← Chapters

အခန်း (၇၇၀-၇၇၁)

Vol. 41 Ch. 770-771

အခန်း (၇၇၀-၇၇၁)

Vol. 41 Ch. 770-771

အပိုင်း (၇၇၀) မှောင်ခိုဂိုဏ်းခေါင်းဆောင်ကြီး ဖန်ကျန်းရီ။

မာချန်သည် ယိမ်းယိုင်သွားပြီး စားပွဲပေါ်မှ ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ဖန်ကျန်းရီက သူ၏ ဆံပင်များကို အချိန်မီ ဆွဲထားလိုက်နိုင်ပြီး လူအုပ်ကြီးကို လက်ညှိုးထိုးပြကာ ကြမ်းကြုတ်စွာ ပြောလိုက်၏။ "ခင်ဗျားရဲ့ ခွေးမျက်လုံးကို ဖွင့်ပြီး သေချာကြည့်စမ်း။

"ခင်ဗျား ဘာကို ကြောက်နေတာလဲ။ သူတို့အားလုံးက ခင်ဗျားရဲ့ ညီငယ်တွေပဲ။ ခင်ဗျားက ကျုပ်ထက် ဘယ်လောက်တောင် ကြီးနေလို့လဲ။ အသက်ကြီးလို့ အစ်ကိုကြီး လုပ်လာပြီးတော့ အခြေအနေကိုတောင် မထိန်းချုပ်နိုင်ဘူးလား။

ပြီးတော့ ခင်ဗျားတို့ အသုံးမကျတဲ့ကောင်တွေ အကုန်လုံး နားထောင်ကြစမ်း။ သေချာ နားထောင်ထား။ ဘယ်သူမှ မျက်နှာငယ်လေးတွေနဲ့ မနေကြနဲ့။ မိုးကောင်းကင်ကြီး ပြိုကျလာရင်တောင် ခင်ဗျားတို့ရှေ့မှာ ကျုပ် ကာကွယ်ပေးထားမယ်။

ဘယ်သူမှ မကြောက်ရဘူး။ ကြောက်ရင် အရင်ဆုံး တစ်ဝက်ရှုံးပြီပဲ။ အနည်းဆုံးတော့ ဧည့်ရိပ်သာကနေ မထွက်ခင်အချိန်အထိ ခင်ဗျားတို့ ဘယ်သူ့ကိုမှ၊ ဘယ်အရာကိုမှ ကြောက်နေစရာ မလိုဘူး။"

ဖန်ကျန်းရီသည် စကားပြောရင်း မာချန်၏ ခေါင်းကို အားကုန်ရမ်းလိုက်ပြီး မေးလိုက်၏။ "အခု ဒီနေရာမှာ ဘယ်သူက ခေါင်းဆောင်လဲဆိုတာ သူတို့ကို ပြောပြလိုက်စမ်း။"

မာချန်သည် နာကျင်မှုကို ကြိတ်မှိတ်သည်းခံကာ ငိုသံပါကြီးဖြင့် ပြောလိုက်သည်။ "သခင်လေးဖန်ပါ ... "

"ကျုပ်နာမည်ကို ခေါ်စမ်း။ ကျုပ်နာမည်ကို ခင်ဗျား ခေါ်ရမယ်။"

"ဖန် ... ဖန်ကျန်းရီ ... " မာချန်၏ အသံတွင် ငိုသံများ ရောနှောနေပြီဖြစ်သည်။ ဖန်ကျန်းရီ၏ ဤရူးသွပ်မှု အရှိန်အဝါက သူ၏ ရင်ထဲရှိ ကြောက်ရွံ့မှုများကို ဖုံးလွှမ်းသွားခဲ့ပြီဖြစ်၏။

"ဟားဟားဟားဟား။ ကောင်းတယ်။ ပြောတာကောင်းတယ်။" ဖန်ကျန်းရီသည် ရူးသွပ်စွာ ရယ်မောလိုက်ပြီး မှောင်ခိုဂိုဏ်းခေါင်းဆောင်ကြီး တစ်ယောက်ကဲ့သို့ ဖြစ်နေကာ ဆေးပြင်းလိပ်နှင့် နေကာမျက်မှန်သာ လိုအပ်တော့သည်။

ထို့နောက် အလွယ်တကူ တွန်းပြီး မာချန်ကို လူအုပ်ထဲသို့ ပစ်ချလိုက်၏။

အောက်ဘက်ရှိ လူအုပ်ကြီးသည် သူ့ကို ကမန်းကတန်း ဖမ်းထားလိုက်ကြသည်။

ဖန်ကျန်းရီသည် လူအုပ်ကြီးကို လက်ညှိုးထိုးပြကာ အသံကျယ်ကျယ်ဖြင့် မေးလိုက်၏။ "ဒီနေရာမှာ ဘယ်သူ့စကားကို နားထောင်ရမလဲဆိုတာ ခင်ဗျား တို့ ကျုပ်ကို ပြောစမ်း။"

လူအုပ်ကြီးမှာ စကားထစ်အနေကြပြီး မည်သူကမျှ အသံမထွက်ရဲကြချေ။ ထောင့်တစ်နေရာတွင် ပုန်းကွယ်နေသော ချူချင်ဟန်သည် အားကုန်သုံး၍ အော်ဟစ်လိုက်သည်။

"ဖန်ကျန်းရီ။"

သူမ၏ ဦးဆောင်မှုကြောင့် ဒုတိယလူကလည်း ဖန်ကျန်းရီ၏ နာမည်ကို စတင်ခေါ်ဝေါ်လာတော့၏။

ထို့နောက် တတိယ၊ စတုတ္ထ ...

