အခန်း (၇၆၈-၇၆၉)
Vol. 41 Ch. 768-769
အပိုင်း ၇၆၈ - နိုင်ငံတော်ဆရာ၏ တွေ့ဆုံဆွေးနွေးမှု
ဖါးပါးသည် အဓိပ္ပာယ်ပါပါ ပြုံးလျက် ပြောလိုက်၏။ "ခင်ဗျားကို ခေါ်လာတာက သေချာပေါက် ကြီးမားတဲ့ အသုံးဝင်မှု ရှိနေလို့ပေါ့။"
"ခင်ဗျားတို့က ကုန်သွယ်ရေးကို အားကောင်းအောင် လုပ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်သည်တွေကို ကုန်သည်ယောင်ဆောင်ပြီး ဂိတ်ပေါက်တွေကနေ ခိုးသွင်းဖို့၊ အဲဒီနောက် အတွင်းအပြင် ပူးပေါင်းပြီး တိုက်ခိုက်ဖို့ ကြံစည်နေတာလား။" ဖန်ကျန်းရီသည် မဆိုင်းမတွပင် မေးလိုက်သည်။
"ညီလေးဖန်က တကယ်ကို ဉာဏ်ကောင်းတာပဲ။ ဒါပေမဲ့ ဒါက အကြောင်းရင်း တစ်ခုသာ ဖြစ်ပြီး ပိုအရေးကြီးတာကတော့ ညီလေးဖန်ရဲ့ ကိုယ်ပိုင်အရည်အချင်းကို ကျုပ်က ပိုပြီး အာရုံစိုက်နေလို့ပဲ။
အမှန်အတိုင်း ပြောရရင် ကျုပ်က မြို့တော်ထဲက အခြေအနေတွေကို အမြဲတမ်း စောင့်ကြည့်ဖို့ လူလွှတ်ထားတယ်။ ညီလေးဖန်က ကောင်းကင်မှာ ပျံသန်းနိုင်တဲ့ နတ်ဘုရားကိရိယာ တစ်ခုကို တီထွင်ထားတယ်လို့ ကြားရတယ်။ ခင်ဗျားကို ဖိတ်ခေါ်လာတာက အဲဒီအရာကို ဖန်တီးပေးဖို့ပဲ။ တကယ်လို့ ကောင်းကင်ပျံ စစ်သည်တွေသာ အမှန်တကယ် ရှိလာမယ်ဆိုရင် ရိက္ခာတွေကို ရုတ်တရက် ဝင်တိုက်ခဲ့ရ၍် ကာကွယ်ရ အရမ်းခက်ခဲသွားလိမ့်မယ်။ ကျုပ်တို့ ကျင်းတိုင်းပြည်က ဒီတစ်ကြိမ်မှာ တစ်နိုင်ငံလုံးရဲ့ အင်အားကို ပုံအောပြီး လောင်းကြေးထပ်ထားတာမို့ သေချာပေါက် ဘာအမှားအယွင်းမှ မဖြစ်ချင်ဘူး။
တကယ်လို့ ခင်ဗျား က ကျုပ်ကို ရိုးရိုးသားသား ပူးပေါင်းကူညီပေးမယ်ဆိုရင် နောင်တစ်ချိန်မှာ ရွှေငွေတွေ၊ မိန်းမလှလေးတွေ ဆိုတာက ပြဿနာ မဟုတ်တော့သလို မှူးမတ်အဖြစ် ခန့်အပ်ခံရဖို့ဆိုတာလည်း မဖြစ်နိုင်စရာ မရှိဘူး။ ညီလေးဖန် ... ခင်ဗျားရဲ့ အရည်အချင်းကို ကျုပ်က အမြဲတမ်း လေးစားနေခဲ့တာ။ ခင်ဗျား လို အရည်အချင်းရှိတဲ့သူက အရှင်မင်းကြီးရဲ့ လက်အောက်မှာဆိုရင် သေချာပေါက် အလဟဿ ဖြစ်သွားမှာ မဟုတ်ဘူး။"
ချီးတဲ့မှ .. ငါက အခုထိ လူကြိုက်များတဲ့သူ ဖြစ်နေတုန်းပဲ။ ဝူမင်းသားကလည်း ငါ့ကို လုချင်တယ်၊။
သောက်ကျိုးနည်း ခင်ဗျားကလည်း ကျုပ်ကို လုချင်နေတာလား။
"မဖြစ်နိုင်ဘူး။ ကျုပ် ဖန်ကျန်းရီက တာ့ကျင်းတိုင်းပြည်ရဲ့ အမတ်အဖြစ် မွေးဖွားလာပြီး တာ့ကျင်းတိုင်းပြည်ရဲ့ သရဲတစ္ဆေအဖြစ် သေဆုံးသွားမယ်။ ခင်ဗျား စုံစမ်းကြည့်လိုက်လေ။ ကျုပ်က အင်မတန် သစ္စာရှိတဲ့ အမတ်ဆိုတာ ဘယ်သူမသိလို့လဲ။"
ဖန်ကျန်းရီသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ကျုပ်သာ ခင်ဗျား နောက်ကို လိုက်သွားရင် ကျုပ်က မိသားစုသုံးစု ရဲ့ ကျွန်ဖြစ်သွားပြီပေါ့။ နောင်လာမယ့် မျိုးဆက်တွေက ကျုပ်ကို ဘယ်လို မြင်ကြမလဲ။"
"မိသားစုသုံးစုရဲ့ ကျွန်လား။"
ဖါးပါးသည် နားမလည်နိုင်အောင် ဖြစ်သွားပြီး ပြောင်ရှင်းနေသော ဦးခေါင်းကို ပွတ်သပ်လိုက်၏။ "မိသားစုနှစ်စုပဲ ဖြစ်သင့်တာ မဟုတ်ဘူးလား။"
" ... မိသားစုနှစ်စုဆိုလည်း မရဘူး။"
"ခင်ဗျားက ဘာလို့ သစ္စာရှိတဲ့ အမတ်ဖြစ်ရမှာလဲ။ ခင်ဗျား သတင်းစာသုံးပြီး ကျုပ်ကို အသရေဖျက်ခဲ့တာတွေက နည်းနေလို့လား။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပညာရှိကြီး တစ်ယောက်လိုတောင် လျှောက်ရေးထားသေးတယ်။ ကျုပ် ဘာမှမသိဘူး ထင်နေလား။ နောက်ပြီး အစိုးရပိုင် ပစ္စည်းကို ကိုယ်ကျိုးအတွက် သုံးထားသေးတယ်။
