မထင်ထားပေ။ သူက ထပ်မေးချင်လေ၏။ “မင်းသမီးလေး... ဒါကို ထိန်းထားချင်လား။ ဘဝသစ် ရနေပြီပဲ ဒီကလေးကို ခေါ်ထားဖို့ မလိုပါဘူး”

ယွင်ယွီက မော့ကြည့်ပြီး ပြောလိုက်၏။ “ကျွန်မ ထိန်းထားချင်တယ်”

သူမက ချက်ချင်းနီးပါး ဆုံးဖြတ်ချက်ချလိုက်သည်။ ကလေးကို ဆက်လွယ်ချင်ရသည့် အကြောင်းရင်းကို မသိသော်ငြား သူမ ကိုယ်ဝန် ဆက်လွယ်ချင်၏။ သူမ သွေးသား ဆက်နွယ်မှုကိုတောင် ခံစားမိသည်။

ချင်နန်ချီ ဘာမှမပြောတာကို မြင်သောအခါ ဆက်ပြောလိုက်၏။ “ပြောရရင် ကျွန်မ သူ့အတွက် စိတ်မကောင်း ဖြစ်မိတာ သူ့... ဒါ သူ့ရဲ့ သွေးသားပဲလေ။ ကျွန်မ ဆက်လွယ်ထားရမှာပေါ့။ ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒကြောင့်လည်း ဟုတ်တယ်။ အရင်ဘဝတုန်းက အသက် ၂၀ အထိ ကလေး မရှိခဲ့ဘူး။ တကယ်တော့ ကျွန်မ ကလေးတွေကို သဘောကျတာ”

ယွင်ယွီက သူမ တကယ် ကလေးကို ဆက်ထားချင်သည်။ ယင်းက သူမ သွေးသားလည်း ဟုတ်ပေ၏။

216 03

ချင်နန်ချီသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီး ပြောလိုက်သည်။ “ကောင်းပြီလေ...”

သူမ သူ့ဘေးမှာ နေဖို့ ဆန္ဒရှိသရွေ့ ကိစ္စမရှိဘူး။

ယွင်ယွီသည် ကလေးကို ဆက်လွယ်ရန် ဆုံးဖြတ်ခဲ့သော်ငြား အတော်လည်း စိတ်ရှုပ်ထွေးနေသေးသည်။ ဆိုးရွားလိုက်တာ... သူမ ကိုယ်ဝန်လွယ်ရတာ ပထမဆုံးအကြိမ် ဖြစ်၏။ သူမ ဝေ့မင်းဆက် ၌ မင်းသမီးတို့ တစ်ပါးဖြစ်စဉ်က သူမ၏ သူငယ်ချင်းမလေးများသည် အိမ်ထောင်ကျပြီး ကလေးရခဲ့သည်။ ထို ပြည့်ပြည့်ဖောင်းဖောင်း ကလေးများကို အတော်လေး သဘောကျမိပေ၏။

နောက်ပိုင်း၌ ယွင်ယွီသည် အွန်လိုင်း သုံးချိန်၌ ကိုယ်ဝန်ဆောင်များ နှင့် ပတ်သက်သည့် သတိထားစရာများကို လေ့လာခဲ့သည်။

ဤအတိုင်း လဝက် ကုန်ဆုံးသွားပြီး ချင်နန်ချီ က သမားတော်ပင့ ကာ လိုအပ်သည့် ဆေးစစ်မှုများ ပြုလုပ်ပေးသည်။ မိခင်ရော သန္ဓေသားပါ ကျန်းမာနေ၏။ သန္ဓေသားက ၃ လ ရှိပြီ ဖြစ်သည်။