ဖန်ကျန်းရီသည် စားပွဲပေါ်တွင် တဖြည်းဖြည်း လျှောက်လှမ်းနေပြီး ပါးစပ်ထောင့်တွင် အပြုံးတစ်ခု ပေါ်ထွက်လာသည်။ "ဆက်အော်ကြ။ အားမပါသေးဘူး။ ဆက်လုပ် ... ဆက်အော်ကြစမ်း။"

"ဖန်ကျန်းရီ … ဖန်ကျန်းရီ။"

အသံများသည် တဖြည်းဖြည်း ပေါင်းစည်းသွားပြီး အခန်းတံခါးပင် တုန်ခါသွားသည်အထိ ကျယ်လောင်လာ၏။

အောက်ထပ်ရှိ ကင်းစောင့်များသည် အပေါ်ထပ်မှ ကျယ်လောင်သော အသံကြီးများ ထွက်ပေါ်လာသည်ကို သိသိသာသာ ကြားလိုက်ရသဖြင့် လူအချို့ကို အပေါ်ထပ်သို့ တက်၍ ကြည့်ရှုရန် စေလွှတ်လိုက်ကြသည်။

လှေကားထိပ်သို့ ရောက်သောအခါ သံမဏိဓားများကို ကိုင်ဆောင်ထားသော လူကြမ်းကြီး နှစ်ဦးနှင့် ရင်ဆိုင် တွေ့ဆုံရတော့၏။

စစ်သည်တစ်ဦးက ရှေ့တိုးသွားပြီး အသံကျယ်ကျယ်ဖြင့် မေးမြန်းလိုက်သော်လည်း သူတို့နှစ်ဦးစလုံးမှာ မျက်နှာအမူအရာ မပြောင်းလဲဘဲ စကားလည်းမပြောဘဲ သေချာစွာ စောင့်ကြပ်နေကြသည်။

စကားပြန်တစ်ဦး ရောက်ရှိလာပြီး သူတို့နှစ်ဦး၏ ရှေ့သို့ သွားရောက်ကာ မေးလိုက်သည့် အချိန်မှသာ ... "အပေါ်မှာ ဘာလုပ်နေကြတာလဲ။ ဘာဖြစ်လို့ ဒီလောက် အသံကျယ်နေရတာလဲ။"

"ဘိုးဘေးကန်တော့နေတာ။"

ကျိုးထျဲ့သည် တစ်ကိုယ်လုံး လူသတ်ချင်စိတ်များ အပြည့်ဖြင့် စကားပြန်ကို တိုက်ရိုက်စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်၏။

"အာ ... ဟား ... ဘိုးဘေးကန်တော့နေတာကိုး။ သခင်လေးဖန်မှာ လိုအပ်တာရှိရင် အကုန်ပြောဖို့ နိုင်ငံတော်ဆရာ က မှာထားတယ်။ ဘိုးဘေးကန်တော့ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ ရှိရင်လည်း ပြောပါ။"

စကားပြန်သည် သူတို့နှစ်ဦး၏ အကြည့်ကြောင့် ချွေးစေးများ ထွက်လာသည်အထိ ကြောက်လန့်သွားပြီး အတင်းအကျပ် ပြုံးကာ လှည့်ထွက်သွားသည်။

ဘာပဲဖြစ်ဖြစ် နိုင်ငံတော်ဆရာက ပြောထားပြီးသားပဲ။ သူတို့ အပြင်မထွက်ရင် ရပြီလေ။ သူတို့အားလုံး စုပေါင်းပြီး ရောဂါဖောက်နေတာကို သူ ဝင်ပါလို့ မရဘူး ...

အခန်းထဲရှိ လူများမှာ ဆက်လက်အော်ဟစ်နေကြဆဲဖြစ်ပြီး လူတိုင်း၏ မျက်နှာပေါ်ရှိ ကြောက်ရွံ့မှုများမှာ ပျောက်ကွယ်သွားပြီဖြစ်ကာ ရူးသွပ်မှုများ ပိုမိုပါဝင်လာခဲ့သည်။

လူအုပ်ထဲတွင် ချူယိုယီမှာ စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာလေး နီရဲနေပြီဖြစ်ပြီး လိုက်ပါအော်ဟစ်နေ၏။

ချူချင်ဟန်က သူမကို နှစ်ချက်ခန့် ဆွဲဆိတ်လိုက်မှသာ ရပ်တန့်သွားတော့သည်။ ချူယိုယီက နာကျင်စွာဖြင့် ပြောလိုက်၏။ "အစ်မ ... ဘာလို့ ဆိတ်တာလဲ။"

"နည်းနည်းပါးပါး ထိန်းဦး။ ဆက်မအော်နဲ့တော့။" ချူချင်ဟန်က အခြားရွေးချယ်စရာမရှိဘဲ ပြောလိုက်သည်။

"ဒါပေမဲ့ အစ်ကိုဖန်က အရမ်းကို ခန့်ညားတာပဲ။ အို ... ဒါနဲ့ ဘာဖြစ်လို့ အော်နေရတာလဲ။" ချူယိုယီ၏ မျက်လုံးများထဲတွင် ကြယ်ပွင့်လေးများ တောက်ပနေပြီး ချက်ချင်းပင် ပြန်လည်သတိဝင်လာ၏။

"သူက လူတွေရဲ့ စိတ်ကို တည်ငြိမ်အောင် လုပ်နေတာ။ တိုက်ပွဲမစခင် ကြောက်လန့်နေတာက အကြီးမားဆုံး အမှားပဲ။ သဲတွေကို ရေတွက်ပြမှသာ စစ်တပ်ရဲ့ စိတ်ဓာတ်ကို တည်ငြိမ်စေနိုင်မှာ။" ချူချင်ဟန်၏ အကြည့်များသည် ဖန်ကျန်းရီထံမှ တစ်ခဏမျှပင် မခွာခဲ့ချေ။

သူက စားပွဲပေါ်တွင် ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ အောက်ဘက်သို့ အဆက်မပြတ် ခေါင်းညိတ်ပြနေသည်ကို မြင်သောအခါ ရင်ထဲတွင် အလွန်တရာ လေးစားသွားမိ၏။

အနည်းငယ် ရူးသွပ်နေပေမဲ့ ... တကယ်ကို ယုံကြည်မှု ရှိတယ်။ ယောက်ျားဆန်တဲ့ အရှိန်အဝါ အပြည့်ပဲ ...