သတင်းစာတိုက်မှာ အိမ်ရှေ့စံမင်းသားရဲ့ အစုရှယ်ယာ ပါတယ်ဆိုတာကို ကျုပ် သိတယ်။ ဒါပေမဲ့ အထဲမှာ ခင်ဗျား ရဲ့ တောက်ယွမ်ခရိုင်က စီးပွားရေးလုပ်ငန်းတွေရဲ့ ကြော်ငြာတွေချည်းပဲ အပြည့်ပဲ။ ပြီးတော့ အဲဒီရွံစရာကောင်းတဲ့ ခေါင်းစဉ်တွေလေ ... ခင်ဗျား ဘယ်လို ရှင်းပြမလဲ။" ဖါးပါးမှာ ပြောရင်းပြောရင်းဖြင့် ဒေါသထွက်လာတော့သည်။ ပုံမှန်အားဖြင့် သူသည်လည်း သတင်းစာဖတ်ရသည်ကို သဘောကျသော်လည်း ခေါင်းစဉ်ကို ဆွဲဆောင်မှုရှိအောင် တမင်ရေးသားထားသည့် လူများကို တွေးမိတိုင်း ရွံရှာမိ၏။
ဖန်ကျန်းရီသည် အတန်ကြာ တိတ်ဆိတ်နေပြီးနောက်မှ ပြောလိုက်သည်။ "ခင်ဗျား ပြောတာတွေက ... အမှန်တရားနဲ့ မကိုက်ညီဘူး။"
သူ ရှင်းပြရန် နည်းလမ်းမရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် ဖါးပါးပြောသည်များ အားလုံး မှန်ကန်နေသောကြောင့် ဖြစ်၏။ ယခုအခါ သတင်းစာထဲရှိ ကြော်ငြာအများစုမှာ တောက်ယွမ်ခရိုင်မှ လုပ်ငန်းများဖြစ်နေသည်မှာ အမှန်ပင်ဖြစ်သည်။
သတင်းစာတိုက်မှ သတင်းများကိုလည်း အရောင်းသွက်စေရန် အံ့သြတုန်လှုပ်ဖွယ် စကားလုံးများ၊ သွေးဆူစေမည့် စကားလုံးများဖြင့် ပြောင်းလဲရေးသားခဲ့ရ၏။ အခြားရွေးချယ်စရာ မရှိပေ။ သာမန်ပြည်သူများက ဤသို့သော အရာများကိုသာ ဖတ်ရှုချင်ကြသည် မဟုတ်ပါလား ...။
ဖါးပါးသည် လက်ခါပြလိုက်ပြီး ခပ်ဖွဖွ ပြုံးလျက် ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ ဒီနေ့ ကျုပ်က ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပြီး ရိုးသားဖြူစင်မှုကို အလုံအလောက် ပြသခဲ့ပြီ။ ညီလေးဖန် သေချာ စဉ်းစားကြည့်လို့ရတယ်။ ကျုပ် ခင်ဗျားကို သုံးရက်အချိန်ပေးမယ်။ ဒီနေ့ကစပြီး ဒီနေရာကို အသေအချာ စောင့်ကြပ်ဖို့ လူအင်အား ထပ်တိုးချထားမယ်။ သံတမန်အဖွဲ့ထဲက ဘယ်သူမှ ဧည့်ရိပ်သာအပြင်ကို ခြေတစ်လှမ်းတောင် ထွက်ခွင့်မရှိဘူး။ ဖောက်ဖျက်တဲ့သူကို ခေါင်းဖြတ်သတ်မယ်။
သုံးရက်ကြာလို့ ခင်ဗျား သဘောမတူရင်လည်း ကျုပ်က သံတမန်အဖွဲ့ကနေ စပြီး လူသတ်တော့မယ်။ တစ်ရက် အချိန်ဆွဲရင် လူသုံးယောက် သတ်မယ်။ လူတိုင်းကို ခင်ဗျား ရဲ့ မျက်စိရှေ့မှာပဲ အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးပြီး အကုန်လုံး သေကုန်တဲ့အထိ သတ်ပစ်မယ်။"
ချီးတဲ့မှ … ဒီဆရာတော်ရဲ့ တာအို နှလုံးသားက ဒီလောက်တောင် ရက်စက်တာလား။
ဖန်ကျန်းရီသည် ရင်ထဲတွင် ဒေါသထွက်သွားပြီး ချက်ချင်းပင် ဖါးပါး၏ နဖူးကို လက်ညှိုးထိုးကာ အသံကျယ်ကျယ်ဖြင့် ဆဲဆိုလိုက်၏။ "နိုင်ငံနှစ်နိုင်ငံ စစ်ဖြစ်ရင်တောင် သံတမန်ကို မသတ်ရဘူးတဲ့။ ဖါးပါး ... ခင်ဗျား က တကယ့်ကို ဗုဒ္ဓဘာသာရဲ့ အမှိုက်ပဲ။"
ကျုပ်က ဘုန်းကြီးမှ မဟုတ်တာ။ ဗုဒ္ဓဘာသာက ခင်ဗျား အဖေမို့လို့လား။
ဖါးပါး၏ မျက်နှာသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဒယ်အိုးအောက်ခြေကဲ့သို့ မည်းမှောင်သွားခဲ့၏။ "ကျုပ် ပြောစရာရှိတာ ပြောပြီးပြီ။ တွေးလို့ ရှင်းသွားပြီဆိုရင် အောက်ထပ်က ကင်းစောင့်တွေကို လှမ်းပြောလိုက်။ သွားတော့မယ်။"
စကားပြောပြီးသည်နှင့် ချက်ချင်း လှည့်ထွက်သွားတော့သည်။
သူ၏ ကျောပြင်ကို ကြည့်ရင်း ဖန်ကျန်းရီမှာ ရင်ထဲတွင် ညည်းတွားနေမိ၏။
အရှက်ကွဲလိုက်တာ။ ဒီတစ်ခေါက် ခရီးစဉ်က တကယ်ကို သောက်ရှက်ကွဲတာပဲ။ ဒါက လမ်းဆုံးကို ရောက်သွားတာပဲ ...။