ယွင်ယွီ ၏ ဗိုက်က အနည်းငယ် ဖောင်းလာပြီ ဖြစ်သည်။ သူမ အိပ်ချိန်တိုင်း၌ သူမ ၏ ဗိုက်ကို ညင်သာစွာ ပွတ်သပ်မိ၏။ အထဲရှိ ကလေး ထွက်လာချိန်၌ မည်ကဲ့သို့သော ပုံဖြစ်မည် ဆိုတာ မှန်းဆနေမိသည်။ သို့သော် ကိုယ်ဝန်ဆောင်ရခြင်းက မလွယ်ကူပေ။ သူမ တစ်ခုခုစားလိုက်တိုင်း ပျို့အန်ချင်နေ၏။ တစ်ခါတစ်ရံတွင် အချိန်အတော်ကြာ ပျို့အန်နေသော်ငြား ဘာမှ ထွက်မလာပေ။ သူမ နီမြန်းသော မျက်လုံးဖြင့် ရေချိုးခန်းထဲတွင် လဲနေမိသည်။ ချင်နန်ချီက အပြင်ဘက်၌ သူမကို စောင့်နေကာ စိုးရိမ်ပူပန်ပြီး စိတ်ဓာတ်ကျနေတော့သည်။

ယွင်ယွီသည် ချင်နန်ချီ ခံစားချက်ကို နားလည်သည်။ သူက သူမကို အမြဲတစေ နှစ်သက်ခုံမင်သည်။ ယခင်ဘဝ၌ အသက် ၂၀ ထိ အသက်ရှင်ခဲ့လျှင် သူသည် သူမ၏ ဇနီးမယား ဖြစ်လာလောက်မည်။

သို့သော် မရှင်သန်ခဲ့ပေ။ သူ၏ ခံစားချက်ကို နားမလည်ခဲ့၊ ယခု အနည်းအကျဉ်း နားလည်လာပြီ ဖြစ်သည်။ သူမက သူ့ကို အစ်ကိုတစ်ယောက် အဖြစ်သာ သဘောထားပြီး ချစ်ခင်ရသူအဖြစ် သဘောမထားခဲ့ပေ။ ထို့ပြင် ဝေ့မင်းဆက်က မရှိတော့ပေ။ သူမက မင်းသမီးလေး ဖုယွီ မဟုတ်တော့၊ သာမန် မိန်းကလေး တစ်ယောက်သာ ဖြစ်သည်။ သူမ ကိုယ်ပိုင်ဘဝ လိုချင်၏။ သူမသည်လည်း အတိတ်ဘဝကြောင်း နှစ်ယောက်သား ဆက်လက်ချည်နှောင်နေမည့်အစား ကိုယ်ပိုင်ဘဝ ရှိဖို့ မျှော်လင့်မိသည်။ သူ့ကိုလည်း ကိုယ်ပိုင်ဘဝ ရှိစေချင်မိသည်။

ယွင်ယွီက သူနှင့် စကားပြောရန် ဆုံးဖြတ်လိုက်၏။

နောက်တစ်ပိုင်း... မနက်စာ စားပြီး နောက်တစ်နေ့၌ ယွင်ယွီက ချင်နန်ချီကို ခေါ်လိုက်သည်။ “အစ်ကိုရှန်... စကားပြောရအောင်”

ချင်နန်ချီက သူမကို ကြည့်ပြီး ပြောလိုက်၏။ “ကောင်းပြီလေ...”

နှစ်ယောက်သားက ဧည့်ခန်းထဲ၌ ထိုင်ပြီး ချင်နန်ချီက သူမ အတွက် နွားနို့ပူပူလေး တစ်ခွက် ထည့်ပေးသည်။