အချိန်တန်ပြီဟု ယူဆသောအခါ ဖန်ကျန်းရီသည် လက်တစ်ဖက်ကို မြှောက်လိုက်ပြီး လက်ဖဝါးကို ဖြန့်ကားကာ အားကုန်သုံး၍ ဆုပ်ကိုင်လိုက်သည်။ အောက်ဘက်မှ အော်ဟစ်သံများ ချက်ချင်း ရပ်တန့်သွားတော့၏။

"အားလုံးပဲ။ ရှေးခေတ်ကတည်းက အရပ်ဘက် အရာရှိတွေက အကြံပေးရင်း သေဆုံးခဲ့ရပြီး စစ်ဘက် အရာရှိတွေက စစ်တိုက်ရင်း သေဆုံးခဲ့ကြတယ်။ ခင်ဗျားတို့နဲ့ ကျုပ် .. အားလုံးက အရပ်ဘက် အရာရှိတွေ ဖြစ်ကြပြီး သေရမှာကို မကြောက်တဲ့သူတွေချည်းပဲ။ အခုချိန်မှာ အကျဉ်းချခံထားရတယ် ဆိုပေမဲ့ ကျုပ်မှာ ဖြေရှင်းဖို့ နည်းလမ်း ရှိနေပြီ။ ဒီနေ့ကစပြီး ကျုပ်က ခင်ဗျားတို့ရဲ့ ခေါင်းဆောင်ပဲ။ ကျုပ်က ခင်ဗျားတို့ကို အရှေ့သွားဆိုရင် ခင်ဗျားတို့ အရှေ့ကို သွားရမယ်။ ကျုပ်က ခင်ဗျားတို့ကို အသက်ရှင်လျက် အိမ်ပြန်ခေါ်သွားမယ်။ ခင်ဗျား တို့ကို ဂုဏ်ကျက်သရေ ရှိရှိ အိမ်ပြန်ခေါ်သွားမယ်။

တကယ်လို့ မလုပ်နိုင်ဘူးဆိုရင် သူတို့က ခင်ဗျာ တို့ကို သတ်ချင်တယ်ဆိုရင်တောင် အရင်ဆုံး ကျုပ် ဖန်ကျန်းရီရဲ့ အလောင်းကို နင်းဖြတ်သွားရလိမ့်မယ်။ ရှေးခေတ်ကတည်းက လူတိုင်း သေရမှာပဲ။ သမိုင်းမှာ မှတ်တမ်းတင်ခံရဖို့ ရိုးသားဖြူစင်တဲ့ နှလုံးသားကို ချန်ထားရစ်မယ်။ ကျုပ်က မိုးကောင်းကင်ဆီ မျက်နှာမူပြီး ရယ်မောလိုက်မယ်။ နေခဲ့မလား၊ ထွက်သွားမလား ဆိုတာက ခွန်လွန်တောင်တန်းကြီးလိုပဲ ကြီးမားတယ်။ ကျုပ်က အစောကြီးတည်းက ကျုပ်ရဲ့အသက်ကို အရှင်မင်းကြီးနဲ့ နန်းတွင်းအတွက် ဆက်သထားပြီးသား။ အခုချိန်မှာ ခင်ဗျားတို့က အရှင်မင်းကြီးနဲ့ နန်းတွင်းကို ကိုယ်စားပြုနေတာပဲ။"

ဖန်ကျန်းရီသည် ခေတ္တမျှ ရပ်တန့်လိုက်ပြီး အကျင့်ပါနေသဖြင့် လက်ခုပ်တီးသံကို စောင့်ဆိုင်းနေလိုက်၏။

သို့ပေမည့် စက္ကန့်အနည်းငယ် ကြာသွားသည့်တိုင်အောင် အောက်ဘက်မှ မည်သည့်တုံ့ပြန်မှုမျှ မရှိချေ။ လူတိုင်းမှာ စိတ်လှုပ်ရှားနေကြသော်လည်း သိသိသာသာကိုပင် ဤကဲ့သို့သော အကျင့်မျိုး မရှိကြပေ။

ချူချင်ဟန် တစ်ယောက်တည်းကသာ ပါးစပ်မှ တတွတ်တွတ် ရေရွတ်နေ၏။ "ရှေးခေတ်ကတည်းက လူတိုင်း သေရမှာပဲ။ သမိုင်းမှာ မှတ်တမ်းတင်ခံရဖို့ ရိုးသားဖြူစင်တဲ့ နှလုံးသားကို ချန်ထားရစ်မယ်။ မိုးကောင်းကင်ဆီ မျက်နှာမူပြီး ရယ်မောလိုက်မယ်။ နေခဲ့မလား၊ ထွက်သွားမလား ဆိုတာက ခွန်လွန်တောင်တန်းကြီးလိုပဲ ကြီးမားလှတယ်။"

နားထောင်ကြည့်ရသည်မှာ အနည်းငယ် ထူးဆန်းနေသော်လည်း သူမအတွက် အများကြီး စဉ်းစားနေရန် အချိန်မရတော့ချေ။ ယခုအချိန်တွင် ဖန်ကျန်းရီ၏ ခံစားချက်များက ပြည့်လျှံနေပြီး ယောက်ျားဆန်သည့် အရှိန်အဝါများ ပြည့်နှက်နေသည်ဟုသာ ခံစားရသဖြင့် မနေနိုင်မထိုင်နိုင် လက်ခုပ်တီးလိုက်မိသည်။

ထို့နောက်တွင် လက်ခုပ်တီးသံများ ဆက်တိုက် ထွက်ပေါ်လာ၏ ...။

ဖန်ကျန်းရီသည် လက်ခါပြလိုက်ပြီး လက်ခုပ်တီးသံများ ရပ်တန့်သွားပြီးနောက် လေးနက်သောအသံဖြင့် ပြောလိုက်သည်။ "ကျင်းတိုင်းပြည်နဲ့ ကျုပ်တို့ တာ့ကျင်း စစ်ဖြစ်ရင် ကျင်းတိုင်းပြည် သေချာပေါက် ရှုံးမှာပဲ။"

"တကယ်လို့ ရှုံးသွားရင် ဘယ်လိုလုပ်မလဲ။" မာချန်က မျက်နှာကို ကာထားကာ ဝမ်းနည်းစွာဖြင့် မေးလိုက်၏။

အားလုံးက အော်ဟစ်နေကြသော်လည်း သူတစ်ယောက်တည်းသာ စိတ်ခံစားချက်ထဲ မရောက်သေးဘဲ အကြောင်းပြချက်မရှိဘဲ ပါးရိုက်ခံလိုက်ရသဖြင့် မျက်နှာတစ်ခုလုံး ပူထူနေကာ အခြေအနေကို ထိခိုက်စေခဲ့သည်။