ဖါးပါး၏ အရိပ်အယောင် ပျောက်ကွယ်သွားသည်ကို မြင်သောအခါ ဖန်ကျန်းရီသည် တွေးလေ ဒေါသထွက်လေ ဖြစ်လာပြီး လက်ဖက်ရည်ကရားကို ကောက်ကိုင်ကာ တံခါးဝသို့ ပြင်းထန်စွာ ပစ်ပေါက်လိုက်ရင်း အော်ဟစ်လိုက်သည်။ "စောက်ခွေးမသား ... ခင်ဗျား ပြေးတာမြန်လို့ တော်သေးတယ်။"
ခွမ်းခနဲ အသံတစ်သံနှင့်အတူ လက်ဖက်ရည်ကရားမှာ အစအနမကျန် ကွဲကြေသွားတော့၏။
နောက်တစ်စက္ကန့်တွင် တံခါးအပြင်ဘက်မှ ဒိုင်းခနဲ ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာပြီး ခန္ဓာကိုယ် တုတ်ခိုင်သော လူကြမ်းကြီး နှစ်ဦးသည် တံခါးကို တွန်းဖွင့်ဝင်ရောက်လာကာ သံမဏိဓားကြီးများကို ကိုင်ဆောင်လျက် ဘယ်ညာယှဉ်တွဲ၍ လှေကားဆီသို့ ရူးသွပ်စွာ ပြေးသွားကြသည်။ ထို့နောက် ဖါးပါး၏ ထိတ်လန့်တကြား အော်ဟစ်သံသည် အခန်းပေါက်ဝမှ ထွက်ပေါ်လာတော့၏။
"ခင်ဗျား တို့ ဘာလုပ်တာလဲ။ ခင်ဗျား တို့ ဘာလုပ်ချင်နေတာလဲ။ ပြောစရာရှိရင် သေချာပြောလေ။"
ဖန်ကျန်းရီမှာ သတိမဝင်သေးမီမှာပင် ကျန်းပြောင်နှင့် ကျိုးထျဲ့တို့သည် ဖါးပါးကို လှေကားမှနေ၍ အခန်းထဲသို့ ပြန်လည်ဆွဲခေါ်လာခဲ့ပြီး ဓားနှစ်လက်ကို ကြက်ခြေခတ်၍ သူ၏ လည်ပင်းတွင် တေ့ထားလိုက်ကြသည်။
ကျန်းပြောင်သည် ဖါးပါး၏ ဒူးခေါက်ကွေးကို ပြင်းထန်စွာ ကန်ကျောက်လိုက်ရာ ဘုန်းခနဲ အသံတစ်သံနှင့်အတူ ဖါးပါးသည် ဖန်ကျန်းရီ၏ ရှေ့တွင် ဒူးထောက်ကျသွားတော့၏။
ကျိုးထျဲ့က လှောင်ပြောင်လျက် ပြောလိုက်သည်။ "ခင်ဗျား ရဲ့ ဒီအရိုးဆွေးကြီးနဲ့များ သခင်လေးကို ပြစ်မှားပြီး ပြေးချင်သေးတာလား။"
ဖါးပါးသည် မြေပြင်ပေါ်တွင် တုန်ရီစွာ ဒူးထောက်နေလျက် ဖန်ကျန်းရီကို သနားစဖွယ် ကြည့်ကာ တံတွေး တစ်ချက် မြိုချလိုက်၏။
"အစ်ကို ... ညီလေးဖန်။ ငါးသေပြီး ကွန်ပြဲသွားရင် ဘယ်သူမှ အဆုံးသတ် မလှနိုင်ဘူး။ ခင်ဗျား အသိတရားလေး ကပ်ဖို့ ကျုပ် အကြံပေးချင်တယ်။"
ဖန်ကျန်းရီသည် အရှေ့တွင် ဒူးထောက်ကာ ကြောင်တောင်တောင် ဖြစ်နေသော ဖါးပါးကို ကြည့်ရင်း ဦးရေပြားများ ထုံကျင်လာကာ သူလည်း တံတွေးတစ်ချက် မြိုချလိုက်မိသည်။
"ဆရာတော် ... အထင်လွဲတာ။ ဒါတွေအကုန်လုံး အထင်လွဲတာ။ မင်းတို့နှစ်ယောက် ရူးများ ရူးနေလား။ လူကို မြန်မြန် လွှတ်ပေးလိုက်စမ်း။" ဖန်ကျန်းရီသည် မျက်နှာကို တည်ထားကာ အလျင်အမြန် ရှေ့တိုး၍ ဖါးပါးကို ဆွဲထူလိုက်ပြီး သူ၏ ဘောင်းဘီပေါ်မှ ဖုန်များကို အဆက်မပြတ် ခါပေးလိုက်၏။
အခုချိန်မှာ ကိုယ့်အသက်က သူများလက်ထဲ ရောက်နေတာ။ မျက်နှာချင်းဆိုင် စကားပြောလို့မှ မဆုံးသေးဘူး၊ လူကို ဒူးထောက်ခိုင်းလိုက်တော့ နောက်ပိုင်း ဘယ်လိုလုပ်ပြီး ဆက်ပြောလို့ ရတော့မှာလဲ။ လူတွေကို အသက်ရှင်ခွင့် မပေးတော့ဘူးလား။
ဖါးပါးမှာ အလွန်တရာ အရှက်ကွဲသွားပြီး ဒေါသထွက်လွန်းသဖြင့် မျက်စိစွေကာ နှာခေါင်းရွဲ့သွားတော့၏။ အကယ်၍ သူ့တွင်သာ ဆံပင်ရှိနေမည်ဆိုလျှင် ထိုနေရာတွင်ပင် ဆံပင်များ ထောင်ထသွားလောက်ပေသည်။
"သုံးရက် ... ကျုပ် ခင်ဗျားကို သုံးရက်ပဲ အချိန်ပေးမယ်။ ညီလေးဖန်… ခင်ဗျား ကိုယ့်သဘောနဲ့ကိုယ် လှုပ်ရှားတာက အကောင်းဆုံးပဲ။ ကြိုမပြောဘူးလို့တော့ မပြောနဲ့နော်။" ဖါးပါးသည် အမောတကောဖြင့် ဖန်ကျန်းရီ၏ နှာခေါင်းကို လက်ညှိုးထိုးကာ သတိပေးလိုက်ပြီး အနည်းငယ် သိက္ခာပြန်ဆယ်ရန် ကြိုးစားလိုက်၏။
ဖန်ကျန်းရီသည် ဟန်ဆောင်ရယ်မောလိုက်သည်။ "သိပါပြီ ... ဖြည်းဖြည်းသွားပါ။ ဝန်ကြီးချုပ်ရဲ့ ဝမ်းဗိုက်ထဲမှာ လှေတစ်စင်းတောင် ဆန့်နိုင်ပါတယ်ဗျာ။"