ယွင်ယွီက သူ့ကို ကျေးဇူးတင်စကား ပြောပြီး နွားနို့သောက်ပြီးနောက် စဉ်းစားလျက် ပြောလိုက်သည်။ “အစ်ကိုရှန်... ကျွန်မ အပြင်မှာ ထွက်နေချင်တယ်။ အတူနေဖို့ မလိုဘူး။ အရင်တုန်းက ကျွန်မရဲ့ခမည်းတော်နဲ့မယ်တော်က ရှင်ကို ကျွန်မရဲ့ ကြင်ယာတော် ဖြစ်စေချင်ခဲ့တာ။ ဒါပေမဲ့ အခုက ဝေ့မင်းဆက် မဟုတ်တော့ဘူး။ ခေတ်သစ် ဖြစ်သွားပြီ။ ဒါကြောင့် ကျွန်မတို့ လွတ်လပ်စွာ ကိုယ်ပိုင်ဘဝ သစ်စနိုင်ပြီ”

“ကိုယ်က မင်းသမီးလေးရဲ့ ကြင်ရာတော် ဖြစ်ချင်နေသေးတုန်းပဲ ဆိုရင် လက်ခံမှာလား”

ချင်နန်ချီ သည် ယွင်ယွီ ရှေ့၌ ဒူးတစ်ဖက်ထောက်ထိုင်လျက် သူမကို ချစ်ခင်ရင်းနှီးစွာ ကြည့်လိုက်သည်။

ယွင်ယွီက အကြည့်ချင်းဆုံသွားချိန် ပြောလိုက်လေ၏။ “ညီမတောင်းပန်ပါတယ် အစ်ကိုရှန်... ညီမမှာ ဒီလိုစိတ်ကူး မရှိဘူး။ အရင်တုန်းက သဘောတူခဲ့ကောင်း တူမယ်။ ဒါပေမဲ့ ရှ့င်အတွက် အစ်ကိုတစ်ယောက်လို ခင်တွယ်မှုပဲ ရှိတာ။ လင်မယားလို မဟုတ်ဘူး။ ဒါကြောင့် ကျွန်မ အပြင်ဘက်ကို ပြောင်းရွှေ့ချင်တယ်။ ရှင်နှစ်သက်တဲ့ အမျိုးသမီးတစ်ယောက် ရှာတွေ့မယ်လို့ မျှော်လင့်တယ်”

ချင်နန်ချီက စကားပြောရပ်ပြီးနောက် ယွင်ယွီကို တိတ်တဆိတ် ကြည့်နေမိသည်။ ယွင်ယွီကလည်း သူ့ကို တည်ငြိမ်စွာ ကြည့်နေ၏။

အချိန်အတော်ကြာပြီးနောက် သူသည် ညင်သာစွာ ပြောလိုက်သည်။ “ကောင်းပြီ... ဒီမှာနေလို့ရတယ်။ ကိုယ်သွားလိုက်မယ်။ လိုအပ်တာရှိရင် ခေါ်လိုက်”

ယွင်ယွီက ခေါင်းခါလိုက်၏။ “မဟုတ်ဘူး... ကျွန်မ အပြင်မှာ နေချင်တာ။ အပြင်မှာ အခန်းတစ်ခန်း ငှားချင်တယ်။ ကိုယ့်ဘာသာကိုယ် ပိုက်ဆံရှာမယ်။ အရင်ဆုံး ပိုက်ဆံနည်းနည်း ချေးလေ၊ ပြီးရင် ပြန်ပေးမယ်”

216 04

သူမက လွတ်လွတ်လပ်လပ် နေချင်၏။ သူမသည် ဝေ့မင်းဆက်၏မင်းသမီး မဟုတ်တော့ပေ။

နောက်ဆုံး၌ ချင်နန်ချီ သဘောတူလိုက်သည်။ ယွင်ယွီက သူ့ကို ကျေးဇူးတင်လိုက်၏။ သူက ယွင်ယွီကို ကြည့်ကာ ပြောလိုက်တော့သည်။ “မနက်ဖြန်ကျ အိမ်တစ်လုံးရှာဖို့ ကူပေးမယ်”

ယွင်ယွီက မငြင်းလာပေ။ “မလိုဘူး... ကျွန်မဘာသာ ရှာမယ်”