ဖန်ကျန်းရီသည် မာချန်ကို မကြည့်ဘဲ လူအုပ်ကြီးကို တိုက်ရိုက် ကြမ်းကြုတ်စွာ စိုက်ကြည့်ကာ အလွန်တရာ လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်၏။ "ခင်ဗျားတို့ အကုန်လုံး မှတ်ထားကြ။ ကျုပ်တို့ တာ့ကျင်းရဲ့ အဘိဓာန်မှာ ရှုံးတယ်ဆိုတဲ့ စကားလုံး မရှိဘူး။ အနည်းငယ် အနိုင်ရတယ်။ အလယ်အလတ် အနိုင်ရတယ်။ အကြီးအကျယ် အနိုင်ရတယ်။ အဲဒါပဲ ရှိတယ်။ အကုန်လုံး မှတ်မိပြီလား။"

"မှတ်မိပါပြီ။" လူအုပ်ကြီးက ပြန်လည်ဖြေကြားလိုက်သည်။

ဖန်ကျန်းရီက ဆက်ပြော၏။ "ကျင်းတိုင်းပြည်က သူတို့ရဲ့ မြင်းတပ် သန်မာတာကို အားကိုးပြီး မာန ထောင်လွှားနေကြတယ်။ ဒါပေမဲ့ ကျုပ်တို့ တာ့ကျင်းမှာ မြင်းတပ်ကို အထူးနှိမ်နှင်းနိုင်တဲ့ ယမ်းမှုန့် ရှိတယ်ဆိုတာကို သူတို့ မသိကြဘူး။ ဒီနေရာမှာ ရှိနေတဲ့သူ အားလုံး သိသင့်တယ်။ နန်းတွင်းမှာ တုနှိုင်းမရတဲ့ စွမ်းအားရှိတဲ့ မီးပေါက်လက်နက်တွေကို ဖန်တီးထားတယ်။ ဒီနေ့ ကျုပ်က အားလုံးကို တောင်းဆိုချင်တာ တစ်ခုတည်းပဲ ရှိတယ်။ အဲဒါကတော့ အားလုံး ပါးစပ်ကို လုံအောင်ပိတ်ထားကြ။ ခင်ဗျားတို့က ကိုယ့်သဘောနဲ့ကိုယ် မပြောသရွေ့ သူတို့က ဘယ်တော့မှ ခင်ဗျား တို့ကို မေးမှာမဟုတ်ဘူး။"

"တကယ်လို့ တစ်ယောက်ယောက်ကများ စကားလွန်သွားခဲ့မယ်ဆိုရင် ... "

ဖန်ကျန်းရီ၏ အကြည့်များမှာ နောက်တစ်ကြိမ် ကြမ်းကြုတ်လာပြန်ရာ အောက်ဘက်ရှိ လူများအားလုံး ရင်တထိတ်ထိတ် ဖြစ်သွားကြသည်။ "ကျုပ်က လျှို့ဝှက်ချက် ဖောက်ဖျက်တဲ့သူကို အရင်ဆုံး သတ်ပစ်မယ်။ ပြီးတော့မှ ကျင်းတိုင်းပြည်ဆီ သွားပူးပေါင်းမယ်။

ကျုပ် အသက်ရှင်နေမယ်။ တာ့ကျင်းတိုင်းပြည်ကို ပြန်ရောက်မယ့် နေ့တစ်နေ့ သေချာပေါက် ရှိလာမှာပဲ။ အဲဒီအချိန်ကျရင် ခင်ဗျားတို့ သေရုံတင်မကဘူး။ လျှို့ဝှက်ချက် ဖောက်ဖျက်တဲ့သူရဲ့ ဘိုးဘေးတွေကိုပါ ပြည်သူအားလုံးက တံတွေးနဲ့ ထွေးကြလိမ့်မယ်။ ခင်ဗျားတို့ရဲ့ နောင်လာမယ့် မျိုးဆက်တွေ တစ်သက်လုံး ကျေးကျွန်အဖြစ် နေထိုင်သွားရလိမ့်မယ်။ ဘယ်တော့မှ ခေါင်းမော့နိုင်မှာ မဟုတ်ဘူး။"

"ကျုပ် ဖန်ကျန်းရီ ပြောရင် ပြောတဲ့အတိုင်း လုပ်တယ်။"

ဖန်ကျန်းရီက သစ္စာဆိုသည့် အနေအထားဖြင့် ဤကဲ့သို့သော စကားမျိုး ပြောလိုက်သည်ကို မြင်သောအခါ လူတိုင်း၏ ရင်ထဲတွင် မနေနိုင်မထိုင်နိုင် အနည်းငယ် ကြက်သီးထသွားကြ၏။

အကျိုးသက်ရောက်မှု ရရှိသွားပြီဟု ယူဆသောအခါ ဖန်ကျန်းရီသည် စကားလမ်းကြောင်း လွှဲလိုက်သည်။ "သေချာတာပေါ့။ အားလုံး စိတ်အေးအေးထားပါ။ တကယ်လို့ ဘယ်သူမှ လျှို့ဝှက်ချက် မဖောက်ဖျက်ဘူးဆိုရင် ကျုပ်က အားလုံးကို ကျင်းတိုင်းပြည်ကနေ ချောချောမွေ့မွေ့ ထွက်ခွာနိုင်အောင် ခေါ်သွားဖို့ ပြဿနာ မရှိပါဘူး။ အချိန် အစောနဲ့အနှောင်း ပြဿနာပဲ ရှိတယ်။

တိကျတဲ့ အစီအစဉ်တွေကိုတော့ ခင်ဗျားတို့ အများကြီး မေးဖို့ မလိုပါဘူး။ လူတစ်ယောက် ပိုသိရင် လျှို့ဝှက်ချက် ပေါက်ကြားနိုင်မယ့် အန္တရာယ် တစ်ခု ပိုများသွားတာပဲ။

အခု ခင်ဗျား တို့ ကိုယ့်အခန်းကိုယ် ပြန်ကြ။ ကောင်းကောင်းအိပ်ပြီး ကောင်းကောင်းစားကြ။ စိတ်ရောကိုယ်ပါ အနားယူကြ။ တစ်ယောက်ယောက်က မေးလာရင် ယမ်းမှုန့်နဲ့ ပတ်သက်တာကလွဲပြီး ကျန်တာ အကုန်ပြောလို့ရတယ်။ မှတ်မိပြီလား။"

"မှတ် .. မိ .. ပါ.. ပြီ။"

အပိုင်း (၇၇၁) တိုက်ခိုက်ရေးစွမ်းရည် ပေါက်ကွဲနေသော အာလီပိုင်။

"အရှင်မင်းကြီး... ကျွန်တော်မျိုးက ဖန်ကျန်းရီကို အကုန်လုံး ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါပြီ။"