"ဟွန့်။" ဖါးပါးသည် အင်္ကျီလက်ကို ပြင်းထန်စွာ ခါချလိုက်ပြီး နောက်တစ်ကြိမ် လှည့်ထွက်သွားတော့သည်။
ဖန်ကျန်းရီသည် အလျင်အမြန် ရှေ့တိုးသွားပြီး တံခါးဘေးတွင် ကပ်ကာ ဖါးပါး အပြီးတိုင် ထွက်ခွာသွားသည်ကို ကြည့်ပြီးမှသာ ရင်ထဲတွင် သက်ပြင်းချနိုင်တော့၏။
နောက်သို့လှည့်ကာ ကျိုးထျဲ့နှင့် ကျန်းပြောင်တို့ကို ဆဲဆိုလိုက်သည်။ "မင်းတို့ နှစ်ယောက်လုံး လူမိုက်တွေပဲ။ အားလုံးကို ဒုက္ခရောက်အောင် လုပ်တော့မလို့။ သူက နိုင်ငံတော်ဆရာဆိုတာကို မမြင်ဘူးလား။"
ဖါးပါးသည် အသေးအမွှား ကိစ္စလေးများကို အလေးအနက်ထားတတ်သူ မဟုတ်၍သာ တော်တော့၏။ အကယ်၍ ထိုသို့မဟုတ်ပါက ဘယ်လို ပြဿနာတွေ ထပ်ပေါ်လာမည်ကို မည်သူကမျှ ပြောနိုင်မည် မဟုတ်ချေ။
"သူက နိုင်ငံတော်ဆရာမှန်း ဘယ်သူသိမှာလဲ။ အလောတကြီး ပြေးလာတော့ ပြောင်ရှင်းနေတဲ့ ခေါင်းတစ်လုံးကိုပဲ မြင်လိုက်ရတာ။ သခင်လေးပဲ သူ ပြေးတာမြန်တယ်လို့ ပြောလိုက်တာ မဟုတ်ဘူးလား ... " ကျိုးထျဲ့က တိုးညှင်းစွာ ပြန်လည်ပြောဆိုလိုက်သည်။
"မင်း ဘာပြောလိုက်တယ်။"
"ဘာမှမဟုတ်ပါဘူး။ သခင်လေးက သူ့နဲ့ ဘာဖြစ်လို့ ထိပ်တိုက်တွေ့နေရတာလဲ။"
ကျိုးထျဲ့ ဤသို့မေးလိုက်သောအခါ ဖန်ကျန်းရီမှာ အလွန်တရာ ဝမ်းနည်းသွားပြန်ပြီး အားနည်းစွာဖြင့် လက်မြှောက်ကာ ပြောလိုက်၏။ "တံခါးပိတ်ပြီးမှ စကားပြောကြတာပေါ့။"
တံခါးပိတ်ပြီးနောက် ဖန်ကျန်းရီသည် စားပွဲဘေးတွင် ထိုင်ကာ ခေတ္တမျှ ညည်းတွားပြီးမှသာ ပြောလိုက်သည်။ "သွားပြီ။ ငါတို့ ထောင်ချောက်ထဲ ရောက်သွားပြီ။ ကုန်သွယ်ရေးဆိုတာ လုံးဝ မရှိဘူး။ ဒါက ထောင်ချောက်တစ်ခုပဲ။ ကျင်းတိုင်းပြည်နဲ့ တာ့ကျင်းတိုင်းပြည်က စစ်တိုက်ဖို့ ပြင်ဆင်နေကြပြီ။ ငါ့ကို လှည့်စားပြီး ခေါ်လာတာက သူတို့အတွက် မီးပုံးပျံ လုပ်ပေးဖို့ပဲ။ အခု ဘယ်လိုလုပ်ရမလဲ ... "
ကျိုးထျဲ့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး စကားပြောရာတွင်ပင် အနည်းငယ် ထစ်အသွား၏။ "ဒါ ... ဒါ တကယ်လား။"
ဖန်ကျန်းရီသည် ဖါးပါးပြောခဲ့သည့် စကားများကို အခြားရွေးချယ်စရာမရှိဘဲ တစ်ခေါက် ပြန်လည် ပြောပြလိုက်ပြီးနောက် မေးလိုက်သည်။ "ပြောကြပါဦး ... ဘယ်လို အကြံဉာဏ်တွေ ရှိလဲ။ စဉ်းစားဖို့ သုံးရက်အချိန် ရသေးတယ်။"
"ကျုပ်မှာ နည်းလမ်းရှိတယ်။"
ကျန်းပြောင်သည် အပေါ်ဝတ်ရုံကို လှန်တင်လိုက်ရာ လက်နက်တိုက်ငယ်လေးတစ်ခု ပေါ်ထွက်လာပြီး ပြောလိုက်၏။ "ကျုပ်ဆီမှာ အပ်နဲ့ ဆိုးဆေးတွေ ရှိတယ်။ ကျောပေါ်က စာလုံးကို ပြန်ထိုးလိုက်ရင်ရော။"
"ပါးစပ်ပိတ်ထားစမ်း။ မင်း ဆိုးဆေးတွေကို ဘာလုပ်ဖို့ ယူလာတာလဲ။"
"သွေးအန်တာ ဒါမှမဟုတ် အဆိပ်မိတဲ့ပုံစံ ဟန်ဆောင်ဖို့လေ။"
ကျိုးထျဲ့သည် အမြဲတမ်း မျက်မှောင်ကြုတ်ထားရာမှ ရုတ်တရက် စကားစလိုက်သည်။ "သခင်လေး ... သခင်လေး အပြင်မထွက်ခင် မြေပုံ ယူလာခဲ့တယ် မဟုတ်လား။ ကျုပ် တစ်ချက်လောက် ကြည့်ချင်တယ်။"
"ကောင်းပြီ။" ဖန်ကျန်းရီသည် အလျင်အမြန် သွားရောက်၍ မြေပုံကို ယူဆောင်လာခဲ့သည်။
မြေပုံကို စားပွဲပေါ်တွင် ဖြန့်ခင်းလိုက်ပြီးနောက် ကျိုးထျဲ့သည် လက်နှစ်ဖက်ဖြင့် ဖိကာ အသေအချာ စတင် ကြည့်ရှုတော့၏။
အချိန်အတော်ကြာ တွေးတောပြီးနောက် မျက်မှောင်ကြုတ်ထားမှုမှာ ပြေလျော့သွားကာ မြေပုံထဲမှ နေရာတစ်ခုကို လက်ညှိုးထိုးပြလျက် ပြောလိုက်သည်။ "သခင်လေး ကြည့်ပါ။ ဒီနေရာက လျူဟော့ဂိတ်ပဲ ... "