ချင်နန်ချီသည် နောက်ဆုံး၌ သဘောတူလိုက်ရတော့သည်။

နောက်တစ်နေ့တွင် ချင်နန်ချီက သူမအား အချက်အလက်များ ပေးပြီး ပြောလိုက်၏။ “ဒီထဲမှာ မင်းရဲ့ အထောက်အထားတွေ ပါတယ်... တစ်ချက်ကြည့်ကြည့်”

သူရနိုင်သမျှ... သူ ယူထားသမျှ အားလုံးက အစစ်အမှန် ဖြစ်ပြီး အချက်အလက် အားလုံးကို ပြန်ယူထားတာပဲ ဖြစ်သည်။ သူမ... သူမ ၏ အမည်က ယွင်ယွီ ဖြစ်နေသေးသော်ငြား နောက်ခံက ပိုရှင်းလင်းသွားသည်။ မိဘများက စောစောစီးစီး သေဆုံးသွားကာ သူမ ခင်ပွန်းနှင့် ကွာရှင်းပြီး တစ်ကိုယ်တည်း နေထိုင်သည်။

ယွင်ယွီက တစ်ချက်ကြည့်ပြီး ဘာမှမပြောပေ။ မှတ်ပုံတင်ရှိသရွေ့ အားလုံး အဆင်ပြေသည်။

သူမ ပစ္စည်းကို ယူကာ ကျေးဇူးတင်စကား ပြောပြီး မနက်စာစားပြီးနောက် နေရပ်နေရာ ထွက်ရှာတော့သည်။

သူမ သိပ်မသွားလိုက်ရပေ။ အပြင်ရောက်ချိန်၌ အနည်းငယ် မူးတတ်သွားသည်။ ချင်နန်ချီက ခြံဝ၌ ရပ်နေကာ သူမကို ကြည့်နေ၏။ သူမ လှည့်လာပြီး သူ့ကို ပြုံးပြကာ လက်ဝှေ့ယမ်းပြလိုက်သည်။

“အရင်ဆုံး အိမ်ရှာလိုက်ဦးမယ်”

“ဟုတ်ပြီ”

သူ့ ကြင်နာစွာ ပြုံးနေသော်ငြား သူမ လှည့်ထွက်သွားချိန်၌ အေးစက်သော မျက်နှာထားဖြင့် မျက်ခုံးနှစ်ဖက်ကို ပွတ်မိသွားသည်။

ယွင်ယွီအတွက် အိမ်ရှာရန် လွယ်ကူပေ၏။ ဤနေရာသည် နယ်စပ်ရွာလေး၌ တည်ရှိနေတာ ဖြစ်၏။ ရွာက ကြွယ်ဝချမ်းသာခြင်း မရှိဘဲ အနည်းငယ် ဆင်းရဲသည်။ နေရာအနှံ့၌ ဘန်ဂလိုလေးများ ရှိ၏။ တချို့က ဆို ခြံဝင်းလေးများ တောင် ပါသည်။ ယွင်ယွီက တစ်ခုကို အလွယ်တကူ ရှာတွေ့၏။ ယင်းက ချင်နန်ချီ အိမ်နှင့် သိပ်မဝေးပေ။ ၁ ကီလိုမီတာခန့်သာ ဝေးကွာ၏။

၎င်းသည် အလွန် သာမန်ကျသည့် လယ်တောအိမ်လေး ဖြစ်သည်။ သေးငယ်သော်ငြား လိုအပ်သမျှ အားလုံး ရှိသည်။ အပြင်အဆင် ကလည်း ကောင်းမွန်ပြီး ငှားရမ်းခ က ဈေးချိုသည်။ ကျေးရွာတွင် ဖြစ်သောကြောင့် ဤကဲ့သို့ အိမ်မျိုးကို ယွမ် ၅၀၀ သာ ကျသင့်သည်။

******

All Chapters