နန်းတော်အတွင်း၌ ဝူထူသည် အလွန်တရာ ကျယ်ဝန်းလှသော မြေပုံ ပုံစံတူကြီးတစ်ခုရှေ့တွင် မတ်တတ်ရပ်ကာ အချိန်အတော်ကြာ စိုက်ကြည့်နေ၏။

ထိုမြေပုံပေါ်တွင် စစ်ချီမည့် လမ်းကြောင်း အသီးသီးကို အသေးစိတ် ရေးဆွဲထားသည်။

ဖါးပါးသည် သူ၏ အနောက်ဘက်တွင် ရပ်ကာ အဖြေကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ၏။

အချိန်အနည်းငယ် ကြာပြီးနောက် ဝူထူသည် နောက်သို့ လှည့်ကာ မေးလိုက်သည်။ "ဟမ့် ... ဖန်ကျန်းရီက ဒီလောက်တောင် သတိထားတတ်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါနဲ့ သူက ဘယ်လို တုံ့ပြန်သလဲ။"

"ကျွန်တော်မျိုး သူ့ကို စဉ်းစားဖို့ သုံးရက်အချိန် ပေးခဲ့တယ်။ တကယ်လို့ သုံးရက်ကြာလို့မှ သူ သဘောမတူရင် သံတမန်အဖွဲ့ကနေ စပြီး သတ်မယ်။ သူ့အလှည့်ရောက်တဲ့အထိ သတ်မယ်လို့ ပြောခဲ့တယ််

ဒါပေမဲ့ ကျွန်တော်မျိုး သူ့အကြောင်းကို သိထားသလောက်ကတော့ အလွန်ဆုံး သုံးရက်အတွင်းမှာ သူ သေချာပေါက် သဘောတူလိမ့်မယ်။" ဖါးပါးသည် အလျင်စလိုမရှိဘဲ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။

ဝူထူက စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။ "ဘယ်လိုလုပ်ပြီး သိတာလဲ။"

ဖါးပါးက ပြန်လည်ဖြေကြားလိုက်၏။ "ကျွန်တော်မျိုး အမြင်အရဆိုရင်တော့ ဖန်ကျန်းရီဆိုတဲ့သူက ကောက်ကျစ် စဉ်းလဲပြီး လောဘကြီး၊ ကာမဂုဏ်မက်ပေမဲ့ နှလုံးသား နူးညံ့ပြီး ကိုယ့်လူကို ကာကွယ်ပေးတတ်တဲ့သူ တစ်ယောက်ပဲ။

အဲဒီ ကျန်းပြောင်ဆိုတာက ဖန်ကျန်းရီရဲ့ အိမ်စေ တစ်ယောက်ပဲ ဖြစ်ပေမဲ့ တာ့ကျင်းတိုင်းပြည်မှာပဲ ဖြစ်ဖြစ်၊ အရင်တုန်းက နန်းတော်ထဲမှာ ချီလျဲ့နဲ့ တိုက်ခိုက်ခဲ့တုန်းကပဲ ဖြစ်ဖြစ် ဖန်ကျန်းရီက သူ့ကို တားဆီးချင်တဲ့ စိတ်ရှိတယ်။

တကယ်လို့ သာမန်လူ တစ်ယောက်သာ ဆိုရင် အိမ်စေတစ်ယောက် သွားပြီး တိုက်ခိုက်တာက ဘာများ အရေးကြီးလို့လဲ။"

ဒီလိုကြည့်ရရင် ဒီလူရဲ့ အခြေခံက ပျော့ညံ့တယ်။ သဘာဝကျကျ သစ္စာရှိတဲ့ အမတ်ဆိုတာလည်း မဟုတ်နိုင်ဘူး။ သံတမန်အဖွဲ့အပြင် သူက အရမ်း လှပကျော့ရှင်းတဲ့ ကိုယ်လုပ်တော် နှစ်ယောက်ကိုပါ ခေါ်လာသေးတယ်။

သူက သမက်တော် ဖြစ်နေတာတောင်မှ မိန်းမနှစ်ယောက်ကို အခမ်းအနားကြီးနဲ့ ကျင်းတိုင်းပြည်ကို ခေါ်လာရဲတယ် ဆိုတာကို ကြည့်ရင် ဘယ်လောက်တောင် ချစ်ခင်မြတ်နိုးလဲ ဆိုတာကို သိနိုင်တယ်။ အဲဒီလိုမှမဟုတ်ရင် ဒီလိုလုပ်မှာ မဟုတ်ဘူး။ ဒီမိန်းမနှစ်ယောက်ကလည်း သူ့ရဲ့ အားနည်းချက်ပဲ ဖြစ်ရမယ်။ ပြီးတော့ သူက တခြားသူတွေအတွက် မစဉ်းစားပေးရင်တောင် ကိုယ့်အတွက်ကိုယ်တော့ စဉ်းစားမှာပဲ။ သူ အရှုံးပေးလိမ့်မယ်လို့ ကျွန်တော်မျိုး ယုံကြည်တယ်။"

ဝူထူသည် ခေါင်းကို ခပ်ဖွဖွ ညိတ်ပြလိုက်၏။ "နိုင်ငံတော်ဆရာက အမြဲတမ်း အသေးစိတ် တွေးတောတတ်တယ်။ ဒီလို ကိစ္စသေးသေးလေးတွေကို ကိုယ်တော်က သဘာဝကျကျပဲ ယုံကြည်စိတ်ချလို့ ရပါတယ်။ သူ့ကို ခင်ဗျား ဆီ အပြည့်အဝ အပ်နှံလိုက်မယ်။

သူ့ကို အမြန်ဆုံး လှုပ်ရှားလာအောင် သေချာပေါက် လုပ်ရမယ်။ လိုအပ်တဲ့ လူအင်အား၊ ပစ္စည်းအင်အား အကုန်လုံးကို ကိုယ်တော်က အပြည့်အဝ ထောက်ပံ့ပေးမယ်။ ကောင်းကင်ပျံ နတ်ဘုရားကိရိယာကို တစ်ရက်စောပြီး ဖန်တီးနိုင်ရင် အကောင်းဆုံးပဲ။"