အပိုင်း (၇၆၉) ဖောက်ထွက်ရန် အစီအစဉ်။
"လျူဟော့ဂိတ်ကို ကျော်ဖြတ်သွားရင် ချန်ကောင်းဂိတ် ရှိတယ်။ ဒီဂိတ်နှစ်ခုကို ကျော်ဖြတ်သွားရင်တော့ လွင်ပြင်တစ်ခု ရှိတယ်။ အဲဒီနောက်ပိုင်း စစ်ရေးပြင်ဆင်မှုတွေက သိပ်မခိုင်မာတော့ဘူး။ တကယ်လို့ မြို့တော်ကနေ စစ်သည်တွေ အချိန်မီ မစေလွှတ်နိုင်ဘူးဆိုရင် ကျင်းတိုင်းပြည်ရဲ့ စစ်သည်တွေအတွက်တော့ မြို့တော်ကို တိုက်ရိုက်သိမ်းပိုက်နိုင်မယ့် အလွယ်ကူဆုံး လမ်းကြောင်းပဲ။"
ဖန်ကျန်းရီက ပြောလိုက်၏။ "မင်း အသုံးဝင်တာလေး ပြောစမ်းပါ။ စစ်ဘယ်လိုတိုက်မလဲ ဆိုတာက အခု ငါတို့ စိတ်ပူရမယ့် ပြဿနာ မဟုတ်ဘူး။ ငါတို့ရဲ့ အမြောက်တွေက သူတို့ရဲ့ မြင်းတပ်ကို ကြောက်လို့လား။"
ကျိုးထျဲ့က ပြန်ပြောလိုက်သည်။ "မှန်ပါတယ်။ အဲဒီလိုပဲလေ။ အမြောက်တွေသာ လုံလုံလောက်လောက် ရှိရင် မြင်းတပ်ကို ရင်ဆိုင်ဖို့က သေချာပေါက် နိုင်မှာပဲ။ ပြဿနာက ဘယ်နေရာမှာ တိုက်မလဲ၊ ဘယ်လိုတိုက်မလဲ ဆိုတာပဲ။
ဂိတ်နှစ်ခု ကျော်သွားရင် ဆီးဖုန်းလွင်ပြင်ကို ရောက်ပြီ။ တကယ်လို့ ဒီနေရာမှာသာ တိုက်ပွဲဖြစ်မယ်ဆိုရင် ကျုပ်တို့ စစ်တပ်က ရန်သူ့ရဲ့ အဓိကအင်အားကို တစ်ဝက်လောက် ဖျက်ဆီးပစ်နိုင်တဲ့ အခွင့်အရေး ရှိကောင်းရှိလိမ့်မယ်။ ရန်သူ့ရဲ့ ခါးရိုးကို တစ်ခါတည်း ချိုးပစ်နိုင်မယ်။
အတွေ့အကြုံရှိတဲ့ စစ်သူကြီးဖြစ်ဖြစ်၊ အတွေ့အကြုံမရှိတဲ့ စစ်သူကြီးဖြစ်ဖြစ် လက်ထဲမှာ ယမ်းမှုန့်တွေသာ ရှိနေမယ်ဆိုရင် ရှေ့က ဂိတ်နှစ်ခုကို ကိုယ့်သဘောနဲ့ကိုယ် စွန့်လွှတ်ပြီး ဒီနေရာကို ရွေးချယ်မယ်။ မြင်းတပ်ကို တိုက်ခိုက်လိမ့်မယ်။ အဲဒါက သေချာပေါက်ကို အားစိုက်ရနည်းပြီး အကျိုးသက်ရောက်မှု ကြီးမားစေလိမ့်မယ်။
တကယ်လို့ ကျုပ်တို့သာ သတင်းပေးပို့နိုင်မယ်ဆိုရင် တာ့ကျင်းတိုင်းပြည်က ကြိုတင် ပြင်ဆင်ထားလို့ ရပြီ။ သခင်လေးက သူတို့အတွက် မီးပုံးပျံကို ဖန်တီးပေးပြီး သူတို့ရဲ့ ထောက်လှမ်းရေးစွမ်းရည်ကို အများကြီး မြှင့်တင်ပေးလိုက်မယ်ဆိုရင် ကျင်းတိုင်းပြည်က သေချာပေါက် ဆီးဖုန်းလွင်ပြင်မှာ တာ့ကျင်းနဲ့ အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲလိမ့်မယ်။"
ဖန်ကျန်းရီက နားမလည်စွာဖြင့် မေးလိုက်၏။ "ငါသာ သတင်းပေးပို့နိုင်မယ်ဆိုရင် ဘာပြောစရာ လိုသေးလဲ။ ပြီးတော့ ကျင်းတိုင်းပြည်က လူတွေကလည်း အရူးတွေမှ မဟုတ်တာ။ လွင်ပြင်မှာ တိုက်ရိုက် တိုက်ခိုက်ဖို့အတွက် သူတို့က သေချာပေါက် လက်ခံပါ့မလား။"
ကျိုးထျဲ့သည် ဖန်ကျန်းရီအား ယုံကြည်မှုအပြည့်ရှိသော အကြည့်တစ်ချက် ပေးလိုက်သည်။ "သခင်လေး … ကျုပ် သခင်လေးကို ယုံကြည်တယ်။ သခင်လေးသာ သူတို့ကို ကူညီဖို့ သဘောတူလိုက်မယ်ဆိုရင် လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့် သေချာပေါက် ရလာမှာပဲ။ သခင်လေးရဲ့ စကားပြောစွမ်းရည်နဲ့ဆိုရင် လူမိုက်နှစ်ယောက်လောက်ကို လှည့်စားပြီး စာပို့ခိုင်းဖို့ဆိုတာ သေချာပေါက် ပြဿနာ မရှိပါဘူး။
သံချပ်ကာ မြင်းတပ် ခြောက်သောင်းဆိုတာ နိုင်ငံတိုင်းကို မနာလိုဖြစ်စေဖို့ လုံလောက်တယ်။ ရုတ်တရက် ဝင်တိုက်နိုင်တဲ့ စွမ်းရည်နဲ့ ပူးပေါင်းဖို့အတွက် သူတို့က စစ်မြင်း အကောင်ရေ တစ်သိန်းနှစ်သောင်းကနေ နှစ်သိန်းနီးပါးအထိ ပြင်ဆင်ထားလိမ့်မယ်။ ဒါက ခြေလျင်တပ်နဲ့ သံချပ်ကာပေါ့ မြင်းတပ်တွေကို ထည့်မတွက်ရသေးဘူးနော်။ ဒီအင်အားစုကို လွင်ပြင်မှာ မျက်နှာချင်းဆိုင် ရင်ဆိုင်ရဲတဲ့ ဘယ်စစ်တပ်မှ မရှိဘူး။ သူတို့က ဘယ်လို စစ်ရေးဗျူဟာ၊ စစ်ရေးအခင်းအကျင်းကိုမဆို စွန့်လွှတ်ပြီး တိုက်ရိုက် ထိုးဖောက် ဝင်ရောက်နိုင်တယ်။ သာမန်စစ်တပ်မျိုးနဲ့ တွေ့ရင်တော့ လူသတ်ပွဲကြီး တစ်ခုပဲ။