သူက စကားပြောရင်း မြေပုံဘက်သို့ နောက်တစ်ကြိမ် လှည့်ကြည့်လိုက်၏။ "နောက်ထပ် သုံးလ အချိန်ရသေးတယ်။ ဆောင်းရာသီ ဝင်လာတာနဲ့ တာ့ကျင်းကို တိုက်ခိုက်မယ်။ အချိန်အရမ်း ကြာသွားရင် ဒီကြားထဲမှာ လီချဲ့က သံသယ ဝင်လာနိုင်တယ်။ ခင်ဗျားက ဖန်ကျန်းရီကို တာ့ကျင်းဆီ စာပြန်ရေးခိုင်းလိုက်။ ဆွေးနွေးရတာ ခက်ခဲလို့ အချိန်နည်းနည်း ထပ်ယူရအုံးမယ်လို့ ပြောခိုင်းလိုက်။

သူ အပြင်ထွက်တဲ့အခါ သေချာပေါက် အသေအချာ စောင့်ကြည့်နေမယ့်သူ ရှိရမယ်။ ခြေတစ်လှမ်းတောင် မခွာစေနဲ့။

ဒီစစ်ပွဲက နည်းနည်းလေးမှ ပေါ့ဆလို့မရဘူး။ ဒီစစ်ပွဲသာ အောင်မြင်သွားရင် ကျုပ်တို့ ကျင်းတိုင်းပြည်ရဲ့ အနာဂတ်က ဘယ်လိုပုံစံမျိုး ဖြစ်လာမလဲဆိုတာကို နိုင်ငံတော်ဆရာက ဘယ်သူ့ထက်မဆို ပိုပြီး ရှင်းရှင်းလင်းလင်း သိသင့်တယ်။"

ဖါးပါးသည် ခါးညွှတ်ကာ အရိုအသေပေးလိုက်သည်။ "အရှင်မင်းကြီးဉာဏ်ပညာ ကြီးမားလှပါတယ်။"

ထို့နောက် ဆက်ပြောလိုက်၏။ "အခု ကျွန်တော်မျိုးမှာ တောင်းဆိုစရာ ကိစ္စတစ်ခု ရှိပါတယ်။ အရှင်မင်းကြီးက သစ္စာပြုရွှေပြား နောက်တစ်ပြား ထပ်လုပ်ပေးပါ။ ဖန်ကျန်းရီရဲ့ သံသယတွေကို ဖယ်ရှားပစ်ချင်ရင် ဒါမရှိလို့ မရဘူး။"

"အို။"

ဝူထူသည် ရယ်မောလိုက်သည်။ "ကိုယ်တော် အမိန့်စာ တစ်စောင် ထုတ်ပြန်လိုက်မယ်။ သူသာ ရိုးရိုးသားသား ပူးပေါင်းမယ်ဆိုရင် သူ့အသက်အန္တရာယ်ကို လုံးဝ မထိခိုက်စေရဘူးလို့။ အဲဒီလိုဆိုရင် မရဘူးလား။ ခင်ဗျား က နောက်ပိုင်းကျရင် ဖန်ကျန်းရီကို ချန်ထားချင်သေးလို့လား။"

ဖါးပါးသည် လေးနက်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။ "အရှင်မင်းကြီး... ဖန်ကျန်းရီလို အရည်အချင်းရှိတဲ့သူက အရှင်မင်းကြီးအတွက် အသုံးမဝင်ဘူးဆိုရင် အဲဒါက အရမ်းကို နှမြောစရာကောင်းတယ်။ သူက မီးပုံးပျံကို ဖန်တီးနိုင်ရင်တောင်မှ ကြီးမားတဲ့ တန်ဖိုး ရှိနေသေးတယ်။ ဒီလူက တာ့ကျင်းမှာ လှုပ်ရှားနေတာ။ အမြဲတမ်း လူတွေ မထင်မှတ်ထားတဲ့အရာတွေကို လုပ်ပြတတ်ပြီး အကျိုးသက်ရောက်မှုကလည်း အံ့မခန်းပဲ။

ရှက်စရာကောင်းပေမဲ့ ... ဒီလို လူငယ်မျိုးကို ... ကျွန်တော်မျိုး တစ်ခါမှ မမြင်ဖူးသေးဘူး။ သူ့ကို ချန်ထားတာက နောင်တစ်ချိန်မှာ အံ့သြစရာလေးတွေ တစ်ခုခု ရှိလာနိုင်သေးတယ်။ ဒါပေမဲ့ သူ့ကို သတ်လိုက်ရင် ဘာအကျိုးကျေးဇူးမှ မရှိဘူး။"

"ခင်ဗျား လူတစ်ယောက်ကို ဒီလောက်အထိ ချီးကျူးနေတာ ရှားပါတယ်။ ဒီကိစ္စကို ကိုယ်တော် ခွင့်ပြုလိုက်တယ်။ ရွှေပြား လုပ်ပြီးသွားရင် ကိုယ်တော် လူလွှတ်ပြီး ပို့ခိုင်းလိုက်မယ်။"

"အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။"

သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် နန်းတွင်းကိုယ်ရံတော် တစ်ဦးသည် ထိတ်လန့်တကြားဖြင့် ပြေးဝင်လာပြီး ဝူထူ၏ ရှေ့တွင် ဒူးထောက်ချလိုက်၏။

"အရှင်မင်းကြီး .. အရေးကြီးကိစ္စ ဖြစ်နေပါပြီ။ မင်းသားကြီးနဲ့ ဒုတိယမင်းသားတို့ ရန်ဖြစ်ကြလို့ ဒုတိယမင်းသား သွေးတွေအန်ပြီး နံရိုးတွေလည်း ကျိုးသွားပုံရတယ်။ ကုတင်ပေါ်မှာ လဲနေပြီး ဆက်တိုက် အော်ဟစ်နေပါတယ်။"

"ဘာ။" ဝူထူသည် အလွန်တရာ အံ့အားသင့်သွားခဲ့သည်။

အာလီပိုင်၏ စရိုက်က ဘယ်လိုမျိုးလဲဆိုတာကို သူ အသိဆုံးပင် ဖြစ်၏။ ရိုးရိုးရှင်းရှင်း ပြောရလျှင် ပျော့ညံ့ပြီး အနိုင်ကျင့်ခံရလွယ်သူ ဖြစ်သည်။ တစ်ချက် စိုက်ကြည့်လိုက်ရုံဖြင့် နှစ်ချက်လောက် တုန်သွားတတ်သည့်သူမျိုးက ယခုအခါတွင် သူ၏ အစ်ကိုကြီးကို စိန်ခေါ်ရဲသည့် သတ္တိ ရှိလာပြီလား။