တာ့ကျင်းရဲ့ မြင်းတပ်က မကောင်းဘူး။ ချန်တိုင်းပြည်နဲ့ စစ်ဖြစ်ခဲ့တုန်းက စစ်သည်တွေပဲရှိပြီး မြင်းမရှိတဲ့ အခြေအနေမျိုးတောင် ဖြစ်ခဲ့ဖူးတယ်လို့ အိမ်ရှေ့စံ ပြောတာကို ကျုပ် ကြားဖူးတယ်။ နှစ်ပေါင်းများစွာ ပြန်လည်ထူထောင်လာခဲ့ပေမဲ့ ကျင်းတိုင်းပြည်နဲ့ ယှဉ်လို့မရသေးဘူး။ လာတုန်းက ကျုပ် ကြည့်ခဲ့တယ်။ ကျုပ်တို့ဆီက အကောင်းဆုံး စစ်မြင်းတွေက သူတို့ဆီက အညံ့စား မြင်းတွေနဲ့ပဲ ယှဉ်နိုင်တယ်။ တာ့ကျင်းက လွင်ပြင်မှာ စေလွှတ်လိုက်တဲ့ စစ်သည်အင်အား အလုံအလောက် များပြားနေမယ်ဆိုရင်၊ သူတို့တွေ ဆုတ်ခွာစရာ အကြောင်းပြချက် မရှိတော့တဲ့အထိ များပြားနေမယ်ဆိုရင် ကျင်းတိုင်းပြည်က သေချာပေါက် တိုက်မှာပဲ။ ပါးစပ်နား ရောက်နေတဲ့ အဆီတုံးကို ဘယ်သူမှ လက်လွှတ်မခံဘူးလေ။
ဒါပေမဲ့ ကျုပ်တို့ဆီမှာ မြင်းတပ်ကို အထူးနှိမ်နှင်းနိုင်တဲ့ နတ်ဘုရားကိရိယာ ရှိနေတယ်ဆိုတာကို ဘယ်သူက သိနိုင်မှာလဲ။ အချိန်တန်လို့ အမြောက်သံ ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် မြင်းတွေတောင် လမ်းလျှောက်နိုင်တော့မှာ မဟုတ်ဘူး။"
ဖန်ကျန်းရီသည် အဆက်မပြတ် ခေါင်းညိတ်လိုက်၏။ "ပြောတာ အရမ်းကောင်းတယ်။ သူတို့ စစ်ရှုံးသွားရင်တော့ ငါတို့က ဖန်ထိုက်မြို့မှာ ဒေါသဖြေဖို့အတွက် သတ်ဖြတ်ခံရမှာပေါ့။"
"အာ ... ဒါ ... သခင်လေးမှာ သေချာပေါက် နည်းလမ်းရှိမှာပါ။ ကျုပ် တွေးမိတာတော့ ဒီလောက်ပဲ။" ကျိုးထျဲ့၏ မျက်နှာပေါ်တွင် ရှက်ရွံ့သည့် အရိပ်အယောင် ပေါ်ထွက်လာသည်။
ဖန်ကျန်းရီသည် မေးစေ့ကို လက်သီးဖြင့် ထောက်ကာ သက်ပြင်းသဲ့သဲ့ ချလိုက်၏။
ကျိုးထျဲ့ပြောသည်မှာ အမှန်တကယ်ပင် ယုတ္တိရှိသော်လည်း ယခုအခါတွင် ပြဿနာနှစ်ခုနှင့် ရင်ဆိုင်နေရသည်။ ပထမအချက်မှာ သူ၏ သတင်းကို မည်သို့ပေးပို့ရမည်နည်း ဟူသောအချက်ပင် ဖြစ်၏။
ဒုတိယအချက်မှာ စစ်စတိုက်ပြီဆိုပါက ဤလူများ၏ လုံခြုံရေးကို မည်သို့ အာမခံနိုင်မည်နည်း။ အကယ်၍ ဖါးပါးသာ ကတိမတည်ဘဲ မီးပုံးပျံ လုပ်ပြီးသည်နှင့် သူ့ကို သတ်ပစ်လိုက်ပါက ဒုက္ခရောက်ပေလိမ့်မည်။
ပြည်တွင်းအတွက် ... အာလီပိုင်ကို အသုံးပြု၍ လှုပ်ရှားနိုင်သော်လည်း ပြည်ပအတွက်မူ ယခုအချိန်တွင် အသုံးပြုနိုင်မည့်သူ မရှိချေ။
သူ အပြင်ထွက်သည်နှင့် တစ်ပြိုင်နက် အချိန်ပြည့် စောင့်ကြည့်ခံရမည်မှာ သေချာသည်။ ဖါးပါးက သူ့ကို ဤအခွင့်အရေး လုံးဝ ပေးမည်မဟုတ်ချေ။ စာပို့နိုင်မည့်သူကို ရှာတွေ့ခဲ့လျှင်တောင် ရှစ်ဆယ်ရာခိုင်နှုန်းခန့်မှာ ဘာသာစကား အခက်အခဲ ရှိနေနိုင်သဖြင့် ဆက်သွယ်၍ ရမည်မဟုတ်ပေ။ သံတမန်အဖွဲ့ထဲမှ အခြားသူများ ဆိုလျှင် ပို၍ပင် မဖြစ်နိုင်တော့ချေ။
"သခင်လေး ... နည်းလမ်းစဉ်းစားလို့ ရပြီလား။" ကျိုးထျဲ့က တိုးညှင်းသောအသံဖြင့် မေးလိုက်၏။
"အိုက် ... အခု အရေးကြီးဆုံးက စာပို့မယ့်သူ ရှာဖို့ပဲ။ ချီးတဲ့မှ ... ငါ ဘယ်သူ့ကို သွားရှာရမှာလဲ။ ငါ အပြင်ထွက်ရင်တောင် စကားပြန် တစ်ယောက် ခေါ်သွားအုံးမယ်။ ငါက လူတွေကို လှည့်စားနိုင်ပေမဲ့ စကားပြန်က ပြန်ပြောပြရင်တောင် အရသာပျက်သွားပြီ။"