ဖါးပါးကတော့ အေးအေးဆေးဆေးပင်။ အာလီပိုင်၏ စရိုက်ပြောင်းလဲသွားခြင်းကို သူ အနည်းငယ် နားလည်ထားပြီးဖြစ်ရာ ထိုမျှလောက်အထိ အံ့အားသင့်သွားခြင်း မရှိပေ။

သို့ပေမည့် ဝူထူမှာမူ မိမိ၏ နားကိုပင် မယုံနိုင်အောင် ဖြစ်နေဆဲဖြစ်သည်။ သူက ထပ်မံ၍ မေးလိုက်၏။ "မင်း နောက်တစ်ခေါက် ပြန်ပြောစမ်း။"

နန်းတွင်းကိုယ်ရံတော်သည် ချွေးသံတရွှဲရွှဲဖြင့် နောက်တစ်ကြိမ် ပြန်လည်ပြောပြလိုက်သည်။

ဝူထူမှာ ဒေါသထွက်သွား၏။ "အကြီးကောင် ရူးနေပြီလား။ ကိုယ့်ညီအရင်းနဲ့ ရန်ဖြစ်တာကို သေလောက်အောင် ရိုက်ရသလား။ မင်း သေချာ ရှင်းပြစမ်း။"

နန်းတွင်းကိုယ်ရံတော်သည် ငိုသံပါကြီးဖြင့် ပြောလိုက်သည်။ "အရှင်မင်းကြီး... အဲဒီတုန်းက မင်းသားကြီးက လေ့ကျင့်ရေးကွင်းမှာ သိုင်းကျင့်နေတာပါ။ ဒုတိယမင်းသားက ဝင်လာပြီး သိုင်းယှဉ်ပြိုင်ကြည့်ရအောင်လို့ စပြောတာပါ။ မင်းသားကြီးကလည်း ဘာမှမပြောဘဲ သူတို့နှစ်ယောက် စပြီး ချကြတာပဲ။ ရလဒ်ကတော့ ဒုတိယမင်းသားက တစ်ကွက်တည်းနဲ့ လဲကျသွားတယ်။"

"အဲဒီနောက်ပိုင်း ... " နန်းတွင်းကိုယ်ရံတော်သည် စကားပြောရင်း တုံ့ဆိုင်းသွားပြီး ဆက်မပြောတော့ချေ။

"နောက်ပိုင်း ဘာဖြစ်လဲ။ မြန်မြန်ပြောစမ်း။" ဝူထူက အတင်းအကျပ် မေးလိုက်၏။

နန်းတွင်းကိုယ်ရံတော်သည် အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီး နောက်ဆုံးတွင် အံကြိတ်ကာ ပြောလိုက်သည်။ "နောက်ပိုင်း ... နောက်ပိုင်း ဒုတိယမင်းသားက မေ့လဲသွားချင်ယောင်ဆောင်ပြီး မင်းသားကြီးက အနားကိုသွားကြည့်တဲ့အခါ သူက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ပြီး မင်းသားကြီးရဲ့ မျက်လုံးထဲကို တံတွေး ထွေးထည့်လိုက်တယ်။

မင်းသားကြီးက မရှောင်လိုက်နိုင်ဘဲ မျက်စိထဲ ဝင်သွားတော့ လဲကျသွားတယ်။ အဲဒီနောက် ဒုတိယမင်းသားက သူ့ကို ... မြေပြင်ပေါ်မှာ ဖိထားပြီး ရိုက်တော့တာပဲ ... "

ဖါးပါးနှင့် ဝူထူတို့ နှစ်ဦးစလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး အချင်းချင်း တစ်ချက်ကြည့်လိုက်ကြကာ မျက်လုံးများထဲတွင် မယုံနိုင်မှုများကို အသီးသီး မြင်တွေ့လိုက်ကြရ၏။

ဝူထူမှာ အလွန်တရာ တုန်လှုပ်သွားခဲ့သည်။ အကြီးကောင်၏ ခွန်အားကို သူ နားလည်သည်။ ငယ်ငယ်ကတည်းက မြင်းစီးလေးပစ် ကျွမ်းကျင်ပြီး ခွန်အားချင်း ယှဉ်မည်ဆိုလျှင် သူကိုယ်တိုင်ပင် ယှဉ်နိုင်မည် မဟုတ်ချေ။

အမြဲတမ်း ပျော့ညံ့နေတတ်သည့် အလတ်ကောင်က အကြီးကောင်ကို မြေပြင်ပေါ်တွင် ဖိထားပြီး ရိုက်နိုင်သည် ဆိုတာက လူ့လောကရဲ့ အံ့မခန်း အံ့သြစရာတစ်ခုပင်။

"အဲဒီနောက်ရော။ အကြီးကောင်က သူ့ကို ပြန်ရိုက်တာလား။"

နန်းတွင်းကိုယ်ရံတော်၏ မျက်နှာပေါ်တွင် မကြည့်ရက်သည့် အရိပ်အယောင် ပေါ်ထွက်လာပြီး မျက်ခမ်းထောင့်များ နှစ်ချက်ခန့် တွန့်ခါသွား၏။ "မဟုတ်ပါဘူး ... ဒုတိယမင်းသားက တစ်ဝက်လောက် ရိုက်ပြီးတာနဲ့ ကိုယ့်သဘောနဲ့ကိုယ် ထွက်ပြေးသွားတယ်။

မင်းသားကြီးက ဒေါသထွက်လွန်းလို့ လိုက်သွားတာ။ ပန်းခြံနား ရောက်တော့ ဒုတိယမင်းသားက သူ့မျက်နှာကို သဲတစ်ဆုပ်နဲ့ လှမ်းပက်လိုက်ပြန်တယ်။ မင်းသားကြီးက ခဏလောက် သတိလက်လွတ် ဖြစ်သွားတော့ လဲကျသွားပြန်တယ်။ အဲဒီနောက် ဒုတိယမင်းသားက မြေပြင်ပေါ်မှာ ဖိထားပြီး ထပ်ရိုက်ပြန်တယ် ... "

ဖါးပါး " ... "

ဝူထူမှာ ဒေါသထွက်သွားတော့သည်။ "ဒီတိရစ္ဆာန် … ယုတ်မာတဲ့ နည်းလမ်းတွေကိုပဲ သုံးတတ်တာလား။ ဒါတွေ ဘယ်ကနေ သင်လာတာလဲ။ မင်း ဆက်ပြောစမ်း။

နောက်ဆုံးတော့ ဒုတိယမင်းသားက တစ်ဝက်လောက် ရိုက်ပြီးတာနဲ့ ကိုယ့်သဘောနဲ့ကိုယ် ထွက်ပြေးသွားပြန်တယ်။ ကြည့်ရတာ အရင်နည်းလမ်းကို ထပ်သုံးချင်တဲ့ပုံပဲ။ ဒါပေမဲ့ မင်းသားကြီးက ပန်းခြံနားကနေ ကျောက်တုံးတစ်တုံး ကောက်ပြီး သူ့ကို ပစ်ပေါက်လိုက်လို့ လဲကျသွားတယ်။ အဲဒီနောက် မြေပြင်ပေါ်မှာ ဖိထားပြီး သွေးအန်တဲ့အထိ ရိုက်တော့တာပဲ။ ကံကောင်းလို့ လူတစ်စုက အသေအလဲ ကာကွယ်ပြီး မင်းသားကြီးကို ဆွဲဖယ်လိုက်လို့ အသက်အန္တရာယ် မဖြစ်သွားတာ။ ဒုတိယမင်းသားကို ခုနကပဲ သမားတော်ဆီ ပို့လိုက်ပါပြီ။ အသက်အန္တရာယ် မရှိပေမဲ့ ဒဏ်ရာကတော့ အတော်လေး ပြင်းထန်ပါတယ်။"

အသက်အန္တရာယ် မရှိဘူးဆိုတာကို ကြားရသောအခါ ဝူထူသည် သက်ပြင်းတစ်ချက် ချလိုက်၏။

ဘယ်လောက်ပဲ အသုံးမကျပါစေ သူ့သားအရင်းပဲလေ။

"ဒါဆို အကြီးကောင်ရော။ အကြီးကောင် ဒဏ်ရာမရဘူး မဟုတ်လား။"

"အပြင်ဒဏ်ရာ နည်းနည်း ရသွားပါတယ်။ မင်းသားကြီးက အခု တံခါးပိတ်ထားပြီး ဘယ်သူနဲ့မှ မတွေ့ဘူး။ အခန်းထဲမှာ ပစ္စည်းတွေ ရိုက်ခွဲနေပါတယ်။"

ဝူထူသည် တတွတ်တွတ် ရေရွတ်လိုက်၏။ "အကြီးကောင်ကို ဒီလောက်အထိ ဒေါသထွက်အောင် လုပ်နိုင်တယ် ဆိုတော့ အလတ်ကောင် တစ်ခုခုများ ဖြစ်နေတာလား။"

ဖါးပါးက ငိုရခက်ရယ်ရခက် ပြုံးကာ ပြောလိုက်သည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုးမှာ အရှင်မင်းကြီးကို မပြောပြရသေးတဲ့ ကိစ္စတစ်ခု ရှိတယ်။ ဒုတိယမင်းသားက မြို့တော်ကနေ ပြန်လာတည်းက နည်းနည်း မူမမှန်တော့ဘူး။ ကျွန်တော်မျိုး ခံစားရတာကတော့ သူ အရမ်းကို တက်ကြွနေတယ်။ မြို့တော်မှာ ထူးဆန်းတဲ့ လူတစ်ယောက်ဆီကနေ သိုင်းပညာ သင်လာခဲ့တယ်လို့ ပြောတယ်။ မင်းသားကြီးကို စိန်ခေါ်မယ်လို့လည်း ကျွန်တော်မျိုးကို ပြောခဲ့သေးတယ်။ တကယ်ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"

"မြို့တော်က ထူးဆန်းတဲ့လူ။"

ဝူထူသည် မျက်မှောင်ကြုတ်လိုက်၏။ "အဲဒီ ကျန်းပြောင် ဆိုတဲ့ကောင်ပဲ ဖြစ်ရမယ်။ အောက်တန်းကျတဲ့ နည်းလမ်းတွေချည်းပဲ။"

ဖါးပါးက တွေဝေစွာဖြင့် ပြောလိုက်သည်။ "ဒါကတော့ မဖြစ်နိုင်လောက်ဘူး။ ဖန်ကျန်းရီ ကိုယ်တိုင်က ကျွန်တော်မျိုးကို လာပြောဖူးတယ်။ သူလည်း ဒုတိယမင်းသား နည်းနည်း မူမမှန်ဘူးလို့ ခံစားရတယ်တဲ့။ လမ်းတစ်လျှောက်လုံး သိုင်းကျင့်နေပြီး ကျန်းပြောင်ကိုတောင် ကိုယ့်သဘောနဲ့ကိုယ် သွားပြီး ရန်စသေးတယ်တဲ့။ မြို့တော်မှာ ဘယ်က ဘုန်းကြီးအယောင်ဆောင်ဆီကနေ လှည့်စားခံလာရတာ ဖြစ်ရမယ်။"

"လှည့်စားခံရတယ် ... လှည့်စားခံရလည်း ခံရပါစေလေ။ ဒီတစ်ကြိမ်တော့ အရိုက်ခံရပြီး သတိဝင် လာလောက်ပါပြီ။"

ဝူထူသည် မူလက အနည်းငယ် ဒေါသထွက်နေသော်လည်း အခြားတစ်ဖက်မှ ပြန်လည်တွေးတောကြည့်လိုက်သောအခါ ရယ်မောလိုက်ပြန်၏။ "အလတ်ကောင်ရဲ့ စရိုက်က ပျော့ညံ့လွန်းလို့ ကိုယ်တော်က သဘောမကျခဲ့ဘူး။ ဒီတစ်ကြိမ် နည်းလမ်းတွေက အောက်တန်းကျပေမဲ့ သူ သွေးဆူလာပြီး သတ္တိရှိလာပြီ။ ဒါက ရှားပါတယ်။ ကောင်းတဲ့ကိစ္စလို့ပဲ မှတ်ယူရမှာပေါ့။ ခင်ဗျား ကိုယ်တော်နဲ့အတူ သူ့ဒဏ်ရာ ဘယ်လိုနေလဲဆိုတာ သွားကြည့်ရအောင်။"

All Chapters