"ဧည့်ရိပ်သာထဲမှာ မိန်းမပျိုလေး တစ်ယောက် ရှိနေတယ် မဟုတ်လား။ သူကော မရဘူးလား။" ကျိုးထျဲ့က ပြောလိုက်သည်။
"ဘယ်မိန်းမပျိုလေးလဲ။"
"နည်းနည်းမည်းမည်းနဲ့ ခြေတံရှည်ရှည်လေးလေ။"
"ချီးတဲ့မှ …. လင်လုံ။" ဖန်ကျန်းရီ၏ ဦးနှောက်ထဲတွင် လျှပ်တစ်ပြက် အလင်းရောင်တစ်ခု ပေါ်ထွက်လာ၏။
မှန်တယ်။
ဖါးပါးက သူ့ကို အသားမည်းမည်း ခြေတံရှည်ရှည် ကောင်မလေး တစ်ယောက် ပေးထားတယ်။ သူနဲ့ ချောချောမွေ့မွေ့ စကားပြောလို့ရတယ်။ အရေးကြီးတာက သူ့ကို စောင့်ကြည့်ဖို့ အထူးလွှတ်လိုက်တာမျိုးလည်း ဖြစ်နိုင်ခြေ သိပ်မရှိဘူး။
မြို့ထဲဝင်လာတဲ့ နေ့တည်းက သံတမန်အဖွဲ့က ကျင်းတိုင်းပြည်ရဲ့ လက်ခုပ်ထဲက ရေ ဖြစ်နေပြီလေ။ စောင့်ကြည့်ဖို့ အတွက် မိန်းမတစ်ယောက် ထပ်လွှတ်ဖို့ လုံးဝမလိုအပ်ဘူး။ အပိုအလုပ်ပဲ။
တစ်ခုတည်းသော ဖြစ်နိုင်ခြေက ဖါးပါးက သူ့ကို မျက်နှာချိုသွေးဖို့ လွှတ်လိုက်တာ ဖြစ်နိုင်တယ်။ သူ့ကို အခွင့်အရေးလေး နည်းနည်း ပေးချင်လို့။
တကယ်လို့ ဒီကနေ ဖောက်ထွက်နိုင်မယ်ဆိုရင် ... အနည်းငယ် ခက်ခဲပေမဲ့ အသက်ရှင်နိုင်မယ့် မျှော်လင့်ချက်လေး တစ်ခုတော့ ရှိနေသေးတယ်။ အရင်ဆုံး စမ်းသပ်ကြည့်လို့ ရတယ်။
"သခင်လေး ... သူ ရနိုင်မလား။"
ဖန်ကျန်းရီသည် သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်၏။ "ငါ ဘယ်လိုလုပ် သိမှာလဲ။ ဒီကိစ္စကို ထမင်း စားရေသောက်သလို လွယ်တယ်လို့ မင်း ထင်နေလား။ ငါ အခွင့်အရေးရှာပြီး စမ်းကြည့်ရမှာပေါ့ ... အခု မင်း သွားပြီး သံတမန်အဖွဲ့ထဲက လူတွေ အကုန်လုံးကို ငါ့အခန်းထဲ ခေါ်လာခဲ့။ ချူမိသားစုက ညီအစ်မ နှစ်ယောက်ကိုပါ အကုန်ခေါ်ခဲ့။ ပြဿနာကို ဖြေရှင်းချင်ရင် ပြည်တွင်းရေး အရှုပ်အထွေးတွေကို အရင်ဖြေရှင်းမှ ရမယ်။"
မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက် သံတမန်အဖွဲ့အတွင်းရှိ လူအားလုံးသည် ဖန်ကျန်းရီ၏ အခန်းထဲသို့ စုရုံး ရောက်ရှိလာကြရာ အခန်းထဲတွင် လူများ ပြည့်ကျပ်နေပြီး အားလုံးကို ခဲယဉ်းစွာ ဝင်ဆံ့အောင် ထည့်ထားရ၏။
ဖန်ကျန်းရီသည် အခန်းအလယ်ရှိ စားပွဲပေါ်တွင် မတ်တတ်ရပ်ကာ အောက်ဘက်သို့ တစ်ပတ်လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ကျန်းပြောင် ... ကျိုးထျဲ့ ... အခန်းအပြင်မှာ စောင့်ကြည့်နေတဲ့သူ ရှိမရှိ သွားကြည့်။ တကယ်လို့ မရှိရင် လှေကားထိပ်မှာ စောင့်နေပြီး ဘယ်သူမှ အခန်းအနားကို မကပ်စေနဲ့။ တကယ်လို့ တစ်ယောက်ယောက်က ခိုးကြည့်ဖို့၊ ခိုးနားထောင်ဖို့ ကြိုးစားရင် ရိုက်ထုတ်ပစ်လိုက်။ မကျေနပ်ရင် အသေသာရိုက်။"
သူတို့နှစ်ဦးသည် အမိန့်ကို နာခံလိုက်ပြီးနောက် လှည့်ထွက်သွားကြ၏။
ဖန်ကျန်းရီ၏ ကြိမ်းမောင်းသံကို ကြားသောအခါ အခန်းထဲတွင် ချက်ချင်း ဆူညံသွားပြီး လူတိုင်း၏ ရင်ထဲတွင် မလုံခြုံမှုများ စတင်ဖြစ်ပေါ်လာတော့သည်။
ဦးဆောင်သူ မာချန်က စိုးရိမ်တကြီးဖြင့် မေးလိုက်၏။ "သခင်လေးဖန် ... ဘာအရေးကြီးကိစ္စ ဖြစ်လို့လဲ။"
ဖန်ကျန်းရီသည် လေးလံသော စိတ်ထားဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် လူအားလုံးကို ကြည့်ကာ ပြောလိုက်သည်။ "အခု ကျုပ် အားလုံးကို အရေးကြီးတဲ့ ကိစ္စတစ်ခု ပြောပြမယ်။ ခင်ဗျား တို့ မကြောက်ကြနဲ့။ မရှုပ်ယှက်ခတ်ကြနဲ့။ အားလုံး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားကြ။ ကျုပ် စပြောတော့မယ်။"
...
စကားတစ်ခွန်း ပြောပြီးသွားသောအခါ အခန်းတွင်းရှိ လေထုမှာ ပြောင်းလဲသွားပြီး အလွန်တရာ ဖိနှိပ်ခံရသကဲ့သို့ ဖြစ်သွားခဲ့၏။
ချူမိသားစုမှ ညီအစ်မနှစ်ဦးမှာ ကြောက်လန့်လွန်းသဖြင့် မျက်နှာများ ဖြူရော်သွားကြသည်။
ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမတ်အချို့မှာလည်း သွားများ တစ်ခိုက်ခိုက် တုန်နေကြ၏။
မာချန်မှာမူ ပို၍ပင် ဆိုးရွားနေပြီး တစ်ကိုယ်လုံး တုန်ယင်နေကာ ပါးစပ်မှလည်း တတွတ်တွတ် ရေရွတ်နေသည်။ "သွားပါပြီ ... သွားပါပြီ ... သွားပါပြီ ... သေတော့မှာပဲ။"
ဖန်ကျန်းရီသည် စားပွဲပေါ်တွင် ရပ်နေရင်း စကားမပြောသေးဘဲ ဆယ်မိနစ်ခန့် ကြာသွားသည့်တိုင်အောင် မည်သူကမျှ အရင်စတင်၍ မေးမြန်းဝံ့ခြင်း မရှိသေးသည်ကို တွေ့ရ၏။
သူသည် တုန်ယင်နေဆဲဖြစ်သော မာချန်ကို လက်ညှိုးထိုးပြလျက် ပြောလိုက်သည်။ "မာချန် ... ဒီခရီးစဉ်မှာ ကျုပ်က အဓိက သံတမန်ဆိုပေမဲ့ တကယ်တမ်းကျတော့ အလှပြရုံ သတ်သတ်ပါပဲ။ ခင်ဗျား ကမှ တကယ့် အဓိက သံတမန်ပါ။ ခင်ဗျား အပေါ်တက်ခဲ့။"
မာချန်သည် မျက်စိတစ်မှိတ်မျှ ကြောင်အမ်းသွားပြီးနောက် ခြေလက်များ အားလျော့နေလျက် ယိမ်းယိုင်ကာ စားပွဲပေါ်သို့ တက်လာခဲ့၏။
ဖန်ကျန်းရီသည် သူ၏ ခေါင်းကို ဖိထားကာ တစ်ဝက်လှည့်လိုက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။ "ကြည့်စမ်း ... ဒီလူတွေ အကုန်လုံးက ခင်ဗျား ရဲ့ လက်အောက်ငယ်သားတွေချည်းပဲ။ ခင်ဗျား က သူတို့ထက်တောင် ပိုပြီး ကြောက်နေသေးတယ်။ ဒါက ဖြစ်သင့်လို့လား။
စံပြပုဂ္ဂိုလ်က စံပြပုဂ္ဂိုလ်နဲ့ မတူဘူး။ တိုက်ပွဲမစခင်မှာ ကြောက်လန့်နေတယ်။ စစ်တပ်ရဲ့ စိတ်ဓာတ်ကို ပျက်ပြားစေတယ်။ ခင်ဗျား ရဲ့ ဒီလိုလုပ်ရပ်မျိုးသာ စစ်တပ်ထဲမှာဆိုရင် ခင်ဗျားကို ခေါင်းဖြတ်ပြီး အများသိအောင် ပြသဖို့ အမိန့်ချသင့်တယ်။"
မာချန်သည် တုန်တုန်ရီရီဖြင့် စကားတစ်ခွန်းမျှပင် မပြောနိုင်တော့ချေ။ ရင်ထဲတွင် ရူးသွပ်မတတ် စိုးရိမ်နေပြီဖြစ်၏။
ခုနက ခင်ဗျား ပြောတာက သေကံမရောက် သက်မပျောက်ဆိုတဲ့ အခြေအနေမျိုး မဟုတ်တော့ဘူး။ လုံးဝ အသေအချာကို သေရတော့မယ့် အခြေအနေဆိုတော့ ဘယ်သူက မကြောက်ဘဲ နေမှာလဲ။
ကျုပ်က အရပ်ဘက် အရာရှိ တစ်ယောက်ပါ။ ကျုပ်ကို လာပြီး စစ်တပ်ရဲ့ စိတ်ဓာတ်အကြောင်းတွေ လာမပြောပါနဲ့။
"သခင်လေးဖန် ... ဘယ်လိုလုပ်ရမလဲ။ ဘယ်လိုလုပ်ရမလဲ။ ကျုပ် သူတို့ကို ဘယ်လိုလုပ်ပြီး ကာကွယ်ပေးနိုင်မှာလဲ ... "
"ဖြန်း။"
မျက်စိတစ်မှိတ်အတွင်းမှာပင် ပြင်းထန်သော ပါးရိုက်ချက်ကြီးတစ်ခုသည် မာချန်၏ မျက်နှာပေါ်သို့ ကျရောက် သွားတော့သည